သူ့ကို
Vol. 11 Ch. 145
သူ့မျက်လုံးတို့တွင် လေးနက်သည့် အကြည့်တစ်ခု ရှိနေပြီး ၎င်းတို့က ညအချိန်၌ ကောင်းကင်ယံတွင်ရှိသည့် ကြယ်များကဲ့သို့ ဖြစ်သည်။ အဘိုးအို၏ အကြည့်နှင့် ဆုံမိသည့်အခါ စုမင်ခေါင်းထဲတွင် ဝုန်းခနဲ မြည်ဟည်း သွားပြီးနောက် အစောင့်အရှောက် ခေါင်းဆောင်ကို လွှတ်လျက် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ အစောင့်အရှောက် ခေါင်းဆောင်သည် စုမင်၏ထိန်းချူပ်မှုမှ လွတ်သည်နှင့် တစ်ပြိုင်နက် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲ၏ဘေး၌ ဖြူဖျော့နေသော မျက်နှာဖြင့် သွားရပ်လိုက်၏။ စုမင်ကိုကြည့်နေသည့် သူ့မျက်ဝန်းများထဲတွင်တော့ ကြောက်ရွံ့မှုတို့ ရှိနေဆဲပင် ဖြစ်သည်။
“ကောင်းပြီ မော့စု၊ မင်းက အခုကစလို့ ငါတို့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော်ပဲ။ ဖန်းရှန်၊ သူ့ကို ပလိတ်ပြား ပေးလိုက်” မျိုးနွယ်စု အကြီးအကဲက နွမ်းလျစွာ ပြောလိုက်ရင်း စုမင်ထံမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
စုမင် အံ့အားသင့် သွားသော်လည်း အကြည့်တို့မှာမူ တည်ငြိမ်စွာဖြင့် လေ့လာနေဆဲ ဖြစ်သည်။
ဖန်းရှန် မော့စုကို ကြည့်လိုက်ရင်း ချီးကျူးမှု အရိပ်အမြွက်က မျက်လုံး၌ ပေါ်လာသည်။ ကျိုးယွဲ့အား စုမင်သတ်လိုက်သည့် အချိန်က ထိုလက်သီးတွင် ပါဝင်သည့် စွမ်းအားကို သူထိတ်လန့် သွားခဲ့မိသော်လည်း အံ့အားသင့် မသွားခဲ့ပေ။
သို့သော် သူ၏အမြန်နှုန်းကတော့ ဖန်းရှန်ကို အံ့အားသင့်သွားစေ၏။ ထိုအချိန်က စုမင်၏ခန္ဓာကိုယ်ကို သူ ရှင်းလင်းစွာ မမြင်နိုင်ခဲ့ချေ။ ထို့အပြင် လက်ချောင်း တစ်ချောင်းတည်းမှ လာသည့် ဖိအားကလည်း သူ့အား ထိုဧည့်သည်တော် အသစ်၏ စွမ်းအားကို ပြန်လည် သုံးသပ်မိစေသည်။
အကြီးအကဲ၏ စကားတို့ကို ကြားသည်နှင့် ဖန်းရှန် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး သူ့ရင်ခွင်ထဲမှနေ၍ ပလိတ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ပလိတ်ပြား တစ်ခုလုံးသည် အဖြူရောင်ဖြစ်နေပြီး ထိုအပေါ်၌ (၁၅) ဟူသည့် ဂဏန်းတစ်ခုပါရှိသည်။
သူသည် ပလိတ်ပြားကို စုမင်ကို ပေးတော့မည့်အချိန်တွင် မျိုးနွယ်စု အကြီးအကဲသည် ညာဘက်လက်ကို ရုတ်တရက် မြှောက်လျက် လေထဲသို့ ဆွဲစုပ်သည့်ပုံ လုပ်လိုက်သည်။ ၎င်းပလိတ်ပြားသည် လေထဲမှတစ်ဆင့် အကြီးအကဲဆီသို့ ပြန်သန်းသွားပြီးနောက် အကြီးအကဲက ထိုအရာကို လှမ်းယူလိုက်ပြီး ဘယ်ဘက်လက်ဖြင့် (၁၅) ဂဏန်းကိုဖျက်ကာ နံပတ်အသစ်ကို ပလိတ်ပြားပေါ်တွင် ရေးထွင်း ပေးလိုက်သည်။
(၃)
ထိုကိန်းဂဏန်းကို မြင်လိုက်ကြသည့်အခါ ရုပ်နယ်လွန်အဆင့် မျိုးနွယ်စု စစ်သည်တော် ခေါင်းဆောင်၏ မျက်လုံးထဲတွင် သတိပြုမိရန်ခက်ခဲသည့် အလင်းတစ်ခု ဖြစ်ပေါ်သွား၏။ မျိုးနွယ်စု ခေါင်းဆောင်ကေတာ့ ရိုးရှင်းစွာပင်ပြုံးလိုက်ပြီး သူတို့ပတ်လည်ရှိ လူများနှင့် အထူးသဖြင့် ဧည့်သည်တော် ၂ ဦးကတော့ စုမင်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိကြသည်။
စုမင် အနည်းငယ် စိတ်ရှုပ်ထွေး သွားသော်လည်း ဖြစ်ပျက်နေသည့် အရာများကိုသာ စူးစိုက် ကြည့်နေလိုက်သည်။ သူ့ကို မည်သူကမျှ တစ်စုံတစ်ရာ ရှင်းပြမည့် အရိပ်အယောင် မတွေ့သောအခါ သူလည်း မေးမနေတော့ချေ။ ထိုအစား ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲ၏ လက်ထဲမှ ပလိတ်ပြားကိုသာ လှမ်းယူလိုက်ပြီး သူ့ရင်ဘတ်ထဲသို့ ထည့်ထားလိုက်၏။
“အဆွေတော် မော့၊ ကျေးဇူးပြုပြီး စက်ဝိုင်းထဲကို လာထိုင်ပေးပါ။ အခု ဟန်တောင်တန်းရဲ့ ဥမင်ကိုဖွင့်ပြီး မင်းတို့ ၃ ယောက်ကို ငါတို့အထဲ ပို့ပေးမယ်”
အကြီးအကဲက စုမင်ကိုကြည့်လျက် လျင်မြန်စွာ ပြောလိုက်သည်။
‘အဆွေတော်’ ဟူသောဂုဏ်ပုဒ်သည် မျိုးနွယ်စုအတွင်းရှိ ဧည့်သည်တော်များအား ရင်းနှီးဖော်ရွေမှု လက္ခဏာဖြင့်ပေးခြင်း ဖြစ်သည်။
စုမင်သည် လက်သီးနှင့် လက်ဝါးထပ်လျက် ကျေးဇူးတင်ကြောင်းပြပြီး စက်ဝိုင်းအတွင်းသို့ လျှောက်သွားလိုက်သည်။ အခြားဧည့်သည်တော် ၂ ယောက်သည် စုမင်ကို ခေါင်းဆောင်အဖြစ် ထားဟန်ဖြင့် လျင်မြန်စွာ မတ်တတ် ရပ်လိုက်ကြပြီး စုမင်ထိုင်ပြီးသည့် အခါမှသာ ပြန်ထိုင်လိုက်ကြသည်။
“ငါ့ရဲ့ အဖွဲ့ဝင် အဆွေတော် ၃ ယောက်၊ ငါတို့က အခုအပြင်လူတွေ မဟုတ်တော့ဘူး။ အဆွေတော်မော့က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုကို အခုလေးတင် ဝင်ရောက်ခဲ့တာကြောင့် သူသိရမဲ့အရာတချို့ ရှိနေသေးတယ်။ ဖန်းရှန်၊ သူ့ကိုပြောပြလိုက်ပါ”
ပြောပြီးသည်နှင့် အကြီးအကဲက သူ့မျက်လုံးတို့ကို ပြန်ပိတ်လိုက်သည်။
ဖန်းရှန်က လက်ခံသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် စုမင်နှင့် ကျန်လူများကို ဝေ့ကြည့်လိုက်ပြီး ထိုစကားတို့ကို အသံခပ်တိုးတိုးဖြင့် ပြောဆိုနေချိန်တွင် သူ့အမူအရာသည် အလွန်လေးနက် နေလေသည်။
“ညီနောင် ချန်းနဲ့ ညီနောင် တုန့်ဖန်းတို့ကတော့ ဟန်တောင်တန်းဥမင်နဲ့ ပတ်သက်လို့ တချို့အချက်တွေကို နားလည် သဘောပေါက်ထားပေမဲ့ ညီနောင်မော့ သိထားတဲ့ အရာတွေကတော့ အကန့်အသတ် ရှိနေလိမ့်မယ်။ ဟန်တောင်တန်းရဲ့ ဥမင်လှိုဏ်ခေါင်းက ဟန်တောင်တန်း မြို့တော်ရဲ့ အောက်မှာရှိတဲ့ ချောက်ကြီးတွေထဲကို ဦးတည်နေတယ်။ ဧရိယာက အရမ်းကြီးမားပြီးတော့ အထဲမှာ မရေမတွက်နိုင်တဲ့ ချိပ်တံဆိပ် အတားအဆီးတွေ အများကြီးရှိတယ်။
အဲဒီချိပ်တံဆိပ်တွေက ထာဝရဖန်တီးမှုနေ့ကို ရောက်တဲ့အချိန်မှာပဲ အားနည်းသွားလေ့ ရှိတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်တုန်းက ဟန်တောင်တန်း မြို့တော်ကို ဟန်တောင်တန်း မျိုးနွယ်စုက ပိုင်ဆိုင်ခဲ့ပြီးတော့ ဒီဥမင်ကလည်း ဟန်တောင်တန်းမျိုးနွယ်စုက တည်ဆောက်ခဲ့တာပဲ။ ပြီးတော့ အဲဒီ ချောက်ကမ်းပါးကြီးတွေက ဟန်တောင်တန်းမျိုးနွယ်စု ဘိုးဘေးရဲ့ ဂူသချိုင်းပဲ”
“ဟန်တောင်တန်းမျိုးနွယ်စု ဘိုးဘေးရဲ့အစွမ်းက အရမ်းတုန်လှုပ် ချောက်ချားစရာ ကောင်းတယ်။ မင်းတို့အားလုံး ဒီအကြောင်းက အရင်က ကြားဖူးပြီးသား ဖြစ်လိမ့်မယ် ထင်တယ်။ မင်းတို့ ရီရင်ရီလိမ့်မယ်။ ဒါပေမဲ့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက တစ်ခါတုန်းကတော့ ဟန်တောင်တန်းမျိုးနွယ်စုနဲ့ ဆက်နွှယ်နေခဲ့တဲ့ လက်အောက်ခံတွေပဲ။ ငါတို့က အခုအချိန်မှာ ဟန်တောင်တန်းရဲ့ တာဝန်ရှိအုပ်ချူပ်သူတွေ ဖြစ်လာခဲ့ပေမဲ့ ဘိုးဘေးရဲ့ အုတ်ဂူကိုတော့ အပြည့်အဝ တူးဖော်နိုင်ခြင်း မရှိသေးဘူး။
“ဒါက ချိပ်တံဆိပ်တွေ၊ ငါတို့ကိုအထဲ ဝင်ခွင့်ပြုထားတဲ့ အချိန်ကာလတွေနဲ့ သက်ဆိုင်နေတယ်။ ပိုအရေးကြီးတာက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၊ အရောင်စုံရေကန် မျိုးနွယ်စုနဲ့ ပုချန့်မျိုးနွယ်စုက လူတွေအနေနဲ့ အထဲကိုဝင်တဲ့အခါမှာ ချိပ်တံဆိပ်တွေရဲ့ သက်ရောက်မှုကို ခံရတာကြောင့် ငါတို့စွမ်းအားတွေက အကန့်အသတ်ရှိတယ်။ ငါတို့ဝင်တဲ့ အချိန်တိုင်းမှာ မျိုးနွယ်စုတစ်ခုစီတိုင်းက မျိုးနွယ်ဝင် တစ်ယောက်ကိုပဲ စေလွှတ်ကြတယ်။”
“အကယ်၍သာ ၂ ယောက်ဝင်သွားခဲ့ရင် ၂ ယောက်ထဲက ၁ ယောက်ကတော့ သေသွားရတာပဲ”
“ဒါပေမဲ့ မျိုးနွယ်စု၃ခုရဲ့ သွေးမပါတဲ့ အပြင်လူတွေကသာ ဝင်မယ် ဆိုရင်တော့ သူတို့အပေါ်မှာ အဲဒီလို ကန့်သတ်ချက်မျိုး မရှိဘူး။ ဒါကြောင့်ပဲ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ဧည့်သည်တော်တွေ အများကြီး ဖိတ်ခေါ်ရတာပဲ။ ဒီနှစ်တွေအတောအတွင်းမှာ ဧည့်သည်တော်တွေ အများကြီးက ဒီနေရာကို ဝင်ရောက်ခဲ့ကြတယ်။ တချို့က သေဆုံးသွားခဲ့ကြပြီးတော့ တချို့ကတော့ သူတို့ရဲ့ စွမ်းအားကို တိုးမြှင့်နိုင်တဲ့ အခွင့်အရေးတွေကို ရရှိခဲ့ကြတယ်”
“လူတစ်ယောက် ဆင်းရဲတာ ချမ်းသာတာကို ကောင်းကင်က ဆုံးဖြတ်သလိုပဲ လူတစ်ယောက် ရှင်သန်ခြင်း၊ သေဆုံးခြင်းကိုတော့ သူ့ရဲ့ကံကြမ္မာကပဲ ချူပ်ကိုင်တယ်”
“မင်းတို့အားလုံးက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော်တွေဖြစ်ပြီးတော့ မျိုးနွယ်စုကို မင်းတို့ကို ထောက်ပံ့တဲ့အနေနဲ့ ဒီအခွင့်အရေးကို ပေးမယ်။ အထဲမှာ မင်းတို့ရတဲ့ အရာတိုင်းကို ငါတို့က ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့တွေ လိုက်နာရမယ့် စည်းမျဉ်း ၂ ခုတော့ ရှိတယ်”
“ပထမတစ်ခုအနေနဲ့၊ မင်းတို့ကို ပေးမယ့် ပစ္စည်းစာရင်းထဲက တစ်ခုကိုတော့ အနည်းဆုံး ပြန်ယူလာပေးရမယ်။ အကယ်၍ အဲဒီထဲက အများစုကို ပြန်ယူလာပေးနိုင်ခဲ့မယ် ဆိုရင်တော့ မင်းတို့ကို ထိုက်ထိုက်တန်တန်ကို ဆုချမယ်။ အဲဒီပစ္စည်းတွေရဲ့ အနီးစပ်ဆုံး တည်နေရာကိုတော့ ဝါးစာလိပ်တွေပေါ်မှာ မှတ်တမ်းတင်ထားတယ်။ ဒါကြောင့် မင်းတို့ရဲ့ ကိုယ်ပိုင်အနေနဲ့ ဝါးစာလိပ်တစ်ခုကို ရွေးချယ်လိုက်ပါ”
ဖန်းရှန်ပြောပြီးသည်နှင့် တစ်ပြိုက်နက် သူ့နံဘေးရှိ လူများက ဝါးစာလိပ်များကို ထုတ်ယူလိုက်ပြီး စုမင်နှင့်ကျန် ၂ ဦးထံ လှမ်းပေးလိုက်ကြသည်။
“ဒုတိယအနေနဲ့ကတော့၊ ဒီနေရာက ဟန်တောင်တန်းမျိုးနွယ်စု ဘိုးဘေးရဲ့ ဂူသချိုင်းဖြစ်ပြီးတော့ အထဲမှာ ချိပ်တံဆိပ် ၂ ခုရှိတယ်။ ထာဝရဖန်တီးမှုနေ့မှာ ဖြစ်ပေါ်လာတဲ့ မြူတွေကြောင့် ချိပ်တံဆိပ် တစ်ခုက အားနည်းသွားပြီး အဲဒီနေရာကို မင်းတို့အားလုံး ဝင်ရောက်နိုင်ကြတယ်။ ဒုတိယချိပ်တံဆိပ် တစ်ခုကတော့ ချောက်ကြီးရဲ့ အလယ်မှာရှိတဲ့ ဂူသင်္ချိုင်းမှာပဲ”
“ဂူသင်္ချိုင်းရဲ့ အပြင်ဘက်မှာတော့ မျှော်စင်၃ခုရှိပြီးတော့ အဖြူရောင်မျှော်စင်က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနဲ့ သက်ဆိုင်တယ်။ မင်းတို့က အဲဒီနေရာကို သွားပြီးတော့ မင်းတို့ရဲ့ချီကို မျှော်စင်ထဲကို ထည့်ရမယ်။ ချီထည့်သွင်းတာနဲ့ ပတ်သက်လို့ အန္တရာယ်ကိုတော့ ဘာမှစိုးရိမ်စရာ မလိုပါဘူး။ မင်းတို့အဲဒီလို လုပ်လိုက်တာနဲ့ မင်းတိုက မျှော်စင်ထဲကို စုပ်ယူခံလိုက်ရပြီး ဒီကို ပြန်ပို့ခံရလိမ့်မယ်။”
“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက မင်းတို့ကို ထိခိုက်မယ့်အရာ ဘာမှလုပ်မှာ မဟုတ်ဘူး။ ဘာကြောင့်ဆို ဒီဥမင်ထဲကိုဝင်တဲ့ ကိစ္စက နောက်လည်း ဆက်လုပ်နေဦးမယ့်အရာ ဖြစ်တာကြောင့်ပဲ။ ငါတို့ကသာ စည်းမျဉ်းတွေကို တစ်ခါချိုးဖောက် လိုက်တာနဲ့ ဘယ်သူကမှ ငါတို့ကို ကူညီဖို့ ဆန္ဒရှိမှာ မဟုတ်တော့ဘူး”
“ဒီစည်းမျဉ်း၂ခုပါပဲ။ ကျန်တာတွေကတော့ မင်းတို့ရရှိတဲ့ အခွင့်အရေးတိုင်း အရာတိုင်းက မင်းတို့ရဲ့ကံကြမ္မာနဲ့ပဲ သက်ဆိုင်လိမ့်မယ်။ ငါမင်းတို့ကို ပြောနိုင်တာကေတာ့ ဒီချောက်ကြီးတွေထဲမှာ မြှုပ်နှံထားတဲ့ ဟန်တောင်တန်းမျိုးနွယ်စု ဘိုးဘေးရဲ့ ပစ္စည်းတွေ အများကြီးရှိတယ် ဆိုတာပဲ။ အဲဒါတွေ ရမရကတော့ မင်းရဲ့ ကံအပေါ်မှာပဲ မူတည်တယ်”
ဖန်းရှန်က အသံတိုးတိုးဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
“မင်းတို့က ဒီချောက်ကြီးတွေထဲကို ဝင်မယ့် တတိယအသုတ်ပဲ။ တခြားမျိုးနွယ်စု၂ခုနဲ့ ငါတို့လုပ်ထားတဲ့ သဘောတူညီချက်အရ ငါတို့က ဥမင်ပွင့်တဲ့ အချိန်တိုင်းမှာ တစ်ကြိမ်ကို ၁၀ ယောက်စီပဲ ပို့လို့ရတယ်။ လူအချို့က မင်းတို့ပြီးတဲ့နောက် ရက်အနည်းငယ် အကြာမှာ ထပ်ဝင်လာလိမ့်မယ်”
“ချောက်ကြီးတွေထဲမှာရှိတဲ့ အန္တရာယ်က ချိပ်တံဆိပ်တွေဆီက လာတဲ့ ဖိအားတင်မဟုတ်ပဲ တခြား မျိုးနွယ်စု ၂ ခုက လူတွေဆီကရောပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
ဖန်းရှန်က စုမင်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူ့ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ နူးညံ့သည့် အလင်းလုံး ၃ ခုသည် အင်္ကျီလက်မောင်းအိုး အတွင်းမှ ထွက်ပေါ်လာချေသည်။
ထိုအလင်းလုံး ၃ ခု အတွင်းတွင်ေတာ့ လွင့်မျောနေသည့် မာန်စွမ်းအားရှင် အကြောမျှင် ၃ ခု ရှိနေသည်။ ထိုအထဲမှတစ်ခုက မီးခိုးရောင် ခြောက်သွေ့သည့် သစ်ခက်တစ်ခုဖြစ်ပြီး၊ အခြားတစ်ခုကတော့ ထိုအရာ၏ ဝန်းကျင်တွင် မရေမတွက်နိုင်သော ဝိညာဉ်များက ကျယ်လောင်စွာ အော်မြည်လျက်ရှိသည့် အရိုးဖြူဓားသွားတစ်ချောင်း ဖြစ်သည်။ နောက်ဆုံးတစ်ခု ကတော့ အဆိပ်ရှိ မြွေတစ်ကောင်ကဲ့သို့ လိမ်ပတ်လျက်ရှိသည့် အနက်ရောင် နှင်တံတစ်ချောင်း ဖြစ်သည်။
“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ဟန်တောင်တန်းဥမင်ထဲကို ဝင်မယ့် လူအားလုံးကို ဆုချီးမြှင့်လေ့ရှိတယ်။ ဒါတွေက မာန်စွမ်းအားရှင် သွေးကြောမျှင်အတုတွေ ဆိုပေမဲ့ သူတို့စွမ်းအားကတော့ အရမ်းကြီးမားတယ်။ မင်းတို့ တစ်ယောက်တစ်ခုစီ ရွေးချယ်ပြီးရင် ငါတို့က ဥမင်ကိုဖွင့်ပြီးတော့ မင်းတို့ကို ချောက်နက်ကြီးထဲ ပို့ပေးမယ်”
ဖန်းရှန်က စကားပြောနေရင်းမှ စုမင်ကို နောက်တစ်ခါ လှမ်းကြည့်လိုက်သည်။
စုမင်မျက်နှာပေါ်ရှိ အနက်ရောင် မျက်နှာဖုံးက သူ့အမူအရာကို အခြားသူများ မမြင်နိုင်စေရန် ကာဆီးထားပြီး သူ့မျက်လုံးအတွင်းရှိ အေးစက်စက် အကြည့်ကိုသာ မြင်တွေ့ရစေသည်။ သူ့ဘေးရှိ လူ၂ယောက်သည် ခဏတာ တုံ့ဆိုင်းနေပြီးနောက် အသက်ပိုကြီးသည့် အဘိုးအိုက ပြုံးလျက် လက်သီးနှင့် လက်ဝါးကို ထပ်ရင်း ပြောလိုက်သည်။
“ညီနောင်မော့၊ ကျေးဇူးပြုပြီး အရင်ရွေးပါ”
“အဲဒါ မှန်တယ်။ ညီနောင်မော့ ကျေးဇူးပြုပြီး အရင်ရွေးချယ်ပါ”
ချန်းဟုအမည်ရသည့် ဧည့်သည်တော်ကလည်း ပြုံးလျက်ပြောသည်။
“ဒါက အဆင်ပြေတယ် ဆိုရင်တော့ ငါကျေးဇူးတင်ပါတယ်”
စုမင်က ညာလက်ကို မြှောက်လျက် လေထဲရှိ အဆိပ်ရှိမြွေပုံစံ နှင်တံကို လှမ်းယူလိုက်သည်။ နှင်တံက အော်မြည်လိုက်ပြီး စုမင်ထံသို့ ဦးတည်လာကာ ညာဘက်လက်၌ ရစ်ပတ်လိုက်ပြီး အပူငွေ့ဖျော့ဖျော့ကို ထုတ်လွှတ်နေလေ၏။
အဘိုးအိုနှင့် ချန်းတို့ ၂ ယောက်စလုံး သက်ဆိုင်ရာ မာန်စွမ်းအားရှင် သွေးကြောမျှင်များကို ရွေးချယ်ပြီးသည်နှင့် တစ်ပြိုင်နက် အကြီးအကဲက မျက်လုံးတို့ကို ဖွင့်လိုက်ကာ သူ့လက်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြီး အပေါ်သို့ ပြန်မြှောက်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ကျန်သူများသည်လည်း အလားတူပင် ပြုလုပ်လိုက်ကြသည်။ စုမင်ကို ကြောက်ရွံ့လျက်ရှိသည့် မျိုးနွယ်စုအစောင့်အရှောက် ခေါင်းဆောင်ပင်လျှင် သူ့နေရာသို့ ပြန်သွားပြီး လက်ကို မြေပြင်သို့ဆန့်၍ ဖြန့်ရိုက်ကာ လေထဲသို့ ပြန်မြှောက်လိုက်သည်။
လူတိုင်းက သူတို့လက်များကို မြေပေါ်သို့ ဖိလိုက်သည်နှင့် တစ်ပြိုင်နက် တောင်တစ်ခုလုံး တုန်ခါသွားပြီး အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်လာကာ တောင်ထိပ်ရှိ စင်မြင့်ကို ဝန်းရံလျက် အားလုံးကိုဖုံးလွှမ်း သွားတော့သည်။ စုမင် အဖြူရောင် အခိုးအငွေ့များ အတွင်းသို့ အာရုံစိုက်ကြည့် လိုက်မိသည့်အခါ ၎င်းတို့သည် လျင်မြန်စွာ စုဝေးလျက် ကြီးမားသည့် မာန်နတ်ဘုရား ရုပ်တုကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ရ၏။
မာန်နတ်ဘုရား ရုပ်တုကြီးသည် ပေ၁၀၀၀ခန့် ရှည်လျားပြီး လေထဲတွင် လွင့်မျောလျက်ရှိသည်။ သို့သော် ထိုရုပ်တုကြီးသည် လူတစ်ဦးအသွင်မဟုတ်ပဲ ကြီးမားသည့် နွားသိုးကြီးအသွင် ဖြစ်သည်။ ၎င်း၏ ချိုနှစ်ချောင်းပေါ်တွင်တော့ အဖြူရောင်နှင့် အနက်ရောင် ခေါင်းလောင်းတစ်ခုစီ ရှိလေသည်။ ထိုရုပ်တုကြီးသည် အကောင်အထည် ပေါ်လာ၍ ရွေ့လျားသည့်အခါတွင်တော့ သာယာသည့် ခေါင်းလောင်းသံတို့က လေထဲတွင် ထွက်ပေါ် ပျံ့လွင့်နေကြချေသည်။
နွားသိုးဖြူကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ မျိုးနွယ်ဝင်များသည် မြေပြင်၌ ဒူးထောက်လိုက်ကြပြီး လေထဲရှိ နွားသိုးကြီးထံသို့ ကိုးကွယ်ဝတ် ပြုလိုက်ကြရင်း မသဲမကွဲ ပြောဆိုသံတို့ကလည်း လေထုအတွင်း ပျံ့နှံ့သွားလေသည်။
ချန်းလန်သည်လည်း လူထုအတွင်း မြေပြင်ပေါ်၌ ဒူးထောက်လျက် အဖြူရောင် နွားသိုးကြီးကို မော့ကြည့်လိုက်သည်။ ဒါသည် သူမတို့ မျိုးနွယ်စု၏ ကိုးကွယ်ရာ မာန်နတ်ဘုရား ရုပ်တုကြီး လေးခုအနက်မှ တစ်ခုဖြစ်သည့် ကောင်းကင်ဘုံ နွားသိုးနတ်ဘုရားကြီးဖြစ်သည်။
သူမသည် အေးခဲကောင်းကင်ကလန်၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး ကြီးမြတ်သော အေးခဲကောင်းကင်ကလန် မျိုးနွယ်စုအတွင်း များစွာသော မာန်နတ်ဘုရား ရုပ်တုများကို မြင်ခဲ့ဖူးသော်လည်း သူမကိုယ်ပိုင် မျိုးနွယ်စုအတွင်းရှိ မာန်နတ်ဘုရား ရုပ်တုများကိုတော့ လေးစားဆဲပင်ဖြစ်သည်။ တောင်ထိပ်တွင် ရိုးရာဓလေ့ထုံးတမ်းကို လုပ်ေဆာင်နေသည့် စုမင်ကို မြင်သည့်အခါတွင်တော့ ရှုပ်ထွေး၍ သနားသည့် ခံစားချက် တစ်ချက်ကို သူမခံစားလိုက်ရသည်။
‘မင်းရဲ့ မှတ်ဉာဏ်တွေကို တကယ်ပဲ မေ့သွားတာလား ... ဒါမှမဟုတ် ... တစ်ယောက်ယောက်ကပဲ သူတို့ကို ဖျက်ပစ်လိုက်တာလား’
ကြောက်လန့်မှုတစ်ခုက ချန်းလန်ခန္ဓာကိုယ်တွင် ဖြတ်ပြေးသွားပြီး သူမမြင်ခဲ့ရသည့် အရာတို့ကို သတိရလိုက်သည်နှင့် တစ်ပြိုင်နက် သူမမျက်နှာက နောက်တစ်ကြိမ် ဖျော့တော့သွားတော့သည်။
တောင်ပေါ်တွင်ရှိသည့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုဝင်များသာ ကိုးကွယ်နေခြင်း မဟုတ်ချေ။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ပိုင်ဆိုင်သည့် နယ်မြေရှိ တောင်တန်းအသီးသီးမှ လူများအားလုံးသည် နွားသိုးကြီးထံသို့ ဦးတည်၍ ဝတ်ပြုကိုးကွယ်နေကြခြင်း ဖြစ်သည်။
ဧရာမ နွားသိုးနတ်ဘုရားကြီးသည် သူ့ခေါင်းကိုမော့လျက် ကောင်းကင်ဘုံသို့ ဦးတည်၍ ဟိန်းဟောက်လိုက်ရာ အကြီးအကဲနှင့် တခြားသူများရှိနေရာ တောင်ထိပ်ဆီသည့် ကြီးမားသည့် အလင်းတန်းကြီးတစ်ခု ကျရောက်လာလေသည်။
အလင်းသည် အသက်ရှူချိန် အနည်းငယ်သာ ကြာပြီး ပြန်လည်ပျောက်ကွယ် သွားချိန်တွင်တော့ စုမင်နှင့်တခြား ဧည့်သည့်တော် နှစ်ယောက်သည်လည်း ထိုအရာနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အချိန်အတော်ကြာ ပြီးနောက်မှာတော့ နွားသိုးနတ်ဘုရားကြီးသည် အဖြူရောင် အခိုးအငွေ့များအဖြစ် ပြန်ပြောင်းလဲသွားပြီး လေထဲသို့ ပျံ့နှံ့သွားကာ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားတော့သည်။
တောင်ထိပ်ရှိ စင်မြင့်တွင်တော့ အကြီးအကဲ အပါအဝင် လူခုနှစ်ယောက်စလုံးသည် လက်ကိုမြှောက်လျက် ဆက်လက် တိတ်ဆိတ်နေကြ၏။ အချိန်ခဏကြာသွားမှသာ ဆံပင်ဖြူတို့ဖြင့် အကြီးအကဲက အသံကျယ်လောင်စွာဖြင့် စတင်ပြောဆိုလိုက်သည်။
“မင်းတို့အားလုံး သံသယရှိနေမယ် ဆိုတာ ငါသိတယ် ... မော့စုလို့ခေါ်တဲ့ ဒီလူက ကျိုးယွဲ့ကို သူ့ကိုယ်ပိုင် မာန်သွေးကြောမျှင်အစွမ်းနဲ့ သတ်ခဲ့တယ်။ အဆုံးထိတိုင်အောင် သူဝိညာဉ်ကျောက်တုံး သုံးသွားတယ်လို့ ငါမခံစားရဘူး။ သူက ဟန်တောင်တန်းမျိုးနွယ်စု အကြွင်းအကျန်နဲ့ ဘာပတ်သက်မှုမှ မရှိနိုင်ဘူး”
“ဟန်တောင်တန်းမျိုးနွယ်စုရဲ့ အကြွင်းအကျန်နဲ့ ဘာပတ်သက်မှုမှ မရှိသရွေ့ အဆင်ပြေတယ်။ ဒါပေမဲ့ ဒီလူရဲ့စွမ်းအားက အရမ်းထူးဆန်းတယ်။ သူက ရုပ်နယ်လွန်အဆင့်ကို မရောက်သေးပေမဲ့ သူ့ကိုယ်ပိုင် မာန်သွေးကြောမျှင် ပိုင်ဆိုင်နေခဲ့ပြီ။ ပြီးတော့ ရုပ်နယ်လွန်အဆင့် ရှိသူတွေနဲ့သာ သက်ဆိုင်တဲ့ ကောင်းမွန်တဲ့ ထိန်းချူပ်မှုအတတ်နဲ့ ... သူ့ရဲ့ အမြန်နှုန်း”
စကားပြောလိုက်သူက မျိုးနွယ်စုစစ်သည်တော် ခေါင်းဆောင်ဖြစ်သည်။ သူသည်လည်း ဖြစ်ပျက်သွားသည့် အရာတို့နှင့် ပတ်သက်၍ စိတ်ရှုပ်ထွေး နေခဲ့သည်။
“ချန်းလန် တစ်ခါပြောခဲ့ဖူးတယ်။ ဒီလူက ရုပ်နယ်လွန်အဆင့်ကို အရင်က ရောက်ခဲ့ဖူးလိမ့်မယ်။ ဒါပေမဲ့ မတော်တဆ တစ်ခုခုကြောင့် သူ့ကျင့်ကြံဆင့်က ကျသွားခဲ့တာတဲ့”
စစ်သည်တော် ခေါင်းဆောင်၏ စကားတို့ကို ထောက်ခံသည့် အနေဖြင့် ဖန်းရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။
စစ်သည်တော် ခေါင်းဆောင်က ဖန်းရှန်ကိုတစ်ချက် ကြည့်လိုက်ပြီး တိတ်ဆိတ်သွား၏။
“ဖန်းချန်းလန်ရဲ့ သုံးသပ်မှုက ငါ့သုံးသပ်မှုနဲ့ အတူတူပဲ။ သူမပြောသလိုဆိုရင် ဒီလူရဲ့စွမ်းအားက အရမ်းကောင်းလိမ့်မယ်။ ကောင်းပြီ ... သူကဘယ်နေရာကပဲ လာပါစေ သူ့မှာ ကွယ်ဝှက်ထားတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမနေသ၍ သူ့ကိုနေခွင့် ပေးနိုင်ပါတယ်။ မင်းတို့အားလုံး အခုသွားလို့ရပြီ”
မျိုးနွယ်စု အကြီးအကဲက ဖြည်းဖြည်း မှန်မှန် ပြောလိုက်ရင်း လေးနက်မှု တချို့က သူ့မျက်လုံးအတွင်း ဖြစ်ပေါ်လာသည်မှာ မည်သူမျှမသိသည့် စိတ်လှုပ်ရှားမှု တချို့ကို ထိုအရာများအတွင်း ဖုံးကွယ်ထားသယောင်ပင် ဖြစ်သည်။
လူတို့က နာခံစွာဖြင့် ထွက်ခွာသွားကြ၏။
“ဖန်းချန်းလန်ရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့သူ ... သူ့အပြင် နောက်တစ်ယောက် ပေါ်လာခဲ့ပြီ ... ဒီမော့စုကသာ သူ့လိုစွမ်းဆောင်နိုင်မယ် ဆိုရင် ငါအံ့အားသင့်မိမှာ အမှန်ပဲ ... ပြီးတော့ ... ငါ သူ့ရဲ့တည်ရှိမှုကို ... ဒီမော့စုဆီကနေ ခံစားနေရတယ်”
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် စင်မြင့်ပေါ်တွင် တစ်ယောက်တည်း ရပ်လျက် တီးတိုး မြည်တမ်းနေရင်း အဓိပ္ပာယ်ဖော်ရန် ခက်ခဲသည့် အပြုံးတစ်ခုက သူ့နှုတ်ခမ်းတို့တွင် ဖြစ်ပေါ်လာလေသည်။
***