အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅) မှော်လက်နတ်ထိန်းချိုပ်ခြင်း (၂)
ကျန်းရှောင်ဖန်းက သူ၏အနီးသို့ လျင်မြန်စွာ လျှောက်သွားကာ ပခုံးကို ဖက်လိုက်ရင်း ပြုံး၍ ပြောလေသည်။
"ဆဋ္ဌမ စီနီယာအစ်ကို၊ ဘာလို့ ဒီလောက်ကြာအောင် ပျောက်နေရတာလဲ။ ကျွန်တော်တို့အားလုံး ခင်ဗျားကို သတိရနေကြတာ။"
တုပိရှုက ပြုံးလိုက်လေ၏။
"ငါ အခု ပြန်ရောက်နေပြီပဲ မဟုတ်လား။"
ထို့နောက် ကျန်းရှောင်ဖန်းက မေးလိုက်သည်။
"ဆရာနဲ့ ဆရာကတော်ရော ခင်ဗျားပြန်လာတာ သိပြီလား။"
"မသိသေးဘူး။ ငါ အခုလေးတင် ပြန်ရောက်တာ။ မီးဖိုချောင်ထဲက မီးခိုးတွေ ထွက်နေတာ မြင်လို့ မင်း အဲဒီမှာ အလုပ်လုပ်နေမယ်လို့ ထင်လိုက်တာပဲ ကောင်လေး။”
“ ငါ့ကို မမြင်ရတဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါ့ကို သတိရရဲ့လား။"
ကျန်းရှောင်ဖန်းက ခေါင်းညိတ်ပြလိုက်လေသည်။ တုပိရှုက သူ၏ခေါင်းကို ပုတ်လိုက်ပြီး ရုတ်တရက် တီးတိုးပြောလာ၏။
"လာ၊ ဆရာ့ဆီ ငါနဲ့အတူ သွားတွေ့ရအောင်။"
ကျန်းရှောင်ဖန်းက အံ့သြသွားကာ မေးလိုက်သည်။
"ဘာလို့ ကျွန်တော်က ခင်ဗျားနဲ့ အတူလိုက်ခဲ့ရမှာလဲ”
"ဆရာက ငါ့ကို တစ်နှစ် ခရီးထွက်ခွင့် ပြုထားတာ။ ဒါပေမဲ့ ငါက ကစား... အာ မဟုတ်ဘူး၊ ငါဆိုလိုတာက လက်နတ်အတွက် ကောင်းမွန်တဲ့ ပစ္စည်းတစ်ခုကို ရှာဖို့ နောက်ထပ် ခြောက်လ အချိန်ပို ယူလိုက်ရလို့ပါ။ ဆရာ ငါ့ကို ဒေါသထွက်နေမှာ စိုးလို့လေ။ လာ၊ ငါနဲ့ လိုက်ခဲ့ပါ။"
ကျန်းရှောင်ဖန်းက သူ့ကို စိုက်ကြည့်လိုက်လေသည်။
"ဒါကြောင့်မို့ ခင်ဗျားက ကျွန်တော့်ဆီ အရင်လာခဲ့တာကိုး။ သြော် ဒါနဲ့ ဆဋ္ဌမ စီနီယာအစ်ကို၊ ခင်ဗျား ဘယ်လို လက်နတ်မျိုးကို ဖန်တီးခဲ့တာလဲ။"
တုပိရှုက ဟန်လုပ်ရယ်မောလိုက်လေ၏။
"ဟားဟား၊ ငါက မင်းကို အရင်ဆုံး လာတွေ့ချင်စိတ် ပေါ်လာလို့ပါ။ ဂျူနီယာညီလေး၊ လာ လာ။"
ထို့နောက် သူက ကျန်းရှောင်ဖန်းကို ဆွဲခေါ်သွားတော့သည်။
ခဏအကြာတွင် ထောင့်တစ်နေရာ၌ အရိုးကို ကိုက်နေသော တာ့ဟွမ်နှင့် တာ့ဟွမ်၏ ကျောပေါ်၌ သန်းဖမ်းနေသော ရှောင်ဟွေးတို့ နှစ်ကောင်စလုံး ခန်းမထဲမှ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရလေ၏။
"အရှက်မရှိတဲ့ကောင်၊ မင်းက ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား။"
ညစာစားချိန်တွင် လွန်ခဲ့သော နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူတိုင်းရောက်ရှိနေကြပြီး ထမင်းစားခန်းထဲ၌ ထိုင်နေကြလေသည်။
လူတိုင်း နေရာယူပြီးနောက်တွင်လည်း ထျန်းပုယီ၏ မျက်နှာမှာ ဒေါသထွက်နေဆဲပင် ဖြစ်၏။
လူများက တုပိရှုကို နှုတ်ဆက်ကြသောအခါ မနေနိုင်ဘဲ မေးလိုက်ကြလေသည်။
"နံပါတ် ၆၊ မင်းနဲ့ တွေ့ပြီးမှ ဆရာက ဘာဖြစ်လို့ အဲဒီလောက်တောင် ဒေါသထွက်သွားရတာလဲ။"
တုပိရှုမှာ အရှက်ရနေပေသည်။ သူက စကားလမ်းကြောင်းကို အဆက်မပြတ် လွှဲနေ၏။
တစ်ဖက်တွင်မူ ကျန်းရှောင်ဖန်းမှာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် သူ၏ မျက်နှာမှာ တစ်မျိုးကြီး ဖြစ်နေလေတော့သည်။
ထို့နောက် ထျန်းလင်းအာမှာ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"အဖေ၊ ဆဋ္ဌမအစ်ကို ပြန်ရောက်လာပြီလေ။ ဘာလို့ သူ့ကို ဒေါသထွက်နေရတာလဲ။"
တုပိရှုက ခေါင်းကို အနည်းငယ် မော့ကာ ထျန်းပုယီကို ကြည့်လိုက်သည်။
ထျန်းပုယီက သူ့ကို ပြန်လည်စိုက်ကြည့်လိုက်သောအခါ တုပိရှုမှာ ခေါင်းပြန်ငုံ့သွားရပြန်၏။ ထျန်းပုယီက ဒေါသတကြီး နှာမှုတ်လိုက်သည်။
"ဆဋ္ဌမတပည့်၊ မင်းရဲ့ လက်နတ်ကို သူတို့ကို ထုတ်ပြလိုက်ပါလား။"
တုပိရှုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စကားတစ်ခွန်းမှ မဟနိုင်တော့ချေ။ ထို့နောက် သူက စုရုဘက်သို့ ကြည့်လိုက်သော်လည်း စုရုက ပြုံး၍ ဆိုလေ၏။
"ပိရှု၊ သူတို့ကို ပြလိုက်ပါ။ မင်းဆရာ ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသထွက်နေရသလဲ ဆိုတာကို သူတို့ကို သိခွင့်ပေးလိုက်ပါ။"
တုပိရှုသည် ယင်းကို ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိလိုက်ပေသည်။
သူက အိတ်ကို ဖြည်းညင်းစွာ ယူလိုက်ပြီး ပစ္စည်းအနည်းငယ်ကို ထုတ်ကာ စားပွဲပေါ်၌ တင်လိုက်လေသည်။
အရေးကြီးသော အသေးစိတ် အချက်အလက်များကို လွတ်သွားမည်စိုးသဖြင့် လူတိုင်းက မျက်တောင်ပင် မခတ်ရဲကြချေ။
ထမင်းစားခန်းတစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်သွားလေ၏။ စားပွဲပေါ်တွင်မူ လက်သီးဆုပ်တစ်ဝက်ခန့် အရွယ်အစားရှိသော သစ်သားတုံးလေး သုံးတုံး ရှိနေပေသည်။
အဖြူရောင်ပေါ်တွင် အစက်အပြောက်များ ထွင်းထုထား၏။ ၎င်းတို့မှာ အန်စာတုံး သုံးတုံးပင် ဖြစ်လေသည်။
လူတိုင်း အံ့သြမှင်သက်သွားကြသည်။ ထို့နောက် လူတိုင်း ရယ်မောလိုက်ကြလေတော့၏။
တုပိရှုမှာ မျက်နှာနီမြန်းသွားလေသည်။ ထျန်းပုယီက ဒေါသတကြီးဖြင့် ပြောလိုက်၏။
"ဆွေးမြည့်နေတဲ့ သစ်သားကို ဘယ်လိုမှ ထွင်းထုလို့ မရဘူးပဲ။"
သို့သော် စုရုကမူ ခေါင်းယမ်းလိုက်ပြီး ပြုံးလျက် ဆိုလေသည်။
"ကိစ္စမရှိပါဘူး။ သိပ်လည်း အရေးမကြီးပါဘူးလေ။ ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် လက်နတ်ကက သူ့အတွက် သူ သုံးဖို့ပဲလေ။"
ထျန်းပုယီက တုပိရှုကို စိုက်ကြည့်လိုက်ပြီး စုရုအား ပြောလေ၏။
"ဒီကောင်က ဒါကိုသုံးပြီး လူတွေကို လိမ်မစားဘူးလို့ မင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ။"
တုပိရှုမှာ အံ့သြသွားပြီး လျင်မြန်စွာ ပြန်ဖြေလေသည်။
"ဆရာ၊ ဆရာကတော်။ တပည့်က အဲဒီလို ညစ်ပတ်ရှက်စရာကောင်းတဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါဘူး။”
“ ဒီတောင်ဘက်က ချီရွှေရေကန်နားမှာ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ပုလဲသုံးလုံးသစ်ပင်ကို ကျွန်တော် တွေ့ခဲ့လို့ပါ။”
“ဒီသစ်ပင်က ဝိညာဉ်ဓာတ် အရမ်းအားကောင်းလို့ အန်စာတုံး သုံးတုံးအဖြစ် ဖန်တီးလိုက်မိတာပါ။ ကျွန်တော်လည်း မတွေးမိလိုက်ဘူး..."
ထျန်းပုယီက ဒေါသထွက်နေဆဲပင် ဖြစ်ကာ ဆိုလေ၏။
"အခုတော့ မင်း ကျေနပ်သွားပြီ မဟုတ်လား။ ဟွန့်၊ အခုတော့ သိပ်ကောင်းတာပေါ့၊ မင်းက လောင်းကစားပစ္စည်းတစ်ခုကို ဖန်တီးလိုက်တာပဲ။”
“နောက်တစ်လဆိုရင် ရောက်လာတော့မယ့် တောင်ထွတ်ခုနစ်ခု သိုင်းပြိုင်ပွဲမှာ မင်းက ဒါကြီးကို ကိုင်ပြီး စင်ပေါ်တက်သွားတဲ့အခါ ငါ့မျက်နှာကို ဘယ်နားသွားထားရမှာလဲ။"
တုပိရှုမှာ စကားဆက်မပြောရဲတော့ချေ။ စုရုက ခေါင်းယမ်းလိုက်ကာ တီးတိုးဆိုလေသည်။
"ပုယီ၊ ဒါက သူကြိုက်တဲ့ အရာတစ်ခုပါ။ သူ့ကို အတင်းအကျပ် မလုပ်ပါနဲ့။ စီနီယာအစ်ကို ဝမ်ကျန်းရီကို ရှင် မှတ်မိသေးတယ် မဟုတ်လား..."
ထျန်းပုယီမှာ ရုတ်တရက် တုန်လှုပ်သွားပြီး စုရုဘက်သို့ လှည့်ကြည့်လိုက်လေ၏။ စုရုက သက်ပြင်းချလိုက်ပြီး တုပိရှုအား ပြောလိုက်သည်။
"ပိရှု မင်းဆရာနဲ့ ငါက အခြားတောင်ထိပ်က စီနီယာအစ်ကိုတွေလို ဓားတစ်လက်ကို ဖန်တီးဖို့ မင်းကို ဘယ်တုန်းကမှ အတင်းအကျပ် မခိုင်းခဲ့ဘူးဆိုတာ မင်း သိပါတယ်။”
“ဒါပေမဲ့ ဓမ္မရတနာဆိုတာကတော့ အမြဲတမ်း အဓိကထားရမယ့် ကိစ္စတစ်ခုပဲ။ မင်းလည်း အခြေအနေအရ ပြုမူသင့်တယ်။"
တုပိရှုက ထျန်းပုယီကို ထပ်ကြည့်လိုက်ရာ ဆရာဖြစ်သူမှာ မပျော်မရွှင် ဖြစ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူက စကားသိပ်မပြောရဲတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ"
စုရုက သူမ၏ ခင်ပွန်းဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အားလုံးကို ပြောလိုက်လေသည်။
"အချိန်တွေ ကုန်တာ အရမ်းမြန်တယ်။ နောက်လဆိုရင် ခုနစ်တောင်ထွတ်ပြိုင်ပွဲ ရောက်ပြီ။”
“အဲဒီအချိန်ကျရင် ငါတို့အားလုံး ထုံထျန်းတောင်ထိပ်ကို သွားကြရမယ်။ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြ"
ထို့နောက် သူမ၏ လှပနူးညံ့သော မျက်နှာလေးမှာ တည်တင်းသွားပြီး အလျင်အမြန်ပင် ဆက်ပြောလိုက်၏။
"ဒီတစ်ကြိမ်တော့ ငါနဲ့ မင်းတို့ဆရာကို စိတ်ပျက်အောင် မလုပ်ကြနဲ့။ ကြားကြလား"
အားလုံးက ချက်ချင်းပင် ဖြေလိုက်ကြပေသည်။
"ဟုတ်ကဲ့ပါ"
"ဆရာ၊ ဆရာကတော်"
တပည့်များ၏ အဖြေစကားသံများကြားထဲမှ အားနည်းသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။
ယင်းမှာ ကျန်းရှောင်ဖန်းပင် ဖြစ်လေသည်။ စုရုက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။
"ဘာကိစ္စလဲ ရှောင်ဖန်း"
ကျန်းရှောင်ဖန်းက သတိထားကာ မေးလိုက်၏။
"ကျွန်တော်ရော လိုက်သွားရမှာလားလို့ပါ"
စုရုမှာ အံ့အားသင့်သွားပြီးနောက် ထျန်းပုယီကို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူမက ပြုံးလျက် ပြန်ဖြေ၏။
"ဟုတ်တာပေါ့၊ မင်းက တာ့ကျူးတောင်ထိပ်က တပည့်တစ်ယောက် မဟုတ်ဘူးလား"
ကျန်းရှောင်ဖန်းမှာ တုပိရှုနှင့်အတူ အောင်ပွဲခံလိုက်လေသည်။ သူက အရမ်းဝမ်းသာနေသည့်အတွက် ထျန်းပုယီ ပြောလိုက်သော စကားကိုပင် ဂရုမစိုက်နိုင်တော့ပေ။
"ဘယ်လိုပဲဖြစ်ဖြစ် နေရာက ကိုးနေရာတောင် ရှိတာပဲ။ ဒီငတုံးလေးကို တစ်နေရာပေးလိုက်ရင်တောင် တစ်နေရာက ပိုနေသေးတာကိုး"
ညဘက်ရောက်သောအခါ ကျန်းရှောင်ဖန်းတစ်ယောက် သူ၏အခန်းဆီသို့ ပြန်လာခဲ့သည်။
တာ့ဟွမ်နှင့် ရှောင်ဟွေးတို့မှာ သူ၏ခုတင်ပေါ်တွင် အနားယူနေကြပြီ ဖြစ်၏။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က တာ့ဟွမ်သည် ရှောင်ဟွေးနှင့် သူငယ်ချင်းဖြစ်သွားသောကြောင့် ကျန်းရှောင်ဖန်း၏ အိပ်ခန်းထဲသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်လေသည်။
အစပိုင်းတွင် ထျန်းပုယီမှာ သူ၏ခွေးကို ရှာမတွေ့သဖြင့် အတော်လေး စိတ်ပူသွားခဲ့ဖူးသည်။
ထို့နောက် အကြောင်းစုံကို သိသွားသောအခါ နှာခေါင်းတစ်ချက်ရှုံ့ကာ ထွက်သွားခဲ့လေသည်။
ကျန်းရှောင်ဖန်းက ထျန်းပုယီ ဘာမှမပြောသည်ကို မြင်သောအခါ တာ့ဟွမ်ကို မောင်းမထုတ်တော့ပေ။
(တကယ်တမ်းတွင် တာ့ဟွမ်ကို မောင်းထုတ်ရန် မဖြစ်နိုင်သောကြောင့်လည်း ပါဝင်၏။ တာ့ဟွမ်က ခုတင်၏ တစ်ဝက်ကို ယူထားပြီး ရှောင်ဟွေးက ကျန်တစ်ဝက်၏ တစ်ဝက်ကို ယူထားသဖြင့် ပိုင်ရှင်ဖြစ်သူ မည်မျှခံစားရမည်ကို သိသာနိုင်ပေသည်)
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျန်းရှောင်ဖန်းလည်း အကျင့်ပါသွားကာ တာ့ဟွမ်၊ ရှောင်ဟွေးတို့နှင့်အတူ အိပ်ရခြင်းအပေါ် ညည်းညူခြင်း မရှိတော့ချေ။
ထိုညက ကျန်းရှောင်ဖန်း၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည်။
သူက စားပွဲဘေးတွင် ထိုင်လိုက်ပြီး ခုတင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသော တာ့ဟွမ်ကို ကြည့်လိုက်သည်။
ရှောင်ဟွေးက မီးဖိုချောင်ထဲမှ မီးမွှေးတုတ်ကြီးကို ထပ်ယူလာပြီး တာ့ဟွမ်၏ကိုယ်ကို ပွတ်သပ်ပေးနေလေသည်။
ရှောင်ဟွေးတစ်ကောင် ဤမီးမွှေးတုတ်ကို တကယ်စိတ်ဝင်စားနေသည်ဟု သူ ခံစားမိလိုက်သည်။ သို့ရာတွင် ယခုအချိန်၌ ထိုကိစ္စကို သူ ခေါင်းစားမခံလိုတော့ပေ။
ဆရာဖြစ်သူက သူ့ကို ခုနစ်တောင်ထွတ်ပြိုင်ပွဲသို့ လိုက်ပါခွင့်ပြုလိုက်သဖြင့် သူ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။
ကျန်းရှောင်ဖန်းက မျောက်နှင့် ခွေးကို လှမ်းကြည့်လိုက်သော်လည်း လေဟာနယ်ကို စကားပြောနေသကဲ့သို့ ဖြစ်နေ၏။
"ဒီမှာကြည့်၊ ငါ သိုင်းပြိုင်ပွဲကို ဝင်ခွင့်ရပြီကွ။ အရမ်းကောင်းတာပဲ။ ဆရာက တကယ် သဘောထားကြီးတာပဲ။”
“ငါဒီလောက်တုံးအနေတာတောင် ငါ့ကို လိုက်ပြီး လေ့လာခွင့်ပေးတယ်။ အင်း၊ ဟိုရောက်ရင် ကျင်းယွီနဲ့တောင် တွေ့ရနိုင်တယ်"
ထို့နောက် သူက စကားစရပ်လိုက်ပြီး သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါပေမဲ့ စင်မြင့်ပေါ်တက်ပြီး ယှဉ်ပြိုင်ရတာက ဆရာ့အတွက် အရှက်ရစရာပဲ ဖြစ်လာမှာ။”
“ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာမယ့်အတိုင်းသာ ဖြစ်ပါစေတော့လေ။ တာ့ဟွမ်၊ ရှောင်ဟွေး ငါပြောတာ မှန်တယ်မလား"
"ကွိ ကွိ"
ကျန်းရှောင်ဖန်းက ခေါင်းမော့ကြည့်လိုက်၏။ ရှောင်ဟွေးမှာ တာ့ဟွမ်၏ အမွေးများကြားထဲမှ သန်းရှာပေးသည့် အလုပ်တွင်သာ အာရုံစိုက်နေသည်။
သူ့ကို ပြန်လည်ဖြေကြားသည့်အနေဖြင့် အသံအနည်းငယ်သာ ထုတ်ပေးလေသည်။
တာ့ဟွမ်မှာမူ ပို၍ပင် ပွင့်လင်းလွန်းလှ၏။ ၎င်း၏ ခွေးနားရွက်ကြီးများကို ခေါက်ထားပြီး သူ့ကို လျစ်လျူရှုထားလေသည်။
"ခွေးတုံးကြီး"
ကျန်းရှောင်ဖန်းက ဒေါသတကြီး အော်လိုက်သည်။ ရှောင်ဟွေးက မီးမွှေးတုတ်ဖြင့် သူ့ကို လှမ်းပစ်ပေါက်လိုက်၏။
သူက ရှောင်တိမ်းလိုက်ရာ မီးမွှေးတုတ်မှာ စားပွဲပေါ်သို့ ထိမှန်ကာ အောက်သို့ ပြုတ်ကျသွားလေသည်။
"ကျွိ ကျွိ"
"ဝုတ် ဝုတ်"
ခွေးနှင့် မျောက်၏ အသံများမှာ သံစုံတီးဝိုင်းသဖွယ် ဖြစ်သွား၏။ ကျန်းရှောင်ဖန်းက တိရစ္ဆာန်နှစ်ကောင်ကို မျက်နှာပြောင်ပြလိုက်သည်။
သူပြန်ထိုင်လိုက်သောအခါ လွန်ခဲ့သော နှစ်နှစ်က တာ့ကျူးတောင်ထိပ်တွင် တွေ့ခဲ့ရသည့် ချီဟောင်၏ ပုံရိပ်ကို တွေးမိသွားလေသည်။
"ရေခဲနံရံ ဖန်တီးခြင်း"
ကျန်းရှောင်ဖန်းက တိုးတိုးလေး ရေရွတ်လိုက်၏။ သူ ကျင့်ကြံအားထုတ်မှု မလုပ်ရသေးချိန်က ကိစ္စမရှိသော်လည်း ကျင့်ကြံပြီးနောက်တွင်ကား ပို၍ ဆိုးရွားလာခဲ့သည်။
သူနှင့် ချီဟောင်ကြားရှိ ကွာဟချက် အလှမ်းဝေးလွန်းလှသည်ကို သူ စတင်သဘောပေါက်လာလေသည်။
ထို့နောက် သူက ထိုညအကြောင်းကို တွေးမိသွားပြန်၏။
ထျန်းလင်းအာသည် ဤအခန်းထဲ၌ မီးရောင်ဘေးတွင် ထိုင်နေခဲ့သည်။ နူးညံ့ပြီး တောက်ပနေသော ထိုမျက်လုံးလေးများပင် ဖြစ်သည်။
သူ၏နှလုံးသားမှာ အပ်ဖြင့် အထိုးခံရသကဲ့သို့ နာကျင်သွားရချေသည်။
မီးမွှေးတုတ်မှာ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲကျနေ၏။ ကျန်းရှောင်ဖန်းတစ်ယောက် သူကိုယ်တိုင်လည်း ဤမီးမွှေးတုတ်နှင့် များစွာတူညီနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
မြေပြင်ပေါ်တွင် အထီးကျန်ဆန်စွာ တစ်ကိုယ်တည်း လဲကျနေသကဲ့သို့ပင်။
"ဟူး.."
သူက သက်ပြင်းချလိုက်ပြီး သူသာ ထိုကျင့်ကြံမှုအဆင့်မျိုး ရောက်နိုင်မည်ဆိုလျှင်ဟု စိတ်ကူးကြည့်မိလေသည်။
ထို့နောက် လုံးဝပေါ့ပါးလျက် ဂရုမစိုက်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။
သူ၏ ပထမဆုံး "ပစ္စည်းလှုပ်ရှားခြင်း" မန္တန်ကို အသုံးပြုကာ မီးမွှေးတုတ်ဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုအခိုက်အတန့်လေးမှာ ထာဝရကာလတစ်ခုပမာ ခံစားလိုက်ရပေသည်။
ကျန်းရှောင်ဖန်းမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး စိတ်ပျက်မှုမရှိဘဲ သူ၏ကျရှုံးမှုကို လက်ခံထားပြီးသား ဖြစ်၏။
ထိုစဉ် မီးမွှေးတုတ်လေး အနည်းငယ် လှုပ်ရှားသွားသည်ကို သူ မြင်လိုက်ရလေသည်။
အနည်းငယ်မျှသာ ဖြစ်သော ထိုလှုပ်ရှားမှုလေးမှာ အိပ်မက်ရှည်ကြီးတစ်ခုမှ နိုးထလာသကဲ့သို့ လှုပ်ရှားသွားခဲ့ခြင်းပင် ဖြစ်ပေသည်။
ထိုနေ့နံနက်ခင်းတွင် အားလုံးမှာ သိုင်းပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေကြ၏။
တပည့်များမှာ အထူးသဖြင့် စိတ်လှုပ်ရှားနေကြပြီး သူတို့အားလုံး၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြသည်။
အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း စိတ်လှုပ်ရှားမှုများက ဖုံးလွှမ်းသွားခဲ့လေသည်။
သူတို့အထဲတွင် စီနီယာအစ်ကိုကြီး စုန့်တာ့ရန်၊ ဒုတိယစီနီယာအစ်ကို ဝူတာ့ယီ၊ တတိယစီနီယာအစ်ကို ကျန်းတာ့လီနှင့် စတုတ္ထစီနီယာအစ်ကို ဟယ်တာ့ကျစ်တို့သာ ပြီးခဲ့သည့် ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။
ပဉ္စမစီနီယာအစ်ကို လုတာ့ရှင်းနှင့် ဆဋ္ဌမစီနီယာအစ်ကို တုပိရှုတို့မှာ တပည့်သစ်များ ဖြစ်ကြပြီး ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့သည်လည်း ထိုပြိုင်ပွဲသို့ တစ်ခါမျှ မရောက်ဖူးကြပေ။
အဆိုပါပြိုင်ပွဲမှာ အနှစ်ခြောက်ဆယ်လျှင် တစ်ကြိမ်သာ ကျင်းပခြင်း ဖြစ်လေသည်။
အခန်း (၂၆) တက်ရောက်ခြင်း (၁)
ထျန်းပုယီနှင့် စုရုတို့ နောက်ဆုံးအကြိမ် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် ထျန်းလင်းအာက အတွေ့အကြုံအများဆုံးဖြစ်သော စုန့်တာ့ရန်ကို ပူဆာနေလေသည်။
"စီနီယာအစ်ကိုကြီး၊ သိုင်းပြိုင်ပွဲကို ဂိုဏ်းသားတွေ အများကြီး တက်ရောက်ကြတာ တကယ်ပဲလား"
စုန့်တာ့ရန်က ပြန်ဖြေ၏။
"မှန်တာပေါ့။ သိုင်းပြိုင်ပွဲဆိုတာ ငါတို့ဂိုဏ်းရဲ့ အရေးအကြီးဆုံး ပြိုင်ပွဲပဲ ကိုယ့်တောင်ထိပ်ကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်နိုင်တဲ့သူတိုင်းက အရည်အချင်းရှိတဲ့ တပည့်တွေချည်းပဲလေ။”
“ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲမြင်ကွင်းတွေအကြောင်းတော့ ပြောနေစရာတောင် မလိုတော့ပါဘူး"
စတုတ္ထစီနီယာအစ်ကို ဟယ်တာ့ကျစ်က သူတို့ စကားပြောနေသည်ကို ကြားသောအခါ အနားသို့ ရောက်လာ၏။
သူက ထျန်းလင်းအာကို မျက်စိတစ်ဖက်မှိတ်ပြကာ ပြုံးလိုက်သည်။
"ဂျူနီယာညီမလေး၊ မင်း သိချင်မှ သိမှာပေါ့။ တကယ်တော့ စီနီယာအစ်ကိုကြီးက မင်းကို မပြောဘဲ ချန်ထားတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"
ထျန်းလင်းအာက မေးလိုက်၏။
"အာ၊ ဘာကိစ္စလဲ စတုတ္ထစီနီယာအစ်ကို"
ဟယ်တာ့ကျစ်က ပြုံးလျက် ဖြေလေသည်။
"အနိုင်ရတဲ့သူတစ်ယောက်အနေနဲ့ စင်မြင့်အလယ်မှာ ရပ်ပြီး လူရာချီရဲ့ လက်ခုပ်သြဘာသံတွေကို နားထောင်ရတာလေ။”
“ဒီဂုဏ်ယူစရာကောင်းတဲ့ ခံစားချက်ကိုတော့ ဘယ်သူမှ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။”
“ ဒါပေမဲ့ တခြားတောင်ထိပ်တွေက အချောအလှ ဂျူနီယာညီမလေးတစ်ယောက်က စီနီယာအစ်ကိုကြီးကို သဘောကျပြီး အားပေးမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝမှာ ပိုပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စဖြစ်မလာနိုင်ဘူးလား"
ထို့နောက် သူက လှည့်ကာ စုန့်တာ့ရန်ကို မေးလိုက်၏။
"စီနီယာအစ်ကိုကြီး၊ ကျွန်တော်ပြောတာ မှန်တယ်မလား"
စုန့်တာ့ရန်၏ မျက်နှာရဲသွားလေသည်။
ထျန်းလင်းအာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"စီနီယာအစ်ကိုကြီး၊ မျက်နှာက ဘာလို့ နီသွားတာလဲ"
စုန့်တာ့ရန်က ခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်ပြီး တတွတ်တွတ် ရေရွတ်နေတော့သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ငါ့မျက်နှာ နီမနေပါဘူး..."
ဟယ်တာ့ကျစ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး လူတိုင်း သူ့အနားသို့ စုရုံးလာသည်ကို မြင်လိုက်ရသည်။
ကျန်းရှောင်ဖန်းနှင့် တုပိရှုတို့မှာ နားမလည်နိုင် ဖြစ်နေကြသော်လည်း ဝူတာ့ယီနှင့် ကျန်းတာ့လီတို့ နှစ်ယောက်စလုံးကမူ ပြုံးနေကြသည်။ ထို့ကြောင့် ဟယ်တာ့ကျစ်က ပြောလိုက်လေသည်။
"အို၊ ဒုတိယစီနီယာအစ်ကိုနဲ့ တတိယစီနီယာအစ်ကိုတို့ နှစ်ယောက်လုံး ဒီမှာရှိနေတာပဲ။”
“ဒီရက်ပိုင်း ကျွန်တော့် မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူး။ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက စီနီယာအစ်ကိုကြီး နှစ်ပွဲဆက်တိုက် နိုင်ပြီး တတိယအချီကို တက်သွားတဲ့အချိန်မှာ ဂျူနီယာညီမလေးတစ်ယောက် ရှိခဲ့တယ်လို့ ထင်တယ်။ အင်း၊ သူ့နာမည်ကိုတောင် မေ့နေပြီ..."
ဝူတာ့ယီက အလျင်အမြန် ဝင်ပြောလိုက်၏။
"အာ၊ ငါလည်း သေချာ မမှတ်မိတော့ဘူး။ ရှောင်ကျူးတောင်ထိပ်က ဂျူနီယာညီမလေးတစ်ယောက်လို့ ထင်တာပဲ။”
“သူ့မျက်နှာလေးကတော့ အရမ်းလှတာပဲလေ။ ဒါပေမဲ့ နာမည်ကတော့..."
ကျန်းတာ့လီကလည်း ဝင်ပြောလေသည်။
"ငါတို့အားလုံး သူ့နာမည်ကို မေ့နေကြပြီ။ ဒါပေမဲ့ သူက လက်ခုပ်အကျယ်ဆုံးတီးပြီး စီနီယာအစ်ကိုကြီးကို မျက်စပစ်ပြခဲ့တာကိုတော့ မှတ်မိနေသေးတယ်"
အားလုံး ရယ်မောလိုက်ကြသည်။
ထိုအခါ ထျန်းလင်းအာက စတင်စစ်ကြောမေးမြန်းတော့သည်။
"စီနီယာအစ်ကိုကြီး၊ ရှင့်အပေါ် အရမ်းကောင်းတဲ့ စီနီယာအစ်မက ဘယ်သူလဲ"
စုန့်တာ့ရန်မှာ အတော်လေး ရှက်သွားလေသည်။ သူက ဟယ်တာ့ကျစ်ကို စိုက်ကြည့်လိုက်ပြီး ဟန်လုပ်ပြုံးလိုက်၏။
"မဟုတ်ပါဘူး၊ အဲဒီလိုမျိုး မရှိပါဘူး။ မင်းရဲ့ စတုတ္ထစီနီယာအစ်ကို ပြောတာတွေကို သွားမယုံနဲ့။”
“ရှောင်ကျူးတောင်ထိပ်က ဂျူနီယာညီမလေး ဝမ်မင်က ဆရာကတော်ကြောင့် ငါ့ကို အားပေးရုံသက်သက်ပါပဲ"
"ဟင်"
ဟယ်တာ့ကျစ်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီး၊ တော်တော် ထူးဆန်းတာပဲ။ ကျွန်တော်ရယ်၊ ဒုတိယနဲ့ တတိယစီနီယာအစ်ကိုတို့ အားလုံးက သူ့နာမည်ကို မေ့နေကြတာ။”
“စီနီယာအစ်ကိုကြီးက ဘယ်လိုလုပ်ပြီး သူ့နာမည်ကို ဒီလောက်မြန်မြန် မှတ်မိနေရတာလဲ။”
“ဒါပေမဲ့ စီနီယာအစ်မဝမ်မင်က စီနီယာအစ်ကိုကြီးအပေါ် ထားတဲ့ ကြင်နာမှုကတော့..."
အားလုံး ဝိုင်းရယ်လိုက်ကြ၏။ စုန့်တာ့ရန်တစ်ယောက် သူစကားပြောမှားသွားကြောင်း သဘောပေါက်လိုက်သည်။
ဟယ်တာ့ကျစ်သည် စကားအရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူ သိထား၏။
သူ ပိုပြောလေ အမှားများလေသာ ဖြစ်ပေလိမ့်မည်။ သူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူတို့ကို လျစ်လျူရှုထားလိုက်သည်။
"ငတုံးတွေ။ ဟဲ ဟဲ၊ ဆရာနဲ့ ဆရာကတော်တို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်"
ထျန်းလင်းအာက ဆက်မေးချင်သေးသော်လည်း စုန့်တာ့ရန်က လေပြေကဲ့သို့ မြန်ဆန်စွာ ထွက်ပြေးသွားလေပြီ။
ထို့ကြောင့် သူမက ဟယ်တာ့ကျစ်ကိုသာ မေးလိုက်ရတော့၏။ သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"စတုတ္ထစီနီယာအစ်ကို၊ ကျွန်မကို ပြောပြပါဦး။ စီနီယာအစ်မ ဝမ်မင်က ဘယ်လိုရုပ်မျိုးလဲ"
ဟယ်တာ့ကျစ်က ပြန်ဖြေလိုက်သည်။
"ဂျူနီယာညီမလေး၊ မင်းက ဆရာကတော်နဲ့အတူ ဆရာမရွှေယွဲ့ဆီကို သွားဖို့ ရှောင်ကျူးတောင်ထိပ်ကို အမြဲတမ်း သွားနေကျ မဟုတ်ဘူးလား။”
“ဘယ်လိုလုပ်ပြီး စီနီယာအစ်မဝမ်မင်ကို မမြင်ဖူးရတာလဲ။ သူက ဆရာမရွှေယွဲ့ရဲ့ အချစ်တော်တပည့်လေ"
ထျန်းလင်းအာက ခေါင်းခါလိုက်သည်။
"အမေနဲ့ ကျွန်မ ရှောင်ကျူးတောင်ထိပ်ကို သွားရင် ဆရာမရွှေယွဲ့ဆီ တိုက်ရိုက်ပဲ သွားတာလေ။”
“အဲဒီက စီနီယာအစ်မတွေနဲ့ တွေ့ရခဲပါတယ်။ လုပ်ပါ၊ ကျွန်မကို ပြောပြပါ"
ဟယ်တာ့ကျစ်က ပြုံးလျက် ပြန်ဖြေ၏။
"လောစရာ မလိုပါဘူး။ ဒီနေ့ ငါတို့ ထုံထျန်းတောင်ထိပ်ကို သွားတဲ့အခါကျရင် မင်း သူ့ကို မြင်ရမှာပါ"
ထျန်းလင်းအာက မျက်လုံးများ လှန်ပြလိုက်ပြီး တစ်ခုခုကို သဘောပေါက်သွားပုံရသည်။
"အို၊ ဒါကြောင့် ဒီနေ့ စီနီယာအစ်ကိုကြီး ဒီလောက်တောင် စိတ်လှုပ်ရှားနေတာကိုး၊ သူ့ခေါင်းထဲမှာ မကောင်းတဲ့ အတွေးတွေ ရှိနေလို့ပဲ"
အားလုံးက နားမလည်နိုင် ဖြစ်သွားကြပြီးနောက် သဘောပေါက်သွားသောအခါ ဝိုင်းရယ်လိုက်ကြလေသည်။
ထျန်းလင်းအာ ကိုယ်တိုင်လည်း ရယ်မောလိုက်၏။ အနည်းငယ် စိုးရိမ်ပူပန်နေမှုများပင် ပျောက်ကွယ်သွားခဲ့သည်။
သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြသည်ကို မြင်လိုက်ရသည်။
သို့သော် ကျန်းရှောင်ဖန်းကို ကြည့်လိုက်သောအခါ သူမ အံ့အားသင့်သွားရ၏။ ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူ အတွေးလွန်နေကြောင်းကို ထျန်းလင်းအာ ခံစားမိနေပေသည်။
ထျန်းလင်းအာက ကျန်းရှောင်ဖန်းကို ဘေးသို့ဆွဲခေါ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
"ရှောင်ဖန်း၊ နင့်မှာ အခက်အခဲ တစ်ခုခုရှိလို့လား"
ကျန်းရှောင်ဖန်းမှာ လန့်သွား၏။ သူ၏ ညာဘက်လက်က ရင်ဘတ်ကို စမ်းလိုက်ပြီးနောက် နောက်ဆုံးတွင် ပြန်ဖြေလိုက်လေသည်။
"ကျွန်တော် အဆင်ပြေပါတယ် စီနီယာအစ်မ"
ထျန်းလင်းအာက တိုက်ရိုက်ပင် မေးလိုက်သည်။
"ဘာလဲဟင်၊ ငါ့ကို ပြစမ်းပါ"
ကျန်းရှောင်ဖန်းမှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပစ္စည်းတစ်ခုကို ထုတ်ကာ ထျန်းလင်းအာအား ပြလိုက်လေသည်။ ထျန်းလင်းအာက အံ့အားသင့်သွားပြီး မေးလိုက်၏။
"နင်က ဘာလို့ ဒီမီးမွှေးတုတ်ကြီးကို ယူလာရတာလဲ"
ကျန်းရှောင်ဖန်းက ထျန်းလင်းအာ၏ အံ့သြနေသော မျက်နှာကို ကြည့်လိုက်သည်။ သူက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဆရာ့ရဲ့ ကျေးဇူးကြောင့် ကျွန်တော် သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရတာဆိုတော့..."
ထျန်းလင်းအာက ကျန်းရှောင်ဖန်း ဘာပြောနေသည်ကို နားလည်သွားသည်။ သူမက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
"အာ၊ ဟား ဟား၊ ဒါကြောင့်ကိုး။ နင်က ဒီမီးမွှေးတုတ်ကြီးကို ယူပြီး သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်မလို့လား။”
“ချင်းယွင်ဂိုဏ်းရဲ့ နှစ်ထောင်ချီ သမိုင်းကြောင်းမှာ ဆဋ္ဌမစီနီယာအစ်ကိုရဲ့ လောင်းကစားအန်စာတုံးကြီးကပဲ လုံလောက်အောင် ထူးဆန်းနေပါပြီ။”
“နင်က တကယ်၊ တကယ်ကြီး ဒီမီးမွှေးတုတ်ကြီး ယူလာလိမ့်မယ်လို့ တွေးတောင် မတွေးကြည့်နိုင်ဘူး...ဟား ဟား ဟား ဟား၊ ရယ်ရလွန်းလို့ သေတော့မယ်"
တပည့်များက ထျန်းလင်းအာ၏ ရယ်သံကို ကြားသောအခါ ဘာဖြစ်သည်ကို ကြည့်ရန် ရောက်လာကြ၏။
အကြောင်းရင်းကို ကြားပြီးနောက် သူတို့လည်း ဝိုင်းရယ်ကြလေတော့သည်။
ကျန်းရှောင်ဖန်းက သူ့ဘေးရှိ စီနီယာအစ်ကိုများနှင့် စီနီယာအစ်မတို့ ပြုံးရွှင်ပျော်ရွှင်နေကြသည်ကို မြင်လိုက်ရသော်လည်း သူ၏နှလုံးသားထဲတွင်မူ ဒေါသများ ထွက်ပေါ်လာခဲ့သည်။
သူ၏နှလုံးသားထဲရှိ ဒေါသမှာ တစ်ခဏသာ ဖြစ်၏။ သို့သော် ထိုဒေါသမှာ ပြင်းထန်လွန်းလှသဖြင့် ကျန်းရှောင်ဖန်းကို အသက်ရှူရပ်သွားစေမတတ်ပင် ဖြစ်လေသည်။
သူက ခေါင်းငုံ့ထားပြီး ရုပ်ဆိုးလှသော မီးမွှေးတုတ်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ရင်းနှီးသော အေးစက်စက် အငွေ့အသက်က သူ၏လက်ဝါးဆီသို့ ပျံ့နှံ့လာ၏။
"ရှောင်ဖန်း"
ထျန်းလင်းအာက ရုတ်တရက် အပြုံးကို ရုပ်သိမ်းလိုက်သည်။
"ငါ တောင်းပန်ပါတယ်ဟာ"
ကျန်းရှောင်ဖန်းမှာ တုန်လှုပ်သွားပြီး ခေါင်းမော့ကြည့်လိုက်လေသည်။
ထျန်းလင်းအာက ပြောလိုက်၏။
"ငါတို့ဂိုဏ်းထဲမှာ နင် အလှောင်ခံ မဖြစ်ရလေအောင် မှော်လက်နက်တစ်ခု ပေးမလို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ အမေက ငါ့ကို အရမ်းခိုင်းနေတာနဲ့တင် အဲဒါကို မေ့သွားတာ"
ကျန်းရှောင်ဖန်းက ခေါင်းခါလိုက်ပြီး ပြောလေသည်။
"စီနီယာအစ်မ၊ ကျင့်ကြံဖို့က ပိုအရေးကြီးပါတယ်။ ကျွန်တော့်အတွက် စိတ်ပူနေစရာ မလိုပါဘူး"
ထျန်းလင်းအာက သူ၏ပခုံးကို ပုတ်ကာ ပြုံးလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူးလေ၊ နင့်ရဲ့ အကန့်အသတ်ကို အားလုံး သိကြသားပဲ။ ဒီတစ်ခါတော့ နင့်အတွက် လေ့လာဖို့ အခွင့်အရေးတစ်ခု သက်သက်ပါပဲ"
ထို့နောက် သူမက အသံကို နှိမ့်လိုက်လေသည်။
"တစ်ယောက်ယောက်ကများ နင့်ကို အနိုင်ကျင့်ဖို့ ကြိုးစားရင် ငါ့ကို ပြောရမယ်နော်။ ဟွန်း၊ ငါ နင့်ဘက်ကနေ ပြန်ကလဲ့စားချေပေးမယ်"
ကျန်းရှောင်ဖန်းသည် ထျန်းလင်းအာ၏ နူးညံ့သော မျက်ဝန်းများကို စိုက်ကြည့်နေမိ၏။
သူမ၏ ကတိစကားကို သူ သံသယမဝင်မိပေ။ သူ့ပတ်ဝန်းကျင်ရှိ အခြားလူများထံမှ ကြင်နာမှုများကိုလည်း သူ ခံစားသိရှိနိုင်လေသည်။
သို့သော် သူ၏ စိတ်ခံစားချက်များကမူ တည်ငြိမ်မှု မရှိသေးချေ။ သူ၏ ရင်ထဲတွင် ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်ကြီးကဲ့သို့ အသက်ရှူရခက်ခဲစေသည့် အရာမှာ မည်သည့်အရာဖြစ်နေမည်နည်း။
ထျန်းလင်းအာက ပြုံးရွှင်နေဆဲပင် ဖြစ်၏။ သူမသည် သူမအနှစ်သက်ဆုံးဖြစ်သော ဂျူနီယာမောင်လေး ရှောင်ဖန်း၏ ပခုံးကို ပုတ်လိုက်လေသည်။
"ငါ နင့်ကို ပြောပြမယ်။ ထုံထျန်းတောင်ထိပ်မှာ ပျော်စရာနေရာတွေ အများကြီးရှိတယ်။ ဒီတစ်ခါ ငါတို့ ခိုးထွက်ပြီး အဲဒီကို သွားကြမယ်လေ။ ဘယ်လိုလဲ။"
သူမက တိုးတိုးလေး ပြောလိုက်၏။
ကျန်းရှောင်ဖန်းသည် သူမ၏ လှပသော မျက်နှာလေးကို ရုတ်တရက် မကြည့်ချင်တော့ပေ။
သူ ခေါင်းငုံ့ထားလိုက်၏။ သူ၏ စိတ်ထဲတွင် ချိုမြိန်မှုနှင့် စိတ်ပျက်မှုတို့ ရောယှက်နေလေသည်။
"ဟုတ်ကဲ့ပါ စီနီယာအစ်မ။"
ထိုစဉ် သူတို့အနောက်မှ ဟယ်တာ့ကျစ်က ရုတ်တရက် လှမ်းပြောလိုက်လေသည်။
"ဆရာနဲ့ ဆရာကတော်တို့ လာနေကြပြီ။"
သူတို့လှည့်ကြည့်လိုက်ရာ ထျန်းပုယီနှင့် စုရုတို့ တိတ်ဆိတ်ခြင်းခန်းမထဲမှ ထွက်လာသည်ကို မြင်လိုက်ရ၏။
ထျန်းပုယီသည် မိုးပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေ၏။
အကယ်၍ သူ၏ ဆူဖြိုးနေသော ဗိုက်ရွှဲရွှဲနှင့် ပုတိုသော ကိုယ်လုံးကိုယ်ပေါက်သာ မရှိခဲ့လျှင် သူသည် လေးစားဖွယ်ကောင်းသော ဆရာတစ်ပါးနှင့် ပို၍တူပေလိမ့်မည်။
စုရုကမူ အစိမ်းနုရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံကေသာတွင် ကျောက်စိမ်းပန်းတစ်ပွင့်ကို ပန်ဆင်ထားလေသည်။
စုန့်တာ့ရန်သည် သူတို့အနောက်မှ လိုက်ပါလာ၏။ သူ၏ မျက်နှာမှာ အတတ်နိုင်ဆုံး တည်ငြိမ်နေလေသည်။
သို့သော် အခြားတပည့်များက သူ လာနေသည်ကို မြင်သောအခါ ရယ်ချင်စိတ်ကို အတော်လေး ထိန်းချုပ်နေရပေသည်။
စုန့်တာ့ရန်၏ အနောက်တွင် တာ့ဟွမ်နှင့် ရှောင်ဟွေးတို့ လိုက်ပါလာကြ၏။ ရှောင်ဟွေးသည် တာ့ဟွမ်၏ ကျောပေါ်တွင် ထိုင်ရသည်ကို အသားကျနေပြီ ဖြစ်လေသည်။ ရှောင်ဟွေးသည် ကျန်းရှောင်ဖန်းကို မြင်သောအခါ အသံပြုလိုက်၏။
"ကျစ်... ကျစ်..."
ထို့နောက် ကျန်းရှောင်ဖန်း၏ ပခုံးပေါ်သို့ ခုန်တက်လာလေသည်။
ထျန်းပုယီက တပည့်တစ်ယောက်ချင်းစီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
"သွားကြစို့။"
သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်လေသည်။ သူ၏ လက်ဖဝါးအလယ်တွင် အနီရောင်အလင်းတန်းတစ်ခု လက်ဖြာသွားပြီး သူ၏ နာမည်ကျော် မှော်ရတနာဖြစ်သော "မီးတောက်ဝိညာဉ်" ထွက်ပေါ်လာ၏။
ထျန်းပုယီ ခြေလှမ်းပြင်လိုက်ချိန်တွင် သူ၏ ဘောင်းဘီကို တစ်စုံတစ်ရာက ဆွဲထားလေသည်။
ထိုအရာမှာ တာ့ဟွမ်ပင် ဖြစ်၏။ ၎င်းသည် ခေါင်းနှင့် အမြီးကို တယမ်းယမ်းလုပ်ကာ ပါးစပ်မှလည်း ညည်းတွားနေလေသည်။ ၎င်း၏ ခွေးမျက်လုံးများက ထျန်းပုယီကို စိုက်ကြည့်နေပေသည်။
ထျန်းပုယီသည် တုံ့ဆိုင်းသွားပြီး တတွတ်တွတ် ရေရွတ်လိုက်သော်လည်း သူ၏ လက်စွပ်ကို ဝှေ့ယမ်းကာ တာ့ဟွမ်ကို ရစ်ပတ်၍ မီးတောက်ဝိညာဉ်ပေါ်သို့ တင်ခေါ်လိုက်လေသည်။
ထျန်းပုယီသည် မီးတောက်ဝိညာဉ်ပေါ်တွင် ရပ်ကာ ပထမဆုံး ပျံသန်းထွက်ခွာသွားချေပြီ။
စုရုက ခေါင်းခါရင်း ပြုံးလိုက်၏။
"လာကြလေ။"
ထို့နောက် သူမသည် ခေတ္တရပ်တန့်သွားပြီး စုန့်တာ့ရန်ကို လှမ်းပြောလိုက်သည်။
"တာ့ရန်... ရှောင်ဖန်းရဲ့ စွမ်းရည်က မလုံလောက်သေးဘူး။ မင်းပဲ သူ့ကို ခေါ်သွားလိုက်ပါ။"
စုန့်တာ့ရန်က ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့ပါ ဆရာကတော်။"
စုရုက ခေါင်းညိတ်ပြလိုက်သည်။ အစိမ်းရောင် အလင်းတန်းတစ်ခု လက်ဖြာသွားကာ သူမကို ကောင်းကင်ယံသို့ သယ်ဆောင်သွားပြီး ထျန်းပုယီ၏ အနီရောင် အလင်းတန်းနောက်သို့ လိုက်ပါသွားလေသည်။