အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း (၁၁) ဝါးခုတ်ခြင်း (၁)
"ကျန်းရှောင်ဖန်း။"
နားကွဲမတတ် စူးရှသောအသံတစ်ခုက ကျန်းရှောင်ဖန်းကို အိပ်မက်ထဲမှ လန့်နိုးသွားစေ၏။
မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့အရှေ့တည့်တည့်၌ ချွန်ထက်သောသွားနှစ်တန်းနှင့် ပါးစပ်ပေါက်ကြီးတစ်ခုကို ရုတ်တရက် မြင်လိုက်ရသဖြင့် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"အား။"
"ခစ်ခစ်... ခစ်ခစ်..."
အနောက်ဘက်မှ ရယ်မောသံများ ထွက်ပေါ်လာ၏။
ကျန်းရှောင်ဖန်းလည်း အနည်းငယ် စိတ်အေးသွားပြီးနောက် သူ၏အရှေ့ရှိ အဝါရောင်ခွေးကြီးကို မြင်လိုက်ရ၏။
ထိုခွေးကြီးမှာ လူတစ်ဝက်ခန့် အရပ်မြင့်ပြီး အဝါရောင်အမွေးအမျှင်များနှင့်အတူ သူ၏ကုတင်ပေါ်တွင် လှဲလျောင်းနေ၏။
ခွေးဝါကြီး၏ အနောက်ဘက်တွင်မူ အနီရောင်ကိုယ်ကျပ်အဝတ်အစားကို ဝတ်ဆင်ထားသော ထျန်းလင်းအာက ရယ်မောနေလေ၏။
ကျန်းရှောင်ဖန်းက ခွေးဝါကြီးကို ခိုးကြည့်လိုက်ရာ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်၊ ချွန်ထက်သော အစွယ်များ၊ အပြင်သို့ထွက်နေသော လျှာရှည်ကြီးနှင့် ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို တွေ့လိုက်ရ၏။
ယခင်က ဤမျှကြီးမားသောခွေးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် အနည်းငယ် ကြောက်ရွံ့သွားမိသော်လည်း ထျန်းလင်းအာက သူ့ကို ပြုံးကြည့်နေသည်ကို မြင်သောအခါ တီးတိုးရေရွတ်လိုက်လေ၏။
"စီနီယာအစ်မ... ဘာကိစ္စရှိလို့လဲ။"
"ဘာကိစ္စရှိလို့လဲ ဟုတ်လား။"
ထျန်းလင်းအာက ပြုံးလျက်ပြောလိုက်ပြီးနောက် ရုတ်တရက် မျက်နှာတည်သွားကာ မျက်မှောင်ကြုတ်လျက် ကျယ်လောင်စွာ အော်ပြောလိုက်၏။
"မနက်တောင် မိုးလင်းနေပြီကို ငါ့ကို ဘာကိစ္စရှိလဲလို့ မေးနေသေးတယ်ပေါ့။ မြန်မြန်ထ၊ ငါတို့တောင်ပေါ်သွားပြီး ဝါးသွားခုတ်ကြမယ်။"
ကျန်းရှောင်ဖန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။
"စီနီယာအစ်မလည်း သွားရမှာလား။"
ထျန်းလင်းအာက ပြန်ပြောလိုက်၏။
"အဓိပ္ပာယ်မရှိတာ။ ငါတို့အဆောင်က တပည့်သစ်တွေဆိုရင် ပထမသုံးနှစ်မှာ တောင်ပေါ်တက်ပြီး ဝါးနက်ပင် သွားခုတ်ရတယ်။”
“ငါက အသက်ဆယ်နှစ်ကတည်းက စခဲ့တာဆိုတော့ ဒီနှစ်က နောက်ဆုံးနှစ်ပဲ။ ဟဲ့... နင်က ဘာလို့ ကုတင်ပေါ်မှာ နေနေသေးတာလဲ။"
ကျန်းရှောင်ဖန်းက အမြန်ပြန်ဖြေသံပေးလိုက်ပြီး ခွေးကြီးနှင့် အနည်းငယ် ဝေးရာသို့ သတိထားကာ ရွှေ့လိုက်၏။ ထို့နောက် ကုတင်ပေါ်မှဆင်းကာ အဝတ်အစားများကို ကမန်းကတန်း လဲလှယ်လိုက်လေ၏။
ထျန်းလင်းအာက အော်ပြောလိုက်၏။
"ရော့ ဒီဟာကို…ဖမ်းလိုက်။"
သူမက ဓားမတစ်လက်ကို ပစ်ပေးလိုက်၏။
ကျန်းရှောင်ဖန်းက ဓားမကို လက်နှစ်ဖက်ဖြင့် ဖမ်းလိုက်ရာ ၎င်းမှာ အတော်လေး လေးလံသော သာမန်ဓားမတစ်လက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ အရာအားလုံး အသင့်ဖြစ်သွားသောအခါ သူက ထျန်းလင်းအာကို မေးလိုက်လေ၏။
"စီနီယာအစ်မ... ကျွန်တော်တို့ စီနီယာအစ်ကိုကြီးကိုပါ ခေါ်သွားဖို့ လိုသေးလား။"
ထျန်းလင်းအာက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်၏။
"တပည့်သစ်တွေပဲ အိမ်စာလုပ်ရမယ်လို့ ငါပြောတာ နားမလည်ဘူးလား။ ဒါကြောင့် အခု ဝါးခုတ်ရမှာ ငါနဲ့နင် နှစ်ယောက်တည်းပဲ။ သွားကြမယ် မြန်မြန်လုပ်။"
သူမက လက်ဝှေ့ယမ်းပြလိုက်၏။ ကျန်းရှောင်ဖန်းက မလှုပ်မယှက် ရပ်နေသေးသော်လည်း ခွေးဝါကြီးကမူ ကုတင်ပေါ်မှ ခုန်ဆင်းလာပြီး အမြီးတနှံ့နှံ့ဖြင့် ကျန်းရှောင်ဖန်းအား နှစ်ချက်မျှ ဟောင်လိုက်၏။
ထို့နောက် သွားများပေါ်အောင် ဟိန်းဟောက်ပြကာ အပြင်သို့ ပြေးထွက်သွားလေ၏။
ကျန်းရှောင်ဖန်းမှာ ဤအသံကို အကြိမ်ကြိမ် ကြားဖူးသလို ရှိနေ၏။
စီနီယာအစ်ကိုကြီးနှင့်အတူ အနောက်ဘက်တောင်ကုန်းမှ ပြန်လာစဉ်က ဟောင်သံကြားခဲ့ရသည်ကို ပြန်အမှတ်ရသွားပြီး ဤခွေးကြီးဖြစ်ပုံရကြောင်း တွေးလိုက်မိ၏။
သူ၏စိတ်ထဲတွင် 'ချင်းယွင်ဂိုဏ်းက တကယ်မိုက်တာပဲ။ သာမန်ခွေးတစ်ကောင်ကတောင် ငါတို့ရွာကခွေးတွေထက် အများကြီး ပိုကြီးနေတယ်' ဟု တိတ်တဆိတ် တွေးလိုက်မိချေ၏။
သူက ထျန်းလင်းအာ၏နောက်မှ အခန်းပြင်သို့ လိုက်ထွက်လာရာ မနက်ခင်းစောစောအချိန်သာ ရှိသေးကြောင်း တွေ့လိုက်ရ၏။
စင်္ကြံလမ်းမှ လျှောက်ထွက်လာပြီး အနောက်ဘက်တောင်ကုန်းကို အဝေးမှ လှမ်းကြည့်လိုက်သောအခါ မြူခိုးများက တောင်တန်းများကြားတွင် လွင့်မျောနေပေ၏။
လူနှစ်ယောက်နှင့် ခွေးတစ်ကောင်တို့သည် တာ့ကျူးတောင်ထွတ်၏ အနောက်ဘက်တောင်ကုန်းဆီသို့ လျှောက်သွားကြလေ၏။
မနေ့က ကျန်းရှောင်ဖန်းကို စုန့်တာ့ရန်က တောင်ကုန်းပေါ်သို့ သယ်ဆောင်သွားခဲ့ရာ ထိုနေရာသို့ရောက်ရန် မြန်ဆန်လှပြီး လမ်းခရီးမှာလည်း သက်သောင့်သက်သာရှိလှသည်ဟု ထင်ခဲ့ရ၏။
သို့သော် ယနေ့ လမ်းတစ်ဝက်ခန့်သို့ ရောက်သောအခါ တောင်စောင်းမှာ ပိုမိုမတ်စောက်လာပြီး ခရီးအကွာအဝေးမှာလည်း သူထင်ထားသည်ထက် များစွာပိုဝေးကြောင်း သိလိုက်ရလေ၏။
အခြားတစ်ဖက်တွင်မူ ထျန်းလင်းအာက ယနေ့တွင် ဖီးနစ်ဝိညာဉ်ကို အသုံးမပြုခဲ့သော်လည်း လမ်းလျှောက်ရာ၌ အလွန်ပင် ပေါ့ပါးသွက်လက်နေပေ၏။
အနီရောင်ဝတ်စုံနှင့် ထိုမိန်းကလေးမှာ လမ်းကျဉ်းလေးပေါ်တွင် မြန်ဆန်ပေါ့ပါးစွာ လျှောက်လှမ်းနေ၏။
ခွေးဝါကြီးမှာလည်း လိုက်ပါလာပြီး ထူးထူးခြားခြား တက်ကြွနေကာ တစ်ခါတစ်ရံ ရှေ့သို့ရောက်သွားလိုက်၊ တစ်ခါတစ်ရံ နောက်သို့ရောက်သွားလိုက်နှင့် တစ်ခါတစ်ရံတွင် တောအုပ်ထဲသို့ ပြေးဝင်သွားလိုက် ပြေးလွှားဆော့ကစားနေလေ၏။
ထိုအထဲတွင် ဘာဝင်လုပ်နေမှန်း မသိရသော်လည်း ခဏအကြာတွင် အခြားတစ်ဖက်မှ ပြန်ထွက်လာကာ အလွန်အမင်း စိတ်လှုပ်ရှားနေပုံရ၏။
နာရီဝက်ခန့် အကြာတွင် ကျန်းရှောင်ဖန်းမှာ အလွန်ပင်ပန်းလာကာ အမောတကောဖြစ်နေပြီး ခြေထောက်များလည်း နာကျင်လာချေပြီ။
ရှေ့မှလျှောက်နေသော ထျန်းလင်းအာက သူ့ကို လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။
"တကယ် အသုံးမကျတာပဲ။ ခဏလောက် ရပ်ပြီး နားကြမယ်။"
ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်ပြီး အပြင်းအထန် အသက်ရှူလျက် ထိုင်ချလိုက်၏။ ထိုခွေးဝါကြီးမှာမူ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာသို့ ပြေးထွက်သွားလေပြီ။
ကျန်းရှောင်ဖန်းက ခဏမျှ အနားယူလိုက်၏။
သူက လမ်းကျဉ်းလေးပေါ်တွင် ထိုင်လျက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ တာ့ကျူးတောင်ထိပ်က မတ်မတ်မတ်မတ်နှင့် မြင့်မားစွာ ရပ်တည်နေပြီး အနီးအနားရှိ တောင်ကုန်းများမှာ များစွာနိမ့်ကျနေသယောင် ထင်ရလေ၏။
"စီနီယာအစ်မ... ကျွန်တော် မေးစရာတစ်ခု ရှိတယ်။ ဒါပေမယ့် ဘယ်လိုပြောရမလဲ မသိလို့..."
ထျန်းလင်းအာက သူ၏စကားများမှာ ကြောက်ရွံ့တုံ့ဆိုင်းနေပုံရသည်ကို သတိပြုမိသွား၏။
သူမထံသို့ ကြည့်နေသော မျက်လုံးတစ်စုံကြောင့် အနည်းငယ် ဂုဏ်ယူသလို ခံစားလိုက်ရပြီး သူမ၏ဆံပင်ကို မသိမသာလေး ပြင်လိုက်လေ၏။
သူမ၏မျက်နှာက အနည်းငယ် တည်ကြည်သွားကာ ပြောလိုက်၏။
"မေးစရာရှိတာ မေးလေ။"
"ဘာဖြစ်လို့ တာဝန်အနေနဲ့ ဝါးခုတ်ဖို့ လိုရတာလဲ။ အိမ်စာဆိုတာ ကျင့်စဉ်တွေ လေ့ကျင့်ရတာ မဟုတ်ဘူးလား။"
ထျန်းလင်းအာက နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလေ၏။
"နင် ဘာမှမသိပါဘူး။ ကျင့်ကြံသူတစ်ယောက်အတွက် ခန္ဓာကိုယ်က အရေးအကြီးဆုံး အရာတွေထဲက တစ်ခုပဲ။”
“အမေက ပြောဖူးတယ်၊ ခန္ဓာကိုယ်က လုံလောက်တဲ့ သန်မာမှုမရှိဘူးဆိုရင် မှော်ပညာတွေ ဘယ်လောက်ပဲ အားကောင်းနေပါစေ လေ့လာဖို့ ခက်ခဲတယ်တဲ့။”
“ငါတို့ ချင်းယွင်ဂိုဏ်းက တာအိုလမ်းစဉ်ကနေ ဆင်းသက်လာတာမို့ ခန္ဓာကိုယ်ကြံခိုင်မှုကို အရမ်းအလေးထားတယ်။”
“ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာတဲ့အခါကျရင် ခန္ဓာကိုယ်က ပိုပြီးတော့တောင် အရေးပါလာလိမ့်မယ်။ ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ အပြင်းထန်ဆုံး မှော်မန္တန်ဖြစ်တဲ့ 'နတ်မိုးကြိုး ထိန်းချုပ်မန္တန်' ကိုပဲ ဥပမာအနေနဲ့ ကြည့်လိုက်..."
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်သွားလေ၏။
ထျန်းလင်းအာက ထူးဆန်းသွားကာ မေးလိုက်၏။
"နင် ဘာဖြစ်သွားတာလဲ။"
ကျန်းရှောင်ဖန်း၏ မျက်နှာမှာ မူလအတိုင်း ပြန်မဖြစ်သေးဘဲ ဗလုံးဗထွေးဖြင့် ပြောလိုက်၏။
"ဘာ... ဘာမှမဖြစ်ပါဘူး။ အဲဒီနာမည်ကို ကြားလိုက်ရုံနဲ့တင် အရမ်းစွမ်းအားကြီးမယ်လို့ တွေးမိသွားလို့ပါ။"
ထျန်းလင်းအာက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"သေချာပေါက် စွမ်းအားကြီးတာပေါ့။ ဒါက ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေထဲက တစ်ခုပဲ၊ လူတိုင်း လေ့ကျင့်နိုင်တာ မဟုတ်ဘူး။”
“အဖေပြောတာ ကြားဖူးသလောက်ဆိုရင် ဒီမန္တန်ကိုသုံးဖို့ ခန္ဓာကိုယ်ကို သုံးပြီးတော့ မှော်လက်နက်ရဲ့ အကူအညီနဲ့ ကောင်းကင်ဘုံကိုးလွှာက နတ်မိုးကြိုးတွေကို ဆွဲယူရတယ်တဲ့။”
“နတ်ဘုရားတစ်ပါးလို စွမ်းအားကြီးပြီး အနားမှာရှိတဲ့ ဘယ်သူမဆို ချက်ချင်း သေဆုံးသွားနိုင်လောက်တဲ့ ပြိုင်ဘက်ကင်း စွမ်းအားမျိုးပဲ။"
ကျန်းရှောင်ဖန်းက သက်ပြင်းချလိုက်၏။
"ဟုတ်ပါရဲ့။"
ထျန်းလင်းအာက ထပ်မံပြောလိုက်ပြန်၏။
"စဥ်းစားကြည့်လေ၊ ကိုယ့်ကို ကာကွယ်ပေးထားတဲ့ အကာအကွယ်မန္တန်တွေ ရှိနေရင်တောင် ဒါက နတ်ဘုရားမိုးကြိုးရဲ့ စွမ်းအားလေ။”
“သာမန်လူတွေသာ ထိမိသွားရင် ချက်ချင်း ပြာဖြစ်သွားလိမ့်မယ်။ တစ်ခုရှိတာက မန္တန်သုံးတဲ့သူရဲ့ ကျင့်စဉ်က နက်ရှိုင်းဖို့တော့ လိုတာပေါ့။”
“ဒါပေမဲ့ ခန္ဓာကိုယ်ကြံခိုင်မှုက ချို့တဲ့နေမယ်ဆိုရင် တခြားသူတွေမသေခင် ကိုယ်က အရင် မိုးကြိုးပစ်ခံရပြီး သေသွားမှာပေါ့။ အဲဒီလိုဆိုရင် ဘယ်လိုလုပ် လူသတ်နိုင်တော့မလဲ။"
သူမက ကျန်းရှောင်ဖန်းကို ကြည့်ကာ ဆက်ပြောလိုက်၏။
"ဒါကြောင့် အဖေက နင့်ကို တာဝန်လုပ်ခိုင်းတာ နင့်အတွက် ကောင်းစေချင်လို့လုပ်ခိုင်းတာကို နင်က မလုပ်ချင်မကိုင်ချင် ဖြစ်နေသေးတယ်။"
ကျန်းရှောင်ဖန်းမှာ လန့်ဖျပ်သွားပြီး အမြန်ခုန်ထကာ ပြောလိုက်၏။
"အဲလို မဟုတ်ရပါဘူး။ ကျွန်တော် ဆရာ့ကို ဘယ်တော့မှ... ဘယ်တော့မှ မရိုမသေ မလုပ်ဝံ့ပါဘူး၊ မလုပ်ချင်မကိုင်ချင် ဖြစ်နေတာလည်း မဟုတ်ပါဘူး။ ကျွန်တော် နားတာ လုံလောက်ပါပြီ၊ သွားကြစို့၊ သွားကြစို့။"
သူက ဓားမကို ကောက်ကိုင်လိုက်ပြီး စတင်လှုပ်ရှားကာ တောင်ပေါ်သို့ အလွန်လျင်မြန်စွာ ပြေးတက်သွားလေ၏။ ထျန်းလင်းအာက သူ၏ကျောပြင်ကို ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်ပြီး သူ၏နောက်မှ လိုက်သွားခဲ့၏။
နောက်ဆုံးတွင် တောင်ကုန်းပေါ်သို့ ရောက်သောအခါ ကျန်းရှောင်ဖန်းမှာ အမောဆို့နေချေပြီ။ ခွေးဝါကြီးမှာ ဝါးတောထဲတွင် လှဲလျောင်းနေနှင့်ပြီ ဖြစ်၏။
သူတို့နှစ်ဦး လာသည်ကို မြင်သောအခါ အချက်အနည်းငယ်မျှ ဟောင်လိုက်သော်လည်း ထရန်ပင် မကြိုးစားဘဲ ခေါင်းကိုသာ လှည့်သွားလေ၏။
ကျန်းရှောင်ဖန်းက ပြောလိုက်၏။
"တကယ် မြန်တာပဲ။"
"နင်က တာ့ဟွမ် အကြောင်း ပြောနေတာလား။"
ထျန်းလင်းအာက နောက်မှ ရောက်လာ၏။ သူမ၏မျက်နှာမှာ နီမြန်းနေခြင်းမရှိသလို အမောလည်း မဆို့နေပေ။
ကျန်းရှောင်ဖန်းက ခွေးကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"သူ့နာမည်က တာ့ဟွမ် ဟုတ်လား။"
ထျန်းလင်းအာက ပြန်ဖြေလေ၏။
"ဟုတ်တယ်၊ သူ့ကို အထင်မသေးနဲ့နော်။ သူက အရမ်းသန်မာတာ။"
ကျန်းရှောင်ဖန်းက တီးတိုးရေရွတ်လိုက်၏။
"ဒီလောက် အရွယ်အစားကြီးတာဆိုတော့ အနည်းဆုံးတော့ အသက်နှစ်ဆယ်လောက် ရှိရောပေါ့။"
ထျန်းလင်းအာက အော်ပြောလိုက်၏။
"ဘယ်ကလာ။"
ကျန်းရှောင်ဖန်းမှာ အံ့ဩသွားမိ၏။ သူက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူးလား။ ဒါဆိုရင် တာ့ဟွမ်က တကယ်ကို ကြီးထွားနှုန်းမြန်တာပဲ ဖြစ်ရပေမည်။
ထိုအချိန်တွင် တာ့ဟွမ်က ကျန်းရှောင်ဖန်းအား ရန်လိုစွာ ဟောင်လိုက်လေ၏။
ထျန်းလင်းအာက ပြောလိုက်၏။
"ဒီလောက်နှစ်နည်းနည်းလေး မဟုတ်ပါဘူးလို့ ပြောတာပါ။ အင်း... ကြည့်ရအောင်၊ စီနီယာအစ်ကိုလေး ရောက်လာတုန်းကတည်းက သူက ဒီမှာရှိနေပြီဆိုတော့ နှစ်ခုနစ်ဆယ်လောက် ရှိပြီ။”
“မဟုတ်သေးဘူး၊ စီနီယာအစ်ကိုသုံး ပြောဖူးတာက သူရောက်လာတုန်းကတည်းက တာ့ဟွမ်က ရှိနေပြီတဲ့။ အဲဒါဆိုရင် ကိုးဆယ့်ခုနစ်နှစ် ရှိပြီပေါ့။ အာ..."
သူမက ရုတ်တရက် အော်လိုက်သဖြင့် ကျန်းရှောင်ဖန်းမှာ အလန့်တကြားဖြစ်သွားပြီး အမြန်မေးလိုက်၏။
"ဘာဖြစ်လို့လဲ။"
ထျန်းလင်းအာက ပျော်ရွှင်စွာ ပြောလိုက်၏။
"ငါ မှတ်မိပြီ။ ငါကလေးဘဝတုန်းက တစ်နေ့ကျတော့ အဖေနဲ့အမေ စကားများကြတယ်။ အဲဒီမှာ အမေက အဖေ ငယ်ငယ်ကတည်းက မွေးထားတဲ့ခွေးကို သတ်ပြီး ခွေးဟင်းရည် ချက်သောက်မယ်လို့ ပြောလိုက်တာ၊ အဖေက အရမ်းစိတ်ဆိုးသွားတယ်။ တာ့ဟွမ်လည်း တော်တော်များများ ရက်တွေအထိ ကြောက်သွားပြီး အိမ်တောင် မပြန်ရဲတော့ဘူးလေ။"
ကျန်းရှောင်ဖန်းက အံ့ဩတကြီးဖြင့် မေးလိုက်၏။
"တာ့ဟွမ်က အိမ်ပြန်ဖို့ ကြောက်သွားတာလား။"
ထျန်းလင်းအာက ဖြေလေ၏။
"ဟုတ်တယ်လေ၊ တာ့ဟွမ်က နှစ်ပေါင်းများစွာ အသက်ရှင်လာတာဆိုတော့ လူတွေကို နားလည်တယ်။ ပြီးတော့ အမေက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သူသိတော့ အမေသတ်တာ ခံရမှာကို တကယ်ကြောက်သွားတာ။ အဲဒါကြောင့် ထွက်ပြေးတာက အကောင်းဆုံးပဲလေ။ လည်တယ်မလား။"
"သေချာပေါက်ပေါ့။"
ကျန်းရှောင်ဖန်းက ပြန်ဖြေလိုက်၏။ ထို့နောက် သူက ခွေးဝါကြီးကို ထပ်မံ၍ စိုက်ကြည့်လိုက်၏။
တာ့ဟွမ်က သူ့ကို ဂရုမစိုက်ဘဲ ဟောက်သံပေးကာ အမြီးကိုလှုပ်ယမ်းလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ မြေကြီးပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းနေလေသည်။
အခန်း (၁၂) ဝါးခုတ်ခြင်း (၂)
တောအုပ်အနီးသို့ ရောက်သောအခါ ကျန်းရှောင်ဖန်းက ထျန်းလင်းအာအား မေးလိုက်၏။
"စီနီယာအစ်မ... ကျွန်တော် ထုံထျန်းတောင်ထွတ်ကို ရောက်တုန်းက တာ့ဟွမ်ထက် အများကြီးပိုကြီးတဲ့ သားရဲကြီးတစ်ကောင်ကို မြင်ခဲ့တယ်။ ကြားရသလောက်တော့ အဲဒါကို 'ရေချီလင်' လို့ ခေါ်တယ်တဲ့။ တာ့ဟွမ်ကကော သူနဲ့ အတူတူပဲလား။"
ထျန်းလင်းအာက ဝါးတောထဲသို့ ဝင်သွားရင်း ခေါင်းယမ်းကာ ပြောလိုက်၏။
"မဟုတ်ဘူး၊ ရေချီလင်က ရှေးဟောင်း ရှားပါးသားရဲတစ်ကောင်ပဲ၊ ဝိညာဉ်သားရဲမို့ တာ့ဟွမ်ထက် အများကြီး ပိုသန်မာတယ်။ သူတို့ကို နှိုင်းယှဉ်လို့မရဘူး။"
စကားပြောရင်းဖြင့် သူမက ကျန်းရှောင်ဖန်းကို တောအုပ်ထဲသို့ ခေါ်ဆောင်သွားလေ၏။
အတန်ကြာပြီးနောက် ဝါးပင်များ ပိုမိုပေါများသော နေရာတစ်ခုသို့ ရောက်ရှိသွားကြ၏။ ဤနေရာရှိ ဝါးနက်ပင်များမှာ လက်ကောက်ဝတ်ခန့်သာ အရွယ်ရှိပြီး အလွန်သေးသွယ်ကြပေ၏။
ထျန်းလင်းအာက တည်ကြည်စွာ ပြောလိုက်၏။
"ဒီမှာ... နောက်လာမယ့် သုံးလအတွက် နင်က တစ်နေ့ကို ဝါးတစ်ပင်ပဲ ခုတ်ရမယ်။"
"ဒီလောက် သေးသေးလေးကိုလား။ တစ်ပင်တည်းလား။"
ကျန်းရှောင်ဖန်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
ထျန်းလင်းအာက နှာမှုတ်လိုက်ပြီး ပြောလေ၏။
"ခုတ်ကြည့်လိုက်လေ။"
ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်ပြီး ဓားမကိုမြှောက်ကာ ဝါးပင်တစ်ပင်ထံသို့ လျှောက်သွားလိုက်၏။
ခဏမျှကြည့်ပြီးနောက် ဓားမဖြင့် ခုတ်ချလိုက်၏။ ဓားမက ကျောက်တုံးတစ်တုံးကို ခုတ်မိသကဲ့သို့ ခံစားလိုက်ရပြီး အရှိန်ကြောင့် ကျန်းရှောင်ဖန်း၏ လက်များပင် တုန်ခါသွားလေ၏။
ဝါးပင်မှာ ရှေ့သို့ အနည်းငယ် ကိုင်းသွားပြီးနောက် နောက်သို့ ပြန်ကန်ထွက်လာ၏။
ကျန်းရှောင်ဖန်းမှာ အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် သူ၏ခေါင်းကို ဝါးပင်ဖြင့် ရိုက်မိသွားကာ ထိမိသောနေရာတွင် အနီရောင်အရာတစ်ခု ကျန်ရစ်ခဲ့သည်။
"ခစ်ခစ်..."
ထျန်းလင်းအာက ထပ်မံရယ်မောလိုက်ပြန်၏။ ခဏအကြာတွင် သူမက ပြောလိုက်၏။
"နင် ဒီမှာနေပြီး အလုပ်လုပ်တော့၊ ငါလဲသွားခုတ်ဦးမယ်။"
သူမက ပြုံးလျက် ထွက်သွားလေ၏။
ကျန်းရှောင်ဖန်းက ရိုက်မိသွားသော သူ၏မျက်နှာကို စမ်းကြည့်လိုက်ပြီးနောက် ဝါးပင်ကို ခုတ်ထားခဲ့သော နေရာ၌ မှေးမှိန်သော အဖြူရောင်အရာတစ်ခုသာ ကျန်ရစ်သည်ကို တွေ့လိုက်ရ၏။
တစ်မနက်ခင်းလုံး ကျန်းရှောင်ဖန်းမှာ ထိုဝါးနက်ပင်ကို အလုပ်ပေးနေခဲ့၏။ ခုတ်ခြင်း၊ ခွဲခြင်း၊ လွှဆွဲခြင်း၊ ဖိခြင်း၊ ကွေးခြင်း စသည့် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ကြိုးစားခဲ့လေ၏။
လေးနာရီခန့် ကြာလွန်သွားပြီးနောက် နေမင်းမှာ ကောင်းကင်ထက်သို့ မြင့်တက်လာလေပြီ။
သူ၏တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေကာ လက်နှင့်ခြေထောက်များမှာလည်း အားအင်ကုန်ခမ်းနေသော်လည်း ဝါးနက်ပင်ပေါ်တွင် သေးငယ်သော ဓားရာလေးတစ်ခုကိုသာ ဖန်တီးနိုင်ခဲ့ပေ၏။
သီချင်းသီဆိုသံများ ထွက်ပေါ်လာ၏။ ထျန်းလင်းအာက သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း ခုန်ပေါက်ကာ ပြန်ရောက်လာလေ၏။
သူမက ကျန်းရှောင်ဖန်းကို ကြည့်လိုက်ပြီးနောက် ထိုဝါးနက်ပင်ကို ကြည့်ကာ ခေါင်းယမ်းလိုက်၏။ ထို့နောက် ဓားမကိုမြှောက်ကာ ခုတ်ချရန် ပြင်လိုက်၏။
ကျန်းရှောင်ဖန်းက အလျင်အမြန် မေးလိုက်၏။
"စီနီယာအစ်မ... ဘာလုပ်မလို့လဲ။"
ထျန်းလင်းအာက စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်၏။
"နင့်ကို ကူခုတ်ပေးမလို့လေ။"
ကျန်းရှောင်ဖန်းက ခေါင်းယမ်းလိုက်ပြီး အပြင်းအထန် အသက်ရှူလျက် ပြောလိုက်၏။
"စီနီယာအစ်မကို ကျေးဇူးတင်ပေမယ့် မလိုပါဘူး။ ဒါက ကျွန်တော့်တာဝန်ဆိုတော့ ကျွန်တော့်ဘာသာ ပြီးအောင် လုပ်ပါ့မယ်။"
ထျန်းလင်းအာက နှာမှုတ်လိုက်ပြီး နေကို လက်ညှိုးထိုးပြကာ ပြောလေ၏။
"အခု ဘယ်အချိန်ရှိနေပြီလဲ နင် သိရဲ့လား။"
ကျန်းရှောင်ဖန်းက သွားကြိတ်ကာ ပြန်ပြောလိုက်၏။
"မှောင်သွားရင်တောင်မှ ကျွန်တော် ဆက်လုပ်ရမှာပဲ..."
"ငတုံး။"
ထျန်းလင်းအာက ရုတ်တရက် အော်ပြောလိုက်၏။ ကျန်းရှောင်ဖန်းမှာ လန့်သွားပြီး ခဏမျှ စကားပြောမထွက်နိုင်ဘဲ ထျန်းလင်းအာကိုသာ ငေးကြည့်နေမိလေ၏။
ထျန်းလင်းအာက မိခင်တစ်ယောက်ကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်၏။
"နင်က အချိန်ကိုလည်း မကြည့်ဘူး၊ တခြားသူတွေကိုလည်း မငဲ့ဘူး။ နင်က မှောင်တဲ့အထိ လုပ်ရမယ်ဆိုတော့ ငါကပါ နင်နဲ့အတူတူ မိုးချုပ်တဲ့အထိ နေပေးရမယ်လို့ ဆိုလိုတာလား။”
“နင် တကယ် အောင်မြင်ချင်တယ်ဆိုရင် နေ့တိုင်း ပိုကြိုးစားပြီး လေးနာရီအတွင်း ပြီးအောင်လုပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစား။ မှောင်တဲ့အထိ လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာမပြောနဲ့။"
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ဓားမမှာ လေထုကို ခွဲဖြတ်လျက် လွှဲချလိုက်ရာ လေးချက်မျှ ခုတ်ပြီးနောက်တွင် ဝါးပင်မှာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ကျန်းရှောင်ဖန်းမှာမူ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိချေ၏။
ထျန်းလင်းအာက သူ့ကိုကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"သွားကြမယ်။"
ထို့နောက် တောအုပ်အပြင်ဘက်သို့ လျှောက်သွားလေ၏။ ကျန်းရှောင်ဖန်းမှာ အနေရခက်ကာ ရှက်ရွံ့သွားပြီး ပိုမိုကြိုးစားရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်လေ၏။
ကျန်းရှောင်ဖန်းမှာ အလွန်ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် တာ့ကျူးတောင်ထိပ်သို့ ပြန်ရောက်လာခဲ့သည်။
မွန်းတည့်ချိန်ပင် ရောက်နေချေပြီ။ ထျန်းလင်းအာက ခန်းမဆောင်ဆီသို့ အသံတိတ် လျှောက်သွားလေသည်။
ကျန်းရှောင်ဖန်းက ခဏမျှ မတ်တတ်ရပ်နေပြီးနောက် သူ၏အခန်းဆီသို့ ခက်ခက်ခဲခဲ လျှောက်သွားလိုက်၏။ စင်္ကြံလမ်းအဝင်ဝတွင်မူ စီနီယာအစ်ကိုကြီး စုန့်တာ့ရန်က ရပ်နေပေ၏။
စုန့်တာ့ရန်က ပြုံးလျက် မေးလိုက်၏။
"ဘယ်လိုလဲ ညီငယ်လေး၊ ပင်ပန်းနေပြီလား။"
ကျန်းရှောင်ဖန်းက ပင်ပန်းနွမ်းနယ်စွာ ပြုံးပြပြီး ခေါင်းယမ်းပြလိုက်သည်။
စုန့်တာ့ရန်က သူ့ကိုကြည့်လိုက်ရာ ငယ်ရွယ်သေးသော်လည်း အတော်လေး ခေါင်းမာသည်ကို မြင်သောအခါ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
သူက ကျန်းရှောင်ဖန်း၏အခန်းသို့ အတူတကွ လျှောက်သွားပေးပြီးနောက် ပြောလိုက်လေ၏။
"ပုံမှန်အားဖြင့် မီးဖိုချောင်ထဲမှာ ရေနွေးရှိတယ်။ နောက်ပိုင်းကျရင် မင်း ပြန်ရောက်တာနဲ့ ရေသွားချိုးလို့ရတယ်။”
“ ပြီးရင် ခဏနေ နေ့လယ်စာ စားပေါ့။ မင်း အရင်နားလိုက်ဦး၊ နေ့လယ်စာစားဖို့ အချိန်ကျရင် ငါ လာပြောမယ်။ နေ့လယ်စာစားပြီးရင် ငါတို့ လုပ်စရာ အိမ်စာ နောက်တစ်ခု ရှိသေးတယ်။"
ကျန်းရှောင်ဖန်းက အံ့ဩတကြီးဖြင့် မေးလိုက်၏။
"နေ့လယ်ဘက်မှာလည်း အိမ်စာ ရှိသေးတယ်လား။"
စုန့်တာ့ရန်က ကျန်းရှောင်ဖန်း၏ အလွန်အမင်း တုံ့ပြန်မှုကို မြင်သောအခါ အနည်းငယ် လန့်သွားသော်လည်း အခြေအနေကို နားလည်သွားပြီး ပြုံးလိုက်လေ၏။
"အိုး... ငါ့အမှားပါ။ နေ့လယ်ပိုင်းဆိုတာ တပည့်တွေ ကျင့်စဉ်လေ့ကျင့်ရမယ့် အချိန်လေ။ ဒီနေ့ မင်းကို ကျင့်ကြံခြင်းရဲ့ အခြေခံတချို့ကို ငါ စပြီး သင်ပေးမယ်။"
ကျန်းရှောင်ဖန်းမှာ စိတ်သက်သာရာရသွားပြီး အံ့ဩဝမ်းသာစွာဖြင့် တီးတိုးမေးလိုက်၏။
"စီနီယာအစ်ကိုကြီး... ကျင့်ကြံခြင်းက အရမ်းစွမ်းအားကြီးလား။ လေ့လာရတာ အရမ်းခက်ခဲလား။"
စုန့်တာ့ရန်က ပြုံးလျက် ဖြေလေ၏။
"ကျင့်စဉ် နက်ရှိုင်းလာရင်တော့ သေချာပေါက် အလွန်စွမ်းအားကြီးတာပေါ့။ သင်ယူဖို့ ခက်ခဲသလား ဆိုတာကတော့ ကိုယ်ပိုင်စွမ်းရည်နဲ့ နားလည်နိုင်စွမ်းအပေါ်မှာ မူတည်တယ်။”
“ဒါပေမဲ့ မင်းရဲ့စွမ်းရည်က တခြားသူတွေလောက် မကောင်းဘူးဆိုရင်တောင် ကိစ္စမရှိပါဘူး။ မနေ့ညက ဆရာပြောတာ မင်းကြားတဲ့အတိုင်းပဲ၊ ပညာဆိုတာ အဆုံးအစမရှိဘူး၊ လုံ့လဝီရိယက မင်းရဲ့မိတ်ဆွေပဲ။”
“မင်းက ဇွဲရှိရှိနဲ့ ကြိုးစားလေ့ကျင့်နေသရွေ့ ဘယ်လောက်ပဲ ခက်ခဲပါစေ မင်း တတ်မြောက်လာမှာပါ။"
ကျန်းရှောင်ဖန်းက အားပါးတရ ခေါင်းညိတ်လိုက်လေ၏။
ထိုနေ့ နေ့လယ်စာစားချိန်တွင် ထျန်းပုယီက ကျန်းရှောင်ဖန်း သူ၏တာဝန်ကို မည်သို့လုပ်ဆောင်ခဲ့ကြောင်း မေးခွန်းအနည်းငယ် မေးမြန်းခဲ့၏။
ထျန်းလင်းအာက ကျန်းရှောင်ဖန်းကို အပြစ်တင်ကာ အလွန်အမင်း ပုံကြီးချဲ့ ပြောဆိုခဲ့သဖြင့် ကျန်းရှောင်ဖန်းမှာ မျက်နှာပူလာပြီး ခေါင်းပင် မမော့ဝံ့အောင် ဖြစ်ခဲ့ရ၏။
ထျန်းပုယီက သူမ၏စကားကို နားထောင်ပြီးနောက် ခေါင်းယမ်းကာ လက်ဝှေ့ယမ်းပြပြီး ပြောလိုက်၏။
"စားကြ။"
ထျန်းပုယီမှာ ကျန်းရှောင်ဖန်းကို ဆူပူရန်ပင် ပျင်းရိနေခြင်းဖြစ်သော်လည်း ကျန်းရှောင်ဖန်း၏အမြင်တွင်မူ ဆရာက သူ၏အပေါ် တကယ်ကို စိုးရိမ်ပူပန်နေကြောင်း ခံစားလိုက်ရ၏။
သူကိုယ်တိုင် ကောင်းစွာ မလုပ်ဆောင်နိုင်ခဲ့သော်လည်း ဆရာက သူ့ကို စိတ်မဆိုးဘဲ အလွန်သဘောထား ကြီးမြတ်လှပေ၏။ တကယ်ကို ရှားပါးလှသော ဆရာကောင်းတစ်ယောက်ပင် ဖြစ်၏။
သူ၏စိတ်ထဲတွင် ရှက်ရွံ့သွားပြီး နောက်ထပ် ဘာစကားမျှ မပြောဝံ့တော့ဘဲ အနာဂတ်တွင် ဆရာ့ကျေးဇူးကို ဆပ်နိုင်ရန် ပိုမိုကြိုးစားလေ့ကျင့်ရန် မိမိကိုယ်ကိုယ်သာ ကျိန်ဆိုလိုက်လေသည်။
နေ့လယ်စာစားပြီးနောက် ထျန်းပုယီက ခန်းမဆောင်သို့ ပြန်သွားလေ၏။
အခြားတပည့်များက ထိုက်ချိဂူဆီသို့ လျှောက်သွားကြချိန်တွင် စုန့်တာ့ရန်နှင့် ကျန်းရှောင်ဖန်း နှစ်ဦးတည်းသာ သူ၏အခန်းသို့ ပြန်လာခဲ့ကြ၏။ စုန့်တာ့ရန်က ပြောလိုက်၏။
"ညီငယ်လေး... ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်က အခြေခံတွေကို တကယ်အလေးထားတယ်။ မင်းက အခုမှ ရောက်ခါစဆိုတော့ အခြေခံကျင့်စဉ်ကို ငါသင်ပေးမယ်။”
“ငါပြောတာတွေကို မှတ်မိသွားပြီဆိုရင် မင်းဘာသာမင်း လေ့ကျင့်တော့။ နားမလည်တာရှိရင် ငါ့ကို လာမေး၊ ကြားလား။"
ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်ရာ စိတ်လှုပ်ရှားမှုများ မြင့်တက်လာလေ၏။
စုန့်တာ့ရန်၏ မျက်နှာမှာ တည်ကြည်သွားပြီး ပြောလိုက်၏။
"နောက်တစ်ချက် ငါ မင်းကို သတိပေးရမယ်။ ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်က အလွန်စွမ်းအားကြီးတဲ့အတွက် မကောင်းဆိုးဝါးဘက်က လူတွေက ငါတို့ကို စူးစမ်းထောက်လှမ်းဖို့ ကြိုးစားကြလိမ့်မယ်။”
“ဒီကျင့်စဉ်ကို သင်ယူပြီးတဲ့နောက်မှာ ငါတို့ဂိုဏ်းက တပည့်မဟုတ်တဲ့ တခြားဘယ်သူ့ကိုမှ ပြန်မသင်ပေးဘူးလို့ မင်း ကျိန်ဆိုရမယ်။"
ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ကောင်းစွာ နားမလည်သော်လည်း အခြေအနေကို ရိပ်စားမိသွား၏။ သူ၏မျက်နှာပေါ်တွင် ပြတ်သားမှုများ ပေါ်လွင်လာကာ ပြောလိုက်လေ၏။
"ဟုတ်ကဲ့ပါ နတ်ဘုရားတွေကို တိုင်တည်ပါတယ်။ တပည့် ကျန်းရှောင်ဖန်းက နောင်အနာဂတ်မှာ ချင်းယွင်ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်ကို တခြားသူတစ်ယောက်ယောက်ကို ပြန်ပြောပြခဲ့ရင် မိုးကြိုးပစ်ခတ်ခံရပြီး ခန္ဓာကိုယ်အကြွင်းအကျန်တောင် မကျန်ဘဲ သေဆုံးပါစေ။"
စုန့်တာ့ရန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သူ့ကို စားပွဲရှေ့တွင် ထိုင်စေ၏။
ရှေးဦးစွာ ကျန်းရှောင်ဖန်းကို တရားထိုင်နည်း သင်ပေးပြီးနောက် ခန္ဓာကိုယ်၏ ချီလှည့်ပတ်မှုအကြောင်းကို အကြမ်းဖျင်း ရှင်းပြလေ၏။
နောက်ဆုံးတွင် သူက ထိုက်ချိရွှမ်ချင်တာအို ၏ ပထမအဆင့် ကျင့်ကြံခြင်းနည်းလမ်းကို သင်ကြားပေးလိုက်ပေ၏။
ထိုက်ချိရွှမ်ချင်တာအို သည် ချင်းယွင်ဂိုဏ်းရှိ မှော်ပညာရပ်များအားလုံး၏ အခြေခံဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်က ဆရာသခင် ချင်းယွင်ကျီမှ အမည်မသိ ကျမ်းစာတစ်အုပ်ထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။
မျိုးဆက်ပေါင်းများစွာသော ချင်းယွင်ဂိုဏ်းဆရာများ၏ သုတေသနပြုမှုများမှတစ်ဆင့် ယနေ့ခေတ်တွင်မူ ၎င်းသည် စွမ်းအားကြီးမားပြီး အံ့မခန်းဖွယ် အထွတ်အထိပ် ကျင့်စဉ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်၏။
ထိုက်ချိရွှမ်ချင်တာအိုတွင် ယွီချင်းအဆင့်၊ ရှန်ချင်းအဆင့်၊ ထိုက်ချင်းအဆင့်ဟူ၍ အဆင့်သုံးဆင့် ရှိ၏။
ချင်းယွင်ဂိုဏ်းမှ တပည့်အများစုမှာ ဉာဏ်ရည်ထက်မြက်သူ အများအပြား အပါအဝင် တစ်သက်တာလုံး အချိန်ယူခဲ့လျှင်ပင် ယွီချင်းအဆင့်ကို မဖောက်ထွင်းနိုင်ကြပေ။
သို့တိုင်အောင် ယွီချင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသူများမှာလည်း ရှားပါးနေပြီ ဖြစ်လေ၏။
စုစုပေါင်း အဖွဲ့ဝင်ထောင်ပေါင်းများစွာရှိသော ချင်းယွင်ဂိုဏ်းတွင် ယွီချင်းအဆင့်ကို ကျော်ဖြတ်၍ ရှန်ချင်းအဆင့်သို့ ဝင်ရောက်နိုင်သူမှာ ချင်းယွင်ဂိုဏ်းချုပ် တာအိုရွှမ်အပါအဝင် လူဆယ်ယောက်ခန့်သာ ရှိပေ၏။
သို့သော် ထိုလူများဖြင့်ပင် ချင်းယွင်ဂိုဏ်းမှာ ကျင့်ကြံသူများကြားတွင် အင်အားအကြီးဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်လာခဲ့၏။
ဒဏ္ဍာရီလာ ထိုက်ချင်းအဆင့်နှင့် ပတ်သက်၍မူ ဒဏ္ဍာရီများအရ ဆရာသခင် ချင်းရဲ့ တစ်ဦးတည်းသာ ထိုအဆင့်သို့ ရောက်ရှိခဲ့ဖူးလေ၏။