အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉) နေ့စဥ်တာဝန် (၁)
တူပိရှုမှာ ငယ်ရွယ်ပုံရပြီး ပိန်ပါးကာ မျက်နှာချွန်၍ မျက်လုံးကြီး၏။ ကြည့်ရသည်မှာ ခိုးကြောင်ခိုးဝှက်နှင့် ထက်မြက်ပုံရသည်။ သူသည် ထိုင်လိုက်ပြီး ကျန်းရှောင်ဖန်းကို ကြည့်ကာ ပြုံးလိုက်၏။
“ညီငယ်လေး၊ မင်း နာမည် ဘယ်လိုခေါ်လဲ”
ကျန်းရှောင်ဖန်းက ရိုးသားစွာ ဖြေလိုက်သည်။
“ကျန်းရှောင်ဖန်းပါ”
တူပိရှုက ခေါင်းညိတ်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ ဆို၏။
“ငါက မင်းရဲ့ ဆဋ္ဌမစီနီယာ တူပိရှုပဲ”
ကျန်းရှောင်ဖန်းက ရိုသေစွာ နှုတ်ဆက်လိုက်သည်။
“ဆဋ္ဌမစီနီယာ”
တူပိရှုက ချောင်းဟန့်လိုက်ပြီး သူ၏ပခုံးကို ပုတ်ကာ ပြုံးလိုက်၏။
“ခဏနေရင် မင်းစီနီယာရဲ့့ လက်ရာကို မြည်းစမ်းကြည့်ရမယ်...”
စားပွဲပေါ်ရှိ ဟင်းလျာများကို မြင်လိုက်ရသောအခါ ကျန်းရှောင်ဖန်းမှာ မအောင့်နိုင်ဘဲ တံတွေးမြိုချလိုက်မိပြီး ခေါင်းညိတ်လိုက်လေသည်။
တူပိရှုက ရုတ်တရက် ပြုံးလိုက်ပြီး ခန်းမအဝင်ဝကို လက်ညှိုးထိုးပြကာ ဆို၏။
“ညီငယ်လေး၊ ခဏနေရင် ဆရာ၊ ဆရာကတော်နဲ့ ညီမလေး ရောက်လာလိမ့်မယ်၊ ငါတို့ လောင်းကြေးထပ်ကြမလား”
ကျန်းရှောင်ဖန်း ကြောင်အသွားစဉ် အခြားတပည့်များက ပြုံးလျက် လှည့်ကြည့်လာကြသည်။ တူပိရှု၏ တစ်ဖက်တွင် ထိုင်နေသော ပဉ္စမတပည့် လွီတာ့ရှင်းက ရယ်မောလိုက်၏။
“ဟေ့ နံပါတ် ၆ ၊ မင်းရဲ့ လောင်းကစားပိုးက ပြန်ထလာပြီလား”
စတုတ္ထတပည့် ဟော်တာ့ကျစ်က ဆိုသည်။
“သူ နိုင်တာ ကြာလှပြီဆိုတော့ အခု ကလေးကို လာလှည့်စားနေတာလား”
“သွားစမ်းပါ”
တူပိရှုက လက်ဝှေ့ယမ်းကာ တခြားသူများကို ဂရုမစိုက်ဘဲ ကျန်းရှောင်ဖန်းကို ပြုံးပြရင်း ပြောလိုက်သည်။
“ညီငယ်လေး၊ ဆရာ့မိသားစုထဲက ဘယ်သူ အရင်ဆုံး ဝင်လာမယ်လို့ မင်း ထင်လဲ၊ ကဲ၊ မင်းက လူသစ်ဆိုတော့ မင်းကို အရင်ဆုံး ခန့်မှန်းခွင့်ပေးမယ်၊ ဒါမှ ဆဋ္ဌမစီနီယာက မင်းကို အနိုင်ကျင့်တယ်လို့ မပြောနိုင်မှာ”
အဝေးဆုံးတွင် ထိုင်နေသော ဒုတိယတပည့် ဝူတာယီက ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ညီငယ်လေး၊ ဒါက လောင်းကစားနော်၊ အရင်ဆုံး ရှုံးရင် ဘာဖြစ်မယ်၊ နိုင်ရင် ဘာရမယ်ဆိုတာကို မေးလိုက်ဦး”
တူပိရှုက နှာမှုတ်ကာ ဆို၏။
“ဘာလဲ၊ ငါ လိမ်မယ်လို့ ထင်နေတာလား၊ ငါ တုပိရှုက တစ်လောကလုံးကို လှည့်လည်သွားလာနေတာ၊ ငါ အားကိုးတာက တစ်လောကလုံးမှာ နာမည်ကြီးတဲ့ ငါ့ရဲ့ လောင်းကစားသမား ကျင့်ဝတ်ပဲ”
လူတိုင်းကမူ “ဒါပေမဲ့ မင်း တစ်ခါမှ မနိုင်ဖူးဘူးလေ” ဟု ဆိုကာ ရယ်မောကြ၏
“ညီငယ်လေး၊ မင်း ခန့်မှန်းတာ မှန်ရင် မင်းအတွက် ဝါးတွေကို ငါ ဆယ်ရက်တိုင်တိုင် ကူခုတ်ပေးမယ်”
“တကယ်လို့ မင်းရှုံးရင်တော့ ငါ့အတွက် ပန်းကန်တွေကို ဆယ်ရက်တိုင်တိုင် ကူဆေးပေးရမယ်၊ ဘယ်လိုလဲ”
လူတိုင်း ရယ်မောနေကြပြီး စုန့်တာရန်က “အရှက့်မဲ့လိုက်တာ” ဟု ဆိုကာ ကဲ့ရဲ့လိုက်၏။
ကျန်းရှောင်ဖန်းသည် စီနီယာများအားလုံး ပြုံးရွှင်ကာ ရင်းနှီးဖော်ရွေနေကြသည်ကို မြင်ရပြီး သူ့ကို လူစိမ်းတစ်ယောက်ကဲ့သို့ သဘောမထားကြသဖြင့် စိတ်ထဲတွင် နွေးထွေးသွားကာ ပြောလိုက်သည်။
“သဘောတူပါတယ်”
တူပိရှုက သူ၏ပေါင်ကို ရိုက်လိုက်ပြီး ရုတ်တရက် အားအင်များ ပြည့်ဝသွားဟန်ဖြင့် ဆို၏။
“ညီငယ်လေး၊ ပြောစမ်းပါဦး၊ ဆရာ၊ ဆရာကတော်နဲ့ ညီမလေး၊ ဘယ်သူ အရင်ဝင်လာမလဲ”
လူတိုင်း၏ မျက်လုံးများက ကျန်းရှောင်ဖန်းထံသို့ ကျရောက်လာသည်။ ကျန်းရှောင်ဖန်း ခေတ္တ စဉ်းစားလိုက်၏။
ချင်းယွင်ဂိုဏ်းတွင် ဆရာကို အမြဲတမ်း အလေးအမြတ်ထားကြရာ ထျန်းပုယီသည် ဆရာတစ်ဦးအနေဖြင့် အရင်ဆုံး ဝင်လာသင့်သည်ဟု ယူဆကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“ကျွန်တော် ခန့်မှန်းတာကတော့ ဆရာ အရင်ဆုံး ဝင်လာလိမ့်မယ်”
လူတိုင်း ရယ်မောကြပြီး လွီတာ့ရှင်းက ခေါင်းခါလိုက်၏။
“ဒီနေ့ နံပါတ် ၆ ရဲ့ လှည့်ကွက်ထဲကို တစ်ယောက်ယောက်က တကယ်ပဲ ရောက်သွားပြီလို့ မယုံနိုင်စရာပဲ”
တူပိရှုက အလွန် ပျော်ရွှင်သွားပြီး ကျန်းရှောင်ဖန်းကို ကြည့်ကာ ဆို၏။
“ညီငယ်လေး၊ တကယ်တော့ ညီမလေးက အမြဲတမ်း အရင်ဆုံး ပြေးဝင်လာတတ်တာကွ၊ ဟားဟား၊ မင်း ငါ့ကို ပန်းကန်ဆေးကူဖို့ ပြင်ထားပေတော့”
ကျန်းရှောင်ဖန်းက သူ၏ခေါင်းကို ပွတ်ကာ မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီး ခေါင်းညိတ်ပြ၏။
“ဟုတ်ကဲ့ပါ၊ ဆဋ္ဌမစီနီယာ”
တတိယတပည့် ကျန့်တာ့လီက ရယ်မောကာ မေးလိုက်သည်။
“နံပါတ် ၆ မင်း တကယ် ပြောနေတာလား”
တူပိရှုက မျက်လုံးလှန်ကာ ဆိုလိုက်သည်။
“ဘာတွေ ပြောနေတာလဲ နံပါတ်သုံး ငါ သူ့ကို အတင်းမလောင်းခိုင်းပါဘူး၊ ငါတို့အားလုံးက ရှုံးရတာကို ပျော်နေကြတာ မဟုတ်လား ညီငယ်လေး”
ကျန်းရှောင်ဖန်း ခေါင်းညိတ်လိုက်စဉ် ရုတ်တရက် စုန့်တာရန်က ပြောလိုက်၏။
“ဆရာ လာပြီ”
လူတိုင်း ချက်ချင်းပင် အမူအရာကို ပြုပြင်ကာ မတ်တပ်ရပ်၍ တံခါးဘက်သို့ မျက်နှာမူကာ ဆရာ့ကို ကြိုဆိုရန် ပြင်လိုက်ကြသည်။
ခေတ္တအကြာတွင် ထျန်းပုယီ၏ ဝဖြိုးသော ကိုယ်လုံးမှာ အဝင်ဝတွင် ပေါ်လာ၏။ သူ၏နောက်တွင်မူ... ...
ဘယ်သူမှ မရှိပေ။
သူ တစ်ယောက်တည်း ရောက်လာခြင်း ဖြစ်သည်။
လူတိုင်း ဆွံ့အသွားကြပြီး တူပိရှုက မအောင့်နိုင်ဘဲ ချက်ချင်း မေးလိုက်မိသည်။
“ဆရာ၊ ဆရာကတော်နဲ့ ညီမလေးကော”
ထျန်းပုယီက သူ့ကို စိုက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်၏။
“ဆရာကတော်က ညီမလေးကို ခေါ်ပြီး သူ့အိမ်ကို ပြန်သွားတယ်”
အားလုံး ဆွံ့အသွားကြသော်လည်း ခေတ္တအကြာတွင် မအောင့်နိုင်ဘဲ ရယ်မောလိုက်ကြလေသည်။
ထျန်းပုယီ ဝင်လာသည်ကို ကြည့်ရင်း ကျန်းရှောင်ဖန်းမှာလည်း အားနာလှသဖြင့် ရယ်ချင်သော်လည်း မရယ်ရဲဘဲ ဖြစ်နေကာ တူပိဆူးမှာမူ ကြောင်အမ်းအမ်းဖြင့် စကားမပြောနိုင် ဖြစ်သွားလေတော့သည်။
ထျန်းပုယီသည် သူ၏ ကုလားထိုင်ကြီးတွင် ထိုင်လိုက်ပြီး လက်ဝှေ့ယမ်းကာ ဆို၏။
“စားကြစို့”
တပည့်အားလုံး ထိုင်လိုက်ကြပြီး လူတိုင်းက တူပိရှုကို ပြုံးစစဖြင့် ကြည့်နေကြသည်။ ထျန်းပုယီက ကျန်းရှောင်ဖန်းကို ကြည့်ကာ စုန့်တာရန်၏ဘက်သို့ လှည့်လိုက်၏။
“သူ့ကို ငါတို့ဂိုဏ်းရဲ့ စည်းကမ်းတွေနဲ့ အဆုံးအမတွေကို ပြောပြပြီးပြီလား”
စုန့်တာရန်က ခေါင်းညိတ်ပြသည်။
“ဟုတ်ကဲ့၊ ညီငယ်လေးကို စည်းကမ်း ဆယ့်နှစ်ချက်နဲ့ အဆုံးအမ အချက်နှစ်ဆယ်ကို ပြောပြပြီးပါပြီ”
“တာအိုကျင့်စဉ် အခြေခံပိုင်းနဲ့ ပတ်သက်လို့တော့ ညီငယ်လေးက ဒီနေ့ ပထမဆုံးနေ့ဆိုတော့ ပင်ပန်းနေမှာ စိုးလို့ မနက်ဖြန်ကျမှ သင်ပေးဖို့ စိတ်ကူးထားပါတယ်”
ထျန်းပုယီက သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြပြီး ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ခေါ်လိုက်သည်။
“နံပါတ်၇”
ကျန်းရှောင်ဖန်း ချက်ချင်း သတိမပြုမိသဖြင့် တူပိရှုက သူ့ကို တွန်းပေးလိုက်မှ ဆရာက သူ့ကို ခေါ်နေသည်ကို သတိရကာ အလျင်အမြန် မတ်တပ်ရပ်၍ ထူးလိုက်သည်။
“တပည့် ရှိပါတယ်”
ထျန်းပုယီက ခေါင်းခါလိုက်ပြီး ထိုသို့ တုံ့ပြန်မှု နှေးကွေးသော တပည့်အပေါ် ယုံကြည်မှု အနည်းငယ် လျော့နည်းသွားဟန်ဖြင့် ဆို၏။
“မင်း အရင်ဆုံး စီနီယာအကိုကြီးနောက်ကို လိုက်ပါ၊ ကြိုးစားဖို့ မမေ့နဲ့၊ ပညာဆိုတာ အဆုံးအစမရှိဘူး”
“ဝီရိယက မင်းရဲ့ သူငယ်ချင်းပဲ၊ မင်းရဲ့ အရည်အချင်းက တခြားသူတွေလောက် မကောင်းရင်တောင် ဇွဲရှိရှိ ကြိုးစားနေသရွေ့ တစ်နေ့နေ့မှာ အောင်မြင်လိမ့်မယ်၊ နားလည်လား”
ကျန်းရှောင်ဖန်းက ရိုသေစွာ ဖြေလိုက်သည်။
“နားလည်ပါပြီ”
ထျန်းပုယီက လက်ဝှေ့ယမ်းပြလိုက်၏။
“စားကြ”
ကျန်းရှောင်ဖန်းမှာ ငယ်ရွယ်ပြီး ပုသေးသဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပန်းကန်ကြီးကို ကိုင်ထားသော်လည်း အနည်းငယ် ဝေးကွာသော ဟင်းပွဲများကို လှမ်းယူရန် ခက်ခဲနေလေသည်။
သို့သော်လည်း သူ၏ဘေးတွင် ထိုင်နေသော တူပိရှုက သူ့အတွက် အကြိမ်ကြိမ် ခပ်ပေးရင်း ပြုံးရွှင်စွာ ပြောလေသည်။
“ညီငယ်လေး၊ အများကြီး စားစမ်းပါ”
သူသည် လောင်းကြေးရှုံးသွားသည်ကို လုံးဝ ဂရုမစိုက်ပုံရရာ သူ၏ လောင်းကစားသမား ကျင့်ဝတ်မှာ တကယ်ပင် မဆိုးလှပေ။
ကျန်းရှောင်ဖန်း စိတ်ထဲမှ ကျေးဇူးတင်လျက် ခေါင်းညိတ်ကာ ခေတ္တမျှ စားသောက်ပြီးနောက် တိုးတိုးလေး မေးလိုက်၏။
“ဆဋ္ဌမစီနီယာ”
တူပိရှုက လှည့်ကြည့်ကာ ဆိုသည်။
“ဘာလဲ”
ကျန်းရှောင်ဖန်းက မေး၏။
“ဆရာကတော်မှာ အိမ်ရှိသေးလို့လား”
သူ၏ ကလေးစိတ်ထဲတွင် ချင်းယွင်ဂိုဏ်းသားများသည် နတ်ဘုရားများကဲ့သို့ ဖြစ်ရာ ပြင်ပလောကနှင့် မည်သို့ ဆက်စပ်မှု ရှိနိုင်ပါမည်နည်းဟု တွေးနေမိသည်။
“ရှိတာပေါ့၊ ဆရာကတော်ကလည်း လူသားတစ်ယောက်ပဲလေ၊ ဒါပေမဲ့ ဆရာက အိမ်ပြန်သွားတယ်လို့ ပြောတာက တကယ်တော့ သူ့မိဘတွေဆီ ပြန်တာ မဟုတ်ဘူး”
“ရှောင်ကျူးတောင်ထိပ်က ရွှေယွဲ့စီနီယာရဲ့ နေရာကို သွားတာကို ပြောတာ”
ကျန်းရှောင်ဖန်း အံ့သြသွားကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
တူပိရှုက အသံကို နှိမ့်ကာ ပြောပြ၏။
“ဆရာကတော်က မူလက ရှောင်ကျူးတောင်ထိပ်ကပဲ၊ ရှောင်ကျူးတောင်ထိပ်ရဲ့ အကြီးအကဲ ရွှေယွဲ့စီနီယာနဲ့ ဂိုဏ်းတူညီအစ်မတွေပေါ့”
“ဒါပေမဲ့ ဘယ်လိုဖြစ်တယ်မသိဘူး၊ သူက ပန်းပွင့်လေးလို လှပနေပါလျက်နဲ့ ဆရာ့ကို လက်ထပ်လိုက်တာပဲ”
“ချင်းယွင်ဂိုဏ်းက တခြားစီနီယာ အတော်များများလည်း နားမလည်နိုင်ကြဘူးလို့ ငါ ကြားဖူးတယ်...”
“ဖောက်”
တူပိရှု၏ နဖူးပေါ်သို့ တူတစ်ချောင်း ကျရောက်လာ၏။ ရိုက်ချက်က မပေါ့လှသဖြင့် သူ၏ နဖူးမှာ နီရဲသွားလေသည်။
၎င်းတို့ ထိတ်လန့်သွားပြီး ကြည့်လိုက်ရာ ထျန်းပုယီ၏ စိတ်ဆိုးနေသော မျက်နှာကို တွေ့ရပြီး သူ၏လက်ထဲတွင် တူတစ်ချောင်း လျော့နည်းနေသည်ကို တွေ့ရ၏။
တူပိရှုသည် ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ လျှာထုတ်ပြပြီး ဘာမှ ဆက်မပြောရဲတော့ဘဲ ခေါင်းငုံ့၍ ဆက်စားလေတော့သည်။
ထိုအချိန်တွင် စုန့်တာရန်က ထျန်းပုယီကို မေးလိုက်၏။
“ဆရာ၊ ဂိုဏ်းချုပ်က တောင်ထိပ်ခုနစ်ခုက အကြီးအကဲတွေကို အစည်းအဝေး ခေါ်တာ၊ ရွှေယွဲ့စီနီယာ တစ်ယောက်ပဲ ဘာလို့ မလာတာလဲ”
ထျန်းပုယီက နှာမှုတ်ကာ နောက်ထပ် ထမင်းစားတုတ် တစ်စုံကို ကောက်ကိုင်လိုက်ရင်း ဆို၏။
“အဲဒီသီလရှင်အိုကြီးက နေမကောင်းဘူးဆိုပြီး ဟန်ဆောင်နေတာ၊ ကိုယ်ပူလို့ မလာနိုင်ဘူးဆိုပြီး ဂိုဏ်းချုပ်ဆီ လူလွှတ်ပြောတာပေါ့”
“ ပြီးတော့ ဂိုဏ်းချုပ်ကလည်း အဲဒါကို ယုံနေသေးတယ်၊ ဟင်း။ ဒီနေ့သာ သူ လာခဲ့ရင် အဲဒီကောင်လေးကို ငါလုယူဖို့ ပိုလွယ်မှာ၊ အခုတော့ အားလုံး ဆုံးရှုံးသွားရတာပဲ...”
စတုတ္ထတပည့် ဟော်တာ့ကျစ်က နှစ်ကြိမ်မျှ ချောင်းဟန့်ကာ တိုးတိုးလေး ဆို၏။
“ဆရာ၊ ရွှေယွဲ့စီနီယာရဲ့ တောင်ထွတ်မှာ အမျိုးသားတပည့် ဘယ်တုန်းကမှ လက်မခံခဲ့ဘူးလေ”
ထျန်းပုယီက ရပ်လိုက်ပြီး ခေါင်းခါကာ ဆိုသည်။
“မင်းတို့ ဆရာကတော်ကလည်း ရွှေယွဲ့မှာ ပြဿနာရှိတယ်ဆိုတာနဲ့ လင်းအာကို ခေါ်ပြီး ချက်ချင်း သွားကြည့်တာပဲ၊ ကမ္ဘာပျက်တော့မယ့်အတိုင်းပဲ၊ တကယ်ပါပဲ”
တပည့်များအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာတွင် ပြုံးရွှင်သော အမူအရာများ ပေါ်နေကြသည်။ စုန့်တာရန်က ခေတ္တ တွန့်ဆုတ်နေပြီးမှ မေးလိုက်၏။
“ဆရာ၊ ဆရာကတော်က ရွှေယွဲ့စီနီယာဆီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ”
ထျန်းပုယီက သူ့ကို စိုက်ကြည့်ကာ ဆို၏။
“ဘယ်လောက်ကြာမှာလဲလို့ မေးရအောင်၊ ဒီနေ့ သွားတာ ညကျရင် ပြန်လာမှာပေါ့”
“ဪ...”
တပည့်အားလုံး သက်ပြင်းချလိုက်ကြပြီး အားလုံးမှာ စိတ်ပျက်သွားကြပုံရ၏။ ထျန်းပုယီက ပတ်ပတ်လည်ကို ကြည့်ကာ နှာမှုတ်လိုက်ပြီး စုန့်တာရန်ကို မေးလိုက်သည်။
“ဒီနေ့ ဆရာကတော်က မင်းတို့ကို ကျင့်စဉ်တွေ ထပ်ပြသေးလား”
စုန့်တာရန် စကားပြောရန် အချိန်ပင်မရသေးမီ ဒုတိယတပည့် ဝူတာယီက ကြားဖြတ်ပြောလိုက်၏။
“ဆရာ၊ သူ့ကို မမေးနဲ့၊ စီနီယာအကိုကြီးက ဒီနေ့ ကျွန်တော်တို့ကို ပစ်ထားခဲ့တာ၊ ရှက်ဖို့ကောင်းလိုက်တာ”
စုန့်တာရန်က စိတ်ဆိုးမာန်ဆိုးဖြင့် ဆို၏။
“ပေါက်ကရတွေ၊ ငါက ဆရာ့အမိန့်အရ ညီငယ်လေးကို ကူညီပေးနေတာပါ...”
“ဟား…ဟား...”
လူအုပ်ကြီးက ဝိုင်း၍ လှောင်ပြောင်လိုက်ကြလေသည်။
အခန်း (၁၀)နေ့စဥ်လုပ်ငန်း (၂)
၎င်းတို့သည် တစ်နာရီခန့် စားသောက်ပြီးနောက် အားလုံး ထွက်ခွာသွားကြ၏။ ကျန်းရှောင်ဖန်းသည် နေရစ်ခဲ့ပြီး တူပိဆူးကို ပန်းကန်ဆေးကူရန် ကြိုးစားသော်လည်း တူပိရှုက ရယ်မောကာ ဆို၏။
“ညီငယ်လေး၊ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ တစ်ယောက်တည်း လုပ်နိုင်ပါတယ်၊ မင်း လောင်းကြေးနိုင်တာဆိုတော့ စိတ်မပူပါနဲ့၊ မနက်ဖြန်ကျရင် ဝါးခုတ်ဖို့ ငါ ကူညီပေးပါ့မယ်”
ကျန်းရှောင်ဖန်း အားနာလှသဖြင့် တစ်ခုခု ပြောရန် ပြင်စဉ် အပြင်ဘက်မှ စုန့်တာရန်၏ အသံ ထွက်ပေါ်လာသည်။
“နံပါတ် ၆ သူ့ကို မကူညီနဲ့”
စုန့်တာရန်သည် အထဲသို့ ဝင်လာပြီး ကျန်းရှောင်ဖန်းကို ပြောလိုက်၏။
“ညီငယ်လေး၊ လာ၊ ငါ မင်းကို အခန်းလိုက်ပို့ပေးမယ်”
ကျန်းရှောင်ဖန်း ခေါင်းညိတ်လိုက်သော်လည်း တူပိရှုက ဆို၏။
“စီနီယာအကိုကြီး၊ ဘာပြောလိုက်တာလဲ”
စုန့်တာရန်က ဆိုသည်။
“ညီငယ်လေးက ခုမှ စတာဆိုတော့ အခြေခံကောင်းတွေ တည်ဆောက်ဖို့ လိုတယ်၊ ပျင်းနေရမယ့် အချိန်မဟုတ်ဘူး”
တူပိရှုက ခေါင်းကုတ်ကာ ဆို၏။
“ဟုတ်သားပဲ၊ ဒါဆိုရင် ညီငယ်လေး၊ ငါ မင်းကို အကြွေးတစ်ခါ တင်ထားမယ်၊ နောက်ကျရင် တစ်ခုခု အကူအညီလိုရင် ငါ့ကို ပြောလိုက်၊ ဟုတ်ပြီလား”
ကျန်းရှောင်ဖန်းက ဆို၏။
“ဆဋ္ဌမစီနီယာ၊ အဲဒါကို မေ့လိုက်ပါ၊ ဒါက...”
တူပိရှုက တည်ကြည်သွားကာ တရားမျှတဟန်ဖြင့် ဆိုလေသည်။
“ဘာတွေ ပြောနေတာလဲ၊ ငါက အမှားအမှန် အကောင်းအဆိုးကို မခွဲခြားတတ်တဲ့ လူစားမျိုး မဟုတ်ဘူး၊ ကတိဆိုတာ ကတိပဲ၊ မဟုတ်ရင် တခြားစီနီယာတွေက ငါ့ကို ရယ်ကြလိမ့်မယ်”
ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်သော်လည်း ထိုကိစ္စက အမှားအမှန် အကောင်းအဆိုးနှင့် မည်သို့ ဆက်စပ်နေသည်ကိုမူ နားမလည်နိုင်ပေ။
စုန့်တာရန်က ကျန်းရှောင်ဖန်း၏ လက်ကို ဆွဲကာ ဆို၏။
“ညီငယ်လေး၊ လာ၊ မင်းရဲ့ အခန်းသစ်ကို လိုက်ပို့ပေးမယ်”
၎င်းတို့ မီးဖိုဆောင်မှ ထွက်လာသောအခါ ကောင်းကင်ယံမှာ မှောင်နေပြီဖြစ်ပြီး တောက်ပသော လမင်းမှာ အရှေ့ဘက်ကောင်းကင်တွင် ဖြည်းဖြည်းချင်း မြင့်တက်လာလေသည်။
၎င်းတို့ ကျင့်ဝတ်ခန်းမ အဝင်ဝကို ဖြတ်ကျော်စဉ် ကျန်းရှောင်ဖန်းက အတွင်းဘက်သို့ လှမ်းကြည့်လိုက်ရာ မီးများအားလုံး ငြိမ်းနေသည်ကို တွေ့ရ၏။
အဝင်ဝတွင် ကျရောက်နေသော လရောင်မှလွဲ၍ အရာအားလုံး မှောင်အတိ ကျနေကာ အနည်းငယ် ခြောက်ခြားဖွယ် ကောင်းလှပေသည်။
ခေတ္တမျှ လမ်းလျှောက်ပြီးနောက် တပည့်များ နေထိုင်ရာ ခြံဝင်းသို့ ပြန်ရောက်လာကြ၏။ စုန့်တာရန်က သူ့ကို အစွန်ဆုံး ညာဘက်ရှိ အိမ်သို့ ခေါ်သွားကာ ဆိုလေသည်။
“ညီငယ်လေး၊ ဒီနေ့ မင်းနိုးလာတဲ့ အခန်းက ငါနေတဲ့ အခန်းပဲ၊ တခြားတပည့်တွေရဲ့ အခန်းတွေကတော့ အစဉ်လိုက် ညာဘက်မှာ ရှိကြတယ်၊ ဘယ်ဘက်က အခန်းအချို့ကတော့ အလွတ်တွေပေါ့”
သူသည် ခေတ္တရပ်ကာ ကျန်းရှောင်ဖန်းကို ကြည့်၍ မေးလိုက်၏။
“မင်း တစ်ယောက်တည်း နေရမှာ ကြောက်လား”
ကျန်းရှောင်ဖန်းက ခေါင်းခါပြလိုက်သည်။
စုန့်တာရန်က ပြုံးလိုက်၏။
“ဒါပေါ့၊ ငါတို့က ယောက်ျားလေးတွေပဲ၊ အထီးကျန်မှာကို ဘာလို့ ကြောက်နေရမှာလဲ၊ လာ၊ အထဲဝင်ကြစို့”
သူသည် ကျန်းရှောင်ဖန်းနှင့်အတူ အထဲသို့ ဝင်သွားလေသည်။
ကျန်းရှောင်ဖန်းသည် နောက်ပိုင်းတွင် အချိန်အတော်ကြာ နေထိုင်သွားရမည့် ဤထူးဆန်းသော နေရာကို သေချာစွာ ကြည့်ရှုလိုက်၏။
ခြံဝင်းငယ်လေး၏ ထောင့်တစ်နေရာတွင် ဘယ်ဘက်၌ ထင်းရှူးပင်တစ်ပင် ရှိပြီး ညာဘက်တွင် လူနှစ်ရပ် သုံးရပ်ခန့် မြင့်သော ဝါးပင် ငါးပင် ခြောက်ပင်ခန့် ရှိလေသည်။
ခြံဝင်းအတွင်းတွင် ကျောက်တုံးလေးများ ခင်းထားသော လမ်းကလေး ရှိပြီး မြက်ပင်များ ပေါက်နေကာ ညလေညင်း တိုက်ခတ်လာသောအခါ ဝါးရွက်ကလေးများ တဖျတ်ဖျတ် လှုပ်ခတ်သွားပြီး မြက်ရနံ့သင်းသင်းလေး ပျံ့လွင့်လာကာ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေပေသည်။
စုန့်တာရန်က တံခါးကို ဖွင့်ကာ ဖယောင်းတိုင်ကို ထွန်းလိုက်ပြီး ဆို၏။
“ညီငယ်လေး၊ ဝင်ခဲ့လေ”
ကျန်းရှောင်ဖန်း အထဲသို့ ဝင်လိုက်သောအခါ အခန်း၏ အသုံးအဆောင်များမှာ စုန့်တာရန်၏ အခန်းကဲ့သို့ပင် ရိုးရှင်းလှသည်ကို တွေ့ရ၏။ စားပွဲ၊ ကုလားထိုင်၊ ခုတင်မှလွဲ၍ တခြား ဘာမှ မရှိပေ။
စုန့်တာရန်က ပြော၏။
“ဒီနေ့ ငါ နည်းနည်း သန့်ရှင်းရေး လုပ်ထားတယ်၊ လောလောဆယ်တော့ ဒီမှာပဲ နေလိုက်ပေါ့၊ တောင်ပေါ်က ဘဝက ပိုခက်ခဲတယ်”
“မင်းက ငယ်သေးတော့ အထီးကျန်သလို ခံစားရနိုင်တယ်၊ ဒါပေမဲ့ ငါတို့ ကျင့်ကြံသူတွေဟာ ဒုက္ခအမျိုးမျိုးကို သည်းခံနိုင်ရမယ်၊ နေ့စဉ်ဘဝ ကိစ္စတွေကိုတော့ မင်းဘာသာမင်းပဲ လုပ်ရလိမ့်မယ်”
ကျန်းရှောင်ဖန်းက ဆို၏။
“ဟုတ်ကဲ့ပါ၊ စီနီယာအကိုကြီး”
စုန့်တာရန်က ခေါင်းညိတ်ပြပြီး ပတ်ပတ်လည်ကို ကြည့်ကာ ဆိုလေသည်။
“ဘာမှ ထွေထွေထူးထူး မရှိရင်တော့ ငါ ပြန်တော့မယ်၊ မင်းလည်း ပင်ပန်းနေပြီဆိုတော့ စောစော နားလိုက်ဦး”
ကျန်းရှောင်ဖန်း ပြန်ထူးလိုက်စဉ် ရုတ်တရက် တစ်ခုခု သတိရသွားကာ မေးလိုက်၏။
“စီနီယာအကိုကြီး၊ အခုမှ မှောင်စပဲ ရှိသေးတာ၊ တခြားစီနီယာတွေက ဘာလို့ အပြင်မထွက်ကြတာလဲ”
စုန့်တာရန်က ရယ်မောလိုက်၏။
“မင်း မသိသေးလို့ပါ၊ ငါတို့ တာ့ကျူးတောင်ထိပ်မှာ တာအိုကျင့်စဉ်ကို လေ့ကျင့်လာတာ အနည်းဆုံး ဆယ်စုနှစ် လေးခုလောက် ရှိနေပြီဆိုတော့ အပြင်ကို သိပ်မထွက်ကြဘူးလေ”
“တာ့ကျူးတောင်ထိပ်က ငါတို့အတွက် ငြီးငွေ့စရာ ဖြစ်နေပြီဆိုတော့ လမ်းလျှောက်ဖို့တောင် ပျင်းနေကြတာပေါ့”
“နံပါတ် ၄က စာဖတ်ဝါသနာပါသလို နံပါတ် ၂က သီချင်းညည်းရတာ ဝါသနာပါတယ်၊ နံပါတ် ၃ လို ကြိုးစားတဲ့သူကျတော့ အခန်းထဲမှာပဲ ကျင့်စဉ်လေ့ကျင့်နေတတ်တယ်၊ ပုံမှန်ဆိုရင်တော့ ဘယ်သူမှ အပြင်မထွက်ကြဘူး”
ကျန်းရှောင်ဖန်းက နားလည်သွား၏။ စုန့်တာရန်က ပြုံးကာ သူ၏ခေါင်းကို ပုတ်၍ အချို့သော အချက်များကို သတိပေးပြီးနောက် ပြန်သွားလေတော့သည်။
ကျန်းရှောင်ဖန်းသည် အခန်းထဲသို့ ပြန်ဝင်ကာ တံခါးကို ပိတ်လိုက်သောအခါ တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မည်သည့်အသံမျှ မကြားရတော့ပေ။
သူသည် စားပွဲတွင် ခေတ္တမျှ ကြောင်စီစီ ထိုင်နေပြီးနောက် ဘာမှ လုပ်စရာ မရှိသဖြင့် မီးကို ငြိမ်းကာ အင်္ကျီကို ချွတ်၍ ခုတင်ပေါ်သို့ တက်လိုက်၏။
သူသည် ဟိုဘက်ဒီဘက် လှည့်ကာ နောက်ဆုံးတွင် ငိုက်မြည်း၍ အိပ်ပျော်သွားလေတော့သည်။
“အား”
မှောင်အတိ ကျနေသော အခန်းအတွင်း ကျန်းရှောင်ဖန်းသည် အော်ဟစ်ကာ ထိုင်လိုက်မိပြီး အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေလေသည်။
သူသည် မြက်ဘုရားကျောင်းရွာသို့ အိပ်မက်ပြန်မက်နေခြင်း ဖြစ်၏။
သူ၏ မိဘများကို မြင်ရသကဲ့သို့ ကစားဖော် သူငယ်ချင်းများ၊ ဦးလေးများနှင့် အဒေါ်များ အားလုံး ပြုံးရွှင်နေကြသည်ကို မြင်ရသော်လည်း ရုတ်တရက် အားလုံးက သေဆုံးကာ သွေးသံရဲရဲဖြင့် ကြောက်မက်ဖွယ် ကောင်းသွားကြလေသည်။ သူ၏ ကိုယ်ခန္ဓာမှာ တုန်ရီနေသဖြင့် လန့်နိုးလာခဲ့ခြင်း ဖြစ်၏။
သူသည် ခုတင်ပေါ်တွင် ခေတ္တမျှ ထိုင်နေပြီး အသက်ရှူသံများ တည်ငြိမ်လာသောအခါ မျက်လုံးများမှာလည်း အမှောင်ထုထဲတွင် ကျင့်သားရလာ၏။
ပြတင်းပေါက် အနည်းငယ် ပွင့်နေသည်ကို တွေ့ရပြီး အုတ်ကြွပ်များပေါ်တွင် အေးစက်စက် လရောင်များ ဖြာကျနေပုံမှာ ဆီးနှင်းများကဲ့သို့ပင် ဖြစ်နေပေသည်။
ကျန်းရှောင်ဖန်းမှာ ဆက်၍ အိပ်မပျော်တော့သဖြင့် ထကာ တံခါးဝသို့ သွားပြီး အပြင်သို့ ထွက်လိုက်၏။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး း ပိုးကောင်လေးများ၏ အသံများသာ ထွက်ပေါ်နေလေသည်။ လရောင်မှာ ရေပြင်ကဲ့သို့ သူ၏ ကိုယ်ပေါ်သို့ ဖြာကျနေ၏။
သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ ကြယ်ပွင့်များစွာကို တွေ့ရသည်။ လမင်းမှာ ကောင်းကင်အလယ်တွင် ဖြူဝင်းတောက်ပနေ၏။
“လင်းကျင်းယွီကော အခု ဘာလုပ်နေမလဲ၊ သူလည်း အိပ်မပျော်ဘဲ ဖြစ်နေမလား”
သူက တိုးတိုးလေး ဆိုကာ သက်ပြင်းချရင်း အခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ အင်္ကျီအကြားမှ အရာတစ်ခု လိမ့်ကျလာကာ မြေပြင်ပေါ်သို့ ကျသွားလေသည်။
ကျန်းရှောင်ဖန်း ထိတ်လန့်သွားပြီး ငုံ့ကြည့်ကာ ကောက်ယူလိုက်ရာ ၎င်းမှာ အပေါက်ငယ်တစ်ခု ပါရှိသော မွဲခြောက်ခြောက် ခရမ်းရောင် ပုလဲလုံးလေး တစ်လုံး ဖြစ်နေ၏။
ထိုခရမ်းရောင် ပုလဲလုံးမှာ ထိုနေ့က ကျောက်စိမ်းပုလဲနှင့်အတူ သီထားခဲ့သော ပုလဲလုံး ဖြစ်ပုံရသည်။
လွန်ခဲ့သည့် ရက်များအတွင်း ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကြောင့် သူသည် ဤအရာကို မေ့လျော့နေခဲ့သော်လည်း ယခုအခါတွင် ဖူကျစ်က ဤပုလဲလုံးကို လွှင့်ပစ်ရန် မှာကြားခဲ့သည်ကို သတိရသွား၏။
ထိုသို့ တွေးမိသောအခါ သူ၏ စိတ်ထဲတွင် ရုတ်တရက် ခါးသီးသွားလေသည်။ သူ၏ မိဘများမှာ သူ့အတွက် ဘာမှ ချန်မထားခဲ့ပေ။
ဖူကျစ်နှင့် သူ၏ ပတ်သက်မှုမှာ နည်းပါးသော်လည်း ထိုညက အတူရှိခဲ့ချိန်တွင် ၎င်းတို့သည် မိသားစုကဲ့သို့ သဘောထားခဲ့ကြ၏။
ထို ပုံဆိုးပန်းဆိုး ပုလဲလုံးလေးမှာ ဖူကျစ် ချန်ထားခဲ့သော တစ်ခုတည်းသော အရာ ဖြစ်ပေသည်။
ကျန်းရှောင်ဖန်းသည် ပုလဲလုံးကို မြှောက်၍ လရောင်နှင့် ယှဉ်ကြည့်လိုက်၏။ လရောင်အောက်တွင် ပုလဲလုံး၏ အရောင်မှာ ဖျော့သွားပြီး ကြည်လင်သော ခရမ်းရောင်အဖြစ် ပြောင်းလဲသွားလေသည်။
အတွင်း၌ စိမ်းဖန့်ဖန့် စွမ်းအင်များ အဆက်မပြတ် လည်ပတ်နေသည်ကို တွေ့ရပြီး ၎င်းထဲတွင် ဝိညာဉ်တစ်ခု ရှိနေကာ မွေးဖွားလာရန် ကြိုးစားနေပုံရ၏။
သို့သော်လည်း စိမ်းရောင်စွမ်းအင်သည် ပုလဲလုံး၏ မျက်နှာပြင်သို့ နီးကပ်လာတိုင်း သင်္ကေတလေးတစ်ခုမှာ အလင်းဖျော့ဖျော့ လင်းလာကာ ၎င်းကို ပြန်၍ ပိတ်ဆို့ထားလေသည်။
ကျန်းရှောင်ဖန်းသည် ၎င်းကို အချိန်အတော်ကြာ ကြည့်နေရင်း သဘောကျလာမိ၏။ ထို့ပြင် ၎င်းမှာ ဖူကျစ် ချန်ထားခဲ့သော တစ်ခုတည်းသော အရာဖြစ်သဖြင့် ကျန်းရှောင်ဖန်းသည် ၎င်းကို မဆုံးရှုံးလိုပေ။
သူသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ၏ မိဘများက သက်ရှည်ကျန်းမာစေရန် လက်ဆောင်ပေးထားသော ကြိုးနီလေးတစ်ချောင်းကို ချွတ်လိုက်၏။
လူအများစုမှာ ရွှေ သို့မဟုတ် ငွေသော့ခလောက်များကို သုံးကြသော်လည်း သူ၏ ဆင်းရဲသော မိသားစုမှာမူ ကြိုးနီလေးကိုသာ သုံးနိုင်ခဲ့ကြလေသည်။
သူသည် ပုလဲလုံးကို ကြိုးနီလေးဖြင့် ချည်ကာ သူ၏ ရင်ဘတ်တွင် ဆွဲထားလိုက်၏။ အေးစက်ခြင်း မရှိဘဲ နွေးထွေးမှုကိုသာ ခံစားရလေသည်။
သူသည် ကိုယ့်ဘာသာ ပြုံးလိုက်မိပြီး ကောင်းကင်ယံရှိ လမင်းကို မော့ကြည့်ကာ အခန်းထဲသို့ ပြန်ဝင်၍ ခုတင်ပေါ်တွင် လှဲလိုက်လေတော့သည်။
ချင်းယွင်ဂိုဏ်းတွင် သူ၏ ပထမဆုံးနေ့သည် ဤသို့ဖြင့် ကုန်ဆုံးသွားလေတော့၏။