အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉) ဇွဲ (၁)
"ကောင်းလိုက်တာ။"
'ချန်' စင်မြင့်အောက်ဘက်တွင်ကား အခြားကမ္ဘာတစ်ခုနှယ် ဖြစ်နေလေ၏။ စင်မြင့်ပေါ်ရှိ လှပသော အမျိုးသမီးနှစ်ဦးအတွက် လူတိုင်းက အားပေးသံများ ဆူညံစွာ ထွက်ပေါ်နေကြလေသည်။
ထျန်းလင်းအာ၏ ဖီးနစ်ဝိညာဉ်မှ အနီရောင်အလင်းတန်းနှင့် လုရွှယ်ချီ၏ ထျန်းယာဓားမှ အပြာရောင်အလင်းတန်းတို့က စင်မြင့်အား လင်းလက်သွားစေ၏။
သို့သော် အလှပဆုံးအရာမှာ စင်မြင့်ပေါ်ရှိ မိန်းမပျိုနှစ်ဦးပင် ဖြစ်လေသည်။ စတင်ချိန်မှ ယခုအထိ နှစ်နာရီကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အနိုင်အရှုံး အဖြေမပေါ်သေးချေ။
အထူးသဖြင့် တာ့ကျူးတောင်ထိပ်မှ ထျန်းလင်းအာသည် လုရွှယ်ချီ၏ ထျန်းယာဓားအောက်တွင် အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်ပြီး ရှုံးနိမ့်မည့်အရိပ်အယောင်ပင် မပြသေးချေ။
ချင်းယွင်ဂိုဏ်းချုပ်ကြီး တာအိုရွှမ်ပင်လျှင် ဤပြိုင်ပွဲကို သဘောကျနှစ်ခြိုက်နေလေ၏။
ထျန်းပုယီနှင့် စုရုတို့မှာ ထျန်းလင်းအာအတွက် စိုးရိမ်နေကြသည်။
သို့သော် ထျန်းလင်းအာ အရေးနိမ့်သည့်အခြေအနေသို့ မရောက်သေးသည်ကို မြင်သောအခါ သူတို့၏စိတ်များ သက်သာရာရသွားကြလေ၏။
ထျန်းပုယီက စုရု၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာကို သတိထားမိလိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်။
"စိတ်အေးအေးထားပါ။ လင်းအာ ဘာမှမဖြစ်ပါဘူး။"
စုရုက ခင်ပွန်းဖြစ်သူကို လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် စင်မြင့်ဆီသို့ အာရုံပြန်စိုက်လိုက်လေ၏။
ထျန်းပုယီက ခေါင်းခါလိုက်ပြီးနောက် သူ၏အနောက်ဘက် တပည့်များကြားတွင် ဆူပူရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို သတိပြုမိသွား၏။
သူက လှည့်ကြည့်လိုက်ရာ သူ၏ မြင့်မားသော ကျင့်စဉ်အဆင့်နှင့်ပင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လန့်ဖြန့်သွားလေ၏။
လူအုပ်ကြီးက ဘေးသို့ဖယ်ပေးလိုက်ကြသဖြင့် ကျဉ်းမြောင်းသော လမ်းကလေးတစ်ခု ပေါ်လာ၏။
ကျန်းရှောင်ဖန်းက ဖြည်းညင်းစွာ လျှောက်လှမ်းလာလေ၏။ သူ၏ အဝတ်အစားများအားလုံး မီးလောင်ကျွမ်းနေပြီး အချို့နေရာများမှ မီးခိုးငွေ့များပင် ထွက်နေပေသည်။
သူ၏ မျက်နှာ၊ လက်နှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် မီးလောင်ကျွမ်းထားသဖြင့် မည်းနက်နေ၏။
ကျန်းရှောင်ဖန်းတစ်ယောက် အလွန်ခက်ခဲစွာ လျှောက်လှမ်းနေရသည်ကို သူတို့ မြင်တွေ့နေရပြီး ခြေလှမ်းတစ်လှမ်းချင်းစီအတွက် သူ၏ ခွန်အားအားလုံးကို အသုံးပြုနေရပုံပေါ်လေသည်။
သို့သော် သူက ခေါင်းမာစွာဖြင့် ဆက်၍ လျှောက်လှမ်းလာနေဆဲပင်။
ထျန်းပုယီသည် အငယ်ဆုံးတပည့်ဖြစ်သူ သူ၏ထံသို့ လျှောက်လာနေသည်ကို မြင်လိုက်ရလေ၏။
သူက ဘာမှမပြောဘဲ သူ၏ ဝတုတ်သော ခန္ဓာကိုယ်ဖြင့် ထိုင်ခုံမှ ထလာခဲ့၏။ စုရုကမူ တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်ရလေ၏။
သူမက ထျန်းပုယီကို လှည့်ကြည့်လိုက်ရာ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားပြီး မတ်တတ်ရပ်လိုက်ချေသည်။
ထိုအချိန်တွင် လူများစု၏ အာရုံက ဤဘက်သို့ ရောက်လာကြလေသည်။
ကျန်းရှောင်ဖန်းက ထျန်းပုယီ၏ အရှေ့သို့ လျှောက်လာ၏။
ထျန်းပုယီသည် သူ အချိန်အတော်များများ လျစ်လျူရှုထားခဲ့သော ဤတပည့်ကို ကြည့်ကာ သူ၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကို မြင်လိုက်ရလေ၏။
တားဆီး၍မရသော ဒေါသတစ်ခုက သူ၏နှလုံးသားထဲတွင် ပေါ်ပေါက်လာလေသည်။
ထိုဒေါသက အလွန်ပြင်းထန်လှသဖြင့် သူက မည်မျှပင် ဖုံးကွယ်ရန် ကြိုးစားစေကာမူ သူ၏ လေသံထဲမှ ဒေါသကို လူတိုင်း ကြားနိုင်ပေ၏။
"နံပါတ် ၇ ဘယ်ကောင်က မင်းကို ဒီလောက်ထိ နာကျင်အောင် လုပ်လိုက်တာလဲ။ နိုင်ရုံနဲ့တင် သူ့အတွက် မလုံလောက်ဘူးလား။"
အငယ်ဆုံးတပည့်လေးအတွက် ထျန်းပုယီ အမှန်တကယ် ဒေါသထွက်နေသည်ကို စုရု အံ့ဩသွားမိ၏။
သူမက ထျန်းပုယီ၏ အင်္ကျီလက်စကို ဆွဲလိုက်သော်လည်း သူမ၏ မျက်လုံးများက ကျန်းရှောင်ဖန်းထံသို့ ထပ်မံရောက်ရှိသွားပြန်လေ၏။
တာ့ကျူးတောင်ထိပ်မှ တပည့်များမှာလည်း အလွန်အမင်း အံ့ဩနေကြသဖြင့် ကျန်းရှောင်ဖန်းကို မည်သူမျှ ကူညီရန် သတိမရကြပေ။
စင်မြင့်ပေါ်တွင်မူ လုရွှယ်ချီနှင့် ထျန်းလင်းအာတို့ တိုက်ခိုက်နေကြဆဲဖြစ်လေ၏။
ကျန်းရှောင်ဖန်းက စင်မြင့်ကို ကြည့်လိုက်ပြီးနောက် ဆရာဖြစ်သူထံသို့ အကြည့်ရွှေ့လိုက်လေ၏။
ဆရာဖြစ်သူ၏ ဒေါသထွက်နေသော မျက်နှာပေါ်တွင် သတိမပြုမိနိုင်သော ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့ကို သူ မြင်တွေ့လိုက်ရလေသည်။
သူက ကျန်ရှိနေသော ခွန်အားများကို သုံး၍ ခေါင်းခါလိုက်ပြီး တိုးညင်းစွာ ပြောလိုက်လေ၏။
"မဟုတ်ပါဘူး ဆရာ။ ကျွန်တော် နိုင်ခဲ့တာပါ။"
ထို့နောက် သူ၏ ခေါင်းများ မူးဝေလာ၏။ ကောင်းကင်ကြီးက ချက်ချင်း မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားလေတော့သည်။
သို့သော် သူ မလဲကျခင် ပြောခဲ့သော စကားများက တာ့ကျူးတောင်ထိပ်မှ တပည့်များသာမက ထျန်းပုယီကိုပါ အံ့အားသင့်သွားစေခဲ့လေ၏။
ခဏအကြာတွင် သူတို့က ကျန်းရှောင်ဖန်းကို ပွေ့ချီလိုက်ကြလေသည်။
ထျန်းပုယီက ကျန်းရှောင်ဖန်းကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ မီးလောင်ကျွမ်းခံထားရသော်လည်း အတွင်းကလီစာများက ကောင်းမွန်နေဆဲပင်။ သူက ပင်ပန်းနွမ်းနယ်မှုကြောင့် သတိလစ်သွားခြင်းသာ။
ပြိုင်ပွဲတွင် ကျန်းရှောင်ဖန်း မည်သို့ဖြစ်ခဲ့သည်ကို ထျန်းပုယီ မသိပေ။ လူအများအပြား သူတို့ကို ကြည့်နေကြသည်ကို သူ သတိထားမိလိုက်လေ၏။
အခြားသူများ၏ စူးစမ်းလိုသော အကြည့်များကြားတွင် ထိုနေရာတွင် ဆက်မရပ်နေချင်တော့ချေ။ သူက ကျန်းရှောင်ဖန်းကို ပွေ့ချီလိုက်ပြီး စုရုအား တိုးညင်းစွာ ပြောလိုက်လေသည်။
"နံပါတ် ၇ကို အရင် ပြန်ခေါ်သွားမယ်။ မင်း ဒီမှာနေပြီး လင်းအာကို စောင့်ကြည့်ပေးလိုက်ဦး။"
စုရုက မျက်မှောင်ကြုတ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်လေ၏။ ကျန်းရှောင်ဖန်းကို ကြည့်ရင်း သူမ၏ စိုးရိမ်ပူပန်မှုများကို မဖုံးကွယ်နိုင်တော့ချေ။
တာ့ကျူးတောင်ထိပ်မှ တပည့်များက သူတို့ကို ဝိုင်းရံထားကြ၏။ တုပိရှုက ပြောလိုက်သည်။
"ဆရာ၊ ကျွန်တော် လိုက်ခဲ့ပါရစေ။"
ထျန်းပုယီက ခေါင်းခါလိုက်ပြီး ဆိုလေသည်။
"မလိုဘူး။"
ဂိုဏ်းချုပ်ကြီး တာအိုရွှမ်ပင်လျှင် ရောက်လာပြီး မေးလိုက်၏။
"ဂိုဏ်းတူညီလေးထျန်း၊ သူက မင်းရဲ့ တပည့်ပဲ။ ဘာဖြစ်သွားတာလဲ။"
ထျန်းပုယီက ပြန်ဖြေလေ၏။
"သူ့ရဲ့ ကျွမ်းကျင်မှုက မလုံလောက်တော့ ဒဏ်ရာအနည်းငယ် ရသွားတာပါ။ သူ့ကို ပြန်ခေါ်သွားပြီး ကုသပေးလိုက်ပါ့မယ်။ ခွင့်ပြုပါဦး။"
ဂိုဏ်းချုပ်ကြီး တာအိုရွှမ်က ခေါင်းညိတ်လိုက်ပြီးနောက် တိုက်ပွဲဆီသို့ အာရုံပြန်လှည့်သွားလေသည်။
ထျန်းပုယီက ကျန်းရှောင်ဖန်းကို ပွေ့ချီသွားပြီးနောက် မကြာမီတွင် ဆူပူရုန်းရင်းဆန်ခတ်ဖြစ်မှုများ ငြိမ်သက်သွားကာ တပည့်များကလည်း အလှမယ်နှစ်ဦး၏ ပြိုင်ပွဲ၌သာ ထပ်မံ နစ်မြောသွားကြပြန်လေ၏။
လူအုပ်၏ အပြင်ဘက်အစွန်ရှိ တပည့်အနည်းငယ်ကသာ ဖုန့်ဟွေ့တောင်ထွတ်မှ တပည့်တစ်စု အဝေးရှိ စင်မြင့်တစ်ခုတွင် စုဝေးနေကြသည်ကို သတိပြုမိကြသည်။
သူတို့အများစု၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်နေကြလေသည်။
အကယ်၍သာ ကျန်းရှောင်ဖန်း ဤနေရာတွင် ရှိနေပါက ထိုစင်မြင့်သည် ချီဟောင်၏ ပြိုင်ပွဲကျင်းပရာ နေရာဖြစ်ကြောင်း သိရှိပေလိမ့်မည်။
ငရဲပြည် ယမမင်းရုံးတော်တွင် နေရာအနှံ့ မီးတောက်များ လောင်ကျွမ်းနေပြီး ငိုကြွေးနေသော လူများကို လောင်ကျွမ်းစေလျက်ရှိလေသည်။
သွေးနံ့များက လှိုင်နေပြီး ရွံရှာဖွယ်ကောင်းလှ၏။ ကျန်းရှောင်ဖန်းက ကောင်းကင်ကြီး လည်ထွက်နေသည်ဟု ခံစားလိုက်ရလေ၏။
ထိုခဏ၌ပင် သူသည် လွန်ခဲ့သောနှစ်များစွာက ငြိမ်းချမ်းသော ရွာလေးဆီသို့ ပြန်ရောက်သွားလေတော့သည်။
မိုးကြိုးတစ်ချက် ပစ်ချလိုက်ပြီး မည်းမှောင်နေသော တိမ်တိုက်များက တောင်တန်းကို ဖုံးလွှမ်းသွားလေသည်။
မျက်တောင်တစ်ခတ်အတွင်း၌ပင် ကြင်နာတတ်သော ရွာသူရွာသားများမှာ အလောင်းများအဖြစ် ပြောင်းလဲသွားကြသည်။
ငြိမ်းချမ်းသော ရွာလေးမှာ ချက်ချင်းဆိုသလိုပင် ငရဲခန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
"ဟင့်အင်း။"
သူက တတ်နိုင်သမျှ အကျယ်ဆုံး အော်ဟစ်လိုက်လေ၏။ သူ၏ ကြွက်သားများ တင်းမာနေ၏။
နှလုံးသားကို ဓားနှင့်ထိုးခံရသကဲ့သို့ ခံစားရပြီး ရင်ဘတ်ထဲမှ နာကျင်မှုများ ထွက်ပေါ်လာလေသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီးနောက် နိုးလာခဲ့လေသည်။
"အာ၊ သူ နိုးလာပြီ။ ရှောင်ဖန်း နိုးလာပြီ။"
သူ၏ နှလုံးသားထဲတွင် စွဲထင်နေသော ရင်းနှီးသည့် အသံလေးက သူ့ထံသို့ ဦးစွာ ရောက်ရှိလာ၏။
ထိုအသံလေးထဲတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်သက်သာရာရမှုတို့ ရောယှက်နေပေသည်။ ကျန်းရှောင်ဖန်းက မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ထျန်းလင်းအာကို မြင်လိုက်ရလေ၏။
လွန်ခဲ့သည့် အချိန်များဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဖီးနစ်ဝိညာဉ်ကို ပတ်ထားလေသည်။
လှပသော ဆံကေသာများက လည်တိုင်တစ်ဝိုက်တွင် ချောမွေ့စွာ ကျဆင်းနေ၏။
ထျန်းလင်းအာ၏ တောက်ပသော မျက်လုံးများထဲတွင် သူ၏ ပုံရိပ်ကို ကျန်းရှောင်ဖန်း မြင်တွေ့နေရလေသည်။
'စီနီယာအမ'
သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ အော်ဟစ်လိုက်သံပင် ဖြစ်လေသည်။
ကျန်းရှောင်ဖန်းက သူမကို ကြည့်နေ၏။ မျက်တောင်ပင် မခတ်ချေ။ ဤအချိန်လေးသာ ထာဝရဖြစ်သွားမည်ဆိုလျှင် မည်မျှကောင်းလိုက်မည်နည်း။
အခန်းထဲတွင် လူတိုင်းက သူ့အနားသို့ စုဝေးလာကြလေ၏။ ထျန်းပုယီက သူ၏ သွေးကြောကို စမ်းသပ်ကြည့်ပြီး ခေါင်းညိတ်လိုက်လေသည်။
"ကောင်းတယ်။ အခု ဘာပြဿနာမှ မရှိတော့ဘူး။"
လူတိုင်း စိတ်သက်သာရာရသွားကြပြီး အပြုံးများ ပေါ်လာကြလေ၏။
လူတိုင်း ဤနေရာတွင် ရှိနေသည်ကို ကျန်းရှောင်ဖန်း မြင်လိုက်ရလေ၏။ သူက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး တပည့်များက မတ်တတ်ရပ်နေကြ၏။
ထျန်းပုယီနှင့် စုရုက ကုတင်ရှေ့ရှိ ကုလားထိုင်များပေါ်တွင် ထိုင်နေကြလေသည်။
"ဘာ၊ ဘာဖြစ်သွားတာလဲ။"
ထျန်းလင်းအာက ပြုံးလိုက်လေ၏။
"မင်း မေ့သွားပြီလား။ ဖုန့်ဟွေ့တောင်ထွတ်က စီနီယာနဲ့ ပြိုင်ပွဲအပြီးမှာ မင်း သတိလစ်သွားတာလေ။”
“လူတိုင်းကို လန့်သွားစေတာပဲ။ ကံကောင်းလို့ ဘာမှ ပြင်းပြင်းထန်ထန် မဖြစ်တာ။"
ကျန်းရှောင်ဖန်းက ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်လေ၏။
ပင်ပန်းနွမ်းနယ်နေခြင်းနှင့် ရင်ဘတ်မှ နာကျင်မှုအချို့မှလွဲ၍ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက ကောင်းမွန်နေ၏။ သူက အံ့ဩသွားပြီး မေးလိုက်လေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော့် ခန္ဓာကိုယ်က..."
ထျန်းပုယီက စကားဖြတ်ပြောလိုက်လေသည်။
"မီးလောင်ထားတာတွေက အရေပြားဒဏ်ရာတွေလောက်ပါပဲ၊ ကုသဖို့ ချင်းယွင်ဂိုဏ်းရဲ့ အထူးဆေးရည်ကို ငါ အသုံးပြုထားတယ်။”
“မင်းရဲ့ ခန္ဓာကိုယ်က ရင်ဘတ်မှာပဲ ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခု ရခဲ့ပေမယ့် အရိုးတွေက နေရာမရွေ့သွားဘူး။ ရက်အနည်းငယ်လောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ။"
စုရုက ပြုံးကာ ဆို၏။
"ရှောင်ဖန်း၊ ဒီအတွက် မင်းဆရာကို ကျေးဇူးတင်သင့်တယ်။ သူသာ မကုပေးခဲ့ရင် မင်းရဲ့ မီးလောင်ဒဏ်ရာတွေချည်းပဲ သက်သာဖို့အတွက် နှစ်ဝက်ထက်မက အချိန်ယူရမှာ။"
ကျန်းရှောင်ဖန်းက ဖော်ပြ၍မရနိုင်သော ကျေးဇူးတင်စိတ်ဖြင့် တိုးညင်းစွာ ပြောလိုက်လေ၏။
"တပည့်က အသုံးမကျလို့ ဆရာ့ကို အလုပ်ရှုပ်စေမိပါပြီ။"
ထျန်းပုယီက နှာမှုတ်လိုက်၏။ သူ၏ မျက်နှာက အေးစက်သွားလေသည်။
"မင်းက ဘယ်လိုလုပ် အသုံးမကျရမှာလဲ။ တာ့ကျူးတောင်ထိပ်မှာ အတော်ဆုံးက အခု မင်းပဲလေ။"
ကျန်းရှောင်ဖန်း အံ့ဩသွားပြီး ထျန်းပုယီ ဆိုလိုသည်ကို နားမလည်ချေ။ သူက ပြောလိုက်လေ၏။
"ဆရာ၊ ကျွန်တော်၊ မဟုတ်ပါဘူး၊ စီနီယာတို့လို၊ အာ၊ ပြီးတော့ စီနီယာအစ်ကိုကြီးတို့၊ တခြား စီနီယာတွေက ကျွန်တော့်ထက် အများကြီး သာပါတယ်။ ကျွန်တော်က မတတ်နိုင်..."
ထို့နောက် သူ၏ အသံက တိတ်ဆိတ်သွား၏။ စီနီယာများနှင့် ထျန်းလင်းအာ၏ မျက်နှာများမှာ တစ်မျိုးကြီး ဖြစ်နေသည်ကို သူ သတိထားမိလိုက်လေသည်။
အထူးသဖြင့် စီနီယာအစ်ကိုကြီး စုန့်တာ့ရန်ပင် ဖြစ်၏။ သူက တက်ကြွမှုမရှိဘဲ အလွန်ဖြူရော်နေပေသည်။
ယခု သူသည် လဲကျတော့မည့်ပုံ ပေါ်နေလေသည်။
စုရုက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။
"တာ့ရှင်း၊ မင်းရဲ့ စီနီယာအစ်ကိုကြီးအတွက် ကုလားထိုင်တစ်လုံး ယူခဲ့လိုက်။"
လုတာ့ရှင်းက အမြန်ပြန်ဖြေပြီး စုန့်တာ့ရန်အတွက် ကုလားထိုင်တစ်လုံး ယူလာပေး၏။
စုန့်တာ့ရန်က ငြင်းဆန်ချင်သော်လည်း ခန္ဓာကိုယ်က တောင့်မခံနိုင်တော့ဘဲ အမောတကော ထိုင်ချလိုက်ရလေသည်။
ကျန်းရှောင်ဖန်း အံ့ဩမှင်တက်သွား၏။
"စီနီယာအစ်ကိုကြီး၊ ဘာဖြစ်လို့လဲ။"
စုန့်တာ့ရန်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်မဖြေချေ။ ဟယ်တာ့ကျီက ဝင်ပြောလိုက်လေ၏။
"ဂျူနီယာညီလေး၊ အခု တောင်ထွတ်ခုနစ်ခု သိုင်းပြိုင်ပွဲက စတုတ္ထအဆင့်ကို ရောက်နေပြီ၊ ငါတို့ တာ့ကျူးတောင်ထွတ်က မင်းတစ်ယောက်ပဲ ကျန်တော့တယ်။"
ထို့နောက် သူက အခြားသူများကို ကြည့်လိုက်၏။
ထိုအခါမှ ကျန်းရှောင်ဖန်း သဘောပေါက်သွားပြီး ထျန်းလင်းအာကို ကြည့်ကာ မေးလိုက်လေ၏။
"စီနီယာ၊ စီနီယာလည်း..."
ထျန်းလင်းအာ၏ မျက်နှာ ညှိုးနွမ်းသွားပြီး တိုးညင်းစွာ ပြောလိုက်လေသည်။
"ငါလည်း ရှုံးသွားပြီ။"
သူမ၏ မျက်လုံးများထဲမှ စိတ်ပျက်အားငယ်မှုများကို ကျန်းရှောင်ဖန်း မြင်လိုက်ရ၏။
သူ၏ နှလုံးသားများ နာကျင်သွားရလေသည်။ သို့သော် ယခုအချိန်သည် သူ အခြားအရာများအတွက် တွေးတောနေရမည့် အချိန်မဟုတ်ပေ။
ထျန်းပုယီက ကျန်းရှောင်ဖန်းကို စေ့စေ့ကြည့်ကာ ခေါ်လိုက်လေ၏။
"သတ္တမ။"
ကျန်းရှောင်ဖန်း၏ ရင်များ ခုန်လာ၏။ ထျန်းပုယီ၏ အသံထဲမှ ဒေါသကို သူ ကြားနိုင်ပေသည်။ သူ အနည်းငယ် ကြောက်ရွံ့လာခဲ့လေသည်။
"ဟုတ်ကဲ့ ဆရာ၊ ဘာ..."
သူ့စကားမဆုံးခင်မှာပင် ထျန်းပုယီက မေးလိုက်၏။
"မင်းရဲ့ ကျင့်စဉ်က ဘယ်က သင်လာတာလဲ။"
သူ၏ ဦးနှောက်ထဲတွင် အသံကြီးတစ်ခု မြည်ဟည်းသွားလေသည်။ သူ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိချေ။
အခန်းထဲရှိ လူတိုင်းကို သူ ကြည့်လိုက်လေ၏။ ရင်းနှီးပြီး ကြင်နာတတ်သော စီနီယာများမှာ တိတ်ဆိတ်နေကြပြီး သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေကြ၏။
သို့သော် ၎င်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လေသည်။
အရင်က ထုံထိုင်းခဲ့သော ဂျူနီယာညီလေးက ရုတ်တရက် အံ့ဩဖွယ်ကောင်းလောက်အောင် သန်မာလာသည်ကို ဤမျှတိုတောင်းသော အချိန်ကာလအတွင်း မည်သူမျှ လက်မခံနိုင်ကြပေ။
အခန်း(၅၀) ဇွဲ (၂)
ထျန်းပုယီ၏ စူးရှသော အကြည့်များအောက်တွင် ကျန်းရှောင်ဖန်း၏ နဖူးမှ ချွေးများ ပြိုက်ပြိုက်ကျလာ၏။
သူ အခြားဂိုဏ်းတစ်ခု၏ သိုင်းပညာကို လေ့ကျင့်နေကြောင်း ဆရာဖြစ်သူကို ပြောပြမိမတတ် ဖြစ်သွားခဲ့လေသည်။
သူသည် လွန်ခဲ့သော ငါးနှစ်ခန့်က မသိနားမလည်သော ကလေးတစ်ယောက် မဟုတ်တော့ချေ။
စီနီယာများ၏ နေ့စဉ်စကားဝိုင်းများမှ တဆင့် ထျန်းယင်ကျောင်းတော်အကြောင်းနှင့် ဘုန်းတော်ကြီးဖူကျစ်၏ အစစ်အမှန် နောက်ခံတို့ကို သူ သိရှိထားပြီး ဖြစ်လေသည်။
ပြီးခဲ့သောနှစ်များအတွင်း ကျန်းရှောင်ဖန်းသည် "ဗြဟ္မာ့ဉာဏ်တော်" ကို လေ့ကျင့်ခဲ့ပြီး သူ၏ နှလုံးသားထဲမှ ကျေးဇူးတင်စိတ်များမှာ လျော့ပါးမသွားခဲ့ပေ။
"ကျွန်တော်၊ မဟုတ်ပါဘူး၊ တပည့်က ထုံအပါတယ်။ ဒီနှစ်တွေအတွင်းမှာ ကျင့်စဉ်က သိပ်မတိုးတက်ခဲ့ပါဘူး။"
ကျန်းရှောင်ဖန်းက ခေါင်းငုံ့ထားကာ ထျန်းပုယီ၏ မျက်လုံးများကို ရှောင်လွှဲထားလိုက်၏။ သူက ဖြည်းညင်းစွာ ဆက်ပြောလေ၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က တပည့်က ပစ္စည်းတချို့ကို ရုတ်တရက် ထိန်းချုပ်နိုင်လာခဲ့တယ်။”
“တပည့်ကိုယ်တိုင်တောင် မယုံနိုင်ခဲ့လို့ ဆရာ့ကို အစီရင်မခံခဲ့မိတာပါ၊ ဒါကို မမျှော်လင့်ဘဲ..."
ထျန်းပုယီက အေးစက်စွာ ရယ်မောလိုက်လေသည်။
"တိုက်ပွဲတစ်ပွဲတည်းနဲ့ နာမည်ကြီးလာမယ်လို့ မမျှော်လင့်ခဲ့ဘူးပေါ့လေ။"
ကျန်းရှောင်ဖန်းက ချက်ချင်း ဆိုလိုက်၏။
"မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး ဆရာ..."
ထျန်းပုယီကို လိမ်ညာရန် မလွယ်ကူပေ။ သူက အေးစက်စွာ ပြောလိုက်လေ၏။
"မင်းက ပစ္စည်းတချို့ကို ထိန်းချုပ်နိုင်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဒါကို ပြီးမြောက်ဖို့ဆိုရင် အနည်းဆုံး ယွီချင်းအဆင့် လေးကို ရောက်နေမှ ရမှာ။”
“ငါ တာ့ရန်ကို မေးကြည့်တော့ သူက မင်းကို အဆင့်နှစ် မန္တန်ပဲ သင်ပေးထားတာတဲ့။”
“မင်းက အဆင့်သုံးကျင့်စဉ်ကို ဘယ်လိုကျော်ပြီး အဆင့်လေးကို ရောက်သွားတာလဲဆိုတာ ဒီနားမလည်တဲ့ဆရာကို ပြောပြနိုင်မလား။"
အဆုံးတွင် သူ၏ လေသံမှာ အေးစက်နေဆဲဖြစ်သော်လည်း ဒေါသအချို့ ရောနှောနေလေသည်။ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားကြ၏။
ကျန်းရှောင်ဖန်းက ဘာမှ မပြောတော့ချေ။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။
ထျန်းပုယီ၏ မျက်နှာမှာ ပို၍ပို၍ ဆိုးရွားလာလေသည်။ လူတိုင်းက ပို၍ စိုးရိမ်ပူပန်လာကြ၏။ ကျန်းရှောင်ဖန်းက တိတ်ဆိတ်စွာ ထရပ်လိုက်လေ၏။
သူ ပင်ပန်းနေသော်လည်း ကုတင်ပေါ်မှ ဆင်းလာခဲ့လေသည်။ လူတိုင်းရှေ့တွင်၊ ထျန်းလင်းအာရှေ့တွင်၊ ထျန်းပုယီ၏ အရှေ့၌ သူ ဒူးထောက်ချလိုက်လေသည်။
ထျန်းပုယီက အေးစက်စွာ မေးလိုက်၏။
"ဘာလဲ။"
ကျန်းရှောင်ဖန်းက ခေါင်းကိုငုံ့ကာ မြေပြင်ကို ကြည့်ထားပြီး မည်သူ့ကိုမျှ မကြည့်ဘဲ တိုးညင်းစွာ ပြောလိုက်လေ၏။
"ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ။"
ထျန်းပုယီက ပို၍ပင် ဒေါသထွက်သွားလေသည်။ စုရုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"ရှောင်ဖန်း၊ မင်းမှာ အကြောင်းပြချက် တစ်ခုခုရှိရင် မင်းဆရာကို ပြောပြလိုက်လေ။ ဘာလို့ အခုလို လုပ်နေရတာလဲ။"
ထျန်းပုယီက အေးစက်စွာ ရယ်မောလိုက်လေသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းလိုက်တာ။ မင်းက ခေါင်းမာတဲ့ကောင်ပဲ။ ငါ့မှာ တပည့်ကောင်းတစ်ယောက် ရှိနေတာပဲ။"
ကျန်းရှောင်ဖန်း တုန်ယင်သွား၏။ သူ ဘယ်လိုခံစားနေရမှန်း မသိချေ။
အခြားလူတစ်ယောက် ရှိနေသကဲ့သို့ အသက်ရှူနှုန်းများ ပိုမိုမြန်ဆန်လာလေသည်။ သူက တိုးညင်းစွာ ပြောလိုက်လေ၏။
"ဒါ အားလုံး တပည့်ရဲ့ အပြစ်ပါ။ ဆရာ ကျေးဇူးပြုပြီး အပြစ်ပေးပါ။"
ထျန်းပုယီက ရုတ်တရက် မတ်တတ်ရပ်လိုက်၏။ သူ ထိုင်နေသော ကုလားထိုင်မှာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားလေသည်။
သူက ကျန်းရှောင်ဖန်းအား ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။
"ဒါ အားလုံး မင်းရဲ့ အပြစ်ပဲ၊ ဟက်ဟက်၊ ဆရာ့ကွယ်ရာမှာ ခိုးသင်တာက ချင်းယွင်ဂိုဏ်းမှာ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုဆိုတာ မင်းသိလား။”
“ပြစ်ဒဏ်က ဆယ်စုနှစ်ပေါင်းများစွာ အကျဉ်းချခံရတာကနေ ကျင့်စဉ်တွေအကုန် ဖျက်ဆီးခံရပြီး ချင်းယွင်ဂိုဏ်းကနေ နှင်ထုတ်ခံရတာအထိ ရှိတယ်ဆိုတာ မင်းသိလား။"
ကျန်းရှောင်ဖန်းက ခေါင်းမော့ကာ ထျန်းပုယီကို ကြည့်လိုက်လေ၏။
ဆရာဖြစ်သူ၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေပြီး နောက်ပြောင်နေခြင်း မဟုတ်သည်ကို သူ မြင်တွေ့လိုက်ရ၏။ သူ၏ နှလုံးသားမှာ လေးလံသွားလေသည်။
'ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။'
သူ၏ စိတ်ထဲတွင် တွေးလိုက်မိလေသည်။ သူမက မန္တန်ကို သူ့အား ပေးစဉ်က ဤအကြောင်းကို ထျန်းလင်းအာက မပြောခဲ့ပေ။
သို့သော်လည်း သူ နောက်မဆုတ်ခဲ့ပေ။
အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သူမျှ စကားမပြောကြချေ။
ကြားနေရသည့် တစ်ခုတည်းသော အသံမှာ လူများ၏ အသက်ရှူသံများသာ ဖြစ်လေသည်။
ဤတိတ်ဆိတ်မှုထဲတွင် လူတစ်ယောက်၏ နှလုံးသားမှာ အေးစက်စွာ၊ တိတ်ဆိတ်စွာ အေးခဲသွားခဲ့ချေပြီ။
ကျန်းရှောင်ဖန်းက မျက်လုံးများကို မှိတ်လိုက်ပြီး ခေါင်းကို ပြန်ငုံ့ထားလိုက်၏။ သူ၏ ဘဝတွင် နောက်ဆုံးခြေလှမ်းကို လှမ်းနေသကဲ့သို့ပင်ဖြစ်၏။
"တပည့်က ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တဲ့အတွက် ဆရာ ကျေးဇူးပြုပြီး အပြစ်ပေးပါ။"
"ဘုန်း"
ကြီးမားသော ခွန်အားတစ်ခုက သူ့ကို ရိုက်ခတ်သွားလေသည်။ ကျန်းရှောင်ဖန်း နောက်သို့ လွင့်စင်သွားပြီး နံရံနှင့် သွားအောင့်မိ၏။
သူ မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးအမြောက်အမြား အန်ထွက်လာလေသည်။
စုန့်တာ့ရန်က ဒူးထောက်ချလိုက်လေ၏။ အခြားတပည့်များကလည်း လိုက်၍ ဒူးထောက်ကာ ပြောကြ၏။
"ဆရာ၊ ဂျူနီယာညီလေးကို ခွင့်လွှတ်ပေးပါ။"
စုန့်တာ့ရန်က ပြောလိုက်သည်။
"ဆရာ၊ ကျွန်တော်၊ကျွန်တော်၊ သူ့ကို သေချာမသင်ပေးနိုင်ဘဲ ဒီလိုလုပ်ဖို့ ခွင့်ပြုခဲ့တဲ့ ကျွန်တော့်အပြစ်ပါ။ အားလုံး ကျွန်တော့်အပြစ်ပါ။ ဂျူနီယာညီလေးကို ခွင့်လွှတ်ပေးပါ။"
လူတိုင်းက တောင်းပန်နေကြသော်လည်း ထျန်းလင်းအာကမူ မလှုပ်ရှားဘဲ ထိုနေရာတွင်သာ မတ်တတ်ရပ်ကာ အံ့အားသင့်လျက် လူးလှိမ့်နေသော ကျန်းရှောင်ဖန်းကို ကြည့်နေလေသည်။
သူ၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်နှာမှာ ဖြူရော်နေ၏။
ထျန်းပုယီက တပည့်များနှင့် ကျန်းရှောင်ဖန်းကို ကြည့်လိုက်လေ၏။ သူ၏ မျက်နှာပေါ်တွင် ဒေါသများ ရှိနေဆဲပင်။
သူက နှာမှုတ်လိုက်ပြီးနောက် ထွက်သွားလေသည်။ စုရုက သူတို့ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ခေါင်းခါလျက် စုန့်တာ့ရန်နှင့် အခြားသူများအား ပြောလိုက်၏။
"မင်းတို့အားလုံး ထကြတော့။"
သူမက ကျန်းရှောင်ဖန်းကို ကြည့်လိုက်ပြီးနောက် ဆက်ပြောလေသည်။
"မင်းတို့ ရှောင်ဖန်းကို သေချာဂရုစိုက်ကြ၊ ငါ မင်းတို့ဆရာဆီ သွားကြည့်လိုက်ဦးမယ်။"
စုန့်တာ့ရန်နှင့် အခြားသူများက အလျင်အမြန် ပြန်ဖြေကြလေ၏။
"ဟုတ်ကဲ့။"
စုရုက နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်ပြီးနောက် ထွက်သွားလေသည်။
လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ခဏအကြာတွင် ထျန်းလင်းအာက ဖြည်းညင်းစွာ လျှောက်လာပြီး ကျန်းရှောင်ဖန်းကို ထူပေးလိုက်လေသည်။
ကျန်းရှောင်ဖန်း၏ ပါးစပ်မှ သွေးပူဖောင်းများ ထွက်လာလေသည်။
သူမ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေစဉ် ကျန်းရှောင်ဖန်းက ပြုံးလိုက်လေသည်။
ထိုအချိန်တွင် မျက်ရည်တစ်ပေါက်က သွေးများစွန်းပေနေသော ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ယခု ညအချိန်သို့ ရောက်နေပြီဖြစ်သော်လည်း တိမ်ပင်လယ်တွင် တိမ်ငွေ့များက လွင့်မျောနေကြဆဲပင်။
ထျန်းပုယီက ရင်ပြင်တွင် ရပ်ကာ ကောင်းကင်ကို ကြည့်နေ၏။
ညကောင်းကင်ယံတွင် မရေမတွက်နိုင်သော ကြယ်များ ပြည့်နှက်နေလေသည်။ လမင်းကြီးက နှင်းခဲကဲ့သို့ အေးစက်နေလေသည်။
သူ၏ နောက်ကျောမှ ရင်းနှီးသော ခြေသံတစ်သံ ထွက်ပေါ်လာ၏။ စုရုက သူ့ဘေးသို့ ရောက်လာပြီး ကြယ်များကို သူနှင့်အတူတူ ကြည့်ရင်း ပြုံးလိုက်လေ၏။
"သက်သာသွားပြီလား။"
ထျန်းပုယီက နှာမှုတ်လိုက်ပြီး ဘာမှမပြောချေ။
စုရုက ပြုံးကာ ပြောလိုက်လေ၏။
"ရှင်က တာ့ရန်၊ လင်းအာနဲ့ တခြားသူတွေကို လှည့်စားနိုင်ပေမယ့် ကျွန်မကိုတော့ လှည့်စားလို့ မရဘူးနော်။”
“အဲဒီ ရိုက်ချက်က ရှောင်ဖန်းရဲ့ နှလုံးနားက သွေးကြောတွေထဲက အောင်းနေတဲ့သွေးတွေ ခန္ဓာကိုယ်ထဲကနေ ထွက်သွားအောင် လုပ်လိုက်တာမလား။"
ထျန်းပုယီက ညကောင်းကင်ယံကို ကြည့်နေပြီး တိတ်ဆိတ်နေဆဲဖြစ်လေသည်။
စုရုက ခေါင်းခါလိုက်ပြီး ဆိုလေသည်။
"အသက်က ရာနဲ့ချီနေပြီကို ဂုဏ်သိက္ခာအတွက် ဒီလောက်ထိ ဂရုစိုက်နေတုန်းပဲလား။"
ထျန်းပုယီက လှည့်ကာ ဇနီးဖြစ်သူအား စူးစူးရဲရဲ ကြည့်လိုက်ပြီး ပြောလိုက်၏။
"မင်းလည်း မြင်သားပဲ။ အဲဒီကောင်လေးက 'ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ' လို့ ပြောနေတာလေ။"
ထျန်းပုယီက ကျန်းရှောင်ဖန်း၏ လေသံကို အတုခိုးကာ ဒေါသတကြီး ဆက်ပြောလေ၏။
"ဒါက သူ့အပြစ်ဆိုတာ ရှင်းနေတာကို မတရားဆက်ဆံခံရသလိုမျိုး ဟန်ဆောင်နေသေးတယ်။”
“မသိရင် ဆရာဖြစ်တဲ့ ငါကပဲ သူ့ကို အနိုင်ကျင့်ပြီး အတင်းအကျပ် လုပ်နေသလို ဖြစ်အောင်လို့ လုပ်နေတာ မဟုတ်ဘူးလား။ တော်တော်ဆိုးတဲ့ကောင်ပဲ။"
စုရုက လှည့်ကာ အိပ်ဆောင်များကို ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
"ရှင်က မမြင်ဘူးဆိုတာကို ကျွန်မက ယုံမယ်လို့ ထင်နေတာလား။"
ထျန်းပုယီက မေးလိုက်၏။
"ဘာကိုလဲ။"
စုရုက ပြောလေ၏။
"လင်းအာရဲ့ အပြုအမူတွေက တစ်မျိုးဖြစ်နေတာလေ။ ရှင် မထင်ဘူးလား။"
ထျန်းပုယီက နှာမှုတ်လိုက်လေ၏။
စုရုက ပြုံးလိုက်၏။
"ရှင်လည်း မြင်တာပဲလေ။ ရှောင်ဖန်းက တာ့ကျူးတောင်ထိပ်ကနေ ငါးနှစ်လုံးလုံး ဘယ်မှမထွက်ဖူးဘူးဆိုတော့ ကျွန်မတို့ရဲ့ တပည့်တွေက သူ့ကို သင်ပေးခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်။”
“လင်းအာက ရှောင်ဖန်းအပေါ် အမြဲတမ်း ကောင်းပေးတယ်။ သူမက ကျွန်မတို့ အလိုလိုက်ထားလို့ ဆိုးနေတာဆိုတော့ အဆင့်သုံး မန္တန်ကို ခိုးပြီး သင်ပေးရဲမှာပဲ။”
“အကယ်၍ သူမကသာ အပြစ်ရှိတယ်လို့ မခံစားရဘူးဆိုရင် သူမရဲ့ ပုံမှန်အကျင့်အတိုင်းဆို ရှောင်ဖန်းကို ကူညီပြီးနေပြီပေါ့။”
“ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူမ ဘာမှမပြောခဲ့ဘူးလေ။ သူမ မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ။"
ထျန်းပုယီသည် ဇနီးဖြစ်သူ ဤသို့ပြောမည်ကို မျှော်လင့်ထားပုံရလေ၏။
သူက အံ့ဩပုံမပေါ်သော်လည်း ဒေါသထွက်နေဆဲဖြစ်ကာ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
"ဒါ လင်းအာရဲ့ အပြစ်ဖြစ်ရင်တောင်မှ အဲဒီ ရှောင်ဖန်းက ဘာမှမပြောဘဲ ငါ့ကို ပြန်ခံပြောနေတာ ကြည့်စမ်းပါဦး၊ တောက်။"
စုရုက ရယ်မောလိုက်ပြီး ခင်ပွန်းဖြစ်သူ၏ ပခုံးကို ပုတ်ကာ ဆူပူလိုက်၏။
"ရှင်လည်း အတူတူပဲ မဟုတ်ဘူးလား။ ပြီးတော့ ကလေးတစ်ယောက်ကို အပြစ်တင်နေသေးတယ်။”
“ဒါ့အပြင် ရှောင်ဖန်းက လင်းအာအတွက် အဲဒီလို လုပ်ခဲ့တာလေ၊ ဒီလိုစိတ်ထားမျိုးက ရဖို့ ခဲယဉ်းတယ်နော်။"
ထျန်းပုယီက မျက်လုံးလှန်ပြလိုက်ပြီး ဘာမှမပြောချေ။
စုရုက သူ့ကိုကြည့်ကာ ပြောလိုက်လေ၏။
"တာ့ကျူးတောင်ထိပ်ကို ပြန်ရောက်ရင် ရှင် ဘာဆက်လုပ်မလို့လဲ။ ဆရာ့ကွယ်ရာမှာ ခိုးသင်တာက ကြီးလေးတဲ့ ပြစ်မှုတစ်ခုပဲ။”
“လင်းအာအတွက် သူ့ကို သိပ်ပြင်းပြင်းထန်ထန် အပြစ်မပေးပါနဲ့။ နောက်တောင်တန်းမှာ အနှစ်သုံးဆယ် ဒါမှမဟုတ် ငါးဆယ်လောက်ပဲ ပိတ်လှောင်ထားလိုက်ပါ။"
ထျန်းပုယီ အလန့်တကြားဖြစ်သွားပြီး နှာမှုတ်လိုက်ကာ ပြောလေ၏။
"ငါတို့အိမ်တော်မှာ ပါရမီရှင်တစ်ယောက် ခဲခဲယဉ်းယဉ်း ရထားတာကို။ ချန်းစုန့်နဲ့ ရှန်ကျန်းလျန်တို့ကို အလွယ်တကူ လွတ်မြောက်ခွင့်ပေးလိုက်သလို မဖြစ်ဘူးလား။”
“အဲဒီအကြောင်း မတွေးနဲ့တော့။ မနက်ဖြန် အသက်ရှင်မလား သေမလားဆိုတာ ဂရုမစိုက်နဲ့၊ သူ့ကို ပြိုင်ပွဲဆက်ပြိုင်ခိုင်းလိုက်။"
စုရုက ခင်ပွန်းဖြစ်သူ၏ လက်ကို ကိုင်ထားရင်း ပြုံးလိုက်၏။
"ရှင့်စိတ်ထားက နူးညံ့တယ်ဆိုတာ ကျွန်မ သိပါတယ်။"
ထျန်းပုယီ မျက်နှာနီမြန်းသွားသော်လည်း ပုံမှန်အခြေအနေသို့ အမြန်ပြန်ရောက်သွားလေသည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ပြောလိုက်လေ၏။
"ငါတို့က အသက်ကြီးတဲ့ ဇနီးမောင်နှံတွေ ဖြစ်နေပြီ၊ လူတွေက ငါတို့ကို စနောက်လိမ့်မယ်လို့ မင်း မထင်ဘူးလား။"
စုရုက သူ့ကိုကြည့်ကာ ဆို၏။
"ဘာလဲ၊ အခု တောင်ထိပ်သခင်ဖြစ်လာတော့ ရှင်က ကြောက်တတ်နေပြီလား။”
“လွန်ခဲ့တဲ့ နှစ်သုံးရာက ရှောင်ကျူးတောင်ထိပ်မှာတုန်းက သိုင်းပြိုင်ပွဲမတိုင်ခင် အမှောင်ထဲမှာ ကျွန်မနေရာကို ရှင် ခိုးဝင်လာခဲ့သေးတယ်လေ။”
“အဲဒီတုန်းက ကျွန်မရဲ့ ဆရာသခင်မ ကျန်းယွီနဲ့ စီနီယာရွှေယွဲ့တို့က အနီးနားမှာ ရှိနေတာတောင် ရှင် ကြောက်နေတာ ကျွန်မ မမြင်မိပါဘူး။"
ထျန်းပုယီက ရယ်မောလိုက်လေ၏။
"မင်းရဲ့ ဆရာသခင်မ ကျန်းယွီက အဲဒီအချိန်တုန်းက အသက်ခြောက်ရာလောက် ရှိနေပြီလေ။”
“သူက အသက်ကြီးပြီး အိုမင်းမစွမ်း ဖြစ်နေပြီ။ ငါ သူ့ကို မကြောက်ဘူး။ မင်းရဲ့ အဆိပ်ပြင်းတဲ့ စီနီယာကိုတော့ ငါ အရင်ကတည်းက မုန်းတာ။”
“သူက တစ်သက်လုံး တစ်ယောက်တည်း နေချင်တာက ကိစ္စမရှိပေမယ့် မင်းကိုပါ သူနဲ့အတူတူ ရှိနေစေချင်တာလေ။ ငါက သူ့ကို ဒီလောက်တောင် မုန်းနေတာ ဘယ်တုန်းက ကြောက်ဖူးလို့လဲ။"
စုရုက သူ့ကို စူးစူးရဲရဲ ကြည့်လိုက်၏။
"ကျွန်မရဲ့ ဆရာနဲ့ စီနီယာအကြောင်း မကောင်းမပြောနဲ့။ သူတို့က ကျွန်မအတွက် အများကြီး အဓိပ္ပာယ်ရှိတယ်။"
ထျန်းပုယီက ပခုံးတွန့်လိုက်ပြီး ဘာမှမပြောချေ။ လရောင်အောက်တွင် သူ၏ မျက်လုံးများက ပြောနေပုံရလေ၏။
'သူတို့ မင်းအပေါ် ဘယ်လောက်ပဲ ကောင်းကောင်း နောက်ဆုံးတော့ မင်းက ငါနဲ့ လက်ထပ်ခဲ့တာပဲလေ။'
စုရုက မနေနိုင်ဘဲ ဆူပူလိုက်လေသည်။
"အရူးကြီး…"
ထျန်းပုယီမှာ စိတ်အခြေအနေ အလွန်ကောင်းမွန်နေသဖြင့် ဇနီးဖြစ်သူ၏ လက်ကို ကိုင်ထားကာ တိမ်ပင်လယ်ထဲတွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေ၏။
"အာ၊ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ငါ မေ့သွားတယ်။"
"ဘာလဲ။"
"အဲဒီကောင်လေးက မီးတုတ်ကို မှော်လက်နက်အဖြစ် အသုံးပြုနိုင်တယ်။ ငါက ဒေါသထွက်နေတာနဲ့ အလုပ်ရှုပ်သွားလို့ အဲဒါကို သေချာကြည့်ဖို့ မေ့သွားတာ။"
"ရှောင်ဖန်းက ကျင့်စဉ်ကို ခိုးလေ့ကျင့်နေခဲ့တာလေ။ မှော်လက်နက်ကို ထိန်းချုပ်ဖို့အကြောင်း သူ သိပ်မသိလောက်ဘူး။”
“သူ့ကို လမ်းညွှန်မှုတချို့ပေးဖို့ ရှင် အချိန်ရှာရမယ်လို့ ကျွန်မ ထင်တယ်။"
"ဟူး၊ အဲဒီအကြောင်း နောက်မှ ပြောကြတာပေါ့။ မနေ့ညက ဂိုဏ်းချုပ်အစ်ကိုကြီးက တောင်ထိပ်သခင်တွေ အားလုံးကို ဆင့်ခေါ်တယ်။”
“သူ ရေချီလင်နဲ့ စကားပြောကြည့်တော့ ရေချီလင်ရဲ့ ထူးဆန်းတဲ့ အပြုအမူက နတ်ဆိုးဝိညာဉ်တချို့ကြောင့် ဖြစ်တာလို့ သူ သိလိုက်ရတယ်တဲ့၊ ဒါပေမဲ့ နောက်တော့ အဲဒါကို ရှာမတွေ့တော့ဘူးတဲ့လေ။"
"ကျွန်မတို့ ဘာလုပ်ကြမလဲ။"
"ဒီကိစ္စကို ဘာလုပ်လို့ရမှာလဲ။ ရေချီလင်တောင် ရှာမတွေ့ဘူးလေ။ ရေချီလင်က အသက်ခြောက်ထောင်တောင် ရှင်သန်ခဲ့တာ။”
“မင်းရဲ့ဆရာတောင် အသက်ခြောက်ရာလောက် ရှင်သန်ပြီးတော့ အိုသွားသေးတာပဲ၊ ရေချီလင် အိုမင်းမစွမ်း ဖြစ်သွားလည်း မဆန်းပါဘူး။"
"......."