← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃)ဆန္ဒ

ကျန်းရှောင်ဖန်းသည် ထိုကဲ့သို့သော ညမျိုးကို တစ်ခါမျှ မကြုံဖူးချေ။ အမှောင်ထုကဲ့သို့ မိုးတိမ်များမှာလည်း မြေပြင်နှင့် ဤမျှနီးကပ်စွာ တည်ရှိနေသည်ကို မမြင်ဖူးခဲပေ။

မိုးခြိမ်းသံများမှာလည်း ဤမျှ မကျယ်လောင်ဖူးသလို လျှပ်စီးများမှာလည်း မျက်စိကျိန်းစရာ ကောင်းလွန်းလှသဖြင့် သူ၏အမြင်အာရုံကိုပင် ဝေဝါးစေလေ၏။

ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာတော့မည့်အလား ထင်မှတ်ရပေသည်။

သူသည် ထိုနေရာ၌ပင် ရပ်နေရင်း ဘုန်းကြီးအိုနှင့် အနက်ရောင်ဝတ်ရုံနှင့်လူတို့ အပြန်အလှန် စိုက်ကြည့်နေသည်ကို စောင့်ကြည့်နေမိသည်။

ထို့နောက် ရုတ်တရက် ကျယ်လောင်လှသော မိုးခြိမ်းသံကြီးကို သူ ကြားလိုက်ရသည်။

ထိုအသံမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် သူ၏နားထဲ၌ တဝီဝီ မြည်သွားရလေသည်။

ထို့နောက်တွင်မူ ကောင်းကင်ကို ဖြတ်သန်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လာသည့် လျှပ်စီးတန်းကြီးတစ်ခုက ထိုလူ၏ဓားပေါ်သို့ ကျရောက်သွားသည်ကိုသာ သူ မြင်လိုက်ရတော့၏။

ထိုခဏတွင် အနက်ရောင်ဝတ်ရုံနှင့်လူ၏ခန္ဓာကိုယ်မှာ ဖောင်းကားလာပြီး မျက်လုံးများမှာလည်း ပေါက်ထွက်တော့မည့်အတိုင်း ပြူးကျယ်လာလေသည်။

တစ်ချိန်တည်းမှာပင် မြက်ဘုရားကျောင်းရွာ တစ်ခုလုံးမှာ အရုဏ်ဦးအလင်းရောင်ကဲ့သို့ တောက်ပသော အလင်းတန်းများဖြင့် လွှမ်းခြုံသွားတော့သည်။

ညအမှောင်တွင် ဓားဖျားပေါ်၌ ကခုန်နေသော လျှပ်စီးတန်းမှာ အလွန်ပင် လှပလွန်းလှသဖြင့် ကျန်းရှောင်ဖန်းမှာ အသက်ရှူပင် မှားသွားမိလေသည်။

ဖူကျစ်၏အမြင်တွင်မူ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေသကဲ့သို့ ရှိနေ၏။

‘ဒါက တာအိုလမ်းစဥ်ရဲ့ အစစ်အမှန် စွမ်းအားလား’

ထိုလူက ဟိန်းဟောက်သံတစ်ခု ပြုလိုက်ရင်း သူ၏ဘယ်ဘက်လက်ညှိုးဖြင့် ဖူကျစ်ကို ညွှန်လိုက်၏။

မိုးခြိမ်းသံများ ပြင်းထန်လာပြီး ဓားမှာ မြေပြင်ပေါ်၌ မီးလောင်ရာစွတ်ကြောင်းကြီးကို ချန်ရစ်ကာ ဖူကျစ်ထံသို့ တိုးဝင်သွားလေတော့သည်။

ဖူကျစ်မှာ နောက်သို့ သုံးလှမ်းဆုတ်လိုက်ရင်း လက်အုပ်ချီကာ တည်ငြိမ်စွာပင် ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာ၏။

သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“အောမိတောဖု”

“ဖောက်” ဟူသောအသံနှင့်အတူ ကျန်ရှိနေသော ကျောက်စိမ်းပုတီးစေ့ ခုနစ်စေ့လုံးမှာ ဖူကျစ်၏ရှေ့၌ ကြေမွသွားတော့၏။

ထိုပုတီးစေ့များမှာ ကြီးမားသော “ဗုဒ္ဓ” ဆိုသည့် စာလုံးကြီးအသွင်သို့ ပြောင်းလဲသွားပြီး အလွန်တောက်ပလှသဖြင့် ဘာကိုမျှပင် မမြင်နိုင်တော့ချေ။

နောက်တစ်ခဏတွင် လျှပ်စီးတန်းနှင့် ဗုဒ္ဓစာလုံးတို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်မိသွားကြလေသည်။

ရုတ်တရက် ကျန်းရှောင်ဖန်း၏ နှလုံးခုန်သံများ မြန်ဆန်လာ၏။

ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာလည်း ပြောင်းပြန်စီးဆင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခြေလက်များမှာ ပျော့ခွေသွားပြီး အသက်ရှူပင် ဝအောင်မရှုနိုင်တော့ပေ။

ထိုခဏ၌ လေများလည်း ငြိမ်သက်သွားသကဲ့သို့ မိုးခြိမ်းသံများလည်း တိတ်ဆိတ်သွားပြီး တစ်ကမ္ဘာလုံး ရပ်တန့်သွားေလသည်။

ထို့နောက် သူသည် နောက်သို့ လွင့်ထွက်သွားတော့၏။

ကြောက်ရွံ့စိတ်ပင် မဝင်နိုင်ခင်မှာပင် ကောင်းကင်ယံရှိ နေမင်းထက်ပင် ပိုမိုတောက်ပသော အဖြူရောင်အလင်းတန်းကြီးကိုသာ မြင်လိုက်ရသည်။

ထို့နောက်တွင်မူ မြက်ဘုရားကျောင်းမှာ တစစီပျက်စီးပြိုလဲသွားလေတော့၏။

သူ၏နှလုံးသားထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး နားထဲတွင်မူ ပြင်းထန်သော လေတိုးသံများကိုသာ ကြားနေရတော့သည်။

သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ကို ကွေးထားမိရန် ကြိုးစားသော်လည်း အားအင်မရှိတော့ဘဲ မည်သည့်နေရာသို့ လွင့်ပါးသွားမှန်းပင် မသိရတော့ချေ။

သူ၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာလေ၏။

“ငါသေတော့မှာလား”

ပြင်းထန်သော အကြောက်တရားနှင့်အတူ ရုတ်တရက် နှလုံးခုန်သံမြန်လာပြီး သူ၏ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်လာကာ အနည်းငယ် တုန်ယင်လာေလသည်။

သေခြင်းတရား၏ရှေ့မှောက်တွင် မည်သို့ ရင်ဆိုင်ရမည်နည်း။

ထို့နောက် သူ သတိလစ် မေ့မြောသွားလေတော့၏။

ဖူကျစ်သည် ယိုင်တိယိုင်တိုင်ဖြင့် ဖြည်းညင်းစွာ လျှောက်လာရင်း လင်းကျင်းယွီနှင့် ကျန်းရှောင်ဖန်းတို့ကို အနည်းငယ် သန့်ရှင်းသော နေရာတစ်ခုသို့ သယ်ဆောင်လာ၏။

ကလေးနှစ်ဦးကို မြေပြင်ပေါ်၌ ချပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားလိုက်ရလေသည်။

ထို့ကြောင့် နာကျင်မှုဆက်လက် မခံစားနိုင်တော့ဘဲ သူကိုယ်တိုင်လည်း လဲကျသွားတော့သည်။

သူ၏ရင်ဘတ်ကို စစ်ဆေးကြည့်လိုက်ရာမီးလောင်နေသော သင်္ကန်းအတွင်းမှတစ်ဆင့် သူ၏ရင်ဘတ်ကို တိုက်စားနေသော အနက်ရောင် အငွေ့များကို မြင်နေရပြီး နေရာအနည်းငယ်သာ လွတ်နေတော့သည်။

သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လက်ကို သင်္ကန်းအတွင်းသို့ နှိုက်လိုက်၏။

တုန်ယင်နေသော သူ၏လက်ဖြင့် ဖြည်းညင်းစွာပင် အနီရောင်ဆေးလုံးလေး တစ်လုံးကို ထုတ်ယူလိုက်လေသည်။

ဖူကျစ်က သက်ပြင်းချရင်း တိုးညှင်းစွာ ပြောလိုက်သည်။

“သရဲသမားတော်ကြီး ပြောတာ မှန်နေလိမ့်မယ်လို့ ယုံရခက်သားပဲ။ နောက်ဆုံးတော့ ငါလည်း သူရဲ့ ‘သုံးရက်သက်တမ်းဆေးလုံး’ ကို သောက်ရတော့မှာပဲ”

သူသည် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ဆေးလုံးကို မျိုချလိုက်၏။

ထို့နောက် သူသည် တောင်တန်းများကို မော့ကြည့်လိုက်လေသည်။

နောက်ဆုံးတွင် မိုးများစတင် ရွာသွန်းလာတော့၏။

ချင်းယွင်တောင်သည် လေနှင့်မိုးကြားတွင် ဝေဝါးစွာဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေပေသည်။

“တာအိုလမ်းစဥ်ရဲ့ တိကျသေချာမှုတွေက တကယ်ကို အံ့ဩစရာကောင်းပြီး နတ်ဘုရားတွေရဲ့ အစွမ်းတွေ ပါဝင်နေတာပဲ။”

“ငါ့ရဲ့ ဗုဒ္ဓတရားတော်တွေနဲ့သာ ပေါင်းစပ်လိုက်ရင် တစ်ခုနဲ့တစ်ခု အားဖြည့်ပေးပြီး ထာဝရရှင်သန်ခြင်း လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိမ့်မယ်။”

“ဒါပေမဲ့ စီနီယာတာအိုရွှမ်က ငါ့ထက် အများကြီး ပိုအစွမ်းထက်တယ်။”

“ငါ့ရဲ့ ဂိုဏ်းတူအစ်ကို သုံးယောက်လိုပဲ သူတို့လည်း ဂိုဏ်းကွဲပြားမှုတွေနဲ့ အဆင့်အတန်းတွေကို မစွန့်လွှတ်နိုင်ကြဘူးပဲ။ ဟင်းး....”

ဖူကျစ်သည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးနောက် ကလေးနှစ်ဦးကို လှည့်ကြည့်လိုက်၏။

ပိုမိုပြင်းထန်လာသော မိုးရေများကြောင့် သူတို့၏ဆံပင်နှင့် မျက်နှာများမှာ စိုရွှဲနေပြီ ဖြစ်သည်။

မြက်ဘုရားကျောင်း ပျက်စီးသွားပြီဖြစ်၍ လေနှင့်မိုးကို ကွယ်နိုင်သော နေရာလည်း အနီးအနားတွင် မရှိတော့ချေ။

သူ၏စိတ်ထဲတွင် ရုတ်တရက် စိုးရိမ်ပူပန်မှုများ တိုးဝင်လာ၏။

သူသည် ‘ဗြဟ္မာ့ဉာဏ်တော်’ ကို အသက်သွင်းရန် သူ၏စိတ်စွမ်းအားကို အတင်းအကျပ် အသုံးပြုခဲ့ရပြီး ဗုဒ္ဓရတနာဖြစ်သော ‘ကျောက်စိမ်းပုတီးစေ့’ ကို အားကိုးကာ ထိုလူ၏ ‘မိုးကြိုးဓား’ အစွမ်းကို တားဆီးခဲ့ရသည်။

ထိုဒဏ်ပြန်ချက်ကြောင့် သူ၏သက်တမ်းမှာ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

သူ၏နောက်ဆုံး မျှော်လင့်ချက်မှာ သရဲသမားတော်ကြီးထံမှ ရရှိထားသော ‘သုံးရက်သက်တမ်းကုန်ဆေးလုံး’ ကို အသုံးပြု၍ သူ၏သက်တမ်းကို သုံးရက်ခန့်သာ ဆွဲဆန့်ထားနိုင်ခြင်းပင်။

“အဲဒီမိစ္ဆာ ဒဏ်ရာရသွားပေမဲ့ အတွင်းဒဏ်ရာတော့ ပြင်းပြင်းထန်ထန်ရမသွားဘူး။ ငါ သေသွားပြီးရင် သူက ဒီကလေးနှစ်ယောက်ကို သတ်ဖို့ ပြန်လာမှာပဲ။”

“အဲဒီအချိန်ကျရင် ဒီကလေးနှစ်ယောက်တင် မဟုတ်ဘူး၊ ရွာသားအားလုံးရဲ့ အသက်တွေပါ အန္တရာယ်ရှိနိုင်တယ်။ ဒါ... ဒါကို ငါ ဘယ်လိုလုပ်ရမလဲ”

ဖူကျစ်၏စိတ်များ ရှုပ်ထွေးလာ၏။ သူ၏အဆင့်မှာ မြင့်မားလှသော်လည်း တစ်နေ့တွင် သေရမည်သာ။

ထို့ပြင် သူသည် အပြစ်မဲ့သော ရွာသားများအတွက်လည်း စိုးရိမ်နေမိသည်။

သို့သော် ထိုလူမှာ ချင်းယွင်ဂိုဏ်းတွင် အဆင့်အတန်း မြင့်မားပုံရသဖြင့် ဖူကျစ်အနေဖြင့် အကူအညီတောင်းရန် တောင်ပေါ်သို့ အလျင်စလို တက်သွားလျှင်လည်း အကျိုးရှိမည် မဟုတ်ချေ။

သူ၏စိတ်ထဲတွင် လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေသော်လည်း သူ၏ဘဝတွင် ပြီးမြောက်အောင် လုပ်ဆောင်လိုသော ဆန္ဒတစ်ခု ရှိနေသေးသည်။

သူသည် ထျန်းယင်ကျောင်းတော်၏ အစွမ်းထက်ဆုံး သာဝကလေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သဖြင့် တစ်ကမ္ဘာလုံး၏ ကြည်ညိုလေးစားမှုကို ရရှိထားသော်လည်း သူ၏အဓိက ရည်မှန်းချက်မှာ သေခြင်းတရား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်နှင့် ထာဝရရှင်သန်ခြင်း နည်းလမ်းကို ရှာဖွေရန်သာ ဖြစ်၏။

သို့သော် လွန်ခဲ့သော နှစ်ငါးဆယ်ကတည်းက သူ၏ဗုဒ္ဓကျင့်စဥ်များကို မည်မျှပင် လေ့ကျင့်ပါစေ ကျွမ်းကျင်မှုသာ တိုးတက်လာပြီး သေခြင်းတရား၏ ပဟေဠိကိုမူ မဖြေရှင်းနိုင်ကြောင်း သဘောပေါက်ခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ သူ စဉ်းစားခဲ့သည်မှာ ယခုခေတ်တွင် ဗုဒ္ဓ၊ တာအိုနှင့် မိစ္ဆာဂိုဏ်းတို့မှာ အစွမ်းအထက်ဆုံး ဖြစ်ကြသည်။

မိစ္ဆာဂိုဏ်းမှာ လူမဆန်စွာ ရက်စက်လှသဖြင့် လူအများက လက်မခံနိုင်ကြသော်လည်း တာအိုလမ်းစဥ်နှင့် ဗုဒ္ဓလမ်းစဥ်တို့မှာ တစ်ဖက်စီတွင် အားသာချက်ကိုယ်စီ ရှိကြသည်။

အကယ်၍ ဤနှစ်ခုကိုသာ ပေါင်းစပ်နိုင်မည်ဆိုပါက သေခြင်းတရားကို ကျော်လွှားနိုင်ပေလိမ့်မည်။

သို့သော် ထိုကဲ့သို့သော အယူအဆကို သူ၏ဂိုဏ်းတူအစ်ကိုများက လုံးဝလက်မခံကြဘဲ မိစ္ဆာအတွေးအခေါ်ဟုသာ သတ်မှတ်ခဲ့ကြသည်။

သူသည် တာအိုဂိုဏ်း အသီးသီးသို့ သွားရောက်ခဲ့သလို ချင်းယွင်ဂိုဏ်းသို့လည်း အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း တာအိုရွှမ်က အမြဲတစေ ငြင်းပယ်ခဲ့လေသည်။

ဤအချက်ကို ပြန်လည်စဉ်းစားမိရင်း သူသည် မိမိကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်မိ၏။

‘အသက်ရှင်ဖို့ သုံးရက်ပဲ ကျန်တော့တဲ့အချိန်မှာ ထာဝရရှင်သန်ခြင်းကို ဘာလို့ပဲ တပ်မက်နေရအုံးမှာလဲ’

သူသည် အရာရာကိုစွန့်လွတ်နိုင်သူ ဖြစ်သော်လည်း မြေပြင်ပေါ်၌ လဲလျောင်းနေသော ကလေးနှစ်ဦးကို မြင်သောအခါ စိတ်မကောင်း ဖြစ်ရပြန်သည်။

အဝေးမှ ထင်းရှူးပင်တစ်ပင်မှာ မိုးနှင့်လေကို အနည်းငယ် ကာကွယ်ပေးနိုင်သည်ကို တွေ့ရသဖြင့် သူသည် ကလေးနှစ်ဦးကို ချီမကာ ထိုနေရာသို့ ခက်ခဲစွာ သွားရောက်လိုက်၏။

ထင်းရှူးပင်အောက်သို့ ရောက်ရှိချိန်တွင် ကလေးနှစ်ဦးကို အသာအယာ ချထားပေးလိုက်ပြီး ဖူကျစ်ကိုယ်တိုင်လည်း အမောတကောဖြင့် ထိုင်ချလိုက်ရလေသည်။

ဖူကျစ်၏ပါးစပ်မှ ဝမ်းနည်းဖွယ်ကောင်းသော တာအိုကျမ်းဂန်လာ စကားတစ်ခွန်း ထွက်ပေါ်လာ၏။

ကောင်းကင်ပြင်မှာ မှင်ကဲ့သို့ မည်းမှောင်နေပြီး ကမ္ဘာမြေကို လွှမ်းခြုံထားသည်။

မည်းမှောင်နေသော မိုးတိမ်များမှာ မြေပြင်သို့ ပိုမိုနိမ့်ဆင်းလာပြီး မိုးများလည်း သည်းထန်စွာ ရွာသွန်းနေ၏။

အေးစက်သော လေများကြောင့် မိုးစက်တိုင်းမှာ နှလုံးသားကို အေးစက်သွားစေလေသည်။

သူသည် ကောင်းကင်ကို ကြည့်ရင်း ကလေးနှစ်ဦးကို တိုးညှင်းစွာ ပြောလိုက်သည်။

“ဒကာလေးတို့ရေ... ဒီအဘိုးကြီးက ကူညီချင်ပေမဲ့ အင်အားမရှိတော့ဘူး။ ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်ရတာဆိုတော့ မင်းတို့နှစ်ယောက်အတွက် အပြစ်ရှိသလို ခံစားရတယ်။”

“မင်းတို့နှစ်ယောက်သာ ချင်းယွင်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်နေရင် ချင်းယွင်တောင်ပေါ်မှာ လူတွေအများကြီးနဲ့ ပိုလုံခြုံမှာပဲ။ အခုတော့...”

ရုတ်တရက် ဖူကျစ်၏ပါးစပ်မှာ အံ့ဩလွန်းသဖြင့် တုန်လှုပ်သွားသည်။ သူက “ချင်းယွင်တပည့်... ချင်းယွင်တပည့်” ဟု တတွတ်တွတ် ရေရွတ်နေရင်း မျက်လုံးများမှာလည်း ဝေဝါးသွားပြီး တစ်ကိုယ်လုံးမှ တုန်ယင်လာခဲ့သည်။

ထို့နောက် သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြန်လည် ပေါ်ပေါက်လာပြန်၏။

သူသည် ရူးသွပ်နေသူကဲ့သို့ ရယ်မောလိုက်လေသည်။

“ကောင်းလိုက်တာ... ကောင်းလိုက်တာ။ ငါ အသက်အကြာကြီး မရှင်နိုင်တော့ပေမဲ့ သူတို့ထဲက တစ်ယောက်ကို ဗုဒ္ဓဘာသာကျင့်စဉ်တွေ သင်ပေးပြီး ချင်းယွင်ဂိုဏ်းမှာ တာအိုပညာ သင်ခိုင်းလိုက်ရင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားမှာပဲ။”

“သူတို့အသက်ကိုလည်း ကာကွယ်ပေးနိုင်သလို ငါ့ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းနိုင်ပြီ”

သူ၏စိတ်ထဲတွင် ထိုအစီအစဉ်ကို အတည်ပြုလိုက်ပြီးနောက် အလွန်ပင် စိတ်လှုပ်ရှားနေမိ၏။

သူသည် လင်းကျင်းယွီကို ကြည့်ကာ လက်ကို ဆန့်ထုတ်လိုက်သော်လည်း တစ်ဝက်အရောက်တွင် ရပ်လိုက်ပြီး ပြန်လည်စဉ်းစားမိသည်။

‘ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ဒီနေ့ခေတ်မှာ ဂိုဏ်းကွဲပြားမှုတွေက အရမ်းပြင်းထန်တယ်။”

“အထူးသဖြင့် ဆရာရဲ့နောက်ကွယ်မှာ တခြားပညာတွေကို သင်ယူတာ သိသွားရင် သူ အသတ်ခံရလိမ့်မယ်။”

“လင်းကျင်းယွီက အရည်အချင်း အရမ်းကောင်းလွန်းတော့ ချင်းယွင်ဂိုဏ်းက ဆရာတွေက သူ့ကို အထူးဂရုစိုက်ကြမှာ။ အဲဒီအခါကျရင် ဒီလျှို့ဝှက်ချက်ကြီးကို သူ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး’

ထိုသို့ တွေးမိပြီးနောက် သူ၏အကြည့်မှာ ကျန်းရှောင်ဖန်းထံသို့ ရောက်သွား၏။

သူသည် သေမှာကို မကြောက်ဘဲ ဇွတ်တရက် လုပ်တတ်သော ကျန်းရှောင်ဖန်း၏ စိတ်ဓာတ်ကို ပြန်လည်အမှတ်ရသွားသည်။

“အရည်အချင်းက အရမ်းမကောင်းပေမဲ့ ကိစ္စမရှိပါဘူး။ ကောင်လေး မင်းရဲ့အနာဂတ်က မင်းအပေါ်မှာပဲ မူတည်နေတယ်”

စဉ်းစားပြီးနောက် သူသည် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းရှောင်ဖန်းကို နှိုးရန် သူ၏လက်ကျန် အင်အားများကို အသုံးပြုလိုက်လေတော့သည်။

ကျန်းရှောင်ဖန်း နိုးလာချိန်တွင် အမြင်အာရုံများ ဝေဝါးနေပြီး နားထဲတွင်လည်း တဝီဝီ မြည်နေ၏။

အချိန်အနည်းငယ် ကြာပြီးနောက်မှသာ ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်း ရှိလာတော့သည်။

ရုတ်တရက် သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်ပင် အံ့အားသင့်သွားရ၏။

ဒဏ်ရာအပြည့်နှင့် ရဟန်းအိုကြီးမှာ သူ၏ရှေ့တွင် ထိုင်နေသည်ကို မြင်လိုက်ရလေသည်။

သူ၏ဘယ်ဘက်ခန္ဓာကိုယ်တစ်ခြမ်းမှာ မီးလောင်ထားသဖြင့် မည်းနက်နေပြီး မျက်နှာမှာလည်း သေခါနီးလူတစ်ယောက်ကဲ့သို့ ညှိုးနွမ်းနေ၏။

သို့သော် ထိုရဟန်းအိုမှာ အကြောင်းပြချက်မရှိဘဲ ပြုံးနေသကဲ့သို့ ရှိနေသည်။

ထို့ပြင် သူ၏သူငယ်ချင်း လင်းကျင်းယွီမှာလည်း အနီးအနား၌ သတိလစ်နေသည်ကို တွေ့လိုက်ရ၏။

“ကိုယ်တော်... ကိုယ်တော် ဘာတွေလုပ်နေတာလဲ”

ကျန်းရှောင်ဖန်းမှာ ခဏမျှ ကြောင်နေပြီးနောက် မေးလိုက်လေသည်။

ဖူကျစ်က ချက်ချင်းပြန်မဖြေဘဲ သူ့ကို ကြည့်ကာ မေးလိုက်သည်။

“ဒကာလေး... မိုးတွေရွာနေတာကို မင်းလို ကလေးတစ်ယောက်က ဘာလို့ ဒီလို ဝေးလံတဲ့နေရာကို လာရတာလဲ”

ကျန်းရှောင်ဖန်း အနည်းငယ် လန့်သွားပြီး ပြန်ဖြေလိုက်သည်။

“ညနေတုန်းက ကျောင်းတော်ထဲမှာ ကိုယ်တော့်ကို မြင်ခဲ့တယ်။”

“မိုးရွာတော့မယ်ဆိုတာ သိလို့ ကျောင်းတော်ကလည်း ဟောင်းနေပြီဆိုတော့ အရှင်ဘုရား အေးနေမှာစိုးလို့ စားစရာ လာပေးတာပါ”

ဖူကျစ်၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်သွားပြီး လက်အုပ်ချီကာ ပြောလိုက်သည်။

“ကောင်းပြီ... ကောင်းပြီ။ ဒါတွေအားလုံးက ကံတရားပါပဲ... အာမိတာဘ ဗုဒ္ဓ”

ကျန်းရှောင်ဖန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ကိုယ်တော် အဲ့တာဘာပြောလိုက်တာလဲ”

“ဒီဘုန်းကြီးအိုကြီး ပြောတာက ငါတို့နှစ်ယောက် ဆုံရတာ ကံတရားပဲလို့ ပြောတာ။ အဲဒီလိုဆိုမှတော့ ကိုယ်‌တော့်မှာ ထူးခြားတဲ့ မန္တန်တွေ ရှိတယ်။ မင်း သင်ချင်လား”

“မန္တန်ဆိုတာ ဘာလဲဟင်”

ဖူကျစ်က အံ့ဩသွားပြီးနောက် ရယ်မောလိုက်လေသည်။ သူက ကျန်းရှောင်ဖန်း၏ ခေါင်းကို ပုတ်လိုက်ရင်း နူးညံစွာပြောလိုက်သည်။

“အဲဒါက မခက်ပါဘူး။ အသက်ရှူနည်း အချို့ကို သင်ပေးမှာပါ။ သင်ပြီးသွားရင် မင်းက ဒီဘုန်းကြီးအိုကြီးကို ကတိအချို့ ပေးရမယ်။ ရမလား”

ကျန်းရှောင်ဖန်းက နားလည်သလိုလိုနှင့် ခေါင်းညိတ်ပြလိုက်၏။

“ပြောပါဘုရား”

“ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူး။ မင်းရဲ့ အရင်းနှီးဆုံး ဆွေမျိုးတွေကိုတောင် မပြောရဘူး။ မင်း ကတိနိုင်မလား”

ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်ပြီး ကတိပေးလိုက်သည်။

“တပည်တော် သိပါတယ်။ သေရင်တောင် မပြောပါဘူး”

ဖူကျစ်မှာ ထိုကလေး၏ ငယ်ရွယ်သော်လည်း ခိုင်မာသော စိတ်ဓာတ်ကို မြင်ပြီး အံ့အားသင့်သွားရ၏။

ဖူကျစ်က သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း မျက်လုံးများကို မှိတ်လိုက်ကာ ဆက်ပြောသည်။

“နောက်ပြီးတော့ ဒါကို နေ့တိုင်း လေ့ကျင့်ရမယ်။ လူတွေရှေ့မှာ မလေ့ကျင့်ရဘူး။ လူမရှိတဲ့ သန်းခေါင်ယံအချိန်မှာပဲ လေ့ကျင့်ရမယ်။”

“နောက်ဆုံးအနေနဲ့ အသက်အန္တရာယ်နဲ့ မကြုံရသရွေ့ ဒီပညာကို အသုံးမပြုရဘူး။ မဟုတ်ရင် ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်”

ထို့နောက် သူက မျက်လုံးပြန်ဖွင့်ကာ ကျန်းရှောင်ဖန်းကို စိုက်ကြည့်ရင်း မေးလိုက်၏။

“မင်း ကတိပေးနိုင်လား”

ကျန်းရှောင်ဖန်းမှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းကို ကုတ်ကာ တွေဝေနေသော်လည်း နောက်ဆုံးတွင် ခိုင်မာစွာ ခေါင်းညိတ်လိုက်လေသည်။

ဖူကျစ်က ပြုံးလိုက်ပြီးနောက် စကားများများ မပြောတော့ဘဲ ကျန်းရှောင်ဖန်းအား မန္တန်များကို စတင်သင်ကြားပေးတော့၏။

ထိုမန္တန်များမှာ မရှည်လျားလှဘဲ စုစုပေါင်း စာလုံးတစ်ထောင်ခန့်သာ ရှိသော်လည်း နားလည်ရန်မူ အလွန်ခက်ခဲလှပေသည်။

ကျန်းရှောင်ဖန်းမှာ အစွမ်းကုန် ကြိုးစားခဲ့ရပြီး ခြောက်နာရီခန့် ကြာပြီးနောက်တွင်မှ အားလုံးကို အလွတ်ရသွားတော့၏။

ကျန်းရှောင်ဖန်း အလွတ်ရသွားသည်ကို သိလိုက်ရချိန်တွင် ဖူကျစ်မှာ သက်ပြင်းချလိုက်ရင်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံရလေသည်။

သူက ကျန်းရှောင်ဖန်းကို ကြည့်ရင်း မေးလိုက်သည်။

“ဒီဘုန်းကြီးအိုကြီးဟာ တစ်သက်လုံး ဗုဒ္ဓကျင့်စဥ်တွေကို လေ့ကျင့်ခဲ့ပေမဲ့ တပည့်တစ်ယောက်မှ မရှိခဲ့ဘူး။”

“အခု သေခါနီးမှ မင်းကို တပည့်အဖြစ် ရခဲ့တာဟာ မင်းရဲ့ကံတရားပဲ။ မင်း ငါ့နာမည်ကို သိထားသင့်တယ်။ ငါ့ကို ဖူကျစ်လို့ ခေါ်ကြတယ်...”

“ထျန်းယင်ကျောင်းတော်က ရဟန်းတစ်ပါးပေါ့။ ကလေး... ထျန်းယင်ကျောင်းတော်ဆိုတာ ဘာလဲ မင်း သိလား”

ကျန်းရှောင်ဖန်းက စဉ်းစားကြည့်ပြီးနောက် ခေါင်းခါပြလိုက်၏။

ဖူကျစ်က ရယ်မောလိုက်ရင်းပြောလိုက်သည်။

“ကလေးပဲ ရှိသေးတာကိုး”

ထို့နောက် သူက တစ်ခုခုကို သတိရသွားပြီး ခရမ်းရောင်ပုတီးစေ့တစ်စေ့ကို ထုတ်ယူကာ ကျန်းရှောင်ဖန်းအား ပေးလိုက်သည်။

“ဒီပုတီးစေ့ကို ယူထားပြီး သေချာဝှက်ထားပါ။ ဘယ်သူ့ကိုမှ မပြရဘူး။ မင်း နေရာတစ်ခုခုမှာ အခြေချပြီးသွားရင် အဲဒါကို ချောက်ထဲကို ပစ်ချလိုက်ပါ။”

“အဲဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်။ နောက်ပြီးတော့ ငါ့နာမည်ကိုလည်း ဘယ်သူ့ကိုမှ မပြောရဘူးနော်”

ကျန်းရှောင်ဖန်းက ပုတီးစေ့ကို ယူလိုက်ရင်း ပြန်ဖြေလိုက်၏

“နားလည်ပါပြီ”

ဖူကျစ်က သူ၏ခေါင်းကို ပုတ်လိုက်ရင်း “မင်းနဲ့ငါနဲ့ ကံပါခဲ့ရင် နောက်ဘဝကျမှ ပြန်ဆုံကြတာပေါ့။ ကလေး... အခု ငါ့ကို သုံးကြိမ် ကန်တော့ပြီး ဆရာလို့ ခေါ်လိုက်စမ်း”

ကျန်းရှောင်ဖန်းမှာ ဖူကျစ်၏ ပြုံးနေရာမှ တည်ကြည်သွားသော မျက်နှာထားကို မြင်လိုက်ရသဖြင့် ခေါင်းညိတ်လိုက်ပြီး “ဆရာ” ဟု ခေါ်ကာ မြေပြင်ပေါ်၌ ဦးသုံးကြိမ် တိုက်၍ ကန်တော့လိုက်လေသည်။

သူ ကန်တော့ပြီး၍ အထတွင် ဖူကျစ်၏ ဝမ်းနည်းဖွယ်ရာ ရယ်မောသံကို ကြားလိုက်ရ၏။

ကျန်းရှောင်ဖန်း ခေါင်းမော့လိုက်ချိန်တွင် သူ၏ကျောကို ရိုက်နှက်ခြင်း ခံလိုက်ရပြီး မှောင်အတိ ကျသွားကာ ထပ်မံ သတိလစ်သွားရပြန်တော့သည်။

အခန်း (၄) ထင်မှတ်မထားသော အပြောင်းအလဲ

နံနက်ခင်းသို့ ရောက်သောအခါ မိုးတိတ်သွားပြီ ဖြစ်သည်။

သစ်ရွက်များပေါ်ရှိ မိုးစက်များမှာ ကြည်လင်နေပြီး သစ်ရွက်များပေါ်မှတစ်ဆင့် ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်သို့ တစက်စက် ကျဆင်းနေ၏။

အေးစက်သော ခံစားမှုကြောင့် ကျန်းရှောင်ဖန်း နိုးလာပြီး “ဆရာ” ဟု အော်ဟစ်လိုက်သော်လည်း အနားတွင် မည်သူမျှ မရှိဘဲ လင်းကျင်းယွီသာ အိပ်ပျော်နေသည်ကို တွေ့ရလေသည်။

ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်တစ်ခုကဲ့သို့ပင် ထင်ရ၏။

သို့သော် ပျက်စီးနေသော မြက်ဘုရားကျောင်းနှင့် အိပ်ပျော်နေသော သူငယ်ချင်းဖြစ်သူကို မြင်လိုက်ရချိန်တွင်မူ ထိုအရာအားလုံးမှာ အမှန်တရားဖြစ်ကြောင်း သိလိုက်ရတော့သည်။

သူသည် ခေတ္တမျှ စဉ်းစားနေပြီးနောက် ခေါင်းခါလိုက်ကာ လင်းကျင်းယွီကို အတင်းနှိုးလိုက်၏။

လင်းကျင်းယွီမှာ ညည်းညူရင်း နိုးလာပြီးနောက် အေးစက်သောဒဏ်ကြောင့် နှာချေလိုက်လေသည်။

သူ၏မျက်လုံးများ ပွင့်လာချိန်တွင် ကျန်းရှောင်ဖန်းနှင့်အတူ ထင်းရှူးပင်အောက်၌ စိုရွှဲနေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားပြီး “ငါ အိမ်မှာ အိပ်နေတာ မဟုတ်လား... ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲ”

ကျန်းရှောင်ဖန်းက ပခုံးတွန့်ပြလိုက်ရင်း“ငါလည်း မသိဘူး။ ဒါပေမဲ့ အရမ်းအေးနေပြီ... အိမ်ကို မြန်မြန်ပြန်ရအောင်”

လင်းကျင်းယွီ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း အလွန်အေးနေသဖြင့် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကာ ကျန်းရှောင်ဖန်းနှင့်အတူ ရွာထဲသို့ ပြေးဝင်သွားကြလေသည်။

ရွာထဲသို့ ရောက်ရှိချိန်တွင်မူ အခြေအနေများမှာ ပုံမှန်မဟုတ်သည်ကို သူတို့နှစ်ဦးလုံး သတိထားမိလိုက်၏။

ပုံမှန်အားဖြင့် ရွာသားများမှာ နိုးနေကြပြီ ဖြစ်သော်လည်း ယနေ့တွင်မူ အလွန်ပင် တိတ်ဆိတ်နေပြီး လေထဲတွင်လည်း သွေးညှီနံ့များ ပျံ့လွင့်နေလေသည်။

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရင်း စိုးရိမ်တကြီးဖြင့် ရွာထဲသို့ အပြေးဝင်သွားကြ၏။

ရွာထိပ်သို့ ရောက်ရှိချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားကြရလေသည်။

ရွာလယ်ရှိ မြေပြင်ပေါ်တွင် မြက်ဘုရားကျောင်းရွာမှ မိသားစုပေါင်း လေးဆယ်ကျော်၊ လူပေါင်းနှစ်ရာကျော်၏ အလောင်းများမှာ ပြန့်ကျဲလျက် ရှိနေကြ၏။

လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး သေဆုံးနေကြပြီး သွေးများမှာ မြစ်ကဲ့သို့ စီးဆင်းနေလေသည်။

ယင်ကောင်များမှာလည်း တဝီဝီ မြည်နေပြီး အနံ့အသက်များမှာ ဆိုးဝါးလှပေသည်။

လင်းကျင်းယွီနှင့် ကျန်းရှောင်ဖန်းတို့မှာ ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် အလွန်အမင်း ထိတ်လန့်သွားကြသဖြင့် အော်ဟစ်ကာ သတိလစ်သွားကြလေတော့သည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း ကျန်းရှောင်ဖန်း နိုးလာချိန်တွင် သူသည် အမောတကော ဖြစ်နေပြီး လက်များလည်း တုန်ယင်နေ၏။

သူ သတိလစ်နေစဉ်အတွင်း သူ၏စိတ်ထဲတွင် သွေးသံရဲရဲနှင့် အလောင်းများ၊ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးများကိုသာ မြင်မက်နေခဲ့ရသည်။

သူ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သာမန်အခန်းတစ်ခုအတွင်း ရောက်နေသည်ကို တွေ့ရ၏။

ပြတင်းပေါက်ငယ် နှစ်ခုရှိပြီး အခန်းအတွင်းရှိ အသုံးအဆောင်များမှာ ရိုးရှင်းသန့်ရှင်းလှပေသည်။

ထင်းရှူးစားပွဲနှင့် ထိုင်ခုံအချို့၊ ရေနွေးအိုးနှင့် ခွက်အချို့သာ ရှိ၏။

အခန်း၏ တစ်ဖက်တစ်ချက်တွင် ခုတင်လေးလုံး ရှိသည်။ သူ လဲလျောင်းနေသော ခုတင်အပြင် အနားရှိ ခုတင်မှာလည်း တစ်စုံတစ်ယောက် အိပ်ထားသကဲ့သို့ ရှုပ်ပွနေ၏။

ကျန်ရှိသော ခုတင်နှစ်လုံးမှာမူ စောင်များကို သေသေသပ်သပ် ခေါက်ထားလေသည်။

ခုတင်တစ်ခုစီ၏ အထက် နံရံပေါ်တွင် စာလုံးကြီးကြီးဖြင့် “တာအို” ဟု ရေးသားထားလေသည်။

ဤနေရာမှာ တပည့်များ နေထိုင်သော အဆောင်တစ်ခုကဲ့သို့ပင် ရိုးရှင်းလှပေသည်။

ကျန်းရှောင်ဖန်းမှာ ခဏမျှ ထိုင်နေပြီးနောက် သူ၏စိတ်ထဲတွင် ‘ဒါတွေအားလုံးက အိပ်မက်ဆိုးတစ်ခု ဖြစ်နေရင် ကောင်းမှာပဲ။ ငါ ဒီမှာ အိပ်ပျော်နေတာများလား။”

“အခန်းထဲက ထွက်သွားလိုက်ရင် အမေက ပုံမှန်အတိုင်း ပြုံးပြီး ခေါ်နေလိမ့်မလား’ ဟု တွေးနေမိ၏။

သူသည် ခုတင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းလိုက်ပြီး ဖိနပ်စီးကာ တံခါးဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေသည်။

တံခါးတစ်ချပ်မှာ ဟနေပြီး အပြင်ဘက်မှ လေပြေအေးများ တိုးဝင်လာ၏။

သူသည် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ တံခါးဆီသို့ ရောက်ရှိသွားတော့သည်။

ထိုခဏတွင် တံခါးမှာ တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံနေသကဲ့သို့ ခံစားရ၏။

သူသည် သွားကို တင်းတင်းကြိတ်ကာ တံခါးကို ဖွင့်လိုက်လေသည်။

အပြင်ဘက်မှ လင်းထိန်သော အလင်းရောင်များကြောင့် သူ၏မျက်လုံးများကို မှိတ်ထားလိုက်ရ၏။

နေရောင်ခြည်မှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး နွေးထွေးမှုကို ပေးစွမ်းနေသည်။

သို့သော် သူ၏နှလုံးသားမှာမူ အေးစက်သွားရ၏။

အပြင်ဘက်တွင် သေးငယ်သော ဝင်းခြံတစ်ခု ရှိပြီး ထင်းရှူးပင်များနှင့် ပန်းပင်အချို့ ရှိလေသည်။ အရှေ့တွင် စင်္ကြံလမ်းတစ်ခု ရှိပြီး တံခါးရှေ့၌ လှေကားထစ်အချို့ ရှိ၏။

ထိုလှေကားထစ်၏ ထောင့်တွင် ကလေးငယ်တစ်ဦးမှာ ပါးကို လက်နှင့်ထောက်ကာ ငြိမ်သက်စွာ ထိုင်နေလေသည်။

တံခါးဖွင့်သံကြောင့် ထိုကလေးက ဖြည်းညင်းစွာ လှည့်ကြည့်လာ၏။

ထိုကလေးမှာ လင်းကျင်းယွီ ဖြစ်ပေသည်။

ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် မေးချင်သော မေးခွန်းများစွာ ရှိသော်လည်း မည်သည့်စကားသံမျှ ထွက်မလာပေ။

သူသည် အော်ဟစ်လိုက်ချင်သော်လည်း ရင်ဘတ်ထဲတွင် တစ်ခုခု ခံနေသဖြင့် ဘာမျှ မပြောနိုင်တော့ဘဲ မျက်ရည်များသာ စီးကျလာတော့၏။

ကလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြလေသည်။

အဝေးဆီမှ ကျေးငှက်အော်သံများ ထွက်ပေါ်နေပြီး ကောင်းကင်ပြင်မှာလည်း ပြာလဲ့နေပေသည်။

ကျန်းရှောင်ဖန်းသည် လှေကားထစ်၏ တစ်ဖက်တွင် ထိုင်လိုက်ရင်း မြေပြင်ပေါ်ရှိ ကျောက်ခဲများကိုသာ စိုက်ကြည့်နေမိ၏။

ဝင်းခြံအတွင်းတွင် တိတ်ဆိတ်မှုများက ကြီးစိုးလွှမ်းခြုံထားပေသည်။

အချိန်အတော်ကြာပြီးနောက် လင်းကျင်းယွီက “ငါ မင်းထက် စောနိုးတယ်။ အခန်းထဲမှာ လူအချို့ ရှိနေလို့ သူတို့ကို မေးကြည့်တော့ ဒီနေရာက ချင်းယွင်တောင်၊ ထုံထျန်းတောင်ထိပ် တဲ့”

ကျန်းရှောင်ဖန်းက တိုးညှင်းစွာ ရေရွတ်လိုက်၏။

“ချင်းယွင်တောင်”

လင်းကျင်းယွီက ဆက်ပြောလိုက်သည်။

“သူတို့ ပြောတာက ချင်းယွင်တပည့်တွေက ရွာနားက ဖြတ်သွားရင်းနဲ့ ရွာကို... ရွာကို...” ဤနေရာတွင် သူ၏အသံမှာ တိမ်ဝင်သွားရလေသည်။

သူသည် မျက်ရည်များကို သုတ်လိုက်ပြီး သက်ပြင်းချကာ “အဲဒါနဲ့ သူတို့က ငါတို့ကို တွေ့လို့ တောင်ပေါ်ကို ခေါ်လာတာတဲ့”

ကျန်းရှောင်ဖန်းက ခေါင်းမော့မလာဘဲမေးလိုက်သည်။

“ငါတို့ အခု ဘာလုပ်ကြမလဲ ကျင်းယွီ”

လင်းကျင်းယွီက ခေါင်းခါပြလိုက်ရင်း “ငါလည်း မသိဘူး”

ကျန်းရှောင်ဖန်း စကားဆက်ပြောရန် ကြိုးစားစဉ်မှာပင် သူစိမ်းတစ်ယောက်၏ အသံကို ကြားလိုက်ရ၏။

“အော်... မင်းတို့ နိုးလာကြပြီလား”

သူတို့နှစ်ဦးလုံး လှည့်ကြည့်လိုက်ရာ ဝတ်ရုံပြာကို ဝတ်ဆင်ထားသော ခန့်ညားသည့် တာအိုပညာရှင် လူငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။

သူက လျှောက်လာရင်း သူတို့ကိုပြောလိုက်သည်။

“ဆရာက မင်းတို့ကို တွေ့ချင်နေတယ်။ မေးစရာရှိလို့တဲ့... လာ ငါ့နောက်လိုက်ခဲ့ကြ”

ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်ကြ၏။

လင်းကျင်းယွီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ အကိုကြီး... ကျွန်တော်တို့ကို ခေါ်သွားပေးပါ”

တာအိုပညာရှင် လူငယ်က လင်းကျင်းယွီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“လာ... လိုက်ခဲ့ကြ”

တာအိုပညာရှင်၏ နောက်မှ လိုက်လာရင်း စင်္ကြံလမ်းတစ်လျှောက် လျှောက်လာကြရာ နေရာတိုင်းတွင် ထူးခြားသော ဗိသုကာလက်ရာများကို မြင်တွေ့ရလေသည်။

စင်္ကြံလမ်းအဆုံးတွင် ကြီးမားသော တံခါးကြီးတစ်ခုကို တွေ့လိုက်ရ၏။

ထိုတံခါးကြီးမှာ အလွန်မြင့်မားလှသဖြင့် မည်သည့်သစ်သားနှင့် ပြုလုပ်ထားသည်ကိုပင် မသိနိုင်တော့ပေ။

တံခါးကို ဖြတ်ကျော်လိုက်ချိန်တွင် ကလေးနှစ်ဦးမှာ အသက်ရှူပင် မှားသွားရ၏။

ဤနေရာကား ဒဏ္ဍာရီလာ နတ်ဘုံနတ်နန်းကဲ့သို့ပင် ခမ်းနားလှပေသည်။

ကျယ်ပြောလှသော ရင်ပြင်ကြီးရှိပြီး မြေပြင်ပေါ်၌ ကျောက်စိမ်းဖြူများ ခင်းကျင်းထား၏။ တိမ်တိုက်များမှာလည်း ခြေထောက်အောက်တွင် လွင့်ပျံ့နေလေသည်။

ရင်ပြင်၏ အလယ်တွင် ကြီးမားသော ကြေးဖလားကြီး ကိုးလုံးကို အစီအရင်အတိုင်း ချထားပြီး ထိုဖလားများမှ မွှေးရနံ့များ ထွက်ပေါ်နေ၏။

“ဒီဘက်ကို လာကြ”

တာအိုပညာရှင် လူငယ်က ပြုံးလျက် ပြောလိုက်လေသည်။

“ဒါက ချင်းယွင်ဂိုဏ်းရဲ့ ထင်ရှားတဲ့ ရှုခင်းခြောက်သွယ်ထဲက ‘တိမ်ပင်လယ်’ လို့ခေါ်တယ်။ ရှေ့မှာဆိုရင် ပိုပြီးတော့ အံ့ဩဖို့ ကောင်းတာတွေ ရှိသေးတယ်”

လင်းကျင်းယွီက မေးလိုက်၏။

“ဘာလဲဟင်”

တာအိုပညာရှင်က လက်ညှိုးညွှန်ပြလိုက်သည်။

“သက်တန့်တံတား”

ကလေးနှစ်ဦးမှာ အဝေးဆီသို့ ကြည့်လိုက်ရာ တိမ်တိုက်များကြားတွင် တောက်ပနေသော အရာတစ်ခုကို တွေ့လိုက်ရသဖြင့် အရှိန်မြှင့် လျှောက်သွားကြလေသည်။

ရေစီးသံများနှင့်အတူ ထူးခြားသော မိုးခြိမ်းသံကဲ့သို့ အသံများကိုလည်း ကြားနေရ၏။

သူတို့ နီးကပ်လာသည်နှင့်အမျှ တိမ်တိုက်များမှာ လွင့်ပြယ်သွားပြီး သက်တန့်တံတား၏ ပုံသဏ္ဌာန်မှာ ပေါ်ထွက်လာတော့သည်။

ရင်ပြင်၏ အဆုံးတွင် ကျောက်တံတားတစ်စင်း ရှိနေသည်။ ထိုတံတားတွင် တိုင်များ၊ အောက်ခံများ မရှိဘဲ ကောင်းကင်ယံတွင် တန်းလန်းချိတ်ဆွဲထားသည်။

ရင်ပြင်၏ တစ်ဖက်စွန်းမှ စတင်ကာ အထက်သို့ ဦးတည်ပြီး တိမ်တိုက်များကြားထဲသို့ နဂါးတစ်ကောင် ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ ထိုးတက်သွားသည်။

ညင်သာသော ရေစီးသံများ ကြားနေရပြီး နေရောင်ခြည်အောက်တွင် တံတားတစ်ခုလုံးသည် အရောင်ခုနစ်မျိုးဖြင့် တောက်ပနေကာ မြေပြင်ပေါ်သို့ သက်တန့်တစ်ခု ကျဆင်းလာသကဲ့သို့ လှပလွန်းလှသည်။

ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့မှာ ငေးကြည့်နေမိကြလေသည်။

တာအိုပညာရှင်က - “လိုက်ခဲ့ကြ” ဟု ပြောကာ တံတားပေါ်သို့ တက်သွားလေ၏။

တံတားပေါ်သို့ ရောက်ရှိချိန်တွင် တံတား၏ ဘေးတစ်ဖက်တစ်ချက်တွင် ရေများ စီးဆင်းနေသည်ကို တွေ့ရသော်လည်း အလယ်တွင်မူ ခြောက်သွေ့နေပေသည်။

တာအိုဆရာက သူတို့၏ စိတ်လှုပ်ရှားနေမှုများကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် သတိပေးလိုက်သည်။

“သတိထားပြီး လျှောက်ကြနော်... အောက်ကို ပြုတ်ကျသွားရင် အလောင်းတောင် ရှာရမှာ မဟုတ်ဘူး”

သူတို့နှစ်ဦးလုံး ထိတ်လန့်သွားပြီး သတိထားကာ လျှောက်လှမ်းလိုက်ကြ၏။

သက်တံတံတားမှာ အလွန်ရှည်လျားလှပေသည်။ သူတို့ လျှောက်လာရင်း တိမ်တိုက်များမှာ ခြေဖဝါးအောက်တွင် ကျန်ရစ်ခဲ့ပြီး ကောင်းကင်ပြာကြီးကိုသာ မြင်နေရတော့သည်။

ရှေ့တွင်မူ ချင်းယွင်ဂိုဏ်း၏ အဓိက နန်းဆောင်ဖြစ်သော “ယွီချင်းနန်းဆောင်” တည်ရှိလေသည်။

ခန့်ညားထည်ဝါလှသော နန်းဆောင်ကြီးမှာ တိမ်တိုက်များကြားတွင် တည်ရှိနေပြီး ကြိုးကြာငှက်များမှာလည်း ပျံသန်းနေကြ၏။

တံတားမှာ နန်းဆောင်ရှေ့ရှိ ရေကန်ကြီး၏ အနားတွင် ဆုံးသွားလေသည်။ တစ်ချိန်တည်းမှာပင် နန်းဆောင်အတွင်းမှ တာအိုဂီတသံများကို ကြားလိုက်ရ၏။

အစောပိုင်းက ကြားခဲ့ရသော ထူးခြားသောအသံမှာလည်း ပိုမိုကျယ်လောင်လာပေသည်။

သူတို့ လှေကားထစ်များပေါ်သို့ တက်ရန် ပြင်လိုက်ချိန်တွင် ရေကန်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာတော့၏။

တာအိုပညာရှင် လူငယ်မှာ ကြိုတင်ပြင်ဆင်ထားသကဲ့သို့ နောက်သို့ လွင့်ပျံသွားသော်လည်း ကလေးနှစ်ဦးမှာမူ ရေကန်အတွင်းမှ ထွက်ပေါ်လာသော ရေများနှင့် စိုရွှဲသွားရလေသည်။

သို့သော် သူတို့မှာ မိမိတို့ကိုယ်ကိုယ် ဂရုမစိုက်နိုင်တော့ဘဲ ရှေ့ရှိ သားရဲကြီးကိုသာ စိုက်ကြည့်နေမိကြ၏။

ထိုသားရဲကြီးမှာ နဂါးခေါင်းနှင့် ခြင်္သေ့ကိုယ်ထည်ရှိပြီး အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

သားရဲကြီးမှာ သူ၏ခန္ဓာကိုယ်ကို ခါလိုက်ပြီးနောက် ကလေးနှစ်ဦး၏ အနားသို့ တိုးကပ်လာ၏။

ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့မှာ ထိုသားရဲကြီး၏ ကြီးမားလှသော ဦးခေါင်းနှင့် ချွန်ထက်လှသော သွားများကို မြင်လိုက်ရချိန်တွင် အလွန်အမင်း ကြောက်ရွံ့သွားသဖြင့် တစ်ဦးကိုတစ်ဦး တင်းတင်းဆုပ်ကိုင်ထားမိကြလေသည်။

ထိုအချိန်တွင် တာအိုပညာရှင် လူငယ်က လက်အုပ်ချီကာ ရိုသေစွာပြောလိုက်သည်။

“တောင်စောင့်သားရဲကြီးခင်ဗျာ... ဆရာက သူတို့ကို ခေါ်လာခိုင်းလို့ပါ”

သားရဲကြီးမှာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကလေးနှစ်ဦးကို ဂရုမစိုက်တော့ဘဲ ဘေးသို့ ထွက်သွားကာ နေပူစာလှုံရင်း အိပ်ပျော်သွားလေတော့သည်။

“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ငါတို့ဘိုးဘေးစီးနီယာ ချင်းရဲ့က ယဉ်ပါးအောင် လုပ်ခဲ့တဲ့ ‘ရေချီလင်’ ပဲ။ အခုတော့ ဂိုဏ်းစောင့်နတ်သားရဲပေါ့”

ပြောပြပြီးနောက် သူက ရေချီလင်ကို အရိုအသေပြုလိုက်၏။ ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့လည်း ထပ်တူပင် အရိုအသေပြုလိုက်ကြလေသည်။

ထို့နောက် သူတို့သည် နန်းဆောင်ကြီးအတွင်းသို့ ဝင်ရောက်သွားကြတော့၏။ နန်းဆောင်အတွင်းတွင် လူပေါင်းများစွာ ရှိနေပြီး ရှေ့တွင်မူ ကြီးမားသော ထိုင်ခုံခုနစ်လုံး ရှိလေသည်။

ထိုအထဲတွင် လူခြောက်ဦး ထိုင်နေကြပြီး နောက်ဆုံးထိုင်ခုံမှာမူ လစ်လပ်နေပေသည်။

All Chapters