← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း(၃၃) မိစ္ဆာအရိပ်အယောင် (၂)

လူတိုင်း အံ့အားသင့်သွားကြပြီးမှ ရယ်မောကာ ခေါင်းခါလိုက်ကြလေသည်။

စုန့်တာ့ရန်က သူတို့ကိုရင်ပြင်၏အဆုံးတစ်ဖက်သို့ ခေါ်ဆောင်သွားရင်း ပြောလိုက်၏။

"ငါတို့အိပ်ဆောင်တွေဆီကို အခု သွားကြရအောင်။ ညီမလေး... မင်းက မိန်းကလေးဆိုတော့ ရှောင်ကျူးတောင်ထိပ်က ဂျူနီယာညီမလေးတွေနဲ့ အတူနေဖို့ စီစဉ်ထားတယ်။ အဆင်ပြေတယ် မဟုတ်လား"

ထျန်းလင်းအာက ခေါင်းခါပြကာ ပြုံးလိုက်သည်။

"ပြေတာပေါ့... ဝမ်မင်စီနီယာမမနဲ့ စကားပြောချင်နေတာနဲ့ အတော်ပဲ။ ပြီးတော့ အစ်ကိုကြီးအတွက်လည်း စကားကောင်းလေးတွေ ပြောပေးလို့ ရတာပေါ့"

သူတို့အားလုံး ရယ်မောလိုက်ကြသည်။ စုန့်တာ့ရန်က မျက်နှာနီမြန်းသွားကာ ဘာမှမကြားသလိုဟန်ဆောင်ပြီး ရှေ့သို့ဆက်လျှောက်သွားလေသည်။

ကျန်းရှောင်ဖန်းက သူ၏မျောက်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

"ငတုံးမျောက်... နောက်တစ်ခါ ခိုးစားဦးမယ်ဆို... မင်းကိုဘယ်လို အပြစ်ပေးမလဲဆိုတာ ကြည့်ထားလိုက်"

ရှောင်ဟွေးက အော်ဟစ်ကာ သွားဖြဲပြလေသည်။ ၎င်းသည် ကျန်းရှောင်ဖန်းပြောသည်ကို နားမလည်ခြင်းလော သို့မဟုတ် ဂရုမစိုက်ခြင်းလော ဆိုသည်မှာမူ မသေချာပေ။

ကျန်းရှောင်ဖန်းက ထပ်မံငေါက်ငမ်းလိုက်၏။ ထို့နောက် သူကနောက်သို့ လှည့်ကြည့်ကာ အော်လိုက်လေသည်။

"မြန်မြန်လာစမ်းပါ ဒီခွေးစုတ်... စားဖို့ပဲ သိတယ်"

တာ့ဟွမ်က မျက်လုံးပင့်ကြည့်လိုက်ရာ လူတိုင်းအဝေးသို့ ရောက်နေသည်ကို တွေ့သဖြင့် ထကာ အရိုးကိုကိုက်လျက် ပျင်းရိစွာဖြင့် လိုက်လာတော့၏။

သလင်းခန်းမထဲတွင် တောင်ထွတ်ခုနစ်ခု၏သခင်များ ရှိနေကြဆဲ ဖြစ်၏။ သူတို့၏ အာရုံမှာ တာအိုရွှမ်ဆီသို့ ရောက်နေကြလေသည်။

ထျန်းယွင်က ပထမဆုံးထကာ မေးလိုက်၏။

"ဂိုဏ်းတူအစ်ကိုကြီး... ရေချီလင်မှာ ဘာများ ဖြစ်သွားတာလဲဆိုတာ ရှာတွေ့ပြီလား"

တာအိုရွှမ်က သက်ပြင်းတစ်ချက်ချလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

"ငါ သေချာ စစ်ဆေးပြီးပြီ။ ရေချီလင်မှာ ထူးခြားတာ ဘာမှမရှိဘူး"

"ဘာ..."

လူတိုင်း အံ့သြသွားကြ၏။

တာအိုရွှမ်က သူ၏ညီနောင်များကိုကြည့်ကာ ပြောလိုက်လေသည်။

"တကယ်ပါပဲ။ ငါ အကြိမ်ကြိမ်စစ်ဆေးခဲ့တယ်။ ရေချီလင်အတွက် အားလုံးက ပုံမှန်ပါပဲ”

“သူဘာကြောင့် ရုတ်တရက် အဲဒီလောက်အထိ ရန်လိုသွားပြီးမှ ချက်ချင်း ပြန်သွားတာလဲဆိုတာ ငါလည်း တကယ်ကို နားမလည်နိုင်ဘူး"

ထျန်းပုယီက ခေတ္တမျှစဉ်းစားလိုက်ကာ ပြောလိုက်၏။

"ကျွန်တော် ထင်တာကတော့ ရေချီလင်ရဲ့ပစ်မှတ်က တပည့်တွေပဲ။ တပည့်တစ်ယောက်ယောက်က သူ့ကိုရန်စလိုက်တာမျိုး ဖြစ်နိုင်မလား"

ရှောင်ကျူးတောင်ထွတ်သခင် ရွှေယွဲ့က ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ။ တကယ်လို့ တပည့်တစ်ယောက်ယောက်က သူ့ကိုဒေါသထွက်အောင် လုပ်ခဲ့တယ်ဆိုရင် ရေချီလင်က ဘာဖြစ်လို့ တစ်ချက်ပဲတိုက်ခိုက်ပြီးတော့ လက်လျှော့သွားမှာလဲ"

ရွှေယွဲ့၏လေသံမှာ အလွန်ပင်အေးစက်လှ၏။ ထိုအသံသည် လူများကိုချမ်းစိမ့်သွားစေနိုင်လေသည်။ ထျန်းပုယီလည်း ဆက်မပြောတော့ပေ။

အသက်အကြီးဆုံးပုံစံရှိသော ဖုန့်ဟွေ့တောင်ထိပ်သခင် ကျန်းရှူချန်က မေးလိုက်သည်။

"ဂိုဏ်းချုပ်အစ်ကိုကြီးမှာ ကောက်ချက်တစ်ခု ရှိနေပြီလား"

တာအိုရွှမ်က သက်ပြင်းချလိုက်သည်။

"မင်းတို့ကို ဖုံးကွယ်မထားပါဘူး... ငါကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေတယ်။ ရေချီလင်ဟာ ငါတို့တောင်ရဲ့ စောင့်ရှောက်သူဖြစ်တဲ့အတွက် လျစ်လျူရှုထားလို့ မရဘူး။”

“ငါက လျှို့ဝှက် 'စိတ်ဓာတ်ဆက်သွယ်ခြင်းပညာ' ကိုသုံးပြီး စုံစမ်းချင်ပေမယ့်လည်း..."

တာအိုရွှမ်က ရုတ်တရက် ရပ်လိုက်လေသည်။ ထျန်းပုယီက မေးလိုက်၏။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ဘာဖြစ်လို့လဲ"

တာအိုရွှမ်က အနည်းငယ်ရှက်ရွံ့သွားဟန်ဖြင့် ပြောလိုက်လေသည်။

"စိတ်ဓာတ်ဆက်သွယ်ခြင်းပညာဆိုတာ ရိုးရှင်းတဲ့နည်းလမ်းလေးပါ။ ဒါက ရေချီလင်နဲ့ ငါတို့ကို ဆက်သွယ်နိုင်အောင် ကူညီပေးနိုင်တယ်။”

“ ဒါပေမဲ့ ငါစသုံးဖို့ ကြိုးစားလိုက်ချိန်မှာ ရေချီလင်က အိပ်ပျော်သွားပြီလေ...အဲ့တော့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး"

သူတို့အားလုံး ဆွံ့အသွားကြ၏။

တာအိုရွှမ်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်လေသည်။

"အခုလောလောဆယ်တော့ အဲဒါကိုစိတ်ပူနေဖို့ မလိုသေးပါဘူး။ ရေချီလင် နိုးလာမှပဲ ငါတို့ထပ်ပြီး စီစဉ်ကြတာပေါ့။”

“အခု ငါတို့ရှေ့မှာရှိနေတဲ့ နောက်ထပ်ကိစ္စတစ်ခုကို ငါ မင်းတို့နဲ့ ဆွေးနွေးချင်တယ်"

တာအိုရွှမ်၏တည်ကြည်သော မျက်နှာထားကိုကြည့်ခြင်းအားဖြင့် ၎င်းသည် သေးငယ်သော ကိစ္စမဟုတ်ကြောင်း သိနိုင်ပေသည်။

သူတို့သည် မျက်နှာမှအပြုံးများကို ဖျောက်လိုက်ကြကာ ငြိမ်သက်စွာ ထိုင်လိုက်ကြလေသည်။

တာအိုရွှမ်သည်လည်း သူ၏ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။ ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဒီကနေ အရှေ့ဘက် မိုင်သုံးထောင်လောက်မှာရှိတဲ့ 'ကုန်းဆန်းတောင်'ကို မင်းတို့ သိကြမှာပေါ့"

သူတို့ တုန်လှုပ်သွားကြ၏။ ချန်းစုန့်က မေးလိုက်လေသည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... 'လင်းနို့တစ်သောင်းဂူ' ရှိတဲ့ ကုန်းဆန်းတောင်ကို ပြောတာလား"

တာအိုရွှမ်က ခေါင်းညိတ်ပြလိုက်၏။

"အတိအကျပဲ"

ကျန်းရှူချန်က မျက်မှောင်ကြုတ်လိုက်လေသည်။

"လင်းနို့တစ်သောင်းဂူဆိုတာ သဘာဝအတိုင်းဖြစ်နေတဲ့ဂူ တစ်ခုပဲ။ ဘယ်လောက်ထိ နက်ရှိုင်းသလဲဆိုတာ မသိနိုင်ဘူး။”

“အဲဒီမှာ ရာသီဥတုက အေးစက်ပြီး စိုစွတ်နေတယ်။ အဲဒီမှာ မရေမတွက်နိုင်တဲ့လင်းနို့တွေပဲ နေကြတာ။ ဂူထဲမှာ လင်းနို့သန်းချီရှိတယ်လို့ ပြောကြတယ်။”

“ဒီလိုခြောက်သွေ့တဲ့နေရာမျိုးကို ဘာကြောင့် အစ်ကိုကြီးက ထုတ်ပြောတာလဲ"

တာအိုရွှမ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

"မင်းတို့အားလုံး မသိတာတစ်ခု ရှိတယ်။ အခုအချိန်မှာ အဲဒီနေရာကို ဘယ်သူမှမသွားကြပေမဲ့ လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက အဲဒီနေရာဟာ မိစ္ဆာတွေရဲ့အဓိက ပုန်းအောင်းရာနေရာ ဖြစ်ခဲ့တယ်။”

“အဲဒီကရာသီဥတုက မိစ္ဆာတွေအတွက် သူတို့ရဲ့မန္တန်တွေကို ကျင့်ကြံဖို့ အကောင်းဆုံးပဲ။”

“နောက်ပိုင်းမှာ လမ်းမှန်ဂိုဏ်းသားတွေရောက်သွားပြီး သူတို့ကိုနှိမ်နင်းခဲ့တယ်။ မိစ္ဆာတွေ ထွက်ပြေးသွားကြပြီး ဒီနေရာကလည်း လူသူကင်းမဲ့သွားခဲ့တာပေါ့"

ရွှေယွဲ့က အေးစက်စွာ ပြောလိုက်လေသည်။

"ဒါဆို ဂိုဏ်းတူအစ်ကိုကြီး ဘာကို ဆိုလိုချင်တာလဲ"

ရွှေယွဲ့၏အမူအရာမှာ တာအိုရွှမ်အပေါ် မယဉ်ကျေးသကဲ့သို့ ရှိသော်လည်း ရွှေယွဲ့သည် အမြဲတမ်းဤသို့ပင် စကားပြောတတ်ကြောင်း လူတိုင်းက သိကြသည်။

တာအိုရွှမ်ကလည်း ဂရုမစိုက်ပေ။ သူကသက်ပြင်းချကာ ပြောလိုက်လေသည်။

"ရွှေယွဲ့ညီမလေး... လွန်ခဲ့တဲ့နှစ်ဝက်လောက်က ငါ ဖန်ရှန်းတောင်ကြားကနေ စာတစ်စောင် ရခဲ့တယ်။”

“လင်းနို့တစ်သောင်းဂူအနားမှာ မိစ္ဆာတွေရဲ့လှုပ်ရှားမှုတွေကို တွေ့နေရတယ်လို့ ဆိုတယ်။ ဒါကြောင့် သူတို့က ငါ့ရဲ့အမြင်ကို မေးလာကြတာ။”

“သေချာစဉ်းစားပြီးတဲ့နောက် ငါ့ရဲ့တပည့် ရှောင်ယီချိုင်ကို ကုန်းဆန်းတောင်ကိုအမြန်သွားပြီး စုံစမ်းဖို့ လွှတ်လိုက်တယ်"

ရှန်ကျန်းလျန်က ပြုံးလိုက်၏။

"ဒါက ကောင်းတာပေါ့။ ရှောင်ယီချိုင်ရဲ့ အရည်အချင်းနဲ့ ကျင့်ကြံမှုဟာ ပြီးခဲ့တဲ့အကြိမ် သိုင်းပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာပဲ။ သူရှိနေရင် ဘာကို မအောင်မြင်နိုင်ဘဲ ရှိမှာလဲ"

တာအိုရွှမ်က ပြန်ပြုံးပြလိုက်လေသည်။

"အစ်ကိုကြီးရှန်က သူ့ကိုအမွှန်းတင်လွန်းနေပါပြီ။ ယီချိုင် သွားပြီး ရက်အနည်းငယ် ကြာတဲ့အခါ သူ ငါ့ဆီကို စာတစ်စောင် ပြန်ပို့လာတယ်။”

“မိစ္ဆာတွေဟာ လင်းနို့တစ်သောင်းဂူ ပတ်ဝန်းကျင်မှာ တကယ်ကို လှုပ်ရှားနေကြတာပဲ။ ဒါပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ တကယ့်ကို အံ့သြစရာပဲ"

လူတိုင်း အံ့သြသွားကြ၏။ ကျန်းရှူချန်က မေးလိုက်လေသည်။

"ဒါက ဘာလဲ"

တာအိုရွှမ်က တည်ငြိမ်နေဆဲပင် ဖြစ်၏။ သူက ပြောလိုက်လေသည်။

"ယီချိုင်ရဲ့စာအရ သူဟာ မိစ္ဆာတစ်ယောက်ကို ဖမ်းမိခဲ့တယ်။ စစ်ဆေးမေးမြန်းပြီးတဲ့နောက် လင်းနို့တစ်သောင်းဂူဟာ လွန်ခဲ့တဲ့နှစ်ရှစ်ရာတုန်းက 'သွေးသန့်စင်ဂိုဏ်း' ရဲ့ဌာနချုပ် ဖြစ်ခဲ့တာကို သိလိုက်ရတယ်။”

“အဲဒီအချိန်တုန်းက သွေးသန့်စင်ဂိုဏ်းဟာ အကြီးမားဆုံးမိစ္ဆာဂိုဏ်း ငါးခုထဲကတစ်ခုပဲ။”

“ငါတို့ဘိုးဘေးတွေရဲ့နှိမ်နင်းမှုကို ခံရပြီးနောက် သူတို့ ကျရှုံးသွားခဲ့တာ။ လင်းနို့တစ်သောင်းဂူလည်း လူသူကင်းမဲ့သွားခဲ့တာပေါ့။”

“ဒါပေမဲ့ မကြာသေးခင်နှစ်တွေအတွင်းမှာ သွေးသန့်စင်ဂိုဏ်းဟာ ပြန်ပြီးနိုးထလာမယ့် အရိပ်အယောင်တွေ ရှိနေတယ်။”

“သွေးသန့်စင်ဂိုဏ်းရဲ့ အရေးပါတဲ့သူတွေအားလုံး လင်းနို့တစ်သောင်းဂူတိုက်ပွဲမှာ အသတ်ခံခဲ့ရပေမယ့် အခုထိရှာမတွေ့သေးတဲ့ လျှို့ဝှက်ဂူတစ်ခု ရှိနေသေးတယ်။”

“အဲဒီထဲမှာ ရှာမတွေ့သေးတဲ့ထူးခြားတဲ့ရတနာတွေနဲ့ မိစ္ဆာကျမ်းစာတွေ အများကြီး ရှိနေတယ်"

လူတိုင်း နားလည်သွားကြ၏။ ချန်းစုန့်က အေးစက်စွာ ရယ်မောလိုက်လေသည်။

"မိစ္ဆာတွေက စိတ်ကူးယဉ်နေတာပဲ"

တာအိုရွှမ်က ခေါင်းခါလိုက်၏။

"ဒီကောလာဟလက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ငါသိသလောက်တော့ လွန်ခဲ့တဲ့နှစ်ရှစ်ရာ တိုက်ပွဲပြီးတဲ့နောက် လမ်းမှန်ဂိုဏ်းသားတွေဟာ လင်းနို့တစ်သောင်းဂူထဲမှာ ဘယ်ရတနာသိုက်ကိုမှ ရှာမတွေ့ခဲ့ဘူး။”

“တကယ်လို့ ရှာမတွေ့သေးတဲ့ လျှို့ဝှက်ဂူတစ်ခု တကယ်ရှိနေမယ်ဆိုရင် အဲဒီထဲမှာ ငါတို့ သတိထားရမယ့် အလွန်ဆိုးယုတ်တဲ့အရာတစ်ခု ရှိနေမှာကို ငါ စိုးရိမ်မိတယ်"

ထျန်းယွင်က မေးလိုက်၏။

"အစ်ကိုကြီး... အဲဒီ အလွန်ဆိုးယုတ်တဲ့အရာက ဘာလဲ။ အဲဒါက တကယ်ပဲ အဲဒီလောက် အရေးကြီးလို့လား"

တာအိုရွှမ်က တိုးတိုးလေး ပြောလိုက်လေသည်။

"သွေးစုပ်ပုလဲ"

ချန်းစုန့် အံ့သြသွားကာ ပြောလိုက်၏။

"အဲဒါက ဟေရှင်းအဖိုးကြီး သေဆုံးသွားကတည်းက ပျောက်ကွယ်သွားပြီ မဟုတ်လား"

တာအိုရွှမ်က ခေါင်းခါလိုက်၏။

"ဟေရှင်းအဖိုးအို သေသွားပေမယ့် သွေးစုပ်ပုလဲက လောကကြီးကနေ ပျောက်ကွယ်သွားပြီလို့ မဆိုလိုဘူး။ ဒီလိုမိစ္ဆာပစ္စည်းမျိုးကို သာမန်လူတွေ မထိန်းချုပ်နိုင်ဘူး။”

“မိစ္ဆာတပည့်တွေက သူတို့မသုံးနိုင်လို့ ဝှက်ထားတာမျိုး ဖြစ်နိုင်တယ်။ ဟေရှင်းအဖိုးအိုဟာ သွေးသန့်စင်ဂိုဏ်းကပဲ။”

“သွေးစုပ်ပုလဲဟာ အဲဒီလျှို့ဝှက်ဂူထဲမှာ ရှိနေဖို့ အခွင့်အလမ်း အများကြီး ရှိတယ်"

သူတို့အားလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြပြီးမှ ရွှေယွဲ့က အေးစက်စွာ မေးလိုက်၏။

"ဒါဆိုရင် ဂိုဏ်းချုပ်အစ်ကိုကြီးရဲ့ဆန္ဒက ဘာလဲ"

တာအိုရွှမ်က ပြောလိုက်လေသည်။

"ယီချိုင်ရဲ့စာကို ရပြီးတာနဲ့ ငါ ချက်ချင်း ဖန်ရှန်းတောင်ကြားနဲ့ ထျန်းယင်ကျောင်းတော်ကို အကြောင်းကြားလိုက်တယ်။”

“သူတို့ကပြန်ဖြေလာတာကတော့ သူတို့ရဲ့အတော်ဆုံးတပည့်တွေကို ကုန်းဆန်းတောင်ကိုလွှတ်ပြီး မိစ္ဆာတွေကို တားဆီးမယ်လို့ ဆိုတယ်"

ထျန်းပုယီက မျက်မှောင်ကြုတ်လိုက်၏။

"ဒါဆိုရင် အစ်ကိုကြီး ဆိုလိုတာက..."

တာအိုရွှမ်က ပြုံးလိုက်လေသည်။

"ဒါဟာ ငါတို့တပည့်တွေအတွက် အတွေ့အကြုံယူဖို့ ရှားပါးတဲ့အခွင့်အရေးပဲ။ ချင်းယွင်ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီးရှိပေမယ့် အများစုဟာ အပြင်လောကကိုထွက်ပြီး မလေ့ကျင့်ဖူးကြဘူး။”

“ပြီးတော့ ဒီနှစ်တွေမှာ လောကကြီးက အေးချမ်းနေတော့ မိစ္ဆာတွေနဲ့ မတိုက်ခိုက်ရတာ ကြာနေပြီ။”

“ဒီတစ်ခါ တောင်ထိပ်ခုနစ်ခုပြိုင်ပွဲကနေ ရလာတဲ့ အတော်ဆုံးတပည့်လေးဦးကို ကုန်းဆန်းတောင်ကိုလွှတ်ဖို့ ငါ ဆုံးဖြတ်ထားတယ်။”

“ဒါက မိစ္ဆာတွေရဲ့ အကြံအစည်ကို တားဆီးနိုင်သလို ငါတို့တပည့်တွေအတွက်လည်း အတွေ့အကြုံ ရစေလိမ့်မယ်။ ပြီးတော့..."

သူကအပြုံးကို ဖျောက်လိုက်ကာ တည်ကြည်သော အမူအရာဖြင့် ဆက်ပြောလေသည်။

"ထျန်းယင်ကျောင်းတော်နဲ့ ဖန်ရှန်းတောင်ကြားမှာလည်း အရည်အချင်းရှိတဲ့ တပည့်တွေ အများကြီး ရှိနေတယ်လို့ ငါ ကြားထားတယ်။ “

“ငါတို့ဘက်က ဘာမှ မလုပ်ဘူးဆိုရင် လမ်းမှန်ဂိုဏ်းတွေရဲ့ ဦးဆောင်သူနေရာကို ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ငါ့ရဲ့ဆရာနဲ့ ဘိုးဘေးတွေကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး"

သူတို့ ခေါင်းညိတ်လိုက်ကြ၏။ ချန်းစုန့်က ပြောလိုက်လေသည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး ပြောတာ မှန်ပါတယ်"

တာအိုရွှမ်က အခြားသောသူများကို ကြည့်ကာ မေးလိုက်၏။

"ဒါဆိုရင် အားလုံး သဘောတူကြတယ်ပေါ့"

သူတို့ ခေါင်းညိတ်ပြကြ၏။

တာအိုရွှမ်က ပြောလိုက်လေသည်။

"ကောင်းပြီ... ဒါဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်။ ယွီချင်းခန်းမမှာ ညီနောင်တို့အတွက် အခန်းတွေ ပြင်ဆင်ထားပြီးပြီ။ အခု သွားပြီး အနားယူကြလို့ ရပါပြီ"

ထို့နောက် သူသည် လက်ကို သုံးကြိမ်တီးလိုက်ရာ ကလေးငယ်အချို့ ဝင်လာကြလေသည်။

"အကြီးအကဲတွေကို သူတို့ရဲ့ အခန်းတွေဆီကို လိုက်ပို့ပေးလိုက်"

ကလေးငယ်များက ပြန်ထူးကြ၏။ ထောင်ထိပ်သခင်များသည် ထကာ တာအိုရွှမ်ကို အရိုအသေပြုပြီးနောက် ထွက်ခွာသွားကြတော့၏။

မှတ်ချက်- ကုန်းဆန်းဟူသော အမည်မှာ မြို့အနီးရှိ ပိုးစာတောကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်၏။ ကုန်းဆန်းမြို့သည် ကွန်ဖြူးရှပ်၏ ဖွားမြင်ရာ အရပ်လည်း ဖြစ်ပေသည်။

အခန်း (၃၄) မှောမှောင်မိုက်သောည (၁)

သိုင်းပြိုင်ပွဲသည် ချင်းယွင်ဂိုဏ်း၏ အရေးအကြီးဆုံးသော ပွဲတော်ကြီး ဖြစ်ပေ၏။

ရှောင်ကျူးတောင်ထိပ်သည် ထပ်တိုးလာသော တပည့်ရာပေါင်းများစွာအတွက် နေရာထိုင်ခင်း စီစဉ်ပေးရန် လိုအပ်လာလေ၏။

တာ့ကျူးတောင်ထိပ်မှ တပည့်များအနေဖြင့် သူတို့၏ သက်တောင့်သက်သာရှိလှသော နေ့ရက်များကို ဆက်လက်ဖြတ်သန်းချင်သေးလျှင်တော့ ထိုအရာက ရူးမိုက်သော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထျန်းလင်းအာမှလွဲ၍ ကျန်တပည့်ခုနစ်ယောက်မှာ အခန်းတစ်ခန်းတည်း၌ ကြိတ်ညပ်ကာ နေရလေသည်။

ရှောင်ကျူးတောင်ထိပ်၌ ပုံမှန်အားဖြင့် အခန်းတစ်ခန်းလျှင် တပည့်လေးယောက်သာ နေထိုင်ကြခြင်းပင်။

လူသုံးယောက်က ကြမ်းပြင်ပေါ်၌ အိပ်ရမည်ဖြစ်ရာ သူတို့အတွက် နေရာအလုံအလောက် ရှိသင့်သော်လည်း အနည်းငယ်တော့ ကျပ်တည်းနေမည် ဖြစ်ပေ၏။

ရုတ်တရက် တစ်စုံတစ်ယောက်က ညည်းတွားလိုက်လေ၏။

"တကယ်ပါပဲ၊ ခင်ဗျားတို့က ပင်မအဆောင်က ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အကြောင်းပဲ ပြောနေကြတာ။”

“အခုတော့ ငါတို့ခုနစ်ယောက်ကို အခန်းတစ်ခန်းတည်းမှာ အိပ်ခိုင်းတယ်၊ တော်တော် ကပ်စေးနှဲတာပဲ။"

"နံပါတ်၆ ညည်းမနေစမ်းနဲ့။ တခြား စီနီယာအစ်ကိုတွေ ကြားသွားရင် မကောင်းဘူး။"

"ဒုတိယ စီနီယာအစ်ကို၊ ခင်ဗျားက ကုတင်ပေါ်မှာ အိပ်ရတာဆိုတော့ သက်တောင့်သက်သာ ရှိမှာပေါ့။”

“ကျုပ်ကတော့ အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်ရတာ၊ ကျုပ်တို့ နေရာချင်း လဲကြမလား။"

"ခူး... ခေါ... ခေါ...ခလော"

"ဘာလဲ၊ ခင်ဗျားက ရုတ်တရက်ကြီး အိပ်ပျော်သွားပြီး ဟောက်တောင် ဟောက်နေတာလား။”

"ခူး... ခေါ..."

"ဟွန့်၊ အာ... စတုတ္ထ စီနီယာအစ်ကို၊ ခင်ဗျားက အမြဲတမ်းရုပ်ချောတယ်၊ ဟာသဉာဏ်ရှိတယ်၊ ဉာဏ်လည်းကောင်းတယ်။"

"ခူး... ခေါ..."

"ဘာတွေလဲ၊ ဒီခေတ်မှာ ချက်ချင်းအိပ်ပျော်သွားတာက တကယ်ကို ခေတ်စားနေတာလား။”

“အဲ... စီနီယာအစ်ကိုကြီး၊ ခင်ဗျားက အမြဲတမ်း သဘောကောင်းပါတယ်၊ ခင်ဗျားရဲ့ ဂိုဏ်းတူညီကို ဘယ်လိုလုပ်ပြီး..."

"ခူး... ခေါ... ခေါ..."

"ခင်ဗျား... အာ... တတိယ စီနီယာအစ်ကို။"

"ခေါ... ခေါ..."

သူတို့အားလုံး အံ့သြသွားကြ၏။ ရုတ်တရက် နံရံကြီး တုန်ခါသွားပြီး ဘေးခန်းမှ လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

"ဟေး၊ တာ့ကျူးတောင်ထိပ်က လူတိုင်းက အဲဒီလောက်တောင် အသံကျယ်ကျယ် ဟောက်တတ်ကြတာလား။"

အခန်းထဲတွင် ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။ အချိန်အနည်းငယ် ကြာပြီးနောက် တစ်စုံတစ်ယောက်က တခစ်ခစ် ရယ်မောလိုက်လေ၏။

ထို့နောက် ယခင်အသံက ပြန်လည်ထွက်ပေါ်လာ၏။

"အာ... ပဉ္စမ စီနီယာအစ်ကို၊ ခင်ဗျား..."

"ဘာ ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျားလဲ။ ငါက မင်းဘေးမှာ အိပ်နေတာလေ။ နေရာချင်း လဲချင်လို့လား။”

“ငါကတော့ ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်စလုံးက ကြမ်းပြင်ပေါ်မှာ အိပ်နေရတာပဲဟာကို။"

"အဟမ်း၊ ဘာမှမဟုတ်ပါဘူး။ ဟူး... ကြမ်းပြင်က အေးစက်နေတာက ဆိုးနေပြီဆိုပေမယ့်၊ အဆိုးဆုံးက နေရာက အရမ်းကျဉ်းလွန်းနေတာပဲ။”

“အိပ်တဲ့အခါ သက်တောင့်သက်သာ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဂျူနီယာညီလေးကတော့ အဆင်ပြေပါတယ်၊ သူ့ခန္ဓာကိုယ်က ဒီအရွယ်အစားနဲ့ ကွက်တိပဲလေ။"

"ဆဋ္ဌမ စီနီယာအစ်ကို၊ ဘာလို့ မျက်စိမှိတ်ပြီး စကားပြောနေရတာလဲ။”

“အခု ခွေးတစ်ကောင်နဲ့ မျောက်တစ်ကောင်က ကျွန်တော့်နေရာကို လုနေတာ မမြင်ဘူးလား။”

“ကျွန်တော်က အကျပ်ဆုံးဖြစ်နေတာကို၊ ခင်ဗျားက ကျွန်တော့်ကို အသက်တောင့်သက်သာဆုံးလို့ ပြောနေသေးတယ်။"

"ဒါပေမယ့် ငါက..."

"ပါးစပ်ပိတ်ထားစမ်း၊ နံပါတ်၆။"

သူတို့အားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြလေ၏။

ညအချိန်သို့ရောက်လာသောအခါ တပည့်များစွာသည် လမ်းလျှောက်ထွက်ခဲ့ကြပြီး လှပလှသော ရှောင်ကျူးတောင်ထိပ်၏ အလှအပကို အံ့သြချီးမွမ်းနေခဲ့ကြ၏။

သို့သော် ညဉ့်နက်လာသည်နှင့်အမျှ လူများစွာသည် သူတို့၏ အခန်းများဆီသို့ အသီးသီး ပြန်သွားကြလေ၏။

ကောင်းကင်သို့ ထိုးထွက်နေသော ဤတောင်ထိပ်ပေါ်သို့ အမှောင်ထု ကျရောက်လာချိန်တွင်၊ ကြည်လင်နေသော ကောင်းကင်ယံမှ လရောင်သည် တောင်တန်းပေါ်သို့ လင်းလက်စွာ ကျရောက်နေပေ၏။

ကျန်းရှောင်ဖန်း တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်တွင်၊ သူ့ဘေး၌ တစ်စုံတစ်ရာ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရ၏။

သူသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ရှောင်ဟွေးနှင့် တာ့ဟွမ်တို့ ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရ၏။

သူ ထိုင်လိုက်ပြီးနောက် တာ့ဟွမ်၏ အရိပ်က တံခါးဝကို ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။

ရှောင်ဟွေးကမူ ၎င်း၏ ကျောပေါ်တွင် ထိုင်လျက် ပါသွားလေ၏။

ကျန်းရှောင်ဖန်းမှာ စပ်စုချင်စိတ် ဖြစ်ပေါ်လာ၏။ ဤမျှ ညဉ့်နက်နေချိန်တွင် ခွေးနှင့်မျောက်တို့ ဘယ်ကိုများ သွားနေကြသနည်းဟု သူ တွေးတောမိသွားသည်။

ထို့နောက် သူသည် တိတ်ဆိတ်စွာ ထလိုက်ပြီး အဝတ်အစားတချို့ကို ကမန်းကတန်း ဆွဲယူလိုက်လေသည်။

တံခါးဝသို့ ရောက်သောအခါ၊ လရောင်အောက်တွင် တာ့ဟွမ်က ရှောင်ဟွေးကို သယ်ဆောင်လျက် တိမ်ပင်လယ်ဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသည်။

ထိုအရပ်မှာ ရှောင်ကျူးတောင်ထိပ်၏ မီးဖိုချောင်ရှိရာသို့ သွားရာလမ်းဖြစ်ကြောင်း စုန့်တာ့ရန် သူ့အား ပြောပြဖူးသည်ကို ကျန်းရှောင်ဖန်း မှတ်မိလိုက်၏။

တာ့ဟွမ်သည် နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နေထိုင်ခဲ့ပြီး ဝိညာဥ်သားရဲခွေးတစ်ကောင် ဖြစ်နေပြီဖြစ်သော်လည်း၊ အလွန် လောဘကြီးဆဲပင်။

သူသည် လှည့်၍ ပြန်အိပ်ချင်စိတ် ပေါ်လာသော်လည်း၊ တာ့ကျူးတောင်ထိပ်မှ တာ့ဟွမ်နှင့် ရှောင်ဟွေးတို့ အစားအစာ သွားခိုးစားသည်ကို တစ်စုံတစ်ယောက် မြင်တွေ့သွားလျှင် အရှက်ကွဲရပေလိမ့်မည်။

သို့ဖြစ်ရာ၊ သူတို့ကို ပြန်ခေါ်လာရန် လိုက်သွားဖို့ ဆုံးဖြတ်လိုက်လေ၏။

ဆုံးဖြတ်ချက် ချလိုက်ပြီးသည်နှင့်၊ တာ့ဟွမ်နှင့် ရှောင်ဟွေးတို့မှာ မှုန်ဝါးဝါး အရိပ်များ ဖြစ်နေပြီကို တွေ့လိုက်ရ၏။

ထို့ကြောင့် သူ အလျင်အမြန်ပင် နောက်မှ လိုက်သွားလေတော့သည်။

အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် လျင်မြန်သတိထားကာ သွားလေ၏။

တိမ်ပင်လယ်သို့ ရောက်သောအခါ တာ့ဟွမ်နှင့် ရှောင်ဟွေးတို့မှာ ပျောက်ကွယ်သွားကြချေပြီ။

အေးစက်သော လရောင်အောက်တွင်၊ တိမ်တိုက်များသည် သွေးကြောမျှင်လေးများနှင့် မီးခိုးငွေ့များအလား ညင်သာစွာ မျောလွင့်နေကြပေ၏။

သူ မီးဖိုချောင်ဆီသို့ ဦးတည်သွားနေစဉ်၊ ရုတ်တရက် သူ့နှလုံးသားကို ပြင်းထန်စွာ ခုန်လှုပ်သွားစေသော အရိပ်တစ်ခု ရှိနေခဲ့၏။

မီးဖိုချောင်၏ မျက်နှာချင်းဆိုင်ဘက် တိမ်တိုက်များကြားတွင်၊ သက်တံတံတားဆီသို့ လျှောက်သွားနေသော သွယ်လျလျ အရိပ်တစ်ခု ရှိနေလေသည်။

ကျန်းရှောင်ဖန်းသည် ထိုအရိပ်ကို စိုက်ကြည့်နေမိ၏။ အဝေးမှနေ၍ပင် ထိုအရိပ်သည် သူ့နှလုံးသားထဲ၌ နက်ရှိုင်းစွာ စွဲထင်နေခဲ့လေ၏။

ထိုသူမှာ စီနီယာအစ်မ ထျန်းလင်းအာ ဖြစ်ကြောင်း အလွယ်တကူ မှတ်မိနိုင်ပေ၏။

ညဉ့်ဦးယံကား အလွန်တရာ မှောင်မိုက်လွန်းလှသည်။

သူမသည် အဘယ်ကြောင့် ဤနေရာသို့ တစ်ယောက်တည်း ထွက်လာရသနည်း၊ ထို့အပြင် မည်သည့်နေရာသို့ သွားနေသနည်း။

ကျန်းရှောင်ဖန်း နေရာ၌ ရပ်တန့်သွား၏။ ဘာလုပ်ရမှန်း သူ မသိတော့ပေ။

အတွေးပေါင်း ထောင်သောင်းမက သူ့ဦးနှောက်ထဲသို့ ပြေးဝင်လာခဲ့၏။ ဘာဖြစ်မည်ကို သူ ခန့်မှန်းနိုင်နေပြီ ဖြစ်သော်လည်း၊ ယင်းကို ဝန်မခံချင်ရုံသာ။

တာ့ဟွမ်နှင့် ရှောင်ဟွေးတို့ သွားရာ မီးဖိုချောင်ဘက်သို့ သူ လှည့်လိုက်၏။ သူ လျှောက်သွားရင်း သူ့ကိုယ်သူ ဆက်တိုက် ပြောဆိုနေမိ၏။

'ကျန်းရှောင်ဖန်း၊ သူများကိစ္စကို ဝင်မစွက်စမ်းပါနဲ့။'

ခြေလှမ်း ခုနစ်လှမ်းမျှ လှမ်းအပြီးတွင်၊ အထီးကျန်နေသော ဤလူငယ်လေးအပေါ်သို့ လရောင်က ဖြာကျနေလေ၏။

ထို့နောက် သူ ရပ်တန့်သွားပြီး ခေါင်းကိုမော့ကာ အေးစက်နေသော လမင်းကြီးကို ကြည့်လိုက်ကာ သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသည်။

ခဏအကြာတွင် သူသည် နောက်သို့လှည့်ကာ ထိုအရိပ်ကလေး ပျောက်ကွယ်သွားရာဆီသို့ ပြေးလိုက်သွားလေတော့သည်။

ထျန်းလင်းအာ၏ အရိပ်ကလေးမှာ တိမ်ပင်လယ်ထဲ၌ ပျောက်ကွယ်သွားခဲ့ချေပြီ။

သို့သော် ကျန်းရှောင်ဖန်းသည် အခြားမည်သည့် အရပ်မျက်နှာကိုမျှ မကြည့်ဘဲ သက်တံတံတားဆီသို့သာ ပြေးသွားလေ၏။

မကြာမီမှာပင် သူသည် သက်တံတံတားသို့ ရောက်ရှိသွား၏။ တံတား၏ နှစ်ဖက်စလုံးရှိ ရေပြင်သည် လှိုင်းတွန့်လေးများ ထနေပြီး ကောင်းကင်ယံမှ လမင်းကြီးကို ရောင်ပြန်ဟပ်နေပေ၏။

ယခုအချိန်တွင် ကျန်းရှောင်ဖန်း ဂရုစိုက်သည်မှာ ပြေးရန်တစ်ခုတည်းသာ ဖြစ်လေ၏။

ပြေး၊ ပြေး၊ ပြေး။

သက်တံတံတားကို ဖြတ်၍ ပြေးသွားစဉ်တွင် သူ မည်သူ့အရိပ်ကိုမျှ မတွေ့ရချေ။

တံတား၏ အဆုံးသို့ ရောက်သောအခါမှ လှပသော အရိပ်ကလေးတစ်ခုက ရေကန်ထဲရှိ ရေပြင်ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရလေ၏။

လရောင်သည် ရေကန်ပေါ်သို့ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စွာ ဖြာကျနေပေ၏။

ဖော်ပြ၍မရနိုင်သော အကြောက်တရားတစ်ခု ကျန်းရှောင်ဖန်း၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာသည်။

သူ သိသည်မှာ သူ့ကို စီနီယာအစ်မ မြင်သွား၍ မဖြစ်နိုင်ဆိုသည်ကိုပင်။ တံတားအနီးရှိ ရေကန်၏ ညာဘက်ခြမ်း၌ သစ်တောအုပ်ငယ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုနေရာတွင် တိတ်ဆိတ်စွာ ပုန်းအောင်းနေလိုက်ပြီး၊ အရိပ်ထဲမှနေ၍ ထျန်းလင်းအာကို စောင့်ကြည့်နေလေတော့၏။

ဤအချိန်လေးသည် ထာဝရရပ်တန့်နေသကဲ့သို့ပင်။

လရောင်အောက်၊ စိမ်းလန်းနေသော ရေကန်အနီးတွင်၊ ထိုမိန်းမပျိုလေးထံ၌ ဝမ်းနည်းမှုနှင့် အထီးကျန်မှု အနည်းငယ်တို့ကို တွေ့မြင်နေရ၏။

သူမ၏ မျက်တောင်လေးများမှာ စင်းကျနေပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။

လေပြေများက သူမဘေးမှ ဖြတ်သန်းတိုက်ခတ်သွားပြီး အသံများကို ရပ်တန့်စေလျက်၊ သူမ၏ အင်္ကျီကော်လာနှင့် ဆံနွယ်များကို လေထဲတွင် ဝဲလွင့်စေ

ကျန်းရှောင်ဖန်း၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ညင်သာသော ခံစားချက်တစ်ခု ပေါ်ထွက်လာ၏။

ထိုနေရာရှိ မိန်းကလေးသည် သူ၏ အသက်နှင့်လဲ၍ ကာကွယ်ပေးရမည့်သူ ဖြစ်နေသကဲ့သို့ပင်။

တုံ့ဆိုင်းခြင်းမရှိ၊ နောင်တရခြင်းမရှိဘဲ သူမအတွက် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ပေးမိမည် ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင်၊ ၎င်းသည် လက်ရှိအချိန်လေးကို ထာဝရတည်ရှိနေရန်သာ ဆုတောင်းမိလေသည်။

"ဂိုဏ်းတူညီမ လင်းအာ။"

ရုတ်တရက် သက်တံတံတားဆီမှ ခေါ်သံတစ်ခု ထွက်ပေါ်လာ၏။ ထျန်းလင်းအာ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ၌ ပျော်ရွှင်မှုများ ပြည့်လျှံသွားလေ၏။

သူမ၏ နှုတ်ခမ်းများက ပြုံးယောင်သန်းသွားသည်။

"စီနီယာအစ်ကိုချီ၊ ရောက်လာပြီပဲ။"

ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း၊ မည်သည့် နာကျင်မှုကိုမျှ မခံစားရချေ။

သူ၏ နှလုံးသား တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး၊ 'စီနီယာအစ်ကိုချီ၊ စီနီယာအစ်ကိုချီ၊ စီနီယာအစ်ကိုချီ' ဟူသော စကားလုံးများကိုသာ ထပ်တလဲလဲ ရေရွတ်နေမိသည်။

သက်တံတံတားဆီမှ လူတစ်ယောက် ဆင်းလာလေ၏။ ထိုသူမှာ ချီဟောင် ပင်ဖြစ်ပေ၏။

ချီဟောင်သည် ထျန်းလင်းအာထံသို့ လျင်မြန်စွာ လျှောက်သွားပြီး ညင်သာစွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်။ ကိုယ့်ရဲ့ ဂိုဏ်းတူညီတွေက နောက်ပြောင်ရတာကို သဘောကျကြတော့၊ တော်တော်နဲ့ အိပ်မပျော်ကြဘူးလေ။ အဲဒါကြောင့် မင်းကို အကြာကြီး စောင့်နေရအောင် လုပ်မိသွားတယ်။"

ထျန်းလင်းအာ၏ စိတ်ထဲ၌ ဒေါသ အနည်းငယ် ရှိနေခဲ့၏။ သို့သော် ချီဟောင်ကို မြင်လိုက်ရချိန်တွင် ထိုဒေါသများ ပျောက်ကွယ်သွားသည်။

သူမက ခေါင်းခါရင်း ပြုံးလိုက်၏။

"ကိစ္စမရှိပါဘူး၊ ကျွန်မလည်း အကြာကြီး မစောင့်ရသေးပါဘူး။"

သူမ စကားကို ခေတ္တရပ်လိုက်ပြီး ရေကန်ကို ကြည့်ကာ ဆက်ပြောသည်။

"ဒါပေမယ့် ဘာလို့ ကျွန်မတို့ ဒီမှာ တွေ့ကြရတာလဲ။ ဒီနေ့ အရှင်သခင် လင်က ရုတ်တရက်ကြီး ဒေါသထွက်သွားသေးတယ်။ ကျွန်မ သူ့ကို နည်းနည်းကြောက်နေတုန်းပဲ။"

ချီဟောင်က ရယ်မောလိုက်သည်။

"အဲဒါက ဘာမှမဟုတ်ပါဘူး။ ဆရာပြောတာ ကြားရသလောက်တော့ အရှင်သခင် လင်က ဆော့ကစားနေတာတဲ့”

“အားလုံး အဆင်ပြေပါတယ်။ ဒီမနက်နဲ့ ယှဉ်ရင်၊ ညဘက်က ပိုပြီး တိတ်ဆိတ်မနေဘူးလား။"

ထျန်းလင်းအာမှာ မျက်နှာလေး နီရဲသွားပြီး ခေါင်းငုံ့သွားလေ၏။

"ကျွန်မတို့ ဒီလိုမျိုး ခိုးတွေ့နေကြတာလေ။ ဒါက အဆင်ပြေပါ့မလား မသိဘူး။"

ချီဟောင်သည် သူမ၏ လှပသော မျက်နှာလေးကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။

"ဂိုဏ်းတူညီမလင်းအာ၊ လွန်ခဲ့တဲ့နှစ်နှစ်… ကိုယ်တို့ ပထမဆုံး တွေ့ခဲ့ကြကတည်းက၊ ကိုယ် မင်းအကြောင်းကိုပဲ တွေးနေမိတာ။”

“အဲဒါကြောင့် အိပ်ပျော်ဖို့တောင် ခက်ခဲခဲ့ရတယ်။ ကိုယ့်စိတ်ထဲမှာ မင်းရဲ့ ပုံရိပ်လေးနဲ့တင် ပြည့်နှက်နေခဲ့တာပါ။"

ထျန်းလင်းအာသည် သူမ၏ နှုတ်ခမ်းကို ကိုက်ထားလိုက်၏။ သူမ၏ မျက်နှာလေးမှာ ပို၍ နီရဲလာလေ၏။ သူမသည် ဒေါသထွက်နေပုံမရဘဲ ကြည်နူးနေပုံ ရပေသည်။

ချီဟောင်က ထပ်ပြောလိုက်သည်။

"ဂိုဏ်းတူညီမ လင်းအာ၊ ကိုယ်..."

ထျန်းလင်းအာက ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုချီ၊ ကျွန်မကို လင်းအာလို့ ခေါ်လို့ ရပါတယ်။"

ထို့နောက် သူမ ခေါင်းငုံ့ကာ တိုးညင်းစွာ ပြောလိုက်၏။

"ကျွန်မရဲ့ အဖေနဲ့အမေက ကျွန်မကို အဲဒီလို ခေါ်ကြတယ်လေ။"

ချီဟောင်မှာ သူ၏ နားကိုပင် မယုံကြည်နိုင်သကဲ့သို့ ဖြစ်သွားပြီးနောက် မေးလိုက်သည်။

"တကယ်လား၊ လင်း... လင်းအာ။"

All Chapters