← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉) - စားစရိတ်နဲ့ နေစရိတ် အငြိမ်း

လောကဆိုသည်မှာ အမြဲတမ်း ခန့်မှန်းရခက်ခဲလှပေသည်။ ပိုင်ချူးရန်ကိုယ်တိုင်ပင်လျှင် အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို ကြိုတင်၍ မတွေးဆနိုင်ခဲ့ချေ။

ကျီရှန်း၏ လိုဏ်ဂူဗိမာန်ကိစ္စရပ်များ ပြီးဆုံးသွားပြီး ငါးနှစ်အကြာတွင် စုရှန်းရွှယ်သည် သူ့ထံသို့ ရောက်ရှိလာခဲ့ပြီး နတ်ဆိုးမျိုးနွယ်များဆီမှ မယုံကြည်နိုင်လောက်ဖွယ် သတင်းအချို့ကို လာရောက် အသိပေးခဲ့သည်။

"နတ်ဆိုးဧကရာဇ်ကတော့ အသေဆိုးနဲ့ သေသွားခဲ့ပြီ။"

ကာမသုတြာဂိုဏ်းချုပ်သည် သူမ၏ ဖခင်အကြောင်းကို ပြောနေခြင်းဖြစ်သော်လည်း ပတ်သက်မှုမရှိသည့် သူစိမ်းတစ်ယောက်အကြောင်းကို ပြောနေသကဲ့သို့ အေးစက်စက်နိုင်လှသည်။

"သူ သေဆုံးသွားတဲ့အထိ ဘယ်သူ့ကို ထီးနန်းဆက်ခံသူအဖြစ် ခန့်အပ်မယ်ဆိုတဲ့ အမိန့်ကို မထုတ်ပြန်သွားခဲ့ဘူး။ ဒီတစ်ကြိမ်တော့ နတ်ဆိုးမျိုးနွယ်တွေကြားမှာ သွေးချောင်းစီးမယ့် ကမောက်ကမတွေ စတင်တော့မှာ သေချာတယ်။"

ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ချူးရန် ခေတ္တမျှ မှင်တက်သွား၏။ နတ်ဆိုးဧကရာဇ် သေဆုံးရခြင်းမှာ သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့်ဟု ဆိုသော်ငြား သူနှင့် မသက်ဆိုင်ဘဲတော့ မနေပေ။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်၊ နှစ်ထောင်နီးပါးခန့်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် ပိုင်ချူးရန်သည် နတ်ဆိုးဧကရာဇ်အား ထွက်ပေါက်ပိတ်သွားစေသည်အထိ အပြင်းအထန် ဖိအားပေးခဲ့ဖူးသည်။ ထိုစဉ်က နတ်ဆိုးဧကရာဇ်အနေဖြင့် သူ့အား ခုခံတိုက်ခိုက်ရန် အသက်စွမ်းအင်ကိုပါ စတေးရသည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုရန် အတင်းအကျပ် တွန်းအားပေးခံခဲ့ရ၏။ ထိုမျှမက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့ပြီးသည့်တိုင် နတ်ဆိုးဧကရာဇ်သည် အရှက်တကွဲ ရှုံးနိမ့်မှုကို မြိုသိပ်ခဲ့ရသေးသည်။

နတ်ဆိုးနယ်မြေသို့ စိတ်ပျက်လက်ပျက် ပြန်ရောက်သွားပြီးနောက်တွင်လည်း သူ့သားနှင့် လက်အောက်ငယ်သားများကို ပိုင်ချူးရန်က ထပ်မံသတ်ဖြတ်ခဲ့ပြန်သည်။ လျှို့ဝှက်နည်းစနစ်၏ အကျိုးဆက်အပြင် ပြင်းထန်သော ဒဏ်ရာများနှင့် သားဖြစ်သူ သေဆုံးသွားမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များက ထိုနတ်ဆိုးအရှင်သခင်အား အလွန်လျင်မြန်စွာ သေဆုံးသွားစေရန် တွန်းပို့ခဲ့ခြင်းပင်။

ယေဘုယျအားဖြင့် သက်တမ်းပိုရှည်သော နတ်ဆိုးမျိုးနွယ်များမှာ ယခုအချိနမ မူလနတ်ဆိုးဧကရာဇ် သွေးသားကို ဆက်ခံထားသော ခေါင်းကိုးလုံး နဂါးတစ်ကောင်ဖြစ်နေသည့်တိုင် ပိုင်ချူးရန်နှင့် အသက်အရွယ် တူညီလုနီးပါးဖြင့် သေဆုံးသွားရခြင်းမှာ အချိန်မတိုင်မီ စောစီးစွာ သေဆုံးခြင်းဟုပင်ဆိုရမည်။

"ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်တွေ ကမောက်ကမ ဖြစ်နေတယ်ဆိုရင် ဂူသင်္ချိုင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းနေတဲ့ ငါတို့ရဲ့ အလုပ်က..."

ပိုင်ချူးရန်က လေးနက်စွာ တွေးတောလျက် ပြော၏။

"အဲဒါက ဘာမှလုပ်မရဘူး။ လူသားတွေက နတ်ဆိုးနယ်မြေမှာ သွားလာလှုပ်ရှားဖို့ ခက်ခဲရုန်းကန်နေရဆဲပဲ။ ကျွန်မတို့ ကာမသုတြာဂိုဏ်းက မွေးမြူထားတဲ့ နတ်ဆိုးမျိုးနွယ် သတင်းပေးတွေကလည်း လာမယ့်စစ်ပွဲကို မလွှဲမရှောင်သာ ရှောင်ရှားကြရလိမ့်မယ်။ နတ်ဆိုးနယ်မြေထဲမှာ မူလ သတင်းထောက်လှမ်းရေး ဝန်ထမ်းတွေရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ကျန်ခဲ့နိုင်လိမ့်မယ်လို့ ထင်တယ်။"

စုရှန်ရွှယ်က သက်ပြင်းချကာ ပြန်ဖြေ၏။

"ကျွန်မက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လို့ လူတွေကို စစ်မီးတွင်းထဲ အတင်းအကျပ် တွန်းပို့လို့မှ မရတာ။"

"အင်း။ ဒီလိုလုပ်ရုံကလွဲလို့ တခြားရွေးချယ်စရာမှ မရှိတော့ဘူး။"

ပိုင်ချူးရန် ခေတ္တမျှ စဉ်းစားလိုက်သည်။

"ငါလည်း ချီမင် ဓားဂိုဏ်းက သတင်းထောက်လှမ်းရေးတွေကို အရင်ပြန်ခေါ်ထားဖို့ အကြောင်းကြားရမယ်။ နတ်ဆိုးမျိုးနွယ်တွေ သူတို့ရဲ့ ပြည်တွင်းစစ် ပြီးဆုံးသွားတဲ့အထိပဲ ငါ အေးအေးဆေးဆေးပဲ စောင့်နေတော့မယ်။"

"စိတ်ချပါ။ ဒီပြည်တွင်းစစ်က သိပ်ကြာမှာ မဟုတ်ပါဘူး။"

စုရှန်းရွှယ်က ပြောလာ၏။

"နတ်ဆိုးဧကရာဇ်က အသက်ကြီးပြီး ကောက်ကျစ်စဉ်းလဲလွန်းတယ်။ သူ ထွက်ပေါက်တစ်ခု ချန်မထားခဲ့ဘူးဆိုတာကို ကျွန်မ လုံးဝမယုံဘူး။ ထီးနန်းဆက်ခံသူကို မသတ်မှတ်ခဲ့ဘူးဆိုပေမယ့် သူ သေတမ်းစာတော့ သေချာပေါက် ချန်ထားခဲ့မှာပဲ။ တချို့တစ်လေများ ဒီပြည်တွင်းစစ်က သူ ထီးနန်းဆက်ခံသူကို ရွေးချယ်ဖို့ ဖန်တီးခဲ့တဲ့ ဓလေ့ထုံးစံတစ်ခုလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။"

"ဟေ့။"

ဤအချိန်တွင် ပိုင်ချူးရန်၏ ဘေး၌ ချထားသော ကျီရှန်းက ရုတ်တရက် ဝင်ပြောလေ၏။ "ဒီပြည်တွင်းစစ်က နတ်ဆိုးဧကရာဇ်သစ်ကို ရွေးချယ်မယ့် ဓလေ့ထုံးစံတစ်ခုဆိုတာ ရာခိုင်နှုန်းပြည့် သေချာတယ်လို့ ပြောရမှာပဲ။ ဘာအမွေအနှစ်မှလည်း ချန်ထားခဲ့တာ မရှိဘူး။ တိုက်ပွဲတွေ စတင်ဖြစ်ပွားစေရတဲ့ အဓိကရည်ရွယ်ချက်က အရင်ကတည်းက ကြိုတင်သတ်မှတ်ထားတဲ့ ထီးနန်းဆက်ခံသူကို ကြီးထွားလာဖို့ အချိန်ပေးချင်လို့ပဲ။ နတ်ဆိုးဧကရာဇ်က မသေခင်မှာ ပြည်သူတွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်မယ့် အခြေအနေတွေကို သူ့ရဲ့လူယုံ နတ်ဆိုးဘုရင်တွေနဲ့ ကြိုတင် သဘောတူညီချက် ယူထားပြီးသား ဖြစ်မှာပဲ။ ပြည်တွင်းစစ် စတင်တာနဲ့ တစ်ပြိုင်နက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူ့လူတွေက ဆန့်ကျင်ဘက်လူတွေကို အပြတ်ရှင်းဖို့ အခွင့်အရေးရသွားမယ်။ ပြီးတော့ စစ်မှန်တဲ့ ထီးနန်းဆက်ခံသူကို အမြင့်ဆုံးနေရာ ရောက်အောင် ကူညီပေးကြလိမ့်မယ်။ ဒီမျိုးဆက်ရဲ့ နတ်ဆိုးဧကရာဇ်က လူသားတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲအတွင်းမှာ အားနည်းနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ကျိုကျိုးဒေသဆယ်ခုကို ကျူးကျော်ဖို့ စစ်တပ်တွေကို စေလွှတ်ခဲ့တယ်လို့ ဘိုးဘေးလေးပိုင် ဆီကနေ ငါကြားခဲ့တယ်။ တုံးအတဲ့ နတ်ဆိုးမျိုးနွယ်တွေက အမြဲတမ်း အမှားဟောင်းတွေကို ထပ်တလဲလဲ ကျူးလွန်နေကြတာပဲ။"

"အဲဒီလို ပြောလို့မရဘူး"

စုရှန်းရွှယ်က သူ့စကားထဲမှ အမှားကို ထောက်ပြသည်။

"ပြီးခဲ့တဲ့ စစ်ပွဲမှာသာ ပိုင်ချူးရန် မပေါ်ထွက်လာခဲ့ဘူးဆိုရင် အားနည်းနေတဲ့ ကျိုကျိုးဒေသဆယ်ခုက သူတို့ကို တကယ် ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အရင်ခေတ်က မှော်စွမ်းအင်အမွေအနှစ်တွေ အားလုံးက ရှင့်ရဲ့ တပည့်ကောင်းလေးကြောင့် ပြတ်တောက်သွားခဲ့ရတာလေ။"

ကျီရှန်းမှာ ရုတ်တရက် ဆွံ့အသွားပြီးနောက် အချိန်အတော်ကြာမှ လေးနက်စွာ ပြောလာ၏။ "ဒါဆိုရင်လည်း ကောင်းကင်ဘုံက ငါတို့ လူသားမျိုးနွယ်ကို ကောင်းချီးပေးခဲ့တယ်လို့ပဲ ပြောရမှာပေါ့။"

"ကောင်းချီးပေးတာလား။ မင်း စကားအရဆိုရင် ဒီကောင်းကင်ဘုံက ငါ့ကို မနာလိုဖြစ်လွန်းလို့ ငါသေမယ့်အချိန်ကိုတောင် မစောင့်နိုင်တော့ဘူးနဲ့တူတယ်"

အခန်း (၂၁၀) - စားစရိတ်နဲ့ နေစရိတ် အငြိမ်း[၁]

ပိုင်ချူးရန်သည် ကျီရှန်းအား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ကျီရှန်းမှာ အမှန်တကယ်ပင် ဘာမှ ပြန်မပြောနိုင်တော့ချေ။

"ဒါနဲ့။"

စုရှန်းရွှယ်သည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး မေးသည်။ "ရော်ဝေကော ဘယ်သွားလဲ။"

"သူ တံခါးပိတ် ကျင့်ကြံနေတယ်။"

ပိုင်ချူးရန်က အားကျမှု၊ မနာလိုမှု၊ မုန်းတီးမှုများ အထင်းသား ရောယှက်နေသော လေသံဖြင့် ပြောလာသည်။ "အဲဒီ ကောင်မလေးက ရွှေအမြုတေအဆင့်ကိုတောင် ရောက်နေပြီကွ။"

"ဘယ်လိုပဲဖြစ်ဖြစ် သူက ရှင့်ရဲ့ တပည့်ပဲလေ။"

စုရှန်းရွှယ်သည် ဘေးတွင် မကျေမနပ် နှာခေါင်းရှုံ့နေသော ပိုင်ချူးရန်အား ပြုံးစိစိဖြင့် စိုက်ကြည့်လိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်၏။ "ဒီလိုဆိုမှတော့ ကျွန်မဆီမှာ ဧည့်သည်အဖြစ် လာမနေချင်ဘူးလား။"

"ဘယ်လို"

ပိုင်ချူးရန် ခေတ္တမျှ ကြောင်အမ်းသွားပြီး မေးသည်။ "ဘာလို့လဲ။"

"ကျွန်မဆီမှာ နတ်ဆိုးမျိုးနွယ်ထဲက လက်အောက်ငယ်သား သတင်းပေးတချို့ ကျန်သေးတယ်။ ဒီပြည်တွင်းစစ်အတွင်းမှာ ဂူသင်္ချိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတို့ ရှာတွေ့နိုင်လောက်တယ်။"

စုရှန်းရွှယ်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး ပါးပြင်လေးများမှာ အနည်းငယ် နီရဲနေကာ သူမ၏ လေယူလေသိမ်းမှာ အလွတ်ကျက်ထားသော ဇာတ်ညွှန်းတစ်ခုကို ဖတ်ပြနေရသကဲ့သို့ အနည်းငယ် တောင့်တင်းနေ၏။

"စဉ်းစားကြည့်လေ။ သူတို့ဆီက သတင်းတစ်ခုခုရလာရင် ရှင် ချက်ချင်း သိနိုင်တာပေါ့ ပြီးတော့ ရှင်က ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ်တွေရဲ့ မှော်ပညာရပ်တွေကို လေ့လာဖို့ တောင်ပေါ်မှာ နေရတာပဲ။ ဘယ်နေရာမှာ လေ့လာလေ့လာ အတူတူပဲ မဟုတ်ဘူးလား။"

"အင်း။ အဲဒါကလည်း အဓိပ္ပာယ်ရှိသလိုပဲ။" ပိုင်ချူးရန် သေချာ စဉ်းစားနေသည်။

"ဟုတ်တယ်မလား။"

စုရှန်းရွှယ်က ခေါင်းညိတ်ကာ ပြောသည်။

"ကျွန်မ ဒီမှာ ဆက်နေဖို့က သိပ်အဆင်မပြေဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက ကာမသုတြာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ။ ပြီးတော့ ရှင်က အလုပ်မရှိ အကိုင်မရှိတဲ့ လူလွတ်။ ချီမင် ဓားဂိုဏ်းထဲမှာ ရှင် ဘယ်သွားသွား ဘယ်သူမှ လိုက်မထိန်းချုပ်ရဲပါဘူး။"

"စားစရိတ်နဲ့ နေစရိတ်ကိုရော အငြိမ်း တာဝန်ယူမှာလား။" ပိုင်ချူးရန်က အဆုံးတွင် လေးနက်စွာ မေးလေ၏။

"သေချာတာပေါ့။ တစ်ညလုံး အရက်သောက်ဖို့တောင် ရှင့်ကို ဖိတ်လို့ ရသေးတယ်။"

စုရှန်ရွှယ်က ပြုံးလိုက်သည်။

"ဒါဆိုလည်း ပြီးတာပဲလေ။"

ပိုင်ချူးရန်သည် ကျီရှန်းအား လှမ်းဆွဲယူကာ သူ့ခါးတွင် ချိတ်ဆွဲလိုက်ပြီး တည်ကြည်စွာ ပြော၏။

"သွားကြစို့။"

သူသည် တံခါးပိတ် ကျင့်ကြံနေသော ထန်ရော်ဝေအတွက် သူဘယ်သွားမည်ဖြစ်ကြောင်းကို အခန်းတွင်းရှိ စားပွဲပေါ်တွင် စာတစ်စောင် ရေးသားချန်ရစ်ခဲ့သည်။ ထို့နောက် စုရှနရွှယ်နှင့်အတူ ချီမင်နယ်စပ်မှ ထွက်ခွာကာ ကာမသုတြာဂိုဏ်း၏ ဌာနချုပ်ဆီသို့ လိုက်ပါသွားတော့၏။

ကာမသုတြာဂိုဏ်း၏ ဌာနချုပ်သည် ရှန်းချန်ယွီလုံ၏ ဌာနချုပ်နည်းတူ ကျိုကျိုးဒေသဆယ်ခုတွင် အစည်ကားဆုံးဖြစ်သော ယွင်ကျိုးပြည်နယ်၌ တည်ရှိပေသည်။ ထိုဂိုဏ်းနှစ်ခုသည် ယွင်ကျိုးပြည်နယ်ရှိ အချမ်းသာဆုံး နိုင်ငံနှစ်ခုကို အသီးသီး ဩဇာလွှမ်းမိုးထားကြပြီး ဂိုဏ်း၏ ဌာနချုပ်များကို နိုင်ငံအတွင်း အကောင်းဆုံးသော ဝိညာဉ်မြေကြောများပေါ်တွင် ခမ်းနားစွာ တည်ဆောက်ထားကြ၏။

လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ ပုန်းအောင်းနေထိုင်တတ်သော အခြားဂိုဏ်းများ၏ မူဝါဒများကို ဆန့်ကျင်ကာ ဤဂိုဏ်းနှစ်ခုစလုံးသည် ဝိညာဉ်မြေပေါ်တွင် ခမ်းနားထည်ဝါသော ဧရာမမြို့ကြီးတစ်မြို့ကို ဌာနချုပ်အဖြစ် တည်ထောင်ထား၏။ ထိုဧရာမမြို့ကြီးကို ဗဟိုပြုကာ ပတ်ဝန်းကျင်၌ စည်ကားသိုက်မြိုက်သော အရံမြို့ရွာများနှင့် ဒေသတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ဤဌာနချုပ်နှစ်ခု၏ စည်ကားမှုမှာ ထိုနိုင်ငံနှစ်ခုလုံးကို ပေါင်းလိုက်သည်ထက်ပင် အဆပေါင်းများစွာ သာလွန်လှပေသည်။

ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းနှစ်ခုစလုံး၏ ရည်ရွယ်ချက်မှာ အုပ်စုဖွဲ့ ဂိုဏ်းအင်အားပြိုင်ဆိုင်မှုထက် စီးပွားရေးအကျိုးအမြတ်ကို ပိုမိုဦးစားပေးကြသောကြောင့် သူတို့သည် ယွင်ကျိုးပြည်နယ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြ၏။ အချင်းချင်း တိုက်ခိုက်ခြင်းမရှိသည့်အပြင် တစ်ခါတစ်ရံတွင် စီးပွားရေး ဖလှယ်မှုများပင် ရှိကြသေးသည်။

စုရှန်းရွှယ် ကိုယ်တိုင် ခေါ်ဆောင်သွားသောကြောင့် ပိုင်ချူးရန်သည် လမ်းတစ်လျှောက်လုံး အတားအဆီးမရှိ လွတ်လပ်စွာ သွားလာနိုင်၏။ သို့သော် ယခင်မျိုးဆက်က စုန်းမအိုကြီး၏ လုပ်ရပ်များကြောင့် ပိုင်ချူးရန်၏ ရင်ထဲတွင် ဤနေရာနှင့်ပတ်သက်၍ ကြိုတင်တွေးထင်ထားသော ဆိုးရွားသည့် အမြင်အချို့ ကိန်းအောင်းနေဆဲပင်။

မည်သို့ပင်ဆိုစေ သူ ပြီးခဲ့သည့်အကြိမ် ဤနေရာသို့ လာရောက်ခဲ့စဉ်က ဤနေရာသည် ငရဲပြည်တစ်ခုကဲ့သို့ သွေးထွက်သံယိုမှုများ၊ အကြမ်းဖက်မှုများနှင့် ဆင်ခြင်တုံတရားကင်းမဲ့မှုများ ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် တစ်ခါတစ်ရံ စုရှန်းရွှယ်နှင့် တွေ့ဆုံရန် လာရောက်လျှင်တောင်မှ အများဆုံးအားဖြင့် ဌာနချုပ်အပြင်ဘက်ရှိ အခြားသော ခြံဝင်းများတွင်သာ တည်းခိုလေ့ရှိ၏။

သို့သော် ဤတစ်ကြိမ်တွင်မူ ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် စုရှန်းရွှယ်နောက်သို့ လိုက်ပါလာခဲ့စဉ် အတွင်းပိုင်းရှိ ကာမသုတြာဂိုဏ်း၏ တပည့်များသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ်နှင့် လုံခြုံစွာ ဝတ်ဆင်လာကြသည်ကို မြင်တွေ့လိုက်ရသောအခါ ပိုင်ချူးရန် အလွန်ပင် အံ့ဩသွားခဲ့ရသည်။

ဤသည်ကား ရာစုနှစ်များစွာတိုင်အောင် စိတ်ရှည်လက်ရှည် ပြုလုပ်ခဲ့သော စုရှန်းရွှယ်၏ ပြုပြင်ပြောင်းလဲမှုများမှာ အဆုံးတွင် အသီးအပွင့်များ ဖြစ်ထွန်းအောင်မြင်ခဲ့ပြီဖြစ်ကြောင်း အထင်အရှား ပြသနေပေသည်။

ထို့အတူ ပိုင်ချူးရန်အား မြင်တွေ့လိုက်ရသောအခါ ကာမသုတြာဂိုဏ်းမှ တပည့်များမှာလည်း အလွန်ပင် အံ့ဩတုန်လှုပ်သွားကြ၏။ စုရှန်းရွှယ် ဂိုဏ်းချုပ်ရာထူးကို တာဝန်ယူပြီးတည်းက ဌာနချုပ်ဆီသို့ အမျိုးသားတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာသည်မှာ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်ပင် ဖြစ်ပေမည်။

တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် တီးတိုးပြောဆိုနေကြပြီး ဂိုဏ်းချုပ်မှာ အဆုံးတွင် မျက်စိပွင့်သွားပြီဟု ခံစားနေကြရ၏။ အကယ်၍ စုရှန်းရွှယ်သာ အမျိုးသားများနှင့် ကျင့်ကြံခြင်းကို စတင်လက်ခံလိုက်မည်ဆိုပါက သူမ၏ စွမ်းအားမှာ ဟွမ်ဖုဖိန်အား ကျော်လွန်သွားပြီး နတ်ဆိုးမဟာမိတ်ဂိုဏ်းတွင် ပထမဆုံးသော ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာရန်မှာ အလှမ်းမဝေးတော့ကြောင်း သူတို့အားလုံး တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။

ပိုင်ချူးရန်အား မှတ်မိပြီး အတွင်းရေးသတင်း အနည်းငယ်ကို သိရှိထားသော တပည့်အချို့မှာမူ စုရှန်းရွှယ်အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပေးရန် အခြားတပည့်များထံသို့ ကမန်းကတန်း ပြေးသွားကာ သတင်းပို့ကြလေတော့၏။

All Chapters