← Chapters

ကုန်ဆုံးသွားခဲ့သော နှစ်များ

Vol. 11 Ch. 142

ကုန်ဆုံးသွားခဲ့သော နှစ်များ

Vol. 11 Ch. 142

သူမသည် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အလွန်လှပသော အသွင်အပြင်အပြင်ရှိ အမျိုးသမီးတစ်ဦး ဖြစ်သည်။ အရပ်ရှည်ရှည် မဟုတ်သော်ငြား ထိုသေးငယ်သော ပုံစံကပင် သူမကို ဆွဲဆောင်မှု ရှိနေစေသည်။

သူမ၏အသားအရေသည် ဖြူဖွေးနေပြီး စုမင်ထိုင်ခဲ့သည့်ခုံပေါ်တွင် ထိုင်နေစဉ်၌ မျက်လုံးတို့ကို စေ့ပိတ်ထားချေသည်။ သူမ၏ မျက်တောင်များက ရှည်လျားကော့ညွတ်လျက် တဖြတ်ဖြတ် လှုပ်ခါနေ၏။

သူမသည် ဟန်ဖေးကျစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ကွဲပြားခြားနားသည့် လေထုတို့ ဖြစ်ပေါ်နေလေသည်။

သူမ၏ပုံစံသည် ဟန်ဖေးကျစ်၏ အေးစက်စက် အလှတရားနှင့် ပိုင်လင်း၏ အရိုင်းဆန်သည့် အလှတရားတို့ဖြင့် ကွဲပြားခြားနားနေသည်။ သူမက တောင်ကြားအတွင်းရှိ သစ်ခွတစ်ပွင့်ကဲ့သို့ လူတို့အား ငြိမ်းချမ်းမှုကို ပေးစွမ်းနေ၏။

အသက်ကို မခန့်မှန်း နိုင်လောက်အောင် အလွန်လှပသည့် မျက်နှာကလေးလည်း ရှိပြီး ထိုနေရာ၌ထိုင်နေပုံမှာ မျှော်စင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။

ဖန်းရှန်က သူ့ရှေ့ရှိအမျိုးသမီးကို ချစ်ခင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမက သူ၏ တစ်ဦးတည်းသော ညီမလေးဖြစ်သည်။ ငယ်စဉ်က သူမ၏စွမ်းအားက သိပ်မကြီးခဲ့သလို မျိုးနွယ်ကလည်း သူမကို သိပ်ဂရုမစိုက်ခဲ့ချေ။

သူမ၏ တည်ငြိမ်သည့်ပုံစံက အခြားသူများကို သူမအား အချိန်အကြာကြီး လျစ်လျူရှု ထားစေခဲ့သည်။

မည်သူမှ မမျှော်လင့်ထားခဲ့သည့်အရာမှာ ထိုကျိုးပဲ့လွယ်ပုံပေါ်သည့် မိန်းမပျိုလေးက လွန်ခဲ့သော၁၀နှစ်ခန့်က ဟန်တောင်တန်းမြို့တော်၏ သွယ်ဆက်သံကြိုးတန်းကို သွေးကြော ကျောက်သား အဆင့်မျှဖြင့်ပင် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဟူသည့် အကြောင်းပြချက်ကိုတော့ မျိုးနွယ်စုတစ်ခုလုံးတွင် ဖန်းရှန် တစ်ဦးတည်းသာ သိချေသည်။

ဟန်တောင်တန်းမြို့တော်၏ မျိုးနွယ်စုသုံးခုအတွက်တော့ ဟန်တောင်တန်း၏ သွယ်ဆက်ကြိုးတန်းများသည် အပြင်လူများအတွက် ပြုလုပ်ထားသော အရာသာဖြစ်သည်။ မျိုးနွယ်အတွင်းရှိ လူများအတွက် စိန်ခေါ်ရန်မလိုအပ်ချေ။ အေးခဲကောင်းကင်ကလန်က တပည့်ရွေးချယ်သည့် အကြိမ်တိုင်းတွင် မျိုးနွယ်စုသုံးခုမှ ထူးချွန်သူများကိုသာ ရွေးချယ်ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ရာကျော်အတွင်း ရွေးချယ်ခံခဲ့ရသူများသည် ၁၀ယောက်ထက် နည်းပါးသော်လည်း မျှော်လင့်ချက်ကတော့ ရှိနေဆဲပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ အေးခဲကောင်းကင်ကလန်သို့ ဝင်ရောက်ချင်သော်လည်း အရွေးချယ်မခံရသူများအဖို့ ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးတန်းများကို အပြင်လူများကဲ့သို့ စိန်ခေါ်ခြင်းဖြင့်လည်း ဝင်ရောက်ရန် အခွင့်အရေး ရနိုင်ပေသည်။

သူ့ညီမငယ်လေး ဖန်ချန်းလန်က ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးတန်းများကို သွေးကြောကျောက်သား အဆင့်ရဖြင့် စိန်ခေါ်ခဲ့ခြင်းကို ဖန်းရှန်အပါအဝင် မည်သူကမျှ မမျှော်လင့်ထားခဲ့ချေ။

လွန်ခဲ့သော ၁၀နှစ်က ဖြစ်ပျက်ခဲ့သော အရာများသည် ဖန်းရှန်၏စိတ်အတွင်း မကြာခဏပေါ်လာတတ်သည်။ မည်သူမျှ အမှန်တကယ် ဂရုမစိုက်ခဲ့သည့် ထိုမိန်းမငယ်လေးသည် အမည်မသိသော နည်းလမ်းဖြင့် ဆဋ္ဌမ သံကြိုးသို့ပင် ရောက်ရှိသွားခဲ့ပြီး မယုံကြည်နိုင်လောက်သည့် စိတ်ပိုင်းဖြတ်မှုနှင့် ဇွဲရှိမှုတို့ကြောင့်ပင် အေးခဲကောင်းကင်ကလန်၏ တပည့်ဖြစ်ခွင့်ကို ရရှိခဲ့လေသည်။

ဖန်းရှန် သူ့ညီမငယ်လေးကို ကြည့်လိုက်တယ်။ သူမဟာ ကျိုးပဲ့လွယ်ပုံ ပေါ်ပေမဲ့ သူတောင် မယှဉ်နိုင်လောက်ေအာင် ကြံ့ခိုင်သည့် ကိုယ်ရည်ကိုယ်သွေး ရှိကြောင်းကို သူသိ၏။ သူပင်လျှင် ဟန်တောင်တန်း၏ သွယ်ဆက်သံ ကြိုးတန်းများကို စိန်ခေါ်ရန် သတ္တိမရှိချေ။

“အခုတော့ ... သူက ရုပ်နယ်လွန်အဆင့် မဟုတ်သေးဘူး”

ချန်းလန်က သူမ၏ မျက်လုံးများကို ဖွင့်ရင်း တီးတိုး ပြောလိုက်သည်။

“အခုတော့”

ဖန်းရှန် မျက်မှောင်ကြုတ် လိုက်မိသည်​။

“ဒါပေမဲ့ သူလိမ်နေတာ မဟုတ်ဘူး။ သူက မုအာရဲ့ ဒဏ်ရာတွေကို အမှန်ပဲ ကုသပေးနိုင်တယ်”

ချန်းလန်က တည်ငြိမ်စွာ ပြောလိုက်ရင်း ဤမတိုင်ခင်က စုမင်ကိုင်သွားခဲ့သည့် ခွက်ကို ကောက်ကိုင်လိုက်သည်။

“ဟမ်”ဖန်းရှန်က ချန်းလန်ကို ကြည့်လိုက်ရင်း ခပ်တိုးတိုး ဆက်ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ငါ့မှာသံသယတွေ ရှိတယ်။ မင်းတောင် မကုသပေးနိုင်တဲ့ ဒီလိုဒဏ်ရာတွေကို ဘယ်လို ဆေးပဒေသာမျိုးကများ ကုသပေးနိုင်မှာလဲ”

ရှုပ်ထွေးသည့် အမူအရာတစ်ခုက ချန်းလန်မျက်နှာတွင် ပေါ်လာပြီး နောက်တော့ သူမကခေါင်းကိုငုံ့ကာ မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။

“ငါ ... ငါက ဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ အာ ... မင်း”ဖန်းရှန် ရှင်းပြရန် အလျင်အမြန် ကြိုးစားလိုက်သော်ငြား မည်ကဲ့သို့ စပြောရမယ်မှန်း မသိချေ။

“အကို၊ ဒါက ငါ့အမှားပါ ... ဒါပေမဲ့ ကမ္ဘာကြီးက ကြီးမားတဲ့ နေရာတစ်ခုပဲ။ ကွဲပြားတဲ့ စွမ်းရည်တွေနဲ့ ထူးခြားတဲ့လူတွေ အများကြီးရှိတယ်။ ဒီမော့စုက လိမ်နေပုံမပေါ်ဘူး။ ဒီသူ့နေရာမှာ ထိုင်နေရင်းနဲ့ ငါသူ့ရဲ့အတွေးတချို့ကို ခံစားလို့ရတယ်။ ကုသမှုနဲ့ ပတ်သက်ပြီးတော့ သူလိမ်နေတာ မဟုတ်ဘူး”

ချန်းလန်က မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး ဖန်းရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း နူးညံ့စွာပြောသည်။

“ဒီလူက လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံရှိတယ်။ ဒီအရွက် လက်ဖက်ရည်ကို သူသောက်လိုက်တဲ့ပုံက ရိုးရှင်းပုံပေါ်ပေမဲ့ အမှန်ကတော့ ငါတောင် အေးခဲကောင်းကင် ကလန်ကို မဝင်ရခင်အထိ ဒါကို သိခဲ့တာမဟုတ်ဘူး”

“သူ့ရဲ့အပြုအမူတွေက တောင့်တင်းနေပုံ ပေါ်ပေမဲ့ မှန်ကန်နေတယ်။ ဒီလိုလုပ်တဲ့ တစ်စုံတစ်ယောက်ကို အရင်က မြင်ဖူးထားခဲ့ပုံ ပေါ်တယ်။ ဒါပေမဲ့ ... တောင်ပိုင်းအရုဏ်ဦး နယ်မြေထဲမှာတောင် ဒီလိုလုပ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်။ သူမအတွက် မကြာခဏ ပြင်ဆင်ခိုင်းခဲ့တဲ့ ငါ့ဆရာရဲ့ ကြင်နာမှုကြောင့်သာ မဟုတ်ရင် ငါလည်း ဒါကိုဘယ်လိုလုပ်ရမယ် ဆိုတာ သင်ယူခဲ့ရမှာ မဟုတ်ဘူး”

ဖန်းရှန် အတွေးတို့ များလျက် မျက်မှောင်ကြုတ် လိုက်မိသည်​။

“ပြီးတော့ …”

ချန်းလန် ခွက်ကို သူမလက်အတွင်းမှ ပြန်ချလိုက်ပြီး အံ့သြမှုတချို့က သူမမျက်လုံးထဲတွင် ဖြစ်ပေါ်လာ၏။

“သူက ရုပ်နယ်လွန်အဆင့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရုပ်နယ်လွန် ကနဦးအဆင့်မှာရှိတဲ့ သာမန် မာန်စွမ်းအားရှင် ထက်တောင် ပိုသန်မာတယ်လို့ ခံစားနေရတယ် ... ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်ရဲ့ ခါးသီးတဲ့ အညိုးအချို့ကိုလည်း သူ့အပေါ်မှာ တွေ့နေရတယ်။ ကြည့်ရတာ ဒီလူက တစ်ယောက်မကတဲ့ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တွေကို သတ်ခဲ့ဖူးပုံပဲ …”

ဖန်းရှန် ထိုစကားများကို ကြားသောအခါ အံ့အားသင့် သွားပြီး စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ချန်းလန်ကို ကြည့်လိုက်သည်။ သူယုံကြည်ရသည့် မာန်အတတ်ကို တတ်ကျွမ်းထားသူ သူ့ညီမလေးသာ မဟုတ်ခဲ့ဘူး ဆိုလျှင် သူမ၏ စကားလုံးများကို သူယုံကြည်မိမှာ မဟုတ်ပေ။

“သူက တစ်ယောက်မကတဲ့ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တွေကို သတ်ခဲ့ဖူးတာလား”

ချန်းလန်က မျက်လုံးတို့ကို ပိတ်လိုက်ပြီး ညာဘက်လက်ဖြင့် မျက်ခုံးနှစ်ခုကြားထဲသို့ ထိလိုက်သည်။ ဖန်းရှန်မျက်စိရှေ့တွင်ပင် သူမ၏ပုံစံက မှိန်ဖျော့သွားပြီး ခဏအကြာမှာတော့ မူလအတိုင်း ပြန်ဖြစ်သွားလေ၏။ ချန်းလန်က မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင်ေတာ့ သူမမျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက်အချို့ ပေါ်လာချေသည်။

“သူ့အပေါ်မှာ ရုပ်နယ်လွန်အဆင့် လူနှစ်ယောက်ရဲ့ သေဆုံးခြင်း အရောင်အဝါတွေ ရှိနေတယ်။ သူတို့ထဲက တစ်ခုက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကပဲ အရှိန်အဝါက အားနည်းနေပြီ ဆိုပေမဲ့ ပျံ့နှံ့ပျောက်ကွယ်သွားခြင်း မရှိဘူး။ ပိုပြီးထူးဆန်းတာက အဲဒီအရှိန်အဝါနဲ့ ပတ်သက်ပြီး ယူဆချက်နှစ်ခု ရှိနေတာပဲ။ ယူဆချက်တစ်မျိုးက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ဖြစ်နိုင်ပြီး နောက်တစ်မျိုးကတော့ လွန်ခဲ့တဲ့ လေးနှစ်လောက်ကပဲ။ ငါ ခွဲခြားလို့မရဘူး ဖြစ်နေတယ် …”

“ဒုတိယအရှိန်အဝါ ကတော့ ပိုရှင်းလင်းတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆိုပေမဲ့ အဲဒါက အရမ်းကို အားနည်းနေတယ်”

မသေချာမှုတို့က ချန်းလန် မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။ သူမ သည်ကိစ္စကို နားမလည်နိုင်ပေ။

ချန်းလန်၏ စကားတို့ကို ကြားသောအခါ ဖန်းရှန်၏အမူအရာက ပို၍ လေးနက်လာ၏။ သူ့ညီမလေး၏ မာန်အတတ်ကို သူသိပေသည်။ ထိုမာန်အတတ်သည် အေးခဲကောင်းကင်ကလန်၏ အဓိက မာန်အတတ်သုံးမျိုးထဲမှ တစ်ခုဖြစ်သည်။ ချန်းလန်တွင် ထိုမာန်အတတ်ကို သင်ယူရန် ပါရမီပါသော်ငြား သူမဆရာကသာ ကြင်နာစွာ သင်ကြားပေးခဲ့ခြင်း မရှိလျှင် သူမအနေဖြင့် ထိုသို့သော မာန်အတတ်မျိုးကို သင်ယူခွင့်ရမည် မဟုတ်ပေ။

ချန်းလန်၏ ဆရာအကြောင်းကို စဉ်းစားမိသောအခါ သူ့စိတ်နှလုံးထဲမှနေ၍ လေးစားမှုတို့ တိုးပွား လာလေသည်။

“ဒါကြောင့် ကျွန်မ မသေချာတာပဲ။ သူ အရင်က ရုပ်နယ်လွန်အဆင့်ကို ရောက်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ မတော်တဆမှု တချို့ကြောင့် သူ့ရဲ့ကျင့်ကြံခြင်း အဆင့်က လျော့ကျသွားခဲ့တာ ဖြစ်မယ်။ ဒါကြောင့် သူက ကျွန်မကို ရှုပ်ထွေးတဲ့ ခံစားချက် ပေးနေတာပဲ”

ချန်းလန်က ခဏတာစဉ်းစားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“မင်းပြောသလိုဆိုရင် ဒီလူနဲ့ပတ်သက်လို့ ထူးခြားဆန်းကြယ်မှုက ငါအရင်က တွေးခဲ့တာထက် ပိုကြီးမားနေတယ်။ အဲဒီလိုသာဆိုရင် သူ့ကိုခွင့်ပြုသင့် မပြုသင့်ကို သေချာစဉ်းစားရမှာပဲ ... ချန်းလန်၊ မင်းအရင်သွားပြီး အနားယူလိုက်ပါဦး။ ငါလည်း ဒီအကြောင်းကို အကြီးအကဲနဲ့ ပြောလိုက်ဦးမယ်…”

ဖန်းရှန်က စကားပြောပြီးသည်နှင့် မျှော်စင်ထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။

“အစ်ကို၊ အေးခဲကောင်းကင်ကလန်  ဒီတစ်ကြိမ်တပည့်ရွေးမှာက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက မဟုတ်သလို ပုချန့်မျိုးနွယ်ကလည်း မဟုတ်ဘူး။ သူတို့က တစ်ယောက်တည်းကိုပဲ ခေါ်ဆောင်သွားမှာ။ ပြီးတော့ အဲဒီတစ်ယောက်က အရောင်စုံရေကန်မျိုးနွယ်စုက ယန်ဖေးပဲ”

“ဒါက ဆုံးဖြတ်ပြီးသား အရာမို့လို့ ငါဝင်စွက်ဖက်လို့ မရဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ် တပည့်ရွေးမယ် ဆိုရင်တော့ ငါကမုအာအတွက် နေရာတစ်ခု ယူပေးပါ့မယ်။ မော့စုနဲ့ ပတ်သက်လို့ကတော့ သူ့ကိုလျှို့ဝှက်နယ်မြေကို ဝင်ခွင့် ပေးလိုက်ဖို့ အကြံပေးချင်တယ်။ အကယ်၍ သူသာ မုအာကို အမှန်တကယ် ကုပေးနိုင်ခဲ့ရင်တော့ သူကငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုရဲ့ စစ်မှန်တဲ့ ဧည့်သည်တော် ဖြစ်လာမှာပဲ …”

ချန်းလန်က သူမ၏ မျက်ခုံးနှစ်ခုအလယ်ကို ထိလျက် ငြင်သာစွာပြောလိုက်သည်။

ဖန်းရှန်က ခေါင်းညိတ်လျက် နောက်သို့လှည့်ကာ မျှော်စင်အတွင်းမှ ထွက်ခွာသွားတော့၏။

မျှော်စင်အတွင်း၌ ချန်းလန် တစ်ဦးတည်းသာ ကျန်ခဲ့လေသည်။ သူမက ကျောက်တုံးခုံပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရာမှ ထွက်ခွာသွားမည့်ပုံ ပြုလိုက်သည်။ ခဏအကြာမှာတော့ ပြန်ထိုင်လိုက်ပြီး ညာလက်ကိုလွှဲလျှက် လက်အတွင်းမှနေ၍ အဖြူရောင် သားရဲအရိုး ၃ ခုကို ထုတ်ယူလိုက်သည်။

သားရဲအရိုးတို့တွင် မရေမတွက်နိုင်အောင် များပြားသည့် စာလုံးတိုကို ရေးသားထားသော်လည်း ထိုအရာတို့ကို ဖတ်မရနိုင်ချေ။ စကားလုံးတို့မှ နက်မှောင်သည့် အလင်းကို ထုတ်လွှတ်နေပြီး သက်တမ်းကြာမြင့် နေခဲ့ပုံပင်။ ထိုအရာများသည် ရှေးဟောင်းပစ္စည်းများ ဖြစ်သည်မှာ သေချာပေသည်။

‘ဒီမော့စုက ဘယ်ကလာခဲ့တာလဲ။ ငါက ပညာရှိ ဒေါသမာန်အတတ်ရဲ့ သတ္တမမြောက် အဆင့်ကို ရောက်နေပြီလို့ ဆရာကပြောခဲ့တယ်။ ဒါက အေးခဲကောင်းကင်ကလန် ထဲမှာေတာင် ရှားပါးတယ်။ ဒါပေမဲ့ အခုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီး ... အဲဒီအရာက မော့စုအပေါ်မှာပဲ။ လူတစ်ဦးက တစ်ချိန်တည်းမှာ ကွဲပြား ခြားနားချက်နှစ်ခု ဘယ်လို ရှိနေနိုင်ရတာလဲ ... ’

‘ဒါအတွက် ရှင်းပြချက်က တစ်ခုတည်းပဲရှိတယ်။ ဒီလူ့ရဲ့ မှတ်ညဏ်ထဲမှာတော့ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်ကို ပထမဆုံးအကြိမ် သတ်ခဲ့တာက လွန်ခဲ့တဲ့ လေးနှစ်ကပဲ။ ဒါပေမဲ့ အမှန်ကတော့ ... အဲဒီလိုမဖြစ်နိုင်ဘူး။’

‘ ဒါက ငါ့အနေနဲ့ ဒီလိုမျိုး ကြုံတွေ့ရတဲ့ ပထမဆုံးအကြိမ်ပဲ ...’

ချန်းလန်က ခဏတာ တွေးတောလိုက်ပြီးနောက် သူမလက်ကို ကိုက်ဖောက်ကာ သွေးများကို သားရဲအရိုးတို့ပေါ်သို့ သုတ်လိမ်းလိုက်သည်။

သားရဲအရိုးတို့က သွေးကိုချက်ချင်း စုပ်ယူသွားကြ၏။ သူတို့အနားရှိ နက်မှောင်သော အလင်းက ချက်ချင်းပင် ပိုမိုသန်မာလာပြီး မျှော်စင်တစ်ခုလုံး ပြည့်နှက်သွားသည်။ ချန်းလန်၏ မျက်နှာကလည်း နက်မှောင်သည့် အလင်းတို့ဖြင့် တောက်ပလျက်ရှိ၏။

‘ငါသာ ဒီအရာရဲ့ အောက်ခြေအထိ ရောက်ရှိနိုင်ခဲ့မယ် ဆိုရင် ဒါကငါ့ကို အလင်းပြပေးလိမ့်မယ် ... ငါ့ဆရာပေးခဲ့တဲ့ စကားနဲ့မဖော်ပြနိုင်တဲ့ သွေးကြောသုံးခုကိုက ဒါကို ဖြတ်ပြီး ကြည့်ဖို့က လွဲရင် နည်းလမ်းမရှိတာ အသေအချာပဲ’

ချန်းလန်၏ မျက်လုံးတို့က တောက်ပသွားပြီး ရှုပ်ထွေးသော စကားလုံး တချို့ကို အသံတိုးတိုးဖြင့် ရွတ်ဆိုလိုက်သည်။

ထိုစကားလုံးတို့သည် နားလည်ဖို့ရန် ခက်ခဲသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအရာကို ကြားခဲ့မည် ဆိုလျှင် စိတ်ရှုပ်သွားနိုင်ပြီး အချိန်ကြာမြင့်စွာ နားထောင်မည် ဆိုလျှင်တော့ သူတို့က ရှုပ်ထွေး သွားပေလိမ့်မည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းသည့် အချိန်လောက် ကြာသောအခါ ချန်းလန်မျက်လုံးများက မှေးမှိန်သည့် အလင်းတို့ စတင် ထွက်ပေါ်လာတော့သည်။

သူမရှေ့ရှိ သားရဲအရိုး ၃ ခုသည် ချန်းလန်၏ နံဖူးအလယ်သို့ ပျံသန်းသွားပြီး လျင်မြန်စွာ စတင် လှည့်ပတ်လာချေသည်။ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး သူမခန္ဓာကိုယ်ပါ မှန်ဖျော့လာသည်မှာ မျှော်စင်အတွင်း၌ ပျောက်ကွယ်သွား သကဲ့သို့ပင်။ သူမထိုင်နေခဲ့သည့် နေရာတွင်တော့ ကြီးမားသည့် လေဟာနယ်ပုံပျက်နေမှုက ဖြစ်ပေါ်လာသည်။

သို့သော်လည်း ထိုအရာသည် အသက်သုံးကြိမ်ရှူချိန်သာ ကြာမြင့်ခဲ့ပြီး အကြီးအကျယ် ပြောင်းလဲမှုတစ်ခုက ချက်ချင်းဖြစ်ပျက်လာလေ၏။

“ဒါ ... ဒါ ... ဒါက အနှစ် ၅၀ က မဟုတ်ဘူး”

ချန်းလန်၏ ခန္ဓာကိုယ်သည် မှိန်ဖျော့နေရာမှ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး အေးဆေးတည်ငြိမ် နေတတ်သည့် သူမမျက်နှာတွင်တော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပုံ ပေါက်လာလေ၏။ ကြောက်မက်ဖွယ်ကောင်းသည့် အဖြစ်အပျက်များက ထိတ်လန့်စရာ ကောင်းစွာ ဖြစ်ပျက်ခဲ့ပုံပင်။

“ဒါက အနှစ် ၅၀ မဟုတ်ဘူး။ ဒါက…”

ချန်းလန်၏ အပြုအမူမှတစ်ဆင့် မဖော်ပြနိုင်သည့် အားတစ်ခု သက်ရောက်ခံလိုက် ရသကဲ့သို့ သူမ၏မျက်ခုံးအလယ်ရှိ အရိုးသုံးခုသည်လည်း ရုတ်တရက် ဆိုသလို ကျိုးပဲ့သွားတော့သည်။

အရိုး ၃ ခု ကျိုးပဲ့သွားသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသံတို့ လေထုအတွင်းမှ ထွက်ပေါ်လာပြီး မျှော်စင်အတွင်းရှိ ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် အရာအားလုံးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် မျှော်စင်မှလည်း ညည်းညူသံကဲ့သို့ ထွက်ပေါ်လာပြီး တစ်လက်မချင်းစီ အက်ကွဲလျက် အမှုန့်ပြာများအဖြစ် ပြောင်းလဲသွားလေ၏။

ချန်းလန်သည် ပါးစပ်အပြည့်သွေးတို့ကို ထွေးထုတ်လိုက်ရပြီး နောက်သို့ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရလေသည်။ သူမ၏ ချစ်စဖွယ် မျက်နှာကလေးက ဖြူဖျော့နေပြီး ဝိညာဉ်ပျောက်ဆုံး သွားသကဲ့သို့ ထိုနေရာ၌ မိန်းမောလျက်ရပ်နေမိသည်။

ထိုရုတ်တရက် ပြောင်းလဲမှုက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တစ်ခုလုံးကို အံ့အားသင့်သွားစေသည်။ သူတို့အားလုံးသည် အကြည့်များကို မျော်စင်သို့ အာရုံစိုက်လိုက်ပြီး အဝေးရှိတောင်ထွတ်များထံမှ ဦးတည်လာနေသည့် အလင်းတန်းတချို့ကိုလည်း မြင်လိုက်ရသည်။

မျိုးနွယ်စုခေါင်းဆောင်သည် ပထမဆုံး ရောက်ရှိလာသူဖြစ်ပြီး သူ့ဘေးတွင်တော့ အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ရှိနေသည်။ အဘိုးအို၏ မျက်လုံးတို့မှာ စူးရှနေပြီး ကြည့်မိသူများအဖို့ ခေါင်းကို အောက်သို့ငုံ့လျက် ထပ်မံကြည့်ရှုဝံ့ခြင်း မရှိတော့ချေ။

“ဘာဖြစ်သွားတာလဲ”

ဖန်းရှန်သည် ရောက်ရှိလာပြီး စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည့် မျက်နှာနှင့် ချန်းလန်ကို ကြည့်လိုက်၏။

အဘိုးအိုသည်လည်း မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူကပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးချိန်တွင်ေတာ့ သူ့အမူအရာက သတ်ဖြတ်လိုသည့်အသွင် ပြောင်းလဲသွားတော့၏။

“ဒီနေရာမှာ ... မဖော်ပြနိုင်တဲ့ တည်ရှိမှုတစ်ခု ရှိနေတယ်။ ဖန်းချန်းလန် ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ”

ချန်းလန်သည် မျှော်စင်၏ အပျက်အစီး ဖုန်မှုန့်တို့ကြားတွင် ရပ်လျက် မျက်လုံးကိုမှိတ်လိုက်သည်။ သူမမျက်လုံးတို့က သတိပြန်ဝင်သွားပြီး ခဏအကြာမှ မျက်လုံးကို ပြန်ဖွင့်လျက် သူမပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ တစ်ချိန်က တောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသည့် မျှော်စင်က ပျက်စီးသွားခဲ့သည်မှာ တောင်တွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွား သကဲ့သို့ပင် ဖြစ်သည်။ တောင်အစွန်းတွင်လည်း အက်ကြောင်းများစွာတို့က ဖြစ်ပေါ်လာပြီး တောင်ကိုယ်တိုင်ပင်လျင် မတည်ငြိမ်တော့ချေ။

သူမနှလုံးက ခုန်ပေါက်လျက်ရှိ၏။ ခဏတာ တိတ်ဆိတ်သွားပြီး နောက်တော့ အဝေးတစ်နေရာသို့ ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင်တော့ ဖန်းမုတို့ လူအုပ်စုအတွင်းတွင် ရပ်နေသည့် မော့စုကိုမြင်လိုက်ရသည်။ ယခုဖြစ်ပျက်ခဲ့သည့် အကြီးအကျယ် ပြောင်းလဲမှုသည် သူ့အာရုံကိုဖမ်းစားခဲ့သည့်ဟန်ပင်။

“ဒါက ဘာမှမဟုတ်ပါဘူး။ ငါမမြင်သင့်တဲ့ အရာတစ်ခုကို မြင်တွေ့လိုက်ရတာကြောင့်ပါ ... အစ်ကို ငါတောင်းပန်ပါတယ်။ မော့စုကို ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုရဲ့ ဧည့်သည်တော် ဖြစ်ခွင့်ပေးလိုက်​ပါ”

ချန်းလန်က မည်သည့် ရှင်းလင်းချက်မှ မပြောဆိုပဲ ထိုအစား တောင်းဆိုမှု တစ်ခုကိုသာ ပြုလုပ်လိုက်သည်။ သူမက စကားပြောဆိုပြီးသည်နှင့် အပြာရောင် ဝတ်ရုံရှည်နှင့် အဘိုးအိုကိုပင် မကြည့်တော့ဘဲ နောက်သို့လှည့်ကာ အဝေး၌ရပ်နေသည့် စုမင်ထံသို့ လျှောက်လှမ်းသွားလိုက်၏။

ဖန်းရှန် မှင်တက်သွားမိသည်။ သူချန်းလန်ထံမှ ထိုကဲ့သို့ ပြောဆိုသည်ကို ပထမဆုံးကြားဖူးခြင်း ဖြစ်သည်။ သူက ခဏတာ တိတ်ဆိတ် သွားပြီးနောက် ဘေး၌ရပ်နေသည့် အဘိုးအိုထံသို့ စကားအနည်းငယ်ကို ခပ်တိုးတိုး ပြောဆိုလိုက်သည်။

***

All Chapters