အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း (၁၉၉) - ကောင်းကင်ဘုံ၏ ကောင်းချီး
ရုတ်တရက် မြေပြင်တစ်ခုလုံး သိမ့်ခနဲ တုန်ခါသွားရာ စားပွဲထက်ရှိ ကြွေပန်းကန်လုံးထဲမှ လက်ဖက်ရည်များ ဖိတ်စင်ကျလာပြီး စားပွဲမျက်နှာပြင်တစ်ခုလုံး စိုရွှဲသွား၏။
ပန်းထိုးနေသည့် စုရှန်းရွှယ်သည် လက်စမသတ်ရသေးသော မန်ဒရင်းဘဲပျံပုံ ပန်းထိုးစနှင့် ကိရိယာများကို အသာအယာ သိမ်းဆည်းလိုက်၏။ ထို့နောက် မျက်နှာပြင်ကို ဇာပဝါပါးဖြင့် သေချာစွာ ဖုံးအုပ်လိုက်ပြီးနောက် အခန်းတွင်းမှ ခြေသံလုံစွာ ထွက်ခွာလာသည်။
အပြင်ဘက်သို့ ရောက်သည်နှင့် မြေကမ္ဘာအင်မော်တယ်များ၏ ရှေးဟောင်းမြို့ရိုးအနောက်ဘက်ဆီမှ လိပ်တက်လာသော ဧရာမ ဖုန်လုံးကြီးတစ်ခုကို သူမ လှမ်းမြင်လိုက်ရသည်။ စုရှန်းရွှယ်က ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း အနီးရှိ ကာမသုတြာဂိုဏ်းသူများဘက်သို့ လှည့်ကာ မေးသည်။"ဘာတွေ ဖြစ်ကုန်တာလဲ"
"ဂိုဏ်းချုပ်ကို တင်ပြပါရစေ."
တပည့်ဖြစ်သူက ရိုသေကျိုးနွံစွာ ခေါင်းငုံ့လျက် ပြန်လည် လျှောက်တင်၏။
"ခုလေးတင် ကောင်းကင်ပေါ်ကနေ လူရိပ်တစ်ခု ပြုတ်ကျလာပြီး မြို့ပြင်ကို သွားရိုက်ခတ်ပါတယ်။ တခြားဂိုဏ်းတွေက အကြီးအကဲတွေလည်း အခြေအနေကို သွားစစ်ဆေးနေကြပါပြီ"
"သြော်။ ဒီလိုကိုး"
ထိုသည်မှာ ဆင်းသက်လာခြင်းမဟုတ်ဘဲ သွားရိုက်ခတ်သည်ဟူသော စကားရပ်ကြောင့် စုရှန်းရွှယ် စိတ်ထဲ၌ အဖြေတစ်ခုက ရုတ်ချည်း လင်းလက်သွားတော့သည်။ သူမသည် တပည့်များကို ထိုနေရာတွင်သာ စောင့်နေရန် အမိန့်ပေးခဲ့ပြီး ထိုအရပ်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားလေ၏။
မြို့ပြင်သို့ သူမ ရောက်ရှိသွားချိန်၌ ရွှမ်ဖာကျောင်းတော်မှလွဲ၍ အခြားဂိုဏ်းပေါင်းစုံမှ အကြီးအကဲများမှာ ရောက်နှင့်နေကြသည်။ လူအုပ်ကြီးမှာ ဧရာမ မြေကျင်းဟောက်ကြီးတစ်ခု၏ ဘေးပတ်လည်တွင် အုံခဲနေကြ၏။ ထိုစဉ် ခါးတွင် ဦးခေါင်းခွံတစ်ခုကို တွဲလောင်းချိတ်ဆွဲထားသော ပိုင်ချူးရန်သည် ကိုယ်ပေါ်မှ ဖုန်များကို ခါချရင်း ချိုင့်ခွက်ကြီးထဲမှ အေးအေးလူလူ လျှောက်ထွက်လာခဲ့သည်။
သူ၏ ထူးဆန်းလှသော ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသောအခါ စုရှန်းရွှယ်မှာ မချင့်မရဲဖြစ်သွားပြီး မပြောပဲဘဲ မနေနိုင်တော့ချေ။ "ရှင်က ဘယ်လို ပုံစံကြီးနဲ့ ပြန်လာတာလဲ"
"ဘာပုံစံကိုပြောတာလဲ"
ပိုင်ချူးရန်က လူအုပ်ကြီးရှေ့သို့ လျှောက်လာရင်း ခပ်အေးအေးပင် နှုတ်ဆက်လိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ။ ငါ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ"
ဂိုဏ်းချုပ်များနှင့် အကြီးအကဲများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြစဉ် ရုတ်တရက် ကျူယွမ်ကျီက အသံကုန်ဟစ်အော်လာ၏ "အမှားပါသွားရင် ကြိုတောင်းပန်ထားချင်ပါတယ် ဘိုးဘေး"
သူသည် ပြောပြီးသည်နှင့် ကျောဘက်ရှိ ဓားပျံသည် ဓားအိမ်ထဲမှ လျှပ်တစ်ပြက် ထွက်လာ၏။ ရေတွက်၍မရနိုင်လောက်အောင် ရှုပ်ထွေးနက်နဲလှသော ဓားအလင်းတန်းများက လေဟုန်ကို ခွဲဖြတ်ကာ ကွန်ရက်တစ်ခုအလား ပုံပေါ်လာသည်။ ထိုအရာကား ကျူယွမ်ကျီ၏ ကျော်ကြားလှသော သိုင်းကွက်ဖြစ်သည့် ရွှေရောင်ဓားသိုင်းပင်။ သို့သော် ကျူးယွမ်ကျီ၏ ဓားသိုင်းအဆင့်အတန်းမှာ လင်းဖန် သိုင်းကွက်ထက် အဆပေါင်းများစွာ ပိုမိုနက်နဲသိမ်မွေ့နေကြောင်းကိုကား နှိုင်းယှဉ်စရာပင် မလိုတော့ချေ။
သူနှင့် တစ်ပြိုင်နက်တည်းမှာပင် ဖူယွမ်ကျီနှင့် လီဖန်ဖေးတို့ကလည်း အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ကြတော့သည်။ ဖူယွမ်ကျီ၏ ကျယ်ဝန်းသော အင်္ကျီလက်စွပ်ထဲမှ စုတ်တံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဝံပုလွေမွေးစုတ်တံထိပ်ဖျားမှ မင်ရောင် ဓားစွမ်းအင်များက ရေစီးကြောင်းတစ်ခုအလား စီးဆင်းသွား၏။ လေဟာပြင်ထက်တွင် လေရူးက ကမ္ဘာမြေကို ဖက်တွယ်ထားပြီး ဝူကျန်းကိုဖွင့်ရန် မြင်းဖြူတစ်ကောင်ကို စီးနင်းခဲ့သည် ဟူသော စာကြောင်းတစ်ကြောင်းကို ရေးသားလိုက်ရာ သတ်ဖြတ်လိုသော အငွေ့အသက်များက ပိုင်ချူးရန်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်လေသည်။ တစ်ချိန်တည်းမှာပင် လီဖန်ဖေးကလည်း အနက်ရောင် နဂါးကြီးရှစ်ကောင်ကို လျင်မြန်စွာ ရေးဆွဲလိုက်ရာ ထိုနဂါးကြီးများသည် တိမ်တိုက်များကို ဝါးမျိုပြီး အစွယ်များကို ဟန်ရေးပြကာ ပိုင်ချူးရန်ရှိရာသို့ ဒေါသတကြီး ပြေးဝင်ကိုက်ဖြတ်တော့၏။
ပထမဆုံး စတင်တိုက်ခိုက်ခဲ့သော ကျူးယွမ်ကျီသည် ထိပ်တန်းအဆင့်ရှိ ဂိုဏ်းချုပ်တစ်ဦးဖြစ်ကာ ကျန်နှစ်ဦးမှာလည်း အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြသည့်အားလျော်စွာ သူတို့ဖန်တီးလိုက်သော စွမ်းအင်လှိုင်းများမှာ ကောင်းကင်နှင့် မြေကြီး၏ အရောင်ကိုပင် ရုတ်ချည်း ပြောင်းလဲသွားစေခဲ့သည်။ ပတ်ဝန်းကျင်ရှိ တူညီသော အဆင့်ရှိသည့် ကျင့်ကြံသူများပင်လျှင် ထိုတိုက်ခိုက်မှု၏ ပြင်းထန်သော အစွန်းထွက်စွမ်းအားများကြောင့် အလန့်တကြား ရှောင်ရှားခဲ့ကြရ၏။
သို့သော် ပိုင်ချူးရန်ကမူ လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်ကာ ထိုပြင်းထန်လှသော တိုက်ခိုက်မှုအားလုံးကို ဘေးသို့ အသာအယာ ဖယ်ရှားပစ်လိုက်သည်။ သူ၏ အရှေ့ဘက်ရှိ ဟင်းလင်းပြင်ကြီးမှာ တံမြက်စည်းဖြင့် သပ်ရပ်စွာ လှည်းကျင်းခံလိုက်ရသကဲ့သို့ တစ်မုဟုတ်ချင်းပင် ရှင်းလင်းပြောင်စင်သွားတော့သည်။
ဓားအလင်းတန်းများ၊ စာလုံးများနှင့် ပန်းချီကားထဲမှ နဂါးကြီးများအားလုံးမှာ သူ၏ နောက်ကျောဘက်သို့ လွင့်စင်သွားကြပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းသော လွင်ပြင်ကြီးတစ်ခုလုံးကို ဧရာမ မြေကျင်းကြီးများအဖြစ်သို့ တစစီ ပြောင်းလဲသွားစေခဲ့သည်။ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ရှိ ကျင့်ကြံသူများ၏ အစွမ်းကုန်တိုက်ခိုက်မှုမှ ကြောက်မက်ဖွယ် သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာသကဲ့သို့ပင် ဆိုးရွားလှ၏။
စွမ်းအင်တိုက်ခိုက်မှုများ အရှိန်သေသွားပြီးနောက် ပိုင်ချူးရန်သည် ကျူးယွမ်ကျီ၏ ဓား၊ ဖူယွမ်ကျီ၏ ဝံပုလွေမွေး စုတ်တံဓားနှင့် လီဖန်ဖေး၏ စုတ်တံတို့ကို လက်ဖြင့် လျှပ်တစ်ပြက် ဖမ်းဆုပ်လိုက်သည်။
ထို့နောက် ထိုသုံးယောက်လုံးကို ဆွဲယူကာ မြေကြီးပေါ်သို့ ကြမ်းတမ်းစွာ ပစ်ပေါက်လိုက်ပြီး တစ်ယောက်ကို တစ်ချက်စီ ပြင်းပြင်းထန်ထန် ကန်ထုတ်ပစ်၏။
ဖူယွမ်ကျီမှာ ရှေးဟောင်းမြို့ရိုး၏ တံခါးမျှော်စင်ပေါ်သို့ ခေါင်းစိုက်ကျသွားပြီး သူ၏ ခန္ဓာကိုယ် အထက်ပိုင်းတစ်ခုလုံးမှာ အုတ်ကြွပ်မိုးများကြားသို့ နစ်ဝင်သွားခဲ့သည်။ လီဖန်ဖေးမှာမူ မြို့ရိုးနံရံကြီးနှင့် ပြင်းထန်စွာ ရိုက်မိသွားရာ နံရံတစ်ခုလုံးတွင် ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းကြီးများ ဖြစ်သွားရ၏။ ကျူးယွမ်ကျီကမူ အသနားဆုံးပင်။ သူသည် အမြင့်ဆုံးသို့ လွင့်စင်သွားပြီးနောက် ရှေးဟောင်းမြို့ရိုးအနီးရှိ မြစ်ထဲသို့ အော်ဟစ်သံကြီးဖြင့် ပြုတ်ကျသွားကာ ဧရာမ ရေပန်းကြီးတစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
အခန်း (၂၀၀) - ကောင်းကင်ဘုံ၏ ကောင်းချီး [၁]
ပတ်ဝန်းကျင်ရှိ အကြီးအကဲများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရမှသာ အလျင်အမြန် ပြေးလာကြတော့သည်။ ဆရာတော် ဝေ့ချန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်အုပ်ကိုချီမိုးကာ ပြောလာ၏။ "အော်မီတော်ဖော်... ကြည့်ရတာ ဓားဘိုးဘေးအစစ်နဲ့တူပါတယ်"
"ဟမ့်... မင်းလို နံစော်ကိုယ်တော်က ခုကျမှ ဘာလို့ပေါ်လာပြီး အစောကကျ ဝင်မတားတာလဲ"
မုဟွမ်က သရော်သည့်ဟန်ဖြင့် ပြောလာသည်။
"ငရဲကို မင်းမှမသွားရင် ဘယ်သူသွားမှာလဲ ဆိုတဲ့ စကားပုံမျိုး ခင်ဗျားတို့ ကိုယ်တော်တွေဆီမှာ ရှိတယ် မဟုတ်လား၊ အဲ့တာကို ဘာလို့အရင်ဆုံးရှေ့မထွက်တာလဲ"
"အော်မီတော်ဖော်... ဂိုဏ်းတူအစ်ကိုတော် ကျူးယွမ်ကျီတို့ သုံးယောက်က သူတို့ကိုယ်သူတို့ စတေးသွားကြပါပြီ။ ကိုယ်တော်အနေနဲ့ သူတို့ဆီက နာမည်ကောင်းကို မလုယူဝံ့ပါဘူး"
ဆရာတော် ဝေ့ချန်သည် သူ၏ ကတုံးကို ပွတ်သပ်လိုက်ရင်း ပိုင်ချူးရန်ကို တစ်ချက် လှမ်းကြည့်ကာ ပြော၏။ "ဘာပဲဖြစ်ဖြစ် ဒါက ငရဲမှ မဟုတ်တာ"
မုဟွမ်က တစ်စုံတစ်ရာ ထပ်ပြောရန် ပြင်လိုက်သော်လည်း စုရှန်းရွှယ်က သူတို့ကို တားဆီးလာ၏။ "ကဲပါ ကဲပါ။ ဒါ အစစ်မှန်း ငါစောစောကတည်းက သိတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ကို သိသာနေတာကိုး။ တစ်လောကလုံးမှာ သူကလွဲလို့ ဒီလိုစတိုင်ရှိတဲ့ ကောင်မျိုး ဘယ်မှာရှိဦးမှာလဲ"
ကာမသုတြာဂိုဏ်းချုပ် စုရှန်းရွှယ်က သက်ပြင်းချရင်း ဆက်ပြောသည်။
"အလုပ်ကိစ္စ ပြောဖို့က ပိုအရေးကြီးတယ်လေ"
ရှန်ဝူကောင်းကင်စစ်တပ်မှ တပ်မှူး ကျန်းရွေ့ဖေးသည် သူ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး အံ့အားသင့်စွာဖြင့် ပြောလာသည်။ "နေပါဦး။ ဂိုဏ်းချုပ်စုက အစစ်မှန်း သိနေမှတော့ ညီအစ်ကို ကျူးယွမ်ကျီတို့ သေလမ်းရှာနေတာကို ဘာလို့ ဝင်မတားရတာလဲဖိ
စုရှန်းရွှယ်သည် ဘေးတစ်ဖက်သို့ ခပ်စိမ်းစိမ်း လှည့်ကြည့်လိုက်ပြီး ပြန်ဖြေ၏။ "တပ်မှူးကျန်းရယ် မမေ့နဲ့ဦးလေ။ ဒီရှန်းရွှယ်က အစတည်းက နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူလေ"
ကျန်းရွေ့ဖေးမှာ ဆွံ့အသွားခဲ့ရတော့သည်။ "ဟူး... ထားပါတော့ကွာ"
ထိုအချိန်တွင် ဟွမ်ဖူဖုန်းက သူ့အား တွန်းဖယ်ကာ ရှေ့သို့ လှမ်းတက်လာခဲ့သည်။ သူက ပိုင်ချူးရန်၏ ခါးတွင် တွဲလောင်းကျနေသော ဦးခေါင်းခွံကြီးကို တစ်ချက်ကြည့်ပြီးနောက်မှ မေးမြန်း၏။ "စီနီယာ ဓားဘိုးဘေး အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ"
ထို့နောက် ပိုင်ချူးရန်က အထဲတွင် ကြုံတွေ့ခဲ့ရသည်များနှင့် တပည့်များ၏ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။ ထို့နောက် သူ၏ခါးမှ ဦးခေါင်းခွံကို ဖြုတ်ယူကာ လေထဲမြှောက်ပြရင်း ပြော၏။ "ဒါကတော့ ကျီရှန်းလိုဏ်ဂူရဲ့ မူလသခင်ဖြစ်တဲ့ အရင်တုန်းက မြေကမ္ဘာအင်မော်တယ်ဖြစ်ခဲ့တဲ့ ကျီရှန်းပဲ"
"ကလေးတို့ရေ... နေကောင်းကြရဲ့လား"
ပိုင်ချူးရန်၏ လက်ထဲမှ ကျီရှန်းက မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ရသည့်အလား ရင်းနှီးစွာ နှုတ်ဆက်လာသည်။ "ငါက ကျီရှန်းပါ"
"အံ့ဩစရာပဲ။ ဝိညာဉ်ခန္ဓာကိုယ်တောင် မရှိတော့တာကို ဘယ်လိုများ အသက်ရှင်နေရတာလဲ"
ယင်းလင်ဂိုဏ်းမှ အကြီးအကဲ ကွေ့ချိုက်မှာ စပ်စုချင်စိတ်ဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း ပိုင်ချူးရန်၏ လက်ဝါးဖြင့် ရိုက်ပုတ်ခြင်းကို ခံလိုက်ရ၏။ "လာပြီး စမ်းသပ်မနေနဲ့"
ပိုင်ချူးရန်က တစ်ချက်စိုက်ကြည့်ပြီးနောက် ဆက်ပြောသည်။ "အဲ့မိုးကြိုးကပ်ဘေးအစီအရင်ကြီးကို ဘယ်လိုပိတ်ရမလဲဆိုတာ မင်းတို့ကို သင်ပေးဖို့ သူ့ကို ငါ ခေါ်လာခဲ့တာ။ မင်းတို့ အဲ့ဒီ အစီအရင်ကို ပိတ်လိုက်ပြီးရင် လိုဏ်ဂူထဲဝင်ပြီး အရင် ရှင်းလင်းကြ"
အကြီးအကဲ ကွေ့ချိုက်သည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ခဏမျှ တွေးတောကာ ခေါင်းညိတ်လာသည်။
"ကောင်းပါပြီ"
ကျီရှန်း၏ လမ်းညွှန်မှုအောက်တွင် ယခုတစ်ကြိမ်၌ အရှက်အကြောက် အကင်းမဲ့ဆုံးဖြစ်သော ဆရာတော် မိုချန်သည် ကျီရှန်း၏ နည်းလမ်းအတိုင်း လိုဏ်ဂူတော် အဝင်ဝအနီး၌ ဖုံးလွှမ်းနေသော မိုးကြိုးကပ်ဘေးအစီအရင်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့၏။ ထို့နောက် ဂိုဏ်းအကြီးအကဲများနှင့် စီနီယာများ ပါဝင်သော လူအုပ်ကြီးသည် တပည့်များနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
သူတို့အားလုံး ဘေးကင်းစွာ ဝင်ရောက်သွားပြီဖြစ်ကြောင်း သေချာသွားသောအခါ ပိုင်ချူးရန်သည် လူသူကင်းမဲ့သော နေရာတစ်ခုသို့ တစ်ယောက်တည်း ထွက်ခွာသွားပြီး ဝိညာဉ်ခေါ်ယူခြင်း မန္တန်ကို အသက်သွင်းလိုက်၏။
အချိန်အနည်းငယ် ကြာပြီးနောက် ယင်စွမ်းအင်များက ဟင်းလင်းပြင်ထဲသို့ ပြည့်နှက်လာပြီး သံကြိုးရိုက်ခတ်သံများနှင့်အတူ လေဟာနယ်ထဲမှနေ၍ ရွှယ်လင်သည် ပိုင်ချူးရန် အရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ငါ့ကို ဘာကိစ္စ ခေါ်တာလဲ"
ပိုင်ချူးရန်ထံသို့ ရောက်ရှိလာသည်နှင့် ရွှယ်လင်မှာ အမြဲတမ်းလိုပင် လိုရင်းကိုသာ တည့်တိုး မေးမြန်းလေ့ရှိသည်။
"ဒီမှာ မြေကမ္ဘာ အင်မော်တယ်တွေရဲ့ လတ်လတ်ဆတ်ဆတ် ဝိညာဉ်တချို့ ရှိတယ်"
ပိုင်ချူးရန်သည် ကျီရှန်းလိုဏ်ဂူတော်ထဲတွင် သူ အနိုင်ယူခဲ့သော မြေကမ္ဘာ အင်မော်တယ်တို့၏ ဝိညာဉ်များကို ထုတ်ယူလိုက်ပြီး အနက်ရောင် သံချောင်းများအတွင်း ချိတ်ပိတ်ထားသော သန့်စင်မင်းဆက်မှ အိမ်ရှေ့စံမင်းသား၏ ဝိညာဉ်များနှင့်အတူ ရွှယ်လင်ထံသို့ ကမ်းပေးသည်။
ရွှယ်လင်သည် ထိုဝိညာဉ်များကို သူ၏ စက္ကူမီးအိမ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ထို့နောက် ပိုင်ချူးရန်က ကျီရှန်း၏ ဦးခေါင်းခွံကိုပါ ကမ်းပေးကာ မေး၏။"မင်း ဒါကိုရော လက်ခံနိုင်လား"
"ဟားဟား... မင်းက ငါ့ကို စမ်းသပ်နေတာပဲ"
ကျီရှန်းက ရယ်မောရင်း ဝင်ပြောလာသည်။ "ကိစ္စမရှိပါဘူး ရောင်းရင်းလေးရဲ့။ ငါ့ရဲ့ ရိုးသားမှုကို မင်း မြင်ခွင့်ရပါလိမ့်မယ်"
ပိုင်ချူးရန်သည် ကျီရှန်းအား လျစ်လျူရှုလိုက်ပြီး ရွှယ်လင်ကိုသာ စူးစိုက်ကြည့်နေ၏။ ဦးခေါင်းခွံ၏ မျက်လုံးပေါက်များထဲမှ အစိမ်းရောင် ဝိညာဉ်မီးတောက်ကို မြင်လိုက်ရကတည်းက ရွှယ်လင်သည် လေးနက်စွာ စဉ်းစားခန်းဝင်သည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် ရွှယ်လင် ခေါင်းခါလိုက်ပြီး ပြတ်သားစွာ ပြောလာ၏။ "ဒီ ကောင်းကင်ဘုံရဲ့ ကောင်းချီး ကိုတော့ ငရဲပြည်က လက်ခံလို့ မရဘူး။ အချိန်တန်ရင် ကောင်းကင်ဘုံကပဲ သူ့ကိုယ်သူ ပြန်သိမ်းယူသွားလိမ့်မယ်"