← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇) ပြန်လည်တွေ့ဆုံခြင်း (၁)

ထျန်းလင်းအာသည် ဖီးနစ်ဝိညာဉ်ကို သိမ်းလိုက်ပြီး ဖခင်၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရ၏။

သူမသည် မျက်လုံးများကို ဝေ့ဝိုက်ကြည့်ကာ ပြုံးပြလိုက်ပြီး အပြစ်ကင်းစင်သော ပန်းကလေးတစ်ပွင့်ကဲ့သို့ ထျန်းပုယီ၏ ဘေးသို့ ခုန်ပေါက်သွားလေသည်။

ထို့နောက်သူမသည် ဖခင်၏လက်ကို ဆွဲကာ ပြောလိုက်၏။

"အဖေ၊ သမီးတို့ ပြန်လာပြီ။"

ထျန်းပုယီက နှာခေါင်းရှုံ့ကာ မေးလိုက်သည်။

"မင်းတို့နှစ်ယောက် ဘယ်သွားနေကြတာလဲ။"

ထျန်းလင်းအာက ရယ်မောကာ ပြောလိုက်၏။

"ရှောင်ဖန်း ဝါးခုတ်နေတုန်း မျောက်တစ်ကောင်က သူ့ကို လာနှောင့်ယှက်နေလို့ သမီးက ရှောင်ဖန်းကို ကူညီပြီး အဲဒီမျောက်ကို လိုက်ဖမ်းပေးနေတာပါ။ ဪ၊ အဲဒါ ဒီမျောက်ပဲ။"

သူမက ကျန်းရှောင်ဖန်း ရှိရာသို့ လက်ညှိုးထိုးပြလိုက်၏။

ကျန်းရှောင်ဖန်း၏ ပုခုံးပေါ်တွင် ထိုင်နေသော မီးခိုးရောင်မျောက်ကလေးမှာ အံ့အားသင့်သွားပြီး သူမကို နှစ်ကြိမ်မျှ အော်ဟစ်ကာ မျက်နှာပြောင်ပြလိုက်သည်။

ထို့နောက် ခေါင်းကို ကုတ်လိုက်ပြီး ကျန်းရှောင်ဖန်း၏ ဆံပင်များကိုသာ ဆက်လက် အာရုံစိုက်နေပြန်၏။

ထျန်းလင်းအာက မျက်နှာပြောင်ပြလိုက်ပြီးနောက် လိုက်ဖမ်းစဉ်က ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလေသည်။

"...... အဲဒီနောက် သမီးတို့ ချိုင့်ဝှမ်းတစ်ခုထဲ ရောက်သွားပြီး သမီး ဗိုက်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရပြီး သတိမေ့သွားတာ။”

“သမီးနိုးလာတော့ ရှောင်ဖန်းလည်း မြေပြင်ပေါ်မှာ သတိမေ့နေတာ တွေ့တယ်။ ဒါပေမဲ့ ကံကောင်းတာက သမီးတို့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။”

“သမီးတို့ ပြန်လာခါနီးမှာ အဲဒီမျောက်က ရှောင်ဖန်းကို တကယ်ခင်နေတာ တွေ့လို့ သမီးတို့နဲ့အတူ ခေါ်လာခဲ့တာပါ။"

ထျန်းပုယီ မျက်မှောင်ကြုတ်ကာ သူ၏ဇနီးကို လှည့်မေးလိုက်၏။

"အခြေအနေ ဘာထူးခြားလဲ"

စုရုက ခေါင်းခါပြလိုက်သည်။

"တောင်ပေါ်မှာ ကလေးနှစ်ယောက်ကို လိုက်ရှာတုန်းက အဲဒီနေရာကို စစ်ဆေးပြီးပါပြီ၊ ဘာမှ မသင်္ကာစရာ မရှိပါဘူး။”

“ကျွန်မထင်တာတော့ လင်းအာရဲ့ အဆင့်ကနိမ့်သေးတော့ ရှောင်ဖန်းကို ဖီးနစ်ဝိညာဉ်ပေါ် တင်ပြီး အတင်းပျံခိုင်းလို့ နောက်ဆုံးမှာ အားကုန်သွားတာ ဖြစ်နိုင်ပါတယ်။"

ထျန်းလင်းအာက မမူတမူဖြင့် ပြောလိုက်၏။

"အမေကလည်း၊ သမီးရဲ့ ကျင့်စဉ်က ဘယ်တုန်းက မရင့်ကျက်လို့လဲ။ ရှောင်ဖန်း၊ ငါပြောတာ ဟုတ်တယ်မလား။"

ကျန်းရှောင်ဖန်းက အမြန်ပင် ဖြေလိုက်၏။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ပါတယ်ခင်ဗျ။"

ထျန်းပုယီသည် ကျန်းရှောင်ဖန်းကို မျက်စောင်းထိုးကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"ချင်းယွင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး မျောက်တစ်ကောင်ရဲ့ နှောင့်ယှက်တာကို ခံရတယ်ပေါ့။ ဒီအကြောင်းသာ အပြင်ကို ပေါက်ကြားသွားရင် မင်းကြောင့်နဲ့ ငါတော့ အရှက်ကွဲရတော့မှာပဲ။"

စုရုက လျှောက်လာပြီး ထျန်းလင်းအာ၏ လက်ကိုဆွဲကာ တိုးညင်းစွာ မေးလိုက်၏။

"တစ်နေကုန် ဘာမှမစားရသေးဘူးဆိုတော့ ဗိုက်ဆာနေပြီ မဟုတ်လား။"

ထျန်းလင်းအာက လျှာထုတ်ပြကာ ရယ်မောလိုက်သည်။

"တကယ် ဗိုက်ဆာနေပြီ အမေ။"

စုရုက သူမကို စိုက်ကြည့်ကာ မီးဖိုချောင်သို့ ခေါ်သွားရင်း တိုးတိုးလေး ပြောလိုက်၏။

"လည်လိုက်တဲ့ ကလေးမလေး။"

ကျန်းရှောင်ဖန်းသည်လည်း ဗိုက်ဆာမှုကို ခံစားနေရ၏။ သို့သော် ထျန်းပုယီ၏ ရှေ့တွင် ရပ်နေရသဖြင့် မည်သို့လျှင် ခြေလှမ်းတစ်လှမ်း လှမ်းဝံ့အံ့နည်း။

စုရုနှင့် ထျန်းလင်းအာတို့ အဝေးသို့ ထွက်သွားသည်ကို ကြားနေရသော်လည်း သူ၏ဆရာမှာမူ လှုပ်ရှားမှု မရှိသေးပေ။

ကျန်းရှောင်ဖန်းသည် ခိုး၍ ခေါင်းမော့ကြည့်လိုက်ရာ ခန်းမဆောင်အတွင်း၌ ဘာမျှမရှိတော့သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိ၏။

ထျန်းပုယီမှာ မည်သည့်အကြောင်းမှ မပြောဘဲ ထွက်သွားနှင့်ပြီ ဖြစ်သည်။ သူ၏စိတ်ထဲတွင် ဤတပည့်အအကို ဆူပူနေရခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု ထင်မှတ်နေဟန် တူပေသည်။

ကျန်းရှောင်ဖန်းသည် ထိုနေရာတွင် အတော်ကြာအောင် ရပ်နေမိ၏။

နောက်ဆုံးတွင် သူ၏ဗိုက်မှ မြည်သံကို ကြားလိုက်ရသဖြင့် လှည့်ထွက်လာခဲ့သော်လည်း မီးဖိုချောင်သို့ မသွားဝံ့ဘဲ သူ၏အခန်းသို့သာ ပြန်လာခဲ့လေသည်။

အခန်းထဲသို့ ပြန်ရောက်၍ တံခါးပိတ်လိုက်သောအခါ မီးခိုးရောင်မျောက်ကလေးသည် သူ၏ပုခုံးပေါ်မှ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

၎င်းသည် ဤနေရာကို မိမိအိမ်ကဲ့သို့ မှတ်ယူထားဟန်ရှိကာ သူ၏ပုခုံးပေါ်မှ ခုန်ချ၍ ကုတင်ပေါ်သို့ တက်သွားလေသည်။

၎င်းသည် ကုတင်ပေါ်တွင် ခုန်ပေါက်ကာ ခေါင်းအုံးကို ရမ်းခါနေလေသည်။

ကျန်းရှောင်ဖန်းသည် မီးခိုးရောင်မျောက်ကလေးကို ကြည့်ကာ ပြုံးလိုက်မိသော်လည်း မကြာမီပင် ဗိုက်ဆာမှုက လွှမ်းမိုးလာပြန်၏။

သူသည် ကုလားထိုင်တွင် ထိုင်လိုက်ပြီး တစ်ညတာ ထားထားသော အိုးထဲမှ ရေအေးတစ်ခွက်ကို ငှဲ့၍ သောက်လိုက်လေသည်။

အေးမြမှုမှာ သူ၏နှလုံးသားထဲအထိ စိမ့်ဝင်သွား၏။

သူသည် ခေတ္တမျှ ထိုင်နေပြီးနောက် သူ၏အဝတ်အစားများထဲမှ အရာတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရုပ်ဆိုးလှသော မည်းနက်သည့် တုတ်ချောင်းပင် ဖြစ်သည်။

ဖူကျစ် ဆရာတော် ပေးခဲ့သော ပုလဲမှာ တုတ်ချောင်းနှင့် ပေါင်းစည်းနေပြီး ပုလဲမှာလည်း ထူးဆန်းသော အစိမ်းနှင့် အနက်ရောင်အဖြစ် ပြောင်းလဲနေ၏။

၎င်းတို့ ဆုံရာနေရာတွင် ခြောက်သွေ့နေသော သွေးများကြောင့် အနီရင့်ရောင် သန်းနေလေသည်။

၎င်းမှာ ရုပ်ဆိုးရုံသာမက ကြည့်ရသည်မှာလည်း တစ်မျိုးကြီး ဖြစ်နေပေသည်။

သူသည် ၎င်းကို ခေတ္တမျှ ကြည့်နေပြီးနောက် ရုတ်တရက် ခါးသီးစွာ ရယ်မောလိုက်မိ၏။

သူသည် ထိုတုတ်ချောင်းကို နံရံသို့ ပစ်ပေါက်လိုက်ရာ ကျယ်လောင်သော အသံနှင့်အတူ အခန်းထောင့်သို့ ကျသွားလေသည်။

မီးခိုးရောင်မျောက်ကလေးမှာ အံ့အားသင့်သွားပြီး ကျန်းရှောင်ဖန်းကို မော့ကြည့်လိုက်၏။

၎င်းမှာ ကျန်းရှောင်ဖန်း အဘယ်ကြောင့် စိတ်တိုနေသည်ကို နားမလည်နိုင်ပေ။ ကျန်းရှောင်ဖန်း သက်ပြင်းချလိုက်ပြီးနောက် ဖိနပ်ချွတ်ကာ ကုတင်ပေါ်တက်၍ စောင်ခြုံလိုက်လေသည်။

မျောက်ကလေးမှာမူ ခေါင်းကိုကုတ်ကာ ဇဝေဇဝါ ဖြစ်နေရုံသာ ရှိတော့၏။

ထိုညတွင် ကျန်းရှောင်ဖန်းမှာ ကောင်းစွာ အိပ်မပျော်ခဲ့ပေ။ ဗိုက်ဆာမှုမှာ သည်းမခံနိုင်စရာ ဖြစ်နေ၏။ သူသည် သန်းခေါင်ယံကျော်မှသာ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

ရှေးဟောင်း ချိုင့်ဝှမ်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်မှ နောက်ပိုင်းတွင် ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းရှောင်ဖန်း ချင်းယွင်ဂိုဏ်းသို့ ရောက်ရှိလာသည်မှာ သုံးနှစ် ပြည့်မြောက်သွားခဲ့ပြီဖြစ်ရာ သူ၏ နေ့စဉ် ဝါးခုတ်ရသည့် တာဝန်မှာလည်း အဆုံးသတ်သွားခဲ့လေသည်။

သို့သော် သုံးနှစ်ကြာ လေ့ကျင့်မှု၏ ရလဒ်မှာမူ ကျန်းရှောင်ဖန်းအတွက် အလွန် အရှက်ရဖွယ် ကောင်းလှ၏။

ထိုထူးဆန်းသော ချိုင့်ဝှမ်းခရီးစဉ်မှ နောက်ပိုင်း တစ်လလုံးလုံးတွင် ကျန်းရှောင်ဖန်းမှာ မကြာခဏ ခေါင်းမူးခြင်း၊ အားနည်းခြင်းနှင့် အလွယ်တကူ မောပန်းခြင်းများကို ခံစားနေရ၏။

၎င်းမှာ ထိုနေ့က သွေးများ အမြောက်အမြား ဆုံးရှုံးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူခန့်မှန်းနေသော်လည်း မိမိကိုယ်ကိုယ် စစ်ဆေးကြည့်ရာတွင် မည်သည့်ဒဏ်ရာမျှ မတွေ့ရပေ။

သူစိတ်ပူနေသော်လည်း ဆရာကို မမေးဝံ့သဖြင့် သူ၏စိတ်ထဲတွင်သာ မျိုသိပ်ထားခဲ့လေသည်။

သူဘာမျှ မပြောသော်လည်း သူ၏ခန္ဓာကိုယ်ကမူ သက်သေပြနေ၏။

ယခင်က သူသည် နက်မှောင်သော ဝါးပင် နှစ်ပင်ခန့်ကို ခုတ်နိုင်သော်လည်း ယခုအခါတွင်မူ အကြိမ်အနည်းငယ် လွှဲရုံမျှဖြင့် အသက်ကို ပြင်းထန်စွာ ရှူနေရပြီး တစ်နေ့ကုန် ကြိုးစားသော်လည်း ဝါးပင်တစ်ပင်မျှ မခုတ်နိုင်တော့ပေ။

ထိုနေ့က ချိုင့်ဝှမ်းတွင် မိစ္ဆာပုလဲသည် သူ၏သွေး ထက်ဝက်ခန့်ကို စုပ်ယူသွားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူ၏ခန္ဓာကိုယ်မှာ သန်မာမှု မရှိပါက သူသည် ကုတင်ပေါ်တွင် လဲလျောင်းနေရပြီး ထနိုင်တော့မည် မဟုတ်ပေ။

ကျန်းရှောင်ဖန်းအနေဖြင့် ယခင်ကကဲ့သို့ ဝါးခုတ်ရန်မှာ ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်တော့ပေ။

ဤအခြေအနေမှာ နောက်ထပ် နှစ်ပတ်ခန့်အထိ ကြာမြင့်ခဲ့ပြီးမှ ကျန်းရှောင်ဖန်း အနည်းငယ် သက်သာလာခဲ့၏။

သို့သော် ထိုအချိန်တွင် ဝါးခုတ်ရသည့် တာဝန်မှာ အဆုံးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

နောက်ဆုံးနေ့တွင် စုန့်တာ့ရန်နှင့် အခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် ကျန်းရှောင်ဖန်းသည် ရှိသမျှ အားအင်ကို သုံးကာ နာရီဝက်ခန့် ကြိုးစားပြီးနောက် နက်မှောင်သော ဝါးပင်တစ်ပင်ကို ခုတ်နိုင်ခဲ့လေသည်။

စုန့်တာ့ရန်နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း စကားတစ်ခွန်းမျှ မပြောမိကြပေ။

ထျန်းလင်းအာသာလျှင် ရှေ့သို့ ထွက်လာပြီး ကျန်းရှောင်ဖန်း၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်၏။

"ရှောင်ဖန်း၊ စိတ်မပူပါနဲ့၊ နင်က နင့်စီနီယာအမရဲ့ ခွန်အား ဆယ်ပုံတစ်ပုံလောက် ရှိတာနဲ့တင် တော်တော်လေး ကောင်းနေပါပြီ။"

ကျန်းရှောင်ဖန်းက ခါးသီးစွာ ပြုံးလိုက်မိ၏။

ညစာစားချိန်တွင် တာ့ကျူးတောင်ထွတ်ရှိ လူအားလုံး စားသောက်ခန်းမ၌ စုဝေးနေကြလေသည်။

ထျန်းပုယီ ထိုင်လိုက်သောအခါ စုန့်တာ့ရန်က ကျန်းရှောင်ဖန်း၏ အကြောင်းကို သတင်းပို့လေသည်။

ထျန်းပုယီက ကျန်းရှောင်ဖန်းကို ကြည့်ပင်မကြည့်ဘဲ အေးစက်စွာ ရယ်မောလိုက်၏။ သို့သော် စုရုကမူ ပြုံးလျက် ပြောလိုက်လေသည်။

"ဪ၊ ရှောင်ဖန်း၊ မင်း တာ့ကျူးတောင်ထွတ်ကို ရောက်တာ သုံးနှစ်တောင် ရှိသွားပြီပေါ့။"

ကျန်းရှောင်ဖန်းက ချက်ချင်းပင် ဖြေလိုက်၏။

"ဟုတ်ကဲ့ ဆရာကတော်။"

စုရုက သက်ပြင်းအသာချကာ ပြောလိုက်လေသည်။

"အိုက်ယား၊ အချိန်တွေက ကုန်တာ မြန်လိုက်တာ၊ ခဏလေးနဲ့ သုံးနှစ်တောင် ရှိသွားပြီ။"

ရုတ်တရက် သူမက စကားကို ရပ်လိုက်ပြီး အခြားတပည့် ခြောက်ယောက်ကို အသံမြှင့်၍ မေးလိုက်၏။

"မင်းတို့ထဲမှာကော အဲဒီလို ခံစားရတဲ့သူ ရှိလား။"

တာ့ကျူးတောင်ထွတ်မှ တပည့်များမှာ ထိတ်လန့်သွားပြီး ကျောကို ဆန့်ကာ ဖြေလိုက်ကြသည်။

"ရှိပါတယ်ခင်ဗျ။"

စုရုက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

"မင်းတို့ရဲ့ ဂျူနီယာလေးတောင် ကြီးပြင်းလာပြီ၊ ဒါပေမဲ့ သုံးနှစ်အတွင်းမှာ မင်းတို့ တစ်ယောက်မှ တိုးတက်မှု မရှိကြဘူး၊ မင်းတို့က ငါနဲ့ မင်းတို့ဆရာကို သတ်ချင်နေတာလား။"

မည်သူမျှ စကားတစ်ခွန်းမျှ မဆိုဝံ့ဘဲ စုန့်တာ့ရန်ကိုသာ ကြည့်နေကြလေသည်။ စုန့်တာ့ရန်သည် အခြားစီနီယာများ၏ ဖိအားပေးမှုကြောင့် ပြောလိုက်ရ၏။

"ဆရာကတော်၊ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဒီတစ်ခါတော့ တကယ် ကြိုးစားပါ့မယ်။"

သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ သိသိသာသာ ပေါ်လွင်နေ၏။ သူမ စကားဆက်ရန် ပြင်လိုက်စဉ်မှာပင် ထျန်းပုယီက ကြားဖြတ် ပြောလိုက်သည်။

"နံပါတ် ၆"

တုပိရှုမှာ အံ့အားသင့်သွားပြီး ခေါင်းမော့ကာ မေးလိုက်၏။

"ဆရာ၊ ကျွန်တော့်ကို ခေါ်တာလား။"

ထျန်းပုယီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီရက်ပိုင်း မင်း မီးဖိုချောင်က ဟင်းလျာတွေကို ကြည့်ပြီး လက်တွေကို ဝှေ့ယမ်းနေတာ ငါတွေ့တယ်၊ ဘာဖြစ်လို့လဲ။"

တုပိရှု၏ မျက်နှာမှာ နီမြန်းသွားပြီး စကားများ ထစ်ငေါ့ကာ တိုးတိုးလေး ပြောလိုက်၏။

"ဆရာ၊ ဆရာ အဲဒါကို မြင်သွားတာလား။"

စုရုက မေးလိုက်၏။

"အေး၊ တုပိရှု၊ အဲဒါ ဘာဖြစ်လို့လဲ။"

တုပိရှု ခေတ္တမျှ တွေဝေနေပြီးမှ တိုးညင်းစွာ ပြောလိုက်လေသည်။

"တပည့်က အရာဝတ္ထုတွေကို လှုပ်ရှားအောင် လမ်းညွှန်နိုင်မလားဆိုတာ ကြည့်ချင်လို့ပါ.....”

အားလုံး အံ့အားသင့်သွားကြ၏။ "အရာဝတ္ထု ထိန်းချုပ်ခြင်း" ဆိုသည်မှာ ချင်းယွင်ဂိုဏ်း၏ မှော်လက်နက် ကျင့်စဉ်တွင် အခြေခံကျသော အဆင့်ဖြစ်ပြီး လူတစ်ယောက်သည် ၎င်းကို ပြုလုပ်နိုင်ရန်အတွက် အနည်းဆုံး ယွီချင်းအဆင့် လေးအထိ ရောက်ရှိရမည် ဖြစ်သည်။

ထျန်းပုယီက ခေါင်းညိတ်ကာ မေးလိုက်၏။

"အဲဒီတော့ ဘာဖြစ်လဲ။"

တုပိရှုက တိုးညင်းစွာ ပြောလိုက်သည်။

"နည်းနည်းတော့ လှုပ်သွားသလိုပဲခင်ဗျ။"

"အိုး…။"

အားလုံး အံ့အားသင့်သွားကြ၏။ သူ၏ဘေးတွင် ထိုင်နေသော လူတာ့ရှင်းက တုပိရှု၏ ပုခုံးကို ပုတ်ကာ ပြုံးလိုက်လေသည်။

စုရုသည်လည်း ပြုံးလျက် မျက်နှာချင်းဆိုင်မှ ထိုင်ကာ ပြောလိုက်၏။

"ကောင်းတယ်၊ မင်း ဒီလောက် ကြိုးစားလိမ့်မယ်လို့ ထင်မထားမိဘူး၊ ဘယ်တုန်းက အဲဒါကို တွေ့လိုက်တာလဲ။"

တုပိရှုမှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး ပြောလိုက်လေသည်။

"မကြာသေးခင်ကပါ၊ ကျွန်တော့်အခန်းထဲမှာ ကျင့်စဉ်ကျင့်နေတုန်း ရုတ်တရက် ရေခွက်က လှုပ်သွားတာကို တွေ့လိုက်ရတာ။”

“ကျွန်တော် အဆင့် သုံးကို ကျော်ဖြတ်သွားပြီလားလို့ တွေးနေတာပါ။"

သူက ရှက်ကိုးရှက်ကန်း ပြုံးကာ ဆက်ပြော၏။

"ဒါပေမဲ့ တပည့်က သေချာ မသိသေးလို့ မကြာခဏ ပြန်စမ်းကြည့်နေတာကို ဆရာက မြင်သွားတာပါ။"

ထျန်းပုယီက ပြုံးကာ ပြောလိုက်သည်။

"အဆင့် သုံးနဲ့ လေးကြား ရောက်နေရင် အဲဒီလိုပဲ ဖြစ်တတ်တာ။ စွမ်းအားချင်း အလွန်ကွာခြားပေမယ့် အစပိုင်းမှာတော့ သိသာထင်ရှားတဲ့ လက္ခဏာ မရှိတတ်ဘူး။”

“ မင်းက တော်တယ်၊ နောက်ကျမှ စတာတောင် နောက်ဆုံးတော့ အမီလိုက်နိုင်ပြီ။"

အခန်း (၁၈) ပြန်လည်တွေ့ဆုံခြင်း (၂)

အားလုံးက ပြုံးရွှင်ကာ သူ့ကို ဂုဏ်ပြုကြလေသည်။ ထိုစဉ်အတွင်း ထျန်းလင်းအာက ကြားဖြတ် မေးလိုက်၏။

"ဆဌမ စီနီယာအစ်ကို၊ ဘယ်လို ​ေမှာ်ရတနာမျိုးကို သန့်စင်ချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလား။"

တုပိရှုက ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"ဟင့်အင်း၊ ဆရာ့ကို အဆင့် လေး ရောက်သွားပြီလို့ အတည်ပြုပေးဖို့ပဲ စဉ်းစားနေတာ၊ အဲဒါကို စဉ်းစားဖို့ အချိန်မရသေးဘူး။"

စုရုက ပြုံးကာ ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့။ ရက်အနည်းငယ်လောက် စဉ်းစားကြည့်ပေါ့။”

“မင်းတို့ဆရာရဲ့ အကျင့်ကို သိသားပဲ၊ သူက မင်းတို့ကို ဓားတစ်လက် သန့်စင်ဖို့ ဘယ်တော့မှ အတင်းအကျပ် မလုပ်ခိုင်းပါဘူး။”

“မင်းနှစ်သက်တဲ့ အရာတစ်ခုခု ရှိရင် အဲဒီအတွက် လိုအပ်တဲ့ ပစ္စည်းကိုရှာပြီး သန့်စင်လိုက်ပေါ့။"

ကျန်းရှောင်ဖန်းသည် ဆဌမ စီနီယာအစ်ကို ပြုံးပျော်နေသည်ကို မြင်ရသဖြင့် အားကျစိတ်ဖြင့် ကြည့်နေမိ၏။ ထိုစဉ် ထျန်းပုယီက ပြောလိုက်သံကို ကြားလိုက်ရသည်။

"နံပါတ် ၆"

တုပိရှုက အမြန်ပင် ထူးလိုက်၏။

"ဟုတ်ကဲ့ဆရာ။"

ထျန်းပုယီက ပြောလိုက်လေသည်။

"ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ အစဉ်အလာအရ ယွီချင်းအဆင့် လေးကို ရောက်တဲ့ တပည့်တွေဟာ လောကအနှံ့ လှည့်လည်သွားလာပြီး မှော်လက်နက်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရှာဖွေရမယ်။”

“ဝိညာဉ်ပစ္စည်းတွေကို ရှာတွေ့ဖို့ဆိုတာ မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်။”

“ မင်း အဝတ်အစားတွေ ပြင်ဆင်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ထွက်ခွာရမယ်။"

တုပိရှု ခေတ္တမျှ ကြောင်သွား၏။ သူသည် ဝမ်းသာသော်လည်း မခွဲခွာချင်သေးသဖြင့် တိုးညင်းစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ။"

သို့သော် တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်၏။

"ဆရာ၊ ဒီက ထမင်းဟင်းတွေ အားလုံးကို တပည့်ပဲ ချက်နေတာဆိုတော့၊ တပည့် ထွက်သွားရင်..."

လူတာ့ရှင်းက ရယ်မောလိုက်၏။

"မင်းက ဘာကို ကြောက်နေတာလဲ။ မင်းမလာခင်က ငါပဲ ချက်ခဲ့တာ မဟုတ်လား။ စိတ်မပူပါနဲ့၊ သူတို့ ငတ်မသွားပါဘူး။"

တုပိရှုနှင့် အခြားသူများမှာ ရယ်မောလိုက်ကြ၏။ ထျန်းလင်းအာက ပြောလိုက်လေသည်။

"အခုမှ ပြောရဦးမယ် ပဉ္စမ စီနီယာအစ်ကို၊ အစ်ကိုချက်တဲ့ ထမင်းဟင်းတွေကြောင့် ကျွန်မ ငယ်ငယ်တုန်းက အိပ်မက်ဆိုးတွေတောင် မက်ခဲ့ရတာ။"

လုတာ့ရှင်း၏ မျက်နှာမှာ နီမြန်းသွားပြီး အားလုံးက ရယ်မောကြပြန်၏။ ရယ်သံများ တိတ်သွားသောအခါ ထျန်းပုယီက ပြောလိုက်လေသည်။

"ဒီနေ့ကစပြီး မီးဖိုချောင် အလုပ်တွေကို သတ္တမမြောက်ကိုပဲ လုပ်ခိုင်းလိုက်မယ်။"

အားလုံး အံ့အားသင့်သွားကြ၏။ လူတာ့ရှင်းကလည်း အံ့အားသင့်စွာ မေးလိုက်သည်။

"ဆရာ၊ ဂျူနီယာလေးက ငယ်သေးတယ်လေ..."

ထျန်းပုယီက ကျန်းရှောင်ဖန်းကို ကြည့်လိုက်၏။ ကျန်းရှောင်ဖန်းက ချက်ချင်းပင် ပြောလိုက်လေသည်။

"ဆရာ၊ စိတ်မပူပါနဲ့။ ကျွန်တော် ဆဌမ စီနီယာအစ်ကို့ကို မီးဖိုချောင်မှာ မကြာခဏ ကူညီပေးနေကျပါ၊ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။"

ထျန်းပုယီ ခေါင်းညိတ်လိုက်ပြီး ဘာမျှထပ်မပြောဘဲ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

"စားကြ။"

သုံးရက်အကြာတွင် တုပိရှုသည် အထုပ်အပိုးများကို ပြင်ဆင်ပြီးစီးခဲ့လေသည်။

သူသည် ကျန်းရှောင်ဖန်းအား မီးဖိုချောင်နှင့် ပတ်သက်၍ သိသင့်သမျှ အားလုံးကို မှာကြားခဲ့ပြီးနောက် တောင်ပေါ်မှ ထွက်ခွာသွားခဲ့၏။

တုပိရှုသည် စီနီယာအစ်ကိုအားလုံးတွင် အသက်အငယ်ဆုံး ဖြစ်ပြီး ကျန်းရှောင်ဖန်းနှင့် အရင်းနှီးဆုံးလည်း ဖြစ်သည်။

ယခုအခါ သူထွက်သွားပြီဖြစ်ရာ ကျန်းရှောင်ဖန်းသည် တာ့ကျူးတောင်ထွတ်တွင် စတင် အထီးကျန်လာသကဲ့သို့ ခံစားနေရလေသည်။

ယခုအခါ ကျန်းရှောင်ဖန်းသည် သူ၏ ဒုတိယမြောက် "တာဝန်" ဖြစ်သော ထမင်းဟင်းချက်ခြင်းကို စတင်ခဲ့လေပြီ။

ဤသည်မှာ သူကိုယ်တိုင် အမှန်တကယ် ချက်ပြုတ်ရသည့် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

သူသည် တစ်မနက်လုံး မီးဖိုချောင်တွင် အလုပ်ရှုပ်နေခဲ့၏။ မွန်းတည့်ချိန်တွင် ထျန်းပုယီနှင့် အခြားသူများ စားသောက်ခန်းမသို့ ဝင်လာကြလေသည်။

စားပွဲပေါ်တွင် ယခင်ကကဲ့သို့ပင် ဟင်းလျာများဖြင့် ပြည့်နှက်နေ၏။

စားပွဲ၏အဆုံးတွင် ထိုင်နေသော ကျန်းရှောင်ဖန်းမှာ သူ၏လက်များကို တင်းတင်းဆုပ်ထားမိရာ သူ၏ စိုးရိမ်မှုကို အားလုံး ခံစားနေရပေသည်။

အားလုံး ထိုင်လိုက်ကြသော်လည်း ထျန်းပုယီက စကားတစ်ခွန်းမျှ မဆိုပေ။ စုရုက ပြုံးကာ မေးလိုက်၏။

"ရှောင်ဖန်း၊ ပထမဆုံးအကြိမ် ချက်ရတာ ဘယ်လိုနေလဲ။"

ကျန်းရှောင်ဖန်း ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်ကို မသိတော့ပေ။ ထျန်းပုယီက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"စားကြ။"

တပည့်များကလည်း ထူးလိုက်ကြပြီး စတင် စားသောက်ကြ၏။

စားသောက်ခန်းမအတွင်း၌ တိတ်ဆိတ်နေလေသည်။

ကျန်းရှောင်ဖန်းမှာ အလွန်ပင် စိုးရိမ်လာပြီး သူ၏နဖူးတွင် ချွေးများ စီးကျလာကာ တိုးတိုးလေး ပြောလိုက်၏။

"ဆရာ၊ စီနီယာအစ်ကိုတို့၊ ကျွန်တော်... ကျွန်တော် သိပ်ပြီး ကောင်းအောင် မချက်တတ်သေးဘူး၊ အဲဒါ..."

"ဟိုး၊ ဒါက တကယ် အရသာရှိတာပဲ။"

ထျန်းလင်းအာက ဝါးမျှစ်တစ်ဖတ်ကို ပါးစပ်ထဲသို့ ထည့်ကာ ရုတ်တရက် အော်ပြောလိုက်၏။

ကျန်းရှောင်ဖန်း အံ့အားသင့်သွားမိသည်။ စီနီယာအစ်ကိုများ အားလုံးကလည်း ပြုံးကာ ခေါင်းညိတ်နေကြလေသည်။

"ဂျူနီယာလေးက ဒီလောက် ကောင်းကောင်း ချက်တတ်မယ်လို့ မထင်ထားဘူး။ ကောင်းတယ်၊ တကယ်ကောင်းတယ်။"

"အင်း၊ အဟောင်း ငါးထက် ပိုကောင်းတယ်၊ မဟုတ်ဘူး၊ ငါးနဲ့ ခြောက် ပေါင်းထားတာထက်တောင် ပိုကောင်းသေးတယ်၊ ဟဲဟဲ။"

ထျန်းပုယီပင်လျှင် ခေါင်းညိတ်ကာ ပြုံးပြလိုက်လေသည်။ ကျန်းရှောင်ဖန်းသည် ၎င်းကို မြင်လိုက်ရသဖြင့် ကျေနပ်မှုကို ခံစားလိုက်ရ၏။

ထိုအချိန်မှစ၍ ကျန်းရှောင်ဖန်းသည် မီးဖိုချောင်တွင် ဆက်လက် အလုပ်လုပ်ခဲ့လေသည်။

သူသည် ကျင့်စဉ်ကျင့်ရာတွင် ပါရမီမရှိသော်လည်း ချက်ပြုတ်ရာတွင်မူ ထူးချွန်သော ပါရမီရှိပေသည်။

သူသည် မည်သူ့ဆီကမျှ သင်ယူစရာ မလိုဘဲ အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်နိုင်ပြီး အခြားသူများထက် အဆပေါင်းများစွာ သာလွန်လှ၏။

သူ၏စိတ်ထဲတွင် ထျန်းပုယီထံမှ အသိအမှတ်ပြုမှု အနည်းငယ် ရရှိခြင်းမှာပင် သူ၏ အကြီးမားဆုံး ပျော်ရွှင်မှု ဖြစ်ပေသည်။

အချိန်များ ကုန်ဆုံးသွားရာ နောက်ထပ် ခြောက်လခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ချင်းယွင်ဂိုဏ်း၏ နှစ်ပေါင်းခြောက်ဆယ်လျှင် တစ်ကြိမ်ကျင်းပသော "ခုနစ်တောင်ထွတ် ပြိုင်ပွဲ" မှာ နီးကပ်လာပြီ ဖြစ်သည်။

စုရုသာမက ထျန်းပုယီကပါ တပည့်များကို ကျင့်စဉ်များ လေ့ကျင့်ရန် သတိပေးလာကြ၏။

အားလုံးက ကျင့်စဉ်များအပေါ် အာရုံစိုက်နေကြသဖြင့် မည်သူမျှ ကျန်းရှောင်ဖန်းကို မနှောင့်ယှက်ကြတော့ပေ။

မည်သူကမျှလည်း ကျန်းရှောင်ဖန်းအပေါ် မျှော်လင့်ချက် မထားကြပေ။

ကျန်းရှောင်ဖန်းသည်လည်း များစွာ ဂရုမစိုက်ပေ။ သူသည် သူချက်ပြုတ်သော ဟင်းလျာများမှတစ်ဆင့် ပျော်ရွှင်မှု အနည်းငယ်ကို ရှာဖွေတွေ့ရှိထားဟန် တူပေသည်။

သူအားလပ်ချိန်တွင် တာအိုကျင့်စဉ်များကို လေ့ကျင့်ပြီး သန်းခေါင်ယံတွင်မူ "ဗြဟ္မာ့ဉာဏ်တော်" ကို လေ့ကျင့်လေသည်။ သူ၏နေ့ရက်များမှာ ငြိမ်းချမ်းလှ၏။

ရှေးဟောင်း ချိုင့်ဝှမ်းမှ လိုက်လာသော မီးခိုးရောင်မျောက်ကလေးမှာ ကျန်းရှောင်ဖန်းနှင့်အတူ နေထိုင်သည်မှာ ခြောက်လခန့် ရှိပြီဖြစ်သည်။

ကျန်းရှောင်ဖန်းသည် ၎င်းကို "ရှောင်ဟွေး" ဟု အမည်ပေးထား၏။ သူ၏ဆရာ၏ အမည်ကဲ့သို့ပင် ရိုးရှင်းပြီး ထူးခြားမှု မရှိပေ။

ကျန်းရှောင်ဖန်း မီးဖိုချောင်တွင် စတင် အလုပ်လုပ်ကတည်းက ရှောင်ဟွေးသည် ကျန်းရှောင်ဖန်းနောက်သို့ မကြာခဏ လိုက်လာပြီး အစားအစာများကို ခိုးစားတတ်လေသည်။

ခြောက်လကြာပြီးနောက်တွင် ၎င်းမှာ ယခင်ကထက် နှစ်ဆခန့် ပိုမို ဝလာခဲ့၏။

သို့သော် တာ့ကျူးတောင်ထွတ်တွင် ရှောင်ဟွေး၌ ရန်သူတစ်ဦး ရှိနေပေသည်၊ ၎င်းမှာ ထျန်းပုယီ၏ ခွေးဖြစ်သော "တာ့ဟွမ်" ပင် ဖြစ်သည်။

မည်သည့်အကြောင်းကြောင့် မသိရသော်လည်း တာ့ဟွမ်သည် ရှောင်ဟွေးကို အမြဲတစေ မနှစ်မြို့ပေ။

အစပိုင်းတွင် တာ့ဟွမ်သည် ရှောင်ဟွေးကို တွေ့တိုင်း အမြဲတမ်း ဟောင်တတ်လေသည်။

ရှောင်ဟွေးမှာလည်း အမြဲတမ်း ကြောက်လန့်ကာ မြင့်သောနေရာများတွင် သွားပုန်းတတ်၏။

အချိန်ကြာလာသည်နှင့်အမျှ တာ့ဟွမ်သည် ရှောင်ဟွေးမှာ တာ့ကျူးတောင်ထွတ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း လက်ခံလာပုံရသော်လည်း ၎င်းတို့ တွေ့ဆုံသည့် အခါတိုင်း တာ့ဟွမ်က သွားများကို ဖြဲပြလေ့ရှိပြီး ရှောင်ဟွေးကလည်း ကြောက်လန့်တကြား အော်ဟစ်တတ်လေသည်။

ထို့နောက် တာ့ဟွမ်က ပြန်ဟောင်ပြီး ထွက်သွားလေ့ရှိ၏။

ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည်။ တာ့ကျူးတောင်ထွတ်၏ ရာသီဥတုမှာလည်း ကြမ်းတမ်းလာ၏။

ကျင့်စဉ် မြင့်မားလှသော ထျန်းပုယီနှင့် စုရုတို့မှအပ အခြားတပည့်များမှာမူ အဝတ်အစားများကို ထပ်မံ ဝတ်ဆင်လာကြရလေသည်။

ထိုနေ့တွင် ထူးခြားစွာ နေသာနေ၏။ ကျန်းရှောင်ဖန်း မီးဖိုချောင် အလုပ်များကို အဆုံးသတ်ပြီးနောက် အပြင်သို့ ထွက်ကာ အညောင်းအညာ ဆန့်လိုက်လေသည်။

သူသည် ထင်းရှူးပင်ကြီး တစ်ပင်၏ ဘေးတွင် ထိုင်ကာ နေပူစာ လှုံနေမိ၏။

ခေတ္တမျှအကြာတွင် သူအိပ်ပျော်လုနီးပါး ဖြစ်နေစဉ် ခွေးဟောင်သံ အချို့ကို ကြားလိုက်ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ တာ့ဟွမ်သည်လည်း နေပူစာလှုံရင်း ပျင်းရိစွာ လဲလျောင်းနေပြီး ရှောင်ဟွေးမှာမူ တာ့ဟွမ်၏ အနောက်မှ တဖြည်းဖြည်း ချဉ်းကပ်သွားနေသည်ကို တွေ့လိုက်ရ၏။

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားမိသည်။ တာ့ဟွမ်သည် မီးဖိုချောင်သို့ အစားအစာ လာရှာလေ့ရှိသဖြင့် မျောက်နှင့် ခွေး၏ ဆက်ဆံရေးကို သူကောင်းစွာ သိပေသည်။

သို့သော် ယနေ့တွင်မူ နေသည် အနောက်ဘက်မှ ထွက်လာသလားဟု ထင်မှတ်ရလောက်အောင် ရှောင်ဟွေးသည် တာ့ဟွမ်ထံသို့ တမင်တကာ ချဉ်းကပ်သွားနေခြင်း ဖြစ်၏။

ကျန်းရှောင်ဖန်းသည် ချက်ချင်းပင် သတိဝင်လာပြီး ၎င်းတို့ကို စောင့်ကြည့်နေမိလေသည်။

ရှောင်ဟွေးသည် တာ့ဟွမ်နှင့် နီးကပ်သွားပြီ ဖြစ်သည်။ တာ့ဟွမ်မှာ ၎င်း၏အနောက်မှ ဘာမျှမမြင်ရသော်လည်း ၎င်း၏ နှာခေါင်းမှ တစ်ဆင့် ထူးခြားသော အနံ့ကို ရရှိလိုက်ဟန် တူ၏။

၎င်းသည် နောက်သို့ လှည့်ကာ သွားများကို ဖြဲပြလျက် အကြိမ်အနည်းငယ် ဟောင်လိုက်လေသည်။

ရှောင်ဟွေး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တွန့်သွားပြီး ကြောက်နေသေးပုံ ရသော်လည်း မျက်လုံးများကို ဝေ့ဝိုက်ကြည့်ကာ ၎င်း၏ ညာဘက်လက်ကို တာ့ဟွမ်၏ ရှေ့တွင် ဝှေ့ယမ်းလိုက်၏။

တာ့ဟွမ်သည် အစပိုင်းတွင် ဂရုမစိုက်သော်လည်း ၎င်း၏ နှာခေါင်းဖြင့် လေထဲတွင် အကြိမ်အနည်းငယ် နမ်းကြည့်လိုက်ရာ တစ်စုံတစ်ခုကို အနံ့ရသွားဟန် တူပေသည်။

၎င်း၏ မျက်လုံးများမှာ ရှောင်ဟွေး၏ လက်ကို စိုက်ကြည့်နေ၏။ မျက်တောင်ပင် မခတ်ဘဲ ခန္ဓာကိုယ်မှာလည်း မလှုပ်မယှက် ရှိနေလေသည်။

၎င်းသည် ထပ်မံ မဟောင်တော့ဘဲ လျှာကြီးကို ထုတ်ကာ အမြီးကို နန့်လျက် ခင်မင်ပြနေတော့သည်။

ကျန်းရှောင်ဖန်း အလွန် အံ့အားသင့်သွားမိ၏။ ရှောင်ဟွေး၏ လက်ထဲတွင် ရှိနေသော အရာကို မြင်လိုက်ရသောအခါ သူ မရယ်ဘဲ မနေနိုင်တော့ပေ။

ရှောင်ဟွေး ကိုင်ထားသည်မှာ အရိုးတစ်ခု ဖြစ်ပေသည်။ ကျန်းရှောင်ဖန်းသည် ၎င်းကို ဟင်းရည်ချက်ရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ တာ့ဟွမ်၏ အကြိုက်ဆုံး အစားအစာ ဖြစ်သည်ကို သူသိသဖြင့် မြင့်သောနေရာတွင် အထူး သိမ်းဆည်းထားခဲ့သော်လည်း ရှောင်ဟွေးက ၎င်းကို ခိုးယူကာ တာ့ဟွမ်ကို လာရောက် လာဘ်ထိုးနေခြင်း ဖြစ်၏။

ရှောင်ဟွေးသည် အရိုးကို တာ့ဟွမ်၏ ရှေ့သို့ ပစ်ပေးလိုက်လေသည်။ တာ့ဟွမ်မှာ တံတွေးများ ယိုကျနေပြီဖြစ်ရာ ချက်ချင်းပင် ပါးစပ်ဖြင့် ခဲ၍ ဝါးစားနေတော့သည်။

ရှောင်ဟွေးသည် တာ့ဟွမ် စားနေသည်ကို ကြည့်ရင်း ဂရုတစိုက် ချဉ်းကပ်သွားကာ ခေတ္တမျှ တွေဝေပြီးနောက် တာ့ဟွမ်ကို အသာအယာ ပုတ်လိုက်လေသည်။

All Chapters