အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း (၅) ထင်မှတ်မထားသောအပြောင်းလဲ (၂)
ထိုအချိန်တွင် ခန်းမအတွင်းရှိ လူများက တစ်စုံတစ်ရာကို ဆွေးနွေးနေကြလေသည်။
ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့ကို ခေါ်ဆောင်လာသော လူငယ်တာအိုဆရာက ရိုသေစွာဖြင့် လျှောက်တင်လိုက်၏။
“ဆရာနှင့် ဂိုဏ်းတူဦးလေးတို့... တပည့်တုပိရှုက အမိန့်အတိုင်း သူတို့နှစ်ယောက်ကို ခေါ်ဆောင်လာခဲ့ပါပြီ”
ရုတ်တရက် ခန်းမအတွင်းမှ ပဲ့တင်ထွက်ပေါ်လာသော အော်ဟစ်သံတစ်ခုကြောင့် သူ၏စကားသံမှာ ရပ်တန့်သွားလေသည်။
“သရဲ... သရဲ... သရဲတွေ”
တုပိရှုမှာ အံ့အားသင့်သွားသော်လည်း ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့မှာ ပို၍ပင် အံ့အားသင့်သွားကြကြောင်း သတိပြုမိလိုက်၏။
ထိုအသံမှာ အက်ကွဲကာ အရုပ်ဆိုးလှသော်လည်း သူတို့အတွက်မူ လွန်စွာရင်းနှီးနေလေသည်။
ကျန်းရှောင်ဖန်းသည် အခြေအနေကို ဂရုမစိုက်နိုင်တော့ဘဲ ခန်းမထဲသို့ ပြေးဝင်သွားကာ အော်ဟစ်လိုက်တော့သည်။
“ဦးလေးဝမ်... ဦးလေးဝမ်... ဦးလေးလား”
သူ၏အသံတွင် စိုးရိမ်မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေပေသည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်း၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ကိန်းအောင်းသွားရ၏။
လူအုပ်ကြီး၏ အနောက်ဘက် ထောင့်တစ်နေရာတွင် သစ်ခုတ်သမားအဝတ်အစား ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ဆုပ်ကိုင်ထားကာ ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်ရင်း တုန်ယင်နေလေသည်။
“သရဲ... သရဲ” ဟူသော အသံမှာ သူ၏လက်ချောင်းများအကြားမှ ထွက်ပေါ်နေခြင်းဖြစ်ပေသည်။
ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့ ဝင်လာသည်နှင့် ထိုသူမှာ မြက်ဘုရားကျောင်းရွာမှ သစ်ခုတ်သမားဖြစ်ကြောင်း ချက်ချင်းသိလိုက်ကြ၏။
သူ၏ မျိုးရိုးအမည်မှာ ဝမ်ဖြစ်ပြီး မိသားစုတွင် ဒုတိယမြောက်သားဖြစ်သည်။ သူသည် အမြဲတစေ ပြုံးနေတတ်ပြီး ကလေးများကို အမြဲတစေ ကြင်နာတတ်သော သဘောကောင်းသူတစ်ဦး ဖြစ်ပေသည်။
တောင်ပေါ်တွင် ထင်းခုတ်ခြင်းအပြင် အပြန်တွင် သစ်သီးများကိုပါ ခူးလာတတ်ပြီး ကလေးများအား ဝေမျှပေးလေ့ရှိလေသည်။
ကျန်းရှောင်ဖန်းသည် မတုံ့ဆိုင်းပဲ ဝမ်ဦးလေးထံ ပြေးသွားကာ သူ၏ပခုံးကို ဆုပ်ကိုင်ရင်း ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်၏။
“ဦးလေးဝမ်... ဘာတွေဖြစ်ခဲ့တာလဲ။ ရွာကလူတွေ ဘာလို့... ဘာလို့ သေကုန်ကြတာလဲ။ သားရဲ့ အမေနဲ့ အဖေကော... သူတို့ ဘာဖြစ်သွားကြတာလဲ။ တစ်ခုခု ပြောပါဦး”
ဦးလေးဝမ်သည် ကျန်းရှောင်ဖန်းက ထပ်တလဲလဲ မေးနေသည်ကို ကြားသောအခါ သူ၏မှတ်ဉာဏ်တစ်ခုခုကို ထိခိုက်သွားပုံရပြီး “သရဲ... သရဲ” ဟု ရေရွတ်နေခြင်းကို ရပ်တန့်လိုက်ကာ ကျန်းရှောင်ဖန်းအား ဖြည်းညင်းစွာ မော့ကြည့်လာလေသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ထိုင်နေသူအချို့ပင် မနေနိုင်ဘဲ မတ်တပ်ရပ်လိုက်ကြကာ မျက်လုံးများအားလုံးက ကျန်းရှောင်ဖန်းထံသို့ အာရုံစိုက်သွားကြ၏။
ဦးလေးဝမ်၏ မျက်လုံးများမှာ နီရဲနေပြီး အကြောက်တရားများဖြင့် ပြည့်နှက်နေလေသည်။
သူသည် ကျန်းရှောင်ဖန်းကို အချိန်အတန်ကြာ စိုက်ကြည့်နေသော်လည်း မည်သည့်စကားမှ မဆိုဘဲ တစ်စုံတစ်ရာကို မှတ်မိရန် ကြိုးစားနေသည့်အလား မျက်မှောင်ကြုတ်ထားပေသည်။
ထိုအချိန်တွင် ချင်းယွင်ဂိုဏ်းသားတစ်ဦးက မနေနိုင်ဘဲ ရှေ့သို့တက်လာကာ စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ဘေးမှလူက အသာအယာ ဆွဲတားလိုက်လေသည်။
ဦးလေးဝမ်ထံမှ တုံ့ပြန်မှုမရဘဲ အသက်မဲ့စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျန်းရှောင်ဖန်းသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ ထပ်မံအော်ဟစ်လိုက်ပြန်သည်။
“ဦးလေးဝမ်... ဦးလေး ဘာဖြစ်သွားတာလဲ”
မမျှော်လင့်ဘဲ သူ၏ ကျယ်လောင်သောအသံကို ကြားလိုက်ရသောအခါ ဦးလေးဝမ်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ကြောက်ရွံ့မှုများက သူ၏မျက်နှာပေါ်တွင် တစ်ဖန် ပြန်လည်လွှမ်းမိုးသွားလေသည်။
သူသည် အခြားထောင့်တစ်နေရာသို့ လှိမ့်သွားကာ လက်နှစ်ဖက်ဖြင့် မျက်နှာကို ဖုံးအုပ်ရင်း ကွေးကွေးလေး ပြန်နေလိုက်ပြီး ပါးစပ်မှလည်း ဆက်တိုက် ညည်းညူနေတော့သည်။
“သရဲ... သရဲ... သရဲတွေ”
ရုတ်တရက် ခန်းမနေရာအနှံ့မှ သက်ပြင်းချသံများ ထွက်ပေါ်လာပြီး ချင်းယွင်ဂိုဏ်းသားများမှာ စိတ်ပျက်သွားကြလေသည်။
မတ်တပ်ရပ်နေသူများလည်း ပြန်မထိုင်ကြသေးပေ။ ကျန်းရှောင်ဖန်းက ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း လင်းကျင်းယွီက ဆွဲတားလိုက်၏။
ကျန်းရှောင်ဖန်းသည် နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။ လင်းကျင်းယွီ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လဲ့နေပြီး ဝမ်းနည်းစွာဖြင့် ပြန်ဖြေလေသည်။
“ဆက်မေးနေလဲ အလကားပါပဲ... သူ ရူးသွားပြီ”
ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး မည်သည့်စကားမှ မဆိုနိုင်တော့ချေ။
လင်းကျင်းယွီသည် သူ့ထက် တစ်နှစ်ကြီးပြီး အတွေးအခေါ် ရင့်ကျက်လေသည်။
သူက ခန်းမအတွင်းရှိ လူအသီးသီးကို အကဲခတ်ကြည့်ရာ အမျိုးသား၊ အမျိုးသမီးအားလုံးမှာ ချင်းယွင်ဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားကြောင်း သတိပြုမိလိုက်၏။
ခန်းမအတွင်းရှိ လူအများစုမှာ လက်နက်များ ကိုင်ဆောင်ထားကြပြီး အများစုမှာ ဓားရှည်များ ဖြစ်ကြသည်။
ထိုင်ခုံများတွင် ထိုင်နေသော လူခြောက်ဦးမှာ အခြားသူများထက် အဆင့်အတန်း ပိုမြင့်မားပုံရပြီး အထူးသဖြင့် အလယ်တွင် ထိုင်နေသော မြစိမ်းရောင်ဝတ်ရုံနှင့် ပုဂ္ဂိုလ်မှာ ချင်းယွင်ဂိုဏ်းချုပ် တာအိုရွှမ်ပင် ဖြစ်ပေသည်။
လင်းကျင်းယွီသည် ကျန်းရှောင်ဖန်းကို ဆွဲကာ ထိုလူခြောက်ဦးထံသို့ သွားလေသည်။
ထို့နောက် တာအိုရွှမ်၏ရှေ့တွင် ဒူးထောက်ကာ ဂိုဏ်းချုပ်အား ဂါရဝပြုသည့်အနေဖြင့် ကြမ်းပြင်နှင့် ခေါင်းကို “ဒုတ်... ဒုတ်... ဒုတ်” မည်အောင် ဆောင့်ကာ ဦးချကန်တော့လိုက်၏။
တာအိုရွှမ်က သူတို့ကို သေချာစွာ ကြည့်ရှုပြီးနောက် သက်ပြင်းချကာ ဆိုလေသည်။
“သနားစရာ ကလေးငယ်တွေ... မင်းတို့ ထကြပါ”
လင်းကျင်းယွီသည် ထမလာသေးဘဲ နတ်ဘုရားတမျှ အစွမ်းထက်သော ဤပုဂ္ဂိုလ်များကို မော့ကြည့်ကာ ဝမ်းနည်းစွာ ပြန်လည်လျှောက်တင်လိုက်၏။
“အရှင်... ကျွန်တော်တို့က ငယ်ရွယ်ပြီး ဘာမှနားမလည်သေးပါဘူး။ ဒါပေမဲ့ ရုတ်တရက် အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရလို့ ဘာလုပ်ရမှန်းလဲ မသိတော့ပါဘူး။”
“အရှင်တို့လို အစွမ်းထက်ပြီး အတိတ်နဲ့ အနာဂတ်ကို သိမြင်နိုင်တဲ့ သူတော်စင်ကြီးတွေက ကျွန်တော်တို့ကို ကူညီပေးကြပါ”
ကျန်းရှောင်ဖန်းမှာ သူ့လောက် ဉာဏ်မပြေးသဖြင့် အလိုက်သင့်ပင် လိုက်ပြောလိုက်လေသည်။
“ဟုတ်ပါတယ်... သူတော်စင်ကြီးတို့... ကျွန်တော်တို့ကို ကူညီပေးပါ”
ကြားရသူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခြင်းကို မတားဆီးနိုင်ကြချေ။ ကျန်းရှောင်ဖန်းမှာ ဘာမှမသိနားမလည်သော ကလေးငယ်တစ်ဦးသာ ဖြစ်ကြောင်း သိသာလှသည်။
သို့သော် မျက်လုံးများအားလုံးမှာ လင်းကျင်းယွီထံသို့သာ ကျရောက်သွားကြလေသည်။
လင်းကျင်းယွီသည် ငယ်ရွယ်စဉ်မှာပင် ကြီးမားသော အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရပြီး တာအိုရွှမ်ကဲ့သို့သော ကျော်ကြားလှသည့် ပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူ၏စကားပြောဆိုမှုမှာ တည်ငြိမ်လှသည်။
သူ၏ တည်ငြိမ်မှုမှာ သာမန်ကလေးများထက် များစွာ သာလွန်ပြီး တာအိုရွှမ်ကို နတ်ဘုရားတစ်ပါးဟုပင် ထင်မှတ်နေသော အသိဉာဏ်နည်းပါးသည့် ကျန်းရှောင်ဖန်းနှင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြားလှပေသည်။
မြက်ဘုရားကျောင်းရွာ၏ အဖြစ်ဆိုးမှာ ချင်းယွင်ဂိုဏ်းအတွက် နှစ်ထောင်ပေါင်းများစွာအတွင်း မကြုံစဖူးသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
ထို့အပြင် လက်ရှိကိစ္စရပ်မှာ ချင်းယွင်ဂိုဏ်း၏ မျက်စိအောက်တွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ချင်းယွင်ဂိုဏ်းတစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ရ၏။
တာအိုရွှမ်သည် ဤသတင်းကို ကြားချိန်တွင် အံ့အားသင့်ကာ ဒေါသထွက်ခဲ့ပြီး အခြားတောင်ထိပ်သခင် ခြောက်ဦးနှင့် ချက်ချင်း အစည်းအဝေး ခေါ်ယူခဲ့လေသည်။
ယခုအခါ ရှောင်ကျူးတောင်ထိပ်၏ သခင်မရွှေယွဲ့မှလွဲ၍ ကျန်တောင်ထွတ်သခင် ငါးဦးလုံး ခန်းမအတွင်း၌ ရှိနေကြပေသည်။
ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်ခုနစ်ခုမှ သခင်များဖြစ်ကြသည့်အားလျော်စွာ သူတို့သည် ချင်းယွင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များပင် ဖြစ်ကြလေသည်။
ချင်းယွင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များဆိုသည်မှာလည်း လောကတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များပင် ဖြစ်ပေသည်။
ထိုနေရာရှိ ခေါင်းဆောင်တစ်ဦးစီတိုင်းမှာ လင်းကျင်းယွီကို ကြည့်ကာ ခေါင်းထဲ၌ တူညီသော အတွေးတစ်ခု တွေးနေကြလေသည်။
‘အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းလေးတစ်ပွင့်ပဲ’
တာအိုရွှမ်က ပြုံး၍ ဆိုလေသည်။
“ငါက အတိတ်နဲ့ အနာဂတ်ကိုတော့ မသိပါဘူး။ ဒါပေမဲ့ မင်းတို့က ချင်းယွင်တောင်နားမှာ နေထိုင်ကြတာဆိုတော့ ချင်းယွင်ဂိုဏ်းအနေနဲ့ ဒီကိစ္စကို လျစ်လျူရှုထားလို့ မရဘူး။”
“ဒါပေမဲ့ ငါ မင်းတို့ကို မေးခွန်းအနည်းငယ်လောက် မေးချင်ပါတယ်။ မင်းတို့ ဖြေပေးနိုင်မယ်လို့ မျှော်လင့်တယ်”
လင်းကျင်းယွီက ခေါင်းညိတ်ကာ ပြန်လည်လျှောက်တင်လေသည်။
“ဟုတ်ကဲ့ပါ... တပည့် သိသမျှ အကုန်လုံးကို ဖြေကြားပေးပါ့မယ်။ အရှင်... မေးတော်မူပါ”
တာအိုရွှမ်က ခေါင်းညိတ်ကာ မေးလိုက်၏။
“မင်းတို့ ဘယ်လိုလုပ်ပြီး ဒီအဖြစ်ဆိုးကနေ အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်လာခဲ့တာလဲ”
လင်းကျင်းယွီသည် ခေတ္တမျှ ကြက်သေသေသွားပြီးမှ ပြန်ဖြေလေသည်။
“အရှင့်မေးခွန်းကို ဖြေကြားရမယ်ဆိုရင်... မနေ့ညက ကျွန်တော် အိမ်မှာ အိပ်နေခဲ့တာကိုတော့ မှတ်မိပါတယ်။”
“ဒါပေမဲ့ ဒီမနက် နိုးလာတော့ ရှောင်ဖန်းရဲ့ဘေးက ထင်းရှူးပင်အောက်မှာ ရောက်နေတာကို တွေ့လိုက်ရတယ်။”
“ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် နည်းနည်းလေးမှ မသိပါဘူး။ ရှောင်ဖန်းက ကျွန်တော့်ကို နှိုးတယ်။”
“ ပြီးတော့ ကျွန်တော်တို့ ရွာကို ပြန်သွားတဲ့အခါ... အဲဒီ... အဲဒီ မြင်ကွင်းကြီးကို မြင်လိုက်ရပြီး သတိလစ်သွားခဲ့တာပါ”
တာအိုရွှမ်သည် မျက်မှောင်ကြုတ်သွားပြီး ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
“မင်းက သူ့ကို နှိုးခဲ့တာပေါ့။ မင်းရော ဘယ်လိုဖြစ်တာလဲ”
ကျန်းရှောင်ဖန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလေသည်။
“ကျွန်တော်လည်း အဲဒီကို ဘယ်လိုရောက်သွားလဲ မသိပါဘူး။ နိုးလာတော့ ဘေးမှာ ကျင်းယွီပဲ ရှိတာတွေ့လို့ သူ့ကို နှိုးလိုက်တာပါ”
တာအိုရွှမ်က အခြားခေါင်းဆောင်များကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေလေသည်။
အကယ်၍ တစ်စုံတစ်ယောက်က လာရောက်ကယ်တင်ခဲ့သည် ဆိုလျှင်ပင် အဘယ်ကြောင့် ဤကလေးနှစ်ဦးကိုသာ ကယ်တင်ခဲ့ရသနည်း။ ထိုသို့မဟုတ်လျှင်လည်း အခြားအဖြေမရှိတော့ပေ။
တာအိုရွှမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလေသည်။
“ဆိုလိုတာက မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းတို့ ဘာမှမသိဘူးပေါ့”
သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း ပြန်ဖြေကြလေသည်။
“ဟုတ်ပါတယ်”
တာအိုရွှမ်သည် သက်ပြင်းချလိုက်ပြီး ခေါ်လိုက်၏။
“စုန့်တာ့ရန်”
“တပည့်... ရှိပါတယ်”
အရပ်ရှည်ရှည်နှင့် တောင့်တင်းသော ချင်းယွင်ဂိုဏ်းသားတစ်ဦးက ပြန်ထူးလိုက်လေသည်။
သူသည် ထိုင်နေသော အရပ်ပုပုနှင့် ဝဝဖိုင့်ဖိုင့်လူတစ်ဦး၏ အနောက်တွင် ရပ်နေခြင်းဖြစ်သည်။ စုန့်တာ့ရန်မှာ ထိုသူ၏ တပည့်ဖြစ်ပုံရပေသည်။
တာအိုရွှမ်က ဆက်ပြောလိုက်၏။
“မင်းက မြက်ဘုရားကျောင်းရွာက အစုလိုက်အပြုံလိုက် အသတ်ခံရမှုကို အရင်ဆုံး တွေ့ခဲ့တဲ့သူပဲ။ အဲဒီနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြစမ်း”
စုန့်တာ့ရန်က လျှောက်တင်လေသည်။
“ဟုတ်ကဲ့ပါ။ ဒီမနက်မှာ တပည့်နဲ့ ဂိုဏ်းတူညီအစ်ကိုတချို့ ကိစ္စရပ်တချို့ကို ဖြေရှင်းပြီးလို့ ဂိုဏ်းကိုပြန်လာခဲ့ပါတယ်။”
“မြက်ဘုရားကျောင်းရွာအပေါ်ကနေ ဖြတ်အပျံမှာ တပည့်တို့ အမှတ်တမဲ့ အောက်ကိုငုံ့ကြည့်လိုက်တော့ ရွာထဲမှာ အလောင်းနှစ်ရာကျော် ပုံနေတာကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ခဲ့ရပါတယ်။”
“တပည့်တို့ အမြန်ဆင်းပြီး သွားရောက်စစ်ဆေးကြည့်ပေမဲ့ ဒီကလေးနှစ်ယောက်ကိုပဲ အရှင်လတ်လတ် တွေ့ခဲ့ရတယ်။”
“သူတို့ သတိလစ်နေတာကို တွေ့လို့ ဂိုဏ်းတူညီတစ်ယောက်ကို အရင်ခေါ်ပြန်လာခိုင်းလိုက်ပါတယ်။ နောက်ပိုင်းမှာ ရွာရဲ့ အိမ်သာထဲမှာတော့...”
သူ၏လက်က ထောင့်တစ်နေရာတွင် ကွေးကွေးလေးနေနေသော ဝမ်ဦးလေးကို ညွှန်ပြလိုက်ပြီး ဆက်ပြောလေသည်။
“...ဒီလူကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့မျက်လုံးတွေက အသက်မဲ့နေပြီး ကြောင်တောင်တောင်ဖြစ်နေတယ်။ တပည့် ဘယ်လိုပဲမေးမေး ဘာမှပြန်မဖြေဘဲ သရဲ... သရဲ... သရဲလို့ပဲ ဆက်တိုက် ရေရွတ်နေခဲ့ပါတယ်”
လင်းကျင်းယွီ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားပြီး မေးလိုက်၏။
“အစ်ကိုကြီး... လူအရေအတွက်ကို ရေတွက်ခဲ့လား”
စုန့်တာ့ရန်က ပြန်ဖြေလေသည်။
“မင်းတို့ရွာနဲ့ နေ့တိုင်း ထင်းအရောင်းအဝယ်လုပ်နေတဲ့ ဂိုဏ်းတူညီတစ်ယောက်ကို ငါ ခေါ်လာခဲ့တယ်။ သူက မင်းတို့ရွာက လူတွေနဲ့ တော်တော်လေး ရင်းနှီးတယ်။”
“သူက အတည်ပြုပေးပြီး ကျွန်တော်တို့ ရေတွက်ကြည့်တဲ့အခါ မြက်ဘုရားကျောင်းရွာက အိမ်ထောင်စု လေးဆယ့်နှစ်စု၊ စုစုပေါင်း လူနှစ်ရာလေးဆယ့်ခုနစ်ယောက်ထဲမှာ မင်းတို့ သုံးယောက်ကလွဲရင် အကုန်လုံး သေဆုံးသွားခဲ့ကြပြီ”
သူတို့၏ ရင်ထဲတွင် ကြိုတင်သိထားပြီးဖြစ်သော်လည်း စုန့်တာ့ရန်၏စကားကို ကြားလိုက်ရသောအခါ အမှန်တကယ် လက်ခံလိုက်ရတော့သည်။
လင်းကျင်းယွီနှင့် ကျန်းရှောင်ဖန်းတို့မှာ မည်သို့မျှ တောင့်ခံမထားနိုင်တော့ဘဲ မျက်လုံးများ ပြာဝေကာ ထပ်မံ၍ သတိလစ်မတတ် ဖြစ်သွားကြလေသည်။
အခန်း(၆) ထင်မှတ်မထားသောအပြောင်းအလဲ (၃)
တာအိုရွှမ်က သက်ပြင်းဖွဖွချလိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်ပုလဲတစ်လုံးသည် သူ၏လက်မှ ပြေးထွက်လာပြီး ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့၏ ရှေ့သို့ ရောက်လာကာ သူတို့၏ နဖူးထက်တွင် လူးလှိမ့်သွားလေသည်။
ထိုအခါ ရုတ်တရက် အေးမြသောလေလှိုင်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
မူလက တင်းမာနေသော သူတို့၏စိတ်များနှင့် အာရုံကြောများမှာ ပြေလျော့သွားသကဲ့သို့ ဖြစ်သွားပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်လာကာ မနေနိုင်တော့ဘဲ အိပ်ပျော်သွားကြလေတော့သည်။
တာအိုရွှမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ မတ်တပ်ရပ်နေသော တပည့်များက အရိုအသေပေးပြီးနောက် ခန်းမအတွင်းမှ ထွက်ခွာသွားကြလေသည်။ ခန်းမအတွင်း၌ လူခြောက်ဦးသာ ကျန်ရစ်တော့သည်။
ထိုအချိန်တွင် အရပ်ပုပု၊ ဝဝဖိုင့်ဖိုင့်လူက စကားစလိုက်လေသည်။
“ဂိုဏ်းတူအစ်ကို... သူတို့ကို ယာယီ တည်ငြိမ်သွားအောင် ‘စိတ်ငြိမ်ပုလဲ’ ကို အသုံးပြုလိုက်ပေမဲ့ သူတို့ နိုးလာတဲ့အခါ ဘာဆက်လုပ်ကြမလဲ”
တာအိုရွှမ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဘယ်ဘက်တွင် ထိုင်နေသော တာအိုဆရာဘက်သို့ လှည့်ကာ မေးလိုက်၏။
“ဂိုဏ်းတူညီချန်းစုန့်... မင်း ဘယ်လိုထင်လဲ”
ချန်းစုန့်မှာ အရပ်ရှည်ရှည်နှင့် တည်ကြည်လေးနက်သော သူတစ်ဦးဖြစ်ပြီး ချင်းယွင်ဂိုဏ်း၏ ‘လုံရှို့တောင်ထိပ်’ ကို အုပ်ချုပ်ရသူ ဖြစ်ပေသည်။
ချင်းယွင်ဂိုဏ်းတွင် ဂိုဏ်းချုပ်တာအိုရွှမ်၏ အဓိကတောင်ထိပ်မှလွဲ၍ သူ၏တောင်ထိပ်မှာ အင်အားအကြီးဆုံး ဖြစ်လေသည်။
ချန်းစုန့်သည် တင်းကျပ်ပြတ်သားသူဖြစ်ပြီး သူ၏ကိုယ်ပိုင်တပည့်များကို စီမံအုပ်ချုပ်သည့်အပြင် ချင်းယွင်ဂိုဏ်း၏ ပြစ်ဒဏ်ပေးခြင်းကိစ္စများကိုပါ တာဝန်ယူထားရပေသည်။
ချင်းယွင်ဂိုဏ်းသားများသည် ဂိုဏ်းချုပ်တာအိုရွှမ်ကို ရိုသေလေးစားကြသော်လည်း အကြောက်ရဆုံးသူမှာမူ ချန်းစုန့်ပင် ဖြစ်ပေသည်။
ချန်းစုန့်၏ မျက်မှောင်များ တွန့်ချိုးသွားပြီး အချိန်အတော်ကြာမှ သူက ဆိုလေသည်။
“ဒီအထဲမှာ ထူးဆန်းတဲ့ကိစ္စတွေ အများကြီးပါဝင်နေတော့ ဒီကိစ္စကို အချိန်တိုအတွင်း ရှင်းလင်းနိုင်မယ်မထင်ဘူး။”
“ဘာပဲဖြစ်ဖြစ် မြက်ဘုရားကျောင်းရွာက ရွာသားတွေဟာ ကျွန်တော်တို့အနီးမှာ နေထိုင်ခဲ့ကြတာဆိုတော့ သူတို့ကို လျစ်လျူရှုထားလို့ မရဘူး။ ကျွန်တော်ကတော့ သူတို့ကို တပည့်အဖြစ် လက်ခံသင့်တယ်လို့ ထင်တယ်”
တာအိုရွှမ်က ခေါင်းညိတ်ကာ ဆိုလေသည်။
“ဟုတ်ပါပြီ... ငါလည်း အဲဒီလိုပဲ တွေးမိပါတယ်။ ကလေးနှစ်ယောက်က အပြင်မှာဆို အထီးကျန်နေလိမ့်မယ်။ ငါတို့က သူတို့ကို စောင့်ရှောက်ပေးရမှာပဲ။”
“ငါက တပည့်လက်မခံတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ဘယ်သူက ငါ့ကိုယ်စား သူတို့ကို တပည့်အဖြစ် လက်ခံပေးနိုင်မလဲ”
ထိုအချိန်တွင် ချင်းယွင်ဂိုဏ်း ‘တာ့ကျူးတောင်ထိပ်’ ၏ သခင်ဖြစ်သော အရပ်ပုပု၊ ဝဝဖိုင့်ဖိုင့်လူ ထျန်းပုယီက ဝင်ပြောလိုက်၏။
“ဂိုဏ်းတူအစ်ကို... ကျွန်တော် တွေးမိသလောက်ဆိုရင်တော့ သူတို့နှစ်ယောက်ကို တောင်ထိပ်တစ်ခုတည်းမှာ အတူမထားတာ အကောင်းဆုံးပဲ။”
“သူတို့ အတူတူနေပြီး တစ်ယောက်ကိုတစ်ယောက် အမြဲမြင်နေရရင် အတိတ်ကို ပြန်သတိရနေလိမ့်မယ်။”
“သူတို့ရဲ့ ဝမ်းနည်းမှုတွေက ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်သလို သူတို့ရဲ့အနာဂတ်အတွက်လည်း ကောင်းမှာမဟုတ်ဘူး”
တာအိုရွှမ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလေသည်။
“ညီထျန်း ပြောတာ မှန်တယ်။ သူတို့က ငယ်ရွယ်သေးပေမဲ့ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ။”
“သူတို့ရဲ့ ရင်ထဲက နာကြည်းမှုတွေကို ငါတို့က ဖြေဖျောက်ပေးရမှာဆိုတော့ သူတို့ကို နေရာတစ်ခုတည်းမှာ အတူတူ ပေးမနေသင့်ဘူး။ ဒါဆို သူတို့ကို တပည့်အဖြစ် လက်ခံဖို့ ဂိုဏ်းတူညီ နှစ်ယောက် လိုအပ်တယ်ပေါ့”
ထို့နောက် သူက အခြားသူများဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ချန်းစုန့်၊ ထျန်းပုယီနှင့် ကျန်ခေါင်းဆောင်ငါးဦးစလုံးသည် တစ်ပြိုင်နက်တည်းနီးပါး လင်းကျင်းယွီထံသို့ အကြည့်များ ရောက်သွားကြလေသည်။ မည်သူကမျှ ကျန်းရှောင်ဖန်းကို ဂရုမစိုက်ကြချေ။
ကျင့်ကြံခြင်းနယ်ပယ်တွင် အရည်အသွေးဆိုသည်မှာ အလွန်အရေးပါလှပေသည်။ မွေးရာပါ ပါရမီထူးချွန်ခြင်းက နှစ်ရာပေါင်းများစွာ ကျင့်ကြံခြင်းထက် ပိုမိုကောင်းမွန်လေသည်။
ချင်းယွင်ဂိုဏ်း ပြိုလဲလုနီးပါး ဖြစ်ခဲ့သည့်ချိန်က ငယ်ရွယ်သော်လည်း ပါရမီထူးချွန်ကာ ရှေးဟောင်းကျမ်းစာများကို နားလည်သဘောပေါက်သည့် အရှင်ချင်းရဲ့အပေါ်သာ မှီခိုခဲ့ရပေသည်။
သူ၏ပါရမီမှာ ဘိုးဘေးများ၏ ပါရမီထက် များစွာ သာလွန်ပေသည်။ ချင်းယွင်ဂိုဏ်း၏ သာမန်အဖွဲ့ဝင်လေးတစ်ဦးဘဝမှနေ၍ လမ်းမှန်ဂိုဏ်းများ၏ ခေါင်းဆောင်တစ်ဦးအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ပါရမီထူးချွန်သည့်အပြင် ဆရာကောင်းတစ်ဦးကို ရှာဖွေရန် သေချာပေါက် ခဲယဉ်းလှပေသည်။ သို့သော် ထူးချွန်သော အရည်အသွေးရှိသည့် တပည့်များမှာလည်း ရှားပါးလှပေသည်။
လင်းကျင်းယွီ၏ ပါရမီမှာ အခြားသူများထက် များစွာသာလွန်နေသဖြင့် ချင်းယွင်ဂိုဏ်း၏ ခေါင်းဆောင်များမှာ သဘာဝကျစွာပင် သူ၏ထံသို့ ဆွဲဆောင်ခံလိုက်ရလေသည်။
ခေတ္တအကြာတွင် ထျန်းပုယီက ချောင်းဟန့်ကာ ဆိုလေသည်။
“ဟီးဟီး... ဂိုဏ်းတူအစ်ကို... ကျွန်တော့်ရဲ့ တာ့ကျူးတောင်ထိပ်မှာ အမြဲတမ်း လူနည်းတယ်ဆိုတာ အစ်ကိုလည်း သိတာပဲလေ။ ကျွန်တော် အစ်ကို့ကို ကူညီတဲ့အနေနဲ့ တစ်ယောက်ကို တပည့်အဖြစ် လက်ခံပေးပါ့မယ်”
သူက လင်းကျင်းယွီအား လက်ညှိုးထိုးပြရန် ပြင်လိုက်စဉ် ‘ချောင်ယန်တောင်ထိပ်’ ၏ သခင်ဖြစ်သော ရှန်ကျန်းလျန်က မတ်တပ်ရပ်ကာ ထျန်းပုယီ၏ရှေ့မှ ဝင်ပိတ်ရပ်လိုက်ပြီး တာအိုရွှမ်အား လျှောက်တင်လေသည်။
“ဂိုဏ်းတူအစ်ကို... ဒီနေ့ ဒီကလေးကို မြင်လိုက်ရတော့ ကျွန်တော်တို့ကြားမှာ ရေစက်တစ်ခု ရှိနေတယ်လို့ ထင်မိတယ်။”
“ဒါဟာ ကံတရားပဲ ဖြစ်ရမယ်။ သူ့ကို ကျွန်တော့်တောင်ထိပ်မှာ ပညာသင်ခွင့်ပြုရင် ဘယ်လိုလဲ”
တောင်ထိပ်တစ်ခုစီသည် အပြင်ပန်းတွင် အချင်းချင်း သိမ်မွေ့စွာ ဆက်ဆံကြသော်လည်း အတွင်းတွင် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပေသည်။
လင်းကျင်းယွီမှာ ထူးခြားသော အရည်အသွေးရှိသည်ကို မြင်တွေ့ရသောအခါ သူသည် နောက်ထပ် အရှင်ချင်းရဲ့များ ဖြစ်လာမည်လားဟု မည်သူက သိနိုင်မည်နည်း။
အရည်အချင်းညံ့ဖျင်းသော တပည့်တစ်ဦးကို လက်ခံရမည်ဆိုလျှင်တောင် သာမန်တပည့်တစ်ဦးမျှသာ ဖြစ်စေကာမူ အခြားတောင်ထိပ်များအား အခွင့်အရေးပေးလေ့ မရှိကြချေ။
တာအိုရွှမ်၏ ရာထူးနှင့် အစွမ်းကြောင့် မည်သူကမျှ သူ့ကို ယှဉ်ပြိုင်ဝံ့မည် မဟုတ်သော်လည်း ယခုအခါ တာအိုရွှမ်ကိုယ်တိုင်က တပည့်လက်မခံဟု ဆိုထားရာ မည်သူက ဤကဲ့သို့သော ရွှေရောင်အခွင့်အရေးကြီးကို လက်လွတ်ခံမည်နည်း။
ရှန်ကျန်းလျန် စကားပြောအပြီးတွင် ‘လော့ရှာတောင်ထိပ် ၏ သခင်ဖြစ်သော ထျန်းယွင်က ဝင်ပြောလိုက်၏။
“ဂိုဏ်းတူအစ်ကိုရှန်... အစ်ကို့တောင်ထွတ်မှာ တပည့်ပေါင်း နှစ်ရာကျော်တောင် ရှိနေတာပဲ။ သူတို့အားလုံးက အစ်ကိုနဲ့ ဖူးစာရေစက်ပါလို့ဆိုရင် အစ်ကို့မှာ ဖူးစာရေစက်တွေ အရမ်းများမနေဘူးလား”
ရှန်ကျန်းလျန်မှာ မျက်နှာနီမြန်းသွားပြီး ပြန်လည်ချေပရန် ပြင်လိုက်စဉ် ထျန်းပုယီက ဖြတ်ပြောလိုက်လေသည်။
“ဂိုဏ်းတူအစ်ကိုထျန်းယွင် ပြောတာ မှန်တယ်။ တပည့်အရေအတွက်ကို ပြောရမယ်ဆိုရင် အစ်ကိုတို့အားလုံးမှာ ရာဂဏန်းထက်မက ရှိကြတာချည်းပဲ။”
“ကျွန်တော့်ရဲ့ တာ့ကျူးတောင်ထိပ်မှာက လူခုနစ်ယောက်ပဲ ရှိတာဆိုတော့ ဘယ်လိုလဲ...”
ချန်းစုန့်က ကြားဖြတ်၍ ဆိုလိုက်၏။
“ဂိုဏ်းတူညီထျန်း... ကလေးနှစ်ယောက်ရဲ့ ဘဝက သိပ်ကိုသနားစရာကောင်းပါတယ်။ ကျွန်တော်တို့က လူဦးရေအရေအတွက်ကို အာရုံစိုက်နေမယ့်အစား သူတို့ကို အကောင်းဆုံး စောင့်ရှောက်ပေးသင့်တယ်”
ထို့နောက် တာအိုရွှမ်ဘက်သို့ လှည့်ကာ အရိုအသေပေးလိုက်ပြီး ဆက်ပြောလေသည်။
“ဂိုဏ်းတူအစ်ကို... ဒီကလေးက တကယ်ကို အရည်အသွေးကောင်းမွန်ပါတယ်။ သူ့ကို ကျွန်တော့်တောင်ထွတ်အောက်မှာ တပည့်အဖြစ် လက်ခံခွင့်ပြုပါ။”
“မြက်ဘုရားကျောင်းရွာက ဝိညာဉ်တွေကို နှစ်သိမ့်မှုပေးနိုင်ဖို့ သူ့ကို ကျွန်တော် သေသေချာချာ သင်ကြားပေးပါ့မယ်”
တာအိုရွှမ်သည် ခေတ္တမျှ စဉ်းစားနေလိုက်ရာ ထျန်းပုယီ၊ ရှန်ကျန်းလျန်နှင့် အခြားသူများ၏ ရင်ထဲတွင် ‘မကောင်းတော့ဘူး’ ဟု အော်ဟစ်လိုက်မိကြ၏။ မျှော်လင့်ထားသည့်အတိုင်းပင် ခေတ္တအကြာတွင် တာအိုရွှမ်က ပြန်ဖြေလိုက်လေသည်။
“ဂိုဏ်းတူညီချန်းစုန့် ပြောတာ မှန်ပါတယ်။ သူ့ကို မင်းရဲ့လက်အောက်မှာ တပည့်အဖြစ် လက်ခံလိုက်ပါ”
ချန်းစုန့်က ပြုံးကာ ဆိုလေသည်။
“ကျေးဇူးတင်ပါတယ်... ဂိုဏ်းတူအစ်ကို”
ချန်းစုန့်ကို အချိန်ကြာမြင့်စွာ သိကျွမ်းလာခဲ့သူများ၏ အမြင်တွင် ချန်းစုန့်သည် ပုံမှန်အားဖြင့် ပြုံးလေ့မရှိသူ ဖြစ်ပေသည်။ ယနေ့ သူ၏အပြုံးက သူ၏ရင်ထဲတွင် အလွန်ပျော်ရွှင်နေကြောင်း ဖော်ပြနေလေသည်။
ယခုအခါ တာအိုရွှမ်ကိုယ်တိုင်က ခွင့်ပြုလိုက်ပြီဖြစ်သလို ချန်းစုန့်၏ လုံရှို့တောင်ထိပ်မှာလည်း အလွန်အင်အားကြီးမားလှသဖြင့် ကျန်သူများမှာ သူတို့၏ မကျေနပ်ချက်များကို မြိုသိပ်ထားလိုက်ရုံသာ တတ်နိုင်ကြတော့သည်။
တာအိုရွှမ်က ခေတ္တရပ်သွားပြီးမှ ဆက်ပြောလေသည်။
“ကဲ... နောက်တစ်ယောက်ကိုတော့...”
ရှန်ကျန်းလျန်သည် ချောင်းဟန့်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။
ထျန်းယွင်မှာမူ ခန်းမ၏ မျက်နှာကြက်ကို စိုက်ကြည့်ကာ အမိုးပေါ်ရှိ ပုံစံများကို ရုတ်တရက် အလွန်စိတ်ဝင်စားနေဟန် ပြနေလေသည်။
ထျန်းပုယီကတော့ ဟီးဟီးဟု အသံလုပ်ရယ်မောလိုက်ပြီးနောက် ရုတ်တရက် အိပ်ပျော်သွားဟန်ဆောင်နေတော့သည်။
အစကတည်းက စကားတစ်ခွန်းမျှ ပြောခွင့်မရခဲ့သော ဖုန့်ဟွေ့တောင်ထိပ်သခင် ကျန်းရှူချန်မှာမူ တရားထိုင်နေပြီး အစကတည်းက မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့သည့်အလား နေနေလေသည်။
အနိုင်ရသွားသော ချန်းစုန့်တစ်ဦးတည်းသာ သူတို့ကို အေးစက်စွာ ကြည့်နေသော်လည်း သူ၏မျက်လုံးများထဲတွင်မူ အပြုံးများ ရှိနေလေသည်။
တာအိုရွှမ်မှာ အနည်းငယ် အနေခက်သွားသော်လည်း “ဒါဖြင့် အရည်အသွေးညံ့တဲ့သူကိုကျတော့ မင်းတို့က ဂရုမစိုက်ဘူးပေါ့” ဟုတော့ ထုတ်ပြောမည်မဟုတ်ပေ။
သူ၏စိတ်ထဲတွင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် ဓားစာခံတစ်ဦးကို ရှာတွေ့သွားလေသည်။
“ဂိုဏ်းတူညီထျန်း”
တာအိုရွှမ်က ပြုံးကာ ခေါ်လိုက်၏။
ထျန်းပုယီ၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး ချက်ချင်း မတ်တပ်ရပ်ကာ စကားပြောရန် ပြင်လိုက်သော်လည်း တာအိုရွှမ်က ဖြတ်ပြောလိုက်လေသည်။
“မြက်ဘုရားကျောင်းရွာက လူသတ်မှုကို မင်းရဲ့တပည့် စုန့်တာ့ရန်က အရင်ဆုံး တွေ့ရှိခဲ့တာဆိုတော့ ဒီကလေးနဲ့ မင်းရဲ့ တာ့ကျူးတောင်ထိပ်က အတော်လေး ရေစက်ပါပုံရတယ်။”
“ ဟဲဟဲ... သူ့ကို မင်းရဲ့လက်အောက်မှာပဲ တပည့်အဖြစ် လက်ခံလိုက်ပါ”
ထျန်းပုယီမှာ အလွန်စိုးရိမ်ပူပန်သွားလေသည်။ ကျန်းရှောင်ဖန်း၏ ပါရမီမှာ သာမန်မျှသာဖြစ်ကြောင်းကို လူတိုင်း မြင်နိုင်ပေသည်။
ထို့ကြောင့် သူ့ကို တပည့်အဖြစ် လက်ခံရခြင်းမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာ ဖြစ်သဖြင့် ထျန်းပုယီအနေဖြင့် သေချာပေါက် သဘောမကျပေ။
သူက စကားပြောရန် ပြင်လိုက်သော်လည်း တာအိုရွှမ်က မည်သို့ အခွင့်အရေးပေးမည်နည်း။
“ကဲ... ဒါပဲ ကိစ္စပြတ်ပြီ။ ဂိုဏ်းတူညီတို့... မင်းတို့အားလုံး လူသတ်မှုကို စုံစမ်းစစ်ဆေးဖို့ အာရုံစိုက်ကြရမယ်... နားလည်လား” ဟုဆိုကာ အဆုံးသတ်လိုက်လေသည်။
ချန်းစုန့်နှင့် အခြားသူများက မတ်တပ်ရပ်ကာ ပြန်ဖြေကြလေသည်။
“ဟုတ်ကဲ့ပါ”
တာအိုရွှမ်သည် ခေါင်းညိတ်လိုက်ပြီး ချောင်းအကြိမ်အနည်းငယ်ဟန့်ကာ ထျန်းပုယီကို လှည့်မကြည့်တော့ဘဲ အနောက်ဆောင်သို့ အမြန်လျှောက်သွားလေသည်။
သူ၏အရိပ် ခန်းမထဲမှ ပျောက်ကွယ်သွားပြီးနောက် ချင်းယွင်ဂိုဏ်း ယွီချင်းခန်းမအတွင်း၌ ရုတ်တရက် ရယ်မောသံများ ထွက်ပေါ်လာတော့သည်။
တာ့ကျူးတောင်ထိပ်၏တပည့် စုန့်တာ့ရန်မှာ ယွီချင်းခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့လေသည်။ နောက်ဆုံးတွင် တော်ထိပ်သခင်များအားလုံး ထွက်လာကြသောအခါ သူက သူတို့ဆီသို့ ပြေးသွားလိုက်၏။
ထျန်းပုယီက ကျန်းရှောင်ဖန်းကို ချီလာသည်ကို မြင်သောအခါ မနေနိုင်ဘဲ ခေတ္တမျှ အံ့အားသင့်သွားပြီး မေးလိုက်လေသည်။
“ဆရာ... ဘာဖြစ်ခဲ့လို့လဲ”
ထျန်းပုယီသည် သူ့ကို မြင်လိုက်ရသောအခါ ရင်ထဲမှ ဒေါသများ ပေါက်ကွဲထွက်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဘာ... ဘာဖြစ်ခဲ့လို့လဲ ဟုတ်လား။ မင်းက ငတုံးလား။ မြန်မြန် လာမချီသေးဘဲ ဘာလုပ်နေတာလဲ”
စုန့်တာ့ရန်သည် အိပ်မောကျနေဆဲဖြစ်သော ကျန်းရှောင်ဖန်းကို အမြန်လှမ်းယူလိုက်ရ၏။
ထျန်းပုယီမှာ ဒေါသထွက်နေဆဲဖြစ်ပြီး ရယ်မောနေကြသော ရှန်ကျန်းလျန်၊ ထျန်းယွင်နှင့် အခြားသူများကို မြင်လိုက်ရသောအခါ သူ၏ရင်ထဲတွင် ဒေါသများ ပိုမိုပြင်းထန်လာကာ စုန့်တာ့ရန်အား အော်ဟစ်လိုက်ပြန်သည်။
“လာလေ... ဘာကို ကြောင်ကြည့်နေတာလဲ”
ပြောပြီးသည်နှင့် အခြားသူများကို လျစ်လျူရှုကာ သူ၏ ညာဘက်လက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်၏။
အနီရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး အနီရောင်ဓားတစ်လက်က သူ၏လက်ထဲသို့ ရောက်ရှိလာလေသည်။
ထို့နောက် ဓားပေါ်သို့ ခုန်တက်ကာ လေထုကို ခွင်း၍ ထွက်ခွာသွားတော့သည်။
စုန့်တာ့ရန်သည် ခေတ္တမျှ တွေဝေသွားသော်လည်း အနည်းဆုံးတော့ သူ့တွင် ဂိုဏ်းတူညီတစ်ယောက် တိုးလာပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
သူသည် သူ၏လက်မောင်းထဲရှိ ကျန်းရှောင်ဖန်းကို ကြည့်ကာ ဆိုလိုက်၏။
“ဂိုဏ်းတူညီလေး... ငါ မင်းရဲ့နာမည်တောင် မသိသေးဘူးပဲ”
အိပ်မောကျနေဆဲဖြစ်သော ကျန်းရှောင်ဖန်းသည် သူ၏ကံကြမ္မာမှာ ကြီးမားသောအလှည့်အပြောင်းတစ်ခုဆီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းကို လုံးဝ မသိရှာပေ။