အရိုက်ခံရဖို့က ရှောင်လွှဲလို့မရဘူး
Vol. 34 Ch. 348
တုရှန်သူတော်စင်သခင်ကြောင့် အံ့အားသင့်သွားပြီး အမြန်သတင်းပို့လိုက်၏။
“အခုပဲသတင်းရတယ် ရှို့ယိဘုရားကျောင်းက ကျွန်တော်တို့ကို သူတို့နယ်မြေထဲ၀င်ဖို့ တားမြစ်လိုက်ပြီတဲ့ အခြားဂိုဏ်းတွေလည်းအတူတူပဲ ကျွန်တော်တို့ တကယ် ဖယ်ကြဉ်ခံလိုက်ရပြီ”
အကြီးအကဲကျားရှန် ဆက်ပြောလိုက်သည်။
“ကောင်းကင်နှလုံးသားကျွန်းကလည်း ကျွန်တော်တို့နဲ့အဆက်အသွယ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီ”
အကြီးအကဲများတစ်ယောက်ပြီးတစ်ယောက် သတင်းပို့နေခဲ့ကြပြီး သတင်းတိုင်းက သတင်းဆိုးများပင်။
သူတို့ပြောပြီးနောက် အားလုံး၏မျက်လုံးများက သူတော်စင်သခင်ဆီရောက်သွားခဲ့ပြီး သူဘာညွှန်ကြားမလဲဆိုတာ စောင့်နေခဲ့ကြ၏။
သူတော်စင်သခင် ထူးဆန်းစွာ ပြုံးနေခဲ့သည်။ ထို့နောက် သူအေးအေးဆေးဆေးပြောလိုက်၏။
“သူတို့နဲ့ဆက်ပြီး ဆက်သွယ်နေ ငါတို့ခေါင်းငုံ့နေရမယ်ဆိုရင်တောင် ငါတို့ရဲ့အကျိုးစီးပွားအတွက် လိုအပ်ရင်လုပ်ရမှာပဲ”
“ဟုတ်ကဲ့ပါ” အကြီးအကဲများ အမြန်ပြန်ပြောလိုက်သည်။
သူတို့မလွယ်ကူသလို ခံစားနေခဲ့ရ၏။ သူတော်စင်သခင်၏ ခံစားချက်ကို လိုက်ဖတ်ဖို့ ခက်ခဲလွန်းလှသည်။
လူတိုင်းထွက်သွားပြီးနောက် သူတော်စင်သခင် ခပ်ဟဟရယ်မောလိုက်ပြီး အတွေးနက်သွားခဲ့၏။
“အခြေအနေပေါ်တူတည်ပြီး ကစား စစ်ပွဲဆိုတာ ပုံသေမဟုတ်ဘူး ရေလိုစီးဆင်းနေတဲ့အရာ စိတ်၀င်စားစရာပဲ”
“ဟူး ငါသူ့ကိုအထင်သေးမိသွားခဲ့တယ်”
အသက် ၂၀အရွယ်လူငယ်လေးက သူ့ကို လှည့်စားသွားနိုင်လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။ အရင်က သူ့သားလည်းလှည့်စားခံခဲ့ရပေမယ့် သူ့သားက လူငယ်သာ ဖြစ်၏။
နှစ် ၂၀၀၀ ကျော်အသက်ရှင်လာခဲ့သော သူလှည့်စားခံလိုက်ရသည့် ကိစ္စက ထိုကိစ္စနှင့်လုံး၀တူမနေပေ။ ထိုအချိန်တွင် အသက်ကြီးလေ ပညာရှိလေ ဟူသောစကားက တကယ်မဟုတ်မှန်း သူနားလည်လာခဲ့မိသည်။
သူ့အတိတ်အတွေ့အကြုံများက ကျန်းယန်အပေါ်တွင် အလုပ်မဖြစ်ခဲ့ပေ။
ကျန်းယန်သည် သူ့ကိုလက်ဆောင်တောင်းပြီး ဦးလေးဟူသာစကားကို ပါးစပ်ဖျားကမချဘဲ ပုံစံမျိုးစုံဖြင့် ချီးကျူးခဲ့သောကြောင့် သူသဘောပင် ကျခဲ့မိသည်။
ထိုကောင်လေးက အခုလိုသူ့ကိုကစားသွားလိမ့်မည်ဟု ဘယ်သူက ထင်မိပါမည်နည်း။
“ဟူး မေ့လိုက်ပါတော့လေ ငါတွေးလေလေ ပိုစိတ်အနှောင့်အယှက်ဖြစ်ရလေလေပဲ” သူတီးတိုးရေရွတ်လိုက်၏။
“ဒါပေမယ့် ဒီကလေးလက်ရှိငါ့နေရာမှာ ရောက်နေရင်ရော သူဘာလုပ်လောက်လဲ”
အတန်ကြာအောင် စဉ်းစားပြီးနောက် သူဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
ထို့နောက် သူအိမ်ပြန်လာခဲ့ပြီး စာကြည့်ခန်းထဲ၀င်လိုက်လေရာ အခန်းထဲတွင် တရားထိုင်နေသော သူ့သားကို တေွ့လိုက်ရ၏။
သူသတိပေးခြင်းမရှ်ိဘဲ ပေတံတစ်ချောင်းကိုထုတ်ကာ ကုန်းရှို့ပင်း၏ခေါင်းကို ရိုက်လိုက်လေသည်။
“အာ့” ကုန်းရှို့ပင်းနာကျင်မှုကြောင့် ထအော်လိုက်မိသည်။
သူ့အဖေ၏ စိတ်ပျက်နေသောအမူအရာကိုမြင်သောအခါ သူတုန်လှုပ်သွားပြီး မေးလိုက်၏။
“အဖေ ဘာလို့လဲ”
“ဘာလို့လဲ ဟုတ်လား” သူတော်စင်သခင် လေသံကိုမြှင့်လိုက်သည်။
“မင်းကိုယ်မင်းကြည့်စမ်း သက်တူရွယ်တူဖြစ်ပြီး ကျန်းယန်ထက်အများကြီး နောက်ကောက်ကျနေတယ် ဘယ်လောက်တုံးလိုက်လဲ”
ပြောနေရင်း သူ့သားကိုနောက်နှစ်ချက် ထပ်ခေါက်လိုက်ပြန်၏။
ကုန်းရှို့ပင်း မကျေမနပ်ပြန်ပြောလိုက်သည်။
“ကျွန်တော် ဂရုမစိုက်ခဲ့မိလို့ပါ ကတိပေးတယ် နောက်တစ်ကြိမ်ထပ်မဖြစ်စေရတော့ဘူး”
သူ့အဖေသူ့ကို အခုလို တစ်ခါမှမဆူခဲ့ဖူးသောကြောင့် သူတကယ်ကိုကြောက်ရွံ့နေခဲ့မိ၏။
“အဓိပ္ပာယ်မရှိတာ” သူတော်စင်သခင် ခေါက်လိုက်ပြန်သည်။
“နောက်ကောက်ကျတာက နောက်ကောက်ကျတာပဲ ဆင်ခြေတွေပေးမနေနဲ့ မင်းက ဂရုမစိုက်ခဲ့မိလို့တဲ့လား ငါကရော ဂရုမစိုက်ခဲ့မိလို့လား အဲ့ဒီကလေးက ငါ့ကိုလည်း ကစားသွားတယ်ကွ မင်းကငါ့ကို ဂရုမစိုက်တတ်တဲ့လူလို့ ပြောနေတာလား
ရှုံးရတာက ရှက်စရာမဟုတ်ဘူး အရှုံးကို၀န်မခံရဲတာကမှ ရှက်စရာ
ဒီနေ့ငါမင်းကို သင်ခန်းစာတစ်ခုပေးကိုပေးရမယ်”
သူကုန်းရှို့ပင်းကိုတစ်ချက်ပြီးတစ်ချက်ရိုက်နေသောကြောင့် ကုန်းရှို့ပင်းနာကျင်မှုကြောင့် ထပင်ခုန်နေရသည်။
“အဖေ အဖေလှည့်စားခံရရင် ကျန်းယန်ကိုသွားရှာပြီး ရိုက်လေ အဲ့တာက ကျွန်တော်နဲ့ ဘာမှမှမဆိုင်ဘဲ”
“ဟမ့်” သူတော်စင်သခင် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် သူ့သားကိုထိုင်ဖို့ အချက်ပြလိုက်ပြီး သူလည်းထိုင်လိုက်၏။
ကုန်းရှို့ပင်း ထိတ်လန့်စွာထိုင်လိုက်သည်။ ထိုင်ပြီးပြီးချင်း သူပြန်ထလိုက်မိပြန်၏။ ထို့နောက်တွင်မှာ ဖင်တစ်ခြမ်းသာထိုင်ပြီး သူ့အဖေကို သတိထား၍ ကြည့်နေခဲ့သည်။
သူတော်စင်သခင် အဇူရာတိမ်သတင်းစာနောက်ဆုံးတွဲကို သူ့သားဆီပေးလိုက်ပြီး ဖတ်ကြည့်ခိုင်းလိုက်၏။
တစ်ချက်ကြည့်ပြီးသည်နှင့် ကုန်းရှို့ပင်း တုန်လှုပ်သွားခဲ့သည်။
“အဖေနဂါးလမ်းညွှန်စုတ်တံကိုတကယ်ကြီး ကျန်းယန်ကိုပေးလိုက်တာလား ကျွန်တော်အရင်တုန်းက တောင်းတုန်းကကျ အဖေမပေးဘူးလေ”
သူတော်စင်သခင် သက်ပြင်းချလိုက်၏။
“ငါကပေးချင်လို့ပေးတယ်ထင်နေလားကွ အဲ့ဒီကလေးက ငါ့ကို ဦးလေး ဦးလေးလို့ပါးစပ်ဖျားကမချအောင်ခေါ်နေပြီး ဆက်တိုက်လက်ဆောင်တောင်းနေတော့ ငါဘာလုပ်ရတော့မှာ ဆက်ဖတ်”
ဖတ်ပြီးနောက် ကုန့်ရှို့ပင်း သူ့အဖေကိုထူးဆန်းစွာ ကြည့်ရှုလိုက်လေသည်။ သူ့အဖေသည် ထိုကဲ့သို့သော စကားမျိုးကိုဘယ်တော့မှပြောမည်မဟုတ်မှန်း သူ့အတွေ့အကြုံရသိ၏။ ထို့ကြောင့် သူ့အဖေထောင်ချောက်ဆင်ခံလိုက်ရမှန်း သေချာပေသည်။
သူတော်စင်သခင်သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပြောလိုက်၏။
“ငါစိတ်ဝိညာဉ်လက်နက်တစ်ခု ဆုံးရှုံးသွားတယ် မင်းသွားပြန်ယူလာခဲ့”
“အဖေစိတ်မပူပါနဲ့ ကျွန်တော်အခုပဲ အဇူရာတိမ်ဂိုဏ်းကိုသွားပြီး ကျန်းယန်နဲ့ ဆွေးနွေးလိုက်ပါ့မယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်အဖေ့စုတ်တံကို ကျိန်းသေပေါက် ပြန်ယူလာခဲ့မယ်”
“ငတုံးေကာင်” သူတော်စင်သခင် နှာခေါင်းရှုံ့လိုက်သည်။
“သူက ငါ့ကိုဦးလေးသူတော်စင်လို့ မခေါ်ဘူးလား မင်းလည်း ချင်းယွင်ကျိကို ဦးလေးလို့သွားခေါ် လေးလေးစားစားအရိုအသေပေးပြီး စိတ်ဝိညာဉ်လက်နက်တစ်ခု ပြန်တောင်းလာရမှာဟ”
“ဟမ်”
ကုန်းရှို့ပင်း တောင့်တင်းသွားခဲ့၏။
သူ့အဖေ ၀င်များအပူးခံလိုက်ရသလားလို့တောင် သူထင်သွားမိသည်။
သူ့အဖေက ဘယ်တုန်းက အခုလိုလုပ်တတ်သွားပါသနည်း။
သူတော်စင်သခင်သူ့ကို လက်ကာပြလိုက်သည်။
“တံခါးပိတ်ကျင့်ကြံမနေနဲ့တော့ မျက်လုံးမှိတ်ပြီးကျင့်ကြံနေတာက ဘာအကျိုးမှမရှိဘူး အမှန်ပြောရရင် မင်းကိုမြင်ရတာကို ငါစိတ်အနှောင့်အယှက်ဖြစ်တယ် သွားတော့”
ထပ်အရိုက်ခံရမှာ ကြောက်သောကြောင့် ကုန်းရှို့ပင်းအလျင်အမြန်ထွက်ခွာသွားခဲ့၏။
အပြင်ရောက်မှသာ သူသက်ပြင်းမောကြီးတစ်ချက် ချနိုင်ခဲ့သည်။
သူအစွပ်စွဲခံရသလို ခံစားနေရပြီ စိတ်လည်းတိုနေခဲ့၏။ သူသည် အရိုက်ခံရဖို့ ထိုက်တန်မနေပေ။
ပြီးတော့ ကျန်းယန် ထိုကောင်က သူတို့သားအဖနှစ်ယောက်လုံးကို အကောက်ကြံရဲခဲ့သည်။ ထိုကောင့်ကို တစ်ခုခုပြန်လုပ်ဖို့တော့ လိုနေချေပြီ။
သို့သော် အကြောင်းပြချက်အချို့ကြောင့် သူ့ခံစားချက်ကတော့ ပိုကောင်းလာခဲ့၏။
နောက်ဆုံးတွင် သု့အဖေလည်း လှည့်စားခံလိုက်ရလေရာ သူ့လှည့်စားခံရမှုက သိပ်ကြီးကျယ်မသွားတော့ပေ။
ထိုသို့တွေးမိသောအခါ သူခံစားချက်ပိုကောင်းလာခဲ့သည်။
စာကြည့်ခန်းထဲတွင် သူတော်စင်သခင် သူ့သားအခြေအနေကို အကဲခတ်နေခဲ့၏။
သူ့သားစိတ်ထဲက ၀န်ထုပ်၀န်ပိုးကြီးပြေလျော့သွားတာကိုမြင်သောအခါ သူအသာအယာပြုံးလိုက်မိသည်။
“မင်းအတွက် ငါ့သိက္ခာကိုရစရာမရှိအောင် ချပေးလိုက်တာကိုမှ မင်းမတိုးတက်သေးရင်တော့ မင်းမှာမျှော်လင့်ချက်မရှိေတာ့ဘူး”
သူဒေါသထွက်နေခဲ့သော်လည်း သူ့သားကိုရိုက်ပြီးနောက် ခံစားချက်က ပိုကောင်းလာခဲ့၏။
ထို့နောက် သူအစည်းအဝေးအကြောင်းပြန်တွေးရင်း ကျန်းယန်သတင်းစာနှင့်ယှဉ်ကြည့်ကာ ကျန်းယန်၏ နည်းစနစ်များကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
နှစ် ၂၀၀၀ကျော်စာအတွေ့အကြုံရှိသောေကြာင့် သူသည် မကြာခင်တွင် အဖြစ်အပျက်အားလုံးကို တွက်ချက်အဖြေထုတ်နိုင်ခဲ့၏။ နောက်ဆုံးတွင် သူသည် ထောင်ချောက်ထဲတည့်တည့်၀င်တိုးခဲ့မိသော ယုန်သူငယ်ဖြစ်သွားခဲ့ရသည်သာ။
“နွံထဲကတက်လာပြီး သန့်စင်တဲ့ရေနဲ့ သန့်စင်ခံလိုက်ရပေမယ့် မက်မောစရာမကောင်းသေးဘူး”
သူစာကြည့်ခန်းထဲတွင် စာတစ်ကြောင်း ရေးလိုက်လေသည်။
ထိုအချိန်တွင် သူ့လက်ထဲကစုတ်တံကို ပြန်ကြည့်မိပြီး သူ့စိတ်အခြေအနေ ပြန်ဆိုးရွားသွားခဲ့ပြန်ကာ သက်ပြင်းချလိုက်မိ၏။
အရာအားလုံးက အရမ်းတုံးတုံးအအဖြစ်သွားခဲ့ရသလို သူခံစားနေခဲ့ရသည်။
သူအဘယ်ကြောင့် ထိုလှည့်ကွက်ထဲ ကျသွားခဲ့ရပါသနည်း။