← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅) - မျှော်လင့်ချက် ရောင်ခြည်တန်း

အရိုးခေါင်း ကျီရှန်းသည် ပိုင်ချူးရန်၏ မေးခွန်းကို ချက်ချင်း မဖြေဘဲ ခေတ္တမျှ စူးစိုက်ကြည့်နေပြီးမှ ပြန်လည် မေးခွန်းထုတ်၏။ "မင်းရဲ့ ချီပင်လယ်က အဆုံးအစမရှိသလို ဖြစ်နေပေမဲ့ ကျင့်ကြံတဲ့အခါမှာတော့ စစ်မှန်ချီတွေကို အပြင်ကို စိမ့်ထွက်မသွားအောင် အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ် မဟုတ်လား"

"ဟုတ်တယ်" ပိုင်ချူးရန်က ခေတ္တမျှ ကြောင်အသွားပြီးမှ ပြန်ဖြေသည်။

"ဒါဆိုရင်တော့ သေချာပြီ မင်းက ကောင်းကင်ဘုံ မနာလို ခန္ဓာကိုယ်ပိုင်ရှင်ပဲ" ကျီရှန်းက တိကျပြတ်သားစွာ ပြောလာ၏။

"အဲဒီခန္ဓာကိုယ်က အရမ်းအစွမ်းထက်လို့လား"

အခြေခံဆောက်ခြင်းနှင့် ပတ်သက်လာလျှင် ပိုင်ချူးရန်၏ လေသံမှာ သိသိသာသာပင် လေးနက်သွားရသည်။

"ဘယ်လိုပြောရမလဲ။ တကယ့်ကို ထူးခြားဆန်းပြားတယ်လို့ပဲ ဆိုရမှာပေါ့"

ကျီရှန်းက ခေတ္တမျှ စဉ်းစားပြီးမှ ဆက်ပြောသည်။ "ငါသိသလောက်တော့ ကောင်းကင်ဘုံ မနာလို ခန္ဓာဆိုတာ ဒီလောကမှာ အကြောက်မက်ဖွယ်အကောင်းဆုံး ခန္ဓာကိုယ်ပဲ။ ဒီလို ခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့သူတွေက ကောင်းကင်သွေးကြော ပါရမီရှင်တွေထက်တောင် ပါရမီသာလွန်ကြတယ်။ ပိုပြီး ထူးခြားတာက ကျင့်ကြံခြင်းအဆင့် မြင့်တက်လာလေလေ အဲဒီပါရမီက ပိုပြီးတော့ တိုးတက်လာလေလေပဲ။ အဆုံးစွန်ထိ ကြီးထွားလာပြီးရင်တော့ ဒဏ္ဍာရီထဲက အစွမ်းအထက်ဆုံးလို့ဆိုကြတဲ့ အင်မော်တယ် ဝိညာဉ်ခန္ဓာနဲ့ 'ကောင်းကင်နတ်ဆိုး ခန္ဓာတွေတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ဒါဆိုရင်တော့ ကျုပ်အတွက် ကောင်းတဲ့သတင်းပဲ မဟုတ်ဘူးလား။"

ပိုင်ချူးရန်က အံ့သြဝမ်းသာစွာဖြင့် ပြောလာ၏။

"အစွမ်းထက်တဲ့ ရှုထောင့်က ကြည့်ရင်တော့ မှန်တယ် ဒါပေမဲ့ ဒါကို ထူးခြားဆန်းပြားတယ်လို့ ငါပြောရတဲ့ နောက်ကွယ်က အကြောင်းရင်းတစ်ခု ရှိသေးတယ်"

ကျီရှန်းက လေသံကို လျှော့ကာ ခပ်တိုးတိုး ပြောသည်။ "ကောင်းကင်ဘုံ မနာလို ခန္ဓာကိုယ်ဆိုတဲ့အတိုင်း ကောင်းကင်ဘုံက ဘာလို့ သူ့ကို မနာလိုရတာလဲဆိုတော့ ဒီလို ခန္ဓာကိုယ်မျိုးက နှစ်တစ်သောင်းမှာ တစ်ယောက် ပေါ်လာဖို့တောင် မလွယ်ကူလို့ပဲ။ သူ့ရဲ့ အလားအလာက အကန့်အသတ်မရှိဘူး။ သူ့ကောင်းကျိုးက အဆုံးအစမရှိတဲ့ ချီပင်လယ်ရယ်၊ အတိုင်းအဆမရှိတဲ့ ပါရမီတွေပေမဲ့ ပြဿနာကြီးတစ်ခုကတော့ သက်တမ်းပဲ"

အရိုးခေါင်း၏ မျက်လုံးတွင်းမှ အစိမ်းရောင် ဝိညာဉ်မီးတောက်မှာ ပိုမို တောက်ပလာပြီး ပိုင်ချူးရန်ကို စူးစိုက်ကြည့်နေ၏။

"မင်း နားလည်ထားသင့်တာက ကျင့်ကြံသူတစ်ယောက်အတွက် ချီပင်လယ် ကြီးလေ ကောင်းလေဆိုပေမဲ့ ချီသန့်စင်ခြင်းကနေ အခြေခံတည်ဆောက်ခြင်းကို ဖောက်ထွက်ဖို့ဆိုရင် ချီစွမ်းအင်တွေကို ဖိသိပ်ဖို့ ချီပင်လယ်ရဲ့ နံရံကို အသုံးပြုရတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံ မနာလိုသူရဲ့ ချီပင်လယ်မှာတော့ အကန့်အသတ်မရှိတဲ့အတွက် နံရံဆိုတာ မရှိဘူး။ ဒါကြောင့် သူတို့က ချီသန့်စင်ခြင်း အဆင့်မှာပဲ တစ်သက်လုံး ပိတ်မိနေပြီး နှစ်ပေါင်း သုံးရာထက် ပိုမနေနိုင်ကြဘူး။ သက်တမ်း သုံးရာပြည့်တဲ့အခါမှာတော့ မင်းကို မနာလိုဖြစ်နေတဲ့ ကောင်းကင်ဘုံက ဘယ်လိုမှ သက်ညှာပေးမှာ မဟုတ်ဘူး။ သေမင်းစေတမန်တွေက မင်းရဲ့ဝိညာဉ်ကို လာဖမ်းတဲ့အခါ မင်းရဲ့အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကြီးကလည်း အချည်းနှီး ဖြစ်သွားမှာပဲ"

ပိုင်ချူးရန်မှာ သေမင်းစေတမန် ရွှယ်လင်နှင့် သူ့နောက်လိုက်များကို ပြန်လည် မြင်ယောင်လာပြီး စကားပင် ပြန်မပြောနိုင်တော့ချေ။

"ငါ တစ်ခါက တွက်ချက်ကြည့်ဖူးတယ်။ တကယ်လို့သာ ကောင်းကင်ဘုံ မနာလိုသူ တစ်ယောက်က နှစ်တစ်ထောင် သက်တမ်းကို ဖြတ်ကျော်နိုင်ခဲ့ရင် ဒီလောကမှာ သူ့ကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလေ"

ကျီရှန်းက ဆက်ပြော၏။ "ငါတို့ခေတ်တုန်းကလည်း အဲဒီလိုလူတစ်ယောက် ရှိခဲ့ဖူးတယ်။ ငါ သူ့ကို တောက်လျှောက်လုံး စောင့်ကြည့်ခဲ့ဖူးတာ။ ဒါပေမဲ့ အဆုံးမှာတော့ သူ့အသက် ၃၅၀ ပြည့်တဲ့အခါမှာ သေမင်းစေတမန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပဲ။ သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားတဲ့အချိန်မှာ ကောင်းကင်ဘုံ မနာလိုတဲ့ လက္ခဏာရပ်တွေ အကုန်လုံး ပျောက်ကွယ်သွားတော့တာ"

"ဒါဆို ခင်ဗျားပြောချင်တာက ကျုပ် ဒီတစ်သက် အခြေတည်အဆင့်ကို ရောက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့"

အခန်း (၁၉၆) - မျှော်လင့်ချက် ရောင်ခြည်တန်း [၁]

ပိုင်ချူးရန်မှာ အလွန်အမင်း စိတ်ပျက်သွားကာ အရာအားလုံးကို စွန့်လွှတ်ပြီး သူ့မွေးရပ်မြေကိုပြန်ကာ အေးအေးဆေးဆေးပဲ နားလိုက်တော့မယ် ဟူသော အတွေးများပင် ဝင်လာခဲ့သည်။

သို့သော် ကျီရှန်းက တက်ပြောလာ၏။

"နေဦးလေ။ မင်း အခြေတည်အဆင့်ကို မရောက်နိုင်ဘူးလို့ ငါ ဘယ်တုန်းက ပြောလို့လဲ"

"ခင်ဗျားမှာ နည်းလမ်းရှိတာလား"

ပိုင်ချူးရန်မှာ မျှော်လင့်ချက် တစ်စွန်းတစ်စဖြင့် ဝမ်းသာလုံးဆို့သွားရသည်။

"ငါလည်း အတိအကျတော့ မသိဘူး"

ကျီရှန်းက သူ၏ တောက်လောင်လာသေည စိတ်ကို ရေအေးဖြင့် ပက်လိုက်ပြန်သည်။ ပိုင်ချူးရန်မှာ မေးစေ့ကို ပွတ်ကာ မျက်မှောင်ကြုတ်လျက် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

ခင်ဗျား လာနောက်နေတာလား"

"မဟုတ်ဘူး မဟုတ်ပါဘူးကွာ"

ကျီရှန်းက သူ့အား အလျင်အမြန်ပင် တားလိုက်၏။ "ငါ သေချာတဲ့နည်းလမ်းကို မသိပေမဲ့ သဲလွန်စတစ်ခုတော့ သိတယ်။ အဲဒီသဲလွန်စက ကောင်းကင်ဘုံ မနာလိုသူတွေလည်း အခြတည်အဆင့်ကို အောင်မြင်စွာ ရောက်နိုင်တယ်ဆိုတာကို သက်သေပြနေလို့ပဲ"

"ခင်ဗျား မြန်မြန်ပြောစမ်းပါ"

ပိုင်ချူးရန်က စိတ်မရှည်စွာ ပြောသည်။

"အဲ့တာကဒီလိုရှိတယ်။ အင်မော်တယ် ဧကရာဇ်အကြောင်းကို မင်း သိလား။"

အရိုးခေါင်းက မေးလိုက်သည်။

"သိတာပေါ့။ သူက ကျုပ်ကို သေမင်းဧကရာဇ်ဆိုတဲ့ နေရာအတွက်တောင် ကမ်းလှမ်းထားသေးတာလေ။ ဘာဖြစ်လို့လဲ သူကလည်း ကောင်းကင်ဘုံ မနာလိုသူ တစ်ယောက်လား"

"မဟုတ်ဘူး။ အင်မော်တယ်ဧကရာဇ်က သာမန်လူသားပဲ"

ကျီရှန်းက ဆက်ပြောသည်။

"ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါ တောရိုင်းနယ်မြေကို ရောက်ဖူးတယ်။ အဲဒီမှာ ရှေးဟောင်း အပျက်အစီး တစ်ခုကို တွေ့ခဲ့တယ်။ အဲဒီက နံရံဆေးရေးပန်းချီတွေကို ဖတ်ကြည့်ပြီး ငါ့ရဲ့ကြီးမြတ်တဲ့ ဉာဏ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ လျှို့ဝှက်ချက် တစ်ခုကို သိခဲ့ရတယ်"

"ဘာလျှို့ဝှက်ချက်လဲ"

"အင်မော်တယ်ဧကရာဇ်က လူသားတွေကို အင်မော်တယ်ကျင့်စဉ်တွေ စတင်သင်ကြားပေးခဲ့သူဆိုတာ အားလုံးသိကြတယ်။ ဒါပေမဲ့ အင်မော်တယ်တွေ မပေါ်ခင်က ဒီကမ္ဘာပေါ်မှာ နတ်ဘုရားလို့ခေါ်တဲ့ မျိုးနွယ်တစ်ခု ရှိခဲ့ဖူးတယ်"

ကျီရှန်းက ဖြည်းညှင်းစွာ ဆက်ပြော၏။

"အဲဒီနံရံဆေးရေးပန်းချီတွေအရ အင်မော်တယ်ဧကရာဇ်ရဲ့ ခေတ်ကာလမှာပဲ ကောင်းကင်ဘုံ မနာလိုသူ တစ်ယောက်လည်း ရှိခဲ့တယ်။ အင်မော်တယ်ဧကရာဇ်က တာအိုကျင့်စဉ်‌တွေ သင်ကြားပေးနေချိန်မှာ နတ်ဘုရားတွေရဲ့ ရန်ကိုခုခံပေးပြီး လူသားတွေအတွက် အသက်ရှူပေါက်ရအောင် လုပ်ပေးခဲ့တာ သူပဲ။ အရေးကြီးဆုံး အချက်ကတော့ အဲဒီ ပထမမျိုးဆက် ကောင်းကင်ဘုံ မနာလိုသူက စစ်မှန်အနှစ်သာရကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာပဲ"

ထိုသတင်းကို ကြားလိုက်ရချိန်တွင် နှစ်ပေါင်း တစ်ထောင်ကျော်ကြာမျှ တည်ငြိမ်နေခဲ့သော ပိုင်ချူးရန်၏ စိတ်အခြေအနေမှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။ ဤအမှောင်ထုကြီးထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကွဲကြောင်းကြားမှ နွေးထွေးသော အလင်းရောင်တစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည့်အလားပင် ခံစားလိုက်ရသည်။

'ဒီလောကကြီးမှာ မျှော်လင့်ချက် ရှိနေသေးတာပဲ'

"ကျုပ် သူ့ကို ဘယ်လို ရှာရမလဲ"

ပိုင်ချူးရန်သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အရိုးခေါင်းကို ဆွဲကိုင်ကာ မေးသည်။

"မင်း အရင်ဆုံး စိတ်အေးအေးထားပါဦး"

ကျီရှန်းက ပြော၏။ "အဲဒီ ပထမမျိုးဆက် ကောင်းကင်ဘုံ မနာလိုသူက ပျောက်ကွယ်သွားတာ ကြာလှပြီ။ နတ်ဘုရားတွေနဲ့ တိုက်တဲ့ စစ်ပွဲမှာ ကျဆုံးသွားတယ်လို့တော့ ထင်တာပဲ၊ ဒါပေမဲ့ မင်းက သူ့ရဲ့ သဲလွန်စကို ရှာချင်တယ်ဆိုရင်တော့ တောရိုင်းနယ်မြေကိုသွားပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ အပျက်အစီးတွေကို လိုက်ရှာဖို့ပဲ"

"ကျုပ် သွားမယ်။ အဲဒီ အပျက်အစီးတွေက ဘယ်မှာလဲ"

ပိုင်ချူးရန်မှာ စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေပြီး ချက်ချင်းပင် တောရိုင်းနယ်မြေသို့ ပြေးသွားချင်နေတော့သည်။ သူသည် အမှောင်ဟင်းလင်းပြင်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သတိရလိုက်သည်နှင့် လက်ဝါးကို မြှောက်ကာ လေဟာနယ်ကို ရိုက်ချလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဟင်းလင်းပြင်ကြီးမှာ သူ၏လက်ဝါးရာကြောင့် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

"ဟေ့ ရပ်လိုက်။ အဲဒီမှာ စမ်းသပ်ကွင်း ရှိတယ်။ ငါ့ရဲ့ လိုဏ်ဂူကိုတော့ မဖြိုချပါနဲ့ဦးကွ"

ကျီရှန်းက အလန့်တကြား အော်လိုက်သည်။ "မင်း ထွက်သွားလို့ ရအောင် ငါ နေရာရွှေ့ပြောင်းတဲ့ နည်းလမ်း သင်ပေးပါ့မယ်။ အေးအေးဆေးဆေး လုပ်စမ်းပါ"

ပိုင်ချူးရန်မှာ အသက်ကို ပြင်းပြင်းရှူကာ အနည်းငယ် ပြန်လည် တည်ငြိမ်သွား၏။

"ပြီးတော့ မင်း အခု တောရိုင်းနယ်မြေကို သွားလို့ မရသေးဘူး။ ငါ အပျက်အစီးတွေကို တွေ့ခဲ့တာက တိုက်ဆိုင်မှုတစ်ခုပဲ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အဲဒီနေရာတွေက မြေအောက်ထဲ နစ်မြုပ်နေလောက်ပြီ"

ကျီရှန်းက စကားမဆက်မီ ခေတ္တရပ်လိုက်သည်။ "မင်း နတ်ဆိုးကမ္ဘာကို သိတယ် မဟုတ်လား"

"သိတာပေါ့။ ဘာဖြစ်လို့လဲ"

"မင်း ပထမဆုံး ဘိုးဘေးနတ်ဆိုးဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို သွားရှာရမယ်။ အဲဒီမှာ နတ်ဘုရားတွေနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှိတယ်။ အဲဒီ နတ်ဆိုးဧကရာဇ်ဟာလည်း အင်မော်တယ်ဧကရာဇ်လိုပဲ နတ်ဘုရားတွေရဲ့ ခေတ်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဖြစ်တည်မှုတစ်ခုပဲ”

—————————————

လီကျင်းယောင်၊ ထန်ရော်ဝေနှင့် အခြားသော ကျင့်ကြံသူတစ်သိုက်သည် ခန္ဓာငါးပါးပျက်ဆီးခြင်း မီးတောက်စမ်းသပ်ခန်းမ၏ အပြင်ဘက်၌ အသက်ရှူမှားမတတ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွဲလျက် ကြီးမားခန့်ညားသော နန်းတော်တံခါးကြီးမှာ အတွင်းဘက်မှနေ၍ တကျွိကျွိမြည်သံနှင့်အတူ ဖြည်းညှင်းစွာ ပွင့်ဟလာလေ၏။

ပိုင်ချူးရန်သည် ခန်းမဆောင်၏ အမှောင်ရိပ်ထဲမှနေ၍ ဦးခေါင်းခွံတစ်ခုကို လေထဲသို့ မြှောက်ကိုင်ထားရင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ထန်ရော်ဝေသည် ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ ရှေ့သို့ ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ အလန့်တကြား အော်ဟစ်လာ၏။

"မဆိုင်တဲ့လူတွေ အကုန် နောက်ဆုတ်ကြစမ်း။ မတော်တဆ ထိခိုက်မိသွားရင် ကျွန်မ တာဝန်မယူဘူးနော်”

All Chapters