အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း (၂၀၅) - ချကြတော့မယ်
ကျီရှန်း၏ စကားကို ကြားလိုက်ရသောအခါ ပိုင်ချူးရန်သည် တစ်ခုခုတော့ လွဲချော်နေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွား၏။
ကျင့်ကြံခြင်းလောက၌ သံချပ်ကာဝတ်ဆင်လေ့ရှိသော အမျိုးသမီးကျင့်ကြံသူဆိုသည်မှာ လက်ချိုးရေတွက်၍ရလောက်အောင် ရှားပါးလှသည်။ မည်သို့ပင်ဆိုစေ မိန်းမသားတိုင်းသည် အလှအပကို မြတ်နိုးတတ်ကြသည်မဟုတ်ပါလား။ အကယ်၍ ခုခံကာကွယ်နိုင်သော စွမ်းဆောင်ရည်များကို လိုချင်ပါက သူတို့သည် ကြော့ရှင်းလှပသော အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်လိုကြမည်မှာ အသေအချာပင် ဖြစ်သည်။
သံချပ်ကာကို အမြဲလိုလို ဝတ်ဆင်လေ့ရှိသော အမျိုးသမီးများဆို၍ ရှန်ဝူ ကောင်းကင်စစ်တပ်မှ စစ်သည်တော်များသာ ရှိပေသည်။ သူတို့သည် ကျိုးယန်ဖေးကဲ့သို့ပင် ပုံမှန်အားဖြင့် အမျိုးသမီးသုံး သံချပ်ကာများကို ဝတ်ဆင်လျက် သွားလာလှုပ်ရှားလေ့ရှိကြသည်။ သို့သော် အမျိုးသမီးသုံး သံချပ်ကာနှင့် အမျိုးသားသုံး သံချပ်ကာကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေ၏။ ဥပမာဆိုရလျှင် အမျိုးသားသုံး သံချပ်ကာတစ်ခုကို ကျိုးယန်ဖေး၏ ခန္ဓာကိုယ်အချိုးအစားမျိုးရှိသော မိန်းကလေးတစ်ဦးက ဝတ်ဆင်လိုက်မည်ဆိုပါက မနည်းကြိတ်မှိတ်၍ ဝင်အောင် ဝတ်ဆင်နိုင်လျှင်တောင်မှ သူမအနေဖြင့် အလွန်သက်သောင့်သက်သာမရှိ ဖြစ်နေမည်မှာ သေချာလှပြီး တိုက်ခိုက်ရေးစွမ်းရည်ကိုပါ များစွာ ထိခိုက်စေလိမ့်မည်။
ထိုကွာခြားချက်မှာ ရင်ဘတ်နေရာတွင် မူတည်၏။ အမျိုးသမီးသုံး သံချပ်ကာ၏ ရင်ဘတ်နေရာတွင် အခုံးပုံစံ ဖန်တီးထားလေ့ရှိပြီး ဤအခုံးပုံစံမှာ သံချပ်ကာပိုင်ရှင်၏ ရင်သားအရွယ်အစား အပေါ်တွင် မူတည်ကာ ကွဲပြားသွားတတ်သည်။
ယခု ဤသံချပ်ကာအား ထန်ရော်ဝေ ဝတ်ဆင်ထားချိန်၌ ရင်ဘတ်နေရာမှာ ညီညာပြားချပ်နေ၏။ ဖန်တီးသူက မည်သို့တွေးတောကာ ပုံဖော်ခဲ့သနည်း မသိနိုင်သော်လည်း ရင်အုပ်ကြွက်သားများနှင့် ဝမ်းဗိုက်ကြွက်သား မျဉ်းကြောင်းများကို သံချပ်ကာ၏ ရင်ဘတ်ပေါ်တွင် အထင်းသား ထွင်းထုထားသည်။ ဤသည်မှာ သံမဏိနှင့် သွေးများဖြင့် ဖွဲ့စည်းထားသော စစ်မှန်သည့် ယောက်ျားစစ်စစ်များသာ ဝတ်ဆင်လေ့ရှိသည့် သံချပ်ကာမျိုးဖြစ်ကြောင်း အထင်အရှား ပြသနေ၏။
အောက်ပိုင်းတွင် စကတ်ရှည်ကို ဝတ်ဆင်ထားသော မိန်းမငယ်လေး ထန်ရော်ဝေအဖို့ကား ထိုသံချပ်ကာကြီးကို ဝတ်ဆင်ထားရသည်မှာ ကြည့်ရဆိုးလွန်းနေတော့သည်။
ကျီရှန်း၏ စကားများကို ကြားလိုက်ရသောအခါ ထန်ရော်ဝေ၏ မျက်နှာလေးမှာ ရုတ်တရက် သွေးဆုတ်သွားသကဲ့သို့ အလွန်အမင်း ဖြူရော်သွားခဲ့ပြီး ပိုင်ချူးရန်မှာမူ သူ့ရယ်မောချင်စိတ်ကို မနည်းအောင့်အည်းထားရ၏။
"စီနီယာ။"
သူမသည် ဖြူလျော့နေသော မျက်နှာဖ တုန်ယင်နေသော နှုတ်ခမ်းများဖြင့် မေးလာသည်။ "ရှင်... ရှင် ကျွန်မကို နောက်နေတာလား။"
"သေချာပေါက် နောက်နေတာ မဟုတ်ဘူး။ ဒီအရာကို ဖန်တီးခဲ့တဲ့သူက ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်လေ။ ငါကိုယ်တိုင်တောင် ဒီသံချပ်ကာပေါ်မှာ အစီအရင်တချို့ကို ရေးဆွဲပေးခဲ့သေးတာ။ ဒီသံချပ်ကာရဲ့ ရည်ရွယ်ချက်က သန့်စင်မင်းဆက်ရဲ့ ဧကရာဇ်ကနေ မိစ္ဆာလှိုင်းတံပိုးတွေကို တွန်းလှန်တဲ့နေရာမှာ အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့တဲ့ စစ်သူကြီးကို ဆုချီးမြှင့်ဖို့အတွက် အထူးတလည် ဖန်တီးခဲ့တာ။ အဲဒီစစ်သူကြီးက အဲ့အချိန်မှာ သန့်စင်မင်းဆက်ရဲ့ အမြင့်မြတ်ဆုံးနဲ့ ယောက်ျားအပီသဆုံး အမျိုးသားပဲ။"
ကျီရှန်းသည် သူမ၏ ခံစားချက်ကို နားလည်သည့်အပြင် အဆုံးသတ်ဓားချက်ကိုပါ ရက်ရက်စက်စက် ဆက်လက်ထိုးသွင်း၏။
"ပြီးတော့ မြေကမ္ဘာအင်မော်တယ် ဆိုတာ ဘယ်လိုပဲပြောပြော အင်မော်တယ်တစ်ပါးပဲလေ။ ဒါကြောင့် သူဖန်တီးထားတဲ့ သံချပ်ကာကလည်း သဘာဝကျကျပဲ အင်မော်တယ်လက်နက်တစ်ခု ဖြစ်နေတာပေါ့။ ဒီသံချပ်ကာမှာ ဝိညာဉ်ရှိပြီး သခင်ကို ရွေးချယ်နိုင်စွမ်းရှိတယ်။ မင်းကို သခင်အဖြစ် အသိအမှတ်မပြုခင်တုန်းက သူ မင်းကို ယောက်ျားတစ်ယောက်လို့ ထင်သွားတာ သေချာတယ်။"
"ဟားဟား" ပိုင်ချူးရန်သည် လုံးဝ မထိန်းနိုင်တော့ဘဲ အသံထွက်ကာ ရယ်မောလိုက်တော့သည်။
မှုန်ကုပ်နေသော မျက်နှာထားဖြင့် ထန်ရော်ဝေသည် ဤထန်ရော်ဝေအဆင့် သံချပ်ကာအား ချက်ချင်း ချွတ်လိုက်ပြီး ပိုင်ချူးရန်၏ ခြေရင်းသို့ ဆောင့်အောင့်ကာ ပစ်ချတော့၏။
"ဟေ့ ဘာလုပ်တာလဲ။"
ပိုင်ချူးရန်မှာ ရယ်မောနေဆဲဖြစ်ပြီး စကားပြောရာတွင်ပင် တစ်ဆို့တစ်ဆို့ဖြစ်ကာ သူ၏ အသံအနေအထားကို သေချာ မထိန်းနိုင်တော့ပေ။
"ဒီရတနာက အသုံးမဝင်တော့ဘူး။"
ထန်ရော်ဝေက အေးစက်စွာ ပြောသည်။
"ဆရာ။ အဲဒါကို ဖျက်ဆီးပစ်ဖို့ ကျွန်မကို ကူညီပါ။"
သူမ၏ စကားများရှိ ပြတ်သားလှသော ဆုံးဖြတ်ချက်များကို ခံစားလိုက်ရသောအခါ ရတနာသံချပ်ကာသည် တဝီဝီမြည်လာကာ ကြောက်ရွံ့တုန်ယင်လာပြီး အထက်သို့ပျံတက်ကာ ထွက်ပြေးခုခံရန် ကြိုးစား၏။ သို့သော် ပိုင်ချူးရန်က တစ်ချက်တည်းဖြင့် ကြမ်းပြင်ပေါ်သို့ ပြန်လည်ဖိနင်းချထားသည်။
"မင်း သေချာလို့လား။"
ပိုင်ချူးရန်မှာ ရယ်မောချင်စိတ်ကို မနည်းအောင့်ထားရင်း မေးလေ၏။ "ဒါက အင်မော်တယ်အဆင့် သံချပ်ကာတစ်ခုနော်။ အရေးကြီးတဲ့ အချိန်ကျရင် မင်းရဲ့ အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်။"
ထန်ရော်ဝေမှာ ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း ပြတ်သားစွာပင် ပြောသည်။ "ဒီလို သံချပ်ကာမျိုးကို ကျွန်မ လုံးဝ မလိုအပ်ဘူး။"
"နှမြောစရာကြီးဟ။"
ကျီရှန်းက ဝင်အော်ပြောသည်။
"ဘိုးဘေးလေးပိုင်... ငါ မင်းကို နည်းလမ်းတစ်ခု သင်ပေးမယ်။ မင်း ဒါကို ပြန်လည်သန့်စင်ပေးပြီး ဒီကောင်မလေးအတွက် အမျိုးသမီးဒီဇိုင်းဖြစ်အောင် ပြောင်းလဲပေးလိုက်လို့ ရတယ်။"
အခန်း (၂၀၆) - ချကြတော့မယ် [၁]
ပိုင်ချူးရန်မှာ ထန်ရော်ဝေအား အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ကောင်မလေးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလာသည်။
ထို့ကြောင့် ကျီရှန်းသည် မြေကမ္ဘာအင်မော်တယ်လက်နက်များကို သန့်စင်သည့် လျှို့ဝှက်နည်းလမ်းများကို ပိုင်ချူးရန်အား စတင် နှုတ်တိုက်ချပေးတော့သည်။ သူ တစ်ခေါက် ရှင်းပြသင်ကြားပေးလိုက်သည်နှင့် ပိုင်ချူးရန်သည် သူပြောသည့်အတိုင်း မီးတောက်သင်္ကေတ (Fire mark) တစ်ခုကို ပြုပြင်၏။
"ဟင်။ သင်္ကေတလား။"
ကျိရှန်းသည် ပိုင်ချူးရန်၏ သန့်စင်ခြင်း နည်းစနစ်များကို ကြည့်ရှုလိုက်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် ပြောသည်။
"အင်း။ မင်းမှာ အစစ်အမှန် မီးတောက်လည်း မရှိသလို။ မှော်မန္တန်တွေကိုလည်း အသုံးမပြုနိုင်ဘူး။ ဒါပေမဲ့ ဒါက ကံဆိုးမသွားဘဲ ကံကောင်းသွားတာ ဖြစ်နိုင်တယ်။ လက်သင်္ကေတဆိုတဲ့အရာက နက်နက်နဲနဲ လေ့လာကြည့်ရင် မှော်မန္တန်တွေထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။"
ပိုင်ချူးရန်သည် စကားတစ်ခွန်းမျှ ပြန်မပြောတော့ဘဲ သူ့ခါးမှ ဦးခေါင်းခွံကို ဖြုတ်ယူကာ ထန်ရော်ဝေ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ဤတန်ဖိုးကြီးမားလှသော သံချပ်ကာအား သန့်စင်ခြင်းအမှု၌သာ အာရုံအပြည့်အဝစိုက်ကာ စတင်လုပ်ဆောင်၏။
မြေကမ္ဘာအင်မော်တယ်၏ မှော်လက်နက်နှင့် ပထမဆုံးအကြိမ် ထိတွေ့ခြင်းဖြစ်သောကြောင့် ပစ္စည်းကျိုးပျက်မသွားစေရန် အထူးဂရုပြု လုပ်ဆောင်ရုံသာမက သူသည် မြေကမ္ဘာအင်မော်တယ်၏ နည်းစနစ်များကိုပါ နက်ရှိုင်းစွာ စူးစမ်းလေ့လာလိုစိတ် ဖြစ်မိခဲ့သည်။
ထိုအချိန်တွင် ဘေးဘက်၌မူ ကျီရှန်းနှင့် ထန်ရော်ဝေတို့ စကားစမြည် ပြောဆိုနေကြ၏။
"မင်းရဲ့ ဆရာက တကယ် အံ့ဩဖို့ကောင်းတာပဲ။"
ကျီရှန်းက လူကြီးတစ်ယောက်၏ လေယူလေသိမ်းဖြင့် ဦးစွာ စကားစလာသည်။
"ငါ သူ့ကို တစ်ခေါက်ပဲ သင်ပေးလိုက်ရတာ။ အခု သူ့ရဲ့ ကိုယ်ပိုင်နည်းစနစ်ကို အားကိုးပြီး ပိုသင့်လျော်တဲ့ အပြောင်းအလဲတွေကိုတောင် သူ့ဘာသာ လုပ်နိုင်နေပြီ။ ဒီလို ကြောက်စရာကောင်းတဲ့ အရည်အချင်းက ကောင်းကင်ဘုံ မနာလိုဖြစ်ရတဲ့အထိကို ထိုက်တန်တယ်။"
"ကျွန်မကတော့ လုံး၀မအံ့ဩဘူး."
ထန်ရော်ဝေက အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေ၏။ "ဆရာက ကျွန်မသိတဲ့ ကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံးပဲ။"
"အင်း။ ငါပြောတာက သူ့ရဲ့ ခွန်အားတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘူး။ သူ့ရဲ့ ကံကြမ္မာအကြောင်းကိုလည်း ပြောတာ။"
ဦးခေါင်းခွံသည် အနည်းငယ် လှုပ်ခါသွားသည်။
"ကံကြမ္မာလား။"
"သူက အရမ်းကံကောင်းတာမျိုးလား။ ဒါပေမယ့် တစ်ခါတလေ မြို့ထဲက အဘိုးကြီးတွေနဲ့ ပိုက်ဆံနည်းနည်းပါးပါး လောင်းကစားလုပ်ဖို့ တောင်အောက်ဆင်းသွားရင်တောင် အမြဲတမ်းလိုလို နိုင်လိုက် ရှုံးလိုက်ပါပဲ။" ထန်ရော်ဝေက ပြောလိုက်သည်။
"ငါပြောနေတာက အဲဒီလို လောင်းကစားကံ မဟုတ်ဘူး။ သူ့ရဲ့ မွေးရာပါ ကံကြမ္မာအကြောင်းကို ပြောနေတာ။ ကောင်းကင် မနာလိုခန္ဓာကိုယ်ဆိုတာက နှစ်တစ်သိန်းကြာရင်တောင်မှ တစ်ယောက် ထွက်ပေါ်လာနိုင်ဖို့ မလွယ်ဘူး။ သူက အဲဒါကို ရရှိခဲ့ရုံတင်မကဘူး။ အဲဒီခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ထျန်းလင်အဆင့် (ကောင်းကင်ဝိညာဉ်ကြောအဆင့်) ရှိတဲ့ သစ်သားဝိညာဉ်ကြော ခန္ဓာကိုယ်ကိုပါ တစ်ချိန်တည်းမှာ ပိုင်ဆိုင်ထားတယ်။ ဒါကြောင့်မလို့ သူ အသက်ရှင်နိုင်ခဲ့ပြီး အခုလို အမြင့်ဆုံးအခြေအနေအထိ အဆင်ပြေပြေ ကြီးပြင်းလာနိုင်ခဲ့တာပဲ။"
ကျီရှန်းက ဆက်ရှင်းပြသည်။
"သူ့ရဲ့ မွေးရာပါ ကံကြမ္မာကတော့ ကြားတောင် မကြားဖူးလောက်အောင် ကြီးမားတယ်။ ကံကြမ္မာက အခုထိ လွှမ်းမိုးနေတုန်းပဲဆိုရင် အဲဒါက ဘာဖြစ်လာမလဲ စဉ်းသာစဥ်းစားကြည့်။"
အကယ်၍ ခန္ဓာကိုယ်ကြံ့ခိုင်မှုအား မိုဘိုင်းဂိမ်းတစ်ခုတွင် ကတ်ဆွဲခြင်းအဖြစ် တင်စားရမည်ဆိုလျှင် ထန်ရော်ဝေနှင့် ပိုင်ချူးရန်တို့ကဲ့သို့သော ကောင်းကင်ဝိညာဉ်ကြောမှာ ကြယ်ငါးပွင့် ကာရိုက်တာကတ်တစ်ခုဖြစ်ပြီး လီကျင်းယောင်ကဲ့သို့သော ကောင်းကင်နတ်ဆိုးခန္ဓာသည် ကြယ်ငါးပွင့်များထဲတွင် အစွမ်းအထက်ဆုံး ကာရိုက်တာကတ်တစ်ခု ဖြစ်ပေသည်။ ကောင်းကင် မနာလို ခန္ဓာကိုယ်ဆိုသည်မှာမူ ရတနာများ အပြည့်အဝပါရှိသော ဆယ်ကြိမ်ဆက်တိုက် ကတ်ဆွဲယူခြင်းမှ ရရှိသည့် အစွမ်းအထက်ဆုံး ကြယ်ငါးပွင့် ကာရိုက်တာကတ်အဆင့်နှင့် ညီမျှပေသည်။
ထို့ကြောင့် ပိုင်ချူးရန်ကဲ့သို့ ကောင်းကင်ဘုံ မနာလိုရသော ခန္ဓာကိုယ်နှင့် ကောင်းကင်ဝိညာဉ်ကြော ခန္ဓာကိုယ် နှစ်ခုစလုံးကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားသူ၏ ကံကြမ္မာမှာ ဂိမ်းထဲရှိ အစွမ်းအထက်ဆုံး ကာရိုက်တာနှစ်ခုစလုံးကို အပြည့်အဝ ရရှိထားသော လူတစ်ဦးထက်ပင် အဆပေါင်းများစွာ ပို၍ ကံကောင်းနေသည်နှင့် ညီမျှပေလိမ့်မည်။
ကျီရှန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ထန်ရော်ဝေမှာ အံ့ဩတုန်လှုပ်စွာဖြင့် သက်ပြင်းတစ်ချက် ခိုးချလိုက်မိ၏။ သို့သော် ဤအချိန်တွင်မူ ပိုင်ချူးရန်၏ လက်နက်သန့်စင်ခြင်းမှာ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထာဝရဖီးနစ်ငှက်၏ မီးတောက်များအလယ်၌ ရတနာသံချပ်ကာသည် အပြင်းအထန် လောင်ကျွမ်းမှုကြောင့် အရည်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရွှေရောင်ချည်မျှင်တစ်ခုအဖြစ်သို့ ပြန်လည်စုစည်းသွား၏။ ထို့နောက် လေထုထဲတွင် အချင်းချင်း ယက်ကန်းရက်လုပ်သကဲ့သို့ ယှက်နွယ်သွားကာ အလွန်တရာ ကျက်သရေရှိလှသော ရွှေရောင် အမျိုးသမီး စကတ်ရှည်အသစ်တစ်ထည်အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
ဤလုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ မခက်ခဲလှပေ။ အခက်ခဲဆုံးသောအရာမှာ ဤလုပ်ငန်းစဉ်တစ်လျှောက်လုံး သံချပ်ကာ၏ ဝိညာဉ် မသေဆုံးဘဲ ဆက်လက်တည်ရှိနေစေရန် အသေအချာ ထိန်းသိမ်းလုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ရက်လုပ်ခြင်း ပြီးစီးသွားသောအခါ ပိုင်ချူးရန်သည် သူ၏ လက်များကို ကခုန်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားကာ သံချပ်ကာတွင် တွဲဆက်ထားသော မူလအစီအရင်များကို အပြစ်အနာအဆာမရှိ ပြန်လည်ထည့်သွင်းပေးခဲ့ပြီးနောက် သူ၏ ကိုယ်ပိုင် ထပ်ဆောင်းအစီအရင်များကိုပါ များစွာ ထည့်သွင်းပေးလိုက်သေး၏။
"ကဲ... ပြီးပြီ။"
လှပသော ဘဲငန်းဝါရောင် ဂါဝန်လေးကို ကိုင်ဆောင်လျက် ပိုင်ချူးရန်သည် ထန်ရော်ဝေ၏ မျက်နှာပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်ပေးလိုက်သည်။
"ရော။ ယူပြီး ဝတ်လိုက်တော့။"
"ဟုတ်"
ထန်ရော်ဝေသည် စကတ်ရှည်ကို ကောက်ယူလိုက်ပြီး သူမ ရင်ဘတ်နေရာရှိ အရှေ့ဘက်ခွဲကို စစ်ဆေးကြည့်လိုက်သည်။ အတွင်းပိုင်း ဆန့်ဝင်နိုင်မှု ပမာဏမှာ လုံလောက်စွာ ကြီးမားနေကြောင်း တွေ့ရှိလိုက်ရပြီးနောက် သူမသည် ရုတ်တရက် ပြုံးလိုက်ကာ ချိုသာစွာ ပြောလာ၏။ "ကျေးဇူးတင်ပါတယ်ဆရာ။"
"အေး။"
ပိုင်ချူးရန်က ပေါ့ပေါ့ပါးပါး လက်ခါပြလိုက်ပြီး မတ်တပ်ရပ်ကာ ပြော၏။ "စွမ်းဆောင်ရည်တွေကို မင်းဘာသာမင်း ကြည့်လိုက်တော့။ ဒီကောင်တွေ ဘယ်လိုဆွေးနွေးနေကြလဲဆိုတာကို ငါ အပြင်ထွက်ကြည့်လိုက်ဦးမယ်။"
သူ၏ တပည့်ကို ချန်ရစ်ထားခဲ့ကာ ပိုင်ချူးရန် အပြင်သို့ လျှောက်ထွက်လာခဲ့သည်။ ဤအချိန်တွင် ရူးမတတ်ဖြစ်နေသော ချိုးယွီရွှမ်မှလွဲ၍ အခြားသော ဂိုဏ်းချုပ်များသည် ရရှိလာမည့် ပစ္စည်းများကို မည်သို့ခွဲဝေကြမည်နှင့် ဤကျီရှန်း လိုဏ်ဂူစံအိမ်ကို မည်သို့ စီမံခန့်ခွဲကြမည်ဆိုသည့်အကြောင်းများကို ဆွေးနွေးနေကြလောက်ပြီ ဖြစ်သည်။
သို့သော် သူ အပြင်သို့ မရောက်မီမှာပင် စုရှန်းရွှယ်က အလောတကြီး ပြေးဝင်လာခဲ့သည်။ "ငါ့နောက် မြန်မြန်လိုက်ခဲ့။"
သူမက ခါးသီးစွာ ပြုံးလျက် လှုန့်ဆော်လာ၏။ "အဲ့ကောင်တွေ ထပ်ပြီး ချကြတော့မယ်။"