ဧည့်သည်တော်
Vol. 11 Ch. 141
သက်လတ်ပိုင်းလူကြီးသည် သက်သောင့်သက်သာ ရှိသည့် ဝတ်ရုံကိုဝတ်ဆင်ထားပြီး ရှည်လျားသည့် လက်များနှင့် အရပ်ရှည်ရှည် ကြံ့ခိုင်သည့် ခန္ဓာကိုယ်ရှိကာ သူ၏မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းထားချေသည်။ ထိုနေရာ၌ သူရပ်နေပုံမှာ တောင်ငယ်လေး တစ်လုံးအလားပင် ဖြစ်သည်။ ထိုလူကြီးသည် ချီကိုထုတ်လွှတ် မထားသော်ငြား သူ့ဆီမှထွက်ပေါ်နေသည့် ကြီးမားသည့် စွမ်းအားကတော့ ရှိနေဆဲပင်ဖြစ်သည်။
သူက စုမင်ကို ကြည့်လိုက်သကဲ့သို့ စုမင်ကလည်း သူ့ကိုပြန်လည်လေ့လာ ကြည့်ရှုလိုက်သည်။
“အဆင်ပြေပါတယ်။ ငါ ဖန်းမုကို သဘောကျပါတယ်”စုမင် တည်ငြိမ်စွာပြောရင်း ရှေ့သို့ လျှောက်လှမ်းလိုက်သည်။ သူနှင့် ဖန်းမု၏အဖေကြားထဲတွင် ခြေလှမ်းအနည်းငယ် ကွာဝေးနေသေးသည်။ သူရှေ့သို့ လျှောက်လှမ်းလိုက်သည်နှင့် သူနှင့်ထိုလူကြီး၏ ကြားထဲရှိ အကွာအဝေးက ပိုမိုနီးကပ်သွား၏။
ပိုမိုနီးကပ်လာသည်နှင့်အမျှ ထိုလူကြီးထံမှ သူခံစားနေရသည့် ဖိအားကလည်း ပိုမိုသန်မာ လာချေသည်။ တစ်ယောက်နှင့်တစ်ယောက် ခြေလှမ်းငါးလှမ်းသာ ကွာဝေးတော့ချိန်တွင်တော့ ထိုဖိအားသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိ သွားမည့်ဟန်ပင်။
ဒါက စမ်းသပ်ချက်တစ်ခုပဲ။ ဖုံးကွယ်ထားဖို့ မရည်ရွယ်တဲ့ ရှင်းရှင်းလင်းလင်း စမ်းသပ်ချက်တစ်ခုပဲ။ သက်လတ်ပိုင်းလူကြီးသည် ထိုနေရာတွင်ရပ်လျက် စုမင် သူ့ထံသို့ ဦးတည်လာနေသည်ကို ပြုံးလျက် ကြည့်နေသည်။
ဤမျှော်စင်သည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုခေါင်းဆောင်၏ ပိုင်နက်ဖြစ်သည်။ စွမ်းအားမြင့် မာန်စွမ်းအားရှင်တို့သာ ထိုအထဲသို့ခြေချနိုင်၏။ မျိုးနွယ်စုအတွင်းမှ လူများအတွက်လည်း ထိုနည်းတူပင်ဖြစ်၍ စွမ်းအားနည်းသူတို့က အပြင်ဘက်တွင်သာ ကျန်ရစ်နေရမည် ဖြစ်သည်။
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင်နှင့် ခြေလှမ်းကိုးလှမ်းခန့်သာ ဝေးတော့ချိန်တွင်တော့ စုမင်သည် ညာခြေဖြင့် ရှေ့သို့ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်လေသည်။ ထိုခြေတစ်လှမ်းတည်းကပင်လျှင် ၁၀ပေအကွာအဝေးခန့်ရှိပြီး သူသည် မျိုးနွယ်စုခေါင်းဆောင်နှင့် ခြေငါးလှမ်းအကွာသို့ ရောက်ရှိသွားတော့၏။ ထိုအခိုက်တွင်ပင် မျိုးနွယ်စုခေါင်းဆောင်၏ ဝတ်ရုံသည် ရုတ်ခြည်း ပြန့်ကားသွားပြီး ထိုမှထွက်ပေါ်လာသည့် အားလှိုင်းက စုမင်ကိုယိမ်းယိုင် တုံ့ဆိုင်းသွားစေသည်။ မြေပေါ်သို့ စုမင်ခြေမချနိုင်စေရန် တားဆီးရင်း စမ်းသပ် လိုက်သကဲ့သို့ပင်။
သူက စုမင် လက်လျှော့တော့မည်ဟုထင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် ထိုအခိုက်တွင်ပင် စုမင်မျက်လုံးအတွင်း၌ ထူးဆန်းသည့်အလင်းတစ်ခု ဖြစ်ပေါ်လာပြီး မျိုးနွယ်စုခေါင်းဆောင်၏ အကြည့်ကို ပြည်လည် စိုက်ကြည့်လိုက်၏။ လူကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ပြင်းထန်သည့် နာကျင်မှုတစ်ခုက ခေါင်းအတွင်း၌ရုတ်ခြည်း ပေါ်ပေါက်လာလေရာ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ဖိအားကို လျှော့ချရန်သာ ရွေးချယ်လိုက်ရသည်။
ဖိအားလျော့နည်းသွားသည်နှင့် တစ်ပြိုင်နက် စုမင်က မြေပေါ်သို့ ခြေချလိုက်လေသည်။
“ငါ ... မော့စုက ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”
စုမင်က သူ့အရှေ့ရှိလူကြီးဆီသို့ လက်သီးနှင့် လက်ဝါးထပ်လျက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ဝတ်ရုံရှည်အတွင်းရှိ လူကြီး၏မျက်နှာသည် ပြောင်းလဲခြင်းမရှိချေ။ သူသည်နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရင်း မျှော်စင်အတွင်းသို့ စုမင်ဝင်ရောက်နိုင်ရန် လမ်းကြောင်းကို ဖွင့်ပေးလိုက်၏။ သူသည်လည်း စုမင်ထံသို့ လက်သီးနှင့်လက်ဝါး ထပ်လျက်ြပန်လည် နှုတ်ဆက်လိုက်၏။
“ညီနောင်မော့၊ ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုဖြစ်လိမ့်မယ်။ ဒါပေမဲ့ မင်းကိုမြင်လိုက်တဲ့ အခိုက်အတန့်မှာ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ ပြန်တွေ့လိုက် ရသလိုပါပဲ။ စိတ်မရှိဘူးဆိုရင် ငါ့ကို ဖန်းရှန်လို့ခေါ်လို့ရပါတယ်။ လာ ... ညီနောင်မော့ ဒီလမ်းပဲ”
ဖန်းရှန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရင်းနှီးဖော်ရွေသည့် အမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်ပေါက် လာချေသည်။
“အကိုဖန်း၊ ကျေးဇူးပြုပြီး…”
စုမင် ခေါင်းညိတ်လိုက်ပြီး မျှော်စင်ထဲသို့ ဖန်းရှန်နှင့်အတူ လျှောက်ဝင် သွားလိုက်သည်။
ဖန်းမု ထိုမြင်ကွင်းကိုအဝေးမှ မြင်လိုက်သောအခါ စိတ်ထဲမှ သက်သာရာရသွားမိ၏။ သူ့အဖေက တစ်ပါးသူကို ထိုသို့ဆက်ဆံသည်မှာ တွေ့မြင်ရန် ခဲယဉ်းလှသည်။ ထို့ကြောင့် စီနီယာမော့သည် သူ့အဖေ၏ အသိအမှတ်ပြုမှုကို ရရှိသွားသည်မှာ အရှင်းအလင်းပင်ဖြစ်သည်။ သူက ခနစဉ်းစားပြီး ထွက်ခွာမသွားဖို့ ဆုံးဖြတ်လိုက်ကာ ထိုအစား တံခါးအပြင်ဘက်၌သာ စောင့်ဆိုင်းနေလိုက်တော့သည်။
မျှော်စင်၏ အတွင်းဘက်တွင်တော့ ရိုးရှင်းစွာသာ အလှဆင်ထားပြီး ဇိမ်ခံပစ္စည်း မြောက်မြားစွာမရှိပဲ သဘာဝဆန်သည့်ခံစားမှုကို ပေးစွမ်းနေသည်။ အတွင်းဘက်ရှိ အရာအားလုံးကိုတော့ ကျောက်တုံးတို့ဖြင့် ပြုလုပ်ထားသည်။ ဖန်းရှန်က စုမင်ကို ကျောက်တုံးစားပွဲတစ်ခုတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သူကိုယ်တိုင်ကတော့ ဆေးဖက်ဝင်အပင်တို့ကို ထုတ်ယူလိုက်သည်။ ထိုအရာတို့ကို ရေပူပူတွင် ဆူအောင် တည်ပြီးချိန်တွင်တော့ ခွက်တစ်ခုထဲသို့ လောင်းထည့်ကာ စုမင်ရှေ့သို့ချပေးလိုက်သည်။
“ညီနောင်မော့ ဒီနှစ်တွေထဲမှာ ငါ့သားရဲ့ဒဏ်ရာတွေကို ကုသပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ငါ့မှာ ဒါနဲ့ပတ်သက်လို့ မင်းကိုပြန်ပေးနိုင်ဖို့ ဘာမှရှိမနေဘူး။ ဒီမြက်သစ်သားအရွက်က အဖိုးတန်တယ်ဆိုပေမဲ့ မင်းကိုဧည့်ခံဖို့တော့ မလုံလောက်သေးပါဘူး။ မင်းအနေနဲ့ စိတ်မဆိုးဖို့ ငါမျှော်လင့်ပါတယ်”
ဖန်းရှန်က စုမင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
စုမင် ခွက်အတွင်းရှိ ရေနွေးပူပေါ်တွင် ပေါ်နေသည့် အရွက်တို့ကို ကြည့်လိုက်သည်။ ထိုအရာက များစွာ သာမန်ဆန်လွန်း၏။ သို့ပေမဲ့ စုမင် ဤသို့အရာမျိုးကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လေပြည်စီးကြောင်းမျိုးနွယ်စုတွင် အကြီးအကဲ၏ဘေးတွင် ရှိခဲ့စဉ်က အကြီးအကဲနှင့် ကျင်းနန်တို့ ဒီလိုအရည်မျိုး သောက်သည်ကို မြင်တွေ့ခဲ့ဖူးပြီး အကြီးအကဲ ထိုအရည်ကို သောက်လိုက်ချိန်က အပြုအမူတချို့ကိုလည်း သူသတိပြုမိခဲ့သည်။
“ဖန်းမုရဲ့ ဒဏ်ရာတွေက သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့တာ တော်တော်ကြာနေပြီ။ ငါက သူတို့ရဲ့ ဆိုးကျိုး သက်ရောက်မှုတွေကို နည်းနည်းလျှော့ချပေးခဲ့ရုံပါပဲ”
စုမင်၏ယခုပုံစံသည် ပုံမှန်ရှိနေကျပုံစံဟုထင်ရသော်လည်း အမှန်တကယ်တော့ သူအတော်ပင် စိတ်လှုပ်ရှားနေသည်။ ယခုအချိန်မတိုင်မီတည်းက မျိုးနွယ်စုခေါင်းဆောင်၏ စွမ်းအားကို သူသေချာပြောနိုင်၏။ ထိုလူသည် ရုပ်နယ်လွန်အဆင့် မဟုတ်သော်ငြား ခန္ဓာကိုယ်အတွင်းတွင်တော့ သွေးကြော၉၀၀ ခန့် ရှိနေပေသည်။
ဒီလူက အခုချက်ချင်း ရုပ်နယ်လွန်အဆင့်ကို တက်မယ်ဆိုရင်တောင် ပြဿနာရှိမှာ မဟုတ်ဘူး။ သူကအခုထိ အဆင့်မတက်သေးဘူး ဆိုတဲ့သဘောက ဒီလူက ရည်မှန်းချက်မြင့်မားတဲ့သူ ဖြစ်နေတာကြောင့်ပဲ။ သူက ရုပ်နယ်လွန်အဆင့် မတိုင်ခင်မှာ သွေးကြောအရေအတွက် အပြည့်ရှိအောင် စောင့်ဆိုင်းနေခဲ့တာ။ အကယ်၍ ဒီလိုသာဆိုရင်တော့ သူက ရုပ်နယ်လွန်အဆင့် အစောပိုင်းမှာ ရှိနေရင်တောင်မှ ရုပ်နယ်လွန်အလယ်ဆင့် ရှိသူတွေနဲ့ ခုခံတိုက်ခိုက်နိုင်လိမ့်မယ်။
သွေးကြောများက အခြေခံအုတ်မြစ်သဖွယ်ပင် ဖြစ်သည်။ မာန်စွမ်းအားရှင်တစ်ယောက်မှာ သွေးကြောများများပိုရှိလေ အုတ်မြစ်က ပိုခိုင်မာလေဖြစ်သည်။ သူသာ သွေးကြောအားလုံးကို ထုတ်ဖော်လိုက်မည်ဆိုလျှင် အကျိုးသက်ရောက်မှုက ထိတ်လန့်ဖွယ် ဖြစ်နေလိမ့်မည်။
သို့သော် စုမင်စိတ်လှုပ်ရှားနေသည်မှာ ထိုအကြောင်းကြောင့် မဟုတ်ပေ။ သူငယ်ရွယ်စဉ်ကရော အခု တောင်ပိုင်းအာရုဏ်ဦး နယ်မြေသို့ စတင်ရောက်ရှိခဲ့ချိန်မှစ၍ သူ့အချိန်အများစုကို တစ်ယောက်တည်း ကုန်ဆုံးဖြစ်ခဲ့သည်။ တစ်ပါးသူများနှင့် စကားစမြည်ပြောဆိုခြင်းတွင် အတွေ့အကြုံသိပ်မရှိချေ။ ယခုလိုထိုင်၍ ညှိနှိုင်းဆွေးနွေးမှုမျိုး လုပ်ရသည့် အခြေအနေမျိုးသည် သူ့အတွက်တော့ ရှားပါးလှသည်။
ထို့ထက်ပို၍ ကျင်းနန်ဆိုလျှင်ပင် သူ့ရှေ့ရှိလူ၏ အဆင့်အတန်းကြောင့် ယဉ်ကျေးစွာ ဆက်ဆံရမှာဖြစ်သည်။
ဖန်းရှန်က ပြုံးလျက် ခွက်ကို ကောက်ကိုင်လိုက်သည်။ အရွက်တွေ ရေပေါ်၌မျောနေသည်ကို မကြိုက်ဟန်နှင့် တစ်ငုံ သောက်လိုက်ပြီး အရွက်အချို့က ရေနှင့်ပါးစပ်ထဲသို့ ပါလာသောအခါ မျိုချလိုက်လေသည်။
‘ မော့စုရဲ့စွမ်းအားက ပုံမှန်အတိုင်းဆိုရင် သိဖို့ခဲယဉ်းတယ် ... သူက ရုပ်နယ်လွန်အဆင့်မှာ မဟုတ်သေးဘူး ဆိုရင်တောင်မှ ကောင်းကောင်း ထိန်းချူပ်နိုင်နေတယ်။ ပြီးတော့ သူ့ရဲ့အရှိန်အဝါက နားလည်ဖို့ ခက်ခဲပြီးတော့ သူကငါ့ကို အခုအချိန်မှာ အန္တရာယ်ကြီးတဲ့ ခံစားမှုမျိုး ခံစားနေရတယ်။
သူက ရုပ်နယ်လွန်အဆင့်လို့ ယူဆရအောင်ကလည်း နောက်ဆုံး ခြေလှမ်းငါးလှမ်းတုန်းက သူ့မှာပြဿနာ ရှိနေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အကြည့်တစ်ချက်က တောင်မှ အရမ်းကြောက်ဖို့ ကောင်းလွန်းတယ်။ အကြည့်တစ်ချက်နဲ့ပဲ ငါ့ကိုထွင်းဖောက် မြင်နိုင်သလို ခံစားလိုက်ရပြီး ချီတွေမတည်မငြိမ် ဖြစ်သွားစေခဲ့တယ်။
ဒီလူက အရမ်းထူးဆန်းတယ်။ ဒါပေမဲ့ ... ဘာလို့ သူ့ကိုကြည့်ရတာ စိတ်လှုပ်ရှားနေပုံ ပေါ်နေရတာလဲ’
ဖန်းရှန်က ခွက်ကိုချလျက် စုမင်ကိုကြည့်လိုက်သည်။
“အခု ကျွန်တော်တို့က ထာဝရဖန်တီးမှုနေ့ရက် နီးနေပြီ။ တောင်ပိုင်းအရုဏ်ဦးကုန်းမြေ တစ်ခုလုံးက မြူတွေနဲ့ ဖုံးလွှမ်းနေပြီးတော့ ဟန်တောင်တန်းမြို့တော်က မျိုးနွယ်စုသုံးခု အတွက်လည်း အရေးပါတဲ့ အချိန်ကာလပဲ။ မျိုးနွယ်စုအကုန်လုံးက ဝင်ခွင့်တွေ ပိတ်ထားခဲ့ကြတာမို့ မင်းနားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်များ ငါ့ရဲ့မျိုးနွယ်စုကို လာရောက်ခဲ့တာလဲ”
ဖန်းရှန်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူ့ပါးစပ်တွင်တော့ မျိုမချရသေးသည့် အရွက်တစ်ရွက်ရှိနေပြီး စကားပြောပြီးသည်နှင့် ခွက်ကိုယူကာ နောက်တစ်ကြိမ် သောက်လိုက်ရင်း အရွက်ကိုမျိုချလိုက်သည်။
“ငါသောက်ဖို့ ကြိုးစားတဲ့အခါတိုင်း ဒီအရာက တကယ့်ကို ဒုက္ခရောက်တာပဲ။ ဒါက ဖန်းမုရဲ့အဒေါ်က ပြန်ယူလာခဲ့တာပဲ။ အကယ်၍ မင်းဒါကို မသောက်တတ်ဘူးဆိုရင် ... အာ…”
ဖန်းရှန် သူ၏စကားလုံးများကို ပြန်မျိုချလိုက်သည်။ သူမြင်လိုက်ရသည်မှာ စုမင်ကခွက်ကိုမလျက် အနည်းငယ်လှုပ်လိုက်ရာ လက်ဖက်ရွက်များက သေသပ်စွာ ပြန့်ကျဲသွားပြီး အချို့က အောက်ခြေသို့ကျသွားကာ အချို့ကတော့ ဘေးဘက်ကပ်သွားကြသည်။ သဘာဝကျကျပင် ထိုကဲ့သို့ ခနတာ ဆော့လိုက်ပြီးနောက် စုမင်သည် ထိုအရည်ကိုမသောက်ပဲ ခွက်ကိုပြန်ချထား လိုက်လေသည်။
စုမင်သည် လက်ဖဝါးကိုဗဟိုပြုလျက် လက်၂ချောင်းဖြင့် ခွက်ကိုလှုပ်သည်ကို သူ သတိပြုမိလိုက်သည်။ သူ့လှုပ်ရှားမှုတွင် တင့်တယ်သောလေထုတို့ ဝန်းရံနေပြီး ဖန်းရှန်ကို မျက်တောင်ခတ် မိသွားစေသည်။
ဤသို့ တူညီသည့်အပြုအမူကို သူ၏ညီမငယ်ဆီတွင် မြင်ခဲ့ရဖူးသည်။ တကယ်တော့ ခွက်ကို ဘယ်လိုကိုင်ရမည်၊ လက်ဖက်ရည်ကို ဘယ်လိုသောက်ရမည်ကို သူ့ညီမငယ်က သင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ထိုအရာကို ဒုက္ခများသည်ဟုဆိုကာ မသင်ယူခဲ့ခြင်းဖြစ်သည်။ စုမင်၏ အပြုအမူများကို မြင်ရသည့်အခါ သူခွက်ကို မည်သို့ကိုင်ခဲ့ကြောင်း၊ လက်ဖက်ရွက်များကို မည်သို့သောက်ခဲ့ကြောင်း သတိရသွားသည့်အခါ အနည်းငယ် ကိုးရိုးကားရား နိုင်သလို ခံစားလိုက်လိုက်ရသည်။
“ငါ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော် ဖြစ်ချင်လို့ ဒီကိုလာခဲ့တာပဲ”
တစ်ဖြည်းဖြည်းနှင့် စုမင်၏ နှလုံးသားက တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ အကြီးအကဲ၏ အပြုအမူများကိုတုပခဲ့ပြီး ထိုအခိုက်တွင် သူကိုယ်တိုင်ပင် အကြီးအကဲ ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။
“ဪ…”
ဖန်းရှန်က ခေါင်းကိုမော့လျက် ယဉ်ကျေးသည့်အပြုံးဖြင့် စုမင်ကိုကြည့်လိုက်သည်။ ဖန်းရှန်သည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး မြင်နေရသလို ကြမ်းတမ်း၍ ရိုးရှင်းပုံ မပေါ်ပေ။
စုမင်သည် သူ၏အကြံအစည်များက ထိုလူ၏မျက်စိရှေ့တွင်တော့ ကလေးကစားသကဲ့သို့ ဖြစ်နေမည်ကို သိ၏။ သူ့ကိုယ်သူချို့တဲ့မှန်းလည်း သိသည်။ ထို့ကြောင့်ပင် လျှို့ဝှက်ချက် တချို့မှလွဲ၍ ရိုးသားရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
“ငါက ကောင်းကင်ပလွေသံကိုင်း ပေါက်ရောက် ကြီးပြင်းတယ်ဆိုတဲ့ ဟန်တောင်တန်းရဲ့ ချောက်ကြီးထဲက လျှို့ဝှက်နယ်မြေကို သွားကြည့်ချင်တယ်”စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
သတိမပြုမိနိုင်သည့် တောက်ပမှုတစ်ခုက ဖန်းရှန်မျက်လုံးအတွင်း ဖြစ်ပေါ်သွားခဲ့သည်။ စုမင်သည် ထင်သလောက် မရိုးရှင်းသည်ကို သူသိသည်။ အမှန်တော့ ဖန်းရှန်သည် ကြာမြင့်သည့်အချိန်ကပင် စုမင် ဘာကြောင့် သည်နေရာသို့ ရောက်ရှိလာခဲ့သည်ကို မှန်းဆခဲ့ပြီးဖြစ်သည်။
သူက စုမင်၏တောင်းဆိုမှုကို ချက်ချင်း မငြင်းပယ်လိုက်ချေ။ သည်ပုဂ္ဂိုလ်သည် ဖန်းမု၏ ဒဏ်ရာများကို ကုသပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေဆဲပင်။ ဒုတိယအနေဖြင့် သူစုမင်နှင့် ဆက်သွယ်ခဲ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် တစ်ယောက်ကိုတစ်ယောက် သိရှိခဲ့ကြသည်။ ဓားသွား လက်ဆောင်ပြန်ပေးသည့် ကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ခဲ့ဖူးပြီးဖြစ်သည်။
ထိုအကြောင်း ပြချက်များကြောင့်သာ မဟုတ်လျှင် တခြားသူစိမ်းတစ်ယောက်က သူ့ထံသို့လာ၍ တောင်းဆိုမှုပြုလုပ်သည်နှင့် ဖန်းရှန် ချက်ချင်း ငြင်းပယ်လိုက်မည်မှာ အသေအချာပင်ဖြစ်သည်။
“ငါ့ကို အကြောင်းပြချက် တစ်ခုပေးပါ”
ဖန်းရှန်က စုမင်ကိုကြည့်လိုက်ရင်း အလေးအနက်ထားသည့် အမူအရာက သူ့မျက်နှာတွင် ပေါ်လာ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် စုမင်မည်သူမည်ဝါ ဖြစ်ကြောင်း အသေးစိတ် လေ့လာစုံစမ်းခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ သူသည် ဖန်းမုနှင့်သာ နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့ခြင်းဖြစ်သည်။ ဤအချက် တစ်ခုတည်းကပင် ဖန်းရှန်၏ အာရုံစိုက်မှုကို ရရှိရန် လုံလောက်ပေသည်။
လေ့လာစုံစမ်းမှု၏ ရလဒ်များသည် အချိန်ကြာမြင့်စွာကပင် ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ ဖန်းမု၏ ဖော်ပြချက်များနှင့် ဖန်းရှန်၏ သုံ့သပ်ချက်များအရ ဤလျှို့ဝှက်ဆန်းကြယ်သည့် မော့စုဆိုသူသည် ဟန်တောင်တန်း တစ်ဝိုက်မှ မဟုတ်သည်မှာ ဆယ်ပုံလျှင် ကိုးပုံသေချာနေ၏။ ထိုသူသည် တခြားနေရာမှလာခဲ့ပြီး ဤနေရာနှင့်မရင်းနီးသောကြောင့် ဟန်တောင်တန်းမြို့တော်၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ ဗဟုသုတများ နည်းနေခြင်းဖြစ်မည်။
ပိုအရေးကြီးသည်ကတော့ ဤလူတွင် မကောင်းသည့် ရည်ရွယ်ချက်များ ရှိပုံမရခြင်းပင်။
၎င်းသည် တစ်ရက်နှစ်ရက်အတွင်း ရရှိသည့် လေ့လာတွေ့ရှိချက်များ အပေါ် အခြေခံ၍ ဆုံးဖြတ်ထားခြင်း မဟုတ်ချေ။ လွန်ခဲ့သည့် ၄နှစ်အတွင်း ဖန်းမုနှင့် ဖန်းရှန်တို့ ကြုံတွေ့ခဲ့ရသည့် စုမင်၏ ထင်သာမြင်သာသည့် သဘောထားနှင့် အပြုအမူများထံမှ ခံစားသိရှိခဲ့ခြင်း ဖြစ်သည်။
သူ၏ ထူးခြား ဆန်းကြယ်သည့်စွမ်းအား၊ ဖော်ရွေသော သဘောထားနှင့် ဟန်တောင်တန်းမြို့တော်နှင့် မပတ်သက်သည့် နောက်ခံအဆင့်အတန်းတို့က ဖန်းရှန်အနေဖြင့် သူ့အား အထင်ကြီးစေသည်။ ဒါကြောင့်ပင် သူ့အနေဖြင့် စုမင် သူ့ကိုသိမ်းသွင်းနိုင်ရန် အခွင့်အရေးပေးခဲ့ခြင်း ဖြစ်သည်။
“ငါပြုလုပ်နေတဲ့ ဆေးပဒေသာက သူ့ရဲ့ဒဏ်ရာတွေ ပျောက်ကင်းအောင် ကုသပေးနိုင်ဖို့ အခွင့်အရေးရပုံရှိတယ်လို့ ဖန်းမုကို ငါပြောခဲ့တယ်။ ဒီဆေးပဒေသာက ငါ့အတွက် အရမ်း အရေးကြီးတယ်။ သူ့ရဲ့ အကျိုး သက်ရောက်မှုတွေထဲက တစ်ခုက ငါ့ကို ဖန်းမုရဲ့ဒဏ်ရာတွေ ပျောက်ကင်းအောင် ကုသပေးနိုင်စေလိမ့်မယ်”
“အခုလောလောဆယ်တော့ ငါ့မှာ ဆေးပဒေသာဖော်စပ်ဖို့ ကောင်းကင်ပလွေသံကိုင်း မရှိဘူး။ အမှန်တော့ ငါအနာဂတ်မှာ ဆေးပဒေသာ ဖော်စပ်ဖို့လိုအပ်လာရင် လိုအပ်မှုကို လျှော့ချနိုင်အောင်လို့ ကောင်းကင်ပလွေသံကိုင်းကို ရှာဖွေဖို့ ဖန်းမုကို ငါ အကူအညီ တောင်းခဲ့တယ်”
အကယ်၍ ဟန်တောင်တန်းမှာ ကောင်းကင်ပလွေသံကိုင်းသာ ရှိတယ်ဆိုရင် တခြား ဆေးဖက်ဝင်အပင်တွေလည်း ရှိနိုင်ချေ အရမ်းများတယ်။ ငါသာ များများ ရှာဖွေနိုင်ခဲ့မယ်ဆိုရင် ငါ့အတွက် ဆေးပဒေသာဖော်စပ်ဖို့ အရမ်းအထောက်အကူ ဖြစ်နိုင်တယ်”စုမင်က အေးအေးဆေးဆေး ပြောလိုက်သည်။
ဖန်းမု၏ ဒဏ်ရာများကို ကုသပေးနိုင်သည့် ဆေးပဒေသာဟူသည့် အသုံးအနှုန်းကိုသာ သူသုံးလိုက်မည်ဆိုလျှင် တစ်ဖက်လူကို အတင်း ဖိအားပေးမိသလိုဖြစ်ပြီး သူ့ကို သဘောမကျခြင်းနှင့်သာ အဆုံးသတ်သွားပေလိမ့်မည်။ ဒါက သူ့အတွက် ကောင်းကျိုးရှိလိမ့်မည် မဟုတ်ပေ။
ထိုအစား ဆေးပဒေသာက သူ့အတွက်ပါ အကျိုးရှိကြောင်းနှင့် သူ့ကိုယ်ပိုင် အတွေးအမြင်အချို့ကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းအားဖြင့် တစ်ဖက်လူက ပို၍ သဘောကျသွားနိုင်သည်။
ဖန်းရှန်က စကားမပြောမီ ခဏတာတိတ်ဆိတ်သွားခဲ့သည်။
“ဟန်တောင်တန်းရဲ့ လျှို့ဝှက်နယ်မြေထဲမှာ အန္တရာယ်တွေ ရှိနေတယ်။ မင်းက ဘယ်လို မာန်အတတ်မျိုးကို လေ့ကျင့်တာလဲ”
“သတ်ဖြတ်ခြင်း မာန်အတတ်”စုမင် မျက်လုံးတို့က ကျဉ်းမြောင်းသွားပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။
“ငါ့သားက ဘယ်လိုဒဏ်ရာ ရခဲ့တာလဲ”
“ရုပ်နယ်လွန်အလယ်ဆင့် မာန်စွမ်းအားရှင်ရဲ့ မာန်အမှတ်ကနေ ဖြစ်လာတဲ့ ထင်ယောင်ထင်မှားစိတ်အာရုံတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တာပဲ”
အတိတ်တွင် ဖန်းမု၏ဒဏ်ရာများကို တွေ့ခဲ့စဉ်က ကောင်းမွန်စွာ ထိန်းချူပ်နိုင်မှုဖြင့် ထိုအကြောင်းကို သူသိရှိခဲ့ခြင်းဖြစ်သည်။ အတိတ်တွင်တော့ ကုသနိုင်ရန် မသေချာခဲ့ပေ။ သို့သော် သူ့စွမ်းအား တိုးတက်လာသည်နှင့်အမျှ ထိုအကြောင်းကို ပိုမိုစဉ်းစားခဲ့ပြီး ရှင်းလင်းသည့် အဖြေတစ်ခု ရရှိခဲ့သည်။
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အနေဖြင့် ရုပ်နယ်လွန်အလယ်ဆင့် မာန်စွမ်းအားရှင်အား မည်သို့ဒေါသထွက်စေခဲ့ပြီး ယခုလိုဖြစ်ပျက်ခဲ့မှန်း သူမသိသော်လည်း ထိုအရာနှင့်ပတ်သက်၍ အထူးတလည် သိချင်စိတ်မဖြစ်မိပေ။
“အကယ်၍ မင်းလျှို့ဝှက်နေရာကို ဝင်ရောက်ခဲ့ပြီး တခြားဆေးဖက်ဝင် ပစ္စည်းတွေကို ရှာတွေ့ခဲ့မယ်ဆိုရင် မုအာရဲ့ ဒဏ်ရာတွေကို ကုသဖို့ ဘယ်လောက် သေချာမှုရှိလဲ။ မင်းရှာမတွေ့ခဲ့ရင်ရော အခွင့်အရေးက ဘယ်လောက်လဲ”ဖန်းရှန်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
စုမင်က ပြန်မဖြေခင် စဉ်းစားနေသကဲ့သို့ ခဏတာ တိတ်ဆိတ်သွားပြီးနောက်”ပထမတစ်ခုအတွက်တော့ အခြေအနေကိုလိုက်ပြီး အခွင့်အရေးက ၈ပုံနဲ့အထက်ရှိတယ်။ အင်း ... ဒုတိယ တစ်ခုအတွက်တော့ အခွင့်အရေး ၇ပုံလောက် ရှိတယ်”
“ညီနောင်မော့ မင်း ဒီငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုကို ရောက်နေခဲ့ပြီပဲ။ ဒီမှာ အချိန်ခဏလောက် နေထိုင်ဦးပေါ့။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ငါ့အနေနဲ့ စဉ်းစားဖို့ အချိန်ခဏလောက် လိုအပ်တယ်”
ဖန်းရှန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် မတ်တတ်ရပ်လိုက်ကာ စုမင်ထံသို့ဦးတည်၍ လက်သီးနှင့်လက်ဝါးကို ထပ်လျက် အရိုအသေ ပြုလိုက်၏။
စုမင် မတ်တတ်ရပ်ကာ ဖန်းရှန်ကို ပြန်လည် အရိုအသေပေးလိုက်ပြီး နောက်သို့လှည့်ကာ မျှော်စင်အပြင်သို့ ထွက်ခွာသွားတော့၏။
သူထွက်သွားပြီး ခဏအကြာမှာတော့ မျှော်စင်၏ ပထမအလွှာမှနေ၍ အမျိုးသမီးတစ်ယောက် ဆင်းလာချေသည်။
“ချန်းလန်၊ ဒီလူကို မင်းဘယ်လိုထင်လဲ”
ဖန်းရှန်က လှည့်လျက် မကြာသေးခင်က စုမင် ထိုင်သွားခဲ့သည့်နေရာတွင် ထိုင်နေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။
***