အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အပိုင်း ၁၉၅
တစ်ခဏအတွင်း တစ်ခန်းလုံး သေမင်းတမျှ တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမဟရဲသလို၊ မေးခွန်းထုတ်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။
အင်တာနက်ခေတ် ထွန်းကားလာသည်နှင့်အမျှ အွန်လိုင်း ငွေပေးချေမှုစနစ်သည် တစ်ကမ္ဘာလုံးတွင် အမြစ်တွယ်နေပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံမှာမူ ခေတ်၏ရှေ့ဆုံးသို့ ရောက်ရှိနေသည်။ ယင်းမှာ အလီဘာဘာ (Ali Group) ၏ ခေါင်းဆောင် မာယွန်းက သူ၏ ထူးကဲသော အမြော်အမြင်ဖြင့် ဘဏ်များ၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သလို၊ နိုင်ငံ၏ ထူးခြားသော အခြေအနေများကြောင့်လည်း ပါဝင်သည်။
သို့သော် ယခုအခါ ဟောင်ကောင်တွင်လည်း ဤလမ်းကို လျှောက်မည့်သူများ ပေါ်ထွက်လာချေပြီ။ သူတို့သည် အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ခတ်လာပြီး ရှိသမျှ အဟန့်အတားအားလုံးကို တစ်ချက်တည်းနှင့် အကုန်မှောက်လှန်ပစ်လိုက်ကြသည်။
ကျိဖုပေါင်၏ အနာဂတ်ကို မည်သူမျှ ကြိုတင်ခန့်မှန်းရန် မဝံ့ရဲကြပေ။ အကြောင်းမှာ ပါဝင်သူများ၏ အင်အားစုအရ ဆိုလျှင်ပင် သူတို့သည် မည်သူမျှ မယှဉ်နိုင်သော အခြေအနေသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ တရုတ်လူမျိုးများသာ ပူးပေါင်းလိုက်မည်ဆိုပါက ဟောင်ကောင်နှင့် အရှေ့တောင်အာရှ တစ်ခုလုံးသည် သူတို့၏ လက်ဝါးကြီးအုပ်မှုအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။
"အားလုံး သိကြတဲ့အတိုင်း အွန်လိုင်း ငွေပေးချေမှုမှာ အရေးကြီးဆုံးက လုံခြုံရေးပါပဲ။ နည်းပညာ တိုးတက်လာတာနဲ့အမျှ Trojan ဗိုင်းရပ်စ်တွေကလည်း သောင်းကျန်းလာတယ်။ Apple ဖြစ်ဖြစ် Samsung ဖြစ်ဖြစ် ဒီလုံခြုံရေးကို အပြည့်အဝ မပေးနိုင်ပါဘူး"
လီကျားချန်က ဆက်လက်၍
"ဒါပေမဲ့ ကျွန်တော်တို့ တရုတ်နိုင်ငံကတော့ ပေးနိုင်ပါတယ်။ အကြောင်းကတော့ တရုတ်နိုင်ငံမှာ အစွမ်းထက်ဆုံး စမတ်ဖုန်း ကုမ္ပဏီကြီးဖြစ်တဲ့ လုံထန်ဂရုရှိနေလို့ပါပဲ။"
"ဒီနေ့ကစပြီး ကျိဖုပေါင်ဟာ လုံထန်ဂရုနဲ့ ပူးပေါင်းပြီး Tenglong smartphone OS ထဲမှာ တစ်ပါတည်း ထည့်သွင်းထားတဲ့ application တစ်ခု ဖြစ်လာမှာပါ။ ဒါ့အပြင် Smart Phone Butler ရဲ့ ကြီးကြပ်မှုနဲ့ အာမခံချက် နှစ်ထပ်ရရှိမှာ ဖြစ်ပါတယ်။"
"ဒီနေရာမှာ ကျွန်တော် တစ်ခု ကြေညာချင်တာကတော့၊ လုံထန်ဂရုရဲ့ ဥက္ကဋ္ဌဟာ ကျိဖုပေါင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူပြီး ဒီအရေးကြီးတဲ့ တာဝန်တွေကို ပခုံးထမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
"ဟား"
လူတိုင်း မှင်တက်သွားကြသည်။ မိနစ်အနည်းငယ်အတွင်း တစ်လုံးပြီးတစ်လုံး ပေါက်ကွဲလာသော သတင်းဗုံးများမှာ သူတို့ကို တုန်လှုပ်သွားစေရန် လုံလောက်လှသည်။ ဟောင်ကောင် မီဒီယာများပင်လျှင် လုံထန်ဂရု၏ ဥက္ကဋ္ဌမှာ လင်းဖန် ဖြစ်ကြောင်း သိထားကြသည်။
သို့သော် တရုတ်ပြည်တစ်လွှားတွင် ထိုအမည်ဖြင့် လူပေါင်းများစွာ ရှိနေပြီး သူတို့ အတတ်နိုင်ဆုံး စုံစမ်းလျှင်ပင် မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ကြပေ။ သို့သော် ယခုအခါ ထိုသူသည် ဒေါ်လာ ၅၀ ဘီလီယံ (ယွမ် ၃၀၀ ဘီလီယံ) တန်ဖိုးရှိသော ကုမ္ပဏီကြီး၏ ဥက္ကဋ္ဌအဖြစ် လူထုရှေ့သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မည်သူကများ မအံ့ဩဘဲ နေနိုင်ပါမည်နည်း။
"မစ္စတာလီ၊ ကျိဖုပေါင်ရဲ့ ဥက္ကဋ္ဌက တစ်ဦးတည်း ဖြစ်နေတာဆိုတော့၊ ဒီကုမ္ပဏီ ဖွဲ့စည်းပုံ တစ်ခုလုံးကို လုံထန်ဂရုကပဲ အစဉ်သဖြင့် လွှမ်းမိုးထားမှာလား"
ဟောင်ကောင် သတင်းထောက်တစ်ဦးက အကျယ်ကြီး မေးလိုက်သည်။
ဟောင်ကောင်သားများအနေဖြင့် ပြည်မကြီးသားများအပေါ် အမြဲတစေ အထက်စီးမှ ဆက်ဆံလေ့ရှိသည်။ ဟောင်ကောင်သား အများစု၏ အမြင်တွင် သူတို့သည်သာ ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော အရင်းရှင်များ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် စီးပွားရေးနယ်ပယ်တွင် သူတို့ကို ယှဉ်နိုင်သူ မရှိဟု ယုံကြည်ထားကြသည်။
သို့သော် ယခုအခါ ပြည်မကြီးမှ ကုမ္ပဏီကြီး သုံးခုနှင့် ဟောင်ကောင်မှ သူဌေးကြီး သုံးဦးတို့ဖြင့် ဖွဲ့စည်းထားသော ကုမ္ပဏီကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာရာ မည်သို့ကြည့်ကြည့် ပြည်မကြီးသားများ၏ လက်ရာဖြစ်နေသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့်ပင် ဤမေးခွန်းက ဟောင်ကောင် သတင်းထောက်များ၏ အာရုံကို ဖမ်းစားသွားခြင်း ဖြစ်သည်။
"မှန်ပါတယ်။ ကျိဖုပေါင်ကို လုံထန်ဂရု ဥက္ကဋ္ဌကိုယ်တိုင် အဆိုပြုခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ခြောက်လကတည်းက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံကိန်းကို ရေးဆွဲခဲ့တာပါ။"
လီကျားချန်က အားလုံးကို တည့်တည့်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
- "ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ ဟောင်ကောင်ပဲဖြစ်ဖြစ်၊ ပြည်မကြီးပဲဖြစ်ဖြစ် အားလုံးဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတွေပါပဲ။"
"တရုတ်လူမျိုးတွေ ကမ္ဘာမှာ ထိပ်တန်းရောက်လာနိုင်သရွေ့ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး!"
"ဖြောင်း! ဖြောင်း! ဖြောင်း!"
သူ့စကားအဆုံးတွင် တစ်ခန်းလုံး လက်ခုပ်သံများဖြင့် ဟိုးလေးတကျော် ဖြစ်သွားသည်။ ဤနေရာတွင် ဟောင်ကောင် သတင်းထောက်များသာမက ပြည်မကြီးမှ သတင်းထောက်များလည်း အများအပြား ရှိနေကြသည်။ သူတို့အတွက်မူ ဟောင်ကောင်နှင့် ပြည်မကြီး ခွဲခြားထားခြင်း မရှိဘဲ "တရုတ်နိုင်ငံ" ဟူသော စိတ်ဓာတ်သာ ကိန်းအောင်းနေသည်။
သို့သော် လုံထန်ဂရု ဥက္ကဋ္ဌလင်းဖန် မှာ ပြည်မကြီးသား အစစ်အမှန် ဖြစ်နေသဖြင့် ပြည်မကြီး သတင်းထောက်များမှာ များစွာ ဂုဏ်ယူနေကြသည်။ ဟောင်ကောင်သားများသည် စီးပွားရေးပိုင်းတွင် အမြဲ အထက်စီးက ရှိနေခဲ့သော်လည်း ယခုမူ ဟောင်ကောင်၏ ထိပ်သီးသူဌေးကြီး သုံးဦးစလုံးက ပြည်မကြီးသားတစ်ဦးနောက်သို့ လိုက်နေကြရပြီ ဖြစ်သည်။ ဤသည်မှာပင် အဖြေက ရှင်းနေပြီ မဟုတ်ပါလား။
"မစ္စတာလီ၊ ကျိဖုပေါင်ရဲ့ ရှယ်ယာ ပိုင်ဆိုင်မှု အခြေအနေကိုရော ထုတ်ဖော်ပေးနိုင်မလား"
အခြား သတင်းထောက်တစ်ဦးက ထပ်မံ မေးမြန်းသည်။
"တကယ်တော့ ဒါဟာ ကုမ္ပဏီတွင်း လျှို့ဝှက်ချက်ဖြစ်လို့ ထုတ်မပြောသင့်ပေမဲ့၊ ဒီသတင်းစာရှင်းလင်းပွဲရဲ့ ထူးခြားမှုကြောင့် အချို့ကိုတော့ ပြောပြပေးပါ့မယ်။"
လီကျားချန်က ပြုံးလျက်ဆိုသည်။
"Cheung Kong Holdings က ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး၊ လုံထန်ဂရုက ၂၀ ရာခိုင်နှုန်းနဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်ပါတယ်။"
သူသည် မိမိကိုယ်တိုင် အပါအဝင် အုပ်စုနှစ်ခု၏ ရှယ်ယာပမာဏကိုသာ ဖြေကြားခဲ့ပြီး ကျန်အချက်များကိုမူ ထုတ်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှယ်ယာပမာဏဆိုသည်မှာ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ အကယ်၍ ဟော်မိသားစုက ၇ ရာခိုင်နှုန်းဖြင့် အဆင့် (၆) နေရာသို့ ရောက်နေသည်ဟု ထုတ်ပြောလိုက်ပါက ဟော်မိသားစု၏ မျက်နှာ ဘယ်နားသွားထားရပါမည်နည်း။
ထို့ပြင် အရေးကြီးဆုံးအချက်မှာ နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ဝင်ရောက်လာသည့်အခါ ရှယ်ယာပမာဏများမှာ ဆက်လက် ပြောင်းလဲနေဦးမည် ဖြစ်ရာ ယခုကတည်းက အတိအကျ ကြေညာနေရန်လည်း မလိုအပ်ပေ။
"မစ္စတာရွှီကို မေးချင်တာကတော့၊ New World Group က ပြည်မကြီးမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို အကြီးအကျယ် ထုတ်ရောင်းလိုက်တာဟာ ဒီစီမံကိန်းကြောင့်လား"
သတင်းထောက်များသည် လီကျားချန်ကို မေးရန် မလွယ်ကူကြောင်း သိရှိသွားကြသဖြင့် ရွှီရုံမောက်ကို ပစ်မှတ်ထားလာကြသည်။
ရွှီရုံမောက်ကမူ အေးဆေးပင် ပြုံးလျက်
"ကျိဖုပေါင်စီမံကိန်းကို အစကတည်းက စီစဉ်ထားတာပါ။ ကျွန်တော်တို့ ဂရုကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ အလားအလာ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်လို့ ကျွန်တော်တို့ လက်လွှတ်မခံနိုင်ပါဘူး။"
"ဒီနေ့ မွန်းလွဲပိုင်းမှာတော့ အချိန်အတော်ကြာ ညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုကို အပြီးသတ်နိုင်ခဲ့ပါတယ်။ ရန်ပုံငွေတွေကိုတော့ ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်လို့ ခင်ဗျားတို့ မေးတဲ့ မေးခွန်းရဲ့ အဖြေက ရှင်းနေပါတယ်"
ရိုးရှင်းလှသော ထိုအဖြေ၏ နောက်ကွယ်တွင်မူ လူတိုင်း၏ အာရုံမှာ "ဈေးနှုန်း" ပေါ်သို့ ရောက်ရှိသွားသည်။ မှတ်ပုံတင်အရင်းအနှီးက ယွမ် ၃၀၀ ဘီလီယံ ဆိုလျှင် ရှယ်ယာ တစ်ရာခိုင်နှုန်းကို ယွမ် ၃ ဘီလီယံအထိ တန်ဖိုးရှိနေခြင်း ဖြစ်သည်။ အသစ်တည်ထောင်စ စီးပွားရေးလုပ်ငန်းတစ်ခုက ဤမျှ မြင့်မားသော တန်ဖိုးကို မည်သို့ ရရှိနိုင်ပါသနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။
ကမ္ဘာပေါ်တွင် နာမည်ကျော် ရေနံတွင်းကြီးများကို ထိန်းချုပ်ထားသော ရေနံကုမ္ပဏီကြီးများပင်လျှင် ရှယ်ယာအသစ်များ ထုတ်ဝေရာတွင် ဤမျှ မြင့်မားသော ဈေးနှုန်းကို မရရှိနိုင်ကြပေ။
ထိုအချိန်တွင် ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် နိုင်ငံခြားသား သတင်းထောက်တစ်ဦး ငြိမ်သက်စွာ မတ်တပ်ရပ်လိုက်သည်။ သူမမှာ အမေရိကန်၏ ဩဇာအရှိဆုံး မီဒီယာဖြစ်သော AP သတင်းဌာန၏ သတင်းထောက် ဖြစ်သည်။
"မစ္စတာလီ၊ ခုနက ကျိဖုပေါင်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံကိန်းလို့ ပြောသွားပါတယ်။ ဒါဆိုရင် ကျိဖုပေါင်ရဲ့လုပ်ငန်းတွေဟာ တစ်ကမ္ဘာလုံးကို ရည်ရွယ်ထားတာလို့ ဆိုလိုတာလား"
ဤမေးခွန်းက အချက်ကျလှသဖြင့် လူတိုင်း စိတ်ဝင်စားသွားကြသည်။ ဒေါ်လာ ၅၀ ဘီလီယံအထိ ရင်းနှီးထားပြီး ပြည်မကြီးနှင့် ဟောင်ကောင်မှ ထိပ်သီးသူဌေးကြီးများ ပူးပေါင်းထားသော ကုမ္ပဏီ၏ ပစ်မှတ်မှာ ဟောင်ကောင်တစ်ခုတည်းသာ ဖြစ်နိုင်ပါ့မလား။
"လောလောဆယ် ကျိဖုပေါင်အတွက် အရေးအကြီးဆုံးက ဟောင်ကောင်စျေးကွက်ကို ချဲ့ထွင်ဖို့ပါ။ ဟောင်ကောင်သားတွေ အပြင်ထွက်တဲ့အခါ ပိုက်ဆံအိတ် သယ်စရာမလိုဘဲ QR Code စကင်ဖတ်ပြီး အချိန်မရွေး၊ နေရာမရွေး ငွေပေးချေနိုင်အောင် ကြိုးစားသွားမှာပါ။"
လီကျားချန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
- "ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းဟာ အမြဲတမ်း ကမ္ဘာ့စျေးကွက်ကို ရည်ရွယ်ထားပါတယ်။ အနာဂတ်မှာ ကျိဖုပေါင်ဟာ အရှေ့တောင်အာရှနဲ့ တစ်ကမ္ဘာလုံးကို အင်တာနက်ခေတ်ရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်"
.....................................................
အပိုင်း ၁၉၆
အားလုံးက သတိမဝင်နိုင်သေးခင်မှာပင် လီကျားချိန်က ဆက်လက်ပြောကြားလိုက်သည်။
- "တရုတ်ပြည်တွင်းမှာလည်း ပြည်မကြီးစျေးကွက်ကို တာဝန်ယူမယ့် ကျိဖုပေါင်ကုမ္ပဏီတစ်ခု ရှိပါသေးတယ်။"
"အခု ကျွန်တော်တို့ ဟောင်ကောင်မှာ မှတ်ပုံတင်လိုက်တဲ့ ကျိဖုပေါင်ကုမ္ပဏီရဲ့ အမည်အပြည့်အစုံကတော့ Jifubao Global Business Co., Ltd ဖြစ်ပါတယ်"
ဤစကားတစ်ခွန်းတည်းနှင့်ပင် ကျိဖုပေါင်၏ ရပ်တည်ချက်ကို အရိုးရှင်းဆုံး ဖော်ပြလိုက်ခြင်းပင်။ ရှယ်ယာ တစ်ရာခိုင်နှုန်းကို အဘယ်ကြောင့် ယွမ် ၃ ဘီလီယံအထိ တန်ဖိုးဖြတ်ထားသလဲဆိုသည်ကို လူတိုင်း နားလည်သွားကြသည်။
ကျိဖုပေါင်ကို တည်ထောင်ပြီးသည်နှင့် လုံထန်ဂရုက ဖောက်ထားသည့်စျေးကွက်လမ်းကြောင်းကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်ပြီး၊ လအနည်းငယ်အတွင်းမှာပင် ကမ္ဘာသို့ လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားမည်ဖြစ်သည်။ စီးပွားရေးနည်းဗျူဟာပိုင်းအရ ဆိုလျှင် ဤစီမံကိန်းမှာ အလွန်ထက်မြက်ပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။
တစ်ကမ္ဘာလုံးရှိ ကျိဖုပေါင်ကုမ္ပဏီသည် လုံထန်ဂရု၏ ထုတ်ကုန်များနှင့် တစ်သားတည်း ဖြစ်နေသည်။ လုံထန်အောင်မြင်လျှင် ကျိဖုပေါင်အောင်မြင်မည်၊ လုံထန်ကျဆုံးလျှင်ကျိဖုပေါင်လည်း ကျဆုံးမည်ဖြစ်ရာ လုံထန်ဂရုသည် ကုမ္ပဏီ၏ အဓိက အချက်အချာနေရာတွင် ရှိနေသည်။ ထို့ကြောင့်ပင် လီကျားချန်၊ဟော်ကျန့်ထိန်နှင့် ရွှီရုံမောက်တို့ကဲ့သို့ ပုဂ္ဂိုလ်ကြီးများကပင် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ရာထူးများကို လိုလိုလားလား အလျှော့ပေးခဲ့ကြခြင်း ဖြစ်သည်။
"မစ္စတာ လီကျားချန်ကို မေးချင်တာကတော့၊ ခင်ဗျားတို့ရဲ့ ကုမ္ပဏီဟာ အာရှစျေးကွက်ကနေ လုံးဝ ဆုတ်ခွာသွားခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာ ကျိဖုပေါင်အစီအစဉ်မှာ ပါဝင်လာတာဟာ ခင်ဗျားတို့ အာရှစျေးကွက်ထဲကို ပြန်ဝင်လာဖို့ အခွင့်အရေးတစ်ခုလား"
စင်ကာပူမှ သတင်းထောက်တစ်ဦးက ပွင့်ပွင့်လင်းလင်းပင် မေးခွန်းထုတ်လိုက်သည်။
ထိုအခါ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားမှုများမှာ မျက်လုံးထဲတွင် ပေါ်လွင်လာသည်။ ထိုစဉ်က လီကျားချန်သည် ပြည်မကြီးနှင့် ဟောင်ကောင်အပါအဝင် အာရှရှိ ပိုင်ဆိုင်မှုအားလုံးကို အမြောက်အမြား ထုတ်ရောင်းခဲ့ပြီး ဗြိတိန်နိုင်ငံထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ခြင်းမှာ ဝေဖန်စရာ အရှိဆုံး ကိစ္စဖြစ်ခဲ့သည်။ ယခုကဲ့သို့ လူမြင်ကွင်းတွင် ဤကိစ္စကို ဗြောင်ကျကျ ထုတ်မေးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"ဟားဟားဟား ဒီမေးခွန်းကို ကျွန်တော်ပဲ ဖြေပါရစေ။"
လီကျားချန် စကားမပြောမီ လီကျဲခိုင်က မတ်တပ်ရပ်ကာ ပြုံးလျက် ဆိုသည်။
"Yingke Expansion Group ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက လုံထန်ဂရုနဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရယူခဲ့တာပါ။"
"ကျွန်တော်နဲ့ လုံထန်ဂရု ဥက္ကဋ္ဌဟာ ကိုယ်ရေးကိုယ်တာအရ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ညီအစ်ကိုတွေလို ခင်မင်ကြတယ်ဆိုတာ ခင်ဗျားတို့ မသိလောက်ပါဘူး။ အခုကျိဖုပေါင်စီမံကိန်းမှာ ပါဝင်တာဟာ သူနဲ့ လုံထန်ဂရုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော် ယုံကြည်လို့ပဲ ဖြစ်ပါတယ်။"
"ဒီနေရာမှာ ကျွန်တော် တစ်ခု ကြေညာချင်တာက ကျိဖုပေါင်အစီအစဉ်ဟာ ကျွန်တော်တို့ ထိပ်သီးသူဌေးကြီး ၁၀ ယောက်ကိုပဲ ဖိတ်ခေါ်ခဲ့တာ မဟုတ်ပါဘူး။ ဟောင်ကောင်က သူဌေးကြီးမိသားစု အားလုံးကို ဖိတ်ခေါ်ခဲ့တာပါ။ နောက်ဆုံးမှာ ကျွန်တော်တို့ သုံးယောက်ပဲ ကျန်ခဲ့ရတာကတော့ ကျန်တဲ့လူတွေက သူတို့ဘာသာ နုတ်ထွက်သွားကြလို့ပါပဲ။"
ဘာ..
လီမိသားစု၏ ဒုတိယသားဖြစ်သူ လီကျဲခိုင်၏ အဖြေကြောင့် လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ဤအဆောက်အအုံထဲတွင် ယနေ့ သူဌေးကြီးများစွာ စုံညီနေကြသည်ကို သူတို့ သိသော်လည်း အားလုံးက ကျိဖုပေါင်အတွက် လာကြသည်ဟု မထင်ထားခဲ့ပေ။ ပို၍ အံ့ဩစရာကောင်းသည်မှာ လီမိသားစု၊ ဟော်မိသားစုနှင့် ရွှီမိသားစုတို့မှလွဲ၍ ကျန်ဟောင်ကောင်သူဌေးကြီး အားလုံးက မဲမပေးဘဲ နုတ်ထွက်ခဲ့ကြခြင်းပင်။ ဘာတွေဖြစ်ပျက်ခဲ့သနည်း။
ထိုအချိန်တွင် လီကျားချန်က မတ်တပ်ရပ်၍ ပြောကြားလိုက်သည်။
"ကျိဖုပေါင်အစီအစဉ်ဟာ အလွန်ကောင်းမွန်တဲ့ စီးပွားရေးစီမံကိန်းတစ်ခုဖြစ်ပြီး ကျွန်တော်လည်း လုံထန်ဂရုရဲ့ အလားအလာကို ယုံကြည်ပါတယ်။"
"အာရှစျေးကွက်ထဲကို ပြန်ဝင်လာတယ်ဆိုတာကတော့ ဒီစီမံကိန်းကနေ စတင်တာပါပဲ။ ကျွန်တော်တို့ လီမိသားစုဟာ ဘယ်တုန်းကမှ ထွက်ခွာမသွားခဲ့ပါဘူး။ ဒီနေ့ခေတ် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှုမှာ ဟောင်ကောင်ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေတယ်။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အခွင့်အလမ်းရှိတဲ့ဘက်ကို သဘာဝအတိုင်း ရွေးချယ်ရတာပါပဲ။"
"ကျိဖုပေါင်အစီအစဉ်မှာ ပါဝင်နိုင်ခြင်းအားဖြင့် ကမ္ဘာ့စျေးကွက်ထဲကို တိုးဝင်ပြီး တရုတ်လူမျိုးတွေကို ကမ္ဘာ့စီးပွားရေးလောကမှာ ထိပ်တန်းကနေ ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးဖို့ ကျွန်တော် လီမိသားစုမှာ တာဝန်အပြည့်ရှိပါတယ်"
သူ၏ စကားလုံးများမှာ ထက်မြက်လှသည်။ အချမ်းသာဆုံး တရုတ်လူမျိုးကြီး၏ တုံ့ပြန်မှုမှာ အခြားသူများထက် မလျှော့ပေ။
သတင်းထောက်၏ မေးခွန်းမှာ မိမိကိုယ်တိုင် ပြဿနာရှိနေခြင်း ဖြစ်သည်။ စီးပွားရေးသမားတစ်ဦးအနေဖြင့် အကျိုးအမြတ်နောက်သို့ လိုက်၍ ပိုင်ဆိုင်မှုများကို အချိန်မီ လွှဲပြောင်းခြင်းမှာ ပုံမှန်သာဖြစ်သည်။
သို့သော် သူသည် ဟောင်ကောင်မှ ဗြိတိန်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ လီကျားချန်သည် ၁၉၈၁ ခုနှစ်တွင် "ဟောင်ကောင် တစ်နှစ်တာအကောင်းဆုံး ပုဂ္ဂိုလ်" အဖြစ် ရွေးချယ်ခံခဲ့ရသလို၊ ၁၉၈၉ ခုနှစ်တွင် ဗြိတိန်ဘုရင်မထံမှ CBE ဘွဲ့နှင့် နောက်ပိုင်းတွင် KBE Knight (ဆာဘွဲ့) တို့ကို ရရှိခဲ့သူဖြစ်သည်။ ဤဘွဲ့ထူးများသည် ဗြိတိန်တော်ဝင်မိသားစုမှ ပေးအပ်သော ဘွဲ့များဖြစ်ရာ သူ၏ ဆုံးဖြတ်ချက်မှာ အခြေအနေအရ မှန်ကန်နေခြင်း ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲမှာ ဆက်လက်ကျင်းပနေပြီး မာဟွာထန်နှင့် လျူယွီတုန်တို့လည်း သတင်းထောက်များ၏ ထက်မြက်လှသော မေးခွန်းများကို ရင်ဆိုင်ခဲ့ရသည်။ ရှယ်ယာအချိုးအစားမှသည် ဂရု၏ ဦးတည်ချက်အထိ အရာရာကို မေးမြန်းကြသဖြင့် တရုတ်ပြည်တွင်းမှ နာမည်ကျော် အင်တာနက် လုပ်ငန်းရှင်ကြီးများပင်လျှင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
"ကောင်းပါပြီ..ဒီနေ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီမှာပဲ တရားဝင် အဆုံးသတ်လိုက်ပါတယ်"
ည ၇ နာရီတွင် လီကျားချန်က အခမ်းအနားကို အဆုံးသတ်လိုက်ပြီး လူတိုင်း ပြန်လည်ထွက်ခွာသွားကြသည်။ ထို့နောက်တွင် လီကျားချိန်သည် ဟော်ကျန့်ထိန် ရွှီရုံမောက်၊လင်းဖန်၊ မာဟွာထန်နှင့် လျူယွီတုန်တို့ကို Victoria Hotel ၌ ညစာစားရန် ဖိတ်ကြားခဲ့သည်။
တစ်နှစ်ပတ်လုံး စီစဉ်ခဲ့သော ကျိဖုပေါင်ကုမ္ပဏီကို ယနေ့တွင် နောက်ဆုံး၌ တည်ထောင်နိုင်ခဲ့သဖြင့် အားလုံးမှာ အလွန်ပင် ပျော်ရွှင်နေကြသည်..........။
ထိုညတွင် ဟောင်ကောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မီဒီယာပေါင်းစုံက ကျိဖုပေါင်သည် ဟောင်ကောင်မှ စတင်ကာ ကမ္ဘာသို့ ချဲ့ထွင်တော့မည့် သတင်းကို ချက်ချင်း ဖော်ပြလိုက်ကြသည်။ ဟောင်ကောင်တစ်ဝှမ်းရှိ သတင်းစာများနှင့် ဂျာနယ်များမှာလည်း ကျိဖုပေါင်၏ အဖွဲ့ဝင် အချက်အလက်များ၊ လုပ်ငန်းလည်ပတ်ပုံ အဆင့်ဆင့်နှင့် ဆက်စပ်အချက်အလက်များကို အမြန်ဆုံး ရိုက်နှိပ်ထုတ်ဝေနေကြသည်။
အံ့ဩစရာကောင်းသည်မှာ လီကျားချန်၊ ရွှီရုံမောက်နှင့် ဟော်ကျန့်ထိန်တို့ထက် ပြည်မကြီးမှ လူသုံးဦးက သတင်း၏ အဓိက အချက်အချာ ဖြစ်လာခြင်းပင်။ အထူးသဖြင့် လုံထန်ဂရု၏ ဥက္ကဋ္ဌလင်းဖန် သည် အသက်အရွယ်၊ ရုပ်ရည်နှင့် မိသားစု နောက်ခံ မည်သူမျှ မသိရှိသော လျှို့ဝှက်ချက်များကြောင့် လူအများ၏ အာရုံစိုက်မှုကို ပိုမို ရရှိခဲ့သည်။
ပြည်တွင်းဖြစ် စမတ်ဖုန်း OS နှင့် Smartphone Manager တို့ကို ဖန်တီးခဲ့သူကို မည်သူကများ အာရုံမစိုက်ဘဲ နေပါမည်နည်း။ Nirvana X ဖုန်း အသုံးပြုသူမှာ ဟောင်ကောင်မှာတင် ၇ သန်းကျော် ရှိနေပြီး အရှေ့တောင်အာရှမှာဆိုလျှင် မပြောနှင့်တော့။
"Jifubao -- Ahri (Alipay) ကို ကျော်လွန်သွားမယ့် တည်ရှိမှုတစ်ခု"
ပန်ကွင်းဂရု၏ ဝဘ်ဆိုက်တွင်လည်း ဤကဲ့သို့သော ခေါင်းစဉ်ကြီးကို ထိပ်ဆုံး၌ တင်ထားလိုက်သည်။ အထူးသဖြင့် တရုတ်နိုင်ငံသားများမှာ ကျိဖုပေါင်အတွက် ရူးသွပ်နေကြသည်။ အလီဘာဘာ (Ali Group) သည် ပြည်မကြီးစျေးကွက်ထဲမှာသာ နစ်မွန်းနေချိန်တွင် ဟောင်ကောင်မှနေ၍ ဧရာမ သားရဲကြီးတစ်ကောင် ပေါ်ထွက်လာကာ နိုင်ငံပြင်ပသို့ ထိုးထွက်၍ ကမ္ဘာသို့ ချဲ့ထွင်တော့မည် ဖြစ်သည်။
ပြည်တွင်း၌ မိုဘိုင်းငွေပေးချေမှုစနစ်ကို ကျင့်သားရနေသူများသည် ဟောင်ကောင် သို့မဟုတ် နိုင်ငံခြားသို့ သွားသည့်အခါ ရိုးရာငွေပေးချေမှုပုံစံကြောင့် အခက်တွေ့ရလေ့ရှိသည်။
ယခုမူ ဟောင်ကောင်တွင်လည်း ငွေပေးချေမှု ခရီးစဉ်အသစ်တစ်ခု စတင်လိုက်ပြီဖြစ်ရာ လူတိုင်း၏ အာရုံကို ဖမ်းစားသွားခြင်း ဖြစ်သည်။ ဤအချက်သည် လူများအား ပြင်ပကမ္ဘာသို့ ထွက်ခွာလည်ပတ်ရန် ပိုမို တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ၂၁ ရာစုတွင် ခရီးသွားလုပ်ငန်းမှာလည်း မရှိမဖြစ် အရေးပါလာပေတော့သည်။