ငါ ဘာကိုများ မေ့လျော့နေခဲ့တာလဲ ...
Vol. 11 Ch. 143
စုမင် အဝေးတွင် ရပ်လျက်ရှိ၏။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုအတွင်း သူ ယာယီနေထိုင်ရမည့် နေရာသို့ သွားရန်ပြင်နေစဉ်မှာပင် မျှော်စင်ဆီမှ လာသည့် ရုတ်တရက် ကျယ်လောင်သည့် ပေါက်ကွဲသံတို့က သူ့အာရုံကို ဖမ်းစားသွားခြင်း ဖြစ်သည်။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုဝင် များသည်လည်း တုန်လှုပ်နေသည့် အမူအရာများနှင့် ပြေးလွှားသွားကြသည်ကို သူမြင်လိုက်သည်။ ဖန်းမုသည်လည်း စိုးရိမ်ကြောင့်ကြစွာဖြင့် ပြေးလွှားသွားသောကြောင့် စုမင် သူတို့နောက်မှ လိုက်သွားမိသည်။
မျှော်စင်သည် အမှုန်အမွှားများ အဖြစ်သို့ ပြောင်းလဲသွားပြီး အမျိုးသမီး တစ်ယောက်က ထိုအပျက်စီးများကြားတွင် ရပ်နေသည်ကို သူမြင်လိုက်ရသည်။ သူမက သူ့ထံသို့ ရှုပ်ထွေးသည့် အကြည့်တို့ဖြင့် ကြည့်လျက် လျှောက်လှမ်းလာ၏။
အနက်ရောင်ဝတ်စုံနှင့် သူ့မျက်နှာပေါ်ရှိ အနက်ရောင် မျက်နှာဖုံးတို့ကြောင့် လူတိုင်းသည် မျက်နှာဖုံးပေါ်ရှိ မျက်လုံးပေါက်မှ တစ်ဆင့် တလက်လက် တောက်ပနေသည့် သူ့မျက်လုံးတို့ကိုသာ မြင်ရချေသည်။ သူ့အမူအရာ မည်သို့ဖြစ်နေမည်ကိုမူ မမြင်ရပေ။
ချန်းလန် ထိုနေရာသို့ လျှောက်လှမ်း လာသောအခါ စုမင်နံဘေးရှိ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုဝင်တို့က သူမအား လေးစားစွာဖြင့် နှုတ်ဆက်ကြသည်။
စုမင် သူ့ရှေ့ရှိ ထိုချစ်စဖွယ်ကောင်း၍ လှပသည့်အမျိုးသမီးကို ကြည့်လိုက်သည်။ သူမက အလွန်လှပသည်။ လှပလွန်းရာ လူတို့အနေဖြင့် သူမ၏အသက်အရွယ်ကိုပင် မခန်းမှန်းနိုင်လောက်သည် အထိပင် ဖြစ်သည်။
“အန်တီလေး …”
ဖန်းမုက စုမင်ဘေးမှနေ၍ လေးလေးစားစားဖြင့် လျင်မြန်စွာ နှုတ်ဆက်လိုက်၏။
သို့သော် ချန်းလန်ကို ကြည့်ရသည်မှာ သူ့ကိုကြားပုံမပေါ်ပေ။ သူမက စုမင်ကို ရှုပ်ထွေးသည့် အကြည့်တို့ဖြင့် ကြည့်လျက် စကားပြောချင်နေပုံ ပေါ်သော်လည်း တစ်ချိန်တည်းမှာပင် ထိုသို့လည်း ဟုတ်နေပုံမရပေ။ ထိုထူးဆန်းသည့် အပြုအမူက စုမင်ကို သတိထားမိ သွားစေသည်။
အချိန်အတော်ကြာ ပြီးနောက်မှာတော့ သူမ၏အသံတွင် အားနည်းမှုတို့ ပါဝင်နေဟန်ဖြင့် ချန်းလန်က ခပ်တိုးတိုး မေးလိုက်သည်။
“အစ်ကိုမော့၊ ငါ့ကို မင်းရဲ့နာမည်အရင်း ပြောပြနိုင်မလား”
စုမင်၏ မျက်ခုံးတို့က အလိုမကျစွာ အနည်းငယ် ကျုံ့သွားသော်ငြား မည်သည့်စကားကိုမျှ ပြန်မပြောချေ။
“တစ်နေ့နေ့မှာ မင်းတစ်ခုခုကို သတိရခဲ့မယ်ဆိုရင် ... အေးခဲကောင်းကင်ကလန်မှာ ငါ့ကိုလာရှာနိုင်ပါတယ် …”
ချန်းလန်က ခေါင်းကိုငုံ့လျက် စုမင်ကို ဦးညွှတ်လိုက်သည်။ သူမက စုမင်ကို နောက်တစ်ကြိမ် စူးစိုက် ကြည့်လိုက်သော်ငြား သူမမျက်လုံးတို့တွင်တော့ သနားမှုတို့မှလွဲ၍ မည်သည့် ရှုပ်ထွေးမှုမှ ရှိမနေတော့ချေ။ ထို့နောက် သူမက နောက်သို့လှည့်လျက် ထွက်ခွာ သွားတော့သည်။
“မင်းဘာကို ဆိုလိုတာလဲ”
စုမင်သည် မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။ ဒီအမျိုးသမီး၏ ထူးဆန်းသည့် စကားများက သူ့ကို အနှောင့်အယှက် ပေးနေရုံသာမက အချို့အမည်မဖော်နိုင်သည့် အကြောင်းပြချက်များကြောင့် သူ့နှလုံးသားအတွင်းမှနေ၍ အချည်းနှီးခံစားချက် တစ်ခုက ပေါ်ပေါက်လာခဲ့သည်။
ချန်းလန်က ပြန်လှည့်မလာပဲ ထိုအစား အဝေးသို့ထွက်ခွာ ပျောက်ကွယ် သွားတော့သည်။ သူမက စုမင်၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူမကိုယ်တိုင်သည်လည်း ထိုအကြောင်းကြောင့် ရှုပ်ထွေးနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။
“စီနီယာ မော့၊ သူ ... သူမက ငါ့အဒေါ် ဖန်းချန်းလန်ပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဟန်တောင်တန်းရဲ့ သွယ်ဆက်သံကြိုးတန်းတွေကို စိန်ခေါ်ပြီး အေးခဲကောင်းကင်ကလန်ရဲ့ တပည့်ဖြစ်လာခဲ့တာ”
ဖန်းမုက ခဏတာ တုံ့ဆိုင်းနေပြီး ခပ်တိုးတိုးပြောလိုက်သည်။
စုမင် ခေါင်းညိတ်လိုက်၏။ သူက ချန်းလန် ပျောက်ကွယ်သွားသည့် နေရာသို့ လှမ်းကြည့်လိုက်ပြီး ရှုပ်ထွေးသည့် အမူအရာတစ်ခုက မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။
ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုသည် ကြီးမားလှသည်။ စုမင် သည်တောင်ထိပ်ပေါ်တွင်သာ ရှိနေသေးသော်လည်း မျိုးနွယ်စုက မည်မျှကြီးမားကြောင်း ကိုတော့ သူခံစားနိုင်သေးသည်။ ဖန်းမုအနေဖြင့် မူလကသူ့ကို ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုနှင့် ရင်းနှီးစေခဲ့ လိုသော်ငြား ချန်းလန်၏ အပြုအမူကြောင့် ထူးဆန်းသည့် စိုးရိမ်မှုတစ်ခုက စုမင်နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့၏။ ထို့ကြောင့် မျိုးနွယ်စုက သူ့ကို ပေးထားခဲ့သည့် တည်းခိုရန် နေရာသို့ ပြန်ကာ တိတ်ဆိတ်စွာဖြင့်သာ တစ်ယောက်တည်း နေလိုသွားသည်။
စုမင်က တိတ်တိတ်ဆိတ်ဆိတ် နေထိုင် တတ်ကြောင်းနှင့် တိတ်ဆိတ်ခြင်းကို သဘောကျကြောင်း ဖန်းမု သိသဖြင့် လူတချို့အား အစားအစာနှင့် သစ်သီးများကို လာပို့စေပြီးနောက်တွင် သူလည်း နှုတ်ဆက် စကားပြောပြီး ထွက်ခွာသွားတော့သည်။
အခန်းက သိပ်မကြီးပဲ တောင်ပေါ်တွင် တည်ဆောက်ထားခြင်းကြောင့် စိုစွတ်မှု မရှိပေ။ တစ်ခါတစ်ရံ လေပြင်းများ တိုက်ခတ်ခြင်းကပင် လူကို လန်းဆန်းသွားသည်ဟု ခံစားရစေသည်။ စုမင်သည် ကျောက်တုံးအိပ်ရာပေါ်၌ ထိုင်လျက် အရာအားလုံးကို လျစ်လျူရှူ လိုက်သော်လည်း ချန်းလန်၏ သူ့ကိုသနားစဖွယ် ကြည့်လိုက်သည့် ပုံရိပ်က သူ့စိတ်ကို ပိတ်ပင်တားဆီးလျက်ရှိ၏။ ထိုအကြည့်က သူ့ကိုရှုပ်ထွေးစေပြီး တစ်ချိန်တည်းမှာပင် ပို၍ တုန်လှုပ်လာစေသည်။
သူ၏စိုးရိမ်မှုကို ထိန်းချူပ်၍ မရချေ။ အကြောင်းပြချက် တချို့ကြောင့် ချန်းလန်က သူ့ကို အကုန်မပြောခဲ့ခြင်းဖြစ်မည်ဟု ခံစားနေရသည်။
‘ငါမျှော်စင်ထဲမှာ ရှိနေခဲ့တဲ့ အချိန်တုန်းက ဒီအမျိုးသမီးကလည်း အဲဒီမှာ ရှိနေလိမ့်မယ် ... ငါထွက်သွားပြီးတဲ့နောက်မှာ တစ်စုံတစ်ခုက ဖြစ်ပျက်ခဲ့ပြီးတော့ မျှော်စင်ကလည်း ပြိုကျပျက်စီး သွားခဲ့တယ် ... အဲဒီအမျိုးသမီးကလည်း ဒဏ်ရာရသွားခဲ့တယ် ...’
‘သူမရဲ့အမူအရာကို ကြည့်ရတာ ဟန်ဆောင်နေတဲ့ပုံ မပေါ်ဘူး။ ပြီးတော့ ... သူမရဲ့အဆင့်အတန်းနဲ့ ဆိုရင် ငါ့ရှေ့မှာ ဒီလိုမျိုး ဟန်ဆောင်ဖို့လည်း မလိုအပ်ဘူးလေ’
‘သူမက တကယ်ပဲ ဘာကိုဆိုလိုခဲ့တာလဲ ... တစ်နေ့နေ့မှာ ငါက တစ်စုံတစ်ရာကို သတိရလာခဲ့ရင် အေးခဲကောင်းကင်ကလန်မှာ သူမကို လာရှာနိုင်တယ်ဆိုပဲ ... ငါက ဘာကို သတိရရမှာလဲ’
စုမင် မည်သို့ပင် ကြိုးစား၍စဉ်းစားပါစေ ထိုအချက်ကို နားမလည်နိုင်ချေ။ သူ့မျက်လုံးတို့က တောက်ပနေခဲ့ ပြီးနောက်တော့ စဉ်းစားဆင်ခြင်ရင်း တိတ်ဆိတ်မှုထဲသို့ ကျရောက် သွားတော့သည်။
‘တစ်စုံတစ်ခုကို သတိရပါဆိုတာ ... ပြောင်းပြန် ပြန်တွေးကြည့်မယ်ဆိုရင် ငါတစ်ခုခုကို သတိမေ့နေခဲ့တဲ့ပုံပဲ။ ဒါကြောင့် သူမက တချို့အရာတွေကို သတိရဖို့ ပြောသွားခဲ့တာ။ ဒါပေမဲ့ တကယ်ပဲ ငါက ဘာကိုမေ့နေခဲ့ရတာလဲ’
စုမင် မျက်လုံးကို မှိတ်လိုက်သည်။ ငါ့ရဲ့ခံစားချက်တွေကို ဒီအမျိုးသမီးရဲ့ စကားလုံးတွေကြောင့် သက်ရောက်ခံလိုက်ရတာမျိုး မဖြစ်သင့်ဘူး။ သို့သော် ထိုသနားစဖွယ် အကြည့်နှင့် အဓိပ္ပာယ် မဖော်နိုင်သည့် စကားလုံးတချို့တို့ကြောင့် သူစိုးရိမ်ပူပန် လာသည်မှာ အော်ဟစ်ပစ်ချင်သော်ငြား အသံပျောက်နေသည့် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေလေသည်။
စုမင် မျက်လုံးတို့ကို မှတ်လိုက်ပြီး ဖြစ်ပျက်ခဲ့သည့် အရာတို့ကို သေချာပြန်လည် တွေးတောလိုက်သည်။ သူသေချာမမှတ်မိနိုင်သည့် ငယ်ဘဝ မှတ်ညဏ်များမှစ၍ ယခုအချိန်အထိ မှတ်ညဏ်များ အားလုံးကို ပြန်လည် စဉ်းစားလိုက်ခြင်း ဖြစ်သည်။ အချိန်အတော်ကြာ ပြီးနောက်မှာတော့ သူ့မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။
‘အလိမ်အညာတွေပဲ ဖြစ်မှာပါ’
စုမင် အေးစက်စွာ ရယ်မောလိုက်သည်။ စိုးရိမ်ပူပန် နေသေးသော်ငြား ထိုအရာနှင့် ပတ်သက်၍ မတွေးတောရန် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်ပြီး တည်ငြိမ်သွားစေရန် အလို့ငှါ တရားထိုင်ခြင်း အတွင်းသို့ နစ်မြုပ်သွားတော့၏။
အချိန်တို့က ကုန်ဆုံးသွားပြီး ညအချိန်သို့ပင် ရောက်ရှိလာလေသည်။ ပြင်ပရှိမြူခိုးတို့ကြောင့် ညအချိန်တွင်တော့ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုသည် သက်ဝင်လှုပ်ရှားနေခြင်း မရှိတော့ပဲ ထိုအစား တိတ်ဆိတ်မှုတို့ကသာ ကြီးစိုးနေလေသည်။
ထိုညတွင် စုမင်သည် တရားထိုင်၍ ကျင့်ကြံခြင်း ပြုလုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အရုဏ်တက်ချိန် နီးကပ်လာမှသာလျှင် နှလုံးသားကို တည်ငြိမ် အေးဆေးအောင် ပြုလုပ်လိုက်နိုင်ပြီး ချန်းလန်စကားလုံးတို့ကြောင့် ဖြစ်ပေါ်လာသည့် စူးရိမ်ပူပန်မှုတို့ကို ဖယ်ရှားပစ်နိုင်ခဲ့လေသည်။ သို့သော် မည်သို့ပင် အေးဆေးတည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည် ဆိုသော်ငြား ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာများကတော့ သူ့စိတ်နှလုံးသားထဲတွင် မျိုးစေ့ချမြှုပ်နှံသွားခဲ့ပြီ ဖြစ်သည်။
ဒုတိယနေ့တွင် နေရောင်ခြည် ထွန်းလင်းလာသော်ငြား ထူထပ်သည့် မြူထုကြောင့် ပတ်ဝန်းကျင်နယ်မြေ တစ်ခုလုံးသည် မှောင်မိုက်မှုတို့ဖြင့် ဖုံးလွှမ်းလျက်ရှိနေဆဲ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ငြိမ်အေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ထိပ်၏ တည်ရှိနေပုံကြောင့် အဝေးသို့ ကြည့်ခြင်းမှလွဲ၍ တောင်ထိပ်ပေါ်တွင်တော့ အချင်းချင်း ရှင်းလင်းစွာ မြင်နိုင်ချေသည်။
မိုးလင်းသောအခါ ဖန်းမုက သူနှင့်အတူ သူ့အဖေဆီမှ သတင်းတချို့ကို သယ်လျက် ရောက်ရှိလာ၏။
စုမင်ကို ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ ဧည့်သည်တော် ဖြစ်ခွင့်ပြုလိုက်ပြီး မျိုးနွယ်စု၏ ဧည့်သည်တော်များ အားပေးသော အကျိုးကျေးဇူးများ အားလုံးကို ခံစားခွင့်ရရှိမည် ဖြစ်သည်။ ဟန်တောင်တန်း၏ လျှို့ဝှက်ဥမင်သို့ ဝင်ရောက်မည့် အဖွဲ့နှင့်လည်း ပူးပေါင်းခွင့်ရမည် ဖြစ်သည်။
“စီနီယာမော့၊ မင်းအနေနဲ့ ဟန်တောင်တန်းရဲ့ ဥမင်ထဲကို ဝင်ဖို့မလိုပါဘူး ... ငါကြားထားတာကတော့ အဲဒီနေရာက အရမ်းအန္တရာယ် များပြီးတော့ မျိုးနွယ်စုသုံးခုကနေ လူနည်းစုပဲသွားကြတဲ့ အထဲမှာ အများစုက ဧည့်သည်တွေပဲတဲ့။”
“အဲဒီနေရာမှာ မင်းက ကိုယ့်အတွက်ကို တိုက်ခိုက်ရလိမ့်မယ်။ မျိုးနွယ်စု ၃ ခုက အပေါ်ယံကြည့်ရင် သင့်မြတ်ပုံပေါ်ပေမဲ့ အမှန်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင် တိုက်တိုက်ခိုက် နေကြတာပဲ။ အဲဒါက အထူးသဖြင့်တော့ ဟန်တောင်တန်းရဲ့ လျှို့ဝှက်ဥမင်တွေထဲမှာ ပိုဆိုးတယ် …”
နောက်ထပ် လူစုကို ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေသည့် ဖန်းမုအဖေနှင့် တခြားမျိုးနွယ်စု ခေါင်းေဆာင်များရှိရာ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ထိပ်ဆီသို့ ဖန်းမုက စုမင်ကို ဦးဆောင် ခေါ်သွားလေသည်။
“ထာဝရဖန်တီးမှု နေ့ရက်နီးလာလို့ မြူတွေထူလာတဲ့ အချိန်တိုင်းမှာ ဟန်တောင်တန်းရဲ့ ဥမင်က ပွင့်လာလေ့ ရှိပြီးတော့ လူတွေအများကြီး သေဆုံးကြတယ်။ မင်းလိုအပ်တဲ့ ဆေးပင်တွေကို ငါ့ကိုပြောရင် အဖေ့ကို အကူအညီတောင်းပြီး အဲဒါတွေကို မင်းအတွက် ရှာပေးခိုင်းလို့ ရပါတယ်”
ဖန်းမုက စုမင်ကို တောင်ထိပ်ဆီသို့ ဦးဆောင် ခေါ်သွားရင်းမှပင် တိုးညင်းစွာ မြည်တွန် တောက်တီးလျက်ရှိ၏။ ၎င်းသည် အဖိုးတန်ပြီး သူ၏ကောင်းကျိုးနှင့် ဆက်နွှယ်နေသော်ငြား စိုးရိမ်ပူပန်မှုနှင့် မငြိမ်မသက်မှုတို့က သူ့မျက်နှာပေါ်၌ ဖြစ်ပေါ်နေချေသည်။
နူးညံ့သည့်အကြည့်က စုမင်မျက်လုံးထဲတွင် ဖြစ်ပေါ်လာ၏။ လွန်ခဲ့သည့် လေးနှစ်က သူစတင်သိရှိခဲ့ရသော လူငယ်လေးသည်ပင် ယခုသူ့အတွက် စိုးရိမ်ပေးတတ်နေပြီ ဖြစ်သည်။
“ဒါကအဆင်ပြေပါတယ်။ ငါအထဲကို ဝင်တဲ့အခါ သတိထားပါ့မယ်”
စုမင်အသံက ဆက်လက်၍ တစ်သီးတစ်သန့်ဟန် မဆန်တော့ချေ။ သူငယ်ရွယ်ခဲ့စဉ် အကြီးအကဲက သူ့ခေါင်းကို ပုတ်ပေးခဲ့သလိုမျိုး လက်ကို မြှောက်လျက် ဖန်းမုခေါင်းကို ပုတ်ပေးလိုက်သည်။
စုမင်၏ အပြုအမူကြောင့် ဖန်းမုမှင်တက် သွားမိသည်။ ဒီနှစ်တွေအတွင်းမှာ စုမင်၏ သီးသန့်ဆန်သည့် အပြုအမူနှင့် ပေါင်းသင်းရခက်သည့် ပုံစံကိုသာ သူရှင်းလင်းစွာ မှတ်မိနေခဲ့ခြင်း ဖြစ်သည်။ စုမင်၏ ပြန်ပြောမှုကို ကြားလိုက်ရသောအခါ ဘာဖြစ်သွားခဲ့သည်ကို လျင်မြန်စွာ သတိပြုမိသွားပြီး သက်ပြင်းချလိုက်မိသည်။
“မင်းက ဆုံးဖြတ်ပြီးသား ဆိုရင်တော့ မင်းကိုငါ ထပ်ပြီး ဖျောင်းဖျမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စီနီယာ မင်း မျိုးနွယ် ၂ ခုရဲ့ ဧည့်သည်တော်တွေကိုတော့ သတိထားမှရမယ်။ ဟန်တောင်တန်းရဲ့ ဥမင်ထဲကိုဝင်တဲ့ ဘယ်သူကမှ အားနည်းမှာမဟုတ်ဘူး”
ဖန်းမုက စကားပြောနေရင်းပင် ရင်ဘတ်တွင်းမှ ဝါးစာရွက်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး စုမင်ကိုပေးသည်။
“စီနီယာ၊ မင်းက ငါ့ဒဏ်ရာတွေကို နှစ်ပေါင်းများစွာ ကုသပေးခဲ့တယ်။ ငါကတော့ မင်းအတွက် ဆေးဖက်ဝင် ပစ္စည်းတွေ ရှာပေးတာကလွဲလို့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ဒီဝါးစာရွက်တွေထဲမှာ အရောင်စုံရေကန်နဲ့ ပုချန့်မျိုးနွယ်တွေက ဧည့်သည်တော်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် တချို့ရှိတယ်။ ဒါက မင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားများကို စုမင်ကြားသောအခါ ဝါးစာရွက်များကိုယူပြီး ဖွင့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအရာများပေါ်တွင် ရေးသားထားသော စာများကို တွေ့လိုက်ရသည်။ တချို့တွင်တော့ ပုံတူများပါ ရှိနေလေသည်။
၎င်းတို့သည် လွန်ခဲ့သည့် လအနည်းငယ်က ထွင်းထုထားသကဲ့သို့ သစ်သားချပ် အချို့ပင် ဝါးစာရွက်များပေါ်တွင် ရှိနေသေးသည်။
“ပြီးတော့ ဟန်တောင်တန်းရဲ့ ဥမင်ထဲကို ဝင်ရောက်မဲ့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်အကြီးအကဲတွေ အကုန်လုံး မာန်စွမ်းအားရှင် သွေးကြောမျှင် အတုတွေကို ရွေးချယ်လို့ရတယ်။ ငါ့အဖေ မင်းကို ပြောခိုင်းလိုက်တာက မင်း သွေးကြောမျှင်ကို ရွေးချယ်တော့မယ် ဆိုရင် နှင်တံကိုရွေးချယ်ဖို့ သတိရပါတဲ့”
မကြာခင်မှာပင် ဖန်းမုက စုမင်ကို ခေါ်ဆောင်လျက် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ထိပ်သို့ ရောက်ရှိသွားတော့သည်။
ထိုနေရာရှိ မြေပြင်သည် ပြန့်ပြူးလျက် ရှိသည်မှာ ထိပ်ပိုင်းသည် ပိုင်းဖြတ်ခံထား ရသကဲ့သို့ပင် ဖြစ်သည်။ ဒီနေရာရှိမြူထုသာ ပိုမိုထူထပ်သော်ငြား နေရာအလယ်၌ ထိုင်နေသည့် ပုံရိပ် ၉ ခုကိုတော့ ရှင်းလင်းစွာ မြင်နိုင်ပေသည်။
သူတို့ထဲမှရဦးသည် အလယ်ရှိလူ ၂ ဦးကို ဝန်းရံလျက် ထိုင်နေကြသည်။ ထိုသူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူတို့ထံမှလာသည့် ချီ၏ တည်ရှိမှုကိုတော့ ကောင်းကောင်းကြီး ခံစားနိုင်ပေသည်။
စုမင်ကို ထိုနေရာသို့ ပို့ပြီးသည်နှင့် တစ်ပြိုင်နက် ဖန်းမုသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အဝေး၌ ရပ်နေလေသည်။ သူသည် မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သော်လည်း မျိုးနွယ်စုအတွင်း အဆင့်အတန်းနှင့် ပတ်သက်၍ တင်းကျပ်သည်နှင့်အမျှ ယခုလို အခြေအနေ မျိုးတွင်တော့ သူပင်အနားကပ်၍ မရချေ။
စုမင် ထိုလူကိုးဦးဆီသို့ သွားနေရင်း လေ့လာလိုက်သည်။ နီးကပ်လာသည်နှင့်အမျှ လေးနက်သည့် အကြည့်တို့က သူ့မျက်လုံးတွင် ဖြစ်ပေါ်လာ၏။ ဒီနေရာရှိ လူကိုးဦးစလုံးသည် စွမ်းအားကြီးမာန် စွမ်းအားရှင်များ ဖြစ်သည်။
အထူးသဖြင့်တော့ လူရယောက် ထိုင်နေသည့် စက်ဝိုင်းပုံ၏ အလယ်ညာဘက်၌ ထိုင်နေသည့် အဘိုးအိုပင်ဖြစ်သည်။ အဘိုးအိုသည် အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြီး ဆံပင်တို့က ဖြူဖွေးလျက်ရှိသည်။ ထိုနေရာ၌ထိုင်လျက် မျက်လုံးပိတ်ထားသော်ငြား နဂါး (သို့မဟုတ်) ကျားတစ်ကောင်ကဲ့သို့ သူ၏စွမ်းအားကြီးမားသည့် တည်ရှိမှုက စုမင်နှလုံးခုန်နှုန်းကို မြန်ဆန်လာစေသည်။
အဘိုးအို၏ ဘယ်ဘက်တွင် ထိုင်နေသူကတော့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။ သံတောင်လေးတစ်ခုသဖွယ် ထိုလူကစုမင်ကို ကြည့်နေသည့် မျက်လုံးတို့မှာ တောက်ပနေပြီး အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်လျက်ရှိ၏။
အဘိုးအို၏ ညာဘက်ရှိလူကတော့ အရပ်ပုပုနှင့် သန်မာသည့် ပုံစံရှိသူ တစ်ဦး ဖြစ်သည်။ ထိုသူက ထိုင်နေသော်လည်း ဖန်းရှန်ထက်တော့ အနည်းငယ်ပုနေဆဲပင် ဖြစ်သည်။ သို့သော်လည်း သူ့ဆီမှတည်ရှိမှု ဖိအားကတော့ ရွှမ်းလွမ်ထက်အား မနည်းချေ။ သူသည်လည်း ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်မှာ သေချာပေသည်။
စုမင်က အကြည့်တို့ကို အုပ်စုတစ်ခုလုံးအား ဖြန့်ကြည့်လိုက်သည်။ ထိုင်နေသည့် လူစုအတွင်းတွင်တော့ အဘိုးအိုနှင့်အရပ်ပုပု လူအပြင် ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိနေသူ နောက်တစ်ဦးရှိလေသည်။ ထိုလူသည်လည်း အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူက အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စုမင်ကိုကြောခိုင်းထိုင် နေလေ၏။
‘ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက အံ့သြစရာပဲ။ ငါပြောနိုင်တာကတော့ ဒီနေရာမှာတောင် ရုပ်နယ်လွန်အဆင့် ၃ ယောက် ရှိနေတယ်။ အပြာရောင်ဝတ်ရုံရှည်နဲ့ အဘိုးအိုဆိုရင် ရွှမ်းလွမ်ထက်တောင် ပိုစွမ်းအားမြင့်မယ့်ပုံပဲ။ တခြားလူတွေဆီက ချီတွေကလည်း အားပြင်းကြတယ်။ ကြည့်ရတာ အကုန်လုံးက သွေးကြော ၈၀၀ နဲ့ အထက်ရှိကြတဲ့ပုံပဲ’
‘ ပြီးတော့ ... ဒါက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ခွန်အားအကုန် ဟုတ်ဟန်မတူဘူး ... အလယ်မှာရှိတဲ့ လူနှစ်ယောက်က ငါနဲ့အတူ ဟန်တောင်တန်းဥမင်ထဲကို ဝင်မယ့် ဧည့်သည်တော်တွေများလား’
မျက်တောင်တစ်ခတ်စာ အချိန်မှာတော့ စုမင်က ထိုအနားကို နီးကပ် သွားခဲ့ပြီးနောက် ရပ်လိုက်သည်။
“မင်းက မော့စုလား”
ရှေ့မှနေ၍ အေးစက်သည့် အသံတစ်ခုက ဖြည်းညင်းစွာထွက်ပေါ်လာ၏။
စကားပြောလိုက်သူက ရုပ်နယ်လွန်အဆင့် အရပ်ပုပုလူဘေးတွင် ထိုင်နေသည့် အနီရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသူ ဖြစ်သည်။ သူတို့ကြားထဲတွင် မြူထုတို့ ကာဆီး နေသော်ငြား စုမင်ထံသို့ ရောက်လာသော အေးစက်သည့် အဖက်မတန်မှုတို့ ပါဝင်သည့် သူ့အသံကိုတော့ ကြားနေရဆဲပင် ဖြစ်သည်။
“ဟုတ်တယ်” စုမင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါဆို ... မင်းက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုကို တစ်ဝက်တစ်ပျက်ကနေ အဖွဲ့ဝင်ဖြစ်ချင်လို့ ဆက်သွယ်ခဲ့တဲ့သူပေါ့ ... ပြီးတော့ ဟန်တောင်တန်းဥမင်ထဲကို ဝင်ဖို့ ရယ်စရာကောင်းတဲ့ တောင်းဆိုချက် လုပ်ခဲ့တဲ့ သူပေါ့လေ။ မျိုးနွယ်စု ခေါင်းဆောင်က ဒါကို လက်ခံခဲ့တယ် ဆိုရင်တောင်မှ အခုလိုရုတ်တရက် ရောက်လာတဲ့ လူတစ်ယောက်က ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေတော့ ရှိနေမှာပဲ။ ပြီးတော့ သူက မျက်နှာဖုံးတောင် တပ်ထား လိုက်သေးတယ်။ ဘယ်လိုတောင် ဟာသတစ်ခုလဲ။ သူ့ရဲ့စွမ်းအားကို သက်သေမပြနိုင်ဘူး ဆိုရင်တော့ ငါက ဒါကိုလက်ခံမှာ မဟုတ်ဘူး”
လူလတ်ပိုင်းကြီးက အေးစက်စက် ရယ်မောရင်း တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်ပြီး ထိုအစားသူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မျိုးနွယ်စု ခေါင်းဆောင်ထံသို့ လှမ်းကြည့်လိုက်သည်။
***