အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း(၃၁) မဲနိုက်ခြင်း (၃)
အားလုံးမှာ စကားပင် မဆိုနိုင်ဘဲ မှင်တက်နေကြ၏။
ချန်းစုန့်သည် ပထမဆုံး သတိဝင်လာသူ ဖြစ်ပေ၏။ သူသည် တာအိုရွှမ်၏ အနားသို့ တိတ်တဆိတ် သွားလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ဂိုဏ်းချုပ် စီနီယာအကိုကြီး… တပည့်တွေကို ဒီမှာ အကြာကြီးထားတာ မကောင်းဘူး ထင်တယ်…”
တာအိုရွှမ်မှာလည်း သတိဝင်လာပြီး ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်၏။
“မင်း တပည့်တွေကို အရင်ခေါ်သွားလိုက်… ငါ ဝိညာဉ်သခင်ကြီးကို စစ်ဆေးကြည့်လိုက်ဦးမယ်…”
ထို့နောက် သူသည် ရေချီလင် ရှိရာသို့ အရှိန်ဖြင့် သွားလိုက်လေ၏။
ချန်းစုန့်က လှည့်ကြည့်ကာ ကြေညာလိုက်၏။
“ဒါက ဝိညာဉ်သခင်ကြီးရဲ့ နောက်ပြောင်မှုတစ်ခုပဲ… အားလုံး စိုးရိမ်စရာ မရှိပါဘူး… အခု သိုင်းပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေ အစီအစဉ်အတိုင်း ယွီချင်းခန်းမထဲကို ဝင်ကြပါ…”
တပည့်များကလည်း ပြန်လည် တုံ့ပြန်ကြပြီး တန်းစီလိုက်ကြလေ၏။ သို့သော် ထိုအရာမှာ နောက်ပြောင်မှုတစ်ခု မဟုတ်ကြောင်း သူတို့အားလုံး ရင်ထဲက သိနေကြပေ၏။
လူအုပ်နောက်မှ လိုက်ပါရင်း ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့သည် ခမ်းနားလှသော ယွီချင်းခန်းမထဲသို့ ဝင်ရောက်လာကြ၏။
ခန်းမထဲတွင် ရပ်နေစဉ် လွန်ခဲ့သော ငါးနှစ်က အမှတ်တရများမှာ ကျန်းရှောင်ဖန်း၏ စိတ်ထဲ၌ ပြန်လည် ပေါ်ပေါက်လာ၏။
ကျန်းရှောင်ဖန်းက ရုတ်တရက် ခေါ်လိုက်၏။
“ကျင်းယွီ…”
လင်းကျင်းယွီက ကျန်းရှောင်ဖန်းကို လှည့်ကြည့်လိုက်၏။
“ဘာလဲ…”
ကျန်းရှောင်ဖန်းက မေးလိုက်၏။
“ငါ တစ်ခု သတိရလာလို့… ဒီနှစ်တွေထဲမှာ မင်း ဝမ်ဦးလေးကို တွေ့သေးလား…”
လင်းကျင်းယွီ၏ မျက်နှာမှာ ညှိုးငယ်သွားပြီး ခေါင်းခါလိုက်ကာ ပြောလိုက်၏။
“မတွေ့ဘူး… ငါလည်း ဒီနေ့မှ ထုံထျန်းတောင်ထိပ်ကို ပထမဆုံးအကြိမ် ပြန်ရောက်တာ…”
“လွန်ခဲ့တဲ့ သုံးနှစ်က စီနီယာအကိုကြီးကို ဝမ်ဦးလေးအကြောင်း မေးကြည့်ဖူးတယ်…”
“သူက အခုထိ ရူးနေတုန်းပဲတဲ့… တစ်နေကုန် ထုံထျန်းတောင်ထိပ်မှာ လျှောက်ပြေးနေတာတဲ့… ဒါပေမဲ့ ဒီက စီနီယာတွေရဲ့ စောင့်ရှောက်မှုနဲ့ဆိုရင် သူ အဆင်ပြေမှာပါ…”
ကျန်းရှောင်ဖန်းမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
“ပြိုင်ပွဲပြီးရင် ငါ သူ့ကို သွားတွေ့ချင်တယ်… မင်းရော လိုက်မလား…”
လင်းကျင်းယွီက ခေါင်းငြိမ့်ကာ ပြောလိုက်၏။
“အေး… ငါလည်း သူ့ကို တွေ့ချင်ပါတယ်…”
ရုတ်တရက် အစိမ်းရောင်ဝတ်စုံတစ်ခုမှာ ခန်းမအတွင်းသို့ ဖြတ်သန်းလာ၏။ တာအိုရွှမ် ပြန်ရောက်လာခြင်း ဖြစ်ပေ၏။
ချင်းယွင်ဂိုဏ်း၏ အကြီးအကဲများ အားလုံး၏ အကြည့်မှာ သူ၏အပေါ်သို့ ကျရောက်သွားပြီး ချန်းစုန့်က ရှေ့သို့ လှမ်းလာပြီး မေးလိုက်သည်။
“ စီနီယာအကိုကြီး… ဝိညာဉ်သခင်ကြီးက…”
တာအိုရွှမ်က လက်မြှောက်ပြကာ သူ့ကို အကြည့်တစ်ချက် ပေးလိုက်၏။ ချန်းစုန့်မှာ ချက်ချင်းပင် စကားစရပ်သွားလေသည်။
ထို့နောက် တာအိုရွှမ်မှာ ဘာမှမဖြစ်ခဲ့သည့်အလား လှည့်ကြည့်လိုက်ပြီး ချင်းယွင်တပည့်များကို ကြင်နာစွာ ပြောလိုက်၏။
“အားလုံး ရောက်ကုန်ကြပြီပဲ… ကောင်းတယ်… ကောင်းတယ်…”
အားလုံးက ဦးညွှတ်လိုက်ကြပြီး ပြောလိုက်ကြသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်…”
တာအိုရွှမ်က ပြုံးပြကာ သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။။ထို့နောက် သူသည် ချန်းစုန့်ကို ကြည့်လိုက်ရာ ချန်းစုန့်က ရှေ့သို့ တစ်လှမ်းတိုးကာ ကြေညာလေသည်။
“အားလုံးပဲ… မင်းတို့တွေက ချင်းယွင်ဂိုဏ်းရဲ့ အတော်ဆုံး တပည့်တွေပဲ ဖြစ်တယ်… ချင်းယွင်ဂိုဏ်းကို တည်ထောင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း နှစ်ထောင်ရှိပြီ…”
“ ချင်းယွင်ဂိုဏ်းဟာ တာအိုကျင့်စဉ်ကို ကျင့်ကြံတဲ့ စံပြဂိုဏ်းဖြစ်သလို လမ်းမှန်ဂိုဏ်းတွေရဲ့ ဦးဆောင်သူလည်း ဖြစ်တယ်… ဒါပေမဲ့ စကားပုံတစ်ခု ရှိတယ်… “
“‘အောင်မြင်မှုဆိုတာ ကြိုးစားအားထုတ်မှုက လာတာဖြစ်ပြီး ကျဆုံးမှုဆိုတာ ပျင်းရိမှုကြောင့် ဖြစ်တာ’ တဲ့…”
“ နောက်ပြီး ‘ရေဆန်မှာ လှေလှော်တာဟာ ရှေ့ကို မတိုးနိုင်ရင် နောက်ကို ဆုတ်သွားမှာပဲ’ လို့လည်း ရှိတယ်…”
“ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတွေဟာ နောင်မျိုးဆက်တွေအတွက် သိုင်းပြိုင်ပွဲကို အမွေအနှစ်အဖြစ် ချန်ထားခဲ့ကြတယ်… အခုဆိုရင် ဒါဟာ အကြိမ်နှစ်ဆယ်မြောက် ရှိပြီဖြစ်တယ်…”
“အာ…”
ချင်းယွင်တပည့်များမှာ အံ့အားသင့်သွားကြ၏။ အကြိမ်နှစ်ဆယ်၊ နှစ်ပေါင်း ခြောက်ဆယ်လျှင် တစ်ကြိမ်ဆိုပါက ဤပြိုင်ပွဲမှာ နှစ်ပေါင်း တစ်ထောင် နှစ်ရာခန့် သက်တမ်းရှိနေပြီ ဖြစ်ပေ၏။
ချန်းစုန့်သည် တပည့်များ၏ တုံ့ပြန်မှုကို ကြည့်ကာ ကျေနပ်သွားပြီးနောက် ဆက်ပြောလေသည်။
“ဒီနေ့မှာတော့ ဂိုဏ်းချုပ် တာအိုရွှမ်ရဲ့ ဦးဆောင်မှုအောက်မှာ ချင်းယွင်ဂိုဏ်းဟာ ပိုမို ထွန်းကားလာခဲ့ပြီ…”
“ပါရမီရှင် တပည့်ငယ်တွေ အများကြီး ရှိနေတဲ့အတွက် လူသားအရင်းအမြစ်တွေ ဆုံးရှုံးမှုမရှိအောင် ပြိုင်ပွဲဝင်အရေအတွက်ကို ခြောက်ဆယ့်လေးယောက်အထိ အထူးတိုးမြှင့်လိုက်တယ်…”
ကျန်းရှောင်ဖန်းသည် ထျန်းပုယီကို မကြည့်ဘဲ မနေနိုင်တော့ပေ။ ထျန်းပုယီမှာ တာအိုရွှမ်၏ ဘေးတွင် ထိုင်နေ၏။
သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မပြသော်လည်း မျက်လုံးများထဲတွင်မူ စိတ်မရှည်သည့် အရိပ်အယောင်များ ရှိနေပေ၏။
ဤပြောင်းလဲမှုမှာ တောင်ထိပ်သခင်များအကြား ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အမှန်စင်စစ်မှာ တာအိုရွှမ်နှင့် ချန်းစုန့်တို့အကြား သဘောတူညီမှုသာ ဖြစ်ပေသည်။
ချန်းစုန့်က ဆက်ပြော၏။
“အရေအတွက် တိုးလာတဲ့အတွက် မဲနှိုက်ပုံစံမှာလည်း အပြောင်းအလဲတချို့ ရှိမယ်… အားလုံး ဒီဘက်ကို ကြည့်ကြ…”
သူသည် ခန်းမ၏ ညာဘက်ခြမ်းကို ညွှန်ပြလိုက်၏။ ထိုနေရာတွင် ကြီးမားသော အနီရောင် သစ်သားသေတ္တာကြီး တစ်လုံး ရှိနေ၏။
သေတ္တာ၏ အပေါ်ဘက်တွင် လက်တစ်ဖက် နှိုက်နိုင်လောက်သည့် အပေါက်ကြီးတစ်ခု ရှိလေ၏။
“ဒီအနီရောင် သေတ္တာထဲမှာ ဖယောင်းလုံးလေးပေါင်း ခြောက်ဆယ့်သုံးလုံး ရှိတယ်…”
“တစ်လုံးချင်းစီရဲ့ အတွဲထဲမှာ နံပါတ် ၁ ကနေ ၆၃ အထိ ရေးထားတဲ့ စက္ကူလေးတွေ ပါတယ်…”
တပည့်များအကြား စကားသံများမှာ ထိန်းမနိုင် သိမ်းမရ ဆူညံသွား၏။ ချန်းစုန့်က ထိုအရာကို လျစ်လျူရှုကာ ဆက်ပြောလေ၏။
“မဲနှိုက်ပြီးတာနဲ့ နံပါတ်စဉ်အလိုက် ယှဉ်ပြိုင်ရမယ်… နံပါတ် ၁ နဲ့ နံပါတ် ၆၄၊ နံပါတ် ၂ နဲ့ နံပါတ် ၆၃ ဆိုတာမျိုးပေါ့…”
“ဒုတိယအဆင့်မှာတော့ နံပါတ် ၁ နဲ့ ၆၄ ရဲ့ အနိုင်ရသူဟာ နံပါတ် ၂ နဲ့ ၆၃ ရဲ့ အနိုင်ရသူနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်… ဒါဟာ ဗိုလ်လုပွဲအထိ သွားမှာပဲ… နားလည်ကြပြီလော…”
ချင်းယွင်တပည့်များမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ဦးက အော်မေးလိုက်၏။
“စီနီယာဦးလေး ချန်းစုန့်ကို ခွင့်ပန်ပါတယ်… လူက ခြောက်ဆယ့်လေးယောက် ရှိတာကို ဖယောင်းလုံးက ဘာလို့ ခြောက်ဆယ့်သုံးလုံးပဲ ရှိတာလဲ ခင်ဗျာ…”
ချန်းစုန့်မှာ ဤမေးခွန်းအတွက် အသင့်ပြင်ထားပုံ ရပေ၏။ သူသည် ချောင်းတစ်ချက် ဟန့်လိုက်ကာ ပြောလိုက်၏။
“ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းအရ တောင်ထွတ်တစ်ခုစီက ကိုယ်စားလှယ် ကိုးယောက်စီ လွှတ်ရတယ်… ထုံထျန်းတောင်ထွတ်ကတော့ တစ်ယောက် ပိုလွှတ်တယ်…”
“ဒါပေမဲ့… အဟမ်း… တောင်ထွတ်တစ်ခုက ကိုယ်စားလှယ် ရှစ်ယောက်ပဲ လွှတ်နိုင်တဲ့အတွက် လူတစ်ယောက် လိုနေတယ်…”
“ဒါကြောင့် စုစုပေါင်း ခြောက်ဆယ့်သုံးယောက်ပဲ ဖြစ်နေတာပေါ့…”
အားလုံး၏ အကြည့်မှာ တာ့ကျူးတောင်ထိပ်သခင် ထျန်းပုယီဆီသို့ ကျရောက်သွား၏။
ထျန်းပုယီမှာ စိတ်ဆိုးနေသော မျက်နှာထား ရှိသော်လည်း သူ၏ နေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေလေသည်။
ချင်းယွင်တပည့်များမှာ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးဖော် ပြောဆိုနေကြ၏။
စကားသံများ ငြိမ်သက်သွားသောအခါ ချန်းစုန့်က တည်ကြည်စွာ ပြောလိုက်၏။
“ဒါပေမဲ့ ဒါက ဖြေရှင်းရ ခက်တဲ့ကိစ္စ မဟုတ်ပါဘူး… ဒီဖယောင်းလုံး ခြောက်ဆယ့်သုံးလုံးထဲမှာ နံပါတ် ၁ ကို နှိုက်မိတဲ့သူကတော့ ကံကောင်းတာပေါ့…”
“ဘာလို့လဲဆိုတော့ သူနဲ့ ယှဉ်ပြိုင်ရမယ့် နံပါတ် ၆၄ မရှိတဲ့အတွက် ပထမအဆင့်မှာ ပြိုင်စရာမလိုဘဲ အလိုအလျောက် အနိုင်ရမှာမို့လို့ပဲ…”
ချင်းယွင်တပည့်များမှာ နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။ ချင်းယွင်ဂိုဏ်းသည် နာမည်ကျော် ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး စည်းမျဉ်းများမှာလည်း အလွန်တင်းကျပ်ပေသည်။
ဤကဲ့သို့ ရွေးချယ်မှုမျိုးမှာ ရယ်စရာကောင်းသော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မပြုကြပေ။
တာအိုရွှမ် သခင်ကြီး မတ်တတ်ရပ်လိုက်ရာ တပည့်များအားလုံး ချက်ချင်း ငြိမ်သက်သွားကြ၏။ တာအိုရွှမ်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
“ဒါဆိုရင်… စကြရအောင်…”
အားလုံး၏ အကြည့်မှာ အနီရောင် သစ်သားသေတ္တာကြီးဆီသို့ ကျရောက်သွား၏။
ပထမဦးစွာ ထုံထျန်းတောင်ထိပ်မှ တပည့်ဆယ်ယောက် သွားလိုက်ကြပြီး တစ်ယောက်ချင်းစီ မဲနှိုက်လိုက်ကြသည်။ ထို့နောက် လုံရှို့တောင်ထွတ်မှ တပည့်များ လိုက်သွားကြ၏။
လင်းကျင်းယွီက ကျန်းရှောင်ဖန်းကို တစ်စုံတစ်ခု ပြောလိုက်ပြီး အနီရောင်သေတ္တာဆီသို့ လိုက်သွားလေသည်။
ကျန်းရှောင်ဖန်းမှာ လင်းကျင်းယွီ၏ နောက်ကျောကို ခဏမျှ ကြည့်နေပြီးနောက် တောင်ထိပ်သခင်ခုနစ်ယောက်နှင့် အကြီးအကဲများဆီသို့ အကြည့်လွှဲလိုက်၏။
ထိုသူများအနက် တာအိုရွှမ်၊ ချန်းစုန့်၊ ထျန်းယွင်၊ ရှန်ကျန်းလျန်နှင့် ကျန်းရှူချန်တို့ကို ကျန်းရှောင်ဖန်းက လွန်ခဲ့သော ငါးနှစ်က တွေ့ဆုံခဲ့ဖူးသည်။
ညာဘက်အစွန်ဆုံးတွင် ထိုင်နေသော တာအိုသီလရှင်ကြီး တစ်ဦးကိုသာ သူ မသိပေ။
ထိုသူမှာ ကျော်ကြားလှသော ရှောင်ကျူးတောင်ထိပ်၏ သခင် ရွှေယွဲ့ ဖြစ်ပေလိမ့်မည်။
ကျန်းရှောင်ဖန်းသည် သူ၏ စီနီယာများ ပြောဆိုနေကြသည်ကို မကြာခဏ ကြားဖူး၏။
ရှောင်ကျူးတောင်ထိပ်သည် အမျိုးသမီးတပည့်များကိုသာ သီးသန့် လက်ခံသည့် တစ်ခုတည်းသော တောင်ထိပ်ဖြစ်ကြောင်း ကြားဖူးသည်။
သခင်မရွှေယွဲ့ ၏ ကျင့်ကြံမှုမှာ အလွန်နက်ရှိုင်းပြီး ချင်းယွင်ဂိုဏ်းအတွင်း ကျော်ကြားလှပေသည်။
ရှောင်ကျူးတောင်ထိပ်မှ တပည့်များသည် သိုင်းပြိုင်ပွဲတွင် အမြဲတမ်းလိုလို စွမ်းဆောင်ရည် ကောင်းမွန်တတ်ကြသည်။
ကျန်းရှောင်ဖန်းသည် သခင်မရွှေယွဲ့ကို ကြည့်လိုက်သည်။ သူမ၏ အသက်မှာ စုရုကဲ့သို့ပင် သုံးဆယ်ဝန်းကျင်ခန့်သာရှိသေးသည်။
သူမ၏ ဝတ်ရုံမှာ လရောင်ကဲ့သို့ ဖြူဖွေးနေပြီး သူမ၏ နောက်တွင် အကြီးအကဲများ မရှိဘဲ အမျိုးသမီးတပည့်ငယ် တစ်ဦးသာ ရှိလေသည်။
ထိုမိန်းကလေး၏ အဝတ်အစားများမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်နေပြီး သူမ၏ မျက်နှာမှာ အလွန်ပင် လှပပေသည်။
သူမ၏ ကျောပေါ်တွင် ရှည်လျားသော ဓားတစ်လက် ရှိနေပြီး ထိုဓားမှာ လက်ကိုင်မှ အသွားအထိ ကောင်းကင်ပြာရောင် ရှိပြီး ဓားတစ်ဝိုက်တွင် ရေလှိုင်းများ စီးဆင်းနေသကဲ့သို့ ခပ်ရေးရေး မြင်တွေ့နေရသည်။
ထိုမိန်းကလေးမှာ ကျန်းရှောင်ဖန်း၏ အကြည့်ကို ခံစားမိသွားရာ သူမက ရုတ်တရက် လှည့်ကြည့်ကာ စိုက်ကြည့်လိုက်သည်။
ကျန်းရှောင်ဖန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး အံ့အားသင့်သွားကာ မျက်နှာမှာ အနည်းငယ် နီမြန်းသွားလေသည်။
ထိုမိန်းကလေး၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ အထင်အမြင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူမသည် ခေါင်းကို ချက်ချင်း ပြန်ငုံ့လိုက်၏။ ထိုသို့ ရှက်ကိုးရှက်ကန်း ဖြစ်နေစဉ် တစ်စုံတစ်ဦးက သူ၏လက်ကို ဆွဲလိုက်သည်။
ထိုသူမှာ ထျန်းလင်းအာပင်။
“ရှောင်ဖန်း… ဘာလုပ်နေတာလဲ… ငါတို့ မဲနှိုက်ဖို့ အလှည့်ရောက်ပြီလေ…”
ကျန်းရှောင်ဖန်းက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
“အေး… အေး…”
ထို့နောက် သူသည် သခင်မရွှေယွဲ့ကို ဆက်မကြည့်တော့ဘဲ ထျန်းလင်းအာ၏ နောက်သို့လိုက်ကာ အနီရောင် သေတ္တာဆီသို့ သွားလိုက်လေသည်။
တာ့ကျူးတောင်ထိပ်နှင့် ရှောင်ကျူးတောင်ထိပ်တို့သာ မဲနှိုက်ရန် ကျန်တော့သည်။
စုန့်တာ့ရန်နှင့် အခြားသော တာ့ကျူးတောင်ထိပ် တပည့်များမှာ ဖယောင်းလုံး တစ်လုံးစီ နှိုက်လိုက်ကြပြီး ခန်းမ၏ အလယ်သို့ ပြန်သွားကြသည်။
အားလုံးမှာ ဖယောင်းလုံးအတွင်းမှ မိမိတို့၏ နံပါတ်စဉ်ကို ကြည့်ရန် အလုပ်ရှုပ်နေကြစဥ် ဝမ်မင်နှင့် အခြားသော ရှောင်ကျူးတောင်ထိပ်မှ တပည့်ခုနစ်ဦး ထွက်လာကြသည်။
ဝတ်စုံဖြူနှင့် မိန်းကလေးက သခင်မရွှေယွဲ့ကို တစ်စုံတစ်ခု တိုးတိုးလေး ပြောလိုက်ရာ ရွှေယွဲ့က ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။
“သွားလေ…”
ဝတ်စုံဖြူနှင့် မိန်းကလေးက ပြန်လည် ထူးလိုက်ပြီး ရှောင်ကျူးတောင်ထွတ် တပည့်များနှင့်အတူ လျှောက်သွားကာ ဝမ်မင်ကို ပြုံးပြလိုက်သည်။
သူတို့သည် သေတ္တာအတွင်း ကျန်ရှိနေသော ဖယောင်းလုံး ကိုးလုံးကို နှိုက်ယူလိုက်ကြလေသည်။
တပည့်များအားလုံး မိမိတို့၏ နံပါတ်စဉ်ကို စစ်ဆေးနေကြသည်။
တောင်ထိပ်သခင်များမှာလည်း မိမိတို့၏ တပည့်များ ကံကောင်းသည့် နံပါတ် ၁ ရေးထားသော စက္ကူလေးကို ရရှိရန် ရင်တထိတ်ထိတ်ဖြင့် မျှော်လင့်နေကြပေသည်။
သခင်ကြီးများ၏ ခံစားချက်ကို တုံ့ပြန်သည့်အလား ချင်းယွင်တပည့်များအကြားမှ စကားသံများ ထွက်ပေါ်လာသည်။
“ဟာ… ငါက နံပါတ် ၂၆ ရတယ်…”
“ငါ့ဟာက နံပါတ် ၃၃… ဟေ့… မင်းက ဘယ်လောက်ရလဲ…”
“အိုး… ငါက ၄၇… ငါ့ပြိုင်ဘက်က ဘယ်သူလဲ မသိဘူး… ကြည့်လိုက်ဦးမယ်…”
……
အချိန်အတော်ကြာသွားသော်လည်း ထိုတန်ဖိုးရှိလှသော နံပါတ် ၁ စက္ကူလေးကို ရရှိသူမှာ ပေါ်မလာသေးပေ။
ချန်းစုန့်က မျက်မှောင်ကြုတ်လိုက်ကာ ချောင်းတစ်ချက် ဟန့်ပြီး မေးလိုက်သည်။
“ဘယ်သူက နံပါတ် ၁ စက္ကူကို ရတာလဲ…”
သူ၏ အသံမှာ တပည့်များ၏ အသံအားလုံးကို လွှမ်းမိုးသွားကာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
ထို့နောက် အချိန်အတော်ကြာမှ လူအုပ်ထဲမှ အသံသေးသေးလေး တစ်သံ ထွက်ပေါ်လာလေသည်။
ထိုအသံမှာ အံ့အားသင့်မှုနှင့် သတိထားမှုတို့ ရောပြွမ်းနေပြီး မိမိ၏ ကံကောင်းမှုကို မယုံကြည်နိုင်သည့်အလား ဖြစ်နေပေ၏။ ထို့နောက် ပြန်ဖြေလိုက်သည်။
“စီနီယာဦးလေး ချန်းစုန့်ကို လျှောက်ထားပါတယ်… ဒီမှာပါခင်ဗျာ…”
အားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ကျန်းရှောင်ဖန်းသည် လက်ထဲတွင် စက္ကူစလေးကို ကိုင်လျက် ထိုနေရာတွင် ရပ်နေပေ၏။
သူသည် ထျန်းပုယီကို ကြည့်ရင်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
အခန်း (၃၂) မိစ္ဆာအရိပ်အယောင် (၁)
ထိုခဏ၌ လူတိုင်း၏အကြည့်မှာ သာမန်မျှသာဖြစ်သော ဤတာ့ကျူးတောင်ထွတ်တပည့်လေးဆီသို့ ကျရောက်သွားကြ၏။
ထျန်းပုယီနှင့်စုရုတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် စုရုကပြုံးကာ ခေါင်းညိတ်ပြလေသည်။
ထိုနောက် တာ့ကျူးတောင်ထိပ်၏ တပည့်များက ကျန်းရှောင်ဖန်းအနားကို ဝိုင်းအုံလာကြသည်။
လုတာ့ရှင်းက ကျန်းရှောင်ဖန်း၏ ပုခုံးကိုအားပါပါပုတ်လိုက်ကာ ပြောလိုက်သည်။
"မင်းကတော့ကွာ... ကံကောင်းလှချည်လား"
ကျန်းရှောင်ဖန်းက ခေါင်းကိုကုတ်ကာ လျှာလေးထုတ်လိုက်၏။ တုပိရှုက နောင်တရသလိုမျိုး ခေါင်းကိုရိုက်လိုက်ကာ ပြောလေသည်။
"နံပါတ်တစ် ဖယောင်းလုံးကို ဘယ်သူရမလဲဆိုတာ လောင်းကြေးထပ်ခဲ့ရမှာ။ ဟဲ... ဟဲ... ဒါကြီးကတော့ တကယ်ကို မထင်မှတ်ထားစရာပဲ"
"ဖယ်စမ်းပါ"
ထျန်းလင်းအာက သူ့ကိုတွန်းထုတ်လိုက်ပြီးနောက် ကျန်းရှောင်ဖန်းကိုပြောလိုက်သည်။
"ရှောင်ဖန်း... ဒုတိယအဆင့်ရောက်ရင်လည်း နင်ကရှုံးမှာပဲဟာ... ဒါကြီး ငါ့ကိုပေးလိုက်တော့"
ကျန်းရှောင်ဖန်းသည် သူ၏စီနီယာအမက ထိုသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူသည် ကြောင်တောင်တောင်ဖြစ်သွားပြီးမှ ပြောလိုက်၏။ "အော်..." သူသည် လက်ထဲမှစာရွက်ကို သူမထံကမ်းပေးလိုက်လေသည်။
စုန့်တာ့ရန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ညီမလေး... မနောက်နဲ့လေ"
ထျန်းလင်းအာက တဟားဟားရယ်မောလိုက်၏။ သူမသည် ကျန်းရှောင်ဖန်း၏နဖူးကို လက်ညှိုးဖြင့်တောက်လိုက်ကာ ပြောလိုက်လေသည်။
"အရူးလေး... ငါကနောက်နေတာပါ"
ကျန်းရှောင်ဖန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လိုက်ရယ်မိတော့၏။
ချန်းစုန့်က မျက်မှောင်ကြုတ်ကာ ကြေညာလိုက်သည်။
"ကောင်းပြီ... မဲနှိုက်တာ ပြီးသွားပြီ။ ခဏနေရင် ငါ့ဆီလာပြီး မင်းတို့ရတဲ့နံပါတ်တွေကို လာပြကြ။”
“ နောက်မှ ဘုတ်ပြားအနီပေါ်မှာ မင်းတို့ရဲ့ပြိုင်ဘက်က ဘယ်သူလဲဆိုတာကို စာရင်းကပ်ပေးထားမယ်။ အခု ဂိုဏ်းချုပ်က မိန့်ခွန်းပြောဖို့ ရှိတယ်"
တပည့်များအားလုံး ချက်ချင်းငြိမ်သက်သွားကြ၏။ တာအိုရွှမ်သည် သူ၏ထိုင်ခုံမှထကာ ရှေ့သို့ဖြည်းညှင်းစွာ လျှောက်လာလေသည်။
သူ၏အကြည့်တို့က တပည့်များကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"အားလုံးပဲ... မင်းတို့အားလုံးဟာ ငါတို့ချင်းယွင်ဂိုဏ်းရဲ့ မျိုးဆက်သစ် မျှော်လင့်ချက်တွေပဲ။ ဒီမှာရှိနေတဲ့သူတိုင်းဟာ ထူးခြားတဲ့အရည်အချင်းတွေ ကိုယ်စီရှိကြတယ်။”
“အနာဂတ်မှာ ဂိုဏ်းချုပ်တွေ၊ အကြီးအကဲတွေ ဖြစ်လာမယ့်သူတွေဟာ မင်းတို့ထဲကပဲ ဖြစ်လာမှာပါ"
ချင်းယွင်ဂိုဏ်းရှိတပည့်အများအပြား စိတ်လှုပ်ရှားသွားကြ၏။
တာအိုရွှမ်က နူးညံ့သောအပြုံးတစ်ခုပြလိုက်ကာ ပြောလေသည်။
"ဒါပေမဲ့ ဒီလိုအကြီးအကဲနဲ့ ဂိုဏ်းချုပ်နေရာတွေကို ရဖို့အတွက် မင်းတို့အားလုံး ကြိုးစားကြဖို့တော့ လိုလိမ့်မယ်"
အားလုံးက တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။
"ဟုတ်ကဲ့ပါ"
တာအိုရွှမ်က သူ၏မုတ်ဆိတ်ရှည်ကို သပ်လိုက်ကာ ခေါင်းညိတ်လိုက်၏။
"ငါတို့ချင်းယွင်ဂိုဏ်းဟာ ချင်းယွင်ဘိုးဘေးကနေ အခုအချိန်ထိ လမ်းမှန်ဂိုဏ်းတွေထဲမှာ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်ခဲ့တယ်။”
“အခုဆိုရင် ငါတို့ဟာ လောကကြီးရဲ့ ကျင့်ကြံသူတွေကြားမှာ ဦးဆောင်သူတွေ ဖြစ်နေပြီ။”
“သူတော်စင်တရားတွေ ထွန်းကားလာတဲ့အတွက် မိစ္ဆာတွေဟာ ပုန်းအောင်းနေကြရပြီ။ လူတွေဟာလည်း အေးအေးချမ်းချမ်း နေနိုင်ကြပြီ။”
“ဒါပေမဲ့ ကျန်ရှိနေတဲ့မိစ္ဆာတွေဟာ ကောက်ကျစ်ပြီး ရက်စက်ကြသေးတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေ မျှော်လင့်ချက်တွေကလည်း သေဆုံးသွားတာ မဟုတ်ဘူး။”
“မကြာသေးခင်နှစ်တွေအတွင်းမှာ မိစ္ဆာတွေဟာ ပြန်ပြီးနိုးထလာမယ့် အရိပ်အယောင်တွေ ရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကိုနှိမ်နင်းဖို့အတွက် မင်းတို့ကို လိုအပ်တယ်။”
“ဒါကြောင့် မင်းတို့အားလုံး ကျင့်ကြံခြင်းမှာ အာရုံစိုက်ကြဖို့နဲ့ စိတ်ဓာတ်ကို ကြံ့ခိုင်အောင်လုပ်ကြဖို့ လိုတယ်။”
“ ငါတို့သာ သန်မာနေရင် မိစ္ဆာတွေဟာ ငါတို့ဆီမှာ ဘယ်လိုအားနည်းချက်ကိုမှ ရှာတွေ့မှာ မဟုတ်ဘူး"
တပည့်များအားလုံး အော်ဟစ်လိုက်ကြ၏။
"ဂိုဏ်းချုပ်ကြီးရဲ့ သွန်သင်မှုကို နာခံပါ့မယ်"
တာအိုရွှမ်က ပြုံးလိုက်၏။
"ကောင်းပြီ... ကောင်းပြီ။ နောက်ထပ် ကြေညာစရာတစ်ခု ရှိသေးတယ်။ ချင်းယွင်ဂိုဏ်းသားတွေကို အားပေးတဲ့အနေနဲ့ ငါကဂိုဏ်းချုပ်တွေ၊ အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ထားတာတစ်ခု ရှိတယ်။”
“ဒီနေ့ကစပြီး တောင်ထွတ်ခုနစ်ခုပြိုင်ပွဲမှာ အနိုင်ရတဲ့သူဟာ ဆုလာဘ်အသေးစားလေးတစ်ခုကို ရလိမ့်မယ်"
"အာ..."
တာအိုရွှမ်က ထိုလူငယ်တပည့်လေးများကိုကြည့်ကာ ပြောလိုက်သည်။
"ဒီတစ်ကြိမ်အတွက် ပေးမယ့်ဆုကတော့ ခြောက်မျက်နှာမှန်ပဲ"
"ဒါက ဘာကြီးပါလိမ့်"
ကျန်းရှောင်ဖန်းသည် ထိုအရာကိုတစ်ခါမျှ မကြားဖူးပေ။ သူသည် ထျန်းလင်းအာနှင့် တုပိရှန်းတို့ကို လှည့်ကြည့်လိုက်သော်လည်း သူတို့လည်း ဝေခွဲမရဖြစ်နေကြသည်။
အခြားသောလူငယ်တပည့်လေးများမှာလည်း ထိုနည်းတူပင် ဖြစ်ကြလေသည်။
သို့သော်လည်း ချီဟောင်၊ စုန့်တာ့ရန်နှင့် ဝမ်မင်တို့ကဲ့သို့သော စီနီယာတပည့်ကြီးများ၏ မျက်နှာတွင်မူ ရှားရှားပါးပါးစိတ်လှုပ်ရှားမှုနှင့် တောင့်တမှုတို့ ရှိနေကြသည်။
ထျန်းလင်းအာသည် စီနီယာအစ်ကိုကြီး တစ်ခုခုကိုသိထားကြောင်း သတိပြုမိသွား၏။ သူမကအနားသို့ကပ်ကာ မေးလိုက်လေသည်။
"အစ်ကိုကြီး... ခြောက်မျက်နှာမှန်ဆိုတာ ဘာလဲ"
စုန့်တာ့ရန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ခြောက်မျက်နှာမှန်ဆိုတာ ချင်းယွင်ဂိုဏ်းရဲ့ ၁၀ ဆက် မြောက်ဂိုဏ်းချုပ် ဝူဖန်းကျီရဲ့ရတနာပဲ။”
“ငါလည်း အရင်က တစ်ခါမှမမြင်ဖူးဘူး။ ဆရာပြောပြတာပဲ ကြားဖူးတာ။ ဒါဟာ ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းရတနာတွေထဲက တစ်ခုပဲ။”
“စွမ်းအားကတော့ ပြောစရာမလိုအောင် ကြီးမားတယ်။”
“သူ့ရဲ့ထူးခြားချက်တစ်ခုကတော့ အကယ်၍ အသုံးပြုသူရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားမယ်ဆိုရင် ခြောက်မျက်နှာမှန်ဟာ တိုက်ခိုက်မှုအားလုံးကို တန်ပြန်နိုင်ပြီး အသုံးပြုသူကို အရှုံးမရှိတဲ့အနေအထားကို ရောက်ရှိစေနိုင်တာပဲ"
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ တုပိရှုက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
"ဒါ... ဒါဆိုရင် အတိုက်အခိုက် မခံရတော့ဘူးပေါ့"
စုန့်တာ့ရန်က ပုခုံးတွန့်ပြလိုက်၏။
"ဒါက ဘယ်လိုပုံစံလဲဆိုတာ ငါလည်းသေချာမသိဘူး။ ဒါပေမဲ့ ဆရာကတော့ မှားပြောမှာ မဟုတ်ပါဘူး"
သူသည် တာအိုရွှမ်ကိုတစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တိုးတိုးလေး ဆက်ပြောလေသည်။
"ဒီတစ်ခါပြိုင်ပွဲအတွက် ဂိုဏ်းချုပ်တွေက တကယ့်ကို ရတနာကြီးကြီးမားမား ထုတ်ပေးလိုက်တာပဲ"
လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာကြ၏။ လူအများစုမှာ တံတွေးမြိုချလိုက်ကြရလေသည်။
သူတို့ရှေ့တွင် ရတနာကြီးရှိနေသည့်အတွက် ကျင့်ကြံသူများပင်ဖြစ်သော်လည်း သူတို့၏စိတ်မှာ တုန်လှုပ်သွားကြသည်။
တာအိုရွှမ်က ခေတ္တမျှရပ်လိုက်ကာ တပည့်များ၏ တီးတိုးပြောဆိုနေသံများကို ပြုံးလျက်ကြည့်နေ၏။ ခဏအကြာတွင် သူကပြောလိုက်လေသည်။
"ကောင်းပြီ... ဒါပါပဲ။ အခု အားလုံးပြန်ပြီး အနားယူကြတော့။ မနက်ဖြန်မနက်မှာ ပြိုင်ပွဲ စတင်တော့မယ်"
ချင်းယွင်ဂိုဏ်းတပည့်များက တစ်ပြိုင်နက်တည်း အရိုအသေပြုကာ ပြောလိုက်ကြ၏။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး"
တာအိုရွှမ်က ခေါင်းညိတ်လိုက်၏။
"သွားကြတော့"
တပည့်များ ခန်းမထဲမှထွက်ခွာသွားကြပြီး အကြီးအကဲများနှင့် တောင်ထွတ်သခင်များသာ ကျန်ရစ်ခဲ့သည်။
တာအိုရွှမ်က လှည့်ကာ အကြီးအကဲများကို ပြုံးပြလိုက်လေသည်။
"ညီနောင်တို့... မင်းတို့လည်း အနားယူကြဦး။ မနက်ဖြန်ကစပြီး မင်းတို့အားလုံး ကြီးကြပ်ရမယ့်ပြိုင်ပွဲတွေ အများကြီး ရှိလာလိမ့်မယ်"
အကြီးအကဲအချို့၏ မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး အချို့မှာမူ အလွန်ပင် နုပျိုကြသည်။
သူတို့သည် ဘာမှမပြောဘဲ ခန်းမထဲမှ ထွက်သွားကြလေသည်။ နောက်ဆုံးတွင် ယွီချင်းခန်းမထဲ၌ တောင်ထိပ်ခုနစ်ခု၏ သခင်များသာ ကျန်ရစ်တော့၏။
တာအိုရွှမ်သည် သူ၏နူးညံ့သောအပြုံးကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။ သူ၏အကြည့်တို့က ကျန်ရှိနေသော ခြောက်ဦးကို ဝေ့ကြည့်လိုက်ကာ ပြောလိုက်လေသည်။
"ကဲ... အခု ငါတို့ခုနစ်ယောက်ပဲ ကျန်တော့တယ်"
ညာဘက်ခြမ်းမှ ရှန်ကျန်းလျန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော်တို့ကို ဘာပြောစရာ ရှိလို့လဲ"
တာအိုရွှမ်က ခေါင်းညိတ်ပြလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
"ငါ ရေချီလင်ကို စစ်ဆေးကြည့်ပြီးပြီ"
လှေကားထစ်များမှ ဖြစ်ရပ်ပြီးနောက် တပည့်များသည် ရေကန်အနီးမှ ဖြတ်သန်းချိန်တွင် ကြောက်ရွံ့နေကြဆဲပင်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ရေချီလင်သည် အေးအေးဆေးဆေး အိပ်မောကျနေလေသည်။
သက်တံတံတားကို ဖြတ်ကျော်ကာ တိမ်ပင်လယ်ရင်ပြင်သို့ ပြန်ရောက်လာကြ၏။
လင်းကျင်းယွီက ကျန်းရှောင်ဖန်းကို အနည်းငယ်ပြောဆိုပြီးနောက် လုံရှို့တောင်ထိပ်မှ တပည့်များနှင့်အတူ ထွက်ခွာသွားလေသည်။
ကျန်းရှောင်ဖန်းသည် တာ့ကျူးတောင်ထိပ်လူစုထံသို့ ပြန်သွားကာ စုန့်တာ့ရန်ပြောပြနေသော သတိထားရမည့် အချက်များနှင့် တည်းခိုရမည့်နေရာများအကြောင်းကို နားထောင်နေ၏။
ကျန်းရှောင်ဖန်း နားထောင်နေစဉ်တွင် ရုတ်တရက်တစ်ခုခုကို သတိရသွားကာ အော်လိုက်မိလေသည်။
"ဟာ... သွားပြီ"
လူတိုင်း အံ့သြသွားကြ၏။ ထျန်းလင်းအာက မေးလိုက်လေသည်။
"ရှောင်ဖန်း... ဘာဖြစ်လို့လဲ"
ကျန်းရှောင်ဖန်းက ပတ်ဝန်းကျင်ကို အသည်းအသန် လှည့်ပတ်ကြည့်ကာ ပြောလိုက်၏။
"ကျွန်တော် စီနီယာလင်းကျင်းယွီနဲ့ စကားပြောနေရင်း ရှောင်ဟွေးကို မေ့သွားတာ။ အခု သူ ဘယ်ရောက်သွားလဲ မသိတော့ဘူး"
လူတိုင်းလည်း မီးခိုးရောင်မျောက်ကလေးကို မတွေ့ရတော့သည်မှာ ကြာပြီဖြစ်ကြောင်း သတိပြုမိသွားကြသည်။
သူတို့သည် ရင်ပြင်တစ်ခုလုံးကို ချက်ချင်းရှာဖွေကြလေသည်။ အခြားတောင်ထွတ်မှ တပည့်များလည်း ပြန်ကုန်ကြပြီဖြစ်သော်လည်း ရှောင်ဟွေး၏ အရိပ်အယောင်ကိုမူ မတွေ့ရပေ။
ကျန်းရှောင်ဖန်း စိုးရိမ်ပူပန်နေမိ၏။ လွန်ခဲ့သောနှစ်နှစ်ခန့်က ရှေးဟောင်းတောင်ကြားမှ ရှောင်ဟွေးကို ခေါ်ဆောင်လာပြီးကတည်းက သူနှင့် ထိုမျောက်ကလေးတို့သည် အတူတကွ နေထိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထုံထျန်းတောင်ထိပ်သည် အလွန်ပင်ကျယ်ဝန်းလှရာ ရှောင်ဟွေးသာ တောထဲဝင်ပြီး သစ်သီးသွားရှာနေမည်ဆိုလျှင် ပြန်ရှာတွေ့ရန်မှာ မလွယ်ကူပေ။
ရုတ်တရက် ကျန်းရှောင်ဖန်းသည် ထျန်းလင်းအာ၏ "ဟင်" ဟူသောအသံကို ကြားလိုက်ရသည်။
သူလှည့်ကြည့်လိုက်သောအခါ ထျန်းလင်းအာက ပြုံးရွှင်စွာဖြင့် လက်ညှိုးထိုးပြနေလေသည်။
"ဟိုမှာ ကြည့်စမ်း"
လူတိုင်း မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ရှောင်ဟွေးသည် တာ့ဟွမ်၏ကျောပေါ်တွင် ထိုင်နေခြင်း ဖြစ်၏။
၎င်းကအော်ဟစ်ကာ ကျန်းရှောင်ဖန်းကို လက်လှမ်းပြနေသည်။
တာ့ဟွမ်၏မေးရိုးများကမူ တင်းတင်းစေ့ထားပြီး ၎င်း၏ပါးစပ်တွင် အရိုးကြီးတစ်ချောင်းကို ကိုက်ထားလေသည်။
တာ့ဟွမ်က ရှောင်ဟွေးကို တင်ဆောင်လာကာ သူတို့ရှေ့သို့ ရောက်လာ၏။ ရှောင်ဟွေးက ကျန်းရှောင်ဖန်း၏ပုခုံးပေါ်သို့ ခုန်တက်လိုက်လေသည်။
ကျန်းရှောင်ဖန်းက ၎င်း၏ခေါင်းကိုပုတ်လိုက်ကာ စိတ်ဆိုးသည့်မျက်နှာဖြင့် ပြောလိုက်သည်။
"မင်း ဘယ်တွေ သွားနေတာလဲ"
ရှောင်ဟွေးက မကြောက်သည့်အပြင် သွားဖြဲပြကာ တာ့ဟွမ်ကို လက်ညှိုးထိုးပြပြီး လက်ဟန်ခြေဟန်များ လုပ်ပြနေ၏။
ကျန်းရှောင်ဖန်းက ခဏမျှကြည့်နေပြီးမှ ရုတ်တရက် မေးလိုက်လေသည်။
"ဒီအရိုးကို ဘယ်က ရလာတာလဲ"
ရှောင်ဟွေးက လက်ဟန်ခြေဟန်များ ထပ်လုပ်ပြကာ ရင်ပြင်၏တစ်ဖက်ခြမ်းကို လက်ညှိုးထိုးပြ၏။
ကျန်းရှောင်ဖန်းက စုန့်တာ့ရန်ကို လှည့်ကြည့်လိုက်လေသည်။
စုန့်တာ့ရန်က ပတ်ဝန်းကျင်ကို အမြန်ဝေ့ကြည့်လိုက်ပြီး မည်သူမျှမရှိသည်ကို တွေ့မှ ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ပြောလိုက်၏။
"အဲဒီနေရာက ထုံထျန်းတောင်ထွတ်ရဲ့ စားဖိုဆောင်ပဲ"