အိပ်မက်တစ်ခုကို ထပ်မံရောင်းချခြင်း
Vol. 34 Ch. 352
“ဒကာလေးနဲ့တွေ့ဖို့ မလွယ်ဘူးပဲ” ဟွေ့ချင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူ အကြိမ် ၁၀၀နီးပါး စာရင်းသွင်းပြီးမှ ကံကောင်းထောက်မစွာဖြင့် ဤအခွင့်အရေးရောက်ရှိလာခဲ့ပြီး ကျန်းယန်နှင့်တွေ့ခွင့်ရခဲ့ခြင်း ဖြစ်၏။
“ဒါက ကံကြမ္မာပါပဲ” ကျန်းယန် ပြုံးလိုက်သည်။
သူဟွေ့ချင်းနှင့်တွေ့ဖို့စီစဉ်မထားသော်လည်း ဟွေ့ချင်းကပေကပ်နေ၍သာေတွ့လိုက်ရခြင်း ဖြစ်၏။
ဟွေ့ချင်း သူ့စကားကိုလျစ်လျူရှုထားလိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
“ဒကာလေးမှာ မဟာဉာဏ်ပညာနဲ့ နက်ရှိုင်းတဲ့ဗုဒ္ဒဘာသာအမြင်တွေရှိတယ်ဆိုတာ ကိုယ်တော်သေချာသိပါတယ် ဒီနေ့ကိုယ်တော်လာခဲ့တာက အကြောင်းပြချက်တစ်ခုတည်းကြောင့်ပါပဲ ကျေးဇူးပြုပြီး ကိုယ်တော့်ကို သင်ကြားပေးပါ”
ကျန်းယန် ရယ်စရာကောင်းသလို ခံစားလိုက်ရ၏။ အလွန်တန်ဖိုးကြီးသောအရာကို သူကဒီလိုပေးလိုက်ရမည်လော။
ထန်ဘုန်းတော်ကြီးတောင် ပိဋကတ်သုံးပုံကိုရရှိထို့ မိုင်ပေါင်း ၁၀၈၀၀၀ ခရီးနှင်ခဲ့ရပြီး ကပ်ဘေး ၈၁ပါးကို ကျော်ဖြတ်ခဲ့ရသည်။
ကျန်းယန် အေးစက်စက်ပြန်မပြောခင် ဟွေ့ချင်းပြောလိုက်၏။
“တကယ်လို့ ဒကာလေးကိုယ်တော့်ကိုသင်ပေးမယ်ဆိုရင် ကိုယ်တော်ဒကာလေးရဲ့တပည့်ဖြစ်လာဖို့ ဆန္ဒရှိပါတယ် ဒကာလေးရဲ့ သင်ကြားမှုကို လက်ခံရရှိပြီးရင် ကိုယ်တော် ကွေ့ယွမ်ဘုရားကျောင်းကိုဦးဆောင်နိုင်သွားလိမ့်မယ်လို့ ယုံကြည်ချက်ရှိသွားပါပြီ
နှစ်တစ်သောင်းအတွင်း ကွေ့ယွမ်ဘုရားကျောင်းနဲ့အဇူရာတိမ်ဂိုဏ်းက မဟာမိတ်တွေဖြစ်နေလိမ့်မယ် ကိုယ်တော်အတွက်ကတော့ ဘယ်တော့မှ အဇူရာတိမ်ဂိုဏ်းကို အန္တရာယ်မပေးဘူး ဗုဒ္ဓနဲ့တိုင်တည်ပြီး ကျိန်ဆိုပါတယ် ဒီကတိက ဘယ်တော့မှ ပျက်ဆီးသွားမှာ မဟုတ်ပါဘူး”
ကျန်းယန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဒီဘုန်းကြီးက တကယ်ကြီး အဲ့လောက်ထိသွားချင်နေခြင်းပေလော။
သူဂရုတစိုကတွေးလိုက်၏။
ေဟွ့ချင်းကတိက ယုံကြည်ရပုံတော့ ပေါ်ပေသည်။သူသည် စိတ်ဝိညာဉ်ကိုကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ကတိစကားကိုဖျက်မိလျှင် ထိုအရာက သူ့အုတ်မြစ်ကို ဖျက်ဆီးပစ်ပေလိမ့်မည်။
သို့သော် အနာဂတ်အတွက်ကတိပေးခြင်းက ဉာဏ်ရှိသောလုပ်ရပ်တစ်ခုတော့ ဟုတ်မနေပေ။
ထို့အပြင် ကတိက အဇူရာတိမ်ဂိုဏ်း၏ရှင်သန်ရေးအပေါ်လည်း မူတည်နေသေးသည်။
အကယ်၍ ဂိုဏ်းကသာ နှစ် ၂၀အတွင်း ပျက်ဆီးသွားခဲ့လျှင် ထိုကတိက ဘာမှအဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
သေချာတွေးတောပြီးနောက် ကျန်းယန် ခေါင်းခါလိုက်သည်။
“ငါကဗုဒ္ဓဝါဒကို မင်းတို့ထက် ပြည့်စုံသွားအောင် ဖြည့်ပေးရမှာ ကတိလေးတစ်ခုက အဲ့ဒီအတွက် မလုံလောက်ဘူး”
ဟွေ့ချင်း ပြန်မေးလိုက်၏။
“ဒကာလေးက ဘယ်လိုအခြေအနေတွေ လိုအပ်တာလဲ့”
ကျန်းယန် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
“ကွေ့ယွမ်ဘုရားကျောင်းက အဇူရာတိမ်ဂိုဏ်းနဲ့မဟာမိတ်ဖွဲ့ပါတယ်လို့ တရား၀င် ကြေငြာရမယ်”
ဟွေ့ချင်းခါးသက်စွာ ပြုံးလိုက်၏။
“ကိုယ်တော်အဲ့တာကိုတော့ မလုပ်နိုင်ဘူး ဘုရားကျောင်းမှာ သူ့ကိုယ်ပိုင်အကျိုးစီးပွားရှိသေးတယ် ပြီးတော့အားလုံးက ဂိုဏ်းကြီး ၈ ဂိုဏ်းနဲ့ဆက်စပ်နေတာ အခု မဟာမိတ်ဖွဲ့လို့တော့ရမှာမဟုတ်ဘူး
တကယ်လို့ ကိုယ်တော်က ကျောင်းထိုင်ဆိုရင်တော့ သဘောတူနိုင်ပါတယ် ဒါပေမယ့် ကိုယ်တော်ကနတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတယ် ဘုရားကျောင်းကိုဦးဆောင်နိုင်ဖို့ အနည်းဆုံးနှစ် ၅၀၀ တော့လိုလိမ့်ဦးမယ်
အဲ့ဒီအချိန်ကျရင် ဒကာလေးရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်”
ကျန်းယန် ခပ်ပေါ့ပေါ့ရယ်မောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက နှစ်၂၀အတွင်းရလဒ်တစ်ခုခုမြင်ရဖို့ လိုအပ်နေတာ နှစ် ၅၀၀ မဟုတ်ဘူး
ဒါကငါ့ဘက်က လိုအပ်ချက်ပဲ
ဘုရားကျောင်းကိုပြန်ပြီး ညှိနှိုင်းနိုင်တဲ့ အာဏာရှိသူတစ်ယောက်ယောက်ကို လွှတ်လိုက် အဲ့ဒီဆုံးဖြတ်ချက်က နောက်နှစ် ၂၀အတွင်း ငါတို့ဂိုဏ်းတွေကြားက ဆက်ဆံရေးကို ဆုံးဖြတ်ပေးလိမ့်မယ်
အနာဂတ်အတွက်ကတော့ အဇူရာတိမ်ဂိုဏ်းကို ၅ နှစ်တစ်ကြိမ်လာခဲ့ တစ်ခေါက်လာတိုင်း ဗုဒ္ဓဝါဒတစ်စိတ်တစ်ပိုင်းကို လက်လွှဲပေးမယ်
နောက်အခြေအနေတစ်ခုကတော့ ငါ့ဆရာဒေါ်လေးကလည်း စိတ်ဝိညာဉ်ကိုကျင့်ကြံတာ သူအခု တံခါးပိတ်ကျင့်ကြံနေတယ် သူထွက်လာလို့ တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီးသွားရင် ဗုဒ္ဓကျမ်းစာတွေကို သူ့ကိုလွှဲပေးမှာ အဲ့ဒီအခါ မင်းကသူ့တပည့်ဖြစ်လာရမယ်
ဒီအကြောင်းကို မင်းရယ်ငါရယ်ဆရာရယ် ဆရာဒေါ်လေးရယ် လေးယောက်ပဲသိရမယ် မင်းကွေ့ယွမ်ဘုရားကျောင်းကို ဦးဆောင်ရတဲ့အခါမှ ဒီအကြောင်းကိုလူသိရှင်ကြား ထုတ်ပြောချင်ပြော
တကယ်လို့ မင်းဒီအခြေအနေတွေကိုလက်ခံရင် ငါ့ဘက်ကလည်း အဆင်ပြေတယ် မဟုတ်ရင်တော့ ထပ်မလာနဲ့တော့”
ဟွေ့ချင်း ငေးကြောင်စွာရပ်နေမိပြီး ဘယ်လိုတုန့်ပြန်ရမလဲ မသိခဲ့ပေ။
ကျန်းယန်၏အခြေအနေများက ပြည့်စုံလွန်းလှပြီး လက်ရှိရော အနာဂတ်ရော နှစ်ခုလုံးကို ချုပ်ကိုင်ထားခဲ့သည်။
ကျန်းယန် ဟွေ့ချင်းကိုတစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။
“မင်းတို့ကွေ့ယွမ်ဘုရားကျောင်းက ကိုယ့်ကိုကိုယ် ဗုဒ္ဓလမ်းစဉ်ကိုလိုက်တယ်လို့ ယူဆကြတယ် ဒါပေမယ့် တကယ်တော့ စိတ်ဝိညာဉ်ကိုကျင့်ကြံကြတာပါပဲ ဗုဒ္ဓဝါဒဆိုတာ မင်းတို့ရဲ့ အပေါ်ခွံသက်သက်ပဲ
မင်းတို့ရဲ့ သင်ကြားချက်တွေမှာ နက်ရှိုင်းမှုနည်းနည်းရှိတာကို ငါ၀န်ခံပါတယ် ဒါပေမယ့် အဲ့တာတွေက အပေါ်ယံဆန်လွန်းတယ်
တကယ့် ဗုဒ္ဓဝါဒဆိုတာ တည်ရှိမှုအားလုံးကို ရှင်းပြနိုင်တဲ့အရာပဲ သူ့ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖွဲ့တည်နိုင်မှသာ တကယ့်ဗုဒ္ဓနယ်ပယ်ကိုရောက်မှာ
ပြီးတော့ အဲ့ဒီနယ်ပယ်ကိုဖန်တီးနိုင်တဲ့သူကမှသာ စစ်မှန်တဲ့ ဗုဒ္ဓတစ်ပါးပဲ”
သူကုလားထိုင်ကိုမှီနေရင်း ထူးဆန်းစွာပြုံးနေခဲ့သည်။
“မင်းစစ်မှန်တဲ့ဗုဒ္ဓတစ်ပါး ဖြစ်လာချင်လား”
ဟွေ့ချင်း၏ အတွေးများ တုန်ခါသွားခဲ့၏။
ဗုဒ္ဓနယ်ပယ်တစ်ခု…စစ်မှန်တဲ့ဗုဒ္ဓတစ်ပါး
“မင်းတို့ကျင့်ကြံနေတဲ့ ဗုဒ္ဓကျင့်ကြံသူဆိုတာမျိုးမဟုတ်ဘူး” ကျန်းယန်ဆက်ပြောနေခဲ့ပြီး သူ့အသံက လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။
“စစ်မှန်တဲ့ ဗုဒ္ဓတစ်ပါး
ကောင်းကင်နဲ့မြေပြင်ရဲ့အထက်မှာတည်ရှိသူ သုံးလောကရဲ့ ဥသျှောင် သေမျိုးကမ္ဘာရဲ့ ဖုန်မှုန့်တွေမှ ကင်းကွာသူ ပန်းတစ်ပွင့် ကမ္ဘာတစ်ခု သစ်ရွက်တစ်ရွက် ဉာဏ်အလင်းတစ်ခု
ဒါကမှ စစ်မှန်တဲ့ဗုဒ္ဓတစ်ပါးပဲ”
ဟွေ့ချင်းတောင့်တင်းသွားခဲ့သည်။
စကားလုံးအနည်းငယ်နှင့်ပင် တကယ့် ဗုဒ္ဓတစ်ပါး၏နက်ရှိုင်းမှုကို သူခံစားမိနေခဲ့၏။
ဒါက…ဒါက ငါရှာဖွေနေတဲ့ အရာပဲ
ကျန်းယန်ခါးကိုမတ်ကာ တင်ပလ္လင်ခွေထိုင်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ငါ့ဗုဒ္ဓက အကြီးမြတ်ဆုံး သေမျိုးကမ္ဘာရဲ့အထက်မှာ ရောက်ရှိနေသူ အညစ်အကြေးအားလုံး ကင်းစင်သူ အဆုံးမဲ့သူ
အဲ့ဒီလို ဗုဒ္ဓမျိုးကမှ အဆုံးမရှိသောဗုဒ္ဓပဲ
တိုးတက်ေရးဗုဒ္ဓ ပျော်ရွှင်ခြင်းဗုဒ္ဓလိုမျိုး ဗုဒ္ဓအမျိုးအစားတွေလည်းရှိသေးတယ် …”
သူဆက်ရှင်းပြဖို့ ပြင်လိုက်သော်လည်း ဟွေ့ချင်းက အပြည့်အ၀ဆွဲဆောင်ခြင်းကို ခံလိုက်ရချေပြီ။
“ကိုယ်တော် ဗုဒ္ဓကိုဦးခိုက်ပါတယ်”
ဟွေ့ချင်း ဒူးထောက်ထိုင်ချကာ ရိုသေစွာ ရှိခိုးလိုက်လေသည်။
ကျန်းယန် အနည်းငယ်စိတ်ပျက်သွားခဲ့၏။
ငါကအခုမှ စရုံပဲ ရှိသေးတယ် မင်းကဆွဲဆောင်ခံလိုက်ရပြီလားဟ။
ပြီးပြည့်စုံသော ကိုးကွယ်ရာဝါဒတစ်ခု၏ဆွဲဆောင်မှုကို သူအထင်သေးသွားခဲ့မိပုံပင်။
ထို့နောက် သူပုံမှန်လေသံဖြင့် ပြောလိုက်သည်။
“မင်းကအခု ငါ့ကိုဉာဏ်ပညာကြီးတယ် ဗုဒ္ဓအမြင်ရှိတယ်လို့ ထင်နေတယ် ဒါပေမယ့် တကယ့် ဗုဒ္ဓဝါဒကိုသိသွားတဲ့အခါ ငါ့ကို ကောင်းကင်ကိုမော့ကြည့်နေတဲ့ ပိုးဖလံလေးတစ်ကောငိအဖြစ်သာ မြင်သွားလိမ့်မယ်
အဲ့ဒီအချိန်ကျရင် ငါ့တောင်းဆိုမှုတွေက မလွန်ဘူးဆိုတာ မင်းသိလာပါလိမ့်မယ်
ဆိုတော့ ရွေးချယ်မှုကတော့ မင်းလုပ်ရမှာပဲ
ပြီးတော့ မင်းအကြီးအကဲတွေက ဗုဒ္ဓရဲ့ တကယ့်ကိုးကွယ်သူတွေ မဟုတ်ဘူး သူတို့သာ ဒီဝါဒအကြောင်းသိသွားရင် မင်းအတွက် အကျိုးရှိလာမလား မလာဘူးလား ဒါမှမဟုတ် မင်းရှင်တောင်ရှင်သန်နိုင်ပါ့မလား ငါသေချာမသိဘူးနော်”
ဟွေ့ချင်းပြန်မတ်တပ်ထရပ်လိုက်ကာ အေးအေးဆေးဆေးပြောလိုက်သည်။
“ကိုယ်ေတာ် နားလည်ပါတယ်”
သူကျန်းယန်ကို ရှိခိုးခဲ့ခြင်းမဟုတ်ပေ။ ကျန်းယန်ကိုယ်ထဲက ဗုဒ္ဓကိုရှိခိုးခဲ့ခြင်းသာ ဖြစ်၏။
အမူအရာကိုပြန်ထိန်းလိုက်ပြီးနောက် သူပြောလိုက်သည်။
“ကိုယ်တော်ကွေ့ယွမ်ဘုရားကျောင်းကိုပြန်ပြီး အဇူရာတိမ်ဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားပါမယ်
ငါးနှစ်အတွင်း ဒကာလေးရဲ့လမ်းညွှန်မှုကိုခံယူဖို့ ပြန်လာခဲ့မယ်”
ဟွေ့ချင်း သူ့တောင်းဆိုချက်များကို လက်ခံလိုက်၏။