← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃) တာဝါနှင့်ဖူဝါ

စုန့်တာ့ရန်မှာ ဆရာတစ်ဦးအဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်ရခြင်းဖြစ်ရာ ကျန်းရှောင်ဖန်းက ပါးပြင်ကို လက်ဖြင့်ထောက်ကာ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်သောအခါ သူသည် စိတ်အားထက်သန်မှုများ တိုးပွားလာပြီး ဆက်လက်ရှင်းပြနေလေတော့၏။

“ထိုက်ချိရွှမ်ချင်တာအို ကျင့်စဉ်က ရိုးရှင်းရာမှသည် အရှုပ်ထွေးဆုံးဆီသို့ တက်လှမ်းရတာမျိုးပဲ။”

“လူအများစုဟာ ယွီချင်းအဆင့်ရဲ့ ပထမအဆင့်ကို ကျွမ်းကျင်ဖို့ တစ်နှစ်လောက်ပဲ အချိန်ယူရပေမဲ့ နောက်ပိုင်းမှာတော့ ပိုကြီးမားတဲ့ အခက်အခဲတွေ ပေါ်လာလိမ့်မယ်။”

“သာမန်လူတွေအနေနဲ့ ဒုတိယအဆင့်အတွက် ငါးနှစ်လောက် လိုအပ်တယ်။ တတိယအဆင့်ကတော့ ရေဝေကုန်းတန်းတစ်ခုလိုပဲ၊ အားကောင်းသူနဲ့ အားနည်းသူကို ခွဲခြားပေးလိုက်တာပဲ။”

“အရည်အချင်း နည်းနည်းညံ့သွားရင် သူတို့တစ်သက်လုံး အဲဒီအဆင့်မှာပဲ တစ်ဆို့နေလိမ့်မယ်။ ပိုပြီးထူးချွန်တဲ့သူတွေတောင် နှစ်ငါးဆယ်ကနေ ခြောက်ဆယ်အထိ အချိန်ယူရနိုင်တယ်။”

ကျန်းရှောင်ဖန်းမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရရှာ၏။ စုန့်တာ့ရန်က ပြုံးလိုက်ပြီး ဆက်ပြောလေသည်။

“ထိုက်ချိရွှမ်ချင်တာအိုရဲ့ အဓိကကျင့်စဉ် မန္တန်တွေဟာ တတိယအဆင့်မှာတင် အကြမ်းဖျင်း ပြီးစီးသွားတာပဲ။ အဲဒီနောက်ပိုင်းကစပြီး ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကိုယ်တိုင်လေ့လာမှုအပေါ်မှာပဲ မူတည်သွားပြီ။”

“ကျင့်ကြံမှုမြင့်မားတဲ့ ဆရာတစ်ယောက်က အနည်းငယ်တော့ ကူညီပေးနိုင်ပေမဲ့ အတွေ့အကြုံဆိုတာကတော့ ကိုယ်ပိုင်ကိစ္စပဲလေ။”

“ဆရာတွေက တပည့်တွေ လမ်းမှားမရောက်အောင်ပဲ လုပ်ပေးနိုင်တာ။ ဒီ ‘လမ်းမှား’ ဆိုတာကလည်း နှစ်တစ်ရာ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ အချိန်အတိုင်းအတာနဲ့ တိုင်းတာထားတာမျိုးပေါ့။”

“ထိုက်ချိရွှမ်ချင်တာအို ကျင့်စဉ်ဟာ ယွီချင်းအဆင့် (၄) ကို ရောက်သွားတဲ့အခါ အခြေခံသဘောတရားတွေကို ကျွမ်းကျင်သွားပြီလို့ ဆိုလိုတာပဲ။”

“အဲဒီအခါမှာ တပည့်တွေဟာ မတူညီတဲ့ မှော်အတတ်တွေကို ကျင့်ကြံနိုင်ပြီး ကိုယ်ပိုင်မှော်လက်နက်တွေကို ဖန်တီးနိုင်ပြီပေါ့။”

“မှော်လက်နက်တွေရဲ့ ဇာစ်မြစ်ကတော့ ဇာတ်လမ်းရှည်ကြီးပဲ။ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေအရတော့ ကောင်းကင်ဘုံက နတ်ဘုရားတွေဟာ ပြိုင်ဘက်ကင်းစွမ်းအားတွေရှိတဲ့ ကိုယ်ပိုင်မှော်လက်နက်တွေ ပိုင်ဆိုင်ကြတယ်လို့ ဆိုကြတယ်။”

“လူလောကမှာလည်း ကျင့်ကြံသူတွေဟာ ဒါတွေကို ဖန်တီးနိုင်စွမ်း ရှိလာကြတယ်။”

“စွမ်းအားအားနည်းတဲ့သူတွေက လျှပ်စီးလို အမြန်နှုန်းနဲ့ ပျံသန်းနိုင်ကြပြီး အားကောင်းတဲ့သူတွေကတော့ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေနိုင်သလို တောင်တွေ မြစ်တွေကိုပါ ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြတယ်။”

“မှော်လက်နက်ပြုလုပ်တဲ့ ပစ္စည်းအမျိုးအစား အများအပြားရှိပြီး တချို့က ထူးဆန်းကြတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ မှော်လက်နက်ရဲ့ ပါဝင်ပစ္စည်းက ဖန်တီးပြီးသွားတဲ့အခါ သူ့ရဲ့စွမ်းအားကို ဆုံးဖြတ်ပေးတာပဲ။”

“သာမန်သံကိုပဲ အသုံးပြုပြီး ‘မိုးကြိုးဓား’ ကို သွန်းလုပ်မယ်ဆိုရင် ရန်သူတွေကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရခင်မှာ ဓားရော ပိုင်ရှင်ပါ ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်။”

ချင်းယွင်ဂိုဏ်းတွင်မူ ဆရာသခင် ချင်းယဲ့သည် ဟွမ်ယွဲ့ဂူထဲမှ ရှေးဟောင်းဓား ကျူးရှန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သောကြောင့် နှောင်းလူငယ်မျိုးဆက်များစွာက သူ့ကို လေးစားရုံသာမက လူအများစုမှာ ဓားကိုပင် သူတို့၏ မှော်လက်နက်အဖြစ် အသုံးပြု၍ ကျင့်ကြံကြလေသည်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် လူအများအပြားသည် ဓားသမားများ ဖြစ်လာခဲ့ကြပြီး ၎င်းမှာ ချင်းယွင်ဂိုဏ်း၏ ရေးမထားသော စည်းမျဉ်းတစ်ခုလိုပင် ဖြစ်လာခဲ့ကာ ‘ချင်းယွင်ဓားဂိုဏ်း’ ဟု အမည်ပြောင်းလဲသွားခြင်းမှာလည်း အံ့သြစရာမဟုတ်ပေ။

ဤနေရာတွင် တာ့ကျူးတောင်ထွတ်၏ အကြီးအကဲဖြစ်သူ ထျန်းပုယီအကြောင်း အသေးစိတ် ဖော်ပြရန် လိုအပ်ပေသည်။

သူကိုယ်တိုင်မှာ ‘မီးလျှံဝိညာဉ်’ ဟူသော ဓားမှော်လက်နက်ကို ဖန်တီးခဲ့ပြီး ၎င်းမှာ ချင်းယွင်ဂိုဏ်း၏ အကျော်ကြားဆုံး ဓားများထဲမှ တစ်လက်ဖြစ်၏။

သို့ရာတွင် အကြောင်းအရင်းမသိရဘဲ သူသည် သူ၏တပည့်များကို ဓားကျင့်စဉ် ကျင့်ရန် တိုက်တွန်းလိုခြင်း မရှိချေ။

ထို့အပြင် သူ၏တပည့်များကို ခြားနားသော မှော်လက်နက် အမျိုးအစားများ ဖန်တီးရန် မကြာခဏ အားပေးလေ့ရှိရာ ချင်းယွင်ဂိုဏ်းအတွင်း ဝေဖန်မှုအချို့ကိုပင် ဖြစ်ပေါ်စေခဲ့လေသည်။

သို့သော် ရေးဆွဲထားသော စည်းမျဉ်းမရှိခြင်းနှင့် ဒုတိယအချက်အနေဖြင့် ထျန်းပုယီ၏ တပည့်များမှာ အရည်အချင်း သာမန်သာရှိပြီး အရေအတွက်လည်း နည်းပါးသောကြောင့် လူအများက ၎င်းတို့ကို လွတ်လပ်စွာပင် ထားလိုက်ကြ၏။

တာ့ကျူးတောင်ထွတ်၏ တပည့်အားလုံးထဲတွင် စီနီယာအစ်ကိုကြီး စုန့်တာ့ရန်မှာ အမြင့်ဆုံး ကျင့်ကြံမှုအဆင့်ကို ထိန်းသိမ်းထားနိုင်ပြီး ထိုက်ချိရွှမ်ချင်တာအို ယွီချင်းပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

သူ၏နောက်တွင်မူ စတုတ္ထတပည့် ဟယ်တာ့ကျစ်က စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူသည် ဝူတာ့ရီ၊ ကျန်းတာ့လီတို့ထက် နောက်ကျမှ စတင်ခဲ့သော်လည်း တပည့်အားလုံးထဲတွင် ဉာဏ်အကောင်းဆုံးဖြစ်ရာ နောက်ကျမှ စတင်ခဲ့သော်ငြား အမီလိုက်နိုင်ခဲ့ပေသည်။

ဒုတိယတပည့် ဝူတာ့ရိ၊ တတိယတပည့် ကျန်းတာ့လီ၊ ပဉ္စမတပည့် လုတာ့ရှင်း၊ ဆဋ္ဌမတပည့်တို့မှာမူ ယွီချင်းတတိယအဆင့်တွင် ရုန်းကန်နေရဆဲ ဖြစ်လေသည်။

သို့သော် စီနီယာညီမငယ် ထျန်းလင်းအာမှာမူ ထူးကဲသော ဉာဏ်ရည်ရှိပြီး သူမ ကလေးဘဝကတည်းက မိဘများက ဂရုတစိုက် သင်ကြားပေးခဲ့ကြ၏။

သူမသည် အသက်ဆယ်နှစ်အရွယ်တွင် ဝါးခုတ်သည့်အလုပ်ကို စတင်လုပ်ဆောင်ခဲ့သော်လည်း ထိုက်ချိရွှမ်ချင်တာအိုကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်သည်။

အသက်ဆယ့်သုံးနှစ်အရွယ်တွင် ယွီချင်းစတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ပြီး မှော်လက်နက်ကို အသုံးပြုနိုင်ပြီဖြစ်ကာ ချင်းယွင်ဂိုဏ်းရှိ နာမည်ကြီး ပါရမီရှင်ကလေးငယ်များထဲမှ တစ်ဦးအဖြစ် လူသိများလေသည်။

မိဘများနှင့် အကြီးအကဲများ၏ အချစ်တော်ဖြစ်သော သူမအား စုရုက သူမ၏ ကျော်ကြားလှသော ဖီးနစ်ဝိညာဉ်ကို ကိုယ်ပိုင်ကာကွယ်ရေး မှော်လက်နက်အဖြစ် ပေးအပ်ထားလေသည်။

“ဝါး... စီနီယာအစ်မက တကယ်ကို တော်တာပဲ။” ကျန်းရှောင်ဖန်းက အံ့သြတကြီး ပြောလိုက်၏။

စုန့်တာ့ရန်က ပြုံးလိုက်ပြီး “ဟုတ်တယ်၊ ညီမငယ်လေးက အရမ်းဉာဏ်ကောင်းတာ။ ကျင့်ကြံခြင်းမှာ ပါရမီအထူးပါတယ်။”

“ဆရာနဲ့ ဆရာကတော်က တစ်ခုခုသင်ပေးလိုက်ရင် သူက ချက်ချင်းနားလည်သဘောပေါက်တာပဲ။ သူ့ရဲ့ အရည်အချင်းက ငါတို့ထက် အများကြီးသာတယ်။”

“အခုတော့ သူက ငယ်သေးလို့ ကျင့်ကြံမှုမလုံလောက်သေးတာ၊ အချိန်တန်ရင် ငါတို့ထက် အများကြီး ပိုအောင်မြင်လာမှာပါ။ ငါတို့ တာ့ကျူးတောင်ထွတ် ထွန်းကားဖို့က သူ့အပေါ်မှာပဲ မူတည်နေတာ။” ဟု ဆိုလေသည်။

သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး ချစ်စဖွယ်ကောင်းသော ညီမငယ်လေးအပေါ်တွင် ယုံကြည်ကိုးစားထားကြောင်း သိသာလှပေသည်။

ထို့နောက် စုန့်တာ့ရန်က ကျန်းရှောင်ဖန်းအား ကျင့်ကြံနေစဉ်အတွင်း အထူးဂရုပြုရမည့် အချက်အချို့ကို ပြောပြပြီးနောက် နောက်ဆုံးတွင် အလေးအနက်ထား၍ မှာကြားလေသည်။

“ညီငယ်လေး... ငါ မင်းကို နောက်ဆုံးတစ်ခု မှာချင်တယ်။ ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်က ဖြည်းဖြည်းချင်းနဲ့ အခြေခိုင်အောင် ကျင့်ကြံရတာမျိုးပဲ။”

“အကယ်၍ မင်းက လောဘတက်ပြီး ဖြတ်လမ်းလိုက်ချင်ရင် အလုပ်မဖြစ်ရုံတင်မကဘဲ ဘေးဒုက္ခပါ ကြုံရလိမ့်မယ်။ အောင်မြင်တာ မအောင်မြင်တာက ကံတရားအပေါ်မှာလည်း မူတည်နေတာမို့လို့ အတင်းအဓမ္မ မလုပ်သင့်ဘူး။”

“နတ်ဆိုးလမ်းစဉ် လိုက်တဲ့သူတွေကတော့ သူတို့ရဲ့ လောဘကို မထိန်းနိုင်ကြလို့ သဘာဝတရားရဲ့ စီရင်မှုကို ခံရတတ်ကြတယ်။ မင်း အထူးသတိထားရမယ်။”

ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့ စီနီယာအစ်ကိုကြီး၊ ကျွန်တော် နားလည်ပါပြီ။”

စုန့်တာ့ရန်က ခေါင်းညိတ်ပြကာ မတ်တတ်ရပ်လိုက်ပြီး “ဒါဆို ဒီလောက်ပဲ။ ထိုက်ချိဂူက တောင်နောက်ဘက်မှာ ရှိတာ။ ယွီချင်းတတိယအဆင့် ရောက်တဲ့ တပည့်တွေပဲ အဲဒီမှာ သွားကျင့်ကြံလို့ရတာ။”

“အဲဒီမတိုင်ခင်အထိတော့ မင်းရဲ့အခန်းထဲမှာပဲ ကျင့်ကြံပေါ့။ ဒီနေရာက တိတ်ဆိတ်ပါတယ်၊ ဆရာနဲ့ ဆရာကတော်ကလည်း များသောအားဖြင့် မလာတတ်ဘူး။ ဒါကြောင့် ကြိုးစားပါဦး။” ဟု ဆိုလေသည်။

ကျန်းရှောင်ဖန်းကလည်း မတ်တတ်ရပ်ကာ “ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး။” ဟု ပြောလိုက်၏။

စုန့်တာ့ရန်က ပြုံးလျက် ကျန်းရှောင်ဖန်း၏ ခေါင်းကို ပုတ်ပေးပြီးနောက် ထွက်ခွာသွားလေတော့သည်။

စုန့်တာ့ရန် ထွက်သွားပြီးနောက် ကျန်းရှောင်ဖန်းမှာ မိမိအခန်းထဲသို့ ပြန်ဝင်ကာ တံခါးပိတ်လိုက်၏။

သူ၏ရင်ထဲတွင် ဖော်ပြမတတ်နိုင်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီး ဝါးခုတ်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေမှုများပင် ပျောက်ကွယ်သွားသလို ခံစားရလေသည်။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ကုတင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။

စုန့်တာ့ရန် သင်ပေးခဲ့သည့်အတိုင်း တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်လေသည်။

ထိုက်ချိရွှမ်ချင်တာအို ယွီချင်းပထမအဆင့်၏ မန္တန်များကို ပြန်လည်အမှတ်ရကာ ကျင့်ကြံရန် ပြင်လိုက်သော်လည်း ရုတ်တရက်ဆိုသလို သူ၏နှလုံးသားထဲတွင် တစ်စုံတစ်ခုကို သတိရသွားပြီး မျက်လုံးများ ပွင့်လာကာ “ဒါ... ဒါ မဟုတ်သေးဘူး။” ဟု ရေရွတ်မိလေသည်။

စုန့်တာ့ရန် သင်ပေးခဲ့သော ယွီချင်းပထမအဆင့်မှာ အခြေခံအကျဆုံးဖြစ်သည့် ‘ချီဆွဲယူခြင်း’ ပင် ဖြစ်သည်။

ကျင့်ကြံသူတစ်ဦး တရားထိုင်သည့်အခါ စိတ်ကို ဖွင့်ထားရမည်ဖြစ်ပြီး အာရုံနောက်စရာများကို ဖယ်ရှားကာ ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်ချီများကို ခန္ဓာကိုယ်ထဲသို့ ဆွဲယူရခြင်း ဖြစ်သည်။

ထို့နောက် ချီကို အသုံးပြုကာ ကမ္ဘာလောကနှင့် မိမိကိုယ်ကို တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ရ၏။

အကယ်၍ ဝိညာဉ်ချီကို ခန္ဓာကိုယ်အတွင်း (၃၆) ကြိမ် ဆက်တိုက် လှည့်ပတ်နိုင်ပြီဆိုပါက ခန္ဓာကိုယ်၏ သွေးကြောများ တည်ငြိမ်သွားပြီး မြင့်မားသော အဆင့်များကို ဆက်လက်ကျင့်ကြံနိုင်မည် ဖြစ်သည်။

ဤကျင့်စဉ်မှာ တာအိုကျင့်စဉ်တွင် နှစ်ပေါင်းထောင်ချီ၍ တည်ရှိခဲ့ခြင်း ဖြစ်သဖြင့် မှားယွင်းရန် အကြောင်းမရှိပေ။

သို့သော် ထိုခဏတွင် ကျန်းရှောင်ဖန်း၏ စိတ်မှာ မုန်တိုင်းထန်နေသကဲ့သို့ တုန်လှုပ်နေ၏။

အဘယ်ကြောင့်ဆိုသော် ယနေ့ သူသင်ယူခဲ့သမျှ အရာအားလုံးမှာ ဖူကျစ်သင်ပေးခဲ့သော မန္တန်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်ပင်။

မြက်ဘုရားကျောင်းရွာ သတ်ဖြတ်မှု မတိုင်မီညက ဖူကျစ်မှာ ကျန်းရှောင်ဖန်းအား မန္တန်သင်ပေးစဉ်က တရားထိုင်သည့်အခါ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ရန်နှင့် မိမိကိုယ်ကိုယ်သာ ပြန်လည်သုံးသပ်ရန် အတိအကျ မှာကြားခဲ့လေသည်။

“ရုပ်သည် သုညသာတည်း၊ သုညသည်လည်း ရုပ်သာတည်း။ ရုပ်သည် သုညထက် မထူးခြား၊ သုညသည်လည်း ရုပ်ထက် မထူးခြား။”

“ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့သည်လည်း ထို့အတူပင် ဖြစ်၏။ တရားတို့သည် နတ္တိသာ ဖြစ်၏၊ မူလအလွတ်သဘောသာ ဖြစ်၏။”

“ဖြစ်ခြင်းလည်းမရှိ၊ ပျက်ခြင်းလည်းမရှိ၊ ညစ်နွမ်းခြင်းလည်းမရှိ၊ စင်ကြယ်ခြင်းလည်းမရှိ၊ ယုတ်လျော့ခြင်းလည်းမရှိ၊ တိုးပွားခြင်းလည်းမရှိပေ။”

“ထို့ကြောင့် နတ္တိ၌ ရုပ်မရှိ၊ ဝေဒနာမရှိ၊ သညာမရှိ၊ သင်္ခါရမရှိ၊ ဝိညာဉ်မရှိ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် မရှိ။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မအာရုံ မရှိ။ အဝိဇ္ဇာမရှိ၊ အဝိဇ္ဇာကုန်ဆုံးခြင်းလည်းမရှိ၊ အိုခြင်း သေခြင်းမရှိ၊ အိုခြင်း သေခြင်း ကုန်ဆုံးခြင်းလည်းမရှိ။ ဆင်းရဲခြင်းမရှိ၊ ဆင်းရဲကြောင်းမရှိ၊ ဆင်းရဲချုပ်ခြင်းမရှိ၊ ဆင်းရဲချုပ်ရာလမ်းစဉ်မရှိ၊ ရရှိအပ်သော ဉာဏ်မရှိ၊ ရရှိခြင်းလည်း နတ္တိသာတည်း။”

ထိုအဓိပ္ပာယ်များကို ကျန်းရှောင်ဖန်းအနေဖြင့် ရှင်းရှင်းလင်းလင်း နားမလည်နိုင်သည်မှာ အမှန်ပင်။

သို့သော် ထိုမန္တန်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု လုံးဝကွဲပြားနေသည်ကိုတော့ သူသိနေလေသည်။ သူသည် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားရပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

အမှန်စင်စစ် ကျန်းရှောင်ဖန်း မသိခဲ့သည်မှာ ထိုက်ချိရွှမ်ချင်တာအိုသည် တာအိုကျင့်စဉ်၏ အခြေခံမန္တန် ဖြစ်သော်လည်း ဖူကျစ်ပေးခဲ့သော ‘ဗြဟ္မာ့ဉာဏ်တော်’ မှာလည်း ဖူဝါကျင့်စဉ်၏ အမြင့်ဆုံးမန္တန် ဖြစ်နေခြင်းတည်း။

ကျင့်စဉ်နှစ်ခုလုံးမှာ ကွဲပြားသော ကျင့်ကြံနည်းများဖြင့် အခြေခံထားခြင်း ဖြစ်၏။ တာအိုကျင့်စဉ်မှာ ‘တာအို’ ကို အခြေခံပြီး မိမိကိုယ်ကို သဘာဝတရားနှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ကာ ပြင်ပစွမ်းအားများကို ထိန်းချုပ်ရန် အဓိကထားသည်။

သို့သော် ဖူဝါကျင့်စဉ်မှာမူ ‘မိမိကိုယ်ကို သိမြင်ခြင်း’ ကို အခြေခံပြီး စိတ်နှလုံးအတွင်းပိုင်းကိုသာ အဓိကထား၍ ကျင့်ကြံခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာနှင့် တာအိုအတွေးအခေါ်များမှာ အလွန်ပင် ကွဲပြားသဖြင့် ကျင့်ကြံပုံမှာလည်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

သို့သော် လူအများက မိမိတို့၏ လျှို့ဝှက်ချက်များကို နှစ်ပေါင်းထောင်ချီ၍ လျှို့ဝှက်ထားခဲ့ကြသဖြင့် မည်သူမျှ ဤအချက်ကို မသိခဲ့ကြပေ။

ယခုမူ ချင်းယွင်ဂိုဏ်း တာ့ကျူးတောင်ထွတ်မှ ကျန်းရှောင်ဖန်းဟူသော တပည့်ငယ်လေးမှာ ဤကိစ္စကြောင့် ခေါင်းခဲနေရလေတော့သည်။

“ဘယ်ဟာက အမှန်လဲ။”

ကျန်းရှောင်ဖန်းမှာ ကုတင်ပေါ်မှ ဆင်းကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိ၏။ သူ၏စိတ်မှာ ရှုပ်ထွေးနေသော်လည်း မည်သူ့ကိုမျှ မမေးဝံ့ပေ။

နောက်ဆုံးတွင် သူသည် ကုတင်ပေါ်တွင် ပြန်ထိုင်ကာ သက်ပြင်းချလိုက်မိလေသည်။ သူသည် မူလကပင် ဉာဏ်ကောင်းသူ မဟုတ်သဖြင့် တစ်နေ့လုံး စဉ်းစားသော်လည်း အဖြေရှာမရပေ။

နောက်ဆုံးတွင် ကျန်းရှောင်ဖန်းက သူ့ကိုယ်သူ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ ဆရာဖူကျစ်ကလည်း ငါ့ကို ဒါတွေမပြောခဲ့ဘူးပဲ။ ဒါကြောင့် နှစ်ခုလုံးကိုပဲ ကျင့်တော့မယ်။ ဒါဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး။”

ထိုသို့ စဉ်းစားလိုက်မှ စိတ်ပေါ့ပါးသွားပြီး ထိုက်ချိရွှမ်ချင်တာအိုကို စတင်ကျင့်ကြံလေတော့သည်။

သူသည် လွယ်ကူလိမ့်မည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ် ကျင့်ကြံသည့်အခါတွင်မူ လုံးဝ ကွဲပြားသွားခဲ့၏။

ထိုက်ချိရွှမ်ချင်တာအိုမှာ ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ သွင်းရခြင်း ဖြစ်သော်လည်း ဗြဟ္မာ့ဉာဏ်တော်မှာမူ ပြင်ပအာရုံများကို ဖြတ်တောက်ပြီး အတွင်းအားကို တည်ဆောက်ရခြင်း ဖြစ်သည်။

ကျင့်စဉ်နှစ်ခုမှာ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် ကျန်းရှောင်ဖန်းမှာ အလွန်ပင် ခက်ခဲစွာ ရုန်းကန်ရလေသည်။ နောက်ထပ် သုံးလတာ ကာလအတွင်း သူသည် နေ့စဉ် ဝါးခုတ်ခြင်းအပြင် ကျင့်စဉ်နှစ်ခုလုံးကို ကြိုးစားကျင့်ကြံခဲ့၏။

သို့သော် သူသည် ထိုက်ချိရွှမ်ချင်တာအိုကို အနည်းငယ် တတ်မြောက်လာသည့်အခါ ဗြဟ္မာ့ဉာဏ်တော်ကို ကျင့်ကြံရန်အတွက် ပြင်ပအာရုံများကို ပြန်လည်ဖြတ်တောက်ရသဖြင့် ယခင်က ရရှိခဲ့သော စွမ်းအင်များမှာ အလဟဿ ဖြစ်သွားရပြန်သည်။

သုံးလကြာပြီးနောက် တစ်နေ့တွင် ထျန်းပုယီမှာ စိတ်ဝင်တစားဖြင့် ကျန်းရှောင်ဖန်း၏ ကျင့်ကြံမှုကို လာရောက်စစ်ဆေးရာမှ ဒေါသအလွန်အမင်း ထွက်သွားရလေတော့သည်။

သာမန်လူတစ်ယောက်အတွက် ပထမအဆင့်မှာ အလွန်လွယ်ကူသဖြင့် သုံးလအတွင်း ချီကို သုံးကြိမ်မှ ငါးကြိမ်အထိ လှည့်ပတ်နိုင်ရမည် ဖြစ်သော်လည်း ကျန်းရှောင်ဖန်းမှာမူ ချီကို အနည်းငယ်မျှပင် မထိန်းချုပ်နိုင်သေးသည်ကို တွေ့ရသောကြောင့် ဖြစ်၏။

ထျန်းပုယီက ကျန်းရှောင်ဖန်းကို ဒေါသတကြီး စိုက်ကြည့်နေသဖြင့် အနားတွင်ရှိသော တပည့်များမှာ စိုးရိမ်နေကြသော်လည်း မည်သူမျှ စကားမပြောဝံ့ကြပေ။

စုန့်တာ့ရန်မှာ ကျန်းရှောင်ဖန်းအတွက် ရှေ့နေလိုက်ပေးချင်သော်လည်း မိမိသင်ပေးထားသော တပည့်မှာ ဤမျှညံ့ဖျင်းနေသည်ကို မြင်သောအခါ ဘာမှမပြောနိုင်တော့ပေ။

ထျန်းလင်းအာမှာမူ ၎င်းကို ပြက်လုံးတစ်ခုကဲ့သို့ သဘောထားကာ ရယ်မောနေလေသည်။

ကျန်းရှောင်ဖန်းမှာ အရှက်ရစွာဖြင့် ထျန်းပုယီ၏ ရှေ့တွင် ဒူးထောက်နေမိ၏။ ဆရာက မည်မျှပင် ဆူပူပါစေ မိမိက ခံရမည်ဟု တွေးထားသော်လည်း အချိန်အတော်ကြာသည်အထိ ဘာသံမျှ ထွက်မလာပေ။

သူသည် ခိုးကြည့်လိုက်သောအခါ ထျန်းပုယီ၏ မျက်နှာမှာ ဒေါသထွက်နေသည့်ပုံစံမှ စိတ်ပျက်သွားသည့် ပုံစံသို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားလေသည်။

ထျန်းပုယီသည် လက်ကို ခါလိုက်ပြီးနောက် ခေါင်းခါလျက် ဘာမှမပြောဘဲ သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကြီးကို လှုပ်ရှားကာ နောက်ခန်းသို့ ထွက်ခွာသွားလေတော့သည်။

တပည့်များအားလုံးမှာလည်း ဘာဖြစ်သွားမှန်း မသိသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြရုံသာ ရှိလေသည်။

စုန့်တာ့ရန်မှာ ထျန်းပုယီကို သိနေသည်မှာ ကြာပြီဖြစ်သဖြင့် ဆရာမှာ ညီငယ်လေးအပေါ် မျှော်လင့်ချက် လက်လျှော့ပြီ ဖြစ်ကြောင်း ရိပ်မိလိုက်၏။

ပြီးခဲ့သော သုံးလအတွင်း ကျန်းရှောင်ဖန်းမှာ ကျင့်ကြံရုံသာမက အားလပ်သည့်အချိန်များတွင် သူတစ်ပါးကို ကူညီတတ်သဖြင့် အားလုံးက သူ့ကို ချစ်ခင်ကြလေသည်။

ဂုဏ်မောက်တတ်သော ထျန်းလင်းအာပင်လျှင် အသက်တူကစားဖော် ရသဖြင့် အပေါ်ယံတွင် ဆူပူတတ်သော်လည်း အတွင်းစိတ်တွင် ပျော်ရွှင်နေတတ်၏။

စုန့်တာ့ရန်က ကျန်းရှောင်ဖန်းကို ဆွဲထူလိုက်ပြီး အားပေးစကား ဆိုလေသည်။

“ညီငယ်လေး... ဆရာက ခဏပဲ ဒေါသထွက်တာပါ။ ဒါကြောင့် စိတ်မပျက်ဘဲ ဆက်ကြိုးစားရင် တစ်နေ့မှာ ဆရာက မင်းကို အသိအမှတ်ပြုလာမှာပါ။”

ကျန်းရှောင်ဖန်းမှာလည်း ရင်ထဲတွင် ရှက်စိတ်များဖြင့် ခေါင်းညိတ်ပြကာ ထိုနေ့မှစ၍ ပိုမိုကြိုးစားလေတော့သည်။

သူသည် နံနက်တိုင်း ထျန်းလင်းအာနှင့်အတူ ဝါးခုတ်ရန် သွားလေသည်။ သာမန်တပည့်များမှာ သုံးလအတွင်း ဝါးနက်တစ်ပင်ကို ခုတ်နိုင်ကြသော်လည်း ကျန်းရှောင်ဖန်းမှာမူ တစ်နှစ်ခွဲကြာမှ ပထမဆုံး ဝါးနက်ပင်ကို ခုတ်နိုင်ခဲ့၏။

သို့သော် နေ့စဉ်အလုပ်များ လုပ်ဆောင်နေရသဖြင့် သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သန်မာလာပြီး အနည်းဆုံးတော့ တောင်ပေါ်တက်ရသည်မှာ မပင်ပန်းတော့ပေ။

ထိုအချိန်မှစ၍ ထျန်းပုယီမှာ ကျန်းရှောင်ဖန်း၏ ကျင့်ကြံမှုအကြောင်းကို မမေးတော့ပေ။

စုန့်တာ့ရန်မှာလည်း အစပိုင်းတွင် မေးမြန်းခဲ့သော်လည်း နောက်ပိုင်းတွင် ကျန်းရှောင်ဖန်း၏ တိုးတက်မှုမှာ အလွန်နှေးကွေးလွန်းသဖြင့် သူလည်း မမေးတော့ဘဲ နေလိုက်လေတော့သည်။

ကျန်းရှောင်ဖန်းမှာလည်း မိမိ၏ အရည်အချင်း မကောင်းကြောင်း သိသဖြင့် ဘာမှမဖြစ်သလိုပင် နေလေသည်။

ကျင့်စဉ်နှစ်ခုလုံးကို ကျင့်ကြံနေသဖြင့် နှေးကွေးရခြင်း ဖြစ်သည်ဟု ရံဖန်ရံခါ တွေးမိသော်လည်း ထိုသို့တွေးမိတိုင်း ဖူကျစ်ကို သတိရကာ ဆက်လက်ကျင့်ကြံရန် ခွန်အားယူခဲ့၏။

သူ၏ ဇွဲကောင်းမှုကြောင့်သာ ဤခက်ခဲသော လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

နေ့ဘက်တွင် ထိုက်ချိရွှမ်ချင်တာအိုကို ကျင့်ကြံပြီး၊ ညဘက်တွင် ဗြဟ္မာ့ဉာဏ်တော်ကို ကျင့်ကြံရင်း သုံးနှစ်တာ အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

သုံးနှစ်တာ ကာလအတွင်း ကျန်းရှောင်ဖန်းမှာ ချင်းယွင်ဂိုဏ်း၏ အဆိုးရွားဆုံး စံချိန်ကို တင်ခဲ့လေသည်။

သူသည် သာမန်လူများထက် သုံးဆပို၍ အချိန်ယူခဲ့ရပြီးမှ ယွီချင်းပထမအဆင့်ကို ပြီးမြောက်ခဲ့ကာ ချီကို (၃၆) ကြိမ် ဆက်တိုက် လှည့်ပတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လူများမသိခဲ့သည်မှာ သူသည် ဗြဟ္မာ့ဉာဏ်တော်ကိုပါ တစ်ပြိုင်နက် ကျင့်ကြံနေခဲ့သဖြင့် စွမ်းအင်ထိန်းချုပ်မှုတွင် ခိုင်မာသော အခြေခံကို ရရှိထားခြင်း ဖြစ်လေသည်။

ညစာစားပွဲတွင် ကျန်းရှောင်ဖန်းက ထိုအကြောင်းကို ခပ်ရို့ရို့လေး ပြောပြလိုက်သောအခါ တာ့ကျူးတောင်ထွတ်မှ တပည့်များမှာ အံ့အားသင့်သွားကြပြီးနောက် အားလုံးက ဝိုင်းဝန်းရယ်မောကြလေသည်။

စုန့်တာ့ရန်မှာလည်း ကျန်းရှောင်ဖန်းကို အပေါ်သို့ မြှောက်ပင့်ကာ ပျော်ရွှင်နေလေ၏။

ထျန်းပုယီကတော့ သူ့ကို အေးစက်စွာ ကြည့်ကာ တစ်ခွန်းသာ ဆိုလေသည်။

“အသုံးမကျလိုက်တဲ့ကောင်”

သုံးနှစ်ကျော်အတွင်း ကျန်းရှောင်ဖန်းမှာ အသက် (၁၄) နှစ်အရွယ်သို့ ရောက်ရှိလာပြီး နေ့စဉ် ဝါးခုတ်ခဲ့ရသဖြင့် ခန္ဓာကိုယ်မှာ အတော်လေး သန်မာထွားကျိုင်းလာခဲ့၏။

သူသည် ထျန်းလင်းအာထက် နှစ်နှစ်ငယ်သော်လည်း အခုဆိုလျှင် အရပ်မှာ အတူတူပင် ဖြစ်နေပြီ ဖြစ်သည်။ ထျန်းလင်းအာမှာလည်း (၁၆) နှစ်အရွယ်သို့ ရောက်လာပြီး ပိုမိုလှပလာခဲ့လေသည်။

ထျန်းလင်းအာမှာ စီနီယာအစ်ကို (၆) ယောက်လုံး မိမိထက် အများကြီး အသက်ကြီးနေသဖြင့် ကျန်းရှောင်ဖန်းနှင့်သာ ပို၍ ခင်မင်စွာ နေလေ့ရှိ၏။ သုံးနှစ်အတွင်း သူတို့နှစ်ယောက်မှာ အလွန်ရင်းနှီးလာခဲ့ကြသည်။

ထျန်းလင်းအာက အမြဲတမ်း ဦးဆောင်လေ့ရှိပြီး ကျန်းရှောင်ဖန်းကို ဆူပူလေ့ရှိသော်လည်း စီနီယာအစ်ကိုများက သူ့ကို စနောက်လျှင်လည်း ထျန်းလင်းအာကပင် ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးတတ်လေသည်။

တောင်ပေါ်ရှိ ဘဝမှာ ငြီးငွေ့စရာကောင်းပြီး တိတ်ဆိတ်လှပေသည်။

ကျန်းရှောင်ဖန်းမှာ မြက်ဘုရားကျောင်းရွာ သတ်ဖြတ်မှုအကြောင်းကို ထျန်းပုယီနှင့် စုန့်တာ့ရန်တို့ကို အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မရရှိခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းရှောင်ဖန်း၏ စိတ်မှာလည်း တည်ငြိမ်လာခဲ့လေတော့သည်။

အခန်း (၁၄) ရှေ့ဟောင်းတောင်ကြား (၁)

ယနေ့နံနက်တွင် ကျန်းရှောင်ဖန်းမှာ ထုံးစံအတိုင်း ဓားမကိုယူကာ တောင်ပေါ်သို့ တစ်ဦးတည်း လျှောက်လာခဲ့၏။

ထျန်းလင်းအာမှာ ဝါးခုတ်ခြင်းအလုပ်ကို လွန်ခဲ့သော နှစ်နှစ်ကတည်းက ပြီးမြောက်ခဲ့သဖြင့် လိုက်လာစရာ မလိုတော့ပေ။

ထို့ကြောင့် ပြီးခဲ့သော နှစ်နှစ်အတွင်း ကျန်းရှောင်ဖန်းမှာ တောင်ပေါ်သို့ တစ်ဦးတည်းသာ သွားလေ့ရှိသော်လည်း ထျန်းလင်းအာ အားသည့်အခါမျိုးတွင် လိုက်ပါလာတတ်လေသည်။

ယနေ့တွင် ကျန်းရှောင်ဖန်းမှာ ထျန်းလင်းအာကို မတွေ့ရသဖြင့် တစ်ယောက်တည်း ထွက်လာခဲ့၏။ နောက်ထပ် တစ်လကြာလျှင် သူ၏ ဝါးခုတ်ခြင်းအလုပ် ပြီးမြောက်တော့မည် ဖြစ်သည်။

ယခုဆိုလျှင် သူသည် တစ်နေ့လျှင် ဝါးနက်နှစ်ပင်ကို ခုတ်နိုင်ပြီဖြစ်သော်လည်း တစ်နေ့လျှင် ဝါးနက်ဆယ်ပင်ကျော် ခုတ်နိုင်သော ထျန်းလင်းအာနှင့် ယှဉ်လျှင်တော့ အများကြီး လိုပါသေးသည်။

လွန်ခဲ့သော တစ်လက သူသည် ယွီချင်းပထမအဆင့်ကို ကျွမ်းကျင်ခဲ့ပြီးနောက် စုန့်တာ့ရန်က ဒုတိယအဆင့် မန္တန်များကို သင်ပေးခဲ့၏။

သူသည် တစ်လကြာ လေ့လာခဲ့ပြီးနောက် ဒုတိယအဆင့်မှာ ပထမအဆင့်ထက် ပို၍ နက်နဲသော်လည်း ကျင့်ကြံရသည်မှာ ပို၍ လွယ်ကူနေကြောင်း ခံစားရလေသည်။

ဥပမာအားဖြင့် ပထမအဆင့်တွင် ချီထိန်းချုပ်ရန် သုံးနှစ်ကြာခဲ့သော်လည်း ဒုတိယအဆင့်ဖြစ်သည့် ‘ဝိညာဉ်ချီကို အတွင်းအားအဖြစ် ပြောင်းလဲခြင်း’ မှာမူ သူ၏အတွက် အလွန်လွယ်ကူနေခြင်းတည်း။

၎င်းမှာ ဗြဟ္မာ့ဉာဏ်တော်ကို သုံးနှစ်ပတ်လုံး မနားတမ်း ကျင့်ကြံခဲ့ခြင်းကြောင့် ချီလှည့်ပတ်မှု အခြေခံကောင်းများ ရရှိထားခြင်းကြောင့် ဖြစ်နိုင်ပေသည်။

သို့သော် သူကိုယ်တိုင်မှာမူ ၎င်းကို မယုံကြည်နိုင်ဘဲ ရှိနေ၏။ အခြားသူများက ပထမအဆင့်ကို တစ်နှစ်သာ ကျင့်ရချိန်တွင် သူက သုံးနှစ်ကြာခဲ့သဖြင့် မိမိကိုယ်ကို ညံ့ဖျင်းသည်ဟုသာ ထင်နေမိခြင်း ဖြစ်သည်။

မည်သူမျှလည်း သူ၏ ကျင့်ကြံမှုကို လာရောက်မမေးမြန်းကြသဖြင့် သူလည်း သိပ်ပြီး ဂရုမစိုက်မိပေ။

ကျန်းရှောင်ဖန်းမှာ ရင်းနှီးနေသော ဝါးတောထဲသို့ ရောက်ရှိလာ၏။ တောင်တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်နေပြီး လေတိုက်လိုက်သည့်အခါ ဝါးတောကြီးမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ လှုပ်ခါသွားသည်မှာ အလွန်ပင် ခန့်ညားလှပေသည်။

သူသည် အသက်ပြင်းပြင်းရှူကာ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီးနောက် ဓားမကိုကိုင်ကာ ဝါးတောအတွင်းပိုင်းသို့ ဝင်လာခဲ့၏။

ဤနေရာမှာ လွန်ခဲ့သော သုံးနှစ်က နေရာနှင့်မတူဘဲ ဝါးတော၏ အနက်ဆုံးနေရာ ဖြစ်သဖြင့် ဝါးများမှာ ပိုမိုကြီးမားပြီး မာကျောလှလေသည်။

နံနက်စောစော မြူနှင်းများမှာ တောအုပ်အတွင်း ပါးလျသော ပိုးသားကဲ့သို့ လွင့်မျောနေ၏။ ဝါးရွက်များပေါ်တွင်လည်း ကြည်လင်သော နှင်းစက်လေးများ ရှိနေလေသည်။

သူသည် ခေတ္တမျှ လမ်းလျှောက်ပြီးနောက် ကြီးမားသော ဝါးနက်တစ်ပင်ကို ရွေးချယ်ကာ ခုတ်ရန် ပြင်လိုက်၏။

ထိုခဏတွင် “ဖောက်” ဟူသော အသံနှင့်အတူ ကျန်းရှောင်ဖန်း၏ ခေါင်းပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသဖြင့် သူ နာကျင်သွားရလေသည်။ မြေပြင်ပေါ်သို့ ကြည့်လိုက်သောအခါ လိမ့်နေသော ထင်းရှူးသီးတစ်လုံးကို တွေ့လိုက်ရ၏။

ဤအနီးအနားတွင် ဝါးပင်များသာရှိပြီး ထင်းရှူးပင်မရှိသဖြင့် သူ အံ့သြသွားလေသည်။

သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးလိုက်ကာ အော်မေးလိုက်၏။

“စီနီယာအစ်မ... အဲဒါ စီနီယာအမလား။”

သို့သော် မည်သည့်ထူးခြားသံမျှ မကြားရပေ။ ကျန်းရှောင်ဖန်းမှာ ထျန်းလင်းအာက သူ့ကို စနောက်နေသည်ဟု ထင်နေသဖြင့် ထပ်မံအော်ပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် ထင်းရှူးသီးတစ်လုံးက သူ၏ခေါင်းပေါ်သို့ ထပ်မံကျလာပြန်၏။

တစ်ပြိုင်နက်တည်းမှာပင် ခေါင်းပေါ်မှ “ကွိ ကွိ...” ဟူသော ရယ်သံကို ကြားလိုက်ရလေသည်။

ကျန်းရှောင်ဖန်းက မော့ကြည့်လိုက်သောအခါ ဝါးပင်ပေါ်တွင် မီးခိုးရောင် မျောက်တစ်ကောင်မှာ ထင်းရှူးသီးများကို ကိုင်ဆောင်ကာ သူ၏အမြီးဖြင့် ဝါးပင်တွင် တွဲလောင်းခိုနေသည်ကို တွေ့လိုက်ရ၏။ မျောက်မှာ ကျန်းရှောင်ဖန်းကို ကြည့်ကာ လှောင်ပြောင်သလို ရယ်မောနေလေသည်။

ကျန်းရှောင်ဖန်းမှာ ခေတ္တမျှ ကြောင်သွား၏။ လွန်ခဲ့သော သုံးနှစ်အတွင်း ဝါးတောထဲတွင် မျောက်တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။

တာ့ကျူးတောင်ထွတ်တစ်ခုလုံးမှာ ဝါးတောများဖြင့် ဖုံးလွှမ်းနေပြီး တောင်ခြေချိုင့်ဝှမ်း အနက်ပိုင်းတွင်သာ ထင်းရှူးတော ရှိခြင်းတည်း။

ဤမျောက်မှာ ထိုနေရာမှ လာခြင်းဖြစ်နိုင်သော်လည်း ဘာကြောင့် တောင်ပေါ်သို့ ရောက်လာသည်ကိုတော့ မသိရပေ။

သူသည် စဉ်းစားနေစဉ်မှာပင် မျောက်က လက်ကို မြှောက်လိုက်သဖြင့် သူ အလျင်အမြန် ရှောင်လိုက်ရ၏။ နောက်ထပ် ထင်းရှူးသီးတစ်လုံးမှာ မြေပြင်ပေါ်သို့ ကျသွားလေသည်။

မီးခိုးရောင် မျောက်ငယ်မှာ ကျန်းရှောင်ဖန်းက ရှောင်လိုက်သည်ကို မြင်သောအခါ ဒေါသထွက်နေသော မျက်နှာဖြင့် အော်ဟစ်လေ၏။

ကျန်းရှောင်ဖန်းမှာ မျောက်ကို မျက်နှာပြောင်ပြကာ ဂရုမစိုက်ဘဲ ထွက်သွားလိုက်လေသည်။ ဤမျောက်မှာ လူကို ထင်းရှူးသီးနှင့် ထုရသည်ကို ပျော်နေသည်ဟု သူတွေးမိ၏။

သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဉ်မှာပင် နောက်ဘက်မှ လေတိုးသံကို ကြားလိုက်ရပြီး အချိန်မီ မရှောင်နိုင်ဘဲ ခေါင်းနောက်ဘက်သို့ ထင်းရှူးသီးဖြင့် အပြင်းအထန် ထုခံလိုက်ရလေတော့သည်။

ကျန်းရှောင်ဖန်းမှာ မျက်စိထဲ ပြာဝေသွားကာ အော်ဟစ်မိလေတော့သည်။

မျောက်မှာ ဝါးပင်ပေါ်တွင် လက်ခုပ်တီးကာ ရယ်မောနေပြီး ဟိုဟိုဒီဒီ လွှဲခိုနေလေ၏။

ကျန်းရှောင်ဖန်းမှာ အလွန်ဒေါသထွက်သွားကာ ဝါးပင်ကို လှုပ်ခါပစ်လိုက်သော်လည်း မျောက်မှာ အမြီးဖြင့် ဝါးပင်ကို မြဲမြံစွာ ပတ်ထားသဖြင့် လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။

ကျန်းရှောင်ဖန်းမှာ ဘာမှမတတ်နိုင်တော့သဖြင့် ဓားမကိုထုတ်ကာ ဝါးပင်ကို ခုတ်ပစ်လိုက်၏။ မျောက်မှာတော့ အပေါ်မှနေ၍ သူ့ကို စိတ်ဝင်တစား ကြည့်နေဆဲ ဖြစ်လေသည်။

ကျန်းရှောင်ဖန်းမှာ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး ဝါးပင်လဲတော့မည့် အချိန်တွင် မျောက်မှာ နောက်ထပ် ဝါးပင်တစ်ပင်သို့ ကူးပြောင်းသွားကာ နောက်ထပ် ထင်းရှူးသီးတစ်လုံးဖြင့် ထပ်မံထုပြန်လေသည်။

ကျန်းရှောင်ဖန်းမှာ ဒေါသထွက်လွန်းသဖြင့် မျောက်ကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။

“မျောက်စုတ်…မင်း ဆင်းလာခဲ့စမ်း။”

မျောက်မှာ လူစကား မသိသဖြင့် သူ့ကို မျက်နှာပြောင်ပြကာ ရယ်မောနေရုံသာ ရှိလေသည်။

ထိုနေ့တွင် ကျန်းရှောင်ဖန်းမှာ ဝါးခုတ်သည့်အလုပ် ပြီးသွားသော်လည်း မျောက်၏ ထုခြင်းကို (၇) ကြိမ်၊ (၈) ကြိမ်ခန့် ခံခဲ့ရသဖြင့် ခေါင်းမှာ အတော်လေး နာကျင်နေလေပြီ ဖြစ်သည်။

ကျန်းရှောင်ဖန်းမှာ ဒေါသအပြည့်ဖြင့် တောင်အောက်သို့ ဆင်းလာခဲ့၏။ သို့သော် ထိုမျောက်မှာ နောက်ရက်များတွင်လည်း ဝါးတောထဲ၌ စောင့်နေကာ ကျန်းရှောင်ဖန်း လာသည့်အခါတိုင်း ထင်းရှူးသီးဖြင့် ထု၍ အပျော်ရှာနေလေတော့သည်။

တစ်နေ့ ညစာမစားမီတွင် ထျန်းလင်းအာက ကျန်းရှောင်ဖန်းကို ဘေးသို့ခေါ်ကာ တိုးတိုးလေး မေးမြန်းလေသည်။

“ရှောင်ဖန်း... မင်းခေါင်းက ဘာဖြစ်တာလဲ။”

ကျန်းရှောင်ဖန်းမှာ မျောက်၏ နှိပ်စက်မှုကို ခံနေရသော်လည်း မျောက်က စနောက်သည်ကို ခံရသည်မှာ အရှက်ရစရာဟု ထင်သဖြင့် မည်သူ့ကိုမျှ မပြောခဲ့ပေ။

ယခုမူ စီနီယာအစ်မက တိုက်ရိုက်မေးလာသဖြင့် သူသည် ဝန်ခံပြောပြလိုက်ရလေတော့သည်။

ထျန်းလင်းအာမှာ စကားကြားသည်နှင့် မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ၏ ပါးချိုင့်လေးများမှာ အလွန်ပင် လှပနေလေသည်။ ကျန်းရှောင်ဖန်းမှာ မျက်နှာနီသွားကာ ခေါင်းငုံ့နေမိ၏။

ထျန်းလင်းအာက ကျန်းရှောင်ဖန်း၏ ပုခုံးကို ပုတ်ကာ ချော့မော့ပြောဆိုလေသည်။

“စိတ်မပူပါနဲ့ မောင်ငယ်လေးရယ်။ အခုရက်ပိုင်း ငါ့အမေက ‘သိုင်းပြိုင်ပွဲ’ အတွက် ထိုက်ချိဂူမှာ ကျင့်ကြံခိုင်းနေလို့ မင်း မျောက်နှိပ်စက်ခံရတာကို မသိလိုက်ဘူး။”

“မနက်ဖြန်တော့ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ အဲဒီမျောက်စုတ်ကို ပညာပေးရတာပေါ့။”

နောက်တစ်နေ့ နံနက်တွင် ထျန်းလင်းအာမှာ အစောကြီးထကာ ကျန်းရှောင်ဖန်းနှင့်အတူ တောင်ပေါ်သို့ လိုက်လာခဲ့၏။

လေညင်းလေးများ တိုက်ခတ်နေပြီး ထျန်းလင်းအာမှာ အနီရောင်ဝတ်စုံဖြင့် လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ရှေ့မှ ခုန်ပေါက်ပြေးလွှားနေလေသည်။

ကျန်းရှောင်ဖန်းမှာ နောက်မှလိုက်ရင်း သူမ၏ လှပသော ကျောပြင်ကို ကြည့်ကာ “ဒီအတိုင်း တစ်သက်လုံး လမ်းလျှောက်နေရရင် ဘယ်လောက်ကောင်းမလဲ” ဟုပင် တွေးမိနေလေသည်။

“ရှောင်ဖန်း... ဘာလို့ ဒီလောက်နှေးနေတာလဲ။”

ထျန်းလင်းအာ၏ အော်သံကြောင့် ကျန်းရှောင်ဖန်းမှာ အတွေးစပြတ်သွားပြီး အလျင်အမြန် လိုက်သွားရလေတော့သည်။

ဝါးတောထဲသို့ မဝင်မီတွင် ထျန်းလင်းအာက မှာကြားလေသည်။

“ရှောင်ဖန်း... နင် အရင်ဝင်သွား၊ ငါ နောက်ကနေ ချောင်းလိုက်မယ်။”

ကျန်းရှောင်ဖန်းမှာ ဝါးတောထဲသို့ ရောက်ရှိသွားသော်လည်း မျောက်ကို မတွေ့ရသေးသဖြင့် စိုးရိမ်နေမိ၏။

သို့သော် ခဏအကြာတွင် အကျွမ်းတဝင်ရှိလှသော “ကိကိ” ဟူသော အသံကို ကြားလိုက်ရပြီး ထင်းရှူးသီးတစ်လုံးမှာ သူ၏ခေါင်းပေါ်သို့ ကျလာပြန်လေသည်။

ကျန်းရှောင်ဖန်းက မော့ကြည့်ကာ အော်ပြောလိုက်၏။

“ဟားဟား... မင်း နောက်ဆုံးတော့ လာပြီပေါ့။”

မျောက်မှာ ကျန်းရှောင်ဖန်းက ထုခံရသဖြင့် ပျော်နေသည်ကို မြင်သောအခါ အံ့သြသွားပုံရလေသည်။

ထိုခဏတွင် အနီရောင် အရိပ်တစ်ခုမှာ ဝါးပင်များကြားမှ လျှပ်စီးကဲ့သို့ ပေါ်ထွက်လာ၏။ ထျန်းလင်းအာမှာ ‘ဖီးနစ်ဝိညာဉ်’ ပေါ်တွင် စီးနင်းလျက် မျောက်ကို ဖမ်းရန် ပြေးဝင်လာလေသည်။

သို့သော် မျောက်မှာ အလွန်ပါးနပ်လှသဖြင့် အောက်သို့ အလျင်အမြန် ခုန်ချကာ ထွက်ပြေးလေတော့သည်။

ထျန်းလင်းအာမှာ မျောက်ကို မမိသဖြင့် ဒေါသတကြီးဖြင့် ဖီးနစ်ဝိညာဉ်ကို စေခိုင်းကာ လိုက်ဖမ်းလေသည်။ ကျန်းရှောင်ဖန်းမှာလည်း မြေပြင်မှနေ၍ လိုက်ပါလာခဲ့၏။

ဝါးတောမှာ အလွန်ထူထပ်သဖြင့် ထျန်းလင်းအာမှာ ပျံသန်းရာတွင် အခက်အခဲ ရှိနေသော်လည်း မျောက်မှာမူ အလွန်လျင်မြန်စွာ ပြေးလွှားနေလေသည်။

သူတို့သည် အချိန်အတော်ကြာ လိုက်ဖမ်းပြီးနောက် တောင်နောက်ဘက်ရှိ ချောက်ကမ်းပါး အစွန်းသို့ ရောက်ရှိလာခဲ့ကြ၏။

ကျန်းရှောင်ဖန်းမှာ ချောက်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသော်လည်း အချိန်မီ ရပ်လိုက်နိုင်၏။ အောက်ဘက်တွင် မြူများဖုံးလွှမ်းနေသော ချောက်နက်ကြီးတစ်ခု ရှိနေလေသည်။

မျောက်မှာ သစ်ကိုင်းများကို ဆွဲကိုင်ကာ အောက်ဘက်သို့ ဆင်းသွားသည်ကို တွေ့လိုက်ရ၏။

ထိုစဉ် ထျန်းလင်းအာမှာ ပျံသန်းလာပြီး ကျန်းရှောင်ဖန်း၏ လက်ကိုဆွဲကာ ဖီးနစ်ဝိညာဉ်ပေါ်သို့ တင်လိုက်လေသည်။

ကျန်းရှောင်ဖန်းမှာ ပထမဆုံးအကြိမ် ပျံသန်းရခြင်းဖြစ်သဖြင့် ထိတ်လန့်နေပြီး ထျန်းလင်းအာ၏ ခါးကို မြဲမြံစွာ ဖက်ထားမိလေ၏။

သူမ၏ ကိုယ်မှ သင်းပျံ့သော ရနံ့လေးကို ခံစားရသဖြင့် ကျန်းရှောင်ဖန်းမှာ ရင်ထဲတွင် ပျော်ရွှင်နေမိလေသည်။

သူတို့သည် ချောက်ထဲသို့ ဆင်းကာ မျောက်ကို ဆက်လက်လိုက်ဖမ်းကြ၏။ နာရီဝက်ခန့် ကြာပြီးနောက် တောအုပ်အတွင်းပိုင်းရှိ ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုနေရာတွင် ရေကန်ငယ်လေးတစ်ခုရှိပြီး မျောက်မှာ ထိုနေရာသို့ရောက်သောအခါ ထူးဆန်းစွာ နှေးကွေးသွားသည်ကို တွေ့ရ၏။

ထျန်းလင်းအာမှာ မျောက်ကို မိတော့မည်ဟု ထင်ကာ အလျင်အမြန် တိုးဝင်သွားစဉ်မှာပင် ကျန်းရှောင်ဖန်း၏ ဦးနှောက်ထဲတွင် “ဝုန်း” ဟူသော မြည်သံနှင့်အတူ ပျို့အန်ချင်သော ခံစားချက်ကြီး တစ်ခု ပေါ်ပေါက်လာလေသည်။

တစ်ကိုယ်လုံး တုန်ခါနေစဉ်မှာပင် သူ၏ရင်ဘတ်အတွင်းမှ နွေးထွေးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ထိုမကောင်းသော ခံစားချက်ကို တွန်းလှန်ပေးလိုက်၏။

သူသည် ရင်ဘတ်ကို ကြည့်လိုက်သောအခါ ဖူကျစ်ပေးခဲ့သော ညိုမှောင်သော ခရမ်းရောင်ပုလဲမှ နွေးထွေးမှုများ ထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုစဉ် ထျန်းလင်းအာမှာလည်း ခန္ဓာကိုယ် တုန်ခါသွားပြီး သတိလစ်ကာ ဖီးနစ်ဝိညာဉ်ပေါ်မှ ပြုတ်ကျသွားလေတော့သည်။

ကျန်းရှောင်ဖန်းမှာ မြေပြင်ပေါ်တွင် လိမ့်ကျသွားသော်လည်း အလျင်အမြန် ထကာ ထျန်းလင်းအာဆီသို့ ပြေးသွား၏။

ထျန်းလင်းအာမှာ မျက်နှာဖြူလျော့ကာ ချွေးစေးများ ထွက်နေပြီး သတိလစ်နေလေသည်။

ကျန်းရှောင်ဖန်းမှာ ဤရေကန်အနီးတွင် ထူးဆန်းသော အရှိန်အဝါတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်၏။ ရေကန်၏ ပတ်လည် ပေ (၃၀) အတွင်း မည်သည့်အပင်မျှ ပေါက်ရောက်ခြင်း မရှိပေ။

သူသည် အားတင်းကာ ထျန်းလင်းအာကို ပွေ့ချီပြီး ပေ (၃၀) အပြင်ဘက်ရှိ သစ်ပင်ကြီးအောက်သို့ ခေါ်ထုတ်လာခဲ့၏။ ထိုနေရာသို့ ရောက်မှသာ မကောင်းသော ခံစားချက်များ ပျောက်ကွယ်သွားလေတော့သည်။

သူသည် မျောက်ကို ကြည့်လိုက်သောအခါ မျောက်မှာလည်း ရေကန်အနီးတွင် မလှုပ်မယှက် ရှိနေပြီး သူ့ကို အကူအညီတောင်းသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ကျန်းရှောင်ဖန်းမှာ စိတ်မကောင်းဖြစ်သွားသဖြင့် ရေကန်အနီးသို့ ပြန်သွားကာ မျောက်ကိုပါ ပွေ့ချီ၍ အပြင်သို့ ခေါ်ထုတ်လာခဲ့လေသည်။

အားလုံး ဘေးကင်းရာသို့ ရောက်သောအခါ ကျန်းရှောင်ဖန်းမှာ မောပန်းစွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်မိ၏။ မျောက်ငယ်မှာလည်း သူ၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေနေလေသည်။

ကျန်းရှောင်ဖန်းမှာ သူ၏အင်္ကျီအတွင်းမှ ပုလဲလုံးလေးကို ထုတ်ကြည့်လိုက်သောအခါ မူလက နက်မှောင်သော ခရမ်းရောင်မှာ ယခုအခါ ခရမ်းဖျော့ရောင်သို့ ပြောင်းလဲနေပြီး အတွင်းမှ အစိမ်းရောင် စွမ်းအင်များမှာ ပုံမှန်ထက် (၁၀) ဆခန့် ပိုမိုမြန်ဆန်စွာ လှည့်ပတ်နေသည်ကို တွေ့လိုက်ရ၏။

ပုတီးစေ့၏မျက်နှာပြင်ပေါ်ရှိ ဗုဒ္ဓမန္တာန်များမှာလည်း လင်းလက်နေပြီး ထိုအစိမ်းရောင် စွမ်းအင်များကို ထိန်းချုပ်နေသလို ခံစားရလေသည်။

သို့သော် ထိုမန္တာန်များမှာ လွန်ခဲ့သော သုံးနှစ်ကထက်စာလျှင် အလင်းရောင် အနည်းငယ် မှေးမှိန်နေသည်ကို ကျန်းရှောင်ဖန်း သတိပြုမိလိုက်လေသည်။

All Chapters