← Chapters

သူတော်စင် သော်ပေါင်

Vol. 115 Ch. 1722

သူတော်စင် သော်ပေါင်

Vol. 115 Ch. 1722

ထိုသို့ပြောလိုက်သူက လီချန်ကျစ်ပင်။

“မျိုးမစစ်ကောင်၊ မင်း မိသားစုခေါင်းဆောင်လေးကို စော်ကားတယ်ပေါ့လေ”

“အဓိပ္ပာယ်မရှိလိုက်တာ၊ မိသားစုခေါင်းဆောင်လေးက ဘယ်တော့မှ ငါတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး”

သူ့စကားကိုကြားပြီး အားလုံးကို လီချန်ကျစ်ကို ဒေါသတကြီး စူးစိုက်ကြည့်လာသည်။ ဤမျိုးမစစ်ကောင်က သူတို့ရင်ထဲမှ နတ်ဘုရားကို စော်ကားရဲသည် မဟုတ်ပါတကား။

“ဟားဟား”

လီချန်ကျစ်က မထီမဲ့မြင်ဟန်ဖြင့် ရယ်၍ ခနဲ့သလို ပြောလိုက်သည်။

“အရူးတွေ … သူ လာရဲတယ်ဆိုရင် ဒီကို လာတာ ကြာပြီပေါ့၊ ဘာလို့ အခုထိ သူ ပေါ်မလာသေးတာလဲ၊ ဝန်ခံ လိုက်စမ်းပါ၊ သူ ကြောက်နေတာ၊ မဟုတ်သေးဘူး၊ အိုးရန်မျိုးနွယ်တစ်ခုလုံး ကြောက်နေတာလို့ ပြောသင့်တာ”

ချက်ချင်းဆိုသလိုပင် လီချန်ကျစ်က သူတို့ကို အထင်အမြင်သေးစွာ ကြည့်လေသည်။

“ခင်ဗျားတို့ အမှိုက်ကောင်တွေကို ကျုပ် အကြံပေးလိုက်မယ်၊ ခင်ဗျားတို့ အသက်အတွက် ပြေးတာ ပိုကောင်းမယ်၊ မဟုတ်ရင် ခင်ဗျားတို့ အခွင့်အရေး ရမှာ မဟုတ်ဘူး”

ကောင်းကင်ဘုံကိုးလွှာ၏ အမျက်ဒေါသကို မည်သူက ခုခံနိုင်ပါမည်နည်း။

ယဲ့ဖန်အပေါ် မျှော်လင့်ချက် ထားနေခြင်းက အဓိပ္ပာယ်မရှိချေ။

သူက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လိမ့်မည်ဆိုတာက ဖြစ်နိုင်ပါမည်လော။

ဖြစ်နိုင်ခြေမရှိပါ။

သို့သော် ထိုအခိုက်တွင် လူတိုင်း ဒေါသထွက်နေကြသည်။

“အရေးမပါတာတွေ၊ မင်း မိသားစုခေါင်းဆောင်လေးကို ထပ်စော်ကားရဲရင် စော်ကားကြည့်လိုက်၊ ငါတို့ မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေမှာ မဟုတ်ဘူး”

“မိသားစုခေါင်းဆောင်လေးက ငါတို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး၊ သွေးလှန့်မနေနဲ့”

လီချန်ကျစ်က လှောင်ရယ်၍ သူတို့ကို အထင်သေးစွာ ကြည့်သည်။

“ခင်ဗျားတို့ မယုံဘူးလား၊ ဒါဆိုလည်း သတ္တိရှိရင် ထွက်မသွားဘဲ ဒီမှာ နေပြီး သေဖို့စောင့်နေလိုက်”

ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း တီးတိုးပြောဆိုစ ပြုလာသည်။

သစ္စာရှိသော လီမိသားစုကပင် ဤသို့ ပြောနေသဖြင့် အိုးရန်မျိုးနွယ်က သူတို့ကို တကယ် စွန့်ပစ်ရန် ကြံစည် နေသလား။

ထိုသို့သောအချိန်၌ အားလုံးက ကိုယ့်ကိုသူကြည့်၊ သူ့ကိုကိုယ်ကြည့် ဖြစ်လာပြီး သွေးပျက်ကာ ချီတုံချတုံ ဖြစ်လာကြသည်။

ဤသည်ကိုမြင်သော် လီချန်ကျစ်၏ လှောင်ပြုံးက ပို၍ ပီပြင်လာသည်။ ယဲ့ဖန်က ဤသို့လာ၍ အသေခံ ရဲလိမ့်မည်ဟု သူ မထင်ပါ။

ထို့နောက် သူက အနာကိုဆားနှင့်ပက်သကဲ့သို့ ဆက်ပြောလေသည်။

“ဒါနဲ့ ဒီတစ်ခါ ကောင်းကင်ဘုံကိုးလွှာကနေ သူတော်စင်အဆင့် သုံးယောက် ဆင်းလာတာနော်၊ အိုးရန်မျိုးနွယ်က သူတို့ကို ယှဉ်နိုင်မယ်လို့ ထင်နေသေးတာလား”

*ဘာ*

ထိုအခိုက်တွင် လူတိုင်း မျက်နှာပြာနှမ်းသွားကြသည်။

*သူတော်စင်အဆင့် သုံးယောက်လား၊ နတ်ဘုရားမျိုးနွယ်က တစ်ယောက်နဲ့ပါ ပေါင်းလိုက်ရင် သူတော်စင်အဆင့် လေးယောက်တောင်ပေါ့*

*လေးယောက်နဲ့ တစ်ယောက်ဆိုတော့ အိုးရန်မျိုးနွယ်မှာ ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိမှာလဲ*

လူတိုင်း ဆောက်တည်ရာမရသလို ခံစားလာရသည်။ သူတို့၏ မျက်နှာတွင် ရီဝေဟန်များ ပေါ်လာပြီး သည်းချေ ပျက်မတတ် ဖြစ်နေကြသည်။

“သား သွားရအောင်”

အမျိုးသမီးတစ်ယောက်က သူမသားကိုဆွဲ၍ အသက်ရှင်ရန်အလို့ငှာ ထွက်ပြေးရန် ပြင်လေသည်။

“ကျွန်တော် မသွားဘူး၊ သူတို့က အပြစ်မရှိတဲ့လူတွေကို ရက်ရက်စက်စက် သတ်ခဲ့တာ၊ သူတို့က အာဏာရှင်တွေ၊ မိသားစုခေါင်းဆောင်လေး ရောက်လာပြီး ကျွန်တော့်အဖေအတွက် လက်စားချေပေးတာကို ကျွန်တော် စောင့်ချင်တယ်”

ကောင်လေးက ရင်ကွဲမတတ် အော်လေသည်။ သူ့ဖခင်သည် ကောင်းကင်ဘုံကိုးလွှာမှ နတ်ဘုရားများ၏ လက်ထဲ၌ ရက်ရက်စက်စက် သေဆုံးခဲ့ရသည်။ နတ်ဘုရားဟုခေါ်ဝေါ်သော ထိုလူများက လောကထဲ ဆင်းလာပြီး ဘာတစ်ခွန်းမှ မပြောဘဲ စတင်သတ်ဖြတ်ခဲ့သည်။

သူတို့ရွာတွင် သူတို့သားအမိလာ လွတ်မြောက်ခဲ့ပြီး ကျန်သုံးထောင်သော လူများအားလုံး သတ်ဖြတ်ခံခဲ့ရသည်။

“မိသားစုခေါင်းဆောင်လေးက လာမှာ မဟုတ်ဘူး၊ သွားမယ်၊ မြန်မြန်လာ”

ထိုအမျိုးသမီးက မျက်ရည်များ စီးကျကာ ထွက်သွားရန် ကောင်လေးကို ဆွဲလေသည်။

လက်ရှိတွင် ယဲ့ဖန် မလာလောက်ဟု သူမ တစ်ရာရာခိုင်နှုန်း ယုံကြည်နေသည်။ သေမည်ဆိုသည်ကို သိလျင် ဘယ်သူက လာ၍ အသေခံမည်နည်း။

သူမသည်သာမက ကျန်လူများလည်း ခါးသီးသော မျက်နှာထားမျိုး ဖြစ်နေကြပြီး မျှော်လင့်ချက် ပျောက်ဆုံး နေကြသည်။

“ကျွန်တော် မသွားဘူး၊ ကျွန်တော် မသွားဘူး၊ ကျွန်‌တော် မိသားစုခေါင်းဆောင်လေးကို ကျွန်တော့်အဖေအတွက် လက်စားချေပေးစေချင်တယ်”

ကောင်လေးက ဆက်တိုက် ရုန်းကန်၍ ကျယ်လောင်စွာ အော်ငိုနေသည်။

“ကောင်စုတ်လေး၊ နင် စကားနားမထောင်ရင် ငါ နင့်ကို အသေရိုက်ပစ်မှာ”

အမျိုးသမီးက ဒေါသထွက်လာပြီး ကောင်လေးကို ဆွဲကာ သူ့တင်ပါးကို ရိုက်လေသည်။ အော်ငိုသံနှင့် ဆဲဆိုသံတို့ ဆင့်၍ ထွက်ပေါ်လာသည်။

ဤသည်ကိုမြင်သော် လူတိုင်း၏ စိတ်အခြေအနေက ပို၍ အောက်ဆုံးသို့ ထိုးကျသွားသည်။

ထိုအချိန်၌ စစ်သင်္ဘောပေါ်မှ ကောင်းကင်ဘုံကိုးလွှာ၏ နတ်ဘုရားများက လှောင်ရယ်နေကြသည်။

“ဒီအရူးတွေက သေခါနီးနေတာတောင် ငါတို့ကို ခွင့်လွှတ်ပေးဖို့ မတောင်းပန်ဘဲ အဲ့ယဲ့ဖန်ဆိုတဲ့ကောင် သူတို့ကို လာကယ်လိမ့်မယ်လို့ အားကိုးနေသေးတယ်၊ အဓိပ္ပာယ် မရှိလိုက်တာ”

“သွေးကြီးတဲ့ အရူးတွေပဲ၊ ဘာမဟုတ်တဲ့ သူတော်စင်သခင်အဆင့်လေးက ဘယ်လိုလုပ် သူတို့ကို ကယ်နိုင်မှာလဲ၊ သူတို့ရဲ့ ရူးမိုက်မှုအတွက် ပြန်ပေးဆပ်ရမယ်”

နတ်ဘုရားတစ်ပါးက ဒေါသတကြီး ပြောလာပြီး သူ့မျက်လုံးတွင် အေးစက်သော လူသတ်လိုသည့် အငွေ့အသက်များ ပြည့်နေသည်။

“ဟေ့ ဘာပဲဖြစ်ဖြစ် ငါတို့ သူတို့ကို သတ်မှာပဲ မဟုတ်လား၊ ဆို‌တော့ ဒါကို ငါတို့ ဆင်ခြေအနေနဲ့ သုံးလိုက် မယ်လေ”

ထိုစဉ် အိုမင်းနေသော နတ်ဘုရားတစ်ပါးက ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး လူသတ်လိုသော အကြည့်များဖြင့် ပြောလေသည်။

“ရူးမိုက်တဲ့ သေမျိုးတွေ၊ မင်းတို့ စစ်မှန်တဲ့ နတ်ဘုရားကို မယုံကြည်ဘူးဆိုရင်တော့ မင်းတို့အားလုံး သေဖို့ ထိုက်တန်တယ်”

ထို့နောက် လောကက ပြောင်းလဲလာသည်။

အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်တွင် တိမ်စိုင်များထံတွင် ပုံရိပ်များ ပေါ်လာပြီး သက်ရှိ အားလုံးကို စီးမိုး၍ ကြည့်နေသည်။

အားလုံး၏ အကြည့်တွင် အေးစက်မှုနှင့် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေ၏။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။

အရေအတွက်က တိုးလာလျက် ရှိသည်။ နတ်ဘုရင်အဆင့်နှင့် အင်မော်တယ်အဆင့်များ လောကထဲ ဆင်းလာနေ၏။

ဤမြင်ကွင်းက အဘိုးအိုလီနှင့် အခြားသူများကို မျက်လုံးပြူး၍ ကြောက်ရွံ့သွားစေသည်။

ဤမျှ ကြောက်စရာကောင်းသော အဖွဲ့နှင့် များပြားလှသော အင်မော်တယ် ဧကရာဇ်အဆင့်များ ပြိုင်တူ ရောက်လာသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အင်မော်တယ် ဧကရာဇ်အဆင့် အယောက်သုံးဆယ် ဆင်းလာ၏။ မယုံနိုင်စရာ ကောင်းလှပေသည်။

အဘိုးအိုလီ၏ မျက်နှာတွင် ခါးသီးသော အရိပ်အယောင် ပေါ်နေသည်။ သူ မည်မျှ ကြိုးစား၍ တိုက်ခိုက်ပါစေ အဆုံးသတ်၌ သေလမ်းသာ ရှိပေလိမ့်မည်။ သူ၏ ခွန်အားနှင့် ဤမျှ များပြားသော အင်မော်တယ် ဧကရာဇ် အဆင့်များကို မယှဉ်နိုင်ပါ။

တောင်တစ်လုံးနီးပါး ကြီးမားသော စစ်သင်္ဘောသုံးစီး ဆင်းလာပြီး ကွမ်လင်လမ်းတစ်ခုလုံးကို ဖုံးအုပ်လာသည်။

အင်မော်တယ် ဧကရာဇ်အဆင့် အယောက် သုံးဆယ်က ပြိုင်တူ အောက်သို့ ငုံ့ကြည့်လာပြီး မျက်နှာထားများက မောက်မာခက်ထန်၍ တင်စီးလှသည်။

သူတို့မျက်လုံးထဲတွင် ဤလူများသည် ပုရွက်ဆိတ်များသာ ဖြစ်ပြီး အချိန်မရွေး နင်းချေသတ်ပစ်နိုင်သည်။

အင်မော်တယ် ဧကရာဇ်အဆင့်များစွာ ရောက်လာသည်ကိုမြင်ပြီး လူတိုင်း ကြံရာမရ ဖြစ်လာကြသည်။ သို့သော် ပို၍ ဆောက်တည်ရာမရစေသော အရာ ရောက်ရှိလာသည်။

အစောပိုင်းက ပြောလိုက်သော အဘိုးအိုက ရှေ့သို့ ထွက်လာ၏။ သူ့တွင် ကလေးဆန်သော မျက်နှာနှင့် ဖြူဖွေးနေသော ဆံပင်များ ရှိကာ သူ့မျက်လုံးများက တောက်ပနေပြီး ခန္ဓာကိုယ်အား တိမ်များက ဝန်းရံထားကာ သူ့ဦးခေါင်းထက်တွင် ရှေးသူတော်စင် ဓာတ်တော်များ ဝဲနေသည်။

ရောင်စုံ ရွှေရောင်ချိတ်များက လေထဲ၌ ဝဲကာ တောက်ပနေ၏။ ထိုပုံစံက ဆန်းသစ်စလ ထွက်လာသလိုပင်။

ကောင်းကင်ပြာ ပုလ္လင်အား နဂါးများ သယ်ပိုး၍ ဖီးနစ်များဆွဲကာ ပျံသန်းနေသည်။ ရွှေရောင် မီးလင်းဖိုတွင် တောက်ပသော မြူခိုးများ ဝေ့နေပြီး ခရမ်းရောင်မြူခိုးက တစ်ဟုန်ထိုး မြင့်တက်လျက် ရှိသည်။

သူတော်စင် ဓာတ်တော်တိုင်းက အလွန် တစ်မူထူးခြားသော အငွေ့အသက်များ ရှိပြီး တာအိုစွမ်းအင်မှ အသွင်ပြောင်းထားသည်ဟု ထင်မှတ်ရပြီး အသက်ရှူမရသော ဖိအားမျိုးနှင့် ပြည့်နှက်နေ၏။

“သူတော်စင် သော်ပေါင်”

ထိုလူ ပေါ်လာသည်နှင့် လူတိုင်း တုန်လှုပ်သွားကြပြီး နေရာမှာတင် ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်သွား ကြသည်။

သူတော်စင် သော်ပေါင်၏ ဇစ်မြစ်က ဆန်းကြယ်လှသည်။ သူက သူတော်စင်တစ်ယောက်၏ လက်နက်မှ အသွင်ပြောင်းလာသည်ဟု ပြောကြသည်။ သူသည် မှော်လက်နက်မျိုးစုံကို စုဆောင်းရသည်ကို နှစ်သက်သဖြင့် သူ့အား ရတနာများ ပိုင်ဆိုင်သော သူတော်စင် (သူတော်စင် သော်ပေါင်) ဟု ခေါ်ကြခြင်း ဖြစ်သည်။

*ဒါက*

*တကယ့် သူတော်စင်အဆင့်ပဲ*

အင်မော်တယ် ဧကရာဇ်အဆင့် အယောက်သုံးဆယ်အပြင် သူတော်စင်အဆင့် တစ်ယောက်ပါ ရှိနေသဖြင့် သူတို့ ဇာတ်သိမ်းလေပြီ။

အဘိုးအိုလီနှင့် အခြားသူများ မျက်နှာပြာနှမ်းကုန်သည်။

အင်မော်တယ် ဧကရာဇ်အဆင့် အယောက် သုံးဆယ်နှင့် ယှဉ်လိုက်လျင် ဤသူတော်စင်အဆင့် ပုဂ္ဂိုလ်က သူတို့ကို ပို၍ ဆောက်တည်ရာမရ ဖြစ်စေသည်။

သူတို့သည်သာမက ယဲ့ဖန်နှင့် လိုက်လာသော အိုးရန်မျိုးနွယ်များပင် ကြောက်လန့်ကာ ချွေးပြန်လာကြသည်။

“သေစမ်း၊ အဲ့အဘိုးကြီး သော်ပေါင်က ဒီကို ရောက်နေတာပဲ”

အိုးရန်ဟွာ၏ မျက်နှာက ပျက်ယွင်းနေပြီး ယဲ့ဖန်ဘက် လှည့်၍ ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်လေး၊ တစ်ဖက်လူ ကျုပ်တို့ကို ရှာမတွေ့ခင် နောက်ဆုတ်ရအောင်”

တစ်ဖက်လူမှာ သူတော်စင် သော်ပေါင်ဖြစ်ပြီး အသက်အားဖြင့် အိုးရန်ကျန်းထက်ပင် ပို၍ ကြီးသေးသည်။

ကောင်းကင်ဘုံနှင့် တိုက်ခိုက်သော တိုက်ပွဲ၌ ဤသူတော်စင် သော်ပေါင်ကလည်း သူတို့ကို ရင်ဆိုင်ခဲ့ပြီး အိုးရန်မျိုးနွယ်အား အလွန် အထိနာစေခဲ့ကာ မရေတွက်နိုင်သော မျိုးနွယ်ဝင်များကို သေကြေ ပျက်စီးစေခဲ့သည်။

ထို့ကြောင့် ဤလူကို မြင်ပြီး အိုးရန်မျိုးနွယ်ဝင်များအားလုံး ကြက်သီးထလာကြသည်။

သူတော်စင် သော်ပေါင်က လူတိုင်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“ဒူးထောက်”

ထိုအသံက ကောင်းကင်ယံမှ မိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲ၌ အူထွက်သွားသည်။ အားလုံး နားကန်းသလို ခံစားလိုက်ရပြီး နားထဲမှ သွေးများ စီးကျလာကာ နားစည် ပျက်စီးလုနီးပါး ဖြစ်သွားကြသည်။

ဤမြင်ကွင်းက သူတို့ကို အလွန်အမင်း ကြောက်လန့်သွားစေသည်။

ထို့နောက်တွင်မူ ကြောက်စရာကောင်းသော ဖိအားတစ်ခုက ပင်လယ်လှိုင်းအလား ပျံ့လွင့်လာ၏။

“ဒုန်း”

လူတစ်ယောက် ဒူးထောက်လာသည်။

“ဒုန်း ဒုန်း”

ထို့နောက် ဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင်၊ အားလုံး ဒူးထောက်ကျလာ၏။

သူတော်စင်အဆင့်၏ ထည်ဝါမှုကို လုံးဝ မခုခံနိုင်သဖြင့် သူတို့ ဒူးထောက်၍ အညံ့ခံရုံသာ ရှိတော့သည်။

သူတို့ ထရပ်ရန် ကြိုးစားရဲပါက သူတို့ခန္ဓာကိုယ်က သူတော်စင်စွမ်းအားကြောင့် ကြေမွသွားပေလိမ့်မည်။

ချက်ချင်းဆိုသလိုပင် လီချန်ကျစ်နှင့် အခြားသော သိုင်းပညာရှင်များ ချွေးပြန်လာပြီး မျက်နှာတွင် ကြောက်စိတ်တို့ ပြည့်နှက်လာ၏။

သူတို့သည် ကိုးပြည်နယ်တွင်း၌ ပြိုင်ဘက်ကင်းသော်လည်း ကောင်းကင်ဘုံ ကိုးလွှာမှ တည်ရှိမှုကို ခုခံနိုင်စွမ်း မရှိချေ။ တစ်ဖက်လူများက ဓားများဆိုလျင် သူတို့က ငါးများသာ ဖြစ်လေသည်။

သူတို့ အရှုံးပေးချင်စိတ် မရှိဘဲ မတ်မတ် ရပ်နေသေးသည့်သူ တစ်ယောက်တော့ ရှိသည်။ ထိုသူက အဘိုးအိုလီပင်။

ထိုအခိုက်တွင် သူ့အရေပြားမှ သွေးများ စိမ့်ထွက်နေပြီး မကြာခင်မှာပင် တစ်ကိုယ်လုံး သွေးတို့ဖြင့် ရွှဲနစ် လာသည်။

“တောက် တောက်”

သူ့နဖူးမှ ချွေးများ စီးကျလာသည်။ အဘိုးအိုလီ၏ မျက်နှာက သုန်မှုန်နေပြီး ကြိုးစား၍ တောင့်ထားကာ ဒူးထောက်ရန် ငြင်းဆန်နေ၏။

“အဘိုး”

လီစစ်ယွီက သူမအဘိုးကို မယုံနိုင်စွာ ကြည့်နေမိသည်။

“အရူး”

သို့သော် လီချန်ကျစ်က အသံတိုးတိုးဖြင့် ကျိန်ဆဲသည်။ သည်အဘိုးကြီးက သူ သေချင်သည်နှင့် သူတို့ကိုပါ ဆွဲချနေသည်။ ဤသည်ကြောင့် လီချန်ကျစ် သူ့ကို အရိုးထဲအထိ မုန်းတီးမိသွားသည်။

ဤအဖြစ်ကြောင့် သူတော်စင် သော်ပေါင်က ဒေါသူပုန်ထသွားသည်။

“မင်းကများ ဒူးမထောက်ဘူးပေါ့လေ”

အဘိုးအိုလီက ပြုံးလေသည်။

“ဒီအဘိုးကြီးက ဘဝမှာ လူနှစ်ယောက်ကိုပဲ ဒူးထောက်တယ်၊ တစ်ယောက်က အိုးရန်ကျန်း၊ နောက် တစ်ယောက်က ယဲ့ဖန်ပဲ၊ မင်းက … မထိုက်တန်ဘူး”

*ဘာ*

ထိုစကားကိုကြားသော် ကောင်းကင်ဘုံကိုးလွှာမှ အင်မော်တယ် ဧကရာဇ်အဆင့်များနှင့် နတ်ဘုရင်အဆင့်များ ထိတ်လန့်သွားကြသည်။

*ဒီအဘိုးကြီးက အဲ့လိုစကားမျိုး ပြောရဲတယ်လား*

*သွေးကြီးလွန်းတယ်*

*သူတော်စင်အဆင့် တစ်ယောက်ကို ဘယ်လိုလုပ် အဲ့လို ပြောရဲတာလဲ၊ သေတွင်းတူးနေတာပါလား*

လီမိသားစုဝင်များသည်လည်း ကြောက်လန့်ကာ မျက်နှာဖြူရော်ကုန်သည်။

သူတော်စင်အဆင့် တစ်ယောက်ကို ဤသို့ ရန်စမိပါက သေလမ်းရှာသလို ဖြစ်မသွားပေဘူးလား။ ဤသို့ဆိုလျင် သူတို့ပါ ကံဆိုးပေလိမ့်မည်။

*အဘိုးကြီး*

လီချန်ကျစ် အံကြိတ်ထားပြီး သူ့မျက်လုံးတွင်းမှ အမုန်းတရားက ပိုကြီးထွားလာသည်။

သူတော်စင် သော်ပေါင် မျက်မှောင်ကြုတ်သွားပြီး သူ့အား ရန်လိုစွာ ကြည့်ကာ လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက် လာသည်။

အဘိုးအိုလီကမူ သူ့အား ပြတ်သားသော မျက်လုံးများဖြင့် တည်ငြိမ်စွာ ကြည့်နေ၏။ သူသည် အိုးရန်ကျန်းကို အံ့ဩမိသော်လည်း ယခုအခါတွင်မူ အသစ် ခန့်အပ်ထားသည့် မိသားစုခေါင်းဆောင်လေးကို လုံးဝ ယုံကြည် လေးစားသွားပြီ ဖြစ်သည်။

ထိုသို့သောအချိန်က သူ ဆုံးဖြတ်ချက် ချခဲ့သည်။ ယဲ့ဖန်ထံ၌သာလျင် အမှုထမ်းမည်ဟု ကျိန်ဆိုခဲ့သည်။

“သိပ်ကောင်းတယ်၊ ကိုးပြည်နယ်မှာ မင်းလို သေမှာမကြောက်တဲ့သူက သိပ်မရှိဘူး”

သူတော်စင် သော်ပေါင်က ထိုသို့ပြောသော်လည်း အထင်သေးသော အမူအရာနှင့် ရှိနေဆဲပင်။

“ဒီလိုဆိုရင်ရော မင်းလူတွေကို ဦးဆောင်ပြီး ငါ့ရှေ့မှာ ဒူးထောက်ပြီး အညံ့ခံမယ်ဆိုရင် ငါ မင်းကို အသက် ချမ်းသာပေးမယ်”

ဤပုရွက်ဆိတ်ကောင်များအားလုံးကို သတ်ပြီးလျင် ဤမြေကို သူတို့ အပိုင်ရပေလိမ့်မည်။ ထို့ကြောင့် သူတို့ စီမံခန့်ခွဲပေးမည့် ခွေးအချို့ လိုအပ်ပေသည်။

ထိုစကားကိုကြားသော် အဘိုးအိုလီ၏ မျက်နှာ မည်းမှောင်သွားသည်။ တစ်နည်းအားဖြင့် သူတို့ကို ကျွန်ဖြစ်ခိုင်းနေသည် မဟုတ်ပါလော။

သူတို့အား ကိုးပြည်နယ်မှ လူများကို ဓားဖြင့်ရွယ်၍ သတ်ခိုင်းနေခြင်းပင်။

ထိုအချိန်တွင် လူတိုင်းက အဘိုးအိုလီအား စိတ်လှုပ်ရှားစွာ ကြည့်နေပြီး နေရာမှာတင် ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်နေကြသည်။

အဘိုးအိုလီက သူတော်စင် သော်ပေါင်၏ ကမ်းလှမ်းမှုအား သဘောတူပြီး သူတို့အား သစ္စာဖောက်မည်ကို စိုးရိမ်နေ၏။

“ငါ မင်းကို စဉ်းစားဖို့ အချိန် တစ်မိနစ် ပေးမယ်”

သူတော်စင် သော်ပေါင်က အသာအယာ ပြော၍ မျက်လုံးမှိတ်ကာ တရားမှတ်နေသည်။

အထင်သေးခြင်းပင်။ မိမိကိုယ်ကိုယ် သွေးနားထင် ကြီးနေခြင်းပါတကား။

All Chapters