အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း (၂၀၃) - ဒါက ယောက်ျားလေးတွေ ဝတ်ဖို့ ဖန်တီးထားတာလေ။
ပိုင်ချူးရန်၏ ပုံမှန်မဟုတ်သော အခြေအနေကို စုရှန်းရွှယ်က လျင်မြန်စွာ ရိပ်မိသွားသည်။ သူမက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ရုတ်တရက် ခိုးရယ်ကာ သူ့အနီးသို့ ကပ်လာရင်း ပြောလေ၏။
"ဘာဖြစ်လို့လဲ။ ဒီမိန်းကလေးရဲ့ ဆွဲဆောင်မှုကို နောက်ဆုံးတော့ ရှာတွေ့သွားပြီလား။"
ထိုမျှ နီးကပ်စွာတိုးမိသောအခါ စုရှန်းရွှယ်၏ ပါးပြင်များ အနည်းငယ် ပူထူရဲတက်သွားသော်လည်း သူမသည် ကာမသုတြ။ဂိုဏ်းချုပ်၏ မာနနှင့် အသွင်အပြင်ကို ဟန်မပျက် ထိန်းသိမ်းထားရင်း ပိုင်ချူးရန်အား စနောက်ဆဲဖြစ်သည်။
"မင်းမှာ ဆွဲဆောင်မှုမရှိဘူးလို့ ငါ တစ်ခါမှ မပြောခဲ့ပါဘူး။"
ပိုင်ချူးရန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး စုရှန်ရွှယ်၏ မျက်နှာကို အနည်းငယ် တွန်းဖယ်လိုက်ကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောသည်။ "ကဲပါ။ အဓိကကိစ္စပဲ ပြောကြတာပေါ့။"
"ဘာကိစ္စလဲ။"
စုရှန်းရွှယ်သည် သူမ၏ ထိုင်ခုံတွင် ပြန်လည်နေရာယူလိုက်ပြီး အစောကလေးတင် ခုန်ပေါက်နေခဲ့သော ရင်ခုန်သံများကို အသာအယာ ထိန်းချုပ်လိုက်ပြီးနောက် တည်ငြိမ်စွာ မေး၏။
"အဲဒါကလေ။ ငါတွေးနေတာက..."
ပိုင်ချူးရန် အနည်းငယ် တုံ့ဆိုင်းသွားရသည်။
"မင်းတို့ မျိုးနွယ်ရဲ့ ဘိုးဘွားဂူသင်္ချိုင်းကို တူးဖော်ဖို့ စီစဉ်နေတာ။"
စုရှန်ရွှယ်မီာ ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ ထပ်မေးသည်။ "နေ... နေပါဦး။ ကျွန်အ သေချာမကြားလိုက်လို့လား မသိဘူး။ခုနက ရှင် ဘာပြောလိုက်တာလဲ။"
"မင်းတို့ ဘိုးဘွားဂူသင်္ချိုင်းကို တူးချင်လို့။ အာ... နေပါဦး။ အဲဒီ စောင်းကို အရင်ချထားလိုက်စမ်းပါ။ ငါက နတ်ဆိုးမျိုးနွယ်ဟာကို ပြောနေတာပါဟ။"
ပိုင်ချူးရန်က ကမန်းကတန်း ရှင်းပြလိုက်ပြီး စုရှန်းရွှယ်အား တည်ငြိမ်သွားစေရန်နှင့် သူစကားပြောပြီးသည်အထိ နားထောင်ပေးရန် ဖြောင်းဖျလိုက်ရသည်။
"အိုး ကျွန်မအမေဘက်က မျိုးနွယ်ကို ပြောတာမဟုတ်ဘူးကိုး။"
စုရှန်ရွှယ်မဏ္ဍာ အကြောင်းစုံကို နားထောင်ပြီးနောက် သက်ပြင်းချကာ ပြန်ဖြေ၏။ "ဒါဆိုလည်း တူးလိုက်လေ။ ကူညီပေးဖို့ လိုသေးလား။"
"အင်း။"
ပိုင်ချူးရန်က ခေါင်းညိတ်ကာ ပြော၏။
"ငါရှာနေတာက ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကိုပဲ။ အဲဒါက တခြားနတ်ဆိုးဧကရာဇ်တွေကို မြှုပ်နှံထားတဲ့ ဂူသင်္ချိုင်းတွေနဲ့ တစ်နေရာတည်းမှာ မရှိဘူး။ ကာမသုတြ ဂိုဏ်းရဲ့ သတင်းကွန်ရက်ကို အသုံးပြုခွင့်ရမယ်ဆိုရင်တော့ အများကြီး အထောက်အကူဖြစ်မှာပဲ။ မင်း ဘယ်လောက်လိုချင်လဲ။"
မည်သို့ပင်ဆိုစေကာမူ ကာမသုတြာဂိုဏ်း၏ သတင်းအချက်အလက်ကွန်ရက်မှာ ဂိုဏ်းတစ်ခုလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်။ စုရှန်းရွှယ်သည် ဂိုဏ်းချုပ်ဖြစ်နေလျှင်တောင်မှ ကိုယ်ရေးကိုယ်တာကိစ္စများအတွက် ပေါ့ပေါ့တန်တန် အသုံးပြု၍မရချေ။ ထို့ကြောင့် သူတို့၏ ဆက်ဆံရေးသည် မည်မျှပင် နီးကပ်နေပါစေ ပိုင်ချူးရန်သည် ကျသင့်ငွေကို တိတိကျကျ ပေးချေမည်သာ ဖြစ်၏။ ပို၍တိကျစွာဆိုရလျှင်၊ သူတို့၏ ရင်းနှီးသော ဆက်ဆံရေးများကြောင့် စုရှန်းရွှယ်အား အခြားသူများက ကွယ်ရာတွင် အပြစ်တင်ဝေဖန်ခံရမည်ကို သူ မလိုလားခြင်းပင်။
"ကျွန်မ ရှင့်ဆီက ပိုက်ဆံမယူပါဘူး။"
စုရှန်းရွှယ်က ခေါင်းခါယမ်းကာ ငြင်းဆို၏။
"မယူရင် မကောင်းဘူး မဟုတ်လား။" ပိုင်ချူးရန် တုံ့ဆိုင်းသွားသည်။
"ဒါက ရှင် တစ်ယောက်တည်းအတွက်မှ မဟုတ်တာ။ ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို ကျွန်မ ကိုယ်တိုင်လည်း အရမ်းစိတ်ဝင်စားလို့ပါ။"
စုရှန်းရွှယ်မှာ ခိုင်လုံသော အကြောင်းပြချက်ကို ပေးလာသည်။
"ပြီးတော့ နတ်ဆိုးမျိုးနွယ်ရဲ့ ပထမဆုံး နတ်ဆိုးဧကရာဇ်ဖြစ်နေမှတော့ သူ့ရဲ့ ဂူသင်္ချိုင်းထဲမှာ တန်ဖိုးဖြတ်မရတဲ့ ရတနာတွေ အများကြီး ရှိနေသင့်တယ် မဟုတ်ဘူးလား။"
"သေချာတာပေါ့ ကောင်မလေးရယ်။"
ထိုအချိန်တွင် ပိုင်ချူးရန် ခါး၌ ချိတ်ဆွဲခံထားရသော ကျီရှန်က ရုတ်တရက် ပြုံးစိစိဖြင့် ဝင်ပြောလာသည်။
"အဲဒါက ရေတွက်လို့မရတဲ့ စည်းစိမ်တွေပဲ။ မင်းတို့သာ ငါ့ကို အဲဒီကို ခေါ်သွားမယ်ဆိုရင် အဲဒီခေတ်က သမိုင်းကြောင်းတွေနဲ့ အသိပညာတွေကို ငါ ပြန်ဖော်ထုတ်ပေးနိုင်လိမ့်မယ်။ အသိပညာဆိုတာ အကြီးမားဆုံးသော စည်းစိမ်ချမ်းသာပဲကွ။"
စုရှန်းရွှယ်သည် မနှစ်မြို့စွာဖြင့် သက်ပြင်းချလိုက်ပြီး မေးသည်။ "ရှင် သူ့ကို တစ်ချိန်လုံး ခေါ်ထားတော့မလို့လား။"
"တခြား ရွေးချယ်စရာမှ မရှိတာ။ လောလောဆယ်တော့ သူ့ကို ငါ့နောက် လိုက်ခွင့်ပြုထားတာက အလုံခြုံဆုံးပဲ။ တစ်ခုခုဖြစ်လာရင် ငါ သူ့ကို ချက်ချင်း တားဆီးနိုင်တယ်။"
ပိုင်ချူးရန်က ထပ်ပြောသည်။
"ပြီးတော့ သူ့အကူအညီနဲ့ဆို သဲလွန်စတွေ စုဆောင်းရတာ ငါ့အတွက် ပိုအဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် သူက ကြီးမားတဲ့ ဉာဏ်ပညာရှိတဲ့ ပညာရှိတစ်ယောက်ပဲလေ။"
"ကြီးမားတဲ့ ဉာဏ်ပညာဆိုတာ ဘာလဲ။"
"အဲဒါက အလွန်အစွမ်းထက်တဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းပဲ"
ပိုင်ချူးရန်က ရှင်းပြလာ၏။
"သူက ပစ္စည်းတစ်ခုကို မြင်လိုက်တာနဲ့၊ အဲဒီပစ္စည်းနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ သက်ဆိုင်နေတဲ့ အချက်အလက်အားလုံးကို ချက်ချင်း သိနိုင်စွမ်းရှိတယ်။"
"ဪ တကယ့်ကို အံ့ဩစရာကောင်းတာပဲ။"
စုရှန်းရွှယ်က ခေါင်းညိတ်လိုက်သည်။
"ဒါက ရှင်တို့ မြေကမ္ဘာအင်မော်တယ်ခေတ်က မှော်စွမ်းအင်ပဲလား။"
"မှော်စွမ်းအင်သာဆိုရင် အရမ်းကောင်းမှာပေါ့။"
ကျီရှန်းက ခါးသီးစွာ ပြုံးသည်။ "ဒါက ငါ့ရဲ့ တခြားသော ဆန္ဒတွေအကုန်လုံးကို စတေးပြီး ကြီးမားတဲ့ တန်ဖိုးတစ်ခုနဲ့ လဲလှယ်ဝယ်ယူခဲ့ရတာ။ အခုဆို မွေးရာပါ စွမ်းရည်တစ်ခုလို ဖြစ်နေပြီ ကောင်မလေးရ။"
စုရှန်းရွှယ် အနည်းငယ် နားရှုပ်သွားသည်။
"ဒီခေတ်မှာတော့ အဲဒီပညာရပ် ပျောက်ကွယ်သွားလောက်ပြီ။ ဒါပေမဲ့ ငါတို့ခေတ်တုန်းကတော့ ကောင်းကင်ဘုံနှင့် ဖလှယ်ခြင်းလို့ခေါ်တဲ့ အထူးမှော်ပညာတစ်ခု ရှိတယ်။ အဲဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒနဲ့ တိုက်ရိုက် လဲလှယ်ကုန်သွယ်နိုင်တာ။ ဒါပေမဲ့ များသောအားဖြင့်တော့ ကြီးမားတဲ့ တန်ဖိုးကို အစားထိုး ပေးဆပ်ရလေ့ရှိတယ်။"
ကျီရှန်းက ထပ်ပြောပြန်၏။
"ဒီမှော်ပညာကို စာကြည့်တိုက်ထဲမှာလည်း သိမ်းဆည်းထားတယ်။ ဒါပေမဲ့ မလိုအပ်ရင်တော့ အဲဒါကို သင်ယူဖို့ ငါ အကြံမပြုချင်ဘူး။ ကောင်းကင်ဘုံဆိုတာ ကပ်စေးနည်းတဲ့ ကောင်မျိုးပဲ။"
"အဲဒီလိုဆိုမှတော့လည်း သူ့ကို ရှင်နဲ့အတူ ခေါ်သွားလိုက်ပါ။"
ဤစကားဝိုင်းအဆုံးတွင် စုရှန်းရွှယ်က သဘောတူလိုက်၏။ သူမတို့နှစ်ယောက်တည်း ရှိနေသည့် အချိန်အခါမျိုးတွင် ဦးခေါင်းခွံပုံစံ ကြားဝင်နှောင့်ယှက်သူတစ်ယောက် အပိုပါလာခြင်းမှာ အလွန် အဆင်မပြေဖြစ်စရာကောင်းသော်လည်း ကျီရှန်းသည် ပိုင်ချူးရန်အား အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေခဲ့သည်။ ထို့ကြောင့် ဤမျှ သေးငယ်သော ကိစ္စလေးတစ်ခုကြောင့် ပိုင်ချူးရန်အား သူ့ကို လွှင့်ပစ်ခိုင်းရန် စုရှန်းရွှယ် မပြောရက်ပေ။
စုရှန်းရွှယ်နှင့်အတူ ဤအမိုးစွန်းတဲငယ်လေးအတွင်း ခေတ္တမျှ ထိုင်နေပြီးနောက် ပိုင်ချူးရန်သည် မတ်တပ်ရပ်ကာ ချီမင်ဂိုဏ်းမှ တပည့်များ၏ အခြေအနေကို ပြန်လည်စစ်ဆေးရန် ထွက်ခွာသွား၏။ စုရှန်းရွှယ်သည်လည်း ယိုမေ့ချောင်ထံသို့ ထွက်သွားခဲ့သည်။ သူမ၏ တပည့်များသည်လည်း ကောင်းမွန်သော ကျင့်စဉ်လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိထားပုံရပြီး ထိုအရာများကို နားလည်သဘောပေါက်ရန် အာရုံစိုက် ကြိုးစားနေကြ၏။
အခန်း (၂၀၄) - ဒါက ယောက်ျားလေးတွေ ဝတ်ဖို့ ဖန်တီးထားတာလေ။ [၁]
ချီမင် ဓားဂိုဏ်းမှ တပည့်အများစုမှာမူ မှော်လက်နက်ဧရိယာတွင် စုဝေးနေကြသည်။ မှော်မန္တန်ပညာရပ်များနှင့် နှိုင်းယှဉ်လျှင် သူတို့သည် မှော်လက်နက်ဧရိယာအတွင်း မျက်စိကျိန်းမတတ် ခင်းကျင်းပြသထားသည့် မြင့်မြတ်သော ပျံသန်းနိုင်သည့် ဓားများကိုသာ ပိုမို နှစ်သက်ကြပေ၏။
ထို့ကြောင့် မြေကမ္ဘာဗိမာန်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူတို့သည် ဤနေရာသို့သာ အပြေးအလွှား ရောက်လာခဲ့ကြခြင်းပင်။ သူတို့အားလုံးမှာ ကိုယ်ပိုင်ကံကြမ္မာကို စမ်းသပ်ချင်ကြပြီး လက်ထဲတွင် အဖိုးတန် ဓားတစ်လက် ရနိုင်မလားဟု မျှော်လင့်နေကြခြင်းဖြစ်၏။ သို့သော် လူတိုင်းသည် ထန်ရော်ဝေကဲ့သို့ ပိုင်ချူးရန်အား အလောင်းအစားလုပ်ကာ အနိုင်ရခဲ့ပြီး အခြေတည်အဆင့်၌ပင် ကျင့်ကြံခြင်းလောက၏ အရည်အသွေးအမြင့်မားဆုံးသော ပျံသန်းနိုင်သည့်ဓားကို ပိုင်ဆိုင်ထားနိုင်သူများ မဟုတ်ကြပေ။
ခန်းမဆောင် တံခါးဝသို့ သူ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အနီးအနား ထောင့်ချိုးတစ်ခုဆီမှ ထူးဆန်းပြီး ကျောချမ်းဖွယ် သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခုကို ပိုင်ချူးရန် ရုတ်ခြည်း ခံစားမိသည်။
"ဟာကွက်တွေ့ပြီ။"
ချင်တန်ယင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မှောင်ရိပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ မီးတောက်များသည် တောက်လောင်နေသော အပြာရောင်မီးတောက်များအဖြစ် အသွင်ပြောင်းသွားကာ ဤမီးတောက်အစုအဝေးသည် သူမ၏ ခေါင်းပေါ်တွင် ဧရာမ ငှက်ကြီးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် စုစည်းဖြစ်ပေါ်လာပြီး ပိုင်ချူးရန်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ထိုးဆင်းလာ၏။
ပိုင်ချူးရန် တစ်ချက် အကဲခတ်လိုက်ရာ ဤကောင်မလေးသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ပင် ထိုးဖောက်ကျော်လွှားသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ပိုင်ချူးရန်နှင့် ရင်ဆိုင်ရချိန်တွင် ဤအရာမှာ အချည်းနှီးသာ ဖြစ်နေဆဲပင်။ စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်တွင်မူ ချင်တန်ယင်းသည် ပိုင်ချူးရန်၏ လက်မောင်းများအကြားတွင် လုံးဝ ချုပ်နှောင်ခြင်းခံလိုက်ရပြီး လက်ထဲတွင် ဆုပ်ကိုင်ခံထားရလျက် ခြေနှစ်ချောင်းဖြင့်သာ လေထဲတွင် အဆက်မပြတ် ရုန်းကန်နေနိုင်တော့၏။
"ဒီခေတ်ကြီးထဲမှာ လွမ်ငှက်တွေ အသက်ရှင်ကျန်ရစ်နေသေးလိမ့်မယ်လို့ ငါ မထင်ထားဘူး။"
ကျီရှန်းသည် ချင်တန်ယင်းအား ကြည့်ရှုရင်း တအံ့တဩ စုပ်သပ်လိုက်သည်။
"ဒါက နတ်ဘုရားတွေဆီကနေ ဆင်းသက်လာတဲ့ မျိုးစိတ်တစ်ခုပဲ။ သာမန်လူသားလောကမှာ မျိုးတုံးပျောက်ကွယ်သွားပြီလို့ ထင်နေခဲ့တာ။"
"သူက အဲဒီလောက်တောင် အံ့ဩဖို့ကောင်းလို့လား။"
ပိုင်ချူးရန်က မေး၏။
"ငါ သူ့ကို ကောက်ရတုန်းကတော့ ကြက်ပေါက်လေးနဲ့တောင် တူနေတာ။"
"နတ်ဘုရားတွေခေတ်တုန်းကတော့ လွမ်ငှက်ဆိုတာ ငှက်တွေရဲ့ဘုရင် ဖီးနစ်ငှက်ရဲ့ လက်အောက်ခံ မျိုးနွယ်စုတစ်ခုပဲ မဟုတ်ဘူးလား။"
ကျိရှန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေသည်။ "ဒါပေမဲ့ အခုချိန်မှာ ကြည့်လိုက်ရင်တော့ သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကောင်မလေးဆိုတာ သေချာတယ်။ ဒီကမ္ဘာပေါ်မှာ သူ့ရဲ့ သွေးသားထက် ပိုပြီးသန့်စင်တဲ့ မိစ္ဆာတစ်ကောင်ကို ရှာတွေ့နိုင်မယ်လို့ ငါ မထင်တော့ဘူး။"
"ငါက မြင့်မြတ်တဲ့ သားရဲဟ။ မိစ္ဆာ မဟုတ်ဘူး။"
ချင်တန်ယင်းက ပိုင်ချူးရန်၏ လက်ထဲတွင် ရုန်းကန်ကာ ကန်ကျောက်ရင်း ဒေါသတကြီး ကန့်ကွက်လာ၏။
"မြင့်မြတ်တဲ့ သားရဲဆိုတာလည်း မိစ္ဆာပဲ မဟုတ်ဘူးလား။"
ကျီရှန်းက ပြန်ပြောသည်။
"နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဧကရာဇ်ဆိုတာတောင် သွေးသန့်တဲ့ ခေါင်းကိုးလုံးနဂါး မြင့်မြတ်သားရဲတစ်ကောင်ဖြစ်နေတာ။ သူတောင် သူ့ကိုယ်သူ နတ်ဆိုးလို့ ပြောသေးတာပဲ"
ချင်တန်ယင်းက ကျီရှန်း၏ ဦးခေါင်းခွံကို ဒေါသတကြီးဖြင့် ဆောင့်ကန်ချလိုက်ရာ ပိုင်ချူးရန်မှာ သူမအား အခြားလက်တစ်ဖက်ဆီသို့ ကမန်းကတန်း ပြောင်းကိုင်လိုက်ရ၏။
ခြေလှမ်းနှစ်လှမ်းမျှပင် မလှမ်းရသေးမီ လင်းဖန်သည် အနီးနားရှိ ထောင့်တစ်နေရာမှ ရုတ်တရက် ပြေးထွက်လာပြန်သည်။ သူ၏လက်ထဲတွင် အသစ်စက်စက်ဖြစ်ပြီး ရိုးရှင်းသည့် ကြေးဝါဓားတစ်လက်ကို ဆုပ်ကိုင်ထားကာ ပိုင်ချူးရန်အား ကြည့်ကာ ကျယ်လောင်စွာ ပြောလာ၏။ "ဘိုးဘေး၊ ကျွန်တော် ဓားကို အကဲခတ်ကြည့်ပေးပါဦး"
သူသည် ပိုင်ချူးရန်၏ တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းတော့ဘဲ ဓားရှည်ကို မြှောက်ကာ ပိုင်ချူးရန်အား အစွမ်းကုန် ခုတ်ပိုင်းတိုက်ခိုက်တော့သည်။
ကောင်းကင်တစ်ခွင် လွှမ်းမိုးသွားသော ဓားရိပ်များက အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းပင် အဆုံးမရှိသော ဓားချီများ ရောယှက်ပါဝင်နေကာ စူးရှထက်မြက်သော ရွှေဓားအငွေ့အသက်များက လေဟာနယ်ကို ပြတ်တောက်သွားစေမတတ် မြည်ဟီးနေ၏။
သူသည် ပိုင်ချူးရန်၏ လမ်းညွှန်မှုအောက်တွင် ခန္ဓာငါးပါးနာကျင်မှု စမ်းသပ်မှုကို ဖြတ်သန်းခဲ့ပြီးနောက် လင်းဖန်တိုးတက်မှုမှာ အလွန်ပင်သိသာထင်ရှားနေ၏။ ဤတပည့်သည် လူများနှင့် ဆက်သွယ်ပြောဆိုရာတွင် အားနည်းသော်လည်း ဓားသိုင်းပညာရပ်တွင်မူ အလွန်ထူးချွန်လှသည်။ သူ၏ အောင်မြင်မှုများနှင့် စိတ်အားထက်သန်မှုမှာ အစစ်အမှန်ပင်။
ပိုင်ချူးရန်သည် သူ့ကို ဖမ်းကိုင်ကာ အပေါ်သို့ လွယ်လင့်တကူ မြှောက်ချီလိုက်ပြီး မေးသည်။
"မင်းက ဒီလိုမျိုး ဝင်တိုက်ခိုက်တတ်တဲ့ပုံစံ မဟုတ်ပါဘူး။ ဘယ်သူက မင်းကို သင်ပေးလိုက်တာလဲ။"
"ကျွန်တော့်ရဲ့ ဆရာပါ။"
လင်းဖန်သည် အလွန် ရိုးသားယဉ်ကျေးသော ကလေးတစ်ဦးဖြစ်သည်။ ရာထူးအဆင့်အတန်း ပိုမိုမြင့်မားသော ပိုင်ချူးရန်၏ရှေ့တွင် သူသည် သူ့ဆရာ ကျူးယွမ်ကျီအား စွန့်ပစ်ရန် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ပေ။
"ဆရာကပြောပါတယ်။ ဘိုးဘေးနဲ့ တိုက်ခိုက်တာက ဓားသိုင်းပညာ တိုးတက်ဖို့ အမြန်ဆုံးနည်းလမ်းတဲ့။ ဘာလို့လဲဆိုတော့ ဘိုးဘေးက ဘယ်လိုတိုက်တိုက် သေမှာမဟုတ်လို့ပြောပါတယ်။ ပြီးတော့ ဘိုးဘေးးက ဓားသိုင်းကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကိုပါ ပြသပေးလိမ့်မယ်တဲ့။"
"ဪ ငါထင်သားပဲ၊ ဒီလိုကိုး။"
ပိုင်ချူးရန်သည် လင်းဖန်အား အောက်သို့ ပြန်ချပေးလိုက်ပြီး သူ၏ ဓားသိုင်းပညာ လိုအပ်ချက်များအကြောင်းကို ပေါ့ပေါ့ပါးပါး ထောက်ပြပြောဆိုသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲရှိ မှတ်စုစာအုပ်မည်းပေါ်တွင် ကျူးယွမ်ကျီ၏ အမည်ကို တိတ်တဆိတ် မှတ်သားထားလိုက်၏။
သူ လမ်းလျှောက်ကာ ထပ်မံစစ်ဆေးကြည့်ရှုရင်းဖြင့် ချီမင်ဂိုဏ်းမှ တပည့်များသည် အခြေခံအားဖြင့် ကိုယ်ပိုင် အဖိုးတန်ရတနာတစ်ခုစီကို အောင်မြင်စွာ ရရှိထားကြကြောင်း ပိုင်ချူးရန် တွေ့ရှိခဲ့ပြီး အဆုံးတွင်မူ သူ၏ တပည့်ဖြစ်သော ထန်ရော်ဝေ အနီးသို့ ရောက်ရှိလာခဲ့သည်။
ထန်ရော်ဝေ၏ ထိုအဖိုးတန် သံချပ်ကာအား သန့်စင်မှုလုပ်ငန်းစဉ်မှာ အဆုံးသတ်သွားပြီဖြစ်၏။ မြင့်မြတ်သော အလင်းတန်းများ စုစည်းသွားခဲ့ပြီး သံချပ်ကာနှင့် သူမအကြားတွင် အားနည်းသော ဝိညာဉ်ဆက်သွယ်မှုတစ်ခု ဖြစ်တည်နေ၏ည်။
သို့သော် ထိုရတနာသံချပ်ကာကို ကြည့်ရင်းဖြင့် ပိုင်ချူးရန်သည် တစ်ခုခု ထူးဆန်းနေသည်ဟု အမြဲခံစားနေရသော်လည်း အတိအကျကိုမူ ထုတ်မပြောနိုင်ချေ။ သူ ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် ထန်ရော်ဝေသည် ရတနာသံချပ်ကာအား အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ သူမ မျက်လုံးများကို ဖွင့်လိုက်သောအခါ ရတနာသံချပ်ကာသည် သူမ ခန္ဓာကိုယ်ပေါ်သို့ အလိုအလျောက် ရောက်ရှိဝတ်ဆင်ပြီးသား ဖြစ်သွားသည်။ သို့သော် ကောင်မလေးမှာ စကတ်ရှည်ဝတ်ဆင်ထားသောကြောင့် သံချပ်ကာနှင့် တွဲဖက်ကြည့်လိုက်သောအခါ အနည်းငယ် ကြည့်ရဆိုးကာ အဆင်မပြေဖြစ်နေ၏။
"ဆရာ။"
သူမသည် ပိုင်ချူးရန်ဆီသို့ လျှောက်လာခဲ့သည်။ သို့သော် ပိုင်ချူးရန်မှာ ထိုအသွင်အပြင်ကို ကြည့်ရသည်မှာ အနေရခက်နေသဖြင့် ကျီရှန်းအား အပေါ်သို့ မြှောက်တင်လိုက်ကာ ထန်ရော်ဝေရှိရာဘက်သို့ မျက်နှာမူပေးလိုက်၏။
"ဟေ့အဘိုးကြီး... ဘာဖြစ်နေလဲဆိုတာ မင်း မြင်နိုင်လား။ ငါ ဘာကိစ္စ သူ့ရဲ့ ရတနာကို ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေရတာလဲ။"
ကျီရှန်း၏ မျက်လုံးအခေါင်းပေါက်များအတွင်းရှိ အစိမ်းရောင်မီးတောက်သည် ခေတ္တမျှ မှိန်ဖျော့စွာ တောက်ပသွားပြီးနောက် ရုတ်တရက် အံ့ဩသံဖြင့် ပြောလာ၏။ "ဟင်... ဒါက ရှုမင်ဟော်ထူ သံချပ်ကာ မဟုတ်ဘူးလား။ ဘာလို့ မင်းက အဲဒါကို ဝတ်ထားရတာလဲ။"
ထိုစကားကို ကြားပြီးနောက် ထန်ရော်ဝေမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားရာ ပိုင်ချူးရန်ကလည်း ကမန်းကတန်း မေးသည်။
"ဒီသံချပ်ကာက ပြဿနာရှိလို့လား။"
"ရှိတာတော့ မရှိဘူး။"
ကျီရှန်းက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ဒီသံချပ်ကာက ယောက်ျားလေးတွေ ဝတ်ဖို့ သီးသန့် ဖန်တီးထားတာလေ။"