အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း (၂၀၇) - မြေကမ္တာအင်မော်တယ်အဆင့်၏ အထက်က နယ်ပယ်
တစ်ခါတစ်ရံ၌ အမှန်တရားလမ်းစဉ် မဟာမိတ်အဖွဲ့နှင့် နတ်ဆိုးဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တို့သည် ဆိုးသွမ်းသော ကလေးငယ်များနှင့် များစွာတူလှသည်ဟု ပိုင်ချူးရန် ခံစားမိလေ၏။ သူတို့သည် အပေါ်ယံတွင် အချင်းချင်း ရန်လိုနေကြသော်ငြား လက်တွေ့တွင်မူ နီးကပ်စွာ ဆက်ဆံလေ့ရှိသည်။ သို့သော် သဘောထားကွဲလွဲမှု အနည်းငယ်ရှိလာသည်နှင့် တစ်ဖက်နှင့်တစ်ဖက် ချိန်ဆနေခြင်းမရှိဘဲ ချက်ချင်းပင် တိုက်ခိုက်ကြ၏။
ဤကဲ့သို့ အခြေအနေမျိုး ကြုံလာရတိုင်း အမှန်တရာစနှင့် နတ်ဆိုးများကြား ဒုတိယအကြိမ် စစ်ပွဲကြီး ပြန်လည်မဖြစ်ပွားစေရန် တားဆီးနိုင်ရေးအတွက် ပိုင်ချူးရန်နှင့် စုရှန်းရွှယ်တို့ နှစ်ဦးစလုံးမှာ အပူတပြင်း ဖြောင်းဖျပြောဆိုရသည့်အပြင် တစ်ကိုယ်ကောင်းဆန်သော ပြဿနာရှာသူအချို့ကို အင်အားသုံး၍ နှိမ်နင်းရသည့် တာဝန်များကိုပါ မလွှဲမရှောင်သာ ယူခဲ့ကြရပေသည်။
သူနှင့် စုရှန်းရွှယ်တို့မှာ အထိန်းအကွပ်မဲ့ ဆိုးသွမ်းနေသော ကလေးတစ်သိုက်၏ ဝန်းရံခြင်းကို ခံထားရသည့် မိဘများနှင့်တူနေသည်ဟုပင် ခံစားလိုက်ရသည်။ ဤကလေးများ ထကြွသောင်းကျန်းလာသောအခါ ခေါင်းအကိုက်ရဆုံးသူများမှာ မိဘများပင်။
ကျီရှန်း လိုဏ်ဂူစံအိမ်၏ တံခါးဝအပြင်ဘက်တွင် ရှေ့ဆုံးမှ ထိပ်တိုက်ရင်ဆိုင် ရပ်နေသူနှစ်ဦးမှာ ချီမင် ဓားဂိုဏ်းမှ ကျူးယွမ်ကျှနှင့် ကောင်းကင်မိစ္ဆာဂိုဏ်းမှ ကျီလင်းယွင်တို့ပင် ဖြစ်သည်။
ပထမတစ်ဦးက ဤလိုဏ်ဂူစံအိမ်ကို သူတို့၏ ဘိုးဘေး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာဆိုပြီး ဒုတိယတစ်ဦးကမူ ဓားဘိုးဘေး ဤနေရာကို ရှာတွေ့နိုင်ခဲ့ခြင်းမှာ သူတို့၏ ထိုက်ရှန်းအကြီးအကဲ ပေးအပ်ခဲ့သော သဲလွန်စကြောင့်ဖြစ်သည်ဟု ချေပလေ၏။ ပထမတစ်ဦးက အမှန်တရားလမ်းစဉ် မဟာမိတ်အဖွဲ့အနေဖြင့် ဤလိုဏ်ဂူစံအိမ်ကို အပြည့်အဝ သိမ်းပိုက်မည်ဟု ပြောပြီး ဒုတိယတစ်ဦးကမူ နတ်ဆိုးမဟာမိတ်အဖွဲ့အနေဖြင့်လည်း ထိုက်တန်သော ဝေစုတစ်ခု ရရှိသင့်သည်ဟု ယုံကြည်နေသည်။
စကားအနည်းငယ်မျှပင် ဆုံးအောင် မပြောရသေးမီ အခြေအနေမှာ တိုက်ခိုက်မှုများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး မဟာမိတ်အဖွဲ့ရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များပင် ဝင်ရောက်ပါဝင်လာကာ ဤနေရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြတော့သည်။
အမှန်တရားမဟာမိတ်ဂိုဏ်းဘက်တွင် လူအင်အားနှစ်ဦး ပိုများနေသော်လည်း နတ်ဆိုးဂိုဏ်းမဟာမိတ်ဘက်တွင်လည်း မဟာတက်လှမ်းခြင်းအကြီးအကဲတစ်ဦး အပိုပါဝင်နေသောကြောင့် တိုက်ပွဲသာ အမှန်တကယ် စတင်သွားပါက ခွဲထုတ်ရန် အလွန်ခက်ခဲသော အခြေအနေတစ်ခုသို့ ဆိုက်ရောက်သွားနိုင်၏။
ထို့ကြောင့် ပိုင်ချူးရန် လျင်မြန်စွာ ထွက်လာခဲ့ပြီး အတည်ငြိမ်ဆုံးဖြစ်သော ပုဂ္ဂိုလ်ထံမှ အခြေအနေကို မေးမြန်းရတော့သည်။ ထိုသူမှာ ကျောက်စိမ်းမျက်နှာ ဗုဒ္ဓကို ခေါ်ဆောင်ကာ ဘုရားကျောင်း၏ အဆုံး၌ ခါးသီးသော အပြုံးဖြင့် ရပ်နေသူဖြစ်သည်။ ပိုင်ချူးရန်မှာ ကျောက်စိမ်းမျက်နှာ ဗုဒ္ဓမှလွဲ၍ ကျန်လူအားလုံးကို ကြမ်းပြင်ပေါ်သို့ ဦးစွာဆွဲလှဲပစ်လိုက်ပြီးနောက် စုရှန်းရွှယ် ထွက်လာကာ သူတို့ကို တည်ငြိမ်စေပြီး ဖြည်းညင်းစွာ စေ့စပ်ဆွေးနွေးလေတော့၏။
ကြမ်းတမ်းသော လက်သီးနှင့် ချိုသာသော စကားလုံးတို့၏ ပေါင်းစပ်မှုအကျိုးသက်ရောက်မှုက ချက်ချင်းပင် သိသာသွားခဲ့သည်။ ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များအားလုံးလည်း တည်ငြိမ်သွားကြပြီး ဖူးယောင်နေသော နှာခေါင်း၊ ညိုမည်းနေသော မျက်နှာများဖြင့် အတူတကွ ပြန်လထိုင်ကာ ကျီရှန်း လိုဏ်ဂူစံအိမ်၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အေးဆေးတည်ငြိမ်စွာ စတင်ဆွေးနွေးကြတော့၏။
နှစ်ဖက်အကြား အငြင်းပွားမှု၏ အဓိကအချက်မှာ ကျီရှန်း လိုဏ်ဂူစံအိမ်ကို မည်သည့်နေရာတွင် ထားရှိသင့်ပြီး မည်သူက စောင့်ရှောက်မည်ဆိုသော အကြောင်းအရာဆီသို့သာ ပြန်လည်ရောက်ရှိသွားသည်။ သို့ရာတွင် ကျီရှန်းက အကြံပြုလာသည်။ "ဂိုဏ်းအားလုံး လေဟာနယ်ကူးပြောင်းခြင်း နည်းလမ်းကို အသုံးပြုပြီး ကျိရှန်း လိုဏ်ဂူဗိမာန်ကို လာလို့ရတာပဲ"
ထို့အပြင် ကျီရှန်း လိုဏ်ဂူဗိမာန်သည် ကျိုကျိုးဒေသဆယ်ခု၏ အပြင်ဘက်ရှိ အခြားသော သီးခြား လေဟာနယ်နယ်မြေငယ်လေးတစ်ခုတွင် တည်ရှိသည်ဆိုသော အချက်ကို ရှင်းပြပြီးနောက် နှစ်ဖက်စလုံးလည်း အဆုံးတွင် သဘောတူညီချက်ရရှိကာ ရလဒ်တစ်ခုကို အတည်ပြုနိုင်ခဲ့ကြ၏။
ကျီရှန်း လိုဏ်ဂူစံအိမ်၏ ဝင်ပေါက်ကို မြေကမ္ဘာအင်မော်တယ်၏ ရှေးဟောင်းမြို့တော်နှင့်အတူ ဤနေရာတွင်ပင် ဆက်လက်ထားရှိမည်ဖြစ်ပြီး ကျီရှန်း သင်ကြားပေးမည့် လေဟာနယ်ကူးပြောင်းခြင်း အစီအရင်ကို သင်ယူပြီးနော် ဂိုဏ်းကြီးများသည် သူတို့၏ ဂိုဏ်းအသီးသီးမှတစ်ဆင့် အဆိုပါ အစီအရင်ကို အသုံးပြုကာ ကျီရှန်းလိုဏ်ဂူသို့ ချိတ်ဆက်ကြမည်ဖြစ်သည်။
ကျီရှန်း လိုဏ်ဂူနှင့် မြေကမ္ဘာအင်မော်တယ် ရှေးဟောင်းမြို့တော်တို့ကို အမှန်တရားမဟာမိတ်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းတို့ ပူးပေါင်းပိုင်ဆိုင်သော ကြားနေနယ်မြေများအဖြစ် ပိုင်းခြားသတ်မှတ်လိုက်သည်။ နှစ်ဖက်စလုံးမှ အင်အားကြီးဂိုဏ်းများက ဤနေရာနှစ်ခုကို စောင့်ကြပ်ရန် တစ်လှည့်စီ စေလွှတ်ကြမည်ဖြစ်ပြီး ဆယ်နှစ်တစ်ကြိမ် အလှည့်ကျစနစ်ဖြင့် တာဝန်ယူကြမည်ဟု ဆုံးဖြတ်ခဲ့၏။
ထို့အပြင် နှစ်ဖက်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ထားသော အခြားဂိုဏ်းများသည်လည်း မဟာမိတ်အဖွဲ့၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ကျီရှန်းလိုဏ်ဂူအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်ပြီး လျှို့ဝှက်ချက်များကို သင်ယူနိုင်သလိူ၊ အခွင့်အရေးများ ရှာဖွေခြင်း သို့မဟုတ် စမ်းသပ်မှုများအတွင်း သူတို့ကိုယ်သူတို့ လေ့ကျင့်ခြင်းများကို ပြုလုပ်နိုင်ပေမည်။
ဤသို့ဖြင့် ကျီရှန်း လိုဏ်ဂူစံအိမ်၏ ပြဿနာရပ်များမှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့၏။ ဂိုဏ်းကြီးများ၏ ခေါင်းဆောင်များသည် လျှို့ဝှက်ချက်များကို စုစည်းစီစဉ်ခြင်း၊ အစီအရင်များ တည်ဆောက်ခြင်း၊ မှော်လက်နက်များကို ရေတွက်ခြင်း စသည်တို့ဖြင့် လျင်မြန်စွာ အလုပ်များသွားကြသည်။ သို့တိုင်အောင် သူတို့လုပ်ဆောင်ရန် ကိစ္စရပ်များစွာ ကျန်ရှိနေသေး၏။
သို့သော် ပိုင်ချူးရန်ကား ပြန်လည်ထွက်ခွာလိုသော တပည့်တစ်စုနှင့်အတူ ချီမင် ဓားဂိုဏ်းသို့ ပြန်လာခဲ့သည်။
အခန်း (၂၀၈) - မြေကမ္တာအင်မော်တယ်အဆင့်၏ အထက်က နယ်ပယ် [၁]
စုရှန်းရွှယ် အလုပ်များနေစဉ်အတွင်း သူသည် ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်၏ ဂူသင်္ချိုင်းနှင့်ပတ်သက်သော အချက်အလက်များ စုဆောင်းရန် အမိန့်ကို ကာမသုတြာမ်ဂိုဏ်း၏ သတင်းကွန်ရက်ထံသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။ ပိုင်ချူးရန်သည် ချီမင် ဓားဂိုဏ်း၏ သတင်းကွန်ရက်ကိုပါ တစ်ပါတည်း လှုပ်ရှားစေရန်အတွက် သူ၏ များပြားလှသော ဂိုဏ်းဝင်ရမှတ်များကို အသုံးပြုခဲ့၏။
သို့သော် မည်သို့ပင်ဆိုစေ ဤသည်မှာ ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်၏ ဂူသင်္ချိုင်းကို စုံစမ်းစစ်ဆေးခြင်းဖြစ်သည်။ ဤထောက်လှမ်းရေး လုပ်ငန်းစဉ်များအားလုံးကို နတ်ဆိုးမိစ္ဆာနယ်မြေအတွင်း၌ လျှို့ဝှက်စွာ လုပ်ဆောင်ရမည်။ နတ်ဆိုးမျိုးနွယ်များ၏ သူစိမ်းများကို မုန်းတီးကြောက်ရွံ့တတ်သော သဘာဝကြောင့် လူသားမျိုးနွယ်များအနေဖြင့် နတ်ဆိုးမိစ္ဆာနယ်မြေအတွင်းသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှ၏။ ထို့ကြောင့် ပိုင်ချူးရန်မှာ အလျင်စလို ဖြစ်မနေခဲ့ပေ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သေဆုံးသွားခဲ့သော နတ်ဆိုးမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦး၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိရန်မဆိုထားနှင့် ဤစုံစမ်းစစ်ဆေးမှုကို အစပြုလုပ်ဆောင်ရန်ပင် ငါးနှစ်မှ ခြောက်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
ရွှယ်လင်ပြောခဲ့သလိုပင် မိုင်တစ်ရာခရီးကို သွားသောသူများအတွက် ကိုးဆယ်ရာခိုင်နှုန်းရောက်မှ တစ်ဝက်ခရီးသာ ရှိသေးသည်ဟု ဆိုရမည်။ ပိုင်ချူးရန် မပျော်သော်လည်း လက်တွေ့တွင် သူ၏ ရင်ထဲ၌ ကြာရှည်မည့် တိုက်ပွဲတစ်ခုအတွက် အသင့်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။
ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိရန်မှာ မလွယ်သော်လည်း မျှော်လင့်ချက်ရှိ၏။ ထိုသို့ရှာဖွေရန် နောက်ထပ် နှစ်သုံးထောင်မျှ အချိန်ယူရမည်ဆိုလျှင်တောင်မှ သူ ရှာဖွေမည်သာဖြစ်သည်။
ထို့ကြောင့် နောက်လာမည့် အချိန်ကာလများအတွက် ပိုင်ချူးရန်သည် ချီရှင်း တောင်ထွတ်ပေါ်တွင် သူ့ကိုယ်သူ ပိတ်လှောင်ထားပြီး ယခင်ခေတ်ဟောင်းကာလမှ နည်းလမ်းများကို ကျီရှန်းထံမှ စိတ်ရှည်လက်ရှည် သင်ယူလေ့လာနေခဲ့၏။
"စိတ်ဓာတ်မကျပါနဲ့ကွာ။ စိတ်ဓာတ်မကျပါနဲ့။"
ချီရှင်း တောင်ထွတ်၏ ချောက်ကမ်းပါးစွန်းတွင် ဘေး၌ချထားခံရသော ဦးခေါင်းခွံ ကျီရှန်းက သူ့အား နှစ်သိမ့်ပေးနေလေသည်။ "မင်း ဒီအခြေအနေကို ဖြတ်သန်းလာခဲ့တာ နှစ်သုံးထောင်တောင် ရှိနေပြီလေ။ တမလွန်လောကကလည်း မင်းကို လက်ခံနိုင်စွမ်းမရှိဘူးလေ။ အနာဂတ်မှာ မင်းက ပိုပိုပြီးတော့တောင် အစွမ်းထက်လာဦးမှာ။ စိတ်မပူပါနဲ့ကွာ... တမလွန်လောကက မင်းကို ခေါ်သွားနိုင်မှာ မဟုတ်ပါဘူး။"
"ခင်ဗျား နားထောင်လို့ကောင်းတာလေး ဘာလေး မပြောတတ်ဘူးလား။"
ပိုင်ချူးရန် သက်ပြင်းချလိုက်ပြီး သူခေါက်ထားသော စက္ကူကြိုးကြာရုပ်လေးကို လေထဲသို့ ပစ်ထုတ်လိုက်၏။ ထိုစက္ကူကြိုးကြာလေးမှာ တောင်ပေါ်လေပြေနှင့်အတူ လေထဲတွင် ယိမ်းနွဲ့သွားပြီး ရုတ်တရက် အသက်ဝင် အသိဉာဏ်ရလာသည့်အလား တောင်ပံများကိုခတ်ကာ အလိုအလျောက် ပျံသန်းသွားပြီး ကောင်းကင်ယံတွင် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားတော့သည်။
ဤသည်ကား သန့်စင်မင်းဆက်နှင့် မြေကမ္ဘာအင်မော်တယ်ခေတ်တို့မှ သူ အသစ်သင်ယူထားသော မှော်စွမ်းအင်ပင်။ သင်ပေးသူမှာမူ သူ့ဘေးမှ ပညာရှိ ကျီရှန်းသာ ဖြစ်လေ၏။
သန့်စင်မင်းဆက်၏ မြေကမ္ဘာအင်မော်တယ်များသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတရား၏ အပေါ်ယံ သဘောတရားကို နားလည်သဘောပေါက်ရန်ခဲ့ကြသည်။ ထိုအရာကို အခြေခံ၍ ဖန်တီးထားသော မှော်စွမ်းအင်များသည် သက်မဲ့အရာများကို အသက်စွမ်းအင် ပေးစွမ်းနိုင်ခြင်း သို့မဟုတ် သက်ရှိသတ္တဝါများ၏ သက်တမ်းကို နုတ်ယူနိုင်စွမ်းရှိ၏။ သေချာသည့်အရာမှာ ဤမှော်စွမ်းအင်များကို မူလက မြေကမ္ဘာအင်မော်တယ်များ အသုံးပြုရန် ဖန်တီးထားခြင်းဖြစ်သော်လည်း ကျီရှန်း၏ အကူအညီဖြင့် ပိုင်ချူးရန်သည် ထိုအရာကို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ အသုံးပြုနိုင်ရန် အသွင်ပြောင်းလဲနိုင်ခဲ့သည်။
ဤစက္ကူကြိုးကြာများကို သူ အသက်သွင်းပေးခဲ့ခြင်းဖြစ်သဖြင့် အပြင်သို့ ပျံသန်းသွားပြီးနောက် ကြိုးကြာများသည် သူ၏ မျက်စိနှင့် နားများအဖြစ် ပြောင်းလဲသွားကာ ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်၏ ဂူသင်္ချိုင်းအတွက် သဲလွန်စများကို ရှာဖွေရာတွင် ကူညီပေးမည့် ဒရုန်းများကဲ့သို့ ဖြစ်လာနိုင်ပေသည်။
သို့ဖြစ်ရာ အချိန်ကာလအတော်ကြာသည်အထိ နတ်ဆိုးနယ်မြေ၏ ကောင်းကင်ယံတွင် ဤကဲ့သို့သော စက္ကူသက်ရှိသတ္တဝါများ အချိန်အခါမရွေး ဖြတ်သန်းသွားလာနေကြမည်ကို ကြိုတင်မှန်းဆနိုင်ပေသည်။
"စကားမစပ်။ အဲဒီနေ့တုန်းက စုရှန်းရွှယ် မင်းကို သီးသန့်လာတွေ့တော့ သူ မင်းကို ဘာတွေပြောသွားတာလဲ။" စက္ကူကို ပျင်းရိငြီးငွေ့စွာ ခေါက်နေရင်း ပိုင်ချူးရန်က ပျင်းရိပျင်းတွဲ မေးလေ၏။
"အဲဒီ ကောင်မလေးက ငါ့ဆီလာပြီး မြေကမ္ဘာအင်မော်တယ်တစ်ပါး ဘယ်လိုဖြစ်လာနိုင်မလဲလို့ လာမေးတာလေ။"
ကျီရှန်းက ပြန်ဖြေ၏။ "သူပြောတာက သူ လောလောဆယ် ကောင်းကင်နတ် တစ်ပါး မဖြစ်ချင်သေးဘူး ဒါပေမဲ့ သက်တမ်းကုန်သွားတဲ့အခါမှာလည်း မသေချင်သေးဘူးတဲ့လေ။ ဒါကြောင့် မြေကမ္ဘာအင်မော်တယ် ဘယ်လိုဖြစ်အောင် လုပ်ရမလဲဆိုတာကို ငါ သူ့ကို သင်ပေးလိုက်တယ်။"
"မြေကမ္ဘာအင်မော်တယ်ဖြစ်သွားတာကရော အဆုံးမဲ့သက်တမ်းကို ရတာပဲလား။" ပိုင်ချူးရန်က မေးသည်။
"သေချာတာပေါ့။ မြေကမ္ဘာနတ်ဆိုတာ ဘယ်လိုပဲပြောပြော နတ်တစ်ပါးပဲလေ။ သက်တမ်းက အဆုံးမဲ့ မဟုတ်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ကောင်းကင်ကြီးနဲ့ ထပ်တူကျတဲ့ သက်တမ်းတစ်ခုကိုတော့ ရရှိနိုင်တယ်။"
ကျီရှန်းသည် သူ့ ဦးခေါင်းခွံကို အနည်းငယ် ခါယမ်းလာ၏။
"ငါတို့က အင်မော်နယ်နယ်မြေကို မတက်ရသေးတော့ ကောင်းကင် အင်မော်တယ်တွေရဲ့ ချီစွမ်းအင်နဲ့ သွန်းဆင်းသန့်စင်တာမျိုးကိုတော့ မရရှိထားဘူး။ ဒါကြောင့် အဆင့်တူတဲ့ ကောင်းကင်အင်မော်တယ် တွေထက်တော့ အနည်းငယ် ပိုအားနည်းနိုင်တယ်။ ပြီးတော့ မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှာ မဟာပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီးရင်တော့ ငါတို့က ထပ်ပြီး အဆင့်တက်လို့ မရတော့ဘူး။"
"အဲဒါက ကောင်းကင်ဘုံ စည်းမျဉ်းတွေရဲ့ ကန့်သတ်ချက်ကြောင့်လား။"
ပိုင်ချူးရန်က မေးလေ၏။
"အဲဒါက ထပ်ပြီးတိုးတက်ဖို့အတွက် ဆက်လက်လေ့ကျင့်ရမယ့် ကျင့်စဉ် မရှိတော့လို့ပဲ။ လူတိုင်းက လမ်းဆုံးကို ရောက်နေကြပြီး ထပ်တက်လို့ မရတော့ဘူးဆိုတော့ ငါလည်း အရမ်းကို နားရှုပ်ခဲ့ရတာပဲ။"
"သန့်စင်မင်းဆက်ရဲ့ သမိုင်းတစ်လျှောက် နှစ်ပေါင်း သောင်းနဲ့ချီတဲ့ အချိန်အတွင်းမှာ ရှေ့ဆက်သွားရမယ့် လမ်းစဉ်ကို ဘယ်သူကမှ မဖန်တီးနိုင်ခဲ့ဘူးလား။"
ပိုင်ချူးရန် အံ့အားသင့်စွာ မေး၏။ "လူတိုင်းက မင်းလိုမျိုး ပုံမှန်မဟုတ်တဲ့ အရူးကောင်တွေလို့ ထင်နေလား။ လူအင်အားတွေလည်း ခမ်းခြောက်နေခဲ့ပြီးပြီလေ။ အဲဒီအချိန်တုန်းက ငါတို့က နတ်ဆိုးတွေ၊ မိစ္ဆာတွေနဲ့ အသေအလဲ တိုက်ပွဲဝင်နေရတာ။ ပါရမီအရှိဆုံး လူတွေက နေ့တိုင်း အိပ်ရာနိုး မျက်လုံးပွင့်လာတာနဲ့ တွေးတဲ့ တစ်ခုတည်းသောအရာက လူတွေကို မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်က ခွေးကောင်တွေကို ဘယ်လို သတ်ခိုင်းရမလဲဆိုတာပဲ။ ဒါပေမဲ့ ငြိမ်းချမ်းရေးအချိန် ရောက်လာတဲ့အခါကျတော့ မြေကမ္ဘာအင်မော်တယ် အများစုက လူသားမျိုးနွယ် တည်ငြိမ်သွားပြီလို့ ခံစားလိုက်ရတော့ ပိုပြီး ကြိုးစားချင်စိတ် မရှိတော့ဘူး။ ဒါနဲ့ သူတို့က ကောင်းကင်ဘုံကို တက်သွားဖို့ ရွေးချယ်လိုက်ကြတော့တာ။"
ကျီရှန်းက ပြန်ဖြေ၏။
"အဲ့တာကြောင့်ပဲ ငါ့ရဲ့ဆန္ဒတွေကို စွန့်လွှတ်ပြီး ကြီးမားတဲ့ ဉာဏ်ပညာနဲ့ လဲလှယ်ခဲ့တာပေါ့။ ငါလည်း အင်မော်တယ်မိသားစုဝင်တွေရဲ့ ကျင့်စဉ်တွေကို ရှာဖွေဖော်ထုတ်နိုင်မလားဆိုတာ သိချင်ခဲ့တာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီနေ့အထိ ငါ မရောက်နိုင်ခဲ့ဘူး။ အပျက်အစီးတွေထဲကနေ အချက်အလက်တချို့ကိုတော့ ငါ ဖတ်ခဲ့ရတယ်။ အရင်တုန့်ချင်း အင်မော်တယ်မင်းဆက်မှာ မြေကမ္ဘာအင်မော်တယ်တွေရဲ့ နယ်ပယ်ကို မြှင့်တင်ပေးနိုင်တဲ့ နည်းစနစ်တွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ တုန့်ချင်းမင်းဆက် ပျက်သုဉ်းသွားတာနဲ့အတူ အဲဒီကျင့်စဉ်တွေအားလုံးလည်း ထာဝရ ပျောက်ကွယ်သွားခဲ့ရတယ်။"
"တကယ် နှမြောစရာပဲ။" ပိုင်ချူးရန် သက်ပြင်းချလိုက်မိ၏။