အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း (၁၉၃) - ကောင်းကင်ဘုံ မနာလို ခန္ဓာကိုယ်
ပိုင်ချူးရန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။ "ခင်ဗျားရဲ့ အစစ်အမှန် ဇာတ်မြစ်က ဘယ်သူလဲ"
"ငါလား"
အရိုးခေါင်းက ပြန်ဖြေသည်။ "ငါက ကောင်းကင်ဘုံကနေ ကြီးမြတ်တဲ့ ဉာဏ်ပညာကို ပေးသနားခံရတဲ့ အင်မော်နယ်တစ်ပါးပဲ။ အတိတ်ခေတ်ကာလတုန်းက ငါ အင်မော်တယ်မင်းဆက်ကိုတောင် ကူညီခဲ့ဖူးတယ်။ ငါ့ကို ကျီရှန်းလို့ ခေါ်ကြတယ်။ ငါကမှ ဒီလိုဏ်ဂူရဲ့ အစစ်အမှန် သခင်ပဲ"
"ခင်ဗျားက ကျီရှန်းလား"
ပိုင်ချူးရန်က အံ့အားသင့်စွာ ပြော၏။
"ကျီရှန်းဆိုတာ မြေကမ္ဘာအင်မော်တယ်တွေရဲ့ ခေါင်းဆောင်လို့ ကျုပ် ထင်ထားခဲ့တာ"
"အရင်ကတော့ အဲဒီလိုပါပဲ။ ဒါပေမဲ့ နောက်တော့ ငါ့ရဲ့ အရှက်မရှိတဲ့ တပည့်က သူတို့ကိုသိမ်းသွင်းပြီး ပုန်ကန်ခဲ့တာ"
ကျီရှန်းက ခါးသီးစွာ ဆို၏။ "နိုင်ငံတစ်ခုလုံး ပြိုလဲတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် အာဏာလုဖို့ပဲ စဉ်းစားနေတဲ့ သူကပဲ အရမ်းတုံးအတာလား၊ ဒါမှမဟုတ် သူ ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့ မထင်ခဲ့တဲ့ ငါကပဲ အရမ်းတုံးအတာလားဆိုတာ ငါလည်း မဝေခွဲနိုင်တော့ပါဘူးလေ"
"ရှင်းပါတယ်။ ခင်ဗျားတို့နှစ်ယောက်စလုံး တုံးအနေတာလေ"
ပိုင်ချူးရန်က ဒဲ့တိုးပင် ပြောလိုက်ပြီး မေးခွန်းတစ်ခု ထပ်မေးမြန်း၏။ "လူသားတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲမတိုင်ခင် ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား။ ကျုပ်တို့ဆီက သမိုင်းမှတ်တမ်း အများစုက ပျက်စီးကုန်ပြီ၊ ကျန်နေတဲ့ မှတ်တမ်းအချို့ကလည်း တကယ့်ကို ဝေဝေဝါးဝါးပဲ ဖြစ်နေလို့လေ"
"ရတာပေါ့။ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ"
ကျီရှန်းက သမိုင်းကြောင်းကို စတင်ပြောပြလေသည်။ "မင်း အနည်းနဲ့အများတော့ ခန့်မှန်းမိမှာပဲ။ ဟုတ်တယ် လူသားတွေနဲ့ မိစ္ဆာတွေ စစ်မဖြစ်ခင်က လူသားမျိုးနွယ်က ကျိုကျိုးလို့ခေါ်တဲ့ ပြည်နယ်ကိုးခုနဲ့ နယ်မြေဆယ်ခုကို စုစည်းပြီး သန့်စင်မင်းဆက်လို့ အမည်ရတဲ့ အင်မော်နယ်မင်းဆက်တစ်ခုကို တည်ထောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီမင်းဆက်ရဲ့ အစကို သိချင်ရင်တော့ အရင်ကရှိခဲ့တဲ့ မင်းဆက်ဟောင်းကနေ စပြောမှ ရလိမ့်မယ်"
ကျီရှန်းသည် အတိတ်ခေတ်များကို ဖြည်းညှင်းစွာ ရှင်းပြ၏။
သန့်စင်မင်းဆက် မတိုင်မီက တုန့်ချင်းဟု အမည်ရသော အင်မော်တယ်မင်းဆက်တစ်ခု ရှိခဲ့ဖူးသည်။ ထိုမင်းဆက်သည် လူသားမျိုးနွယ်၏ အာဏာစက်ကို တောရိုင်းနယ်မြေများအထိ ဖြန့်ကျက်ထားနိုင်ခဲ့ပြီး သွမ့်ဟွင်းမြစ်၏ အနောက်ဘက်ဒေသများကို တောရိုင်းနယ်မြေဟု သတ်မှတ်ခဲ့ကြသည်။
တုန့်ချင်းမင်းဆက်အား ပထမမျိုးဆက် ရှန့်ဝူ ချင်းဟွမ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ တည်တံ့ခဲ့၏။ နောက်ဆုံးမျိုးဆက် ချင်းဟွမ်လက်ထက်တွင် မင်းဆိုးမင်းညစ်တို့ကြောင့် အုပ်ချုပ်မှု ယိုယွင်းကာ ပြည်သူများလည်း ဒုက္ခတွေ့ရသည်။ သို့သော် မြေကမ္ဘာ အင်မော်တယ်များနှင့် ဂိုဏ်းပေါင်းစုံက ပုန်ကန်မှုခဲ့သည့်တိုင် တုန့်ချင်းမင်းဆက်၏ အင်အားမှာ တုနှိုင်းမမီအောင် ကြီးမားနေဆဲဖြစ်၏။
ကျောက်စာတိုင်ပေါ်ရှိ မှတ်တမ်းများအရ ရှန့်ဝူ ချင်းဟွမ်သည် စစ်တပ်တစ်တပ်ကို စေလွှတ်လိုက်ရုံဖြင့် ထိုပုန်ကန်သူအားလုံးကို အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်။
"အဲဒီအချိန်တုန်းက ဆွေ့ယင်းတောင်က ကျန်းလဲ့ဆိုတာ ပုန်ကန်သမားတွေထဲမှာ အင်အားအကြီးဆုံးပဲ။ ဒါပေမဲ့ သူတောင်မှ ခေါင်းဖြတ်မခံရခင် တစ်နှစ်ပဲ တောင့်ခံနိုင်ခဲ့တယ်။"
အရိုးခေါင်းက ခေတ္တရပ်နားပြီးမှ ဆက်ပြော၏။ "မင်းတွေ့ခဲ့တဲ့ ကျောက်စာတိုင်က သန့်စင်မင်းဆက်ရဲ့ ရှေးဟောင်းမြို့တော်ကို နိုးထစေခဲ့တာက သန့်စင်မင်းဆက်ရဲ့ ဘိုးဘေးက ကျန်းလဲ့ရဲ့ သွေးသားဖြစ်နေလို့ပဲ"
ကျီရှန်းက သမိုင်း၏ လျှို့ဝှက်ချက်များကို ဆက်လက် ဖွင့်ဟနေ၏။
မူလက တုန့်ချင်းမင်းဆက်သည် မည်မျှပင် ပျက်စီးစေကာမူ နှစ်ပေါင်းများစွာ ဆက်လက် တည်တံ့နိုင်မည့် အင်အားရှိသည်။ သို့သော် ကျန်းလဲ့ ကျဆုံးပြီး သုံးနှစ်အကြာတွင်မူ မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဧကရာဇ်မြို့တော်ကို ကာကွယ်နေသည့် တောအုပ်တပ်မတော်မှာ မိစ္ဆာအက်ကြောင်းများကို စောင့်ကြပ်နေသည့် အကြေးခွံတပ်မတော်နှင့် မိစ္ဆာနှိမ်နင်းရေး တပ်မတော်ကြီးများအပါအဝင် အကောင်းဆုံးသော အင်မော်တယ်တပ်မတော်ကြီးများအားလုံးသည် ညတွင်းချင်းပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့၏။
ထိုအခွင့်အရေးကို စောင့်နေသည့်အလား တောရိုင်းနယ်မြေမှ မိစ္ဆာများနှင့် ဧရာမသားရဲကြီးများသည် သွမ့်ဟွင်းမြစ်ကို ဖြတ်ကူးကာ အလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။ နှစ်သောင်းပေါင်းများစွာ တည်တံ့ခဲ့သော တုန့်ချင်းမင်းဆက်မှာ ထိုသို့ဖြင့် အငွေ့ပျံသကဲ့သို့ ပျက်စီးသွားရ၏။
အခန်း (၁၉၄) - ကောင်းကင်ဘုံ မနာလို ခန္ဓာကိုယ် [၁]
"အဲဒီနောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဆိုးကြီး ဆိုက်ရောက်လာတော့တာပဲ။ လူသားမျိုးနွယ်တွေက မိစ္ဆာတွေရဲ့ သတ်ဖြတ်စားသောက်ခြင်းကို ခံခဲ့ရတဲ့ ကာလပေါ့"
အရိုးခေါင်း၏ အသံမှာ အနည်းငယ်လျော့ကျသွားသည်။ "ကျန်းလဲ့ရဲ့ သွေးသားဖြစ်တဲ့ ကျန်းချင်းက မြေကမ္ဘာအင်မော်တယ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး လူသားတွေကို ဦးဆောင်ပြီး နယ်မြေအသစ်တွေကို ရှာဖွေခဲ့တယ်။ သူက သန့်စင်မင်းဆက်ကို တည်ထောင်ပြီး လူသားမျိုးနွယ်ကို ပြန်လည်စုစည်းခဲ့တာလေ။ အဲဒီနောက်မှာ မိစ္ဆာတွေကို အနောက်ဘက် တောရိုင်းနယ်မြေထဲ ပြန်မောင်းထုတ်နိုင်ခဲ့လို့ လူသားတွေ အေးအေးချမ်းချမ်း နေနိုင်ခဲ့ကြတယ်။ ဒါက သန့်စင်မင်းဆက်ရဲ့ အစပဲ"
မြေကမ္ဘာအင်မော်တယ်ဆိုတာ ကောင်းကင်ကပ်ဘေးအဆင့်အဆင့်ကို ရောက်နိုင်နိုင်ပေမယ့် အင်မော်တယ်လောကကို မတက်ဘဲ လူ့လောကမှာပဲ ဆက်နေတဲ့သူတွေကို ပြောတာမလား" ပိုင်ချူးရန်က ကြားဖြတ်မေး၏။
"ဒါဆို သူတို့မှာ သက်တမ်းကန့်သတ်ချက် မရှိသင့်ဘူး မဟုတ်လား။ သန့်စင်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ကျန်းချင်းကရော ဘာဖြစ်သွားတာလဲ"
"သူက သေသွားပြီ။ ကျန်းချင်းကလည်း သူ့ဘိုးဘေး ကျန်းလဲ့လိုပဲ လူသားမျိုးနွယ်အတွက် အသက်ပေးဆပ်ခဲ့တဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တာ"
ကျီရှန်း၏ လေသံမှာ နှမျောတသဖြစ်နေပုံ ရသည်။ "လူသားတွေ ခြေကုပ်ရလာတော့ မိစ္ဆာတွေတင်မကဘဲ အနီးအနားက နတ်ဆိုးတွေကပါ လာတိုက်ကြသေးတာ။ အစပိုင်းမှာတော့ တုန့်ချင်းမင်းဆက်ရဲ့ လက်ကျန်အင်အားက ကြီးနေသေးလို့ သူတို့တွေက ငြိမ်နေကြတာလေ။ နောက်ပိုင်းကျတော့ သန့်စင်မင်းဆက်ရဲ့ ဧကရာဇ်တွေက တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတာတွေ ရှိလာတယ်။ နောက်မှလူသားတွေရဲ့ စွမ်းအားပြန်ကြီးမားလာတော့မှ နတ်ဆိုးတွေက ဆုတ်ခွာသွားပြီး မိစ္ဆာတွေကလည်း ကတိကဝတ်တွေ လက်မှတ်ထိုးပြီး သူတို့ကမ္ဘာကို ပြန်သွားကြတယ်။ ငြိမ်းချမ်းတဲ့ ကာလတစ်ခု ရောက်လာတော့ အချို့ဧကရာဇ်တွေက အင်မော်တယ်ကမ္ဘာဆီ တက်လှမ်းသွားကြသလို အချို့ကလည်း အာဏာလုပွဲတွေကြားမှာ သေဆုံးခဲ့ကြရတယ်။ ပြောရမယ်ဆိုရင်တော့ အုပ်ချုပ်မှုစနစ် ယိုယွင်းလာတဲ့အခါမှာ သန့်စင်မင်းဆက်ပလည်း တုန့်ချင်းမင်းဆက်ရဲ့ လမ်းဟောင်းအတိုင်း လိုက်သွားခဲ့ရတာပဲ"
"ဒါဆို အဲဒီလိုနဲ့ပဲ ပျက်စီးသွားတာပေါ့" ပိုင်ချူးရန်က မေးလိုက်သည်။
"မဟုတ်ဘူး။ နောက်ဆုံး ဧကရာဇ် လက်ထက်မှာ တောရိုင်းနယ်မြေထဲမှာ နှစ်ပေါင်းများစွာ ငြိမ်နေခဲ့တဲ့ မိစ္ဆာတွေက ရုတ်တရက် ပြန်ပေါ်လာခဲ့တာ။ သူတို့တွေက အရင်ကထက် ပိုအစွမ်းထက်လာသလို ပြီးပြည့်စုံလာကြတယ်။ ဒါပေမဲ့ ကျဆင်းနေတဲ့ သန့်စင်မင်းဆက်ကတော့ သူတို့ကို ခုခံနိုင်စွမ်း မရှိတော့ဘူး"
အရိုးခေါင်းက ဆက်ရှင်းပြသည်။
"အနာဂတ် လူသားမျိုးနွယ်တွေအတွက် မျှော်လင့်ချက် ချန်ထားပေးနိုင်ဖို့ ငါက ရှေးဟောင်းမြို့တော်တွေကို တည်ဆောက်ဖို့ အမိန့်ပေးခံခဲ့ရတယ်။ မူလ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ဘေးကင်းရာ ရှောင်တိမ်းဖို့နဲ့ မြေအောက်မှာ အိပ်စက်ပြီး အချိန်စောင့်ဖို့ပဲ။ ဒါပေမဲ့ ဧကရာဇ် ကျဆုံးသွားတာကို အခွင့်ကောင်းယူပြီး အိမ်ရှေ့စံမင်းသားက အာဏာသိမ်းလိုက်တယ်။ သူတို့က ငါ့ကို သတ်ပြီး ငါ့ဝိညာဉ်ကို ဒီနေ့အထိ နှိပ်စက်ခဲ့ကြတာ။ ပြီးတော့ သူတို့က ရှေးဟောင်းမြို့တော်တွေကို အတင်းဖွင့်ပြီး သူတို့ရဲ့ ဝိညာဉ်တွေကိုပဲ အိပ်စက်စေခဲ့ကြတယ်။ နောင်တစ်ချိန်မှာ လူသားတွေ ပြန်လည် ထွန်းတောက်လာတဲ့အခါ ခန္ဓာကိုယ်တွေကို လုယူပြီး သူတို့ရဲ့ အာဏာကို ပြန်တည်ဆောက်ချင်လို့လေ"
"တကယ်ကို ရှုပ်ထွေးတဲ့ သမိုင်းကြောင်းပဲ"
ပိုင်ချူးရန်က သက်ပြင်းတစ်ချက် ချလိုက်၏။ "ဒါဆို သမိုင်းအကြောင်းကို ဒီမှာပဲ ရပ်ကြစို့။ ကျီရှန်း... ခင်ဗျားက ကောင်းကင်ဘုံက ပေးသနားထားတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတယ်ဆိုတော့ အရာအားလုံးကို သိတယ်လို့ ဆိုလိုတာလား"
"မဟုတ်ဘူး။ ငါ သိတာက ငါ အရင်က မြင်ဖူးခဲ့တာတွေကိုပဲ သိတာ။ ငါ တစ်ခုခုကို မြင်လိုက်တာနဲ့ အဲဒီအရာနဲ့ ပတ်သက်တာအားလုံးကို ကောင်းကင်ဘုံကတစ်ဆင့် ငါ သိနိုင်တယ်။ ဒါပေမဲ့ ငါ မမြင်ဖူးတဲ့ အရာတွေကိုတော့ ငါ မသိဘူး။ ဥပမာ တုန့်ချင်းမင်းဆက်ကလူတွေ ဘာလို့ ညတွင်းချင်း ပျောက်ကွယ်သွားရတာလဲဆိုတာမျိုးကို ငါလည်း အဖြေရှာမရဘူး"
အရိုးခေါင်းက ဆက်ရှင်းပြလေသည်။ "အဆုံးအစမရှိတဲ့ အသိပညာကိ ရချင်တဲ့ ငါ့လောဘကြောင့် ငါ့ရဲ့ တခြားသော လိုအင်ဆန္ဒအားလုံးကို စတေးပြီး ဒီစွမ်းရည်နဲ့ လဲလှယ်ခဲ့တာ"
"ဟုတ်ပြီ။ ဒါဆို ကျုပ် အခြေတည်အဆင့်ကို ဘယ်လိုတက်လှမ်းရမလဲဆိုတာ ခင်ဗျားလည်း မသိဘူးဆိုတဲ့ သဘောပေါ့"
ပိုင်ချူးရန်မှာ အတော်လေး စိတ်ပျက်သွားသော်လည်း မျှော်လင့်ချက် တစ်စွန်းတစ်စဖြင့် ထပ်မေးမိဆဲပင်။ "ကျုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ကောင်းကင်ဘုံကတစ်ဆင့် သဲလွန်စတစ်ခုခုများ ရနိုင်မလား"
"ရတာပေါ့။ အဲ့တာ ကောင်းကင်ဘုံလမ်းစဉ်ကိုတောင် သုံးစရာ မလိုပါဘူး။ မင်းလို အခြေအနေမျိုးကို အရင်က ငါ မြင်ဖူးတယ်"
ကျီရှန်း၏ မျက်လုံးတွင်းမှ ဝိညာဉ်မီးတောက်မှာ ပိုင်ချူးရန်ခန္ဓာကိုယ်ကို စူးစိုက်ကြည့်လာ၏။ "ဒါက ကောင်းကင်ဘုံ မနာလို ခန္ဓာကိုယ်ပဲမဟုတ်လား။ ဒါက တကယ့်ကိုရှားပါးပေမယ့် ငါ သိတာပေါ့"
"ကောင်းကင်ဘုံ မနာလို ခန္ဓာကိုယ် ဟုတ်လား"
ပိုင်ချူးရန်မှာ မျက်တောင်တဖျကိခတ်လိုက်ရင်း စိတ်ထဲတွင် တစ်ခုခုတော့ မှားနေပြီဟု ကြိုသိကာ အလျင်အမြန် မေးလိုက်သည်။ "အဲဒါက ဘာကြီးလဲ"