အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇) သိုင်းပြိုင်ပွဲ (၂)
ကျန်းရှောင်ဖန်း သူ၏စီနီယာအစ်ကိုကြီးများကို လိုက်ကြည့်လိုက်၏။
သူတို့အားလုံး ပြုံးရွှင်နေကြသော်လည်း ဆဋ္ဌမစီနီယာအစ်ကိုကြီး တုပီရှုကမူ မကျေမနပ် ညည်းညူနေလေသည်။
"မတရားဘူး၊ မတရားဘူး၊ မတရား..."
"ပါးစပ်ပိတ်ထားစမ်း။"
သူတို့၏ဘေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ သူတို့ အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ ထျန်းပုယီ၊ စုရုနှင့် ထျန်းလင်းအာတို့ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
တာ့ကျူးတောင်ထိပ်မှ တပည့်များ အလျင်အမြန် အရိုအသေပေးလိုက်ကြလေသည်။
"ဆရာ။ ဆရာကတော်။"
ထျန်းပုယီ ခေါင်းညိတ်လိုက်သော်လည်း မည်သည့်စကားမှ မဆိုပေ။ စုရုက ပြောလိုက်၏။
"ပြိုင်ပွဲက မကြာခင် စတော့မယ်။ မင်းတို့တွေ ငါတို့ကို ဂုဏ်ယူရအောင် လုပ်ပေးရမယ်နော်၊ နားလည်လား။"
"ဟုတ်ကဲ့ပါ။"
သူတို့အားလုံး တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြလေသည်။
ကျန်းရှောင်ဖန်း သတိထားမိသည်မှာ ဆရာကတော်၏ဘေးတွင် ရပ်နေသော ထျန်းလင်းအာကိုသာ ဖြစ်ပေသည်။
ယနေ့တွင် သူမသည် ပို၍လှပနေပုံရ၏။ သူမ၏ စိတ်အခြေအနေမှာလည်း အလွန်ကောင်းမွန်နေပုံရလေသည်။
ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ အပ်ဖြင့် ထိုးဆွခံလိုက်ရသကဲ့သို့ နာကျင်သွားပေသည်။ သူမ၏ မျက်နှာလေးကို ဆက်မကြည်နိုင်သောကြောင့် သူက ခေါင်းကို ငုံ့ထားလိုက်လေ၏။
"ရှောင်ဖန်း။"
စုရုသည် သူမ၏တပည့်ဖြစ်သူ ယနေ့တွင် ထူးခြားနေသည်ကို သတိပြုမိသွား၏။ သူမက သူ၏အနီးသို့ လျှောက်လာလေသည်။
ကျန်းရှောင်ဖန်း အလျင်အမြန် ခေါင်းမော့ကာ ပြန်ထူးလိုက်ပေသည်။
"ဗျာ... ဆရာကတော်။"
"မင်း အဆင်ပြေရဲ့လား။"
ကျန်းရှောင်ဖန်း ခေါင်းခါလိုက်လေသည်။
"ဘာမှမဖြစ်ပါဘူး ဆရာကတော်။"
စုရုသည် ကျန်းရှောင်ဖန်းအား ကြည့်လိုက်ပြီး ပြောလိုက်၏။
"ရှောင်ဖန်း။ မင်းက ကံကောင်းလို့ ပထမအချီကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မတွေရဲ့ တိုက်ခိုက်မှုတွေကို သေချာဂရုစိုက်ပြီး ကြည့်ရှုဖို့ လိုသေးတယ်နော်။”
“အဲဒါက မင်းအတွက် အကျိုးဖြစ်စေလိမ့်မယ်။ နားလည်လား။"
ကျန်းရှောင်ဖန်း ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ ဆရာကတော်။"
စုရုသည် ထျန်းပုယီဘက်သို့ လှည့်လိုက်၏။ သူက ခေါင်းညိတ်ပြပြီးနောက် စင်မြင့်ဆီသို့ လျှောက်သွားလေသည်။
တာ့ကျူးတောင်ထွတ်မှ တပည့်များလည်း နောက်မှ လိုက်ပါသွားကြပေသည်။
"ဒေါင်..."
တိမ်ပင်လယ်တစ်ခုလုံး၌ ကြည်လင်သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာလေသည်။
ဆူညံနေသော ရင်ပြင်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့၏။
ကြီးမားသော စင်မြင့်ကြီး၏ အလယ်ဗဟိုတွင် တာအိုရွှမ်နှင့် ချန်းစုန့်တို့ ပေါ်လာကြပေသည်။
တာအိုရွှမ်က ရှေ့သို့ တစ်လှမ်းတိုးကာ တပည့်များအား ကြေညာလိုက်လေသည်။
"ပြိုင်ပွဲကို စတင်တော့မယ်။"
ထို့နောက် သူက လက်စွပ်ကျယ်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းလောင်းသံ ထပ်မံထွက်ပေါ်လာပြန်၏။
"ဒေါင်... ဒေါင်" ဟူသော အသံများက ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်သွားလေသည်။
ကျန်းရှောင်ဖန်းသည် ထျန်းလင်းအာကို ခိုးကြည့်လိုက်ရာ သူမ၏ စိတ်လှုပ်ရှားပျော်ရွှင်နေသော အပြုံးကို မြင်တွေ့လိုက်ရပေသည်။
သူသည် အခြားမည်သည့်နေရာသို့မျှ မျက်လုံးလွှဲ၍ မရနိုင်တော့သကဲ့သို့ တာအိုရွှမ်နှင့် ချန်းစုန့်တို့ ပြောဆိုနေသည်များကိုလည်း မကြားနိုင်တော့ချေ။
ထို့နောက် အခြားခေါင်းလောင်းသံတစ်ခု ထပ်မံထွက်ပေါ်လာကာမှသာ ကျန်းရှောင်ဖန်းအား လက်တွေ့ကမ္ဘာဆီသို့ ပြန်လည်ဆွဲခေါ်လာပေသည်။
ထိုအခါမှ ပြိုင်ပွဲစတင်နေပြီဖြစ်ကြောင်း သူ သတိပြုမိသွားတော့၏။
လူခြောက်ဆယ့်သုံးယောက်၊ စင်မြင့်ရှစ်ခု၊ ထို့ကြောင့် အုပ်စုလေးခု ရှိမည်ဖြစ်လေသည်။
ပထမအုပ်စုတွင် တာ့ကျူးတောင်ထိပ်မှ ထျန်းလင်းအာ တစ်ယောက်တည်းသာ ပါဝင်သည်။
သူမ၏စင်မြင့်မှာ အနောက်ဘက်ရှိ 'လီ' စင်မြင့် ဖြစ်ပေသည်။ တာ့ကျူးတောင်ထွတ်မှ တပည့်များအားလုံး ထိုနေရာသို့ အလျင်အမြန် သွားရောက်ကြလေသည်။
ထျန်းလင်းအာ၏ ပထမဆုံးပြိုင်ဘက်မှာ ကျောက်ယန်တောင်ထွတ်မှ တပည့်တစ်ဦး ဖြစ်၏။
သူ၏နာမည်မှာ ရှင်ကျန့် ဖြစ်လေသည်။ သူက စင်မြင့်ပေါ်သို့ ခုန်တက်သွားပေသည်။ တပည့်များက သူ့အတွက် အားပေးကြွေးကြော်လိုက်ကြ၏။
"လီ" စင်မြင့်၏ ပတ်ပတ်လည်တွင် ရှိနေသော တပည့်အများစုမှာ ကျောက်ယန်တောင်ထွတ်မှ ဖြစ်ကြပေသည်။
သူတို့၏ အကြီးအကဲဖြစ်သူ ရှန်ကျန်းလျန်ပင်လျှင် ထိုနေရာတွင် ရှိနေလေသည်။ သူတို့က ရှင်ကျန့်အား အလွန်တန်ဖိုးထားကြောင်း ထင်ရှားနေ၏။
ထျန်းပုယီနှင့် အခြားသူများမှာ ကျောက်ယန်တောင်ထိပ်မှ တပည့်များကြားတွင် ကြားညပ်နေလေသည်။
စင်မြင့်အနီးရှိ လူတိုင်းနီးပါးမှာ ကျောက်ယန်တောင်ထိပ်၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြပေသည်။
သို့ရာတွင် ထျန်းပုယီက ဂရုမစိုက်ပေ။ သူ၏မျက်လုံးများနှင့် ရှန်ကျန်းလျန်၏ မျက်လုံးများ အကြည့်ချင်း ဆုံသွားကြ၏။ သူတို့နှစ်ဦးစလုံး အနည်းငယ်သာ ပြုံးပြလိုက်ကြလေသည်။
တပည့်များက ဆရာကြီးများနှင့် စုရုအတွက် ထိုင်ခုံများ ယူဆောင်လာပေးကြပေသည်။
ထျန်းပုယီနှင့် စုရုတို့ ထိုင်ချလိုက်ကြ၏။ ထျန်းလင်းအာ လျှောက်လာပြီး ပြောလိုက်လေသည်။
"အဖေ၊ အမေ၊ သမီး အပေါ်တက်တော့မယ်နော်။"
ထျန်းပုယီ သူ၏သမီးဖြစ်သူအား ကြည့်ကာ ပြောလိုက်သည်။
"သွားတော့။"
စုရုကလည်း ကြင်နာစွာဖြင့် ဆိုလေသည်။
"ဂရုစိုက်နော်။"
ထျန်းလင်းအာ စင်မြင့်ဆီသို့ ကြည့်လိုက်ပြီး အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်နေခြင်းမရှိဘဲ ပြုံး၍ ပြောလိုက်ပေသည်။
"သမီးရဲ့ သတင်းကောင်းကိုသာ စောင့်နေကြပါ။"
ထို့နောက် သူမက မျက်နှာပေါ်ရှိ အပြုံးများနှင့်အတူ လှည့်ထွက်သွားလေသည်။ သူမ၏ ဘယ်ဘက်လက်က လက်သင်္ကေတတစ်ခု ပြုလုပ်ကာ အော်ဟစ်လိုက်၏။
"တက်စမ်း။"
အနီရောင်အလင်းတန်းများ လင်းလက်သွားပြီး သူမ၏ခါးတွင် ရစ်ပတ်ထားသော ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ သူမ၏ ခြေဖဝါးအောက်သို့ ရောက်ရှိသွားပြီး သူမအား စင်မြင့်ပေါ်သို့ သယ်ဆောင်သွားလေတော့သည်။
ဤကဲ့သို့ တက်ရောက်သွားပုံမှာ မျောက်တစ်ကောင်ကဲ့သို့ စင်မြင့်ပေါ်သို့ ခုန်တက်သွားသော ရှင်ကျန့်၏ လုပ်ရပ်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေပေသည်။
တပည့်အများစုမှာ ယောက်ျားလေးများ ဖြစ်ကြသဖြင့် ထျန်းလင်းအာ၏ အလှအပအောက်တွင် ဆွဲဆောင်ခံလိုက်ကြရသည်။
လက်ခုပ်တီးသံများမှာ အလွန်ကျယ်လောင်လွန်းသဖြင့် အခြားစင်မြင့်များမှ တပည့်များပင်လျှင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သိချင်စိတ်ဖြင့် လှည့်ကြည့်လာကြလေသည်။
ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ ထျန်းပုယီနှင့် စုရုတို့၏ အနောက်တွင် ရပ်နေကြပေသည်။ စုရုက ပြုံး၍ ထျန်းပုယီအား ပြောလိုက်၏။
"လင်းအာရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာပုံရတယ်နော်။"
ထျန်းပုယီ ပြုံးလိုက်လေသည်။ သူက မည်သည့်စကားမှ မဆိုသော်လည်း သူ၏စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည်။
ထျန်းလင်းအာ စင်မြင့်ပေါ်သို့ ရောက်ရှိသွားချေပြီ။ သူမသည် ရှင်ကျန့်နှင့် တစ်ကိုက်ခန့်သာ ကွာဝေးတော့၏။
သူမက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးရင်း ပြောလိုက်လေသည်။
"စီနီယာအစ်ကိုကြီး၊ အခုလို ရင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူပါတယ်။"
ရှင်ကျန့်သည် ထျန်းလင်းအာ၏ မှော်လက်နက်မှ ထွက်ပေါ်နေသော အနီရောင်အလင်းတန်းကို သတိပြုမိလိုက်ပေသည်။
ဤအရာသည် သူ၏ဆရာက သူ့အား သတိပေးခဲ့ဖူးသော "ဖီးနစ်ဝိညာဉ်ပိုးကြိုး" သာ ဖြစ်ရပေမည်။ သူက ပြန်ပြောလိုက်၏။
"ဂျူနီယာညီမလေးထျန်း၊ ကျေးဇူးပြုပြီး သက်ညှာပေးပါဦး။"
သူက နောက်သို့ တစ်လှမ်းဆုတ်လိုက်လေသည်။ သူ၏ညာဘက်လက်က အညိုရောင်အလင်းတန်း မှိန်မှိန်လေး ထွက်ပေါ်နေသော ဓားတစ်လက်ကို သူ၏ရှေ့သို့ ဆင့်ခေါ်လိုက်ပေသည်။
စုရု မျက်မှောင်ကြုတ်သွားပြီး ထျန်းပုယီအား တိုးတိုးလေး ပြောလိုက်၏။
"ဒီဓားက လင်းအာရဲ့ ဖီးနစ်ဝိညာဉ်ပိုးကြိုးနဲ့ အတူတူပဲ။ နှစ်ခုစလုံးက မြေဒြပ်စင်တွေချည်းပဲ။”
“ဒီတိုက်ပွဲက အသုံးပြုသူရဲ့ ကျင့်ကြံမှုအဆင့်အပေါ်မှာပဲ မူတည်သွားတော့မယ်။"
ထျန်းပုယီ ပြုံးလိုက်လေသည်။
"ချင်းယွင်ဂိုဏ်းမှာရှိတဲ့ မြေဒြပ်စင် မှော်လက်နက်တွေထဲမှာ ဘယ်သူက မင်းရဲ့ ဖီးနစ်ဝိညာဉ်ပိုးကြိုးကို ယှဉ်နိုင်မှာလဲ။”
“ငါတော့ အဲဒီဓားက မင်းရဲ့ပိုးကြိုးထက် အဆတစ်သောင်းရှစ်ထောင်လောက် ညံ့ဖျင်းတယ်လို့ပဲ ပြောချင်တယ်။"
စုရုက နှုတ်ခမ်းမဲ့လိုက်၏။
"စကားတတ်တိုင်း လျောက်ပြောမနေနဲ့။"
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ပြိုင်ပွဲစတင်ပြီဖြစ်ကြောင်း ကြေညာလိုက်လေသည်။
ခေါင်းလောင်းသံ အဆုံးတွင် ထျန်းလင်းအာက ချက်ချင်းပင် လက်ညှိုးထိုးလိုက်၏။
အနီရောင်အလင်းတန်းများ ဖြာထွက်နေသော ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ ရှင်ကျန့်ထံသို့ လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
ရှင်ကျန့်သည် ထျန်းလင်းအာ ချက်ချင်း တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ဖီးနစ်ဝိညာဉ်ပိုးကြိုးကို ရင်ဆိုင်ရန် သူ၏ဓားကို စေလွှတ်လိုက်လေသည်။
အနီရောင်အလင်းတန်းနှင့် အညိုရောင်အလင်းတန်းတို့ ပြင်းထန်စွာ ရိုက်ခတ်သွားကြ၏။
ထျန်းလင်းအာနှင့် ရှင်ကျန့်တို့၏ ခန္ဓာကိုယ်များ တုန်ရီသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေသည်။ မှော်လက်နက်နှစ်ခုမှာ လေထဲတွင် တိုက်ခိုက်နေကြလေသည်။
ထျန်းပုယီ မျက်မှောင်ကြုတ်သွား၏။ စုရုလည်း အံ့သြသွားလေသည်။
"ဒီရှင်ကျန့်ရဲ့ ကျင့်ကြံမှုအဆင့်က မနိမ့်ပါလား။"
တစ်ချိန်တည်းမှာပင် ကျောက်ယန်တောင်ထိပ်မှ တပည့်များက အားပေးကြွေးကြော်လိုက်ကြပေသည်။
"ဟေး..."
လူရာပေါင်းနီးပါး၏ အော်ဟစ်သံများက တာ့ကျူးတောင်ထိပ်မှ တပည့်များ၏ အသံများကို ချက်ချင်း ဖုံးလွှမ်းသွားတော့၏။
တုပီရှုက နှာခေါင်းရှုံ့လိုက်လေသည်။
"ဘာလို့ ဒီလောက် အသံကျယ်နေရတာလဲ။ အသံပြိုင်အော်တဲ့ပြိုင်ပွဲမှ မဟုတ်တာ။"
စင်မြင့်ပေါ်တွင် မှော်လက်နက်နှစ်ခုမှာ သရေကျနေပြီး ၎င်းတို့၏ သခင်များထံသို့ ပြန်လည်ရောက်ရှိသွားကြပေသည်။
ရှင်ကျန့်က ခြေခုနစ်လှမ်းလှမ်းလိုက်ပြီး မန္တန်အချို့ကို ရေရွတ်လိုက်ကာ အော်ဟစ်လိုက်လေသည်။
"သွားစမ်း။"
သူ၏အညိုရောင်ဓားမှာ ကောင်းကင်ယံသို့ မြင့်တက်သွားပြီးနောက် လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ထျန်းလင်းအာ၏ ဦးခေါင်းပေါ်မှနေ၍ တိုက်ခိုက်ချလာတော့၏။
ဓားမကျရောက်လာမီကပင် ထိုစွမ်းအားကို ခံစားသိရှိနိုင်ပေသည်။
ထျန်းလင်းအာမှာ ဆုတ်ခွာမည့် အရိပ်အယောင်မျှ မရှိပေ။ သူမ၏ ဘယ်ဘက်လက်က ဖီးနစ်ဝိညာဉ်ပိုးကြိုးကို ဆုပ်ကိုင်ကာ ဦးခေါင်းပေါ်သို့ ဆွဲတင်လိုက်လေသည်။
ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ အဆပေါင်းများစွာ ကျယ်ပြန့်သွားပြီး သူမ၏ ဦးခေါင်းအထက်တွင် အနီရောင်အလင်းတံတိုင်းတစ်ခုအဖြစ် ဖန်တီးလိုက်ပေသည်။
နောက်တစ်ခဏတွင် ရှင်ကျန့်၏ဓားမှာ အနီရောင်တံတိုင်းကြီးပေါ်သို့ ကျဆင်းလာတော့၏။
အနီရောင်အလင်းတန်းမှာ ပြင်းထန်စွာ တုန်ရီသွားသော်လည်း မည်သည့်အန္တရာယ်မှ မရှိခဲ့ချေ။
စုရု သက်ပြင်းချလိုက်ပြီး ထျန်းပုယီအား တိုးတိုးလေး ပြောလိုက်လေသည်။
"လင်းအာက အရမ်းမိုက်မဲပြီး မာနကြီးလွန်းတယ်။"
ထျန်းပုယီ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းခါပြလိုက်၏။
ရှင်ကျန့်၏ ဓားတိုက်ခိုက်မှုမှာ တားဆီးခံလိုက်ရသဖြင့် ဓားမှာ ၎င်း၏သခင်ထံသို့ ပြန်လည်ရောက်ရှိသွားပေသည်။
ထျန်းလင်းအာကလည်း အနားမယူပေ။ ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ ရှည်ထွက်လာပြီး တုတ်ရှည်ကြီးတစ်ချောင်းကဲ့သို့ လိပ်တက်သွားလေသည်။
ထျန်းလင်းအာက ထိုတုတ်ရှည်ကြီးကို လက်ဖြင့် ဆုပ်ကိုင်လိုက်၏။
အခန်း (၃၈) သိုင်းပြိုင်ပွဲ (၃)
ပရိသတ်များမှာ အံ့အားသင့်သွားကြပေသည်။
ရှင်ကျန့်မှာမျက်မှောင်ကြုတ်သွားလေသည်။ ဓားမှာ သူ့ထံသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။
အံကြိတ်၍ သူ၏ညာဘက်လက်က ဓားကို ဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်ကမူ လိမ်ယှက်သွားလေသည်။
တုတ်ရှည်ကြီးက ရှင်ကျန့်၏ ဦးခေါင်းကို ရိုက်ချတော့မည့်အချိန်တွင် ပရိသတ်များမှာ တိတ်ဆိတ်သွားကြတော့၏။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် စင်မြင့်၏ သစ်သားကြမ်းပြင်များ အက်ကွဲသွားလေသည်။
ကြီးမားသော ကျောက်တုံးကြီးငါးတုံး၊ ခြောက်တုံးခန့် မြင့်တက်လာပြီး သူ၏ရှေ့တွင် ပိတ်ဆို့သွားပေသည်။
ထျန်းပုယီနှင့် စုရုတို့၏ မျက်နှာများ မည်းမှောင်သွားသော်လည်း ရှန်ကျန်းလျန်ကမူ ခေါင်းညိတ်ပြလိုက်လေသည်။
တုတ်ရှည်ကြီးမှာ ကျောက်တုံးပေါ်သို့ ပြင်းထန်စွာ ရိုက်ချမိသွားရာ ဖုန်မှုန့်များက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထျန်းလင်းအာ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားသော်လည်း ကျောက်တုံးကြီးမှာမူ ပျက်စီးသွားခြင်းမရှိပေ။
ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ နောက်သို့ လွင့်စင်လာလေသည်။
ဖုန်မှုန့်များ မငြိမ်သက်သေးချေ။ ရှင်ကျန့်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း သူက အနားမယူသေးပေ။
သူက ဟိန်းဟောက်လိုက်ကာ ကျောက်တုံးတစ်တုံး၏အထက်သို့ ခုန်တက်သွား၏။ လက်နှစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ထားလေသည်။ ဓားမှာ လင်းလက်သွားပြီး အလွန်မာကျောသော ကျောက်တုံးကို ထိုးစိုက်လိုက်ပေသည်။
အက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်၏။ ထျန်းလင်းအာသည် သူမ၏ခြေဖဝါးအောက်ရှိ မြေပြင်တုန်ခါနေသည်ကို ခံစားလိုက်ရလေသည်။
ထို့နောက် အသံများစွာ ထွက်ပေါ်လာပြီးနောက် ထျန်းလင်းအာ ရပ်နေသော သစ်သားကြမ်းပြင်မှာ အပိုင်းအစပေါင်း ထောင်ချီ၍ ကွဲအက်သွားတော့သည်။
မရေမတွက်နိုင်သော ကျောက်တုံးဆူးချွန်များက မြေပြင်အောက်မှ ပစ်ခတ်ထွက်ပေါ်လာကြပေသည်။
"အာ။"
ကျန်းရှောင်ဖန်း အော်ဟစ်လိုက်မိ၏။ ထို့နောက် သူက ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။
စုရုမှာ စတင်စိုးရိမ်လာပြီး ကျောက်ယန်တောင်ထိပ်မှ တပည့်များကမူ အားရပါးရ အော်ဟစ်အားပေးနေကြတော့၏။
"တော်လိုက်တာ စီနီယာအစ်ကိုကြီး။"
"အရမ်းကောင်းတယ်။"
"ခုပွဲတော့ နိုင်ပြီ.."
စင်မြင့်တစ်ခုလုံးမှာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်လေသည်။ မည်သည့်အရာကိုမျှ သေချာစွာ မမြင်ရချေ။
ကျောက်တုံးပေါ်တွင် ရပ်နေဆဲဖြစ်သော ရှင်ကျန့်မှာ အနည်းငယ်မျှ စိတ်မအေးသေးပေ။
သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ရှာဖွေနေလေသည်။ မျှော်လင့်ထားသည့်အတိုင်း အချိန်အနည်းငယ် ကြာပြီးနောက် ထူထပ်သော ဖုန်မှုန့်များကြားမှ အနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်း လင်းလက်သွားတော့၏။
ထျန်းလင်းအာမှာ မီးတောက်နေသော ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ ဖုန်မှုန့်များကြားမှ ပျံသန်းထွက်ပေါ်လာပြီး ဖီးနစ်ဝိညာဉ်ပိုးကြိုး၏ အနီရောင်အလင်းတန်းများက သူမ၏ခါးတွင် ရစ်ပတ်လျက် ရှိနေပေသည်။
ထျန်းလင်းအာသည် လက်နှစ်ဖက်ဖြင့် မန္တန်တစ်ခုကို ပုံဖော်လိုက်လေသည်။ ထို့နောက် သူမက လက်များကို အောက်သို့ လွှဲချလိုက်၏။
ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ လည်ပတ်နေခြင်းမှ ရပ်တန့်သွားပြီး မြွေပွေးတစ်ကောင်ကဲ့သို့ မြေကြီးထဲသို့ ဝင်ရောက်သွားတော့သည်။
ရှင်ကျန့်မှာ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် နောက်သို့ ပျံသန်းဆုတ်ခွာလိုက်လေသည်။
သူ ထင်ထားသည့်အတိုင်းပင် သူရပ်နေသော နေရာ၌ မြွေပွေးနှင့်တူသော ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ အနီရောင်နဂါးကြီးတစ်ကောင်သဖွယ် မြေကြီးထဲမှ ထွက်ပေါ်လာပေသည်။
ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့၏။
ထျန်းလင်းအာမှာ လေထဲတွင် ရပ်နေပြီး သူမ၏လက်များကို သစ်ခွပန်းပုံသဏ္ဌာန် ပြုလုပ်ကာ ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ယှက်၍ အော်ဟစ်လိုက်လေသည်။
"ဖြန့်ကျက်စမ်း။"
ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ ခေတ္တရပ်တန့်သွားပြီးနောက် အနီရောင်အလင်းတန်းများ လင်းလက်လာကာ အဆပေါင်းရာချီ၍ ကျယ်ပြန့်သွားတော့၏။
၎င်းက စက်ဝိုင်းပုံစံ လည်ပတ်သွားပြီး မြေကြီးထဲသို့ ဝင်ရောက်ကာ အခြားတစ်ဖက်မှ ပြန်လည်ထွက်ပေါ်လာလေသည်။
၎င်းက ရှင်ကျန့်အား ဝန်းရံသွားပေသည်။ မရေမတွက်နိုင်သော ပိုးကြိုးအလွှာများက သူ့အား တင်းကြပ်စွာ ဖုံးအုပ်သွားတော့၏။
တာ့ကျူးတောင်ထွတ်မှ တပည့်များ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြလေသည်။
ဤသည်မှာ လွန်ခဲ့သောနှစ်နှစ်က တိုက်ခိုက်ရာတွင် ထျန်းလင်းအာ အသုံးပြုခဲ့သော မှော်ပညာပင် ဖြစ်ပေသည်။
ယနေ့တွင်မူ ထိုပညာရပ်မှာ ပို၍ပင် အစွမ်းထက်လာခဲ့ချေပြီ။ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပိုးကြိုးများဖြင့် ဖုံးလွှမ်းနေချိန်တွင် ရှင်ကျန့်မှာ ပါယဲ့ထက် မည်သို့ကွာခြားနိုင်မည်နည်း။
ထျန်းလင်းအာက မန္တန်များကို ဆက်လက်ရွတ်ဆိုနေသည်နှင့်အမျှ ဧရာမပိုးကြိုးလုံးကြီးမှာ တဖြည်းဖြည်း ကျုံ့ဝင်လာလေသည်။
ပိုးကြိုးများကြားရှိ လစ်လပ်နေသော အပေါက်များမှတစ်ဆင့် အညိုရောင်အလင်းတန်းများကို မှိန်ဖျော့ဖျော့ မြင်တွေ့နေရဆဲ ဖြစ်၏။
ရှင်ကျန့်မှာ ဆက်လက်ခုခံနေမှုကြောင့် ပိုးကြိုးများ နှေးကွေးသွားသော်လည်း ၎င်းတို့က ဆက်လက်ကျုံ့ဝင်နေဆဲပင် ဖြစ်ပေသည်။
ကျောက်ယန်တောင်ထိပ်မှ တပည့်များမှာ တိတ်ဆိတ်သွားကြပြီး ဧရာမအနီရောင်ဘောလုံးကြီးကို စိုးရိမ်တကြီး စောင့်ကြည့်နေကြလေသည်။
မှော်လက်နက်တစ်ခုဖြင့် ထိုသို့ ညှစ်ချေခံရပါက မည်သည့်အရာ ဖြစ်ပေါ်လာနိုင်သည်ကို လူတိုင်း သိရှိထားကြပေသည်။
အနီရောင်ပိုးကြိုးမှာ ခြောက်ပေခန့် ကျယ်ဝန်းလာ၏။ အနီရောင်အလင်းတန်းများက အညိုရောင်အလင်းတန်းကို လုံးဝ ဖိနှိပ်ထားလိုက်ချေပြီ။
ရှင်ကျန့်အား မည်သူမျှ မမြင်နိုင်တော့ပေ။ ထျန်းလင်းအာမှာ လေထဲတွင် ရှိနေဆဲ ဖြစ်လေသည်။ သူမ၏မျက်နှာမှာ နီရဲလာပြီး လက်များမှာလည်း တုန်ရီလာပေသည်။
အတန်ကြာပြီးနောက် ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ နောက်ထပ် တစ်ပေခန့် ထပ်မံကျုံ့ဝင်သွားလေသည်။
လူတိုင်း အသက်ရှူအောင့်ထားမိကြ၏။ ထိုအချိန်တွင် ရှင်ကျန့်မှာ ပိုးကြိုးများကို ဖောက်ထွက်လာနိုင်ခဲ့သော်လည်း သူ၏မျက်နှာမှာ လုံးဝ ဖြူဖျော့နေချေပြီ။
ကျောက်ယန်တောင်ထွတ်မှ တပည့်များက အားရပါးရ အော်ဟစ်လိုက်ကြသော်လည်း ရှန်ကျန်းလျန်ကမူ မျက်လုံးများကို ပိတ်ကာ သက်ပြင်းချလိုက်လေသည်။
ထျန်းပုယီနှင့် စုရုတို့က အချင်းချင်းကြည့်ကာ ပြုံးပြလိုက်ကြပေသည်။
ရှင်ကျန့်မှာ အသေအလဲ ကြိုးစားနေရခြင်း ဖြစ်၏။ ထျန်းလင်းအာက လက်ဖြင့် ညွှန်ပြလိုက်လေသည်။
ဖီးနစ်ဝိညာဉ်ပိုးကြိုးမှာ အလျင်အမြန် လိုက်ပါသွားပြီး ရှင်ကျန့်၏ ကျောပြင်ကို ရိုက်ချလိုက်တော့သည်။ ရှင်ကျန့်မှာ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ချေ။
ခန္ဓာကိုယ်ကို လှည့်ရန်ပင် သူ့အတွက် အလွန်ခက်ခဲနေပုံရလေသည်။ ဖီးနစ်ဝိညာဉ်ပိုးကြိုး၏ ရိုက်ချက်ကြောင့် ရှင်ကျန့်မှာ စင်မြင့်ပေါ်မှ လိမ့်ကျသွားတော့၏။
ကျောက်ယန်တောင်ထိပ်မှ တပည့်များမှာ အသံတိတ်သွားသကဲ့သို့ အော်ဟစ်အားပေးမှုများ ရပ်တန့်သွားကြလေသည်။
ရှန်ကျန်းလျန် မတ်တတ်ရပ်လိုက်ပြီး ခေါင်းခါကာ သူ၏ဘေးရှိ တပည့်အား အော်ပြောလိုက်ပေသည်။
"မြန်မြန်သွားပြီး စီနီယာအစ်ကိုကြီးကို ကူညီပေးလိုက်ကြ။"
ကျောက်ယန်တောင်ထိပ်မှ တပည့်များ သတိဝင်လာကြပြီး ရှင်ကျန့်ထံသို့ သွားကာ သူ့အား ထူပေးလိုက်ကြလေသည်။
ထျန်းလင်းအာက သူမ၏ မှော်လက်နက်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။
သူမက ရှင်ကျန့်အား ပြုံး၍ ပြောလိုက်ပေသည်။
"စီနီယာအစ်ကိုကြီး။ ကျွန်မကို သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ရှင်ကျန့်သည် သူမအား ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်လေသည်။
"ဂျူနီယာညီမလေးက အရမ်းပါရမီပါတာပဲ။ ငါ တကယ်ကို လေးစားမိပါတယ်။"
ထို့နောက် သူက တပည့်များအား သူ့ကို သယ်ဆောင်သွားခွင့် ပြုလိုက်တော့၏။
ရှန်ကျန်းလျန် လျှောက်လာပြီး ထျန်းပုယီနှင့် စုရုတို့အား ပြောလိုက်လေသည်။
"စီနီယာအစ်ကိုကြီးထျန်း။ တူမလေးက ငယ်ရွယ်သေးပေမဲ့ ကြီးမားတဲ့ ပါရမီတွေ ရှိနေပြီပဲ။ တကယ်ကို အံ့မခန်းပါပဲဗျာ။"
ထျန်းပုယီက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။
"မြှောက်လွန်းပါပြီဗျာ။"
စုရုကလည်း ပြုံး၍ ပြောလိုက်လေသည်။
"ရှန်စီနီယာအစ်ကိုကြီးရဲ့ တောင်ထွတ်မှာ ပါရမီရှင်တပည့်တွေ အများကြီး ရှိပါတယ်။”
“ရှင်တို့ဆီမှာ ဒီထက်ပိုပြီး အင်အားကြီးတဲ့ ပြိုင်ဘက်တွေ ရှိနေဦးမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။"
ရှန်ကျန်းလျန် ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။ ထျန်းပုယီကလည်း ထပ်မံမေးခွန်းထုတ်မနေတော့ပေ။
သူက လှည့်၍ လျှောက်သွား၏။ ထျန်းလင်းအာ သူတို့ထံသို့ ပြန်လာသည်နှင့် တစ်ပြိုင်နက် တာ့ကျူးတောင်ထိပ်မှ တပည့်များက သူမအား ဝိုင်းအုံသွားကြလေသည်။
သူတို့အားလုံး ပြုံးရွှင်နေကြပြီး ထျန်းလင်းအာအား ချီးကျူးစကားများဖြင့် ဖုံးလွှမ်းသွားစေတော့၏။
ကျန်းရှောင်ဖန်းမှာ အခြားသူများအားလုံးထက် ပို၍ ပျော်ရွှင်နေပေသည်။
ထျန်းပုယီ လျှောက်လာလေသည်။ ထျန်းလင်းအာ အလျင်အမြန်ပင် စုရု၏အနီးသို့ သွားကာ သူမ၏လက်မောင်းများကို ဆွဲကိုင်၍ ပြုံးလိုက်၏။
"ဘယ်လိုလဲ အမေ။ သမီးက အစွမ်းမထက်ဘူးလား။"
စုရုက မျက်လုံးလှန်ပြလိုက်သော်လည်း ရယ်မောလိုက်လေသည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီရှင်။"
ထျန်းပုယီလည်း ပြုံးနေပေသည်။ သူ၏သမီးဖြစ်သူက သူတို့အတွက် အစကောင်းတစ်ခုကို ဖန်တီးပေးခဲ့ပြီ ဖြစ်၏။
အဆုံးတွင်တော့ သူ၏ဖိအားများကို ဖြေလျှော့နိုင်ခဲ့ချေပြီ။ သူက ထျန်းလင်းအာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။
ထို့နောက် တပည့်များဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ကဲ... အခု မင်းတို့အလှည့် ရောက်ပြီ။ လင်းအာက မင်းတို့အားလုံးအတွက် စံနမူနာပြသွားခဲ့ပြီပဲ။”
“မင်းတို့တွေ ကြိုးစားရမယ်နော်။ အခြားတောင်ထိပ်တွေက တပည့်တွေနဲ့ ယှဉ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်ကွ။"
သူတို့က တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြလေသည်။
"ဟုတ်ကဲ့ပါ။"
ကျန်းရှောင်ဖန်းလည်း သူတို့နှင့်အတူ လိုက်လံအော်ဟစ်လိုက်ပေသည်။ ထို့နောက် သူတို့သည် မိမိတို့၏ တိုက်ပွဲအသီးသီးအတွက် ပြင်ဆင်ရန် ထွက်ခွာသွားကြလေသည်။
နောက်တစ်ချီတွင် တာ့ကျူးတောင်ထွတ်မှ တပည့်သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်၏။
ထျန်းပုယီနှင့် စုရုတို့သည် မတူညီသော ပွဲစဉ်များကို ကြည့်ရှုရန် ခွဲထွက်သွားကြပေသည်။
စုရုသည် ကျန်းရှောင်ဖန်း တစ်နေရာတည်းတွင် ရပ်နေဆဲဖြစ်သည်ကို သတိပြုမိသွားသဖြင့် ပြိုင်ပွဲများကို သေချာစွာ လေ့လာကြည့်ရှုရန် သတိပေးပြီးနောက် ထွက်သွားလေသည်။
ကျန်းရှောင်ဖန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထျန်းလင်းအာကို ရှာဖွေကာ သူတို့၏ စီနီယာအစ်ကိုကြီးများကို အားပေးရန် အတူတူသွားရောက်မည်ဟု ဆုံးဖြတ်လိုက်ပေသည်။
သူ၏မျက်လုံးများက လူအုပ်ကြားတွင် ရှာဖွေလိုက်ရာ ထျန်းလင်းအာမှာ ချီဟောင်ထံသို့ အလျင်အမြန် လျှောက်သွားနေသည်ကို တွေ့လိုက်ရလေသည်။
ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ လေးလံကျဆင်းသွားတော့၏။
ထျန်းလင်းအာက ချီဟောင်နှင့် စကားပြောရင်း ရယ်မောကာ သူတို့နှစ်ဦး အတူတကွ ပြိုင်ပွဲကြည့်ရှုရန် စင်မြင့်တစ်ခုကို ရွေးချယ်လိုက်ကြသည်။
ကျန်းရှောင်ဖန်း ငြိမ်သက်စွာ ရပ်နေမိတော့သည်။ သူ၏နှလုံးသားထဲတွင် နာကျင်ဖွယ် စိတ်ပျက်အားငယ်မှုတစ်ခု မြင့်တက်လာလေသည်။
သူ၏သွေးများမှာ အေးစက်သွားပြီး သူ၏နှလုံးသားကို ရေခဲရိုက်လိုက်သကဲ့သို့ ဖြစ်သွားတော့၏။
မှတ်စု - ထူးဆန်းသော သတ္တဝါများ မှတ်တမ်း၊ ဝိညာဉ်သားရဲ မျက်စိသုံးလုံးမျောက်သည် ဆူမေရုတောင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အလွန်ဉာဏ်ကောင်းပြီး အဆော့ကစားမက်သည်။ အသက်နှစ်ထောင်ချီ ကြာမြင့်လာသောအခါတွင် တတိယမြောက်မျက်လုံး ပွင့်လာလေသည်။ မိုင်ပေါင်းထောင်ချီ ဝေးကွာသော အရာများကိုပင် မြင်တွေ့နိုင်စွမ်း ရှိသည်။ သဘာဝတရားကို ထိန်းချုပ်နိုင်စွမ်း ရှိပြီး ဗုဒ္ဓ၏ အစောင့်အရှောက်လည်း ဖြစ်သည်။