အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း (၁၉၇) - ကပ်ဘေးကို မကျော်ဖြတ်ရတဲ့ ချီသန့်စင်ခြင်းအဆင့်
"ဟေ့ ဟေ့ ငတုံးမလေး။ ငါပေးထားတဲ့ ကျောက်စိမ်းပြားနဲ့ ငါ့ကို ပြန်ပေါက်ဖို့ စဉ်းစားမနေစမ်းနဲ့"
ပိုင်ချူးရန်က တရားခံကို ဖမ်းဆီးမည့် တရားသူကြီးတစ်ဦးပမာ အသံကျယ်ကြီးဖြင့် အော်ဟစ်သတိပေးလိုက်သည်။
"မဟုတ်ရင် ငါရေးထားတဲ့ ကဗျာတွေကို လူပုံလယ်မှာ အသံထွက် ရွတ်ပြပစ်မှာ"
ထိုစကားကြောင့် ထန်ရော်ဝေမှာ နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်အလား အေးခဲသွားရပြီး မည်သို့ တုံ့ပြန်ရမှန်းမသိတော့ဘဲ လက်နှစ်ဖက်ကို မြှောက်လျက်သားဖြင့် ကြောင်တောင်တောင်လေး ရပ်နေမိတော့သည်။
"ကဲပါ တော်ပါတော့ ညီမလေးရော်ဝေရယ်။ ကြည့်ရတာ ဒီဓားဘိုးဘေးက အစစ်ဖြစ်ဖို့ များပါတယ်"
လီကျင်းယောင်က ရှေ့သို့တက်လာပြီး ထန်ရော်ဝေ၏ မြှောက်ထားသော လက်များကို အောက်သို့ ဆွဲချပေးရင်း ဝင်ဖျန်ဖြေသည်။ "ဓားဘိုးဘေးကြီးသာ ခန္ဓာကိုယ် အလုခံလိုက်ရပြီဆိုရင် ငါတို့တွေ အခုချိန်ထိ အသက်ရှင်လျက် ရှိနေပါဦးမလား"
"အေးလေ။ အဲဒါ့ကိုပြောတာပေါ့"
ပိုင်ချူးရန်က သဘောတူညီစွာဖြင့် ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြသည်။ "ငါ့တပည့်မလေး။ မင်း စီနီယာအစ်မလီဆီကနေ အတုယူသင်ယူသင့်တယ်။ ဒီလိုအချိန်မျိုးဆို နည်းနည်းပါးပါး ဉာဏ်လေးဘာလေး သုံးဖို့လိုတယ်လေ။ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် လက်စားချေဖို့လောက်ပဲ အခွင့်အရေး လိုက်ချောင်းမနေနဲ့"
ထိုအချိန်တွင် ပိုင်ချူးရန်မှာ အခြေတည်အဆင့်သို့ ရောက်နိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိထားသဖြင့် စိတ်အခြေအနေမှာ အလွန်တရာ ကောင်းမွန်နေခဲ့သည်။ သူသည် တပည့်ဖြစ်သူအနားသို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်သွားလိုက်ပြီး သူမ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်၏။
"ဒါဆို ဓားဘိုးဘေးကြီး တစ်ခုခုများ ထူးခြားတာ တွေ့ခဲ့လို့လားဟင်"လီကျင်းယောင်က မေးသည်။
"မဟုတ်မှ ကျွန်မတို့တွေ စမ်းသပ်မှုကို အောင်မြင်သွားပြီလို့ ဆိုလိုတာလား"
ပိုင်ချူးရန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းကာ လျှို့ဝှက်ဆန်းကြယ်သော မှော်အစီအရင်တစ်ခုကို ထုတ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထူထဲသော တိမ်တိုက်များနှင့် မြူခိုးများက ပတ်ဝန်းကျင် အရပ်ဆယ်မျက်နှာမှ လွင့်ပျံလာပြီး သူတို့တစ်သိုက်လုံးကို အခြားသော နေရာလပ်တစ်ခုဆီသို့ ခေါ်ဆောင်သွားတော့သည်။
မြူခိုးများ တဖြည်းဖြည်း ကွဲလွင့်သွားသောအခါ လူတိုင်းသည် ကောင်းကင်ယံထက်၌ပင် ရှိနေဆဲဖြစ်ကြောင်း သတိပြုမိ၏။ သို့သော် သူတို့ ရှေ့မှောက်တွင်မူ အခြားသော ကြီးမားလှသည့် နတ်ဘုရားတံခါးကြီးတစ်ခုက ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။ ထိုတံခါးကြီးပေါ်တွင် ရေးထွင်းထားသော စာလုံးလေးလုံးက သူတို့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုအရာမှာ မြေကမ္ဘာအင်မော်တယ်လောကဟု၍ ဖြစ်သည်။
"တောက်... အဲ့ကောင်စုတ်လေး"
ထိုစာလုံးလေးလုံးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ပိုင်ချူးရန်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော ဦးခေါင်းခွံကြီးမှာ ရုတ်တရက် ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။ သူ၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးပေါက်များအတွင်းမှ အစိမ်းရောင် ဝိညာဉ်မီးတောက်များမှာလည်း ဒေါသအဟုန်ကြောင့် မီးပွားများ လွင့်စင်ထွက်လာသည်အထိ ပြင်းထန်စွာ တောက်လောင်လာ၏။
"ငါ့ရဲ့ နတ်ဘုရားတံခါးပေါ်မှာ သူက ထပ်ပြီး စာတွေ လျှောက်ရေးထားပြန်ပြီ။ တကယ့်ကို တုံးအလိုက်တဲ့ကောင်ပဲ။ အခုထိ ဒီလို အချည်းနှီး အိပ်မက်တွေ မက်နေတုန်းပဲလား"
"သူများလက်ထဲမှာ အကိုင်ခံထားရပြီး ဘာမှမတတ်နိုင်ဘဲ အော်နေရတဲ့သူကရော ဘယ်သူပါလိမ့်နော်" ပိုင်ချူးရန်က ရွဲ့စောင်းစောင်း လေယူလေသိမ်းဖြင့် ပြန်လည် လှောင်ပြောင်လေသည်။
ကျီရှန်းမှာ ပိုင်ချူးရန် စကားကြောင့် ချက်ချင်းပင် ဆွံ့အသွားရ၏။ ဘေးနားရှိ ကျင့်ကြံသူ လူငယ်တစ်သိုက်မှာလည်း ထိုစကားပြောနိုင်သော အရိုးခေါင်းကြီးကို ကြည့်ကာ အံ့အားသင့်နေကြသည်။ ထိုစဉ် ယိုမေ့ချောင်က ဝင်မေးသည်။ "ဆရာ။ ဒီအရိုးစုက ဘယ်သူကြီးလဲဟင်"
ပိုင်ချူးရန်သည် သူမ ခေါ်ဝေါ်လိုက်သော ဆရာဟူသည့် အမည်နာမကို ပြင်ဆင်ပေးရန်ပင် ပျင်းရိနေခဲ့သည်။ ထို့ကြောင့် ကျီရှန်း၏ ဦးခေါင်းခွံကို လေထဲသို့ အနည်းငယ် မြှောက်ပြရင်း ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။ "ဒါက ဒီလိုဏ်ဂူရဲ့ ပိုင်ရှင်ပဲ။ အင်း... မူလပိုင်ရှင်ဟောင်းပေါ့ကွာ"
"ဟေ့... နေကောင်းကြလား ကလေးတွေ"
အရိုးခေါင်း ကျီရှန်းသည် ပိုင်ချူးရန်၏ လက်ထဲမှနေ၍ပင် တည်ငြိမ်စွာ နှုတ်ဆက်လေ၏ "ငါက ကောင်းကင်ဘုံက ပေးသနားထားတဲ့ ကြီးမြတ်တဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်တစ်ပါးပဲ။ ငါ့ကို ကျီရှန်းလို့ ခေါ်လို့ရတယ်"
တပည့်များသည် မယုံကြည်နိုင်စွာဖြင့် တစ်
ယောက်မျက်နှာ တစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီးနောက် လီကျင်းယောင်က ခဏတွေးပြီး ပြောသည်။ "ရှင်က တကယ်ပဲ မြေကမ္ဘာအင်မော်တယ်လား"
"အရင်တုန်းကတော့ ဟုတ်ခဲ့တာပေါ့"
အရိုးခေါင်းကျီရှန်းက ရယ်မောလျက် ပြန်ဖြေ၏။ သူသည် လက်ရှိ သနားစရာကောင်းလှသော အခြေအနေအတွက် အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် ဖြစ်နေပုံ မပေါ်ချေ။
"နောင်လာနောက်သား မျိုးဆက်တွေထဲမှာ ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ်ပိုင်ရှင်ကို တွေ့ရလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။ ပြီးတော့ အဲဒီ ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံ မနာလိုသော ခန္ဓာ ပိုင်ရှင်တို့ တစ်နေရာတည်းမှာ အတူတူ ဆုံနေကြတာကို မြင်ရတာ တကယ့်ကို ရှားရှားပါးပါးကိစ္စပဲ"
အခန်း (၁၉၈) - ကပ်ဘေးကို မကျော်ဖြတ်ရတဲ့ ချီသန့်စင်ခြင်းအဆင့် [၁]
"အဲ့လူ အသက်ရှင်စဉ်တုန်းက ချန်ထားခဲ့တဲ့ ရတနာတိုက်ကြီး တစ်ခုရှိတယ်လို့ ပြောကြတယ်။ အဲဒီထဲမှာ ကျင့်စဉ်ကျမ်းတွေနဲ့ အဖိုးတန် ရတနာတွေ အစုံရှိတယ်။ မင်းတို့တွေ အဲဒီကျင့်စဉ်တွေကို သွားကြည့်လို့ရတယ်။ ရတနာတွေကတော့ ရေစက်ပါတဲ့သူ နောက်ကိုပဲ လိုက်မယ်လို့ ပြောကြတာပဲ။ မင်းတို့လည်း သွားပြီး ကံစမ်းကြည့်ကြပေါ့" ပိုင်ချူးရန်သည် သူ၏ ကျောဘက်ရှိ ခန့်ညားလှသော နတ်ဘုရားတံခါးကြီးကို ညွှန်ပြရင်း ပြောသည်။
"ဒီအထဲမှာရော ထောင်ချောက်တွေ ဘာတွေ မရှိဘူးမလား" ထန်ရော်ဝေက မေး၏။
"မရှိဘူး။ ဒါက ရတနာသေတ္တာ ဖွင့်ရမယ့် အပိုင်းပဲလေ"
အရိုးခေါင်း ကျီရှန်းက ဝင်ရောက် ဖြေကြားသည်။
"မိန်းကလေး... မင်းက ဆံပင်ဖြူ ရောင်းရင်းလေးရဲ့ တပည့်ပဲဖြစ်ရမယ်။ ဒီလိုဏ်ဂူကို တည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက်က အနာဂတ်မျိုးဆက်တွေအတွက် အမွေအနှစ်တွေ ချန်ထားခဲ့ချင်လို့လေ။ စမ်းသပ်မှုတွေ အကုန်လုံး အောင်မြင်သွားပြီးမှ ငါက ဘာကိစ္စ ထောင်ချောက်တွေ ထားခဲ့ရဦးမှာလဲ။ ပြီးတော့ အဲဒီ အန္တရာယ်ရှိတဲ့နေရာတွေကိုလည်း မင်းတို့ရဲ့ ဆရာက အကုန် ရှင်းလင်းထားပြီးသားပဲဟာ"
"ကဲ... အဲဒါဆိုရင် မင်းတို့ဘာသာမင်းတို့ ဆက်သွားကြည့်ကြတော့" ပိုင်ချူးရန်က လမ်းခွဲရန် ပြင်လိုက်သည်။
"ဆရာ ဘယ်သွားမလို့လဲ"
ပိုင်ချူးရန် ထွက်သွားတော့မည်ကို ရိပ်မိလိုက်သောအခါ ယိုမေ့ချောင်က အလျင်အမြန် လှမ်းမေးလေ၏။
"ငါ လုပ်စရာ ကိစ္စလေး နည်းနည်းရှိလို့ပါ။ အပြင်ထွက်ပြီး မင်းတို့ရဲ့ ဆရာတွေကို သွားရှာဦးမယ်"
ပိုင်ချူးရန်က ပြန်ဖြေ၏။
"မင်းတို့တွေ ဒီမှာပဲနေပြီး တတ်နိုင်သလောက် လေ့လာထားကြ။ နောက်မှ မင်းတို့ဂိုဏ်းက လူကြီးတွေကို ငါ ခေါ်လာခဲ့မယ်။ ဒီလိုဏ်ဂူကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ ငါတို့ အားလုံး အတူတူ ဆွေးနွေးကြတာပေါ့"
ထိုစကားကို ကြားလိုက်ရသောအခါ လီကျင်းယောင်၏ မျက်နှာလေးမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။ သို့သော် ယိုမေ့ချောင်က သူမကို နောက်ပြောင်သည့်အလား ပြုံးစိစိဖြင့် လှမ်းကြည့်လိုက်ရာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂုဏ်ယူဝင့်ကြွားရသော ပါရမီရှင်မလေးမှာ စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းလေးကိုသာ စူထားနေမိတော့၏။
"ပြီးတော့ ခင်ဗျားကိုရော ဘယ်လို သယ်သွားရင် ကောင်းမလဲ"
ပိုင်ချူးရန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ နတ်သားရဲတစ်ကောင်၏ ခိုင်ခံ့လှသော အကြောကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ကာ ကျီရှန်း၏ ဦးခေါင်းခွံကို သူ့ခန္ဓာကိုယ်တွင် ချည်နှောင်ရန် ပြင်လိုက်သည်။
ကျီရှန်းတွင် အရိုးခေါင်းတစ်ခုသာ ကျန်ရှိတော့သော်လည်း သူ၏ ဝိညာဉ်မီးတောက်မှာမူ လောင်မြိုက်နေဆဲပင်။ သာမန် သိုလှောင်အိတ်များသည် ဝိညာဉ်များနှင့် အခြားသော နာမ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုများကို ထည့်သွင်းသိမ်းဆည်း၍ မရနိုင်ပေ။ ဝိညာဉ်များကို ဖမ်းယူနိုင်သော ကျောက်တုံးများ သို့မဟုတ် ဝိညာဉ်ထိန်းသိမ်းသော ပုံဆောင်ခဲများကဲ့သို့သော အထူးပြုလုပ်ထားသည့် မှော်ပစ္စည်းများကို အသုံးပြုမှသာ သိမ်းဆည်းထားနိုင်မည် ဖြစ်၏။
"ဟေ့... နေဦး... နေပါဦး ရောင်းရင်းလေးရဲ့။ မင်း ချည်ချင်ရင်လည်း ချည်ပါ။ ငါ့မျက်လုံးပေါက်ထဲကိုတော့ ကြိုးနဲ့ လာမထိုးနဲ့လေ"
ကျီရှန်းက အော်ဟစ်လိုက်သည်။
"အဲဒီလိုလုပ်ရင် ငါ ယားတယ်ကွ"
"ရှင်က အရိုးစုပဲ ကျန်တော့တာကို ယားတတ်သေးတာလား"
ထိုစကားကို ကြားလိုက်ရသောအခါ ထန်ရော်ဝေက မချိတင်ကဲဖြင့် ချက်ချင်း ပက်ခနဲ ဝင်ပြောသည်။
"ရှင်က တကယ့်ကို အကြောတင်းတဲ့ အရိုးစုကြီးပဲ"
"ငါ့ရဲ့ ကောင်းကင်ဘုံက ပေးထားတဲ့ အင်မော်တယ် ကောင်းချီးတွေက ဘယ်လို အလုပ်လုပ်လဲဆိုတာ ငါကိုယ်တိုင်တောင် မသိဘူး"
ကျီရှန်းက ပြန်ဖြေ၏။
"ဘာပဲဖြစ်ဖြစ် ငါ့ဝိညာဉ်မီးတောက်ကို လာထိရင်တော့ ယားတာ ခံစားရတာပဲ"
ကျီရှန်းက အသည်းအသန် အော်ဟစ်ခုခံနေသဖြင့် ပိုင်ချူးရန်သည်လည်း စိတ်ရှုပ်လာကာ အဆုံးတွင် မျက်လုံးပေါက်ထဲသို့ ကြိုးထိုးထည့်ခြင်းကို လက်လျှော့လိုက်တော့သည်။ ထို့နောက် ၎င်း၏ ဦးခေါင်းခွံကြီးကို ဝိုင်အိုး ဖရဲသီးတစ်လုံးကို ချည်သည့်ပုံဖြင့် အသေအချာ ချည်နှောင်လိုက်ပြီး သူ့ခါးတွင် တွဲလောင်း ချိတ်ဆွဲလိုက်တော့၏။
ဖြူလွလွ ဝတ်ရုံရှည်ကြီးနှင့် ဖြူဖွေးနေသော ဆံပင်ကို ပိုင်ဆိုင်ထားပြီး ခါးတွင်လည်း အစိမ်းရောင် ဝိညာဉ်မီးတောက်များ တောက်လောင်နေသည့် ဦးခေါင်းခွံကြီးတစ်ခုကို တွဲလောင်း ချိတ်ဆွဲထားသော ပိုင်ချူးရန်၏ ပုံစံမှာ အလွန်တရာ ထူးဆန်းနေ၏။ ထိုမြင်ကွင်းကို ကြည့်ရင်း လီကျင်းယောင်နှင့် ယိုမေ့ချောင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြကာ တစ်ပြိုင်နက်တည်း အသံထွက် ပြောကြသည်။ "ဓားဘိုးဘေးက ငါတို့ နတ်ဆိုးကျင့်ကြံသူတွေထက်တောင် နတ်ဆိုးနဲ့ ပိုတူနေသေးတယ်"
"သွားကြစမ်း။ ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက တရားမျှတမှုရဲ့ မဏ္ဍိုင်ကြီးပါကွ"
ပိုင်ချူးရန်သည် ထိုမျိုးဆက်သစ် လူငယ်ကျင့်ကြံသူတစ်သိုက်ကို သူ၏ တပည့်မလေးနှင့်အတူ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ထဲသို့ အတင်းမောင်းထုတ်တော့သည်။ ထို့နောက် သူသည် ကျီရှန်းကို ခေါ်ဆောင်ကာ လိုဏ်ဂူအတွင်းရှိ နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြု၍ ပြောင်းပြန်လှန်ထားသော တောင်ထိပ်ပေါ်သို့ ပြန်လည် ရောက်ရှိလာ၏။
"သတိထားဦးနော်။ အပြင်ဘက်မှာ မိုးကြိုးကပ်ဘေး အစီအရင်ကြီး ရှိနေသေးတယ်"
ကျီရှန်းက သတိပေးလိုက်၏။
"ငါ့ရဲ့ အရှက်မရှိတဲ့ တပည့်က အဆင့်မြင့်ကျင့်ကြံသူတွေ ဝင်မလာနိုင်အောင်လို့ နတ်အသွင်ပြောင်းခြင်းအဆင့် အထက်ဆိုရင် မိုးကြိုးပစ်ချအောင် အစီအရင်ကို ပြောင်းထားတာ။ မင်းက အရမ်းအစွမ်းထက်နေတော့ မိုးကြိုးတွေကို သွားမလှုံ့ဆော်မိစေနဲ့ဦး။ မင်းရဲ့ စွမ်းအားနဲ့ဆို လိုဏ်ဂူကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ အဲဒီအထဲမှာ တန်ဖိုးရှိတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ကျန်နေသေးတယ်ကွ"
"ဪ အဲ့အတွက်တော့ ပူစရာ မလိုပါဘူး"
ပိုင်ချူးရန်က ပြန်ပြောသည်။
"ကျုပ်က ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာလေ။"
ကျီရှန်းမှာ သူ၏ စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ သို့သော် ပိုင်ချူးရန်မှာမူ မြေကြီးကို အားကုန်ကန်ကာ ကောင်းကင်ထက်သို့ မြားတစ်စင်းအလား ပျံတက်သွားပြီ ဖြစ်သည်။ သူသည် ဦးခေါင်းထက်ရှိ အာကာသ လှိုင်းတွန့်များကြားသို့ ထိုးဖောက် ဝင်ရောက်သွားပြီးနောက် ကျိုကျိုး၏ နယ်မြေဆယ်ခု ကမ္ဘာထဲသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိသွားတော့သည်။
ထိုနေရာသို့ ရောက်သည်နှင့် ဆွဲငင်အားမှာလည်း နောက်တစ်ကြိမ် ပြောင်းပြန် ဖြစ်သွားပြန်၏။ ဧရာမ တောင်ကြီးမှာ သူ၏ ခေါင်းထက်သို့ ရောက်ရှိသွားပြီး ယခုအခါ သူသည် မိုင်ပေါင်းများစွာ မြင့်မားသော ကောင်းကင်ယံမှနေ၍ ဇောက်ထိုး ပြုတ်ကျနေသည်။ သူ့ အောက်ဘက် တည့်တည့်တွင်မူ မြေကမ္ဘာအင်မော်တယ်များ၏ ရှေးဟောင်းမြို့တော်ကြီးက ငြိမ်သက်စွာ တည်ရှိနေ၏။
"ဟမ်။ တကယ်ပဲ မိုးကြိုးဘေးဒုက္ခ အစီအရင်က အလုပ်မလုပ်ဘူးပဲ"
ကျီရှန်းက အံ့သြတကြီး ရေရွတ်နေစဉ်မှာပင် ပိုင်ချူးရန်သည် သူ့ကို ခါးတွင် ချိတ်ဆွဲလျက် မြေကမ္ဘာအင်မော်တယ်များ၏ ရှေးဟောင်းမြို့တော်ရှိရာသို့ လျင်မြန်သော အဟုန်ဖြင့် ဆင်းသက်သွားလေတော့သည်။
"သူ ဒီလောက် အစွမ်းထက်နေတာကို။ ကောင်းကင်ဘုံ လမ်းစဉ်က သူ့ကို ချီသန့်စင်ခြင်းအဆင့်လို့ပဲ သတ်မှတ်ထားတာလား"