← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁) - အပျိုကြီး

"သူ့မှာ သိလိုစိတ်ပြင်းပြမှုကလွဲပြီး တခြား ဘာဆန္ဒမှ မကျန်တော့ဘူးဆိုတာ သေချာရဲ့လား"

ပိုင်ချူးရန်က မေးမြန်းလိုက်၏။

"အင်း။ ကျန်တဲ့ဆန္ဒတွေ အကုန်လုံး ပျောက်ကွယ်သွားခဲ့ပြီ"

ရွှယ်လင်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။

"သူ့ကို စမ်းသပ်ဖို့ ငါ့အကူအညီလိုရင်တော့ အဲဒီကိစ္စအတွက် ပူမနေနဲ့တော့။"

ထိုသူနှစ်ဦး စကားပြောနေကြစဉ် ကျီရှန်းသည် မင်ယင်းနှင့် ရွှယ်လင်တို့ကို မျက်စိဒေါက်ထောက် အကဲခတ်နေခဲ့၏။ ခေတ္တအကြာတွင် သူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ ပြုံးလျက် ပြေ။လာသည် "ဟေးဟေး မင်းတို့နှစ်ယောက်က သာမန်ဝိဉာဉ်တွေမှ မဟုတ်ဘဲ။ တစ်ယောက်က စစ်ပွဲတွေကြား ဖွားမြင်ပြီး စစ်မြေပြင်မှာပဲ စွန့်ပစ်ခံရတယ် ပြီးတော့ အဲဒီမှာပဲ သေဆုံးခဲ့တယ်။ တခြားပြိုကွဲနေတဲ့ ဝိညာဉ်တွေကို စုပ်ယူရင်းကနေ ဝိဉာဉ် ဖြစ်လာတာပဲ။ နောက်တစ်ယောက်ကတော့ မာနတွေ၊ နာကြည်းချက်တွေကြောင့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ မင်းတို့တွေအတူရှိနေတာ အံ့ဩစရာကောင်းတဲ့ ပေါင်းစပ်မှုပဲ။"

ထိုစကားများကို ကြားလိုက်ရသောအခါ မင်ယင်းမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်သို့ အနည်းငယ် ဆုတ်သွားသော်လည်း ရွှယ်လင်ကမူ မကျေမနပ် မျက်မှောင်ကြုတ်မိသည်။ "ဒီကောင်ကို မြန်မြန် ငါ့ရှေ့ကခေါ်သွားစမ်းပါ"

သူက ပိုင်ချူးရန်အား လှည့်ပြောသည်။

"ဒါဆို မင်း သူ့ကို တမလွန်လောကဆီ ဘာလို့ ပြန်မခေါ်သွားတာလဲ။" ပိုင်ချူးရန်သည် သူ၏လက်ထဲမှ ဦးခေါင်းခွံကို လေထဲသို့ မြှောက်လိုက် ချလိုက်လုပ်နေ၏။

"နေ... နေပါဦး။ မလုပ်ပါနဲ့။"

ကျီရှန်းက ကမန်းကတန်း အော်ဟစ်ငြင်းဆန်လာသည်။ "ငရဲပြည်က အရမ်းပျင်းစရာကောင်းတယ်။ နေ့တိုင်း ရုံးတက်၊ ရုံးဆင်းလုပ်နေရတဲ့ ကောင်တွေနဲ့ဆို ငါ့ရဲ့ ဗဟုသုတဆာလောင်မှုကို ဘယ်လိုလုပ် ဖြည့်ဆည်းနိုင်ပါ့မလဲ။"

ထိုအခါ ရွှယ်လင်ကလည်း ခေါင်းခါယမ်းကာ ပြော၏။ "တမလွန်လောကလည်း ကိစ္စတိုင်းကို အဆုံးအထိ လိုက်စပ်စုတတ်တဲ့ ဒီလိုကောင်မျိုးကို သဘောကျမှာ မဟုတ်ဘူး။ မင်းပဲ သိမ်းထားလိုက်ပါ။ မင်း မသေသရွေ့ သူက မေးခွန်းတိုင်းကို ဖြေပေးနိုင်လိမ့်မယ်၊ အဲဒါက မင်းအတွက် အများကြီး အထောက်အကူဖြစ်စေမှာပဲ။"

"ဟုတ်တယ် ဟုတ်တယ်။ ရောင်းရင်းလေး ပိုင်... အယ်... ဘိုးဘေးလေးပိုင်လို့ ပြောတာပါ။ မင်း ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်ရဲ့ ဂူသင်္ချိုင်းတွေကို သွားစူးစမ်းချင်တယ် မဟုတ်လား။ သွားကြည့်ကြမယ်လေ။ ငါက မှုခင်းဆေးပညာ စွမ်းရည်တွေလည်းသိတဲ့သူဆိုတော့ မင်းအတွက် အများကြီး အထောက်အကူ ဖြစ်နိုင်တဲ့သူပဲ"

ကျီရှန်းက အသည်းအသန် အော်ဟစ်ပြောသည်။

"ငါလည်း ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးချင်တယ်။ ပြီးတော့ ရှေးခေတ်တုန်းက သူနဲ့ အင်မော်တယ်ဧကရာဇ်၊ နတ်ဘုရားတွေကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ နားလည်ချင်တယ်။ ကျေးဇူးပြုပြီး ငါ့ကိုသာ ခေါ်သွားမယ်ဆိုရင် မင်းငါ့ကို ပစ္စည်းတစ်ခုလို အသုံးချလို့ ရပါတယ်"

ပိုင်ချူးရန် ခေတ္တမျှ စဉ်းစားခန်းဝင်သွားသည်။ ဤပညာရှိ ကျီရှန်းဆိုသူအား သူ လုံးဝ အယုံအကြည်မရှိပေ။ တစ်ဖက်လူသည် လွန်ခဲ့သော ခေတ်ဟောင်းကာလမှ အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ရွှယ်လင်က သူ့တွင် စပ်စုချင်စိတ်မှလွဲ၍ အခြားမည်သည့်ဆန္ဒမျှ မရှိဟု ဆိုသော်ငြား နောင်တစ်ချိန်တွင် ဤကောင်သည် မည်သို့သော ဘေးဒုက္ခမျိုး ဖန်တီးလာမည်ကို မည်သူကမျှ အတိအကျ ကြိုမသိနိုင်ချေ။

ပိုင်ချူးရန် ကျီရှန်း၏ နောက်ကြောင်းကို ရေရေရာရာ နားမလည်သေးသော်လည်း ရွှယ်လင်မှာ သူ့အား ငရဲပြည်သို့ ခေါ်ဆောင်သွားရန် လက်မခံပေ။ အလုံခြုံဆုံးနှင့် အသေချာဆုံးသော တစ်ခုတည်းသောနည်းလမ်းမှာ သူနှင့်အတူ ခေါ်ဆောင်သွားရန်သာ ရှိတော့သည်။ ပထမအချက်အနေဖြင့် ထိုအရိုးခေါင်းအား သူ့ မျက်စိအောက်တွင် သေချာစွာ စောင့်ကြည့်ထိန်းချုပ်ထားနိုင်၏။ ဒုတိယအချက်အနေဖြင့် ကျီရှန်းသည် သူ၏ အခြေတည်အဆင့်နှင့်ပတ်သက်သော အဖိုးတန် သဲလွန်စတစ်ခုကို ပေးစွမ်းခဲ့သည်။ ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် သူ့အား လက်ခံလိုက်ခြင်းဖြင့် ထိုကျေးဇူးကို ဆပ်နိုင်၏။

"ဒါဆိုလည်း လောလောဆယ် ငါ့နောက်ကို လိုက်ခဲ့တော့။"

ပိုင်ချူးရန်သည် ဝမ်းသာအားရဖြစ်နေသော ကျီရှန်းအား သူ၏ခါးဘေးတွင် ပြန်ချိတ်ဆွဲလိုက်ပြီးနောက် ရွှယ်လင်နှင့် မင်ယင်းတို့အား မေးသည်။ "မြေကမ္ဘာအင်မော်တယ်ကိစ္စတော့ ပြီးသွားပြီ မဟုတ်လား။"

"အင်း။ ကျိုကျိုးဒေသဆယ်ခုမှာ ရှေးဟောင်းမြို့တော်တွေ အများကြီးကျန်သေးတယ်။ ပြီးတော့ အသက်ရှင်ကျန်ရစ်တဲ့ ကောင်းကင်အင်မော်တယ်တွေလည်း ရှိနေနိုင်သေးတယ်။ ဒါပေမဲ့ အဲဒါတွေက မင်းတို့ လူသားလောကနဲ့ မသက်ဆိုင်တော့ဘူး။ ငါ့ရဲ့ လက်အောက်ငယ်သားတွေက ဆက်ရှင်းလင်းပြီး အလုပ်လက်စဖြတ်လိုက်လိမ့်မယ်။"

ရွှယ်လင်က ခေါင်းညိတ်ကာ ပြော၏။

"ဒီတစ်ကြိမ်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အတူတကွ ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်။"

ပိုင်ချူးရန်သည် လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် ချက်ချင်းပင် ရိုင်းစိုင်းသော လေသံအဖြင့်ပြောင်းကာ ပြောလာသည်။ "ကဲ။ မင်းတို့ ထွက်သွားလို့ရပြီ။ ငါ့အလုပ် ငါလုပ်ရတော့မယ်။"

ရွှယ်လင်သည် သူ့အား တောက်လောင်သော အကြည့်ဖြင့် စိုက်ကြည့်ရင်း မေး၏။ "အခြေတည်အဆင့်ကို ရောက်နိုင်ဖို့ သဲလွန်စ ရှာတွေ့သွားပြီလား။"

"အင်း။"

ထိုအကြောင်းအရာကို ပြောလိုက်ချိန်တွင် ပိုင်ချူးရန်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ "နှစ်ပေါင်း သုံးထောင်ကျော် ကြာပြီးတဲ့နောက်မှာတော့ ငါထွက်ပေါက်ကို မြင်ခဲ့ရပြီ။"

"ဟားဟား။"

ရွှယ်လင်က ခပ်ဟဟ ရယ်မောလေ၏။

"ဝမ်းသာနေတာ စောလွန်းတယ်။ မိုင်တစ်ရာခရီးကို သွားတဲ့သူတွေအတွက် ကိုးဆယ်ရာခိုင်နှုန်းရောက်မှ တစ်ဝက်ပဲရှိသေးတယ်လို့ ဆိုရိုးစကားရှိတယ်။ ဒီသဲလွန်စကို အကောင်အထည်ဖော်ဖို့ နောက်ထပ် နှစ်သုံးထောင်ကျော် အချိန်ယူရနိုင်တယ်နော်။"

ထိုစကားကြောင့် ပိုင်ချူးရန်မှာ ရှက်လည်းရှက်မိသွားသလို ဒေါသလည်းထွက်သွားမိပြီး အထိတ်တလန့် အော်ဟစ်နေသော မင်ယင်းအား ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဆောင့်ကန်သွင်းပစ်တော့သည်။

အခန်း (၂၀၂) - အပျိုကြီး [၁]

လိုဏ်ဂူဗိမာန်အတွင်းရှိ ကျင့်ကြံခြင်းနယ်မြေသို့ ပိုင်ချူးရန် ပြန်ရောက်လာသောအခါ ဂိုဏ်းကြီးများမှ လူများသည် လိုဏ်ဂူဗိမာန်ရှိ နေရာအနှံ့အပြားအား စတင်ရှင်းလင်းနေ... မဟုတ်သေး။ အပြင်းအထန် စစ်ဆေးတိုင်းတာရေးများ လုပ်ဆောင်နေကြသည်ကို မြင်လိုက်ရ၏။

လူတိုင်းမှာ အလွန်အမင်း စိတ်အားထက်သန်နေကြပြီး အထူးသဖြင့် ရွှမ်ဖာ ကျောင်းတော်မှ နည်းပညာရူးအုပ်စုပင် ဖြစ်သည်။ တပည့်များမှစ၍ အကြီးအကဲများအထိ အားလုံးမှာ ရူးသွပ်နေသည့်အလား ထင်မှတ်ရ၏။ သူတို့သည် ကျင့်ကြံခြင်းလောက၏ အမှန်တရားဂိုဏ်းကြီးငါးခုမှ အဆင့်မြင့် ထိပ်တန်းပုဂ္ဂိုလ်များနှင့် လုံးဝမတူဘဲ စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ပြေးလာကြသော စိတ်ဝေဒနာရှင်တစ်စုနှင့်သာ တူနေကြသည်။

ပိုင်ချူးရန်သည် မျက်လုံးများကိုမှေးကာ ကောင်းကင်ယံရှိ အမြင့်ဆုံးနန်းတော်ဆီသို့ ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ကာ မေးသည်။

"အပေါ်က ရွှယ်အကြီးအကဲကို ဘယ်သူသွားခေါ်မှာလဲ။ ဂုဏ်သရေရှိ ဂိုဏ်းအကြီးအကဲတစ်ယောက်က အမိုးပေါ်မှာ သွားလှဲနေရတယ်လို့။ ဘယ်လိုတောင် ဖြစ်နေလဲ။"

"အာ စီနီယာ ဓားဘိုးဘေးကိုး။ ကျောင်းအုပ်ကြီး ချိုးယွီရွှမ်က အကြောင်းကြားစာ ရရှိထားပြီးပါပြီ။ မကြာခင် သူ လူတွေခေါ်လာပါလိမ့်မယ်။"

ရွှမ်ဖာကျောင်းတော်မှ အနည်းငယ် တည်ငြိမ်သော တပည့်တစ်ဦးက ကြမ်းပြင်ကြွေပြားပေါ်ရှိ ပုံစံငယ်များကို ဓားဖြင့်ကလော်ထုတ်နေရင်းဖြင့် ပိုင်ချူးရန်အား ဖြေကြား၏။

"ချိုးယွီရွှမ်ကလား"

ပိုင်ချူးရန် ခေတ္တမျှ စဉ်းစားလိုက်၏။

"ဘာလို့ ဆိုးရွားတဲ့ကိစ္စတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရပါလိမ့်။"

သိပ်မကြာမီမှာပင် ကျောင်းအုပ်ကြီး ချိုးယွီရွှမ်သည် ရွှမ်ဖာကျောင်းတော်မှ အကြီးအကဲအချို့နှင့်အတူ ပြေးဝင်လာ၏။ သူတို့၏ မြန်ဆန်လှသော အမြန်နှုန်းမှာ ပျံသန်းလာပုံပင် မပေါက်ချေ။ ဤအရူးတစ်သိုက်သည် လေ့လာစရာ မြေကမ္ဘာဗိမာန် တစ်ခုရှိနေကြောင်း ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အစောကမှ လေ့လာဆန်းစစ်ပြီးစီးထားသော ဘေးကင်းလုံခြုံမှု ရှိမရှိ အတည်မပြုရသေးသည့် အာကာသကူးပြောင်းရေး အစီအရင်ကို အသုံးပြုကာ ရွှမ်ဖာကျောင်းတော် ဌာနချုပ်မှ မြေကမ္ဘာဗိမာန်၏ ရှေးဟောင်းမြို့တော်ဆီသို့ တိုက်ရိုက် ခုန်ကူးလာခဲ့ကြခြင်း ဖြစ်သည်။

ဤလူစုကို မြင်လိုက်ရသောအခါ ပိုင်ချူးရန်မှာ အံ့ဩတုန်လှုပ်သွားပြီး စမ်းသပ်ရာကို စွဲလမ်းနေသော အရူးများဖြင့်ဖွဲ့စည်းထားသော ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းလုံး ရောက်ချလာသည်ဟုပင် တွေးမိသွား၏။

သူ ထင်မှတ်ထားသည့်အတိုင်းပင် ချိုးယွီရွှမ်နှင့် အခြားသူများသည် ရွှယ်အကြီးအကဲကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ခဏအကြာတွင် ရွှမ်ဖာကျောင်းတော်၏ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများအားလုံးမှာ နန်းတော်ခေါင်မိုးပေါ်တွင် တစ်တန်းတည်း အတူတကွ လှဲလျောင်းနေကြပြီး ပါးစပ်မှလည်း တစ်တွတ်တွတ်ရွတ်ဆိုကာ ကိရိယာအမျိုးမျိုးဖြင့် တိုင်းတာနေတော့၏။

ဤသည်မှာ ရွှမ်ဖာကျောင်းတော်၏ ပင်ကိုယ်စရိုက်ဖြစ်ကြောင်း ပိုင်ချူးရန် သိထားသဖြင့် သူတို့ကို နောက်ထပ် သတိပေးနေရန် အချိန်မဖြုန်းတော့ပေ။ သတိပေးလည်း အလကားသာ ဖြစ်ပေမည်။

သူက ချိုးယွီရွှမ်အား ပစ္စည်းများ မပျက်စီးစေရန် သတိထားကိုင်တွယ်ဖို့ မှာကြားခဲ့ပြီးနောက် အထဲသို့ဝင်ကာ ယခင်က သူချန်ရစ်ခဲ့သော တပည့်အုပ်စုများ အခြေအနေမည်သို့ရှိနေကြောင်း သွားရောက်ကြည့်ရှု၏။

သူ လှည့်လည်ကြည့်ရှုပြီးနောက် ဤတပည့်များစွာသည် ကိုယ်ပိုင်ကံကြမ္မာအခွင့်အရေးများကို ရှာဖွေတွေ့ရှိထားကြောင်း တွေ့လိုက်ရသည်။ အချို့မှာ စာကြည့်တိုက်ဧရိယာအတွင်းရှိ မှော်ပညာလျှို့ဝှက်ချက်များကို တွေ့ရှိကာ နက်နက်နဲနဲ တွေးတောနေကြပြီး အချို့မှာမူ သူတို့နှင့် ရေစက်ပါသော မှော်လက်နက်များနှင့် ဆုံတွေ့ကာ သခင်ကို အသိအမှတ်ပြုသည့် မှော်လက်နက်၏ အစီအရင်များကို အသက်သွင်းနေကြ၏။

သူ၏ တပည့်ဖြစ်သော ထန်ရော်ဝေပင်လျှင် သံချပ်ကာတစ်ခုကို ရရှိထားပြီး ယခုအချိန်တွင် သန့်စင်နေလေသည်။ ထိုသူများအား သူ အနှောင့်အယှက်မပေးတော့ဘဲ ကာမသုတြာဂိုဏ်းမှ တပည့်များ၏ အခြေအနေကို စစ်ဆေးနေသော စုရှန်းရွှယ်အား သွားရှာကာ သီးသန့် ထောင့်တစ်နေရာဆီသို့ ခေါ်ထုတ်လာခဲ့၏။

"ရှင် ကျွန်မကို အရင်စပြီး ခေါ်ထုတ်လာတယ်ဆိုတာ တကယ့်ကို ရှားရှားပါးပါးပဲ။"

စုရှန်းရွှယ်သည် ပိုင်ချူးရန်နောက်သို့ လိုက်ပါသွားကာ တိမ်လွှာများထက်တွင် လွင့်မျောနေသော အမိုးစွန်းတဲငယ်လေးတစ်ခုအတွင်း ဝင်ထိုင်လိုက်ပြီးနောက် သူမမျက်နှာပေါ်ရှိ ပုဝါကို ဖယ်ရှားလာ၏။

ပိုင်ချူးရန်မှာ ကျင့်ကြံခြင်းလောကတွင် သူမမျက်နှာကို တည့်တည့်ကြည့်ကာ ပုံမှန်အတိုင်း စကားပြောဆိုနိုင်သော လူနည်းစုထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။ အခြားသူများဆိုလျှင် ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ရှိ စွမ်းအားပိုင်ရှင်ဖြစ်နေလျှင်တောင်မှ ကာမသုတြာဂိုဏ်း၏ ညှို့ဓာတ်အနုပညာစွမ်းအင်အောက်တွင် တုန်လှုပ်ချောက်ချားသွားမည်မှာ အသေအချာပင်။

သို့သော် ဤတစ်ကြိမ်တွင်မူ ပိုင်ချူးရန်မှာ သူမ၏ အလွန်တရာ ဆွဲဆောင်မှုရှိသော မျက်နှာလေးကို ကြည့်ရင်း စုရှန်းရွှယ်သည် အပျိုစင်တစ်ဦးဖြစ်ကြောင်း ယိုမေဘချောင်က သူ့အား ပြောပြခဲ့သည့်ကိစ္စကို ရုတ်တရက် တွေးမိသွားကာ အနည်းငယ် တောင့်တင်းသွားရ၏။

"ဘာဖြစ်လို့လဲ။"

All Chapters