← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉) နတ်ဘုရားဓား (၁)

"ဟားဟား... ကျန်းရှစ်တိ"

ထိုစဥ် ရုတ်တရက် ကျန်းရှောင်ဖန်း၏ ပခုံးကို တစ်စုံတစ်ယောက်က ခပ်ပြင်းပြင်း ပုတ်လိုက်လေ၏။

ကျန်းရှောင်ဖန်းမှာ ထျန်းလင်းအာကိုသာ အာရုံစိုက်နေခဲ့သဖြင့် သူ၏ပတ်ဝန်းကျင်မှ မည်သူ့ကိုမျှ သတိမပြုမိခဲ့ပေ။

သူ အံ့အားသင့်သွားပြီးနောက် စောစောက သူတွေ့ခဲ့သော ကျန်းရှူရှူဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

ကျန်းရှူရှူက ကျန်းရှောင်ဖန်းအား ပြုံးပြလိုက်ပြီးနောက် သူ၏အာရုံကို ရှောင်ဟွေးထံသို့ လှည့်လိုက်၏။

ရှောင်ဟွေးက ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ်လူ ပြန်ရောက်လာသည်ကို မြင်လိုက်သည်။

၎င်းက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး တာ့ဟွမ်၏ ကျောပေါ်သို့ ခုန်တက်သွားလေ၏။ ထို့နောက် တာ့ဟွမ်၏ ခေါင်းကို ပုတ်လိုက်သည်။

တာ့ဟွမ်က ခေါင်းလှည့်ကာ ကျန်းရှောင်ဖန်းနှင့် ကျန်းရှူရှူတို့ကို စူးရဲစွာ စိုက်ကြည့်၍ ဟောင်လိုက်ပြီးနောက် ထွက်ပြေးသွားလေတော့သည်။

ကျန်းရှောင်ဖန်းက မျက်မှောင်ကြုတ်လိုက်ပြီး အော်ခေါ်လိုက်၏။

"ရှောင်ဟွေး... ပြန်လာခဲ့၊ လျှောက်မသွားနဲ့။"

ကျန်းရှူရှူက ရယ်မောလိုက်လေသည်။

"စိတ်မပူပါနဲ့။ မျောက်လွှဲကျော်တွေက တအား ဉာဏ်ကောင်းတယ်။ သူ လမ်းပျောက်မှာ မဟုတ်ဘူး။"

ကျန်းရှောင်ဖန်းက ပခုံးတွန့်လိုက်၏။ သူက လှည့်ကာ ကျန်းရှူရှူကို စကားပြောရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားပြီး ပြန်လှည့်ကြည့်လိုက်သည်။

တာ့ဟွမ်နှင့် ရှောင်ဟွေးတို့ သွားနေသော လမ်းကြောင်းမှာ မီးဖိုချောင်ဘက်သို့ ဖြစ်ကြောင်း သူ မြင်လိုက်ရ၏။ ထို့ကြောင့် သူက ညည်းတွားလိုက်လေသည်။

"အာ... မိုက်မဲတဲ့မျောက်၊ မင်း အဲ့ဒီကို သွားပြန်ပြီပေါ့။"

ကျန်းရှူရှူက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

"ဘာဖြစ်လို့လဲ။"

ကျန်းရှောင်ဖန်းက ချောင်းဟန့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ဘာ... ဘာမှမဖြစ်ပါဘူး။ ဪ... ဒါနဲ့ မင်းကော ပြိုင်ပွဲဝင်ဖို့ မလိုဘူးလား။ ကျုပ်ဆီ လာဖို့ ဘယ်လိုလုပ် အချိန်ရနေတာလဲ။"

ကျန်းရှူရှူက ရယ်မောလိုက်လေ၏။

"ဪ... ငါက ပြီးသွားပြီလေ။ ဘာမှလုပ်စရာမရှိတာနဲ့ မင်းကို လာနှုတ်ဆက်တာပါ။"

ကျန်းရှောင်ဖန်းက အံ့အားသင့်သွားသည်။

"ဘာ။ မင်းက ပြီးသွားပြီ ဟုတ်လား။ ရလဒ်က ဘယ်လိုလဲ။"

ကျန်းရှူရှူက သူ၏ယပ်တောင်ကို ခေါက်လိုက်ပြီး ခေါင်းကုတ်လိုက်၏။

"အင်း... မတော်တဆ တစ်ပွဲနိုင်သွားတယ်လေ... ဟဲဟဲ။"

ကျန်းရှူရှူ၏ ပေါ့ပေါ့ပါးပါး လေသံကို ကြည့်ရသည်မှာ သူ ကြီးကြီးမားမား တိုက်ခိုက်ခဲ့ရပုံ မပေါ်ကြောင်း ကျန်းရှောင်ဖန်း တွေးလိုက်မိသည်။

ထို့ကြောင့် သူက သတိထား၍ မေးလိုက်လေ၏။

"စီနီယာအစ်ကိုကျန်း... ခင်ဗျားရဲ့ အဆင့်က အဲ့ဒီလောက်တောင် မြင့်နေတာလား။"

ကျန်းရှူရှူက ချက်ချင်းပင် လက်ခါပြလိုက်လေသည်။

"ဟာ... ကျန်းရှစ်တိရာ... မင်း ဘာတွေပြောနေတာလဲ။ ငါ့လို အဆင့်နိမ့်ကျင့်ကြံသူလေးက စင်မြင့်ပေါ် တက်ဖို့ ဘယ်လိုလုပ် အရည်အချင်းမှီမှာလဲ။”

“အဖေကသာ ငါ့ကို အတင်းအကျပ် ကျင့်ကြံခိုင်းမနေဘူးဆိုရင် ငါက ကျင့်ကြံဖို့တောင် ပျင်းနေဦးမှာ။”

“ပန်းပင်လေးတွေ စိုက်၊ ငှက်လေးတွေ အစာကျွေး၊ စာအုပ်လေး ဖတ်နေရတာကို ပိုသဘောကျတယ်။”

“အဲ့ဒါက ဘယ်လောက်တောင် စိတ်အေးချမ်းဖို့ ကောင်းလိုက်လဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါလေ..."

သူက ကျန်းရှောင်ဖန်း၏ ပခုံးပေါ်သို့ လက်တင်ကာ အတူတကွ လျှောက်သွားရင်း တီးတိုးပြောလိုက်၏။

"ဒါပေမဲ့ သိုင်းပြိုင်ပွဲမှာ ငါ့ထက် ညံ့တဲ့သူ တစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။"

ကျန်းရှောင်ဖန်းက ခါးသီးစွာ ရယ်မောလိုက်လေသည်။

"ခင်ဗျားထက် ညံ့တဲ့သူတွေ အများကြီး ရှိပါတယ်ဗျာ။"

ကျန်းရှူရှူက ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"အဲ့ဒါက ကိစ္စမရှိတော့ပါဘူး။ ငါ ဘယ်လောက်ပဲ လောဘကြီးကြီး ချန်ပီယံရဖို့တော့ မမျှော်လင့်ရဲပါဘူး။”

“ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်သားရဲမျောက်ကိုတော့ ငါ တော်တော်လေး စိတ်ဝင်စားတယ်။ ဟဲဟဲ... ကျန်းရှစ်တိ... မင်းသာ..."

၎င်း၏ ကောက်ကျစ်သော အမူအရာကို မြင်လိုက်ရသဖြင့် ကျန်းရှောင်ဖန်းက ချက်ချင်းပင် ဖြတ်၍ပြောလိုက်လေသည်။

"စီနီယာအစ်ကိုကျန်း... ကျုပ်ရဲ့ ရှောင်ဟွေးကို ယူဖို့တော့ မတွေးနဲ့နော်။"

ကျန်းရှူရှူက ရပ်တန့်လိုက်ပြီး မျက်လုံးလှန်ကာ ပြောလိုက်သည်။

"ဒါဆိုရင် မင်းနဲ့ ငါ အလဲအလှယ်လုပ်ကြရအောင်လေ။ ဖုန့်ဟွေ့တောင်ထွတ်မှာ ငါ့ဆီ ရှားပါးပြီး တန်ဖိုးကြီး သတ္တဝါတွေ အများကြီး ရှိတယ်ဆိုတာ မင်း သိပါတယ်။”

“ဥပမာ ခြေသုံးချောင်းယုန်တို့၊ အဖြူအမည်း ဒေါင်းတို့၊ အခွံမပါတဲ့ လိပ်တို့၊ အတောင်ပံပါတဲ့ မြွေတို့လေ။"

ကျန်းရှောင်ဖန်းက မမေးဘဲ မနေနိုင်တော့ပေ။

"ခင်ဗျားဆီမှာ အဲ့ဒီလို ထူးဆန်းတဲ့ သတ္တဝါတွေ တကယ် ရှိတာလား။"

ကျန်းရှူရှူက ကျေနပ်ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။

"ဒါပေါ့။ အဲ့ဒါတွေကို စုဆောင်းဖို့ ငါ တော်တော်လေး အားထုတ်ခဲ့ရတာ။ အဖေ့ဆီကလည်း အမြဲတမ်း အပြစ်ပေးခံရတယ်။”

“ဒါပေမဲ့ မင်းရဲ့ မျောက်ကို ငါ ပိုသဘောကျနေတုန်းပဲ။ ဘယ်လိုလဲ... မင်းဘယ်အကောင်နဲ့ လဲချင်လဲ။"

ကျန်းရှောင်ဖန်းက ခေါင်းခါလိုက်၏။

"ဟင့်အင်း... ရှောင်ဟွေးနဲ့ ကျုပ်ကြားမှာ ခိုင်မာတဲ့ သံယောဇဉ်ကြိုးလေး ရှိတယ်လို့ ထင်လို့ သူ့ကို မွေးထားတာပါ။”

“ပြီးတော့ ခင်ဗျားပြောတဲ့ အဖြူအမည်း ယုန်တို့၊ အခွံမပါတဲ့ ဒေါင်းတို့ဆိုတာ..."

ကျန်းရှူရှူက ချက်ချင်းပင် အမှားပြင်ပေးလိုက်လေသည်။

"ခြေသုံးချောင်းယုန်နဲ့ အဖြူအမည်း ဒေါင်းကွ။ အခွံမပါတာက လိပ်။"

ကျန်းရှောင်ဖန်းက လျှာထုတ်ပြလိုက်ပြီး ပြောလိုက်၏။

"ဪ... ဟုတ်တယ် ဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါတွေကို ကျုပ် စိတ်မဝင်စားပါဘူး။ ကျုပ် လဲမှာ မဟုတ်ဘူး။"

ကျန်းရှူရှူက ထပ်မံ၍ မျက်လုံးလှန်လိုက်ပြန်သည်။ သူက ကျန်းရှောင်ဖန်းကို လူအုပ်ထဲမှ ခေါ်ထုတ်သွားလေ၏။

သူက ခိုးကြောင်ခိုးဝှက်ဖြင့် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထို့နောက် တီးတိုးပြောလိုက်လေသည်။

"ကျန်းရှစ်တိ... မင်းကို ကောင်းတဲ့အရာတစ်ခု ပြမယ်။ သဘောကျမကျ ကြည့်ကြည့်လေ။"

သူက အပြာရောင်မျက်နှာဖုံးစွပ်ထားသော စာအုပ်ထူထူတစ်အုပ်ကို ထုတ်ကာ ကျန်းရှောင်ဖန်းအား ကမ်းပေးလိုက်၏။

ကျန်းရှောင်ဖန်းက မျက်နှာဖုံးကို ကြည့်လိုက်သည်။ ၎င်းတွင် ခေါင်းစဉ် မပါရှိပေ။ မျက်နှာဖုံးမှာ ဟောင်းနွမ်းနေပုံရသည်။

ကျန်းရှူရှူက ပုံမှန်အတိုင်း ဟန်ဆောင်နေသော်လည်း သူ၏မျက်လုံးများက အလွန်သတိထားကာ ဘေးပတ်ဝန်းကျင်ကို ချောင်းကြည့်နေလေသည်။

ကျန်းရှောင်ဖန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"စီနီယာအစ်ကိုကျန်း... ဒီလောက် တန်ဖိုးကြီးတဲ့ စာအုပ်မျိုးကို ကျုပ် မယူနိုင်ပါဘူး။ ကျုပ်ရဲ့ အရည်အချင်းကလည်း မလုံလောက်သေးဘူးလေ။”

“ကျုပ် ဖတ်လည်း အလကားပါပဲ။ ရှောင်ဟွေးကိုလည်း ကျုပ် မလဲချင်ဘူး။ ကျေးဇူးပြုပြီး ပြန်သိမ်းထားလိုက်ပါ။"

ကျန်းရှူရှူက သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

"အဲ့ဒါက မင်း မဖတ်ရသေးလို့ပါ။ အရင်ဖတ်ကြည့်စမ်းပါ... မြန်မြန်လုပ်။"

၎င်း၏ ထူးဆန်းသော အပြုအမူကို ကြည့်ကာ ကျန်းရှောင်ဖန်းမှာ စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ပေ။

သူက စာအုပ်ကို ဖွင့်လိုက်ရာ အံ့အားသင့်သွားလေ၏။ သူ၏မျက်နှာမှာလည်း ချက်ချင်းပင် နီမြန်းသွားလေသည်။

စာအုပ်ထဲတွင် စာသားများစွာအပြင် ပုံများစွာလည်း ပါရှိနေသည်။ ၎င်းတို့အားလုံးမှာ ကိုယ်လုံးတီးဖြစ်နေသော အမျိုးသားများနှင့် အမျိုးသမီးများ၏ ပုံများသာဖြစ်၏။

၎င်းမှာ ကာမရာဂနှိုးဆွသော စာအုပ်တစ်အုပ် ဖြစ်ပေသည်။ ကျန်းရှောင်ဖန်း၏ ဘဝတွင် ဤကဲ့သို့သောအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

သူက အော်ဟစ်လိုက်လေသည်။

"စီနီယာအစ်ကိုကျန်း... ဘာလို့ ခင်ဗျားဆီမှာ ဒီလိုအရာမျိုး ရှိနေရတာလဲ။"

"ရှူး..."

ကျန်းရှူရှူမှာ လန့်ဖျပ်သွားပြီး စာအုပ်ကို အမြန်ပြန်လုယူကာ သူ၏အဝတ်ထဲတွင် ဖွက်ထားလိုက်၏။

ထို့နောက် သူတို့ပတ်ဝန်းကျင်ရှိ တပည့်များကို သတိတကြီး အကဲခတ်လိုက်ပြီး ကျန်းရှောင်ဖန်းကို စိုက်ကြည့်လိုက်လေသည်။

"အဲ့ဒီလောက် အကျယ်ကြီး မအော်စမ်းပါနဲ့။"

ကျန်းရှောင်ဖန်း နားလည်သွားသည်။ သို့သော်လည်း သူ အံ့အားသင့်နေဆဲဖြစ်ကာ တီးတိုးမေးလိုက်၏။

"စီနီယာအစ်ကိုကျန်း... ဘာဖြစ်လို့ ခင်ဗျားမှာ... အင်း... ဒီလိုစာအုပ်မျိုး ဖတ်နေရတာလဲ။"

ကျန်းရှူရှူက နှုတ်ခမ်းတွန့်ကာ ပြောလိုက်လေသည်။

"ဘာဖြစ်လဲ။ ငါ မင်းကို ပြောပြမယ်... ဒီစာအုပ်က လောကကြီးမှာ တစ်အုပ်တည်းပဲ ရှိတာ။”

“ဒါကိုရဖို့ ငါ တော်တော်လေး အားထုတ်ခဲ့ရတာကွ။ ငါ ကတိပေးတယ်... မင်း ဒါကို ဖတ်ပြီးသွားရင် လောကကြီးမှာရှိတဲ့ မိန်းကလေးတိုင်းရဲ့ နှလုံးသားကို ရယူနိုင်လိမ့်မယ်။ “

“ဘယ်လိုလဲ... ဒါလေးနဲ့ ရှောင်ဟွေးကို လဲကြမလား။"

ကျန်းရှောင်ဖန်းက ခေါင်းခါလိုက်သည်။

"ဟင့်အင်း။"

ကျန်းရှူရှူက ဒေါသတကြီး ပြောလိုက်လေသည်။

"ဒါလည်း ဟင့်အင်း... ဟိုဟာလည်း ဟင့်အင်း။ ငါ့ကို ပြောစမ်း... မင်း ဘာလိုချင်တာလဲ။"

ကျန်းရှောင်ဖန်းက ရိုးသားစွာပင် ပြန်ဖြေလိုက်၏။

"ကျုပ် ဘာမှ မလိုချင်ပါဘူး။"

ကျန်းရှူရှူမှာ ဘာမှ မတတ်သာတော့ဘဲ ညည်းတွားလိုက်လေသည်။

"မင်းက ဘာဖြစ်လို့ သစ်တုံးကြီးလို ဖြစ်နေရတာလဲကွာ။"

ကျန်းရှောင်ဖန်းက တခစ်ခစ် ရယ်မောလိုက်ပြီး ဂရုမစိုက်ပေ။ သူ၏မျက်လုံးများက တိမ်တိုက်များကြားမှ လှပသော ပုံရိပ်လေးကို မှုန်ဝါးဝါး မြင်နေရဆဲပင် ဖြစ်လေ၏။

ကျန်းရှူရှူ လက်လျှော့လိုက်ရသည်။ သူ၏ ယပ်တောင်ကို ဖြန့်လိုက်သည်။

ထိုစဉ် အဝေးမှ ခေါင်းလောင်းသံ တစ်သံ ထွက်ပေါ်လာလေသည်။ နောက်ထပ် ပြိုင်ပွဲတစ်ခု စတင်ပြီ ဖြစ်သည်။

ကျန်းရှူရှူက ထိုအသံလာရာဘက်သို့ ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးကာ ကျန်းရှောင်ဖန်းကို ဆွဲခေါ်ရင်း ပြောလိုက်လေသည်။

"လာ... ချင်းယွင်ဂိုဏ်းမှာ နာမည်အကြီးဆုံးလူကို သွားကြည့်ရအောင်။"

ကျန်းရှောင်ဖန်း လန့်ဖျပ်သွားပြီး မေးလိုက်၏။

"ဘယ်သူလဲ။"

ထို့နောက် သူက ခေတ္တရပ်တန့်သွားကာ မျက်နှာပျက်သွားပြီး ဆက်ပြောလိုက်သည်။

"လုံရှို့တောင်ထိပ်က စီနီယာအစ်ကို ချီဟောင်လား။"

ကျန်းရှူရှူက အံ့သြသွားဟန်ဖြင့် ပြောလိုက်လေသည်။

"ဟင်။"

ထို့နောက် သူက ခေါင်းခါလိုက်၏။

"စီနီယာအစ်ကိုချီရဲ့ ကျင့်စဉ်အဆင့်ကို လူတိုင်း သိပြီးသားလေ။ ဒါပေမဲ့ မင်း မကြားမိဘူးလား။ ဒီပြိုင်ပွဲရဲ့ အဓိက အာရုံစိုက်ခံရတဲ့သူက တခြားတစ်ယောက်ကွ။"

ကျန်းရှောင်ဖန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်၏။

"ဘယ်သူလဲ။"

ကျန်းရှူရှူမှာ စောစောက သူတို့ ငြင်းခုံခဲ့သည်ကို မေ့သွားပုံရသည်။ သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်လေ၏။

"ငါနဲ့လိုက်ခဲ့ရင် မင်း သိရမှာပေါ့။"

သူက ကျန်းရှောင်ဖန်းကို ဆွဲခေါ်သွားလေသည်။

ကျန်းရှောင်ဖန်းသည်လည်း ထိုသူမှာ မည်သူဖြစ်ကြောင်း စပ်စုချင်စိတ်ဖြင့် လိုက်ပါသွားလေတော့၏။

ကျန်းရှူရှူက ကျန်းရှောင်ဖန်းအား အကြီးဆုံးစင်မြင့်ဖြစ်သော 'ချန်' စင်မြင့်ဆီသို့ ခေါ်ဆောင်သွားလေသည်။

ကျန်းရှောင်ဖန်းက ကျန်းရှူရှူ၏ နောက်မှ လိုက်သွား၏။

စင်မြင့်အောက်တွင် ချင်းယွင်ဂိုဏ်းမှ တပည့်ရာပေါင်းများစွာ ပြည့်ကြပ်နေသည်ကို သူ မြင်လိုက်ရသည်။ အနည်းဆုံး လူလေးငါးရာခန့် ရှိပေမည်။

ချင်းယွင်ဂိုဏ်းမှ တပည့်တစ်ဝက်ကျော်ခန့်မှာ ဤနေရာတွင် စုရုံးနေကြခြင်းဖြစ်ကြောင်း ကျန်းရှောင်ဖန်း ခန့်မှန်းမိလေသည်။

သူတို့ အနီးသို့ ရောက်သွားသောအခါ ချင်းယွင်တပည့်များက သူတို့၏ ပတ်ဝန်းကျင်တွင် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်ကို ကြားလိုက်ရလေ၏။

"ရှောင်ကျူးတောင်ထွတ်မှာ အလှလေးတွေ အများကြီး ရှိတယ်ကွ။ လုရွှယ်ချီဆိုတာ နှစ်ငါးရာအတွင်း အလှဆုံး မိန်းကလေးလို့ ငါ ကြားထားတယ်။"

"ဒါပေါ့။ ဟိုနေ့က ယွီချင်းခန်းမမှာ သူ့ကို ငါ မြင်ခဲ့တယ်။ သူက သိပ်ကို ဆွဲဆောင်မှုရှိတာပဲ။ အာ... ဘယ်ကောင်က ငါ့ခေါင်းကို ရိုက်လိုက်တာလဲကွ...ဟင်.. ဆရာဦးလေး။"

တပည့်ဖြစ်သူ၏ ဘေးတွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး ရှိနေပြီး ဒေါသတကြီး ပြောလိုက်လေသည်။

"ခွေးကောင်လေး... မင်းက ကျင့်ကြံသူတစ်ယောက်လေ။ မင်းရဲ့စိတ်က တည်ငြိမ်နေရမှာပေါ့။”

“ဒါတောင် မိန်းမတွေအကြောင်း စိတ်ဝင်စားနေတုန်းလား။ မင်းသာ စင်ပေါ်ရောက်သွားရင် သူ့မျက်နှာကိုပဲ ငေးကြည့်နေမိပြီး လှုပ်တောင် မလှုပ်နိုင်ခင် ရှုံးသွားလိမ့်မယ်။"

"ဟုတ်ကဲ့ပါ။"

"ဟမ့်... ချင်းယွင်ဂိုဏ်းအနေနဲ့ မိန်းကလေးတွေကို တပည့်အဖြစ် လက်မခံသင့်ဘူးလို့ ဂိုဏ်းတူအစ်ကိုကြီးကို ငါ ပြောခဲ့ပြီးသားပဲ။"

"အဟမ်း... ဆရာဦးလေးက တကယ်ကို... အင်း... ထက်မြက်၊ ဉာဏ်ကောင်း၊ ပညာရှိပေမယ့် ခင်ဗျားရဲ့ အသံက နည်းနည်း ကျယ်လွန်းနေပြီလားလို့။"

မုတ်ဆိတ်နှင့် အဘိုးအို၏ အသံက ပို၍ ကျယ်လောင်လာလေသည်။

"ဘာလဲ။ ငါ ပြောတာ မှားလို့လား။"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။"

တပည့်များက သူ့ကို အလျင်အမြန် ဝိုင်းရံလိုက်ကြပြီး တီးတိုးပြောလိုက်ကြ၏။

"ဆရာဦးလေး... သခင်မရွှေယွဲ့ အဲ့ဒီမှာ ထိုင်နေတယ်ဗျ။"

အဘိုးအိုက အသံကို နှိမ့်လိုက်ပြီး ပြောလိုက်လေသည်။

"ဟွန့်... သူက ဂိုဏ်းတူ တစ်ဂိုဏ်းတည်းကသာ မဟုတ်ရင် ငါ..."

တပည့်များက ချက်ချင်းပင် ထောက်ခံလိုက်ကြပြီး ကျင့်စဉ်မြင့်မားသော အဘိုးအိုအနေဖြင့် ငယ်ရွယ်သူများနှင့် အပြိုင်အဆိုင် လုပ်မည်မဟုတ်ကြောင်း ချီးမွမ်းလိုက်ကြလေသည်။

ကျန်းရှူရှူနှင့် ကျန်းရှောင်ဖန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကျန်းရှူရှူက ပခုံးတွန့်လိုက်သည်။ ကျန်းရှောင်ဖန်းက တီးတိုးမေးလိုက်လေ၏။

"မင်းပြောတဲ့လူက ရှောင်ကျူးတောင်ထိပ်က စီနီယာအစ်မလား။"

ကျန်းရှူရှူက ခေါင်းညိတ်လိုက်ပြီး စင်မြင့်ဆီသို့ ကြည့်ကာ ပြောလိုက်လေသည်။

“ပွဲမစသေးဘူး။ သူ့ကို မကြာခင် မင်း သိလာမှာပါ။ ဒါပေမဲ့... ဒုက္ခပါပဲ၊ လူတွေ သိပ်များလွန်းတယ်။"

သူတို့က စင်မြင့်ကို ပတ်ကြည့်လိုက်ကြသော်လည်း ချင်းယွင်တပည့်များ ပြည့်ကျပ်နေသဖြင့် လူအုပ်ထဲသို့ ဝင်ရန် နေရာမရှိပေ။

ကျန်းရှောင်ဖန်းမှာ ပို၍ပင် စပ်စုချင်စိတ် ပြင်းပြလာလေ၏။

ချင်းယွင်တပည့်များစွာကို ဤနေရာသို့ ဆွဲဆောင်နိုင်လောက်အောင် မည်သူကများ နာမည်ကြီးနေသနည်းဟု သူ တွေးနေမိသည်။

ကျန်းရှူရှူမှာ စိုးရိမ်တကြီးဖြစ်နေပြီး တဖွဖွ ပြောနေလေ၏။

"ကျစ်... လူတွေ သိပ်များတာပဲ။ နေရာကောင်းရဖို့ မနေ့ညကတည်းက ဒီမှာ စောင့်နေခဲ့သင့်တာ။"

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားသော်လည်း သူ တစ်စုံတစ်ရာ မပြောနိုင်မီတွင် ရုတ်တရက် ကျန်းရှူရှူ၏ မျက်လုံးများက အရောင်လက်သွားလေသည်။

ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်တစ်စု ထိုနေရာတွင် ရပ်နေသည်ကို သူ မြင်လိုက်ရ၏။ ဘာမှမပြောတော့ဘဲ ကျန်းရှောင်ဖန်းကို ထိုအုပ်စုဆီသို့ ဆွဲခေါ်သွားလေသည်။

ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်များက ကျန်းရှူရှူမှန်း သိလိုက်ကြသဖြင့် ပြုံးပြလိုက်ကြ၏။ လူသန်ကြီးတစ်ယောက်က ပြောလိုက်လေသည်။

"ဟိုးဟိုး... မင်း နောက်ကျနေပြီ။"

ကျန်းရှူရှူက သူ့ကို ဂရုမစိုက်ပေ။ သူက ကျန်းရှောင်ဖန်းကို ဆွဲကာ လူအုပ်ထဲသို့ တိုးဝင်သွားလေ၏။

ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်များက သူ့အပေါ် အလွန် သဘောကောင်းကြကာ သူတို့အားလုံးက လမ်းဖယ်ပေးလိုက်ကြ၏။

ကျန်းရှောင်ဖန်းလည်း သူ၏နောက်မှ လိုက်သွားလေသည်။ သူတို့ လူအုပ်ထဲသို့ ရောက်သွားသောအခါ မြင်ကွင်းမှာ ပို၍ ရှင်းလင်းသွားလေ၏။

စင်မြင့်အနီးတွင် လူရှစ်ယောက် ထိုင်နေကြသည်။ ၎င်းတို့မှာ ချင်းယွင်ဂိုဏ်းချုပ် တာအိုရွှမ်၊ ချန်းစုန့်နှင့် သခင်မရွှေယွဲ့တို့ ဖြစ်ကြသည်။

အခြားလူများမှာ တောင်ထွတ်အသီးသီးမှ အကြီးအကဲများ ဖြစ်ကြ၏။

သူတို့၏ အနောက်တွင်တော့ ချင်းယွင်တပည့်များက ပြည့်ကျပ်စွာ ရပ်နေကြလေသည်။

အဆွဲဆောင်နိုင်ဆုံးမှာ ဆရာသခင်မ ရွှေယွဲ့၏ အနောက်တွင် ရပ်နေကြသော ရှောင်ကျူးတောင်ထိပ်မှ အမျိုးသမီးတပည့်များ ဖြစ်ကြ၏။

ကျန်းရှောင်ဖန်းက ဝမ်မင်ကို မှတ်မိလိုက်သည်။

ဆရာသခင်မရွှေယွဲ့နှင့် အနီးဆုံးတွင် ရပ်နေသူမှာ မဲနှိုက်ရွေးချယ်စဉ်က ယွီချင်းခန်းမတွင် သူတွေ့ခဲ့ရသော အပြာရောင်ဝတ်စုံနှင့် မိန်းမချောလေးပင် ဖြစ်လေ၏။

သူမ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေဆဲဖြစ်ကာ လူအများအပြားကို ဆွဲဆောင်ထားလေသည်။

အခန်း (၄၀) နတ်ဘုရားဓား (၂)

"သူ့ကို မြင်လား။ အဲ့ဒါ သူပဲ။"

ကျန်းရှူရှူက ကျန်းရှောင်ဖန်းကို တံတောင်နှင့် တွတ်လိုက်ပြီး အပြာရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်ရန် ပြောလိုက်လေသည်။

ကျန်းရှောင်ဖန်းက သူမကို ကြည့်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်၏။

"ကျင့်စဉ်အဆင့် အမြင့်ဆုံးလို့ မင်းပြောတဲ့သူက သူလား။"

ကျန်းရှူရှူမှာ မူးယစ်နေသူတစ်ဦးနှယ် ပြောလိုက်လေသည်။

"ကျင့်စဉ်အဆင့် အမြင့်ဆုံးဖြစ်ဖို့ မလိုပါဘူး။ သူ ချင်းယွင်ဂိုဏ်းထဲ ဝင်လာတာ သိပ်မကြာသေးဘူး။ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ခန့်မှန်းရခက်တယ်။”

“ဒါပေမဲ့ လူတိုင်းကတော့ သူဟာ အလှဆုံးဆိုတာကို အသေအချာ ပြောကြတယ်လေ။"

ကျန်းရှောင်ဖန်းက မျက်မှောင်ကြုတ်လိုက်၏။

"စီနီယာအစ်ကိုကျန်း... သွားရည်ကျနေတဲ့ ခင်ဗျားမျက်နှာကြီးက တော်တော် ထူးဆန်းနေတယ်။"

ကျန်းရှူရှူက ပြာပြာသလဲ ပြောလိုက်လေသည်။

"အဟမ်း... ဟုတ်... ဟုတ်လို့လား။ ဟဲဟဲ... မင်း အထင်လွဲတာနေမှာပါ။ ငါတို့ပတ်ဝန်းကျင်က ဂိုဏ်းတူအစ်ကို ညီအစ်ကိုတွေကို မင်း မြင်လား။"

တပည့်အများစု၏ မျက်လုံးများမှာ ရှောင်ကျူးတောင်ထိပ်မှ တပည့်များထံတွင်သာ ရောက်နေပြီး အထူးသဖြင့် အပြာရောင်ဝတ်စုံနှင့် လုရွှယ်ချီထံတွင် ဖြစ်ကြောင်း ကျန်းရှောင်ဖန်း မြင်လိုက်ရသည်။

သို့သော်လည်း မိန်းကလေးများမှာ ယင်းကို အသားကျနေပြီ ဖြစ်ကာ သူတို့အားလုံးမှာ ပုံမှန်အတိုင်းသာ နေကြလေသည်။

လုရွှယ်ချီ၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး နှင်းခဲနှင့် ရေခဲတမျှ အေးစက်နေကာ သူမ၏အနောက်မှ ယောကျာ်းလေးများအားလုံးကို လျစ်လျူရှုထားလေ၏။

ကျန်းရှူရှူက တံတွေးမျိုချလိုက်ပြီး ကျန်းရှောင်ဖန်းအား တီးတိုးပြောလိုက်လေသည်။

"ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး။ ချင်းယွင်ဂိုဏ်းက မကြာသေးမီ နှစ်တွေအတွင်းမှာ လူငယ်တပည့်တွေကို အများကြီး လက်ခံခဲ့တာကိုး။”

“ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်း... ငါတို့နဲ့ ရွယ်တူ တပည့်အယောက် လေးရာလောက် ရှိတယ်။ ဟဲဟဲ... ငါတို့ရဲ့ ကျင့်စဉ်အဆင့်ကလည်း မမြင့်သေးဘူးလေ။ ခုခံနိုင်ဖို့ ခက်တာပေါ့။"

ကျန်းရှောင်ဖန်းက သူ့ကို စိုက်ကြည့်လိုက်၏။ ကျန်းရှူရှူ ပြသခဲ့သော စာအုပ်ကို ဆက်စပ်တွေးတောမိလိုက်သဖြင့် ကျန်းရှူရှူ၏ မျက်နှာပေါ်တွင် 'ကိလေသာ' ဟူသော စကားလုံးကို ရေးသားထားသည်ဟု သူ ခံစားလိုက်ရလေသည်။

ကျန်းရှူရှူက လှည့်ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်၏။

"ကျန်းရှစ်တိ... ဘာလို့ သူတို့ကို မကြည့်ဘဲ ငါ့ကို လာကြည့်နေတာလဲ။”

“မင်းနဲ့ငါက သူငယ်ချင်းတွေမလို့ ငါက မင်းကို ဒီကို ခေါ်လာခဲ့တာလေ။ ဟုတ်ပြီ... ဘယ်သူက ခန္ဓာကိုယ်အလှဆုံးလို့ မင်း ထင်လဲ။"

ကျန်းရှောင်ဖန်းက ချက်ချင်းပင် ခေါင်းလွှဲဖယ်လိုက်လေသည်။

သူက ကျန်းရှူရှူအတွက် စဉ်းစားထားသော စကားလုံး၏ အနောက်တွင် 'ဝံပုလွေ' ဟူသော စကားလုံးကို ထပ်ပေါင်းထည့်လိုက်၏။

ဆူညံသံများ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

လူအများ၏ အကြည့်များအောက်တွင် လုရွှယ်ချီက ရှေ့သို့ တက်လာပြီး ဆရာသခင်မ ရွှေယွဲ့ကို အရိုအသေပေးလိုက်၏။

ရွှေယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"သွားတော့။"

လုရွှယ်ချီက သူမ၏ ဝတ်စုံကို သေသပ်စွာ ပြင်ဝတ်လိုက်သည်။

ညာလက်က လက်ဟန်မန္တန်တစ်ခုကို ညင်သာစွာ ဖွဲ့လိုက်လေ၏။ သူမ၏ မျက်လုံးများက စင်မြင့်ဆီသို့ ကြည့်လိုက်သည်။

သူမ၏ ခြေထောက်နားရှိ မှေးမှိန်သော ဖြူလွလွ အခိုးအငွေ့များက လျင်မြန်စွာ စုဝေးလာလေသည်။ မကြာမီတွင် တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာ၏။

လုရွှယ်ချီက တိမ်တိုက်ပေါ်တွင် နတ်သမီးတစ်ပါးနှယ် ရပ်နေလေသည်။ လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားကာ သူမအား စင်မြင့်ပေါ်သို့ သယ်ဆောင်သွားလေ၏။

လေပြေသွေးလာသောအခါ အဖြူရောင်အခိုးအငွေ့မှာ အနူးညံ့ဆုံး၊ အလှပဆုံး ပိုးသားတစ်မျှဖြစ်နေလေသည်။

သူမ၏ ဝတ်စုံမှာ တိမ်တိုက်များကြားတွင် လွင့်ပျံနေ၏။ ကောင်းကင်ဘုံ ကိုးထပ်မှ နတ်သမီးတစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသည့်အလားပင်။

ယင်းက လူအများကို ချစ်မြတ်နိုးစေပြီး လေးစားမှုလည်း ဖြစ်ပေါ်စေလေသည်။

ထို့နောက် ရုတ်တရက် ထွက်ပေါ်လာသော လက်ခုပ်သံများကြောင့် ကျန်းရှောင်ဖန်း၏ နားများပင် အူသွားလေသည်။

လုရွှယ်ချီ မည်မျှ နာမည်ကြီးကြောင်းကို သူလျော့တွက်ထားမိလေသည်။

သို့သော်လည်း လေထဲမှ လှပသော ပုံရိပ်လေးကို ကြည့်ရင်း ဤလောကတွင် ဤမျှလှပသော လူတစ်ယောက် ရှိနိုင်လိမ့်မည်ဟု သူ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

ဆရာသခင်မ ရွှေယွဲ့၏ အေးစက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

ခဏအကြာတွင် လူငယ်တပည့်တစ်ဦး စင်မြင့်ပေါ်သို့ တက်လာေသာ်လည်း မည်သူကမျှ သူ့ကို သတိမထားမိကြပေ။ လေးထောင့်ကျကျ မျက်နှာနှင့် မျက်ခုံးမွေး ထူထူများ ရှိလေသည်။

သူ၏ရုပ်ရည်မှာ အဆင်ပြေသော်လည်း တစ်ချိန်တည်းမှာပင် သူ၏မျက်နှာမှာ အလွန်စိတ်လှုပ်ရှားနေသည်။

သူ စင်ပေါ်သို့ ရောက်သည်နှင့် လုရွှယ်ချီအား ပြောလိုက်လေသည်။

"လုရှစ်မေ့... ကျွန်တော်က လုံရှို့တောင်ထိပ်က တပည့် ဖန်ချောင်ပါ။ ဒီကနေ့ ရှစ်မေ့နဲ့ ယှဉ်ပြိုင်ခွင့်ရတာ ကျွန်တော့်အတွက်တော့ အရမ်းကို ကံကောင်းတာပါပဲ။"

"ဝူး..."

ရှုတ်ချသံများ၊ လှောင်ပြောင်သံများ နေရာအနှံ့မှ ထွက်ပေါ်လာလေသည်။

လုရွှယ်ချီမှာ တည်ငြိမ်နေပြီး လေထဲတွင် ရပ်ကာ အေးစက်စွာ ပြောလိုက်လေ၏။

"စီနီယာအစ်ကိုဖန်က ယဉ်ကျေးလွန်းနေပါပြီ။ ရှောင်ကျူးတောင်ထိပ်ရဲ့ အဋ္ဌမမျိုးဆက် လုရွှယ်ချီ... ဒီကနေ့ စီနီယာအစ်ကိုဖန်ဆီကနေ ပညာသင်ယူပါရစေ။"

လေထဲတွင် နတ်သမီးတစ်ပါးလို ရပ်နေသော လုရွှယ်ချီကို ကျန်းရှောင်ဖန်း ကြည့်လိုက်သည်။

၎င်းက မကြာမီက လေထဲတွင် ထိုကဲ့သို့ ရပ်နေခဲ့သော ထျန်းလင်းအာကို သတိရသွားစေ၏။

လုရွှယ်ချီထံမှ ထျန်းလင်းအာ၏ ပုံရိပ်ကို သူ မှုန်ဝါးဝါး မြင်ယောင်လာလေသည်။

စင်မြင့်ပေါ်တွင် ဖန်ချောင်မှာ စကားပြောနေဆဲဖြစ်၏။ သူက ဤကဲ့သို့ မရပ်မနား စကားပြောနေပြီး ပြိုင်ပွဲကို မစတင်လျှင်လည်း ဂရုစိုက်မည့်ပုံ မပေါ်ပေ။

ကံကောင်းထောက်မစွာဖြင့် လူအများအပြားက ယင်းကို မနှစ်မြို့ကြချေ။

သူ စကားတစ်ခွန်းနှစ်ခွန်း ပြောပြီးနောက်တွင် ကျန်းရှောင်ဖန်းဘေးတွင် ရပ်နေသော ကျန်းရှူရှူအပါအဝင် လူအများအပြားက ဒေါသတကြီး အော်ဟစ်လာကြလေသည်။

"ဘာလို့ အခုထိ မစသေးတာလဲ။"

"နှာဘူးကောင်။"

"မိန်းမကြီးတစ်ယောက်လို စကားများတာပဲ စိတ်ညစ်စရာကောင်းလိုက်တာ။”

“ဟင်... အဲ့ဒီ ရှောင်ကျူးတောင်ထိပ်က စီနီယာအစ်မ... အား... ဘာလုပ်မလို့လဲ။ မဟုတ်ဘူး... ငါ အဲ့ဒီလို ဆိုလိုတာ မဟုတ်ဘူး..."

"ဒေါင်..."

နောက်ဆုံးတွင် ခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။ လုရွှယ်ချီ၏ မျက်လုံးများက ဖန်ချောင်ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။

လုရွှယ်ချီ၏ အေးစက်သော အကြည့်အောက်တွင် ဖန်ချောင်မှာ တုန်ယင်သွားလေသည်။

အရူးလို စကားများကို ဆက်မပြောရဲတော့ပေ။ သူက အပြုံးကို ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ကို စုစည်းလိုက်သည်။

သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ငွေရောင်သမ်းနေသော အဖြူရောင်ဓားတစ်လက်ကို ဆင့်ခေါ်လိုက်လေ၏။

ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုဓားက သူ့အား ချီဟောင်၏ မှော်လက်နက်ဖြစ်သော 'ဟန်ပင်း' ဓားကို သတိရသွားစေ၏။

ကျန်းရှူရှူက နှာမှုတ်လိုက်လေသည်။

"ချီဟောင်ရဲ့ ပုံစံကို ယူပြီး လုံရှို့တောင်ထွတ်က လူအများစုက ဒီလိုဓားမျိုး ဖန်တီးရတာ သဘောကျကြတယ်လေ။"

ကျန်းရှောင်ဖန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ပင်လယ်ပြင်ပမာ များပြားလှသော လူအုပ်ကြီးထဲတွင် ချီဟောင်ကို ဘယ်နေရာမှာမှ မတွေ့ရပေ။ မည်သို့ပင်ဖြစ်စေ ချီဟောင်ကို သူ မတွေ့ချင်ပါချေ။

သူတို့ ဘယ်များသွားကြတာလဲ။ ကျန်းရှောင်ဖန်း ခေါင်းငုံ့လိုက်သည်။ သူ၏ ရင်ထဲတွင် ဝမ်းနည်းမှုတို့က လှိုက်တက်လာလေသည်။

ရုတ်တရက် ကျန်းရှူရှူက သူ၏လက်မောင်းကို ဆွဲကာ ပျော်ရွှင်စွာ ပြောလိုက်လေသည်။

"ရှောင်ဖန်း... ကြည့်စမ်း၊ ပြိုင်ပွဲ စပြီ။"

ဖန်ချောင်က သူ၏ဓားကို ဆင့်ခေါ်လိုက်ပြီဖြစ်ကြောင်း ကျန်းရှောင်ဖန်း မြင်လိုက်ရသည်။ ၎င်းထံမှ ထွက်ပေါ်လာသော အအေးဓာတ်ကို သူ ခံစားလိုက်ရ၏။

သို့သော် ဖန်ချောင်၏ ရေခဲမှော်ပညာ စွမ်းအားမှာ ချီဟောင်နှင့် ထျန်းပုယီတို့ တိုက်ခိုက်ခဲ့သည့်နေ့က စွမ်းအားနှင့် နှိုင်းယှဉ်လျှင် အလှမ်းဝေးနေသေးကြောင်း ကျန်းရှောင်ဖန်း တွေ့လိုက်ရလေသည်။

သို့သော်လည်း လုရွှယ်ချီမှာ တိမ်တိုက်ပေါ်တွင် ရပ်နေဆဲဖြစ်ကာ ဖန်ချောင် စွမ်းအင်များ စုစည်းပြီး ရေခဲတံတိုင်းတစ်ခု ဖန်တီးနေသည်ကို အေးစက်စွာ ကြည့်နေလေသည်။

သူမတွင် တိုက်ခိုက်မည့် အရိပ်အယောင် မရှိပေ။ သူမ၏ ကျောဘက်တွင် ကောင်းကင်ပြာရောင် ဓားတစ်လက် ရှိနေ၏။

ဤဓားမှာ ကျင့်ကြံသူအများစု၏ မှော်လက်နက်များကဲ့သို့ ၎င်း၏ပိုင်ရှင်နှင့် ပေါင်းစည်းနိုင်စွမ်း မရှိပုံပေ။

သို့သော်လည်း ဤနေရာတွင် မည်သူကမျှ ဤဓားကို လျှော့မတွက်ရဲကြချေ။

ကျင့်ကြံခြင်းလမ်းစဉ်တွင် မှော်လက်နက်အများစုမှာ အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးနောက် ၎င်းတို့၏ ပိုင်ရှင်နှင့် ပေါင်းစည်းသွားနိုင်ကြလေသည်။

သူတို့ လိုအပ်ချိန်တွင် မှော်လက်နက်ကို ဆင့်ခေါ်နိုင်ကြ၏။

သို့သော်လည်း အချို့သော ထူးဆန်းသည့် မှော်လက်နက်များမှာမူ အလွန်မြင့်မားသော ဝိညာဉ်စွမ်းအားကြောင့် လူ့ခန္ဓာကိုယ်က ဝန်ထုတ်ဝန်ပိုးအဖြစ် မခံနိုင်သဖြင့် ပိုင်ရှင်ဖြစ်သူက ထိုမှော်လက်နက်ကို အမြဲတမ်း ယူဆောင်ထားရလေသည်။

ဤကဲ့သို့သော မှော်လက်နက်မျိုးမှာ အမြဲတမ်း ဝိညာဉ်စွမ်းအား ရှိနေတတ်၏။

ပိုင်ရှင်၏ ကျင့်စဉ်အဆင့် ပိုမြင့်လေ ထိုမှော်လက်နက်က စွမ်းအားများ ပိုထုတ်လွှတ်နိုင်လေ ဖြစ်သည်။ ချင်းယွင်ဂိုဏ်း၏ ရတနာဖြစ်သော ရှေးဟောင်းဓား 'ကျူးရှန်း' မှာလည်း ဤအမျိုးအစားတွင် ပါဝင်လေသည်။

ဖန်ချောင်၏ ပတ်လည် သုံးကိုက်အကွာအဝေးအတွင်းတွင် ပါးလွှာသော ရေခဲလွှာတစ်ခု ဖြစ်ပေါ်လာလေသည်။

အနီးအနားရှိ တပည့်များမှာ ၎င်းထံမှ ထွက်ပေါ်လာသော အအေးဓာတ်ကို ခံစားရလေ၏။ လေထဲတွင် ရပ်နေသော လုရွှယ်ချီမှာ ဘာမှမလုပ်ဘဲ ဖန်ချောင်ကိုသာ ဆက်ကြည့်နေလေသည်။

ဖန်ချောင်မှာ တပည့်ရာပေါင်းများစွာ၏ အကြည့်အောက်တွင် အထီးကျန်စွာ ဓားရေးပြနေလေသည်။

အခြားလူများ၏ အကြည့်များက ကိစ္စမရှိသော်လည်း လုရွှယ်ချီ၏ အကြည့်များကမူ သူ၏ ကိုယ်ပိုင်ဓားမှ ထွက်ပေါ်လာသော အအေးဓာတ်ထက် များစွာ ပို၍ အေးစက်နေလေ၏။

၎င်းက သူ၏ စွမ်းရည်ကို တစ်နည်းတစ်ဖုံ ကန့်သတ်ထားသလို ဖြစ်နေလေသည်။

ဖန်ချောင်မှာ အလျင်စလို ဖြစ်လာသည်။ သူ၏လက်က အောက်ဘက်မှနေ၍ လုရွှယ်ချီထံသို့ ညွှန်ပြလိုက်၏။

ငွေရောင်ဓားက လုရွှယ်ချီထံသို့ ပြေးဝင်သွားလေသည်။ သူက ပြောလိုက်လေ၏။

"လုရှစ်မေ့... သတိထား။"

လူအုပ်ကြီးထံမှ ရယ်မောသံများ ထွက်ပေါ်လာလေသည်။ ဖန်ချောင်မှာ လုရွှယ်ချီကို ထိခိုက်မိမည်ကို စိုးရိမ်နေပုံရ၏။ ဆရာသခင် ချန်းစုန့်မှာ ရှက်ရွံ့သွားပြီး ပြင်းထန်စွာ နှာမှုတ်လိုက်လေသည်။

သူ၏ဘေးတွင် ထိုင်နေသောသူက ချက်ချင်းပင် တုံ့ပြန်လိုက်လေ၏။

"ဘာလဲ။ ဂိုဏ်းတူအစ်ကိုချန်းစုန့်က မကျေနပ်ဘူးလား။"

ဆရာသခင် ချန်းစုန့်က လှည့်မကြည့်ပေ။ သူက ပြောလိုက်လေသည်။

"ရွှေယွဲ့ရှစ်မေ့... မင်းရဲ့တောင်ထိပ်က တပည့်တိုင်းက သိပ်ကို လှကြတာပဲနော်။"

ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ချန်းစုန့်က သူမ၏ တပည့်များ၏ အရည်အချင်းကို မချီးကျူးဘဲ အမျိုးသမီးငယ်များ၏ အလှအပကိုသာ ရည်ညွှန်းပြောဆိုခဲ့လေသည်။

ယင်းမှာ ရှင်းရှင်းလင်းလင်းပင် သရော်​လိုက်ခြင်းဖြစ်သည်။ ရွှေယွဲ့ကလည်း ပြန်လည်တုံ့ပြန်လိုက်လေသည်။

"ချင်းယွင်ဂိုဏ်းအောက်မှာ နှာဘူးတွေနဲ့ အမှိုက်တွေ ဒီလောက်တောင် ပေါများနေမှန်း ငါလည်း မသိခဲ့ပါဘူး။"

ချန်းစုန့်မှာ ဒေါသထွက်သွားလေ၏။ သူ ပြန်လည်ချေပရန် ပြင်လိုက်စဉ် တာအိုရွှမ်က လက်ကာပြလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။

"ကဲ... ကဲ၊ ငါတို့တွေက အသက် ရာနဲ့ချီ နေခဲ့ရပြီပဲ။ တပည့်တွေ ဒီလောက်များတဲ့ရှေ့မှာ ငြင်းခုံရတာ မရှက်ကြဘူးလား။ ... ပြိုင်ပွဲကိုပဲ ကြည့်ကြ။"

ဆရာသခင် နှစ်ဦးလုံး ပြင်းထန်စွာ နှာမှုတ်လိုက်ကြပြီး မျက်နှာလွှဲသွားကြလေတော့၏။

ဖန်ချောင်၏ ငွေရောင်ဓားမှာ လုရွှယ်ချီ၏ တိမ်တိုက်အောက်သို့ ရောက်နေပြီ ဖြစ်သည်။

လုရွှယ်ချီ၏ အေးစက်သော မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပြသဘဲ သူမကလည်း လှုပ်ရှားခြင်း မရှိပေ။ တိမ်တိုက်က သူမကို နောက်ဘက်သို့ သယ်ဆောင်သွားလေ၏။

သို့သော် ဖန်ချောင်၏ ဓားမှာ အလွန်မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လုရွှယ်ချီထံသို့ ရောက်လာလေသည်။

ပရိသတ်များက ဓားမှာ လုရွှယ်ချီထံသို့ နီးကပ်လာသည်ကို ကြည့်ကာ အော်ဟစ်လိုက်ကြသည်။

လုရွှယ်ချီက သူမ၏လက်ထဲရှိ ဓားကို ဆုပ်ကိုင်ထားလိုက်သည်။ သူမက ဓားအိမ်ထဲမှ ဓားကို မဆွဲထုတ်ပေ။ ဓားကိုသာ အသုံးပြု၍ သူမ၏ရှေ့တွင် ကာကွယ်လိုက်လေ၏။

"ချွင်..."

ရှင်းလင်းပြတ်သားသော အသံက ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

ဖန်ချောင်၏ ဓားမှာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရသည့်အလား တုန်ခါသွားလေသည်။

ဓားမှာ နောက်သို့ လွင့်စင်သွား၏။ ဖန်ချောင်နှင့် ချန်းစုန့်တို့ နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။ လုရွှယ်ချီက တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမ၏ဓားကို ပစ်လွှတ်လိုက်လေ၏။

ညာဘက်လက်မှ လက်ချောင်းများက လိမ်ယှက်ကာ လက်ဟန်မန္တန်တစ်ခု ဖွဲ့လိုက်ရာ ဓားက လေထဲတွင် တောက်ပလာလေ၏။

အပြာရောင်အလင်းတန်းများက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဤဓားမှာ သာမန်မှော်လက်နက်တစ်ခု မဟုတ်ကြောင်း အသေအချာ ပေါ်လွင်နေလေ၏။

တောက်ပသော အပြာရောင်အလင်းတန်းကြောင့် ဖန်ချောင် အံ့အားသင့်သွားသော်လည်း လုရွှယ်ချီက ဓားကို ဓားအိမ်ထဲမှ မဆွဲထုတ်သည့်အတွက် ဒေါသလည်း ထွက်သွားလေသည်။

သူက သူ၏ဓားကို အသုံးပြုကာ သုံးလွှာထပ် ရေခဲတံတိုင်းတစ်ခု ဖန်တီးလိုက်၏။

လေထဲတွင်တော့ လုရွှယ်ချီ၏ မျက်လုံးများက ကြယ်ရောင်များအလား တောက်ပနေလေသည်။

သူမ၏ ဆံနွယ်များက လေထဲတွင် ကခုန်နေကြ၏။ သူမ၏ ပါးစပ်က ဂါထာမန္တန်တစ်ခုကို တိတ်တဆိတ် ရွတ်ဆိုနေလေသည်။

ရေခဲတမျှ အေးစက်သော သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပေ။

ကောင်းကင်ပြာရောင် ဓားထံမှ ခွန်အားကြီးမားသော သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံအလား ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေ၏။

ကိုက်နှစ်ဆယ်ပတ်လည်အတွင်းရှိ တိမ်ခိုးတိမ်ငွေ့များမှာ တောက်ပသော အပြာရောင်အလင်းတန်းများကြောင့် လွင့်စင်သွားလေတော့သည်။

အလင်းတန်းမှာ ကောင်းကင်ယံအလား ပြာလဲ့နေလေ၏။ ဓားက ဖန်ချောင်ထံသို့ ပျံသန်းသွားလေသည်။

ဖန်ချောင်၏ နဖူးမှ ချွေးများက မိုးစက်များအလား ကျဆင်းလာလေ၏။

လုရွှယ်ချီ၏ ဓားချီကြောင့် သူ အလွန်အမင်း အံ့အားသင့်နေကြောင်း ထင်ရှားပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားက သူ၏ရှေ့သို့ ရောက်လာလေတော့၏။

"ခလွပ်..."

ဓားက ဖန်ချောင်၏ ရေခဲတံတိုင်းကို အလွယ်တကူ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသောအခါ တပည့်များအားလုံး မှင်သက်သွားကြလေ၏။

ဖန်ချောင်၏ စွမ်းအားဖြင့် ကာကွယ်ရန် နောက်ထပ် ရေခဲတံတိုင်းများကို မဖန်တီးနိုင်ခြင်း မဟုတ်ဘဲ ရေခဲတံတိုင်း သုံးလွှာဆိုလျှင် လုံလောက်ပြီဟု သူ ထင်မှတ်ထားခဲ့သောကြောင့် ဖြစ်လေသည်။

လုရွှယ်ချီ၏ ကျင့်စဉ်အဆင့်က ဤမျှ မြင့်မားနေပြီး ကောင်းကင်ပြာရောင် ဓားမှာ ဤမျှ အံ့မခန်း စွမ်းအားကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။

ထို အသက်နှင့် သေခြင်းကြား အချိန်လေးတွင် ဖန်ချောင်က အတင်းအကျပ် အာရုံစူးစိုက်လိုက်လေသည်။

ငွေရောင်ဓားက သူ၏ရှေ့တွင် ရပ်တန့်သွားကာ အဖြူရောင် ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်၏။

ထို့နောက် လုရွှယ်ချီ၏ အပြာရောင်ဓားက အဖြူရောင်ဒိုင်းနှင့် ဝင်တိုက်မိသွားလေတော့သည်။

"ဝုန်း..."

ဓားနှစ်လက်ကို ဗဟိုပြု၍ ကျယ်လောင်သော ပေါက်ကွဲသံကြီး လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ချင်းယွင်တပည့်များမှာ မုန်တိုင်းက သူတို့ကို ဝင်တိုက်လိုက်သကဲ့သို့ သူတို့အားလုံး နောက်သို့ လန်ကျသွားကြလေသည်။

မှော်လက်နက်တစ်ခုထံမှ ဤမျှကြီးမားသော စွမ်းအားမျိုး ထွက်ပေါ်လာသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

ထိုသို့ အံ့အားသင့်သွားပြီးနောက် လူတိုင်းက သူတို့၏ အာရုံကို စင်မြင့်ဆီသို့ ပြန်လှည့်လိုက်ကြလေသည်။ လုရွှယ်ချီက စင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့ပြီ ဖြစ်၏။

ဓားကလည်း သူမ၏ လက်ထဲသို့ ပြန်ရောက်နေလေပြီ။ အပြာနှင့် အဖြူရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွားလေ၏။

ဖန်ချောင်၏ ဖြူရော်နေသော မျက်နှာကို လူတိုင်း မြင်တွေ့လိုက်ကြရလေသည်။

ဖန်ချောင်က ခေါင်းမော့ကာ လုရွှယ်ချီကို လက်ညှိုးထိုးလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်လေ၏။

"မင်း..."

ဘာတွေဖြစ်သွားမှန်း မသိသဖြင့် လူတိုင်းမှာ ဇဝေဇဝါ ဖြစ်နေကြလေသည်။ ထိုစဉ် ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာလေသည်။

ဖန်ချောင်၏ ရှေ့ရှိ အဖြူရောင်ဓားထံမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာလေသည်။

ပရိသတ်၏ မျက်စိရှေ့တွင်ပင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာ၏။ ထို့နောက် ဓားမှာ နှစ်ပိုင်းကျိုးကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

မှော်လက်နက်တစ်ခုက ကျင့်ကြံသူတစ်ဦးအတွက် မည်မျှ အဓိပ္ပာယ်ရှိကြောင်းကို ဤနေရာရှိ လူတိုင်း သိကြလေသည်။

စင်မြင့်ပေါ်တွင် ဖန်ချောင်က သွေးများ အများအပြား အန်ချလိုက်လေသည်။

သူ၏လက်က ရင်ဘတ်ကို ဖိကိုင်ထား၏။ ထို့နောက် သူ ထပ်မံ၍ တောင့်မခံနိုင်တော့ဘဲ မေ့မြောသွားလေတော့သည်။

TN/ ကိလေသာဝံပုလွေ= နှာဘူး

All Chapters