အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅) ရှေ့ဟောင်းတောင်ကြား (၂)
ကျန်းရှောင်ဖန်းသည် ထိုပုတီးေ့စကို ခေတ္တမျှ စိုက်ကြည့်နေမိရာမှ သူ၏အသက်ရှူသံများမှာ တဖြည်းဖြည်း တည်ငြိမ်လာ၏။
အရောင်အသွေးမှလွဲ၍ ပုတီးစေ့၏ တောက်ပမှုမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည်မှအပ အခြားထူးခြားမှု မရှိသဖြင့် သူ၏ရင်ဘတ်အတွင်းသို့ ပြန်လည်ထည့်သွင်းထားလိုက်လေသည်။
ထို့နောက် သူသည် ထျန်းလင်းအာကို ကြည့်လိုက်ရာ သူမမှာ သတိမေ့မြောနေဆဲ ဖြစ်သော်လည်း မျက်နှာမှာမူ ယခင်ကကဲ့သို့ ဖြူလျော်မနေတော့ဘဲ အနည်းငယ် သက်သာလာဟန် ရှိပေသည်။
သူသည် ဖီးနစ်ဝိညာဉ်ကို ထုတ်ယူကာ ဂရုတစိုက် ကြည့်လိုက်မိ၏။ ဤသည်မှာ သူမှော်လက်နက် တစ်ခုကို အနီးကပ် မြင်ဖူးခြင်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
၎င်းမှာ အလွန်နူးညံ့ကာ ကိုင်တွယ်ရသည်မှာ သက်သောင့်သက်သာ ရှိလှ၏။
ထျန်းလင်းအာ ထိုရတနာကို အသုံးပြု၍ ပျံသန်းပုံကို မြင်ယောင်လာမိရာ သူ၏စိတ်ထဲတွင် အားကျစိတ်များဖြင့် ပြည့်နှက်လာလေသည်။
ခေတ္တမျှအကြာတွင် သူသည် ထျန်းလင်းအာ ပြုလုပ်သကဲ့သို့ လက်ဟန်ခြေဟန် ပြုလုပ်ပြီး "တက်စမ်း"
ဖီးနစ်ဝိညာဉ်မှာမူ သေနေသော မြွေတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ငြိမ်သက်နေဆဲပင်။
“ကွီးကွီး….ကွိကွိ”
မီးခိုးရောင်မျောက်ကလေးမှာ ဝမ်းဗိုက်ကိုဖိလျက် မြေပြင်ပေါ်တွင် လူးလှိမ်ကာ ရယ်မောနေလေသည်။
ကျန်းရှောင်ဖန်းက ၎င်းကို စိုက်ကြည့်လိုက်သော်လည်း ဤမျောက်နှင့်အတူ အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသဖြင့် သူ၏စိတ်ထဲတွင် ရန်လိုမှုများ ပျောက်ကွယ်ကာ ခင်မင်မှု အနည်းငယ် တိုးလာမိ၏။
သူသည် မျောက်ကလေးကို လျှာထုတ်ပြကာ မျက်နှာပြောင်ပြလိုက်ပြီးနောက် ဂရုမစိုက်တော့ဘဲ ဖီးနစ်ဝိညာဉ်ကို ထျန်းလင်းအာ၏ ဘေးတွင် ပြန်ထားလိုက်သည်။
ထို့နောက် ဟင်းလင်းပြင်ရှိ ရေကန်ငယ်ကို ကြည့်လိုက်မိ၏။
၎င်းမှာ ရေကန်ငယ်လေး တစ်ခုဖြစ်ပြီး ရေလာရာ အရင်းအမြစ်ကို မသိနိုင်သော်လည်း မြေအောက်စမ်းရေမှ လာခြင်း ဖြစ်နိုင်ပေသည်။
ရေကန်၏ ရေမှာ မြစိမ်းရောင် သန်းနေပြီး အနက်ကို ခန့်မှန်းရခက်လှ၏။ ရေကန်၏ အနောက်ဘက်တွင် ရေထွက်ပေါက် တစ်ခုရှိကာ ထိုမှတစ်ဆင့် စမ်းချောင်းငယ်လေးအဖြစ် စီးဆင်းသွားလေသည်။
ရေကန်၏ အလယ်တွင် အရွယ်အစားနှင့် ပုံသဏ္ဌာန် အမျိုးမျိုးရှိသော ကျောက်တုံးများ စုပုံနေပြီး အချို့မှာ ရေမျက်နှာပြင်ပေါ်သို့ ပေါ်နေ၏။
ထိုကျောက်တုံးများ ကြားတွင် မည်းနက်သော တုတ်ချောင်း တစ်ခုရှိနေသည်။ တုတ်ချောင်း၏ တစ်ပေခန့်မှာ ရေပေါ်သို့ ပေါ်နေပြီး ကျန်အပိုင်းမှာ ရေအောက်တွင် ရှိနေ၏။
၎င်းမှာ တစ်ခုလုံး မည်းနက်နေပြီး မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိနိုင်သော်လည်း ကြည့်ရသည်မှာ အလွန် ရုပ်ဆိုးလှပေသည်။
ကျန်းရှောင်ဖန်းသည် ၎င်းကို ဂရုမစိုက်ဘဲ ဤနေရာမှာ အလွန်ထူးဆန်းသဖြင့် အမြန်ဆုံး ထွက်ခွာသင့်သည်ဟုသာ ခံစားနေရ၏။
ထျန်းလင်းအာမှာ ဘေးကင်းပုံရသော်လည်း သတိမေ့နေဆဲ ဖြစ်သည်။ သူမည်မျှ ကြိုးစားသော်လည်း သူမမှာ နိုးမလာခဲ့ပေ။
သို့သော် မီးခိုးရောင်မျောက်ကလေးမှာမူ အလွန်ပင် ခွန်အားပြည့်ဝနေပြီး ခေါင်းကိုကုတ်ကာ သန်းရှာနေလိုက်၊ တစ်ခါတစ်ရံ သစ်ပင်များကြား ခုန်ကူးလိုက်ဖြင့် အငြိမ်မနေပေ။
၎င်းသည် အသီးအချို့ ခူးလာပြီး ကျန်းရှောင်ဖန်းထံသို့ နှစ်လုံး ပစ်ပေးကာ မြေပြင်တွင် ထိုင်၍ စားနေလေသည်။
ကျန်းရှောင်ဖန်းသည် အသီးကို တစ်ကိုက် ကိုက်လိုက်ရာ အလွန်ချိုမြိန်ပြီး အရည်ရွှမ်းလှသဖြင့် ခံတွင်းလိုက်လာမိ၏။
မနက်စောစောကတည်းက တောင်ပေါ်သို့ တက်ကာ မျောက်ကို လိုက်ဖမ်းခဲ့ရသဖြင့် တစ်နေ့ကုန် ရေတစ်စက်မျှ မသောက်ရသေးပေ။ ယခု မွန်းတည့်ချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ သူအလွန် ဗိုက်ဆာနေလေပြီ။
သူသည် တစ်လုံးကို အမြန်စားလိုက်ပြီး ဒုတိယတစ်လုံးကို ကောက်ယူရန် ပြင်လိုက်သော်လည်း ရုတ်တရက် စိတ်ပြောင်းသွားကာ ထျန်းလင်းအာ၏ ဘေးတွင် အသာအယာ ချထားပေးလိုက်၏။
အသီးကို စားပြီးနောက် ကျန်းရှောင်ဖန်း၏ ဗိုက်ဆာမှုမှာ လျော့ပါးသွားပြီး လန်းဆန်းလာလေသည်။ သူသည် မတ်တတ်ရပ်ကာ အညောင်းအညာ ဆန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ရှေးဟောင်း သစ်တောကြီးနှင့် စီးဆင်းနေသော စမ်းချောင်းလေးမှာ အလွန်လှပလှရာ ဤနေရာမှာ ထူးဆန်းသော နေရာတစ်ခုဟု မည်သူမျှ ထင်မှတ်နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ကျန်းရှောင်ဖန်းသည် သူ၏ရင်ဘတ်၌ ပူနွေးမှုကို ခံစားလိုက်ရသည်။ ခေတ္တမျှအကြာတွင် တစ်စုံတစ်ခု ကျိုးပဲ့သွားသကဲ့သို့ ကာကာကာ ဟူသော အသံများကို ကြားလိုက်ရသဖြင့် သူသည် ထိတ်လန့်သွားကာ ပုလဲကို အမြန်ထုတ်ကြည့်လိုက်၏။
ထိုပုလဲပေါ်တွင် စိမ်းဖန့်ဖန့် အလင်းရောင်များ တောက်ပနေသည်ကို မြင်လိုက်ရသဖြင့် သူအလွန် အံ့အားသင့်သွားသည်။
ပုလဲအတွင်းရှိ စိမ်းရောင် စွမ်းအင်များမှာ ဝံပုလွေများနှင့် ကျားသစ်များကဲ့သို့ ကြမ်းတမ်းစွာဖြင့် ပုလဲ၏ မျက်နှာပြင်ကို တိုက်ခိုက်နေ၏။
စွမ်းအင်များကို ထိန်းချုပ်ထားသော "သု" စာလုံးမှာလည်း တဖြည်းဖြည်း အားနည်းကာ မှိန်ဖျော့လာရာ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
ကျန်းရှောင်ဖန်းသည် ရိုးရိုးရှင်းရှင်းဟု ထင်ရသော ဤပုလဲမှာ အမှန်တကယ်တွင် ကျော်ကြားလှသော မိစ္ဆာပစ္စည်း "မိစ္ဆာပုလဲ" ဖြစ်သည်ကို မသိရှိခဲ့ပေ။
ဤပုလဲ၏ ဇစ်မြစ်ကို မည်သူမျှ မသိသော်လည်း သက်ရှိတို့၏ အဆီအနှစ်နှင့် သွေးကို စုပ်ယူနိုင်သော စွမ်းရည်မှာမူ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
အကယ်၍ သက်ရှိတစ်ဦးဦး ၎င်းအနီးသို့ ချဉ်းကပ်မိပါက မိစ္ဆာပုလဲသည် ခေတ္တမျှအတွင်း ထိုသူ၏ သွေးနှင့် အဆီအနှစ်များကို ခမ်းခြောက်သွားအောင် စုပ်ယူကာ အရေခွံနှင့် အရိုးသာ ကျန်ရစ်စေမည် ဖြစ်သည်။
၎င်းမှာ အလွန်ဆိုးယုတ်သော မိစ္ဆာပစ္စည်း ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ခန့်က ဤပုလဲကို မိစ္ဆာဂိုဏ်း၏ အကြီးအကဲ ဟေရှင်းက ရရှိခဲ့၏။
သူသည် ပုလဲ၏ သွေးစုပ်နိုင်သော စွမ်းအားကို အသုံးပြု၍ မှော်လက်နက်အဖြစ် သန့်စင်ခဲ့ရာ ရုတ်တရက်ပင် အင်အားအကြီးဆုံးသူ ဖြစ်လာခဲ့ပြီး သူတော်စင်ဂိုဏ်းမှ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့လေသည်။
ထိုအချိန်မှစ၍ ၎င်းမှာ မိစ္ဆာရတနာ လေးပါးတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့၏။ အကြီးအကဲဟေရှင်း ကွယ်လွန်ပြီးနောက် ထိုပုလဲမှာလည်း ပျောက်ကွယ်သွားခဲ့ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ထျန်းယင်ကျောင်းတော်မှ ဆရာတော်ဖူကျစ်သည် အနောက်ဘက်ရှိ ရွှံ့နွံတောကြီးအတွင်း၌ ဤကြောက်မက်ဖွယ် ပုလဲကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုနေရာ၏ ဆယ်မိုင်ပတ်လည်အတွင်း၌ လူအရိုးစုများ ပြန့်ကျဲနေပြီး သက်ရှိဟူ၍ တစ်ခုမျှ မရှိဘဲ သေဆုံးသွားသူတို့၏ နာကျည်းမှုများသာ ပြည့်နှက်နေ၏။
ဖူကျစ် ဆရာတော်သည် ဂရုဏာစိတ် ဖြစ်ပေါ်လာကာ ဗုဒ္ဓမန္တန်များဖြင့် ထိုနေရာကို သန့်စင်ပေးခဲ့သည်။
ထို့နောက် ဤမိစ္ဆာစွမ်းအားကို ခုခံရန်အတွက် နေ့ညမပြတ် မန္တန်များကို ရွတ်ဖတ်ခဲ့ရာ နှစ်ပေါင်းသုံးဆယ်တိုင်အောင် မရပ်မနား အားထုတ်ခဲ့ရပေသည်။
သူသည် ဗုဒ္ဓရတနာဖြစ်သော ပုတီးစေ့များနှင့် တွဲဖက်ကာ သန့်စင်သော စွမ်းအင်ကို အသုံးပြု၍ မိစ္ဆာစွမ်းအားများကို ချုပ်နှောင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုပုတီးစေ့များ၏ အကူအညီကြောင့် မိစ္ဆာစွမ်းအင်မှာ ဗုဒ္ဓမန္တန်များ၏ အထပ်ထပ်သော အကာအကွယ်ကို ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ပေ။
မျှော်လင့်မထားဘဲ မြက်ဘုရားကျောင်းရွာ တိုက်ပွဲတွင် ဖူကျစ် ဆရာတော်သည် လျှို့ဝှက်ဆန်းပြားသော လူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရကာ အသက်လုခဲ့ရ၏။
ထိုအနက်ေရာင်ဝတ်မှာလည်း ဒဏ်ရာရသွားသော်လည်း သူ၏ အတွင်းပိုင်းဒဏ်ရာ မပြင်းထန်ကြောင်း ဖူကျစ် ဆရာတော် သိရှိခဲ့သည်။
ထိုလူသည် ဒဏ်ရာပျောက်သည်နှင့် မိစ္ဆာပုလဲကို လာရောက် လုယူမည်ကို သူသိပေသည်။ ဖူကျစ် ဆရာတော်သည် သုံးရက်တာ သေဆေးကို သောက်သုံးကာ အသက်ကို သုံးရက်မျှ ဆန့်ထုတ်ခဲ့၏။
သူသည် အလွန်စွန့်စားသော နည်းလမ်းကို ရွေးချယ်ကာ မိစ္ဆာပုလဲကို ကျန်းရှောင်ဖန်းထံ ပေးအပ်ခဲ့ပြီး လူရှေ့တွင် မထုတ်ပြရန်နှင့် အခွင့်သာပါက ချောက်ထဲသို့ လွှင့်ပစ်ရန် မှာကြားခဲ့သည်။
အကယ်၍ အပြစ်မဲ့သော သူများ ထိခိုက်နစ်နာနိုင်သော်လည်း ဤပုလဲ မိစ္ဆာလက်ထဲသို့ ရောက်သွားသည်ထက်မူ သာလွန်ပေသည်။
သို့သော် ဖူကျစ် ဆရာတော်သည် ကျန်းရှောင်ဖန်း၏ စိတ်ထားကို မခန့်မှန်းနိုင်ခဲ့ပေ။ ကျန်းရှောင်ဖန်းသည် ဆရာတော်၏ ကျေးဇူးကို အမှတ်ရစေရန်အတွက် ထိုပုလဲကို အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်းထားခဲ့သည်။
ဖူကျစ် ဆရာတော်၏ မန္တန်စွမ်းအားနှင့် ပုတီးစေ့များ၏ သန့်စင်သော စွမ်းအားများ မရှိတော့သဖြင့် မိစ္ဆာပုလဲသည် မိစ္ဆာစွမ်းအင်များဖြင့် မန္တန်များကို တဖြည်းဖြည်း တိုက်စားလာခဲ့လေသည်။
ထျန်းယင်ကျောင်းတော်၏ မန္တန်များမှာလည်း အထင်သေး၍ မရပေ။ အရှင်သခင် မရှိတော့သော်လည်း မန္တန်များသည် ၎င်းတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကာ မိစ္ဆာစွမ်းအင်ကို သုံးနှစ်တိုင်တိုင် ချုပ်နှောင်ထားနိုင်ခဲ့၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကူညီမည့်သူ မရှိသဖြင့် စွမ်းအားများမှာ တဖြည်းဖြည်း အားနည်းလာခဲ့ရာ ယနေ့တွင်မူ မိစ္ဆာပုလဲသည် မန္တန်များကို ဖောက်ထွက်ကာ လူတို့ကို တစ်ဖန် ပြန်လည် ဘေးပြုရန် အဆင်သင့် ဖြစ်နေလေပြီ။
ကျန်းရှောင်ဖန်းသည် ဤဖြစ်ရပ်ဆန်းများကို မသိရှိသော်လည်း စိတ်ထဲတွင် တစ်ခုခု မူမမှန်တော့သည်ကို ခံစားနေရ၏။
ထိုစဉ်က မြက်ဘုရားကျောင်းရွာ တိုက်ပွဲတွင် ဖူကျစ် ဆရာတော်နှင့် လူမည်းတို့ တိုက်ခိုက်စဉ်က ထို "သု" စာလုံး ပေါ်လာသည်ကို သူအကြိမ်ကြိမ် မြင်ဖူးခဲ့သည်။
သူငယ်ရွယ်သေးသော်လည်း ထိုပုံရိပ်ကို ကောင်းစွာ မှတ်မိနေဆဲပင်။
ယခုအခါ ပုလဲပေါ်ရှိ မန္တန်မှာ စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေသည်ကို မြင်ရသဖြင့် သူသည် ပျာယာခတ်သွားကာ ပုလဲကို တင်းတင်းဆုပ်လျက် သူ၏ ဗြဟ္မာ့ဉာဏ်တော် ကျင့်စဉ်မှ စွမ်းအင်အချို့ကို ပုလဲအတွင်းသို့ ပို့လွှတ်လိုက်လေသည်။
မန္တန်နှစ်ခုမှာ ဆင်တူသဖြင့် "သု" စာလုံးမှာ သိသိသာသာ တောက်ပလာ၏။ သို့သော် ကျန်းရှောင်ဖန်း ဝမ်းသာရန် အချိန်မရလိုက်ဘဲ ခေတ္တမျှအကြာတွင် ပြန်လည် မှိန်ဖျော့သွားလေသည်။
တစ်ချိန်တည်းမှာပင် အေးစက်သော စွမ်းအင်တစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး ကျန်းရှောင်ဖန်း၏ ကိုယ်တစ်ခြမ်းမှာ ထုံကျင်သွားတော့သည်။
အခန်း (၁၆) ထူးဆန်းသောအပြောင်းအလဲ (၁)
မီးခိုးရောင်မျောက်ကလေးသည် ကျန်းရှောင်ဖန်း၏ မျက်နှာတွင် နာကျင်နေသော အမူအရာကို မြင်လိုက်ရပြီး မျက်နှာပေါ်တွင် စိမ်းဖန့်ဖန့် အလင်းရောင်များ ပေါ်လာသဖြင့် စိုးရိမ်တကြီး အော်ဟစ်နေလေသည်။
ကျန်းရှောင်ဖန်းမှာမူ ဘာကိုမျှ မတွေးနိုင်တော့ဘဲ သူ၏သွေးများမှာ ပြောင်းပြန်စီးဆင်းကာ ထိုထူးဆန်းသော ပုလဲရှိရာ ညာဘက်လက်သို့ စုပြုံသွားသည်ဟု ခံစားနေရ၏။
သူ၏ ဗြဟ္မာ့ဉာဏ်တော် စွမ်းအင်မှာလည်း ချက်ချင်း ပြိုကွဲသွားကာ အေးစက်သော စွမ်းအင်ကို မခုခံနိုင်တော့ပေ။ နာကျင်မှုများမှာ သူ၏ အာရုံကြောများ တစ်လျှောက် ပျံ့နှံ့သွားလေသည်။
သူသည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရာ တစ်ကိုယ်လုံး တုန်ခါသွား၏။
ရင်းနှီးလှသော ပျို့အန်ချင်သည့် ခံစားချက်ကြီးမှာ သူ၏ ကိုယ်တွင်းအင်္ဂါများဆီသို့ တိုးဝင်လာပြန်သည်။
သူသည် မတော်တဆပင် ဟင်းလင်းပြင်အတွင်းသို့ ပြန်လည် ခြေချမိသွားခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ရင်ဘတ်၌ ပူနွေးမှုကို မခံစားရတော့ပေ။
မီးခိုးရောင်မျောက်ကလေးမှာ စိုးရိမ်တကြီး အော်ဟစ်နေသော်လည်း ထိုဟင်းလင်းပြင်အတွင်းသို့ ဝင်ရန်မူ မဝံ့ရဲသေးပေ။
ကျန်းရှောင်ဖန်းမှာ မည်သို့လုပ်ရမည်ကို မသိတော့ပေ။ သူ၏ခန္ဓာကိုယ်မှာ ပူတစ်လှည့် အေးတစ်လှည့် ဖြစ်နေပြီး ပုရွက်ဆိတ် ထောင်ပေါင်းများစွာ အကိုက်ခံရသကဲ့သို့ ခံစားနေရ၏။
သူအန်ချင်သော်လည်း ဝမ်းဗိုက်ထဲတွင် ဘာမျှမရှိသဖြင့် မအန်နိုင်ဘဲ သေလုမျောပါး ခံစားနေရလေသည်။
သူ၏ သတိအာရုံများမှာ ဝေဝါးလာပြီး ယိမ်းထိုးလျက် ရှေ့သို့ လျှောက်သွားမိရာ လမ်းကြောင်းမှားနေသည်ကိုပင် သတိမထားမိတော့ပေ။
သူ၏ ခွန်အားများမှာလည်း တဖြည်းဖြည်း ကုန်ခမ်းလာနေပြီ ဖြစ်သည်။
အခန်း (၁၆) ထူးဆန်းသောအပြောင်းအလဲ (၂)
သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး လက်ခြေများမှာ အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ လဲကျသွား၏။
ထိုအချိန်တွင် သူသည် ရေကန်၏ အစွန်းသို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ နောက်ဆုံး ခွန်အားကို အသုံးပြု၍ ထိုက်ချိရွှမ်ချင်တာအို ကျင့်စဉ်ကို လှည့်ပတ်ကာ စွမ်းအင်များကို ဗြဟ္မာ့ဉာဏ်တော်အဖြစ် အသွင်ပြောင်း၍ ခုခံရန် ကြိုးစားလိုက်သည်။
၎င်းက နာကျင်မှုကို အနည်းငယ် သက်သာစေသော်လည်း ခေတ္တမျှသာ ခံလေသည်။ ကျန်းရှောင်ဖန်းမှာမူ နာကျင်မှု လျော့ပါးစေရန်အတွက် တတ်နိုင်သမျှ ကြိုးစားနေရုံသာ ရှိတော့၏။
သို့သော် အေးစက်သော စွမ်းအင်မှာ အလွန် အင်အားကြီးမားလှသည့်အပြင် ထူးဆန်းသော ပျို့အန်ချင်သည့် ခံစားချက်ကြောင့် သူ၏ ကိုယ်တွင်းအင်္ဂါများမှာ ဗောင်းဗန်လန်ကုန်ကာ စွမ်းအင်များမှာ သူ၏ ဦးနှောက်ဆီသို့ စုပြုံတက်လာလေသည်။
သူ၏ မျက်စိရှေ့တွင် ကြယ်များ လွင့်ပျံလာပြီး အသက်ရှူခြင်းကိုပင် မထိန်းချုပ်နိုင်တော့ပေ။
လည်ချောင်းထဲတွင် ချိုအီအီ အရသာကို ခံစားလိုက်ရပြီးနောက် ပါးစပ်မှ သွေးများ အမြောက်အမြား အန်ထွက်လာကာ သတိလစ်လုနီးပါး ဖြစ်သွားတော့သည်။
ထိုအချိန်တွင် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်မှာ ချက်ချင်း မှောင်မိုက်သွားလေသည်။
မိစ္ဆာပုလဲ၏ စိမ်းဖန့်ဖန့် အလင်းရောင်မှာ ပိုမို တောက်ပလာပြီး ပုလဲတစ်ခုလုံး စိမ်းလန်းသွားကာ ရွှေရောင်အလင်းတန်း မှိန်မှိန်လေးနှင့်အတူ "သု" စာလုံးမှာ လုံးဝ ကွဲအက်သွားတော့သည်။
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ စိမ်းရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားရာ သွေးဆာနေသော မိစ္ဆာတစ်ကောင် တစ်ဖန်ပြန်လည် မွေးဖွားလာသကဲ့သို့ပင် ဖြစ်ပေသည်။
ထူးဆန်းသော ဖြစ်ရပ်များမှာ မပြီးဆုံးသေးပေ။ အစိမ်းရောင် စွမ်းအင်များ လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် ရေကန်၏ အလယ်မှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာလေသည်။
ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး ကျောက်တုံးများမှာ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွား၏။
မြစိမ်းရောင် ရေများမှာ လှိုင်းတံပိုးကြီးများအဖြစ် ပြောင်းလဲသွားကာ ရေကန်အလယ်တွင် ဝဲကယက်ကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။
ထိုဝဲကယက် အလယ်မှ ရေမှုန်ရေမွှားများ ကြားတွင် နက်မှောင်သောစွမ်းအင်များ ဖုံးလွှမ်းနေသည့် အရာတစ်ခုမှာ တဖြည်းဖြည်း မြင့်တက်လာ၏။
၎င်းမှာ လျှို့ဝှက်ဆန်းပြားသော မည်းနက်သည့် တုတ်ချောင်းဖြစ်ပြီး နှစ်ပေခန့် ရှည်လျားကာ သတ္တုလည်းမဟုတ်၊ သံလည်းမဟုတ်ဘဲ ကြမ်းတမ်းသော အရှိန်အဝါဖြင့် ကျန်းရှောင်ဖန်းထံသို့ တိုးဝင်လာလေသည်။
ကျန်းရှောင်ဖန်းသည် အော်ဟစ်ကာ နောက်သို့ လဲကျသွား၏။ မိစ္ဆာပုလဲမှာ သူ၏လက်တွင် ကပ်ငြိမ်နေပြီး ခါထုတ်၍ မရတော့ပေ။
သွေးရောင်ကဲ့သို့ အနီနုရောင် အလင်းတန်းများမှာ ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်အတွင်းမှ ပုလဲအတွင်းသို့ တဖြည်းဖြည်း စီးဝင်သွားသည်ကို မြင်တွေ့နေရလေသည်။
လှိုင်းသံများ ကြားတွင် လျှို့ဝှက်ဆန်းပြားသော မည်းနက်သည့် တုတ်ချောင်းမှာ လေကိုခွဲကာ မိစ္ဆာပုလဲ၏ စိမ်းရောင်အလင်းများရှိရာသို့ တိုးဝင်လာ၏။
ခေတ္တမျှအကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ အဆိုးယုတ်ဆုံး အရာနှစ်ခုမှာ တစ်ခုနှင့်တစ်ခု တိုက်မိသွားလေသည်။
ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွားပြီး သူ၏ခန္ဓာကိုယ်မှာ အရှိန်ပြင်းစွာဖြင့် မြေပြင်ထဲသို့ တစ်ကိုက်ခန့် နိမ့်ဝင်သွားကာ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ကျန်းရှောင်ဖန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ ခေါင်းမှာလည်း မူးဝေပြီး အမြင်အာရုံများမှာ ဝေဝါးနေ၏။
သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုမှာမူ အနည်းငယ် လျော့ပါးသွားဟန် တူပေသည်။ သူ၏ မျက်လုံးများမှ သွေးများထွက်နေသဖြင့် မြင်ကွင်းတစ်ခုလုံး နီရဲနေ၏။
သူသည် မျက်လုံးများကို ပွတ်လိုက်ရာ တုတ်ချောင်းမှာ မိစ္ဆာပုလဲကို ရိုက်ခွဲထားသည်ကို မြင်လိုက်ရသည်။ အမှောင်စွမ်းအင်များမှာ ဆက်လက် တိုးဝင် တိုက်ခိုက်နေ၏။
မိစ္ဆာပုလဲမှာလည်း အင်အားကြီးသော ရန်သူနှင့် တွေ့နေရသည်ကို သိဟန်ရှိကာ ခုခံရန်အတွက် စိမ်းရောင်စွမ်းအင် အားလုံးကို ပြန်လည် စုစည်းလိုက်ရာ ကျန်းရှောင်ဖန်း ခန္ဓာကိုယ်အတွင်းမှ အေးစက်သော စွမ်းအင်နှင့် ပျို့အန်ချင်သော ခံစားချက်များမှာ ကွယ်ပျောက်သွားလေသည်။
ကျန်းရှောင်ဖန်းသည် အံ့အားသင့်ကာ အသက်ကို ပြင်းထန်စွာ ရှူနေမိပြီး သူ၏လက်ကို ခါယမ်းလိုက်သော်လည်း ထိုထူးဆန်းသော အရာနှစ်ခုမှာ သူ၏လက်၏ အစိတ်အပိုင်း တစ်ခုကဲ့သို့ပင် ဖြစ်နေကာ မည်သို့မျှ ခွာထုတ်၍ မရပေ။
အနက်ရောင်စွမ်းအင်နှင့် စိမ်းရောင်အလင်းတို့မှာ ဆက်လက် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။
ကျန်းရှောင်ဖန်းမှာ အလွန်ထိတ်လန့်နေ၏။ သူသည် ထိုထူးဆန်းသော အရာနှစ်ခုနှင့် ဝေးရာသို့သာ ထွက်ပြေးလိုစိတ် ရှိနေတော့သည်။
သူသည် ရှိသမျှ အားအင်ကို သုံးကာ ထရန် ကြိုးစားသော်လည်း ခေါင်းမှာ ချက်ချင်း မူးဝေလာ၏။
သူ၏ တစ်ကိုယ်လုံး ယိမ်းထိုးသွားပြီး ခြေထောက်များမှာ အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားပြန်သည်။
စိမ်းရောင်ပုလဲနှင့် အနက်ရောင်တုတ်ချောင်းတို့မှ စွမ်းအင်နှစ်ခုမှာ တိုက်ခိုက်ရသည်ကို နှစ်သက်နေဟန် ရှိသော်လည်း တုတ်ချောင်းက အသာစီး ရနေပုံရပေသည်။
ခေတ္တမျှအကြာတွင် အနက်ရောင်စွမ်းအင်မှာ စိမ်းရောင်စွမ်းအင်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားရာ စိမ်းရောင်စွမ်းအင်မှာ ခုခံနိုင်စွမ်း မရှိတော့ဟန် တူ၏။
ထိုအချိန်တွင် ကျန်းရှောင်ဖန်းသည် သူ၏ လက်ဖဝါးအလယ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
သူ၏လက်ဖဝါးနှင့် မိစ္ဆာပုလဲ ထိကပ်နေသော နေရာမှ သွေးများ အဆက်မပြတ် ထွက်လာပြီး သွေးစက်ကြီး တစ်စက်အဖြစ် စုစည်းသွားသည်ကို သူမြင်လိုက်ရ၏။
ကျန်းရှောင်ဖန်းမှာ တုန်ရီသွားပြီး မျက်နှာမှာ ဖြူလျော်သွားလေသည်။ မိစ္ဆာပုလဲမှာ သွေးစက်ကြီးနှင့် ထိတွေ့လိုက်သည်နှင့် စိမ်းရောင်အလင်းမှာ ပိုမိုတောက်ပလာပြီး ပြန်လည် တိုက်စစ်ဆင်လာ၏။
၎င်းမှာ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ရုံသာမက အမှောင်စွမ်းအင်ကိုပါ စတင် လွှမ်းမိုးလာလေသည်။
သူ၏လက်မှ သွေးများ ပိုမိုထွက်လာသည်နှင့်အမျှ ကျန်းရှောင်ဖန်းသည် သတိအာရုံများဝေဝါးလာလေသည်။
သွေးနီရောင်များမှာ တုတ်ချောင်းနှင့် မိစ္ဆာပုလဲတို့ ဆုံရာနေရာသို့ စီးဝင်သွားပြီး ခေတ္တမျှအကြာတွင် ထိုသွေးများမှာ အတွင်းသို့ စိမ့်ဝင်သွားကာ တုတ်ချောင်း၏ ထိပ်ဖျားကို သွေးနီရောင်အဖြစ် ပြောင်းလဲသွားစေတော့သည်။
လေထုထဲတွင် သွေးနံ့ သင်းပျံ့လာလေသည်။
အချိန်ကြာလာသည်နှင့်အမျှ အရောင်မှာ ပိုမို နက်မှောင်လာ၏။ တိုက်ခိုက်နေကြသော အနက်ရောင်စွမ်းအင်နှင့် စိမ်းရောင်အလင်းတို့မှာလည်း မှိန်ဖျော့သွားလေသည်။
ကွဲပြားမှုများမှာ သဟဇာတ ဖြစ်မှုအဖြစ် ပြောင်းလဲသွားပြီး အတူတကွပေါင်းစပ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ထူးဆန်းသော ပြောင်းလဲမှုမှာ အဆုံးသတ်သွား၏။ တုတ်ချောင်းနှင့် စိမ်းရောင်ပုလဲတို့မှာ တောက်ပမှု ကင်းမဲ့သွားကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကျန်းရှောင်ဖန်း၏ လက်ပေါ်မှ ပြုတ်ကျသွားလေသည်။
"ရှောင်ဖန်း။ ရှောင်ဖန်း။ ဂျူနီယာလေး...." ကျန်းရှောင်ဖန်း၏ နားထဲတွင် စိုးရိမ်တကြီး ခေါ်သံတစ်ခု ကြားလိုက်ရ၏။
သူ၏ခေါင်းမှာ အလွန်နာကျင်နေသည်။ မျက်လုံးဖွင့်ရန်ပင် အားအင်အားလုံးကို သုံးနေရ၏။
ထျန်းလင်းအာ၏ စိုးရိမ်နေသော ပုံရိပ်မှာ တဖြည်းဖြည်း ပိုမို ထင်ရှားလာသည်။ သူသည် နှုတ်ခမ်းများကို လှုပ်ရုံမျှဖြင့် တိုးညင်းစွာ ပြောလိုက်၏။
"စီနီယာအမ။"
ထျန်းလင်းအာသည် စိတ်သက်သာရာ ရသွားကာ မေးလိုက်သည်။
"ရှောင်ဖန်း နင်နိုးလာပြီလား။"
ကျန်းရှောင်ဖန်းက အားယူကာ ပြုံးပြလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး စီနီယာအမ။"
ထျန်းလင်းအာက သူ့ကို ထိုင်နိုင်အောင် ကူညီပေးလိုက်သည်။ ကျန်းရှောင်ဖန်းသည် သူ၏ ညာဘက်လက်ကို ကြည့်လိုက်ရာ မည်သည့်နေရာတွင်မျှ ဒဏ်ရာမရှိပေ။
အနည်းငယ် ဖြူလျော်နေသည်မှအပ ဘာမျှမရှိသဖြင့် သူအလွန် အံ့အားသင့်သွားမိသည်။
သူ၏ လက်ဖဝါးမှ သွေးများ အမြောက်အမြား ထွက်လာသည်ကို သူမှတ်မိနေသော်လည်း ယခုအခါ ဘာလက္ခဏာမျှ မရှိတော့သည်မှာ အဘယ်ကြောင့်နည်း။
ဤသည်မှာ အိပ်မက်ဆိုးတစ်ခုလား။
"ရှောင်ဖန်း။"
ထျန်းလင်းအာသည် သူ့ကို ငေးငိုင်နေသည်ကို မြင်သဖြင့် စိုးရိမ်ကာ တွန်းလိုက်၏။
ကျန်းရှောင်ဖန်း သတိဝင်လာပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သော ထူးဆန်းသော ဖြစ်ရပ်များကို သူမအား ပြောပြရန် ပြင်လိုက်သော်လည်း မည်သည့်နေရာမှ စပြောရမည်ကို မသိတော့ပေ။
ထို့နောက် သူက အခက်တွေ့ဟန်ဖြင့် ခေတ္တမျှ တွေဝေသွားပြီးမှ ပြောလိုက်လေသည်။
"ဘာ၊ ဘာမှမဟုတ်ပါဘူး စီနီယာအမ။"
ထျန်းလင်းအာ စိတ်အေးသွား၏။ သူမ သတိရလာစဉ်က ကောင်းကင်မှာ မှောင်စပြုနေပြီဖြစ်ရာ သူမအလွန် အံ့အားသင့်သွားခဲ့သည်။
သူမသည် ထင်းရှူးပင်ကြီးအောက်တွင် လဲလျောင်းနေသော်လည်း သူမ၏ စီနီယာလေးမှာမူ အဝေးတစ်နေရာတွင် သတိလစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ အလွန်ထိတ်လန့်သွားကာ ကျန်းရှောင်ဖန်း၏ ဘေးသို့ ပြေးလာခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ခေတ္တမျှအကြာတွင် နိုးလာခဲ့ပေသည်။
ထျန်းလင်းအာက ပတ်ဝန်းကျင်ကို ကြည့်ကာ ကျန်းရှောင်ဖန်းကို ပြောလိုက်၏။
"ဂျူနီယာလေး၊ ဒီနေရာက အရမ်းထူးဆန်းတယ်၊ ငါတို့ မြန်မြန် ထွက်သွားသင့်တယ်။ မနက်ဖြန်ကျမှ အမေ့ကို ဒီနေရာကို လာကြည့်ခိုင်းရမယ်။"
ကျန်းရှောင်ဖန်း ခေါင်းညိတ်လိုက်သည်။ သူ မတ်တတ်ထရန် ပြင်လိုက်ချိန်တွင် တစ်ကိုယ်လုံး နာကျင်မှုကို ခံစားလိုက်ရ၏။
အကယ်၍ ထျန်းလင်းအာက အမြန် မတွဲထားပေးပါက သူသည် ပြန်လည် လဲကျသွားပေလိမ့်မည်။
ထျန်းလင်းအာသည် သူ၏မျက်နှာ အလွန်ဖြူလျော်နေသည်ကို မြင်သဖြင့် စိတ်ပူသွားကာ သူ့ကို ဂရုတစိုက် တွဲထူလိုက်၏။
ကျန်းရှောင်ဖန်းက သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သော်လည်း ဒဏ်ရာ မတွေ့သဖြင့် ပြောလိုက်သည်။
"စီနီယာအမ၊ ကျွန်တော် နည်းနည်း ခေါင်းမူးနေလို့ပါ၊ ဘာမှမဖြစ်ပါဘူး။"
ထျန်းလင်းအာက သူ့ကိုကြည့်ကာ ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါတို့ မြန်မြန် ပြန်ရအောင်။ အခုလည်း မှောင်နေပြီ၊ အဖေနဲ့ အမေ၊ ပြီးတော့ စီနီယာအစ်ကိုကြီးတွေ ငါတို့အတွက် စိတ်ပူနေကြလိမ့်မယ်။"
ကျန်းရှောင်ဖန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့။"
ထျန်းလင်းအာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရာ ထူးခြားမှု မရှိသဖြင့် သူမ မည်သည့်အကြောင်းကြောင့် သတိလစ်သွားသည်ကို တွေးတောနေမိ၏။
သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ "ဖီးနစ်ဝိညာဉ်" မှာ အနီရောင်အလင်းများ တောက်ပကာ ထွက်ပေါ်လာလေသည်။
ထျန်းလင်းအာနှင့် ကျန်းရှောင်ဖန်းတို့ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ၎င်းတို့ဘေးမှ အသံတစ်ခု ထွက်ပေါ်လာ၏။
၎င်းတို့ ရှေ့သို့ ကြည့်လိုက်ရာ မီးခိုးရောင်မျောက်ကလေးမှာ ၎င်းတို့ဘေးတွင် ရပ်နေပြီး ပါးစပ်ကြီး ဖြဲကာ ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
၎င်း၏ လက်များမှာမူ နှစ်ပေခန့် ရှည်လျားသော လျှို့ဝှက်ဆန်းပြားသည့် မည်းနက်သော တုတ်ချောင်းကို ဆွဲလာလေသည်။
တာ့ကျူးတောင်ထွတ်၏ ကျင့်ဝတ်ခန်းမဆောင်အတွင်း၌ ထျန်းပုယီသည် ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။
သူ၏ မျက်မှောင်များမှာ ကြုတ်နေပြီး မျက်နှာတွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေလေသည်။
ယနေ့မနက်တွင် သူ၏သမီးနှင့် အသုံးမကျသော သတ္တမမြောက် တပည့်တို့မှာ အနောက်တောင်သို့ သွား၍ ကစားကြရာ ယခု မှောင်သည်အထိ ပြန်မလာကြသေးပေ။
စုရုမှာ ၎င်းတို့ကို သွားရှာနေပြီဖြစ်ပြီး တပည့်အားလုံးကိုလည်း လွှတ်ထားပြီး ဖြစ်သော်လည်း တာ့ကျူးတောင်ထွတ် တစ်ခုလုံးမှာ သစ်တောများ ထူထပ်လှသဖြင့် လူနှစ်ယောက်ကို ရှာရသည်မှာ မြက်ပုံထဲတွင် အပ်ရှာရသကဲ့သို့ပင် ခက်ခဲလှပေသည်။
ရုတ်တရက် လေခွဲသံတစ်ခု ထွက်ပေါ်လာ၏။ ထျန်းပုယီ မော့ကြည့်လိုက်ရာ စုရုသည် ကလေးနှစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်။
ထျန်းလင်းအာနှင့် ကျန်းရှောင်ဖန်းတို့မှာ ထိခိုက်မှု မရှိပုံရသော်လည်း ထူးဆန်းသည်မှာ ကျန်းရှောင်ဖန်း၏ ပုခုံးပေါ်တွင် မသိရသော မျောက်တစ်ကောင် ထိုင်နေခြင်းပင် ဖြစ်သည်။
ထျန်းပုယီ စိတ်သက်သာရာ ရသွားသော်လည်း သူ၏မျက်နှာပေါ်မှ ဒေါသများမှာ ပျောက်ကွယ်မသွားသေးပေ။
ကျန်းရှောင်ဖန်းသည် သူ၏ဆရာကို ကြည့်ကာ ထိတ်လန့်သွားပြီး မလှုပ်မယှဲ ရပ်နေမိ၏။
သူသည် ခေါင်းကို ငုံ့ထားသော်လည်း ထိုနောက်ပြောင်တတ်သော မီးခိုးရောင်မျောက်ကလေးမှာမူ ကျန်းရှောင်ဖန်း၏ ဆံပင်များကို ကစားလျက် သန်းရှာနေလေသည်။