အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅) မှောင်မိုက်သောည (၂)
ထျန်းလင်းအာသည် သေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူလိုက်၏။
သူမ၏ သတ္တိ အားလုံးကို စုစည်းကာ တိတ်ဆိတ်စွာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ဒီပုလဲလေးကို ကျွန်မနဲ့အတူ ကိုယ်နဲ့မကွာ သယ်ထားခဲ့တာပါ။"
သူမသည် ချီဟောင်ကို မကြည့်ရဲတော့ပေ။ သို့သော် အချိန်အတော်ကြာသည်အထိ ချီဟောင်ထံမှ မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။
ထျန်းလင်းအာမှာ စပ်စုချင်စိတ်ဖြင့် ချီဟောင်ကို ခိုးကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဖော်ပြ၍မရနိုင်သော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်ကိုသာ မြင်လိုက်ရသည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူတို့၏ လက်များကို ဆန့်တန်းကာ ပွေ့ဖက်လိုက်ကြလေတော့သည်။
လရောင်သည် သူတို့အပေါ်သို့ ဖြာကျနေပြီး၊ ချုံပုတ်များအပေါ်သို့လည်း ဖြာကျနေခဲ့၏။ သို့သော် မှောင်မိုက်နေသော ထောင့်ချိုးလေးဆီသို့မူ မရောက်နိုင်ခဲ့ပေ။
လမင်းကြီး အရှေ့ဘက် ကောင်းကင်ယံကို ကျော်လွန်သွားသည်အထိ ထိုစုံတွဲသည် ချိုမြိန်သော စကားများကို တိုးတိုးလေး ပြောဆိုနေခဲ့ကြ၏။ ထို့နောက် ချီဟောင်က ပြောလိုက်၏။
"လင်းအာ၊ အခု ညဉ့်နက်နေပြီ။ ကိုယ်တို့ ပြန်ကြတာ ပိုကောင်းမယ်။ ကိုယ်တို့ ဒီမှာ ရှိနေတာကို လူတွေ သိသွားရင် မကောင်းဘူးလေ။"
ထျန်းလင်းအာ ခေါင်းညိတ်ပြလိုက်၏။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ချီဟောင်သည် ထျန်းလင်းအာ၏ လက်ကိုဆုပ်ကိုင်ကာ သက်တံတံတားဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလေတော့သည်။
လရောင်သည် ထိုစုံတွဲအပေါ်သို့ ဖြာကျနေခဲ့၏။ ခဏအကြာတွင် သူတို့သည် သက်တံတံတားပေါ်၌ ပျောက်ကွယ်သွားကြလေတော့၏။
ညဉ့်ယံကား ပို၍ပင် ဝမ်းနည်းဖွယ် ကောင်းလာချေပြီ။
ချုံပုတ်များကြား၊ အရိပ်များထဲမှနေ၍ ကျန်းရှောင်ဖန်းသည် ဖြည်းညင်းစွာ ထွက်လာခဲ့ပြီး ရေကန်ကို စိုက်ကြည့်နေလေသည်။
ရေလှိုင်းလေးများနှင့်အတူ ယိမ်းနွဲ့နေသော ရေပြင်ထက်မှ လမင်းကြီးကို သူ စောင့်ကြည့်နေမိ၏။
သူ ငိုချင်နေခဲ့သည်။
သို့သော် အဆုံးတွင် မငိုခဲ့ပေ။ သူ၏ နှလုံးသားထဲမှ နာကျင်မှုသည် ရူးသွပ်နေသော သားရဲတစ်ကောင်က ရိုင်းစိုင်းစွာ ဝင်တိုက်နေသကဲ့သို့ နေရာအနှံ့၌ ဒဏ်ရာများကိုသာ ဖြစ်ပေါ်စေခဲ့လေသည်။
သို့တိုင်အောင် သူသည် သွားကိုတင်းတင်းကြိတ်ထားပြီး မည်သည့်စကားမျှ မဆိုခဲ့ပေ။
လွန်ခဲ့သော ငါးနှစ်က အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။
ထိုအချိန်က သူ၏ဘေး၌ ရှိနေသော လင်းကျင်းယွီမှလွဲ၍ အရာအားလုံးကို ဆုံးရှုံးခဲ့ရ၏။ ကမ္ဘာကြီးသည် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
ယနေ့ည၊ ဤအခိုက်အတန့်တွင်မူ သူ တစ်ယောက်တည်းသာ ဤအရာအားလုံးကို ရင်ဆိုင်နေရပေ၏။
"ခလော..."
သားရဲတစ်ကောင်၏ ဟောက်သံကဲ့သို့ တိုးညင်းသော ဟိန်းသံတစ်ခု အနောက်ဘက်မှ ထွက်ပေါ်လာသည်။
ကျန်းရှောင်ဖန်းသည် ရောထွေးနေသော ခံစားချက်များထဲမှ လန့်နိုးသွားလေ၏။ သူ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားတော့၏။
ချင်းယွင်ဂိုဏ်း၏ နတ်သားရဲဖြစ်သော 'အရှင်သခင် လင်' ခေါ် ဧရာမရေချီလင်ကြီးသည် သူ၏အနောက် အလွန်နီးကပ်သော နေရာ၌ တိတ်ဆိတ်စွာ ပေါ်လာခဲ့၏။
၎င်းသည် ခေါင်းကို ငုံ့ထားကာ သူ၏ မျက်လုံးများမှာ သူ၏ ခန္ဓာကိုယ်နှင့်ပင် ထိလုမတတ် ဖြစ်နေပေသည်။
ကျန်းရှောင်ဖန်းမှာ အသက်မရှိတော့သကဲ့သို့ ငြိမ်သက်နေခဲ့သောကြောင့် ၎င်းကို သတိမထားမိခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ရေချီလင်ကြီး၏ တောင်တစ်လုံးစာ ပမာဏရှိသော ခန္ဓာကိုယ်ကြီးက သူ၏ အရှေ့၌ ရှိနေသည်ကို ကျန်းရှောင်ဖန်း မြင်လိုက်ရ၏။
၎င်း၏ အစွယ်များမှာ လရောင်အောက်တွင် လင်းလက်နေ၏။ သူ နောက်သို့ ဆုတ်လိုက်ရာ ကျောက်တုံးတစ်တုံးနှင့် တိုက်မိပြီး ခလုတ်တိုက်မိသွားလေ၏။
သူ၏ အဝတ်အစားများမှာ ရှုပ်ပွသွားပြီး ခလုတ်တိုက်မိသွားချိန်တွင် သူ၏ အဝတ်အစားများထဲမှ တစ်စုံတစ်ခု ပြုတ်ကျသွားလေ၏။
ကျန်းရှောင်ဖန်းနှင့် ရေချီလင် နှစ်ဦးလုံး အောက်သို့ ကြည့်လိုက်ကြ၏။ သူတို့နှစ်ဦးကြားရှိ မြေပြင်ပေါ်တွင် အနက်ရောင် 'တုတ်' တစ်ချောင်း ငြိမ်သက်စွာ ကျနေလေ၏။
ရေချီလင်ကြီး၏ မျက်လုံးများထဲ၌ ကျန်းရှောင်ဖန်းနှင့် အရုပ်ဆိုးသော တုတ်တို့၏ ပုံရိပ်များ ထင်ဟပ်နေ၏။
ကျန်းရှောင်ဖန်း၏ စိတ်ထဲ၌ ဆက်တိုက် အော်ဟစ်နေမိ၏။ 'ပြေး၊ ပြေး၊ မြန်မြန်လုပ်။'
သို့သော် ရေချီလင်ကြီး၏ အရှေ့တွင်၊ သူ မည်မျှပင် ပြေးချင်နေပါစေ၊ သူ၏ ခြေထောက်နှစ်ချောင်းမှာ သူ့အပိုင် မဟုတ်တော့သကဲ့သို့ ခံစားနေရသည်။
၎င်းက ထိုနေရာ၌ပင် ထိုင်နေပြီး မလှုပ်မရှား ရှိနေလေ၏။ ရေချီလင်ကြီးသည် ကျန်းရှောင်ဖန်းကို တစ်ခဏမျှ ကြည့်ပြီးနောက် ၎င်း၏ အာရုံကို မီးတုတ်ဆီသို့ ပြောင်းလိုက်၏။
ဧရာမသားရဲကြီးသည် အနက်ရောင်တုတ်ကို မမှိတ်မသုန် စိုက်ကြည့်ကာ ၎င်း၏ မျက်လုံးများသည် မီးတုတ်ကို အပေါ်မှအောက်သို့ အကဲခတ် စစ်ဆေးနေသည်
၎င်း၏ ခေါင်းကြီးမှာ စက်ဝိုင်းပုံစံ လှည့်ပတ်သွားသော်လည်း၊ မည်သည့်အရာကိုမျှ နားမလည်နိုင်သေးပေ။
ထို့နောက် ၎င်း၏ ရှေ့လက်သည်းဖြင့် မီးတုတ်ကို သတိထားကာ ထိကြည့်လိုက်သည်။
ကျန်းရှောင်ဖန်းမှာ သူ မြင်နေရသော မြင်ကွင်းကြောင့် မှင်တက်သွား၏။
ဧရာမသားရဲကြီးကို သူ ကြောက်နေဆဲ ဖြစ်သော်လည်း၊ 'အရှင်သခင်လင်' သည် နှစ်ပေါင်း ထောင်ချီ အသက်ရှင်လာခဲ့သောကြောင့် ရူးသွားလေသလား၊ သို့မဟုတ် တာ့ဟွမ်ကဲ့သို့ပင် ကလေးဆန်ဆန် စိတ်ထားမျိုး ရှိနေသေး၍ တုတ်တစ်ချောင်းကို စိတ်ဝင်စားနေခြင်းလား ဟု စပ်စုချင်စိတ် ဖြစ်ပေါ်လာလေသည်။
ရေချီလင်ကြီး၏ လက်သည်းက မီးတုတ်ကို ထိမိသည်နှင့်၊ ချက်ချင်းပင် ၎င်း၏ လက်သည်းကို နောက်သို့ ပြန်ရုတ်လိုက်သည်။
ရေချီလင်ကြီးသည် ထိုတုတ်ကို အမှန်တကယ် ကြောက်ရွံ့နေပုံ ရလေ၏။ တုတ်မှာ အနည်းငယ် လိမ့်သွားပြီးနောက် ရပ်တန့်သွားသည်။ ၎င်းသည် ထိုနေရာ၌ ငြိမ်သက်စွာ ရှိနေပေသည်။
ရေချီလင်ကြီးမှာ စိတ်ရှုပ်ထွေးသွားသော်လည်း၊ လက်မလျှော့သေးချေ။ ၎င်း၏ ခေါင်းက ကျန်းရှောင်ဖန်းဆီသို့ ရုတ်တရက် လှည့်လာ၏။
၎င်း၏ ပါးစပ်မှ တိုးညင်းသော ဟိန်းသံတစ်ခု ထွက်ပေါ်လာရာ ကျန်းရှောင်ဖန်းမှာ အံ့သြသွားပြီး သူ၏ ကြွက်သားများ တင်းမာသွားလေ၏။ သူ ချက်ချင်းပင် အသက်အောင့်ထားလိုက်၏။
သို့သော် ယင်းမှာ တစ်စက္ကန့်မျှသာ ဖြစ်ပြီး၊ ၎င်း၏ ခေါင်းက တုတ်ဆီသို့ ပြန်လှည့်သွားသည်။
ယခုတစ်ကြိမ်တွင်မူ ၎င်းသည် ခေါင်းကို ငုံ့ကာ မီးတုတ်ကို အနံ့ခံကြည့်လိုက်သေး၏။ ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေလေ၏။
သို့တိုင်အောင် ဤသားရဲကြီး၏ ထူးဆန်းသော အပြုအမူကို ကြည့်ရင်း၊ ၎င်းမှာ တာ့ဟွမ်နှင့် အတိအကျ တူညီနေကြောင်း သူ သတိပြုမိလိုက်၏။
သူသာ အလွန်အမင်း စိတ်လှုပ်ရှားမနေပါက၊ ရယ်မောမိမည်မှာ သေချာပေ၏။
ခဏအကြာတွင် ရေချီလင်ကြီးသည် မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ကြောင်း ရှင်းလင်းလှပေ၏။ ၎င်းသည် ခေါင်းကို မော့လိုက်၏။
၎င်း၏ ခေါင်းကြီးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း စိတ်ရှုပ်ထွေးနေဆဲပင် ဖြစ်သည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင်မူ ၎င်း လက်လျှော့လိုက်လေ၏။
ရေချီလင်ကြီးသည် နှာခေါင်းမှုတ်လိုက်ပြီး ကျန်းရှောင်ဖန်းကို စူးရဲစွာ ကြည့်လိုက်သည်။ ကျန်းရှောင်ဖန်းမှာ တစ်ဖန် ပြန်လည် ထိတ်လန့်သွားရပြန်၏။
၎င်းသည် ရေကန်ဆီသို့ လျှောက်သွားပြီး ရေထဲသို့ ငုပ်ဆင်းသွားလေတော့သည်။
ကျန်းရှောင်ဖန်းသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ဖြည်းညင်းစွာ ထရပ်လိုက်၏။ သူ၏ ကျောဘက်ရှိ အဝတ်အစားများအားလုံး စိုရွှဲနေကြောင်း သူ ခံစားလိုက်ရ၏။
သူ၏ နဖူးပေါ်မှ ချွေးများမှာ မိုးပေါက်များအလားပင်။ သူ မီးတုတ်ကို ကောက်ယူလိုက်သော်လည်း ထူးဆန်းသည်ကို မတွေ့ရချေ။
သူ အသံကျယ်ကျယ်ဖြင့် ညည်းတွားလိုက်လေ၏။
"ဘုရားရေ။"
ရုတ်တရက် ရေကန်ထဲမှ ရေများ ပန်းထွက်လာ၏။ ရေချီလင်ကြီး၏ ဧရာမ အမြီးကြီးက ရေကန်မျက်နှာပြင်ပေါ်၌ ပေါ်လာပြန်သည်။
ကျန်းရှောင်ဖန်းသည် မီးတုတ်ကို သူ၏ အဝတ်အစားများထဲသို့ အလျင်အမြန် ပြန်ထည့်လိုက်၏။ ထို့နောက် သူ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးလေတော့သည်ယ
သူ၏ အနောက်မှ ရေသံများကို ကြားနေရသော်လည်း၊ သူ နောက်လှည့်ကြည့်ရန် သတ္တိမရှိခဲ့ပေ။
သူ လိုချင်သည့် တစ်ခုတည်းသောအရာမှာ ဤသားရဲကြီးနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်ပင်။
သူ သက်တံတံတားပေါ်သို့ ရောက်သောအခါ ရေသံကို မကြားရတော့သည်အထိ ဆက်ပြေးနေခဲ့၏။ နောက်ဆုံးတွင် တံတား၏ အဆုံးသို့ ရောက်သောအခါမှ သူ ရပ်တန့်လိုက်ပြီး မောဟိုက်နေတော့သည်။
ကျန်းရှောင်ဖန်း၏ အသက်ရှူနှုန်းမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသော်လည်း အလွန်ပင် ပင်ပန်းနေခဲ့သည်။
သူ ခေါင်းငုံ့ကြည့်လိုက်ရာ လရောင်အောက်တွင် အထီးကျန်နေသော အရိပ်တစ်ခုက သူ့နောက်မှ လိုက်ပါနေကြောင်း မြင်လိုက်ရပေ၏။
ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်ရာ အေးစက်နေသော လမင်းကြီးမှာ ကောင်းကင်ထက်၌ တွဲလွဲခိုနေလေ၏။ သူသည် ထိုလမင်းကြီးကို ငေးမောစွာ ကြည့်နေမိတော့သည်။
အရုဏ်တက်ချိန်တွင် လူတိုင်း နိုးထလာကြ၏။
တုပီရှုသည် သူ၏ ကျောကို ဆက်တိုက် ပွတ်သပ်နေရင်း အသံကျယ်ကျယ်ဖြင့် ညည်းတွားလိုက်လေ၏။
"တကယ်ပါပဲ၊ ကျုပ်ကျောက တစ်ညလုံးနီးပါး ကျိုးမတတ် ဖြစ်နေပြီ။ ပြိုင်ပွဲမှာ ကျုပ် ဘယ်လိုလုပ် ဝင်ပြိုင်ရတော့မလဲ။"
လွီတာ့ရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"နံပါတ် ၆ မအော်ပါနဲ့ကွာ။ ငါ့ကျောမှာတော့ ဘာမှ မခံစားရပါဘူး။"
စုန့်တာ့ရန်က ဝင်ပြောလိုက်၏။
"ဟုတ်တယ်၊ ဆဋ္ဌမညီ၊ မင်း တစ်ညလုံး ညည်းနေတာနဲ့ မလုံလောက်သေးဘူးလား။ ပဉ္စမညီနဲ့ ဂျူနီယာညီလေးတောင် ဘာမှမပြောတာ မင်း မကြားဘူးလား။"
တုပီရှုက မျက်လုံးကို လှန်ပြရင်း ပြောလိုက်၏။
"ပဉ္စမ စီနီယာအစ်ကိုက ကြွက်သားတွေနဲ့ အရေပြားတွေ မာကျောနေတာကိုး။ ဂျူနီယာညီလေးကို မေးကြည့်ပါလား၊ သူ့ကို ကြည့်ဦး။”
“ဟေး... ဂျူနီယာညီလေး၊ မင်းမျက်လုံးထဲက သွေးကြောတွေ ဘာလို့နီရဲနေတာလဲ။ မနေ့ညက မင်း တကယ်ပဲ အိပ်မပျော်ဘူးလား။"
ကျန်းရှောင်ဖန်းသည် အိပ်ရာခင်းများကို သိမ်းဆည်းပြီးနောက် ပြတင်းပေါက်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကောင်းကင်ယံကို စိုက်ကြည့်နေလေသည်။
တာ့ဟွမ်က သူ့ခြေထောက်နားတွင် လှဲလျောင်းနေ၏။ ရှောင်ဟွေးမှာမူ တာ့ဟွမ်၏ အမွေးများကြားတွင် သန်းရှာပေးနေသည်။
တုပီရှုသည် သူ့ထံသို့ လျှောက်လာပြီး ကျန်းရှောင်ဖန်း၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်၏။ ကျန်းရှောင်ဖန်း လန့်သွား၏။
ရှောင်ဟွေးနှင့် တာ့ဟွမ်တို့လည်း သူ့ကြောင့် အံ့သြသွားကြလေသည်။ ကျန်းရှောင်ဖန်းက မေးလိုက်၏။
"ဘာ... ဘာဖြစ်လို့လဲ။"
တုပီရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှောင်ဖန်း၊ မင်း ဘာလို့ စိတ်လွင့်နေရတာလဲ။ မနေ့ညက မင်း တကယ် အိပ်မပျော်တာလား။"
ကျန်းရှောင်ဖန်းမှာ ရုတ်တရက် ထိန့်လန့်သွားသည်။ သူညကမအိပ်သည်ကို သူ၏ စီနီယာအကို သိများသိသွားပြီလား။
"မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး။"
တုပီရှုက ဆက်မေး၏။ "ဒါဆို မင်းမျက်လုံးတွေက ဘာလို့ နီရဲနေတာလဲ။"
ကျန်းရှောင်ဖန်း ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် ဟယ်တာကျစ်က ဖြတ်ပြောလိုက်သည်။
"နံပါတ် ၆ သူများကိစ္စကို ဝင်မစွက်စမ်းပါနဲ့။ ဂျူနီယာညီလေးက အိပ်မပျော်လည်း ကိစ္စမရှိဘူး။ ဒီနေ့ သူက ပြိုင်စရာမှ မလိုတာ။”
“မင်းသာ မြန်မြန်ဆန်ဆန် မပြင်ဆင်ဘူးဆိုရင်၊ နောက်ကျလို့ သူများတွေကို အပြစ်မတင်နဲ့နော်။"
တုပီရှုမှာ ကျန်းရှောင်ဖန်းအတွက် ဆက်၍ မစိုးရိမ်နိုင်တော့ပေ။
သူသည် အခန်း၏ အခြားတစ်ဖက်သို့ ပြေးသွားပြီး လွီတာ့ရှင်း၏ မျက်နှာသစ်ဇလုံကို ယူကာ မျက်နှာကို ကြမ်းတမ်းစွာ သစ်ရင်း ရေရွတ်လိုက်လေ၏။
"ဟွန့်၊ ဂျူနီယာညီလေးကတော့ ဘဝကောင်းတာပဲ။ သူ့ရဲ့ အိပ်ချင်မူးတူး မျက်နှာကို ကြည့်စမ်းပါ။”
“တကယ်ပါပဲ၊ ပဉ္စမ စီနီယာအစ်ကို၊ ဇလုံကို ကျုပ်ကို ပြန်ပေး၊ ကျုပ် နောက်ကျနေပြီ။"
"ဟေ့ကောင်၊ ငါ မျက်နှာမသစ်ရသေးဘူးကွ။"
ကျန်းရှောင်ဖန်းသည် သူ၏ စီနီယာအစ်ကိုများ ဇလုံလုနေကြသည်ကို ငြီးငွေ့လာသဖြင့် အပြင်သို့ လျှောက်ထွက်လာခဲ့သည်။။
စုန့်တာ့ရန်က သူ့အနောက်မှ လှမ်းမေးလိုက်၏။
"ဂျူနီယာညီလေး၊ မင်း မျက်နှာသစ်ပြီးပြီလား။"
ကျန်းရှောင်ဖန်းက လှည့်ဖြေလိုက်၏။
"သစ်ပြီးပြီ၊ စီနီယာအစ်ကိုကြီး။"
စုန့်တာ့ရန် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ။ မင်း လမ်းလျှောက်ထွက်တာ အဆင်ပြေပေမယ့်၊ မနက်စာစားဖို့ ထမင်းစားဆောင်ကို သွားဖို့ မမေ့နဲ့နော်၊ ကြားလား။”
"ဟုတ်ကဲ့ပါ။"
ရှောင်ဟွေးက ကျန်းရှောင်ဖန်း၏ ပခုံးပေါ်သို့ ခုန်တက်လိုက်၏။
တာ့ဟွမ်က ရှောင်ဟွေး ထွက်သွားသည်ကို မြင်သောအခါ၊ ၎င်းလည်း ထကာ သူတို့အနောက်မှ ပျင်းရိစွာ လိုက်ပါလာလေ၏။
စင်္ကြံလမ်းတစ်လျှောက်တွင် အလုပ်များနေကြသော ချင်းယွင်ဂိုဏ်းမှ တပည့်များ၏ ပုံရိပ်များကို ကျန်းရှောင်ဖန်း တွေ့လိုက်ရ၏။
ခဏအကြာတွင် ကျန်းရှောင်ဖန်းသည် တိမ်ပင်လယ်သို့ မသိမသာ ရောက်ရှိသွားလေတောသည်။
အချိန်က စောနေသေး၏။ တိမ်ပင်လယ်ဝန်းကျင်၌ တပည့် အနည်းငယ်ခန့်သာ လမ်းလျှောက်နေကြ၏။
အေးမြသော လေပြေက တိုက်ခတ်လာပြီး ကျန်းရှောင်ဖန်း၏ ပါးပြင်ကို ဖြတ်သန်းသွားလေသည်။
အေးစက်လှပေသည်။
မနေ့ညကလိုမျိုးပင်။
သူ၏ နှလုံးသားက နာကျင်နေခဲ့၏။ သူသည် အသက်ဆယ့်ခြောက်နှစ် ရှိနေပြီ ဖြစ်၏။
တာ့ကျူးတောင်ထိပ်၌ ငါးနှစ်တာ ကာလအတွင်း၊ စီနီယာအစ်မအပေါ်ထားရှိသော သူ၏ အချစ်မှာ နှလုံးသားထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်လေသည်။
မနေ့ညက ထျန်းလင်းအာနှင့် ချီဟောင်တို့ ခိုးတွေ့နေကြသည်ကို ကိုယ်တိုင်မျက်မြင် တွေ့ခဲ့ရ၏။ သူ၏ စိတ်ထဲတွင် ကစဉ့်ကလျား ဖြစ်နေတော့၏။
သူ၏ နှလုံးသားကို သေမတတ် နာကျင်စေခဲ့သော မနေ့ညက ပုံရိပ်များသည် သူ၏ စိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်လာနေလေ၏။ .
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရည်ရွယ်ချက်မဲ့စွာ လေလွင့်နေမိ၏။
"ဟင်။"
ရုတ်တရက် အနောက်ဘက်မှ အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ကျန်းရှောင်ဖန်းကို အံ့အားသင့်သွားစေ၏။
သူ၏ဘေး၌ ချင်းယွင်ဂိုဏ်းမှ တပည့်လူငယ်တစ်ဦး ရပ်နေသည်ကို မြင်လိုက်ရ၏။
ထိုသူ၏ လက်ထဲတွင် တောင်တန်းများနှင့် မြစ်များ ရေးဆွဲထားသော ရွှေရောင် ယပ်တောင်တစ်ချောင်း ပါရှိလေ၏။
သူ၏ တောက်ပသော မျက်လုံးများက ကျန်းရှောင်ဖန်းကို မကြည့်ဘဲ၊ ကျန်းရှောင်ဖန်း၏ ပခုံးပေါ်တွင် ထိုင်နေသော ရှောင်ဟွေးကိုသာ စိုက်ကြည့်နေပေသည်။
အခန်း (၃၆) သိုင်းပြိုင်ပွဲ (၁)
ရှောင်ဟွေးသည် ထိုသူက ၎င်းအား ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ထို့နောက် ဒေါသထွက်သွားကာ ထိုသူ့အား လက်သည်းဖြင့် ကုတ်လိုက်လေသည်။ ထိုသူမှာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပေ။
သူ၏မျက်နှာမှာ အနည်းငယ် ကုတ်ခြစ်ခံရလုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာပင် သူက အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး လည်ပင်းကို နောက်သို့ဆုတ်ကာ ရှောင်တိမ်းနိုင်ခဲ့ပေသည်။
ကျန်းရှောင်ဖန်း အံ့သြသွားပြီး ရှောင်ဟွေးကို ရပ်တန့်ရန် လှမ်းဟန့်လိုက်၏။ ထိုသူသည်လည်း အံ့အားသင့်သွားပုံရပေသည်။
သူက ပါးကို လက်ဖြင့်အုပ်ရင်း ရေရွတ်လိုက်လေသည်။
"တော်သေးတာပေါ့။"
ကျန်းရှောင်ဖန်း အနည်းငယ် ရှက်ရွံ့သွားပြီး တောင်းပန်လိုက်၏။
"စီနီယာအစ်ကိုကြီး၊ တောင်းပန်ပါတယ်ဗျာ။"
ထင်မှတ်မထားစွာပင် ထိုသူက ဂရုမစိုက်ပေ။ သူက လက်ကာပြလိုက်ပြီး ပြုံး၍ ပြောလာလေသည်။
"ရပါတယ်ကွာ။ ငါကိုယ်တိုင် သတိလက်လွတ်ဖြစ်သွားတာပါ။”
“မျက်စိသုံးလုံးမျောက်တွေက ဒေါသကြီးပြီး လူတွေကို အန္တရာယ်ပေးတတ်တယ်ဆိုတာကို မေ့သွားလို့ပါ။"
ကျန်းရှောင်ဖန်း လန့်ဖျပ်သွား၏။
"မျက်စိသုံးလုံးမျောက် ဟုတ်လား။"
ထိုသူက အံ့သြသွားလေသည်။
"ဘာလဲ။ မင်းက ဒီမျောက်လေးဟာ မျက်စိသုံးလုံးမျောက်ဆိုတာကို မသိဘူးလား။"
ကျန်းရှောင်ဖန်းမှာ ဇဝေဇဝါဖြစ်သွားသည်။
"မျက်စိသုံးလုံးမျောက်ဆိုတာ ဘာကြီးလဲဗျ။"
ထိုသူက မျက်လုံးပြူးသွားပြီး ကျန်းရှောင်ဖန်းအား စေ့စေ့စပ်စပ်ကြည့်ကာ မေးလိုက်လေသည်။
"မင်းက မျက်စိသုံးလုံးမျောက်မှန်းတောင် မသိဘဲနဲ့ သူ့ကို ဘယ်လို ပိုင်ဆိုင်ထားရတာလဲ။"
ကျန်းရှောင်ဖန်းက ပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်တော် ဝါးခုတ်နေတုန်းက သူက ထင်းရှူးသီးတွေနဲ့ လှမ်းပေါက်တာဗျ။ ပြီးတော့ အိမ်အထိ နောက်ကနေ လိုက်လာတာပဲ။"
ထိုချင်းယွင်ဂိုဏ်းသားမှာ မေးရိုးပြုတ်ကျမတတ် အံ့သြသွားပြီး တတွတ်တွတ် ရေရွတ်နေလေသည်။
"ထင်းရှူးသီးနဲ့ အပေါက်ခံရပြီး အိမ်အထိ လိုက်လာတယ်တဲ့။ ထင်းရှူးသီးနဲ့ အပေါက်ခံရပြီး အိမ်အထိ လိုက်လာတယ်..."
ကျန်းရှောင်ဖန်း ခေါင်းခါပြီး ထွက်လာခဲ့၏။ ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးသည်နှင့် ထိုသူက သူ၏နောက်သို့ လိုက်လာပေသည်။
ထိုသူက ပြုံးရွှင်စွာဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။
"ဂျူနီယာညီလေး။ အာ... မဟုတ်ဘူး၊ စီနီယာအစ်ကို၊ မင်း..."
ဤသည်မှာ ကျန်းရှောင်ဖန်းအား စီနီယာအစ်ကိုဟု ပထမဆုံးအကြိမ် ခေါ်ဆိုခံရခြင်းဖြစ်၏။
ထိုသူ၏အသက်မှာ အနည်းဆုံး နှစ်ဆယ်ဝန်းကျင်ခန့် ရှိပေမည်။ ထို့ကြောင့် ကျန်းရှောင်ဖန်း အလျင်အမြန် တားလိုက်လေသည်။
" ကျွန်တော်က အဲဒီလိုအခေါ်ခံရဖို့ မထိုက်တန်ပါဘူးဗျာ။ ခင်ဗျား ပြောချင်တာသာ ပြောပါ။"
ထိုသူက ပြုံးဖြီးဖြီး လုပ်လိုက်၏။
"ဟားဟား... ဂျူနီယာညီလေးက ပေါင်းသင်းရ လွယ်ကူသားပဲ။ ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးမယ်။”
“ငါ့မျိုးရိုးနာမည်က ကျန်း၊ နာမည်က ရှူရှူပါ။ ဖုန့်ဟွေ့တောင်ထိပ်က တပည့်ပေါ့။ ဂျူနီယာညီလေးရဲ့ နာမည်က..."
ကျန်းရှောင်ဖန်းက ပြန်ဖြေလိုက်လေသည်။
"ကျွန်တော်က တာ့ကျူးတောင်ထိပ်က တပည့် ကျန်းရှောင်ဖန်းပါ။ ကျန်းစီနီယာအစ်ကိုကြီးက... အမ်း... 'ဦးလေး' လား။"
ထိုသူက လန့်ဖျပ်သွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်၏။
"အာ... ငါက မင်းအပေါ် အခွင့်အရေးယူဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ငါ့ရဲ့ ရှူရှူဆိုတာက စာအုပ်ကို ပြောတာပါ။”
“ဦးလေးကို ပြောတာ မဟုတ်ဘူးကွ။ အားလုံးက ငါ့အဖေကြောင့် ဖြစ်ရတာပဲ။ ငါ့အမေက ငါ့ကို ယင်းရှုန်းလို့ နာမည်ပေးခဲ့တာ။”
“ကျန်းယင်းရှုန်းဆိုတော့ ဘယ်လောက်တောင် ခံ့ညားလိုက်တဲ့ နာမည်လဲကွာ။ ဒါပေမဲ့ ငါ့အဖေက ငါ စာဖတ်ဝါသနာပါတာကို မြင်တော့ ရှူရှူလို့ နာမည်ပြောင်းပေးလိုက်တာလေ။”
“တကယ်ကို ဟာသတစ်ခု ဖြစ်သွားတော့တာပါပဲ။"
ကျန်းရှောင်ဖန်းမှာ အသံထွက်၍ ရယ်မောမိတော့မတတ် ဖြစ်သွားရလေသည်။ ဤသူ၏နာမည်မှာ ဆဋ္ဌမစီနီယာအစ်ကိုကြီး၏ နာမည်ကဲ့သို့ပင် ရယ်စရာကောင်းလှပေသည်။
သူ၏စိတ်ထဲရှိ စိတ်ပျက်အားငယ်မှုများသည် ဤသူကြောင့် အတန်ငယ် သက်သာရာရသွားချေပြီ။ ထို့နောက် သူက မေးလိုက်၏။
"အာ... ဒါဆိုရင် စီနီယာအစ်ကိုကျန်းက စာဖတ်တာကို တကယ် ဝါသနာပါတာပေါ့။"
ကျန်းရှူရှူက ပြုံးလိုက်လေသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ နှိမ့်ချနေဖို့ မလိုပါဘူး။ ဖုန့်ဟွေ့တောင်ထိပ်တစ်ခုလုံးမှာ ငါ့လောက် စာဖတ်များတဲ့သူ တစ်ယောက်မှ မရှိဘူး။”
“ဒါပေမဲ့ အချိန်အများစုမှာတော့ ငါက ထူးဆန်းတဲ့ အကြောင်းအရာတွေနဲ့ ထူးခြားဆန်းကြယ်တဲ့ မှော်ဝင်သတ္တဝါတွေအကြောင်းကိုပဲ ဖတ်ရတာ သဘောကျတယ်။”
“အဲဒါကြောင့်ပဲ ငါ့အဖေက ငါ့ကို ခဏခဏ ဒေါသထွက်လေ့ရှိတာပေါ့။ အာ... ဘာပဲဖြစ်ဖြစ် မင်းက ဒီမျောက်လေး မျက်စိသုံးလုံးမျောက်ဆိုတာကို တကယ် မသိတာလား။"
ကျန်းရှောင်ဖန်း ခေါင်းခါလိုက်ပြီး သူမသိကြောင်း ပြလိုက်သည်။
"မသိပါဘူး။ ကျွန်တော်က သာမန်မျောက်တစ်ကောင်လို့ပဲ ထင်ထားတာ။"
သူတို့ပြောနေသည်များကို နားလည်သည့်အလား ရှောင်ဟွေးက ရုတ်တရက် အော်ဟစ်လိုက်ပြီး ကျန်းရှောင်ဖန်း၏ ဆံပင်များကို ဆွဲဆောင့်လိုက်လေသည်။ ကျန်းရှောင်ဖန်း အော်လိုက်၏။
"အာ... တုံးအတဲ့ မျောက်စုတ်။"
ကျန်းရှူရှူက ထိုမျောက်ကို အားကျသဘောကျစွာ ကြည့်ရင်း ပြောလိုက်လေသည်။
"အရမ်းဉာဏ်ကောင်းတာပဲ။"
ကျန်းရှောင်ဖန်းက နာကျင်မှုကို အောင့်ခံရင်း ပြောလိုက်၏။
"ဒီမျောက်ငတုံး သိတာက လူတွေကို ဘယ်လိုရိုက်ရမလဲဆိုတာပဲ ရှိတာ။ ဒါကိုများ ခင်ဗျားက ဉာဏ်ကောင်းတယ်လို့ ခေါ်သေးတယ်လား။"
ကျန်းရှူရှူက ပြောလိုက်လေသည်။
"ဒီမျောက်လေးက သာမန်လို့ ထင်ရပေမဲ့ ဒီလောက် အားကောင်းတဲ့ ဝိညာဉ်အသိဉာဏ် ရှိနေတာကို ကြည့်ရင် ရှားပါးတဲ့ နတ်သားရဲတစ်ကောင်ပဲ ဖြစ်ရမယ်။”
“သူ့မျက်လုံးနှစ်လုံးကြားက မျဉ်းကြောင်းသေးသေးလေးကို မင်း မြင်လား။"
ကျန်းရှောင်ဖန်း လှည့်၍ သေချာစိုက်ကြည့်လိုက်ရာ မီးခိုးရောင်အမွှေးများအောက်တွင် ပါးလျသော ဒေါင်လိုက်မျဉ်းကြောင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
သေချာစွာ စစ်ဆေးကြည့်ရှုခြင်းမရှိဘဲနှင့် ထိုအရာကို တွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။ သူက ကျန်းရှူရှူအား လေးစားစွာဖြင့် ပြောလိုက်လေသည်။
"ဒီလောက် သေးငယ်တဲ့ အသေးစိတ်အချက်အလက်ကိုတောင် ခင်ဗျားက သတိထားမိတာပဲ။ တကယ် အံ့သြစရာပါလား။"
ကျန်းရှူရှူက လေးနက်တည်ကြည်စွာဖြင့် ဆိုလေသည်။
"သူ့ကို အထင်မသေးနဲ့။ 'ထူးဆန်းသော သတ္တဝါများ မှတ်တမ်း' ဆိုတဲ့ စာအုပ်ထဲမှာ ငါဖတ်ဖူးသလောက်ဆိုရင် မျက်စိသုံးလုံးမျောက်ဆိုတာ နတ်ဘုရားသားရဲတစ်ကောင်ပဲ။”
“ငယ်ရွယ်စဉ်မှာ သာမန်မျောက်နဲ့ ဘာမှမကွာခြားပေမဲ့ ကြီးပြင်းလာတဲ့အခါမှာတော့ သူ့ရဲ့ တတိယမြောက်မျက်လုံးက ပွင့်လာလိမ့်မယ်။”
“သူက ဒြပ်စင်ငါးပါး မှော်ပညာတွေကို အသုံးပြုနိုင်ရုံသာမကဘဲ မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာက အရာတွေကိုပါ မြင်နိုင်စွမ်း ရှိတယ်။”
“ဒဏ္ဍာရီထဲက 'အတိတ်နာဂတ်ကို မြင်နိုင်စွမ်း' ဆိုတာ ဒီမျက်စိသုံးလုံးမျောက်ဆီကနေ ဆင်းသက်လာတာပဲ။"
ကျန်းရှောင်ဖန်းသည် ရှောင်ဟွေးကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်၏။
ထိုမျောက်လေးတွင် ဤမျှကြီးကျယ်ခမ်းနားသော နောက်ခံသမိုင်းကြောင်း ရှိမည်ဟု သူ မယုံကြည်နိုင်သေးချေ။
မည်သို့ပင် ပုံဖော်ကြည့်ရန် ကြိုးစားစေကာမူ ရှောင်ဟွေးမှာ သာမန်မျောက်ဝတုတ်လေး တစ်ကောင်မှအပ အခြားတစ်စုံတစ်ရာနှင့် မတူပေ။
ရှောင်ဟွေးမှာ ရှောင်ကျူးတောင်ထွတ်တွင် ညအိပ်ခဲ့သည့် တစ်ညတည်းနှင့်ပင် ကိုယ်အလေးချိန် အနည်းငယ် တက်လာပုံရလေသည်။
ရှောင်ဟွေးမှာ အဘယ်ကြောင့် လူအများအပြားက ၎င်းအား ဝိုင်းကြည့်နေကြသနည်းဟူသော အချက်ကို ဇဝေဇဝါဖြစ်နေ၏။
ထိုးနောက် ၎င်းက ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။ ကျန်းရှောင်ဖန်း မျက်နှာမဲ့လိုက်ပြီး ရှောင်ဟွေးအား တာ့ဟွမ်ဆီသို့ ပစ်လွှတ်လိုက်ပေသည်။
တာ့ဟွမ် အံ့သြသွားပြီး ခုန်ရှောင်လိုက်သော်လည်း ရှောင်ဟွေးဖြစ်နေသည်ကို မြင်သောအခါ သက်ပြင်းချလိုက်လေသည်။
ရှောင်ဟွေးက တစ်စုံတစ်ရာကို သရုပ်ပြသလို ဟန်အမူအရာ လုပ်ပြပြီးနောက် တာ့ဟွမ်၏ သန်းများကို ရှာဖွေပေးရန် အာရုံစိုက်သွားတော့၏။
ကျန်းရှူရှူသည် ရှောင်ဟွေးအား အားကျသဘောကျစွာ ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ကျန်းရှောင်ဖန်းအား မေးလိုက်လေသည်။
"ဂျူနီယာညီလေးကလည်း တောင်ထွတ်ခုနစ်ခု ကိုယ်ခံပညာပြိုင်ပွဲကို ဝင်ပြိုင်ဖို့ လာတာလား။"
ကျန်းရှောင်ဖန်း ခေါင်းညိတ်ပြလိုက်၏။
"စီနီယာအစ်ကိုကရော။"
ကျန်းရှူရှူက ပြုံးလိုက်လေသည်။
"ငါလည်း အတူတူပါပဲ။ မနေ့က ငါ နံပါတ် သုံးဆယ့်သုံး ရခဲ့တယ်။ မင်းရဲ့နံပါတ်က ဘယ်လောက်လဲ။ ဒီနေ့ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်လာရင် အကောင်းဆုံးပဲနော်။"
ကျန်းရှောင်ဖန်းလည်း ပြုံးလိုက်ပေသည်။
"ကျွန်တော်က နံပါတ်တစ် ရခဲ့တာဗျ။"
ကျန်းရှူရှူ အံ့အားသင့်သွား၏။
"မနေ့က မဲနှိုက်ခဲ့တဲ့ တာ့ကျူးတောင်ထိပ်က တပည့်ဆိုတာ မင်းလား။"
ကျန်းရှောင်ဖန်း မျက်နှာနီရဲသွားကာ ခေါင်းညိတ်ပြလိုက်လေသည်။
ကျန်းရှူရှူက ပြုံးလိုက်၏။
"မင်းက တော်တော်ကံကောင်းတာပဲ။"
ထို့နောက် သူက ခေတ္တရပ်ကာ စိတ်ထဲတွင် တွက်ချက်လိုက်ပြီး ပြောလိုက်လေသည်။
"ငါတို့တွေ ဗိုလ်လုပွဲမတိုင်ခင်အထိ ဆုံဖြစ်ကြမှာမဟုတ်ဘူးထင်တယ်။ ဒါကတော့ ခက်ခဲလိမ့်မယ်။"
ကျန်းရှောင်ဖန်း ရယ်မောလိုက်လေသည်။
"ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒုတိယအချီ ပြီးတာနဲ့ ပြုတ်မှာ သေချာပါတယ်။"
ကျန်းရှူရှူက လျှာထုတ်ပြလိုက်၏။
"ငါကတော့ ပထမအချီကိုတောင် ကျော်ဖြတ်နိုင်ပါ့မလား မသိပါဘူး။"
သူတို့နှစ်ဦးသား ရယ်မောလိုက်ကြပေသည်။ ထို့နောက် အတန်ကြာ စကားစမြည် ပြောဆိုနေကြပြီးနောက် စုန့်တာ့ရန်က လှမ်းခေါ်လိုက်လေသည်။
"ရှောင်ဖန်း။ ထမင်းစားရအောင်။"
ကျန်းရှောင်ဖန်း ပြန်ထူးလိုက်ပြီး ကျန်းရှူရှူအား နှုတ်ဆက်လိုက်၏။
တာ့ဟွမ်နှင့် ရှောင်ဟွေးတို့က ကျန်းရှောင်ဖန်းနောက်မှ လိုက်ပါသွားကာ စုန့်တာ့ရန်ထံသို့ သွားကြလေသည်။ စုန့်တာ့ရန်က မေးလိုက်ပေသည်။
"ရှောင်ဖန်း…မင်း စကားပြောနေတဲ့သူက ဘယ်သူလဲ။"
"ဖုန့်ဟွေ့တောင်ထိပ်က စီနီယာအစ်ကိုကြီးပါ။ သူ့နာမည်က ကျန်းရှူရှူတဲ့။"
စုန့်တာ့ရန် အံ့သြသွားလေသည်။
"ကျန်းရှူရှူ။"
ကျန်းရှောင်ဖန်း ဇဝေဇဝါဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ စီနီယာအစ်ကိုကြီး။"
စုန့်တာ့ရန် လှည့်လာပြီး ပြောလိုက်လေသည်။
"အဲဒီလူက ဖုန့်ဟွေ့တောင်ထိပ်ရဲ့ အကြီးအကဲ ကျန်းရှူချန်၊ စီနီယာဦးလေးကြီးရဲ့ တစ်ဦးတည်းသောသားလေ။”
“သူက အရမ်းပါရမီပါပြီး မှတ်ဉာဏ်အားကောင်းသလို ဗဟုသုတလည်း ကြွယ်ဝတယ်။”
“သူ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း အရမ်းနက်နဲတယ်။ သူက ဒီပြိုင်ပွဲအတွက် လူပြောအများဆုံး ပြိုင်ဘက်တွေထဲက တစ်ယောက်ပဲ။"
ကျန်းရှောင်ဖန်း လန့်ဖျပ်သွားပြီး ပြောစရာစကားပင် ရှာမတွေ့တော့ချေ။
နံနက်စာစားပြီးနောက် ချင်းယွင်ဂိုဏ်းသားများသည် တိမ်ပင်လယ်တွင် စုရုံးရောက်ရှိလာကြ၏။ ထိုနေရာတွင် လူရာပေါင်းများစွာ ရှိနေလေသည်။
လူတိုင်း နံနက်စာစားနေကြစဉ်အတွင်း ကြီးမားကျယ်ဝန်းသော ရင်ပြင်ပေါ်တွင် စင်မြင့်ရှစ်ခုကို တည်ဆောက်ထားပြီးဖြစ်ပေသည်။
စင်မြင့်တစ်ခုနှင့်တစ်ခုမှာ မီတာနှစ်ဆယ်ခန့် ကွာဝေး၏။ ၎င်းတို့ကို ပါကွပုံသဏ္ဌာန်ဖြင့် နေရာချထားလေသည်။
အကြီးဆုံးစင်မြင့်ဖြစ်သော ချန်းစင်မြင့်၏ဘေးတွင် အနီရောင်စာရင်းကြီးတစ်ခုကို ထောင်ထားပြီး တပည့်များ၏ အမည်များကို ရွှေရောင်စာလုံးများဖြင့် အမှတ်စဉ်တပ်ကာ ပြသထားပေသည်။
ကျန်းရှောင်ဖန်း၏ အမည်မှာ အစွန်ဆုံး ညာဘက်ထောင့်တွင် ရှိနေပြီး ပြိုင်ဘက် မရှိပေ။