စစ်ပွဲ စတင်ပြီ
Vol. 115 Ch. 1720
ယဲ့ဖန် ထီမထင်သော အပြုံးမျိုး ပြုံးလိုက်ပြီးနောက် လက်ထဲမှ နတ်ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဓားစွမ်းအင်က ပတ်ဝန်းကျင်သို့ ရုတ်ချည်းဆိုသလို ပျံ့လွင့်လာလေသည်။
ပြင်းထန်သော လေပြင်းက ယန်ထျန်းရှင်းအား လွှမ်းခြုံလာ၏။
*မကောင်းတော့ဘူး*
ယန်ထျန်းရှင်း ရုတ်တရက် မျက်နှာပျက်သွားပြီး မျက်လုံးတွင် ကြောက်စိတ်များ ထင်ဟပ်လာသည်။ သူ ပြန်တုံ့ပြန်ရန် ပြင်သော်လည်း နောက်ကျသွားချေပြီ။ မရဏ အငွေ့အသက်က သူ့အား ဝါးမျိုလာ၏။
ယန်ထျန်းရှင်း နောက်လှည့်၍ ယဲ့ဖန်၏ ဓားကို ပြန်လည် ခုခံလေသည်။ သို့သော် အချည်းနှီးပင်။
နတ်ဓား၏ ဓားသွားကို တားဆီးမရနိုင်ဘဲ ၎င်းက ဖရဲသီးကို ခုတ်သကဲ့သို့ ယန်ထျန်းရှင်း၏ လက်သီးကို တတိတိ ခုတ်ပိုင်းသွားပြီး သွေးမိုးများ ရွာသွန်းလာလေသည်။
သူ၏ ကိုယ်ပွားခန္ဓာကိုယ်က ယင်းကို လုံးဝ မတောင့်ခံနိုင်ချေ။
“အား ... မင်း ...”
ယန်ထျန်းရှင်း ရုတ်တရက် ထအော်လာပြီး ဝေဒနာက အဆက်မပြတ် ပျံ့နှံ့နေသောကြောင့် သူ့မျက်နှာတွင် ဒေါသနှင့် ကြောက်ရွံ့စိတ်တို့ ပေါ်လွင်လာ၏။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ ယန်ထျန်းရှင်း၏ လက်ကို ခုတ်ဖြတ်ပြီးသည်နှင့် နတ်ဓားက ယန်ထျန်းရှင်းထံ ဆက်လက် ဦးတည်လာနေပြီး သူ့ခါးအား အရှိန်ဖြင့် ခုတ်ပိုင်းလာလေသည်။
ယန်ထျန်းရှင်း၏ ကိုယ်ပွားခန္ဓာကိုယ်မှ ခါးမှ နှစ်ပိုင်းပြတ်သွားလေသည်။ သူ မှင်တက်အံ့အားသင့်သွားသည်။
ယန်ထျန်းရှင်း၏ မျက်နှာတွင် အံ့ဩစိတ်နှင့် မယုံနိုင်ဟန်တို့ ပြည့်နေကာ သူ့ခန္ဓာကိုယ်အောက်ပိုင်း တဖြည်းဖြည်း ကွယ်ပျောက်သွားသည်ကို ကြည့်နေမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။
ယန်ထျန်းရှင်း၏ မျက်လုံးတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေလေသည်။ သူက ဘာမဟုတ်သော အင်မော်တယ် ဧကရာဇ်အဆင့် ကိုယ်ပွားလေးကို ရှုံးသွားသည်တဲ့လား။
ဤအဖြစ်မှန်က သူ့အတွက် ရက်စက်လှပေသည်။
“ဂလု”
မုတ်ဆိတ်မွေးနှင့်လူ တံတွေးကို မနည်းမျိုချလိုက်မိပြီး အံ့ဩနေသည်။
လက်ရှိတွင် သူ မြေကြီးပေါ် ပစ်လဲကျပြီး ပေါင်ခြံက စိုစွတ်နေသည်ကိုပင် သူ့ကိုယ်သူ သတိမထားမိချေ။ သူ ကြောက်လွန်း၍ ကျင်ငယ်ရေပင် ထွက်ကျမိသည်။
“ခွေးမသား မင်း ဒီနေ့ ငါ့ကို အရှက်ခွဲခဲ့တာထက် အဆတစ်ရာ ပြန်ပေးဆပ်ရအောင် လုပ်မယ်ကွ”
ယန်ထျန်းရှင်း ရူးမတတ် ဟစ်ကြွေးလိုက်ပြီး မျက်လုံးများ ပြူးကျယ်နေသည်။
ယနေ့ အရှက်ရမှုကို သူ စိတ်ထဲ၌ စွဲနေအောင် မှတ်ထားပေမည်။ သူ ယဲ့ဖန်ကို မသတ်နိုင်ပါက သူ့ကိုယ်သူ လူဟုပင် မသတ်မှတ်ချင်တော့ပါ။
“ကျုပ် ခင်ဗျားကို စောင့်နေတယ်”
ယဲ့ဖန်က အေးစက်စက် လေသံဖြင့် ပြောလိုက်ပြီးနောက် နတ်ဓားကိုမြှောက်၍ ယန်ထျန်းရှင်းကို ခုတ်ဖြတ်လိုက်သည်။
ယန်ထျန်းရှင်း၏ ကိုယ်ပွားက လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ယဲ့ဖန်က မုတ်ဆိတ်မွေးနှင့်လူအနားသို့ လျှောက်သွားပြီး သူ့အား အေးတိအေးစက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“သခင်ကြီး ကျုပ်ကို မသတ်ပါနဲ့၊ ကျုပ်က ဒီလိုလုပ်ဖို့ ဖိအားပေးခံရတာပါ၊ ဟိုမျိုးမစစ်ကောင် ယန်စုန့်ချင်က ကျုပ်ကို လုပ်ခိုင်းတာပါ၊ ကျုပ်က အခြားသူတွေရဲ့ ပိုက်ဆံကို ယူပြီး သူတို့ရဲ့ အန္တရာယ်တွေကို ရှင်းပေးရတာပါ”
မုတ်ဆိတ်မွေးနှင့်လူက သူ့ကိုယ်သူ အတင်းအကျပ် ကာကွယ်ပြောဆိုနေပြီး မျက်နှာ နီရဲနေသည်။
“ဖြောင်း”
ယဲ့ဖန်၏ လက်ဝါးချက်အောက်၌ မုတ်ဆိတ်မွေးနှင့်လူသည် ဖိအားတစ်ခု၏ ဖိချေခြင်း ခံလိုက်ရကာ လူ့အသားပြား အဖြစ် ပြောင်းလဲသွားလေသည်။ အလောင်းပင် အကောင်းပကတိ မကျန်ခဲ့တော့ပေ။
ထို့နောက် ယဲ့ဖန်က မဟာနတ္ထိ ရှေးဧကရာဇ်ကို ကြည့်၍ ပြောလိုက်သည်။
“အိုးရန်မျိုးနွယ်ကို လိုက်လာခဲ့”
ထို့နောက် သူသည် နေရာမှ ပျောက်ကွယ်သွားလေသည်။
မဟာနတ္ထိ ရှေးဧကရာဇ်က စွေ့ဟွာကို ခပ်သွက်သွက် ထူလိုက်သည်။
“မင်း အဆင်ပြေရဲ့လား”
စွေ့ဟွာ အသိပြန်မဝင်သေးဘဲ မဟာနတ္ထိ ရှေးဧကရာဇ်အား တအံ့တဩ ကြည့်လေသည်။
“သခင်လေး သူက တကယ်ပဲ သခင်လေးရဲ့ ဆရာလား၊ သူ ... သူက ဘယ်လိုလုပ် အဲ့လောက် သန်မာနေရတာလဲ၊ သူက ဘယ်သူလဲ”
“သူကလား”
ယဲ့ဖန်အကြောင်း ပြောလိုက်သည်နှင့် မဟာနတ္ထိ ရှေးဧကရာဇ်တွင် လေးစားစိတ်တို့ ပေါ်လာသည်။
“သူက နတ်ဘုရားတွေရဲ့ နတ်ဘုရား၊ ဘုရင်တို့ရဲ့ဘုရင်၊ သူ ထိပ်တန်း အုပ်ချုပ်သူပဲ၊ သူက ... စကြဝဋ္ဌာရဲ့ နတ်ဆိုး ဧကရာဇ်”
“စကြဝဋ္ဌာရဲ့ နတ်ဆိုးဧကရာဇ်”
စွေ့ဟွာ၏ မျက်လုံးတွင် ကြောက်ရွံ့ဟန် ပေါ်လာသည်။
*အဲ့လူက နတ်ဆိုးဧကရာဇ်လား*
“စွေ့ဟွာ တကယ်တော့ ငါက ယန်ကျင့် မဟုတ်ဘူး၊ ငါ့ခန္ဓာကိုယ်အစစ်က မဟာနတ္ထိ ရှေးဧကရာဇ် ဟုန်ဟွမ်ပဲ၊ ငါက ရှေးကျတဲ့ မဟာနတ္ထိခေတ်မှာ မွေးခဲ့တာ၊ ဒါပေမဲ့ ငါက ယန်ကျင့်ရဲ့ ခန္ဓာကိုယ်မှာ ပြန်မွေးဖွားလာခဲ့တာ၊ မကြာသေးခင်ကမှ ငါ့မှတ်ဉာဏ်တွေအားလုံး ပြန်ရလာတာပဲ”
မဟာနတ္ထိ ရှေးဧကရာဇ်က စွေ့ဟွာကို အမှန်အတိုင်း ပြောပြလိုက်ပြီး အလေးအနက် မေးလိုက်သည်။
“ဒီလိုဆိုရင် မင်း ငါ့နောက် ဆက်လိုက်ချင်သေးလား”
*စကြဝဋ္ဌာရဲ့ နတ်ဆိုးဧကရာဇ်*
*မဟာနတ္ထိ ရှေးဧကရာဇ်*
စွေ့ဟွာ နားဝေတိမ်တောင် ဖြစ်နေသည်။ သူမက မဟာနတ္ထိ ရှေးဧကရာဇ်အား ထိုင်းမှိုင်းနေသော မျက်နှာနှင့် ကြည့်နေပြီး စိတ်ထဲ၌ ဗလာဖြစ်သလို ခံစားနေရသည်။
မိမိနှင့် ဆယ်နှစ်ကျော် တစ်ချိန်လုံး အတူတူ ရှိနေသောသူက ရုတ်တရက် သူက လွန်ခဲ့သော နှစ်ထောင်ချီက လူပါဟု ပြောလျင် မည်သူမဆို ထိတ်လန့်ပြီး လက်မခံနိုင် ဖြစ်မည်က သဘာဝကျလှပေသည်။
ယဲ့ဖန်၏ အပြုအမူများကိုသာ သူမ မမြင်ခဲ့မိပါက မဟာနတ္ထိ ရှေးဧကရာဇ် စိတ်များ လွတ်သွားလေသလားဟု တွေးမိလောက်သည်။
စွေ့ဟွာ ဤသို့ ဖြစ်နေသည်ကိုမြင်ပြီး မဟာနတ္ထိ ရှေးဧကရာဇ်သည် သူမ မလိုလားဟု တွေးမိသွားသဖြင့် ပြုံးကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့၊ ငါ့ဆရာကို ငါ သွားရှာတော့မယ်”
“မှတ်ထားပါ၊ ယန်မိသားစုဆီ ပြန်မသွားနဲ့၊ မြေရိုင်းနယ်မြေက ထွက်သွားပြီး အပြင်လောကကို သွားပါ၊ ဒါမှ သူတို့ မင်းကို လုံးဝ ရှာမတွေ့နိုင်မှာ”
ထိုသို့ပြောပြီးသည်နှင့် မဟာနတ္ထိ ရှေးဧကရာဇ်က နောက်လှည့်ကာ ထွက်သွားရန် ပြင်လေသည်။ ထိုစဉ် စွေ့ဟွာက သူ့လက်ကို လှမ်းဆွဲ၍ အသည်းအသန် ပြောလိုက်သည်။
“သခင်လေးက မစွန့်ပယ်သရွေ့ ကျွန်မ သခင်လေးနဲ့အတူ ထာဝရ နေသွားမှာပါ”
...
ထိုအခိုက်တွင် ယဲ့ဖန်က အိုးရန်မျိုးနွယ်သို့ ပြန်ရောက်လာသည်။ သို့သော် ကျုံးဝမ်က အိုးရန်ကျန်းက တစ်ယောက်ယောက်ဖြင့် ခဏခဏ လာခိုင်းသည်ဟု ပြောလာ၏။
မိသားစုတွင်း၌ အရေးကြီးသော တစ်စုံတစ်ရာ ဖြစ်နေပုံရသည်။ ထို့ကြောင့် ယဲ့ဖန် အလျင်အမြန် သွားလိုက်သည်။
ယဲ့ဖန် ဧည့်ခန်းမသို့ အလျင်အမြန် သွားလိုက်ပြီးနောက် အိုးရန်ကျန်းနှင့် အခြားသူများ ဧည့်ခန်းမ၌ စုဝေးနေသည်ကို တွေ့လိုက်ရသည်။ အားလုံးက မျက်နှာ တည်နေကြသည်။
“ဘာဖြစ်တာလဲ”
ယဲ့ဖန် မေးလိုက်သည်။ အိုးရန်ကျန်းက ယဲ့ဖန် ဝင်လာသည်ကိုမြင်ပြီး ပြောပြလေသည်။
“ကောင်းကင်ဘုံကလူ ရောက်လာတယ်၊ သူက နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းပြီး တိုက်စစ်ဆင်တယ်၊ သူက ငါတို့ အိုးရန်မျိုးနွယ် တော်တော်များများကို သတ်ပစ်တာ၊ အခု ငါတို့ဘက်က အတော်လေး ဆုံးရှုံးနေရပြီ”
“ကွမ်လင်လမ်းမှာလည်း လူငါးရာကျော် သေပြီး ဒဏ်ရာနေတယ်၊ ယောက်ျားတွေနဲ့ သက်ကြီးရွယ်အိုတွေ အားလုံး ခေါင်းဖြတ် အသတ်ခံရတယ်၊ ကလေးတွေကို အစေခံအဖြစ် ဖမ်းသွားပြီး အမျိုးသမီးတွေကို အဓမ္မ ကျင့်ပြီး သတ်ဖြတ်ခဲ့တယ်”
“ဖုန်းမင်ဖိုက အိုးရန်မျိုးနွယ် လက်အောက်က မိသားစု သုံးခုလုံး ရှင်းလင်းခံလိုက်ရတယ်၊ သွေးချောင်းစီးပြီး အော်ဟစ်သံတွေက သန်းခေါင်ယံအထိ ထွက်ပေါ်နေခဲ့တယ်၊ လူသုံးရာကျော်ရဲ့ ဦးခေါင်းတွေကို မြို့တံတိုင်းမှာ ချိတ်ဆွဲထားတယ်၊ ဒါ အိုးရန်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို နင်းချေတာပဲ”
“ဖုန်းယွဲ့စံအိမ်မှာ နတ်ဘုရားမျိုးနွယ်က ထူးဆန်းတဲ့ သားရဲတွေ စေလွှတ်ခဲလို့ လူထောင်ချီပြီး အရှင်လတ်လတ် သတ်ဖြတ်ခံခဲ့ရတယ်၊ အဲ့လူတွေထဲက ကိုးဆယ်ရာခိုင်နှုန်းက အပြစ်မရှိတဲ့ သာမန်မြို့သူမြို့သားတွေပဲ”
“ပြီးတော့ အိုးရန်မျိုးနွယ်နဲ့ စီးပွားရေး အတူလုပ်တဲ့ အပြစ်မရှိတဲ့ သာမန်စီးပွားရေးသမားတွေအားလုံး အသတ်ခံလိုက်ရတယ်၊ အရေအတွက်က ရာချီတယ်”
ထိုအခိုက်တွင် အိုးရန်ကျန်းနှင့် အခြားသူများအားလုံး အလွန်အမင်း မျက်နှာ ပျက်ယွင်းနေကြသည်။
နတ်ဘုရားမျိုးနွယ်က စတင်လှုပ်ရှားနေပုံရပြီး အိုးရန်မျိုးနွယ်နှင့် ပတ်သက်သည့်လူအားလုံး သူတို့လက်မှ မလွတ်နိုင်ကြချေ။
သူတို့က ရန်စကာ အရှက်ခွဲ၍ နင်းချေနေကြသည်။ အိုးရန်မျိုးနွယ် ဘာဖြစ်သွားမလဲဆိုသည်ကို တစ်လောကလုံး သိအောင် သူတို့ လုပ်ချင်နေ၏။
“မိသားစုခေါင်းဆောင်လေး၊ ကျွန်မအတွက် လက်စားချေပေးပါ”
ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသမီးက ယဲ့ဖန်ရှေ့ ဒူးထောက်ကာ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းနေသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ”
“မိသားစုခေါင်းဆောင်လေးကို ပြန်ဖြေပါတယ်၊ သူက အိုးရန်မျိုးနွယ်ဝင်တစ်ယောက်ပါ၊ မနေ့ကတင် သူကလွဲပြီး သူ့တစ်မိသားစုလုံး ရှေ့တန်းမှာ သေသွားလို့ပါ”
အိုးရန်ဟွာက ပျက်ယွင်းနေသော မျက်နှာနှင့် ပြန်ဖြေလာသည်။
“သူ့သားကို နတ်ဘုရားမျိုးနွယ်တွေက သားရဲစာအဖြစ် ကျွေးလိုက်ပါတယ်၊ သူ့ယောက်ျားကိုတော့ ဆယ်မိုင်အထိ တရွတ်တိုက်ဆွဲပြီး အသတ်ခံလိုက်ရပါတယ်”
“ပြီးတော့ သူ့ချွေးမက နတ်ဘုရားမျိုးနွယ်ရဲ့ အကြိမ်ရာချီတဲ့ စော်ကားတာကို ခံရပြီး မသေမချင်း နှိပ်စက်ခံခဲ့ ရပါတယ်”
ထိုအခိုက်တွင် ယဲ့ဖန် အံကြိတ်မိလာပြီး မျက်လုံးတွင် ဒေါသမီးများ တောက်လောင်လာ၏။ မျက်လုံးများ နီစွေးနေကာ ကြောက်စရာ ကောင်းလှသည်။ မသိလျင် ဆာလောင်နေသော သားရဲတစ်ကောင်နှင့် တူနေကာ ရက်စက် ကြမ်းကြုတ်ပေသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ယဲ့ဖန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လက်ချောင်းများက တဖျောက်ဖျောက် မြည်နေကာ မျက်နှာ အမူအရာက အလွန် သုန်မှုန်နေ၏။
ထိုစဉ် သတ်လတ်ပိုင်းအရွယ် အခြား အမျိုးသားတစ်ယောက်က ဒုန်းခနဲ ဒူးထောက်ကာ မျက်ရည်များဖြင့် ငိုယို ပြောဆိုလေသည်။
“မိသားစုခေါင်းဆောင်လေး ကျွန်တော့်ကို ကူညီပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ”
သူက ပြောပြီးသည်နှင့် နဖူးနှင့် ကြမ်းပြင်ကို ဆောင့်လေသည်။ သူ ခေါင်းမော့လာချိန်တွင် နဖူးတွင် သွေးများ စို့နေ၏။ သို့သော် သူ့မျက်လုံးတွင် မုန်းတီးစိတ်တို့ ပြင်းထန်စွာ ထင်ဟပ်နေသည်။
“ကျုပ် ဘာကူညီပေးရမလဲ”
ယဲ့ဖန်သည် လက်ရှိတွင် မုန်ယိုနေသော သားရဲတစ်ကောင်သဖွယ် ဖြစ်နေ၏။
“နတ်ဘုရားမျိုးနွယ်က ခွေးမသားတွေကို သတ်ပေးပါ”
သတ်လတ်ပိုင်းအရွယ် အမျိုးသားက လိုရင်းကို တန်းပြောကာ မျက်နှာတွင် မုန်းတီးနာကျည်းစိတ်တို့ ပေါ်နေသည်။
အိုးရန်ဟွာက သက်ပြင်းချ၍ ပြောပြသည်။
“သူက သာမန် စီးပွားရေးသမား တစ်ယောက်ပါ၊ ငါတို့ အိုးရန်မျိုးနွယ်နဲ့ စီးပွားရေး အတူလုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့တစ်မိသားစုလုံးကို နတ်ဘုရားမျိုးနွယ်က သတ်သွားတယ်”
“သူ့မျက်စိရှေ့မှာတင် သူ့မိန်းမကို မတရားကျင့်ပြီး သူ့ကလေး သုံးယောက်ကို သားရဲစာ ကျွေးဖြစ်တယ်၊ သူ့ကို လုံးဝ မျက်လုံး ပိတ်ခွင့်မပေးဘူး၊ သူ့မိသားစု နှိပ်စက်ခံနေရတာကို မရရအောင် ကြည့်ခိုင်းခဲ့တာ”
“ပြီးတော့ သူတို့က ဒီစီးပွားရေးသမားကို မသတ်ဘဲ ထားခဲ့တယ်လေ၊ သူ့လက်ကျန် တစ်ဘဝလုံး နာကျင်ပြီး မုန်းတီးစိတ်နဲ့ အသက်ရှင်ရအောင် လုပ်ခဲ့တာ၊ ဘဝက သေတာထက် ပိုဆိုးတာပေါ့”
လုံးဝကို လူမဆန်သော လုပ်ရပ်ပင်။
အခြားသော ဒုက္ခရောက်သူများလည်း ပြေးလာပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ ပြိုင်တူ အော်ဟစ်လေသည်။
“မိသားစုခေါင်းဆောင်ငယ်လေး ကျွန်တော်တို့အတွက် လက်စားချေပေးဖို့ တောင်းဆိုပါတယ်”
“မိသားစုခေါင်းဆောင်ငယ်လေး ကျွန်တော်တို့အတွက် လက်စားချေပေးဖို့ တောင်းဆိုပါတယ်”
“မိသားစုခေါင်းဆောင်ငယ်လေး ကျွန်တော်တို့အတွက် လက်စားချေပေးဖို့ တောင်းဆိုပါတယ်”
အသံများက ကျယ်သထက် ကျယ်လာပြီး အမုန်းတရားက ပိုပို၍ ပြင်းထန်လာ၏။
သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများအားလုံး နတ်ဘုရားမျိုးနွယ်ထံ၌ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။
“ကွမ်လင်လမ်းကို သွားမယ်”
ယဲ့ဖန်က ဝုန်းခနဲ ထရပ်လိုက်ပြီး မျက်လုံးများက လူသတ်လိုစိတ်တို့ဖြင့် တောက်နေ၏။
“နတ်ဘုရားမျိုးနွယ်ကို တစ်ယောက်မှ အရှင်မထားဘူး”
ထိုစကားကိုကြားသော် အိုးရန်မျိုးနွယ်ဝင်များ ထိတ်လန့်ကုန်သည်။
*ယဲ့ဖန်က ကိုယ်တိုင် ထွက်မလို့ စိတ်ကူးနေတာလား*
ထိုအခါ အိုးရန်ဟွာက ယဲ့ဖန်ရှေ့၌ ကပျာကယာ ဒူးထောက်လာသည်။
“မိသားစုခေါင်းဆောင်လေး ဒါ လုံးဝ မဖြစ်ပါဘူး၊ အခု ကွမ်လင်လမ်းက လုံးဝ ကျရှုံးသွားပါပြီ၊ မင်း အခု သွားရင် အရမ်း အန္တရာယ်များပါတယ်”
“အန္တရာယ်များတယ် ဟုတ်လား၊ မဟုတ်ဘူး သူတို့ကမှ အန္တရာယ်ထဲ ရောက်နေတာ”
ယဲ့ဖန်က ခနဲ့တဲ့တဲ့ ပြောလိုက်ပြီး လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
“ငါနဲ့အတူ ဘယ်သူ ကွမ်လင်လမ်းကို လိုက်ချင်လဲ”
မာန်ပါ၍ သွေးကြီးလွန်းလှသည်။ လူတိုင်း စိတ်လှုပ်ရှားမှုကြောင့် သွေးပွက်ပွက် ဆူလာ၏။
အခြားမျိုးနွယ်မှ လူများပင် အံ့ဩလာကြသည်။
*အိုးရန်မျိုးနွယ်ရဲ့ သခင်လေးက ရဲတင်းလွန်းတယ် မဟုတ်လား*
*လုပ်ရဲတယ်*
*တစ်ချက်ကလေးမှ မတွေဝေဘဲ တိုက်ခိုက်ရဲတယ်*
ယဲ့ဖန်က အဘယ်ကြောင့် မြေရိုင်းနယ်မြေ၌ နာမည်ကျော်နေသလဲ ဆိုသည်ကို သူတို့ နားလည်သွားလေသည်။ ဤလူက အလွန် လွှမ်းမိုးခြယ်လှယ်နိုင်ပြီး ကြောက်စရာကောင်းလှပါတကား။
“အစ်ကိုကြီး ဒါက”
အိုးရန်ဟွာက အိုးရန်ကျန်းကို အကူအညီတောင်းဟန်ဖြင့် ကြည့်လိုက်ပြီး အိုးရန်ကျန်းက ယဲ့ဖန်ကို နားချ လိမ့်မည်ဟု မျှော်လင့်နေသည်။
အိုးရန်ကျန်းက ပြုံး၍ ပြောလိုက်သည်။
“သူ့ကို သွားခိုင်းလိုက်ပါ၊ ငါတို့ အိုးရန်မျိုးနွယ် ငြိမ်နေခဲ့တာ အတော်ကြာပြီ၊ ရှေးခေတ်က ကောင်းကင်ဘုံကို စိန်ခေါ်ရဲတဲ့ မျိုးနွယ် ပြန်လာပြီဆိုတာကို လောကကြီး သိအောင် ပြရမယ့်အချိန် ရောက်ပြီ”
“ကျွန်တော် မိသားစုခေါင်းဆောင်လေးနောက် လိုက်ချင်တယ်ယ်”
“ကျွန်တော်ရောပဲ”
“နတ်ဘုရားမျိုးနွယ်ကို သတ်မယ့်အဖွဲ့ထဲ ကျွန်မလည်း ပါမယ်”
လူတိုင်း စိတ်လှုပ်ရှားနေသည်။ လက်ရှိတွင် စစ်ပွဲ စတင်ပြီဖြစ်ကြောင်း သူတို့လည်း သတိပြုမိလာသည်။
“နောက်နှစ်နေရာကို ငါ့တာဝန်ထားလိုက်”
အိုးရန်ကျန်းက ပြောပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
“အစစ အရာရာ သတိထားပါ”
ယဲ့ဖန်က ခေါင်းညိတ်ပြပြီး တစ်ဖက်လှည့်သွားသည်။
“သွားမယ်”
*အခု သွားမှာလား၊ ဒီသခင်လေးက တော်တော် သတ္တိကောင်းတာပဲ*
အပြင်လူများ အံ့ဩကုန်ကာ အသတ်ခံလိုက်ရသည့်သူများက သူတို့ မိသားစုဝင်များ မဟုတ်ဘဲ ယဲ့ဖန်၏ မိသားစုဝင်များ ဖြစ်သည်ဟု ခံစားမိနေသည်။
ထိုအခိုက်တွင် အားလုံး ကျေးဇူးတင်စိတ်ကြောင့် မျက်ရည်ကျလာသည်။ ယခုအချိန်မှစ၍ သူတို့ ယဲ့ဖန်အတွက် အသေခံရဲလာလေသည်။
“နောက်နှစ်နေရာကို ငါ့တာဝန်ထားလိုက်”
အိုးရန်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏ စူးရှတောက်ပသော မျက်လုံးများအရ သူသည်လည်း စိတ်လှုပ်ရှားနေကြောင်း သိသာပေသည်။
ဤသို့ သွေးပွက်ပွက်ဆူသော ခံစားချက်မျိုး မရတော့သည်မှာ ဘယ်လောက် ကြာနေပြီလဲပင် သူ မသိတော့ချေ။
စစ်ပွဲကား စတင်လေပြီ။