အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁) မထင်မှတ်ထားသောအပြောင်းအလဲ (၁)
ချက်ချင်းပင် လုံရှို့တောင်ထိပ်မှ တပည့်အချို့သည် စင်မြင့်ပေါ်သို့ ပြေးတက်သွားကြပြီး ဖန်ချောင်ကို ပွေ့ချီလိုက်ကြ၏။
သူတို့က ကျိုးပဲ့နေသော ဓားကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး ရှေ့မှ လှပသော မိန်းကလေး လုရွှယ်ချီကို သတ်ဖြတ်ချင်နေသည့်အလား စူးစိုက်ကြည့်နေကြလေသည်။
ချန်းစုန့်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အေးစက်စွာ ပြောလိုက်သည်
" ဂိုဏ်းတူညီမရွှေယွဲ့၊ မင်းတပည့်ရဲ့ စိတ်က အရမ်းရက်စက်လွန်းတယ်။ ပြိုင်ပွဲမှာ နိုင်တာနဲ့တင် မလုံလောက်ဘူးလား”
“သူက နတ်ဘုရားအဆင့် မှော်လက်နက်ရဲ့ စွမ်းအားနဲ့ တစ်ဖက်လူရဲ့ မှော်လက်နက်ကိုပါ ချိုးပစ်လိုက်သေးတယ်။ ဒါက ဘာသဘောလဲ"
ရွှေယွဲ့က အေးစက်စက်ပင် ပြန်ပြောလိုက်၏။
"ရွှယ်ချီရဲ့ ကျင့်စဉ်အဆင့်က မလုံလောက်သေးလို့ 'ထျန်းယာဓား' ကို သေချာ မထိန်းချုပ်နိုင်တာပါ။ သိပ်ကိစ္စကြီးတာလည်း မဟုတ်ပါဘူး"
ချန်းစုန့်မှာ ဒေါသပေါက်ကွဲထွက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် သူ့ပခုံးကို လက်တစ်ဖက်က လာပုတ်လေ၏။
တာအိုရွှမ် မတ်တပ်ရပ်ကာ ချန်းစုန့်၏ ပခုံးကို ပုတ်လိုက်ခြင်းပင်။ ချန်းစုန့်က သူ့ကို ကြည့်လိုက်ပြီးနောက် မိမိ၏ ဒေါသကို ထိန်းချုပ်လိုက်ရလေသည်။
သူက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
တာအိုရွှမ်က ချန်းစုန့်၏ ကျောပြင်ကို ကြည့်ကာ ခေါင်းယမ်းရင်း ခါးသက်သက် ပြုံးလိုက်၏။ သူ လှည့်ကြည့်လိုက်သောအခါ ရွှေယွဲ့လည်း ထွက်သွားသည်ကို တွေ့လိုက်ရလေ၏။
လုရွှယ်ချီသည် စင်မြင့်ပေါ်မှ ဆင်းလာပြီး ရွှေယွဲ့ရှေ့သို့ ရောက်လာ၏။ ရွှေယွဲ့က သူမကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။
လုရွှယ်ချီက ဘာမှမပြောဘဲ အရိုအသေပေးလိုက်ပြီး ရွှေယွဲ့ ထွက်သွားရာနောက်သို့ လိုက်သွားလေတော့သည်။
ကျန်းရှောင်ဖန်းသည် ရင်သပ်ရှုမောဖွယ် တိုက်ပွဲအပြီးတွင် မိမိကိုယ်မိမိ ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်ရ၏။
ရွှေယွဲ့နှင့် လုရွှယ်ချီတို့ အတူတကွ လျှောက်သွားသည်ကို မြင်သောအခါ သူတို့နှစ်ဦး၏ အမူအရာမှာ အလွန်တူညီနေကြောင်း သတိပြုမိလိုက်လေသည်။
သူတို့နှစ်ဦးလုံးသည် ရေခဲတမျှ အေးစက်နေပြီး ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသည်ဟုပင် ထင်မှတ်ရပေသည်။
ရုတ်တရက် ကျန်းရှူရှူက သက်ပြင်းချလိုက်၏။
"ထျန်းယာဓားက ပြန်ပေါ်လာလိမ့်မယ်လို့ ထင်မထားဘူး"
ကျန်းရှောင်ဖန်းက နားမလည်စွာဖြင့် မေးလိုက်၏။
"ထျန်းယာဓားဆိုတာ ဘာကြီးလဲ"
ချင်းယွင်ဂိုဏ်းသားများမှာ တဖြည်းဖြည်း လူစုကွဲသွားကြပြီ ဖြစ်သည်။
ကျန်းရှူရှူသည်လည်း ဖုန့်ဟွေ့တောင်ထွတ်မှ တပည့်အချို့ကို နှုတ်ဆက်လိုက်ပြီးနောက် ကျန်းရှောင်ဖန်းနှင့်အတူ လျှောက်လာရင်း ပြောလိုက်သည်။
"ထျန်းယာဓားဆိုတာ လုရွှယ်ချီ သုံးသွားတဲ့ ဓားလေ။ အဲဒီအကြောင်းကို စာအုပ်ထဲမှာ ငါဖတ်ဖူးတယ်။”
“ထျန်းယာဓားက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က နှလုံးမဲ့ဓားသမားလို့ လူသိများတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲမှာ စတင်ပေါ်ပေါက်လာခဲ့တာပဲ။”
“ဒဏ္ဍာရီတွေအရတော့ ဒီဓားကို ကောင်းကင်ဘုံကိုးလွှာက သံမဏိနဲ့ ပြုလုပ်ထားတယ်လို့ ဆိုကြတယ်။”
“နှလုံးမဲ့ဓားသမားက အဲဒီသံမဏိကို မြောက်ပိုင်းရေခဲလွင်ပြင်မှာ ရှာတွေ့ခဲ့ပြီး ဒီဓားကို သွန်းလုပ်ခဲ့တာတဲ့။”
“လမ်းမှန်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေကြားက တိုက်ပွဲမှာ လမ်းမှန်ဂိုဏ်းဘက်က ခေါင်းဆောင်က ငါတို့ ချင်းယွင်ဂိုဏ်းက ဘိုးဘေးချင်းရဲ့ ဖြစ်ပေမဲ့ နှလုံးမဲ့ဓားသမားကလည်း တော်တော်လေး နာမည်ကြီးခဲ့တာ။”
“အထူးသဖြင့် သူ့ရဲ့ နတ်ဘုရားဓား ထျန်းယာနဲ့ မိစ္ဆာလမ်းစဉ်က ဟေရှင်းအဘိုးအိုကို သုံးရက်နဲ့ သုံးညတိုင်တိုင် တိုက်ခိုက်ခဲ့တယ်။”
“အဲဒီနောက် ဟေရှင်းအဘိုးအိုကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ပြီး ငါတို့ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးကို ဖယ်ရှားပေးနိုင်ခဲ့တာပဲ။”
“ အဲဒီအချိန်က သွေးစုပ်ပုလဲကို ထျန်းယာဓား တစ်လက်တည်းကပဲ ထိန်းချုပ်နိုင်တယ်လို့ ဆိုကြတယ်။ အဲဒီအချိန်ကစပြီး ထျန်းယာဓားက နာမည်ကြီးလာတာပေါ့။”
“ကျင့်ကြံသူတွေကြားမှာတော့ အိပ်မက်တစ်ခုလိုပဲ။ ဒါပေမဲ့ နှလုံးမဲ့ဓားသမား ကွယ်လွန်သွားပြီးနောက်မှာတော့ ထျန်းယာဓားလည်း ပျောက်ကွယ်သွားခဲ့တယ်။”
“ရှောင်ကျူးတောင်ထိပ်ရဲ့ လက်ထဲမှာ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး"
ထို့နောက် ကျန်းရှူရှူက ခေါင်းယမ်းရင်း ပြောလိုက်သည်။
" ဂိုဏ်းတူညီလေး၊ လုရွှယ်ချီမှာ အဲဒီလို နတ်ဘုရားလက်နက်မျိုး ရှိနေတော့ ဒီပြိုင်ပွဲက ငါတို့အတွက် ဘာမျှော်လင့်ချက်မှ ရှိတော့မှာ မဟုတ်ဘူး"
ကျန်းရှောင်ဖန်းကတော့ စိတ်ပျက်မသွားချေ။ မည်သို့ပင်ဖြစ်စေ သူသည် မည်သည့်အောင်မြင်မှုကိုမျှ ရရှိရန်လည်း မျှော်လင့်မထားခဲ့ပေ။
သို့သော် ကျန်းရှူရှူ၏ စိတ်ပျက်နေသော မျက်နှာကို မြင်သောအခါ သူ စူးစမ်းလိုစိတ် ဖြစ်သွားမိ၏။
"ဟင်.. စီနီယာအစ်ကိုကြီးကျန်း ခင်ဗျားက ပြိုင်ပွဲကို စိတ်မဝင်စားဘူးလို့ ကျွန်တော့်ကို ပြောထားတာ မဟုတ်ဘူးလား။”
“ဘာလို့ ဒီလောက်တောင် စိတ်ပျက်နေရတာလဲ"
ကျန်းရှူရှူ မျက်နှာရဲသွားပြီး ပြောလိုက်သည်။
"ငါသာ နောက်ဆုံးဗိုလ်လုပွဲမှာ စင်မြင့်ပေါ် ရပ်နိုင်ခဲ့ရင် အနည်းဆုံးတော့ တော်တော်လေး ကြည့်ကောင်းနေမှာပဲလို့ မင်းမထင်ဘူးလား"
ကျန်းရှောင်ဖန်း ရယ်မောလိုက်လေ၏။
ကျန်းရှူရှူသည် သူ၏ ထူးဆန်းသော မျက်နှာထားကို ကြည့်ရင်း ရှက်ရွံ့သွားလေ၏။ သူက ကျန်းရှောင်ဖန်းကို လက်သီးဖြင့် ထိုးလိုက်သည်။
"ဘာရယ်စရာရှိလို့လဲ"
ထို့နောက် သူကိုယ်တိုင်လည်း ရယ်မောလိုက်လေတော့၏။
သူတို့သည် အခြားစင်မြင့်တစ်ခုဆီသို့ လျှောက်သွားကြပြီး နောက်ထပ်တိုက်ပွဲတစ်ခုကို ကြည့်ရှုလိုက်ကြသည်။
ထိုနေ့တွင် တာ့ကျူးတောင်ထွတ်သည် နိုင်ပွဲလေးပွဲနှင့် ရှုံးပွဲသုံးပွဲ မှတ်တမ်းရရှိခဲ့၏။
စုန့်တာ့ရန်၊ ထျန်းလင်းအာ၊ ဟယ်တာ့ကျစ်၊ တုပီရှုနှင့် ကံကောင်းလှသော ကျန်းရှောင်ဖန်း အပါအဝင် လူငါးယောက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့လေသည်။
ဤသည်မှာ နှစ်ရာချီကာလအတွင်း အကောင်းဆုံး မှတ်တမ်းပင် ဖြစ်ပေ၏။ ရလဒ်ကြောင့် ထျန်းပုယီမှာ ပါးစပ်ပင် မစေ့နိုင်လောက်အောင် ဝမ်းသာပျော်ရွှင်နေလေတော့သည်။
ဒုတိယနေ့။
အာရုဏ်ဦး နေရောင်ခြည်သည် တိမ်ပင်လယ်အထက်သို့ ကျရောက်လာ၏။
ချင်းယွင်တပည့်များသည် မနေ့ကကဲ့သို့ပင် ရင်ပြင်ဆီသို့ ရောက်ရှိလာကြပြီး ချင်းယွင်ဂိုဏ်း၏ ကိုယ်ခံပညာပြိုင်ပွဲကို ဆက်လက် ကြည့်ရှုကြသည်။
တာ့ကျူးတောင်ထိပ်မှ လူများသည် မနေ့ကကဲ့သို့ပင် အနီရောင်စာရင်းအောက်တွင် ရပ်နေကြ၏။ နာမည်တစ်ဝက်ခန့်မှာ ပယ်ဖျက်ခံထားရပြီ ဖြစ်သည်။
ကျန်းရှောင်ဖန်း၏ နာမည်ဘေးတွင် သူ၏ ပြိုင်ဘက်အဖြစ် ချူယွီဝမ်ဟု ရေးသားထားလေသည်။
မနက်ခင်းကတည်းက ကျန်းရှောင်ဖန်း စတင်၍ စိတ်လှုပ်ရှားနေခဲ့သည်။
တိုက်ပွဲအတွေ့အကြုံ ရယူရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်ကြောင်း သူသိသော်လည်း သူ၏ နှလုံးသားမှာ မလုံမခြုံ ဖြစ်နေမှုကို မတားဆီးနိုင်ချေ။ သူ မနက်စာပင် မစားနိုင်ခဲ့ပေ။
သူသည် ဘေးတွင်ထိုင်နေသော စုန့်တာ့ရန်အား တီးတိုးမေးလိုက်၏။
"ဂိုဏ်းတူအစ်ကိုကြီး၊ ချူယွီဝမ်ဆိုတာ ဘယ်သူလဲ။ သူက အရမ်းတော်လား"
စုန့်တာ့ရန်က မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်၏။
"ငါ သေချာတော့ မသိဘူး။ သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ စာရင်းထဲမှာတော့ သူက ကျောင်းယန်တောင်ထိပ်က တပည့်လို့ ရေးထားတယ်။”
“ဒါပေမဲ့ သူ့ရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်ရှိလဲဆိုတာကိုတော့ ငါမသိဘူး"
ထို့နောက် သူက ကျန်းရှောင်ဖန်းကို ကြည့်လိုက်ရာ စိတ်လှုပ်ရှားနေသည်ကို မြင်သဖြင့် ပြုံးလိုက်၏။
"ရှောင်ဖန်း ဂိုဏ်းတူညီလေး၊ စိတ်ပူစရာမလိုပါဘူး။ ငါ ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်တုန်းကလည်း အရမ်းကို စိတ်လှုပ်ရှားခဲ့ရတာပဲ"
ကျန်းရှောင်ဖန်းက တီးတိုးရေရွတ်လိုက်သည်။
"ဟုတ်ကဲ့ပါ"
တုပီရှု ရောက်လာပြီး မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေ၏။
"ဟေး... ဂိုဏ်းတူအစ်ကိုတို့။ ရှောင်ဖန်းရဲ့ ရလဒ်အပေါ် လောင်းကြေးထပ်ကြရအောင်"
"ကောင်းပြီလေ ကောင်းပြီလေ၊ ရှောင်ဖန်း ညီလေး ရှုံးမယ်လို့ ငါလောင်းတယ်"
"ငါလည်း အတူတူပဲ"
"ငါရောပဲ၊ ငါက နှစ်ဆထပ်လောင်းမယ်"
"ငါ့ကိုလည်း ထည့်လိုက်ဦး"
စုန့်တာ့ရန်က ဒေါသထွက်သွားပြီး လူတိုင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်းတို့ကောင်တွေ ဘာတွေလုပ်နေကြတယ်လို့ ထင်နေတာလဲ။”
“ ညီလေးရှောင်ဖန်းမှာ ရှေ့ဆက်တိုက်ရမယ့် ပွဲရှိနေတာကို မင်းတို့က သူ့ကို ပိုပြီး စိတ်ဓာတ်ကျအောင် လုပ်ချင်နေကြတာလား"
ကျန်းရှောင်ဖန်းက စုန့်တာရန်အား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်လေ၏။
"ဂိုဏ်းတူအစ်ကိုကြီး"
စုန့်တာ့ရန်က ပြန်ပြောလိုက်၏။
"ဆဋ္ဌမညီ"
တုပီရှုက လျှာထုတ်ပြလိုက်ပြီး ပြော၏။
"ဂိုဏ်းတူအစ်ကိုကြီး.. ကျွန်တော်က နောက်နေတာပါ။ ဆရာ့ကိုတော့ သွားမပြောပါနဲ့နော်"
စုန့်တာ့ရန်က ပြောလိုက်၏။
"မရဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်း သူ့ကို စိတ်ဓာတ်ကျအောင် လုပ်လိုက်ပြီပဲ။ ဒီလောင်းကြေးမှာ ငါ ငါးဆ ထပ်လောင်းမယ်"
တုပီရှုနှင့် ကျန်းရှောင်ဖန်းတို့မှာ ဆွံ့အသွားကြသည်။
"ဘာ…"
ထိုအချိန်တွင် ထျန်းပုယီနှင့် စုရုတို့ ဝင်လာကြ၏။ တာ့ကျူးတောင်ထွတ်မှ တပည့်များ မတ်တပ်ရပ်၍ အရိုအသေပေးလိုက်ကြသည်။ ထျန်းပုယီက သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။
"မနေ့က မင်းတို့ရဲ့ စွမ်းဆောင်ရည်က မဆိုးပါဘူး။ ဒါပေမဲ့ ဒီနေ့ ဒုတိယအဆင့်မှာတော့ ပြိုင်ဘက်တွေက အခြေခံအားဖြင့် ချင်းယွင်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေချည်းပဲ။ မင်းတို့ သတိထားရမယ်နော်"
သူတို့က ပြန်ဖြေလိုက်ကြ၏။
"ဟုတ်ကဲ့ပါ"
စုရုက ကျန်းရှောင်ဖန်းကို ကြည့်လိုက်ပြီး သူ့အနီးသို့ လာကာ ပြောလိုက်၏။
"ရှောင်ဖန်း၊ ဒီနေ့က မင်းရဲ့ ပထမဆုံးပွဲပဲ။ မင်း သတိထားရမယ်နော်၊ နားလည်လား"
ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ နွေးထွေးသွားပြီး သူက တိုးညှင်းစွာ ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာကတော်"
စုရု ခေါင်းညိတ်လိုက်၏။ သူမ တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ပြိုင်ပွဲစတင်ပြီဖြစ်ကြောင်း ကြေညာလိုက်လေ၏။
ထျန်းပုယီနှင့် စုရုတို့ အချင်းချင်း ကြည့်ကာ ခေါင်းညိတ်လိုက်ကြပြီး ပြောလိုက်သည်။
"မင်းတို့ ဘယ်စင်မြင့်ကို သွားရမယ်ဆိုတာ သိကြတယ်မလား။ အနီရောင်စာရင်းမှာ ကြေညာထားပြီးသားပဲ။”
“ပြိုင်ပွဲစတဲ့အခါ မင်းတို့ဆရာကတော်နဲ့ ငါက မင်းတို့ရဲ့ တိုက်ပွဲတွေကို လာကြည့်မယ်။ ငါတို့ မျက်နှာမပျက်ရအောင် သေချာလေး လုပ်ကြစမ်း"
သူတို့က ပြန်လည်ဖြေကြားလိုက်ကြ၏။ ထျန်းပုယီ ခေါင်းညိတ်လိုက်ပြီး စုရုနှင့် သီးသန့်စကားပြောဆိုကာ ထွက်ခွာသွားကြလေသည်။
ထျန်းလင်းအာက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ့ထံသို့ လျှောက်လာစဥ် ကျန်းရှောင်ဖန်း၏ ရင်ခုန်သံများမှာ မြန်ဆန်လာတော့သည်။
အခန်း(၄၂) ထင်မှတ်မထားသောအပြောင်းအလဲ (၂)
ထျန်းလင်းအာက ကျန်းရှောင်ဖန်းကို အနီးကပ် ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်၏။ ထို့နောက် လူတိုင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ရှောင်ဖန်း ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲ ကြည့်ကြပါဦး။ နဖူးမှာလည်း ချွေးတွေ ပျံနေတာပဲ"
တပည့်များအားလုံး ရယ်မောလိုက်ကြသည်။ စုန့်တာ့ရန်က ပြောလိုက်၏။
"ငါ ညီလေးရှောင်ဖန်းကို စိတ်သက်သာရာရအောင် ကြိုးစားကြည့်သေးတယ်၊ ဒါပေမဲ့ အလုပ်မဖြစ်ဘူး။ ကြည့်ရတာ ဂိုဏ်းတူညီမလေးရဲ့ အကူအညီ လိုအပ်နေပုံပဲ"
ထျန်းလင်းအာက ကျန်းရှောင်ဖန်းကို ပြောလိုက်၏။
"ရှောင်ဖန်း၊ ငါလည်း ဝင်ပြိုင်ရမယ့်ပွဲ ရှိတယ်။ နင့်ကို အားပေးဖို့ မလာနိုင်ဘူး။ ကြိုးစားပြီး ဂရူစိုက်ရမယ်နော်"
သူမ၏ မျက်နှာသည် ကျန်းရှောင်ဖန်းနှင့် အလွန်နီးကပ်နေသဖြင့် သူမ၏ သင်းပျံ့သော ရနံ့ကို ရှူရှိုက်မိနေလေ၏။
သူ ခေါင်းညိတ်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
ထျန်းလင်းအာသည် ဤကိစ္စအပေါ် များများစားစား တွေးတောနေပုံမရပေ။ သူမက ကျန်းရှောင်ဖန်းကို ပြုံးပြလိုက်ပြီးနောက် သူမ၏ ဂိုဏ်းတူအစ်ကိုများနှင့် ခဏတာ စကားပြောလိုက်သည်။
အတန်ကြာပြီးနောက် လူတိုင်းသည် မိမိတို့၏ ပြိုင်ပွဲဝင်ရမည့် စင်မြင့်ကိုယ်စီဆီသို့ ထွက်သွားကြလေသည်။
တိုက်ပွဲဝင်ရန် မလိုသောသူများသည် မိမိတို့ အဖွဲ့ဝင်များကို အားပေးရန် လိုက်သွားကြ၏။ သို့သော် ကျန်းရှောင်ဖန်းနှင့်အတူ မည်သူမျှ လိုက်မလာခဲ့ပေ။
ကျန်းရှောင်ဖန်းအတွက် မျှော်လင့်ချက်မရှိတော့ဟု လူတိုင်းက ထင်မှတ်ထားကြသည်။
သူ၏ ဂိုဏ်းတူအစ်ကိုများ ထွက်သွားသည်ကို ကြည့်ရင်း ကျန်းရှောင်ဖန်း ထိုနေရာတွင် ရပ်နေစဉ် သူ၏ နှလုံးသားထဲ၌ ဖော်ပြ၍မရနိုင်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေ၏။
ထို့နောက် သူသည် အနီရောင်စာရင်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး သေချာစွာ ထပ်မံဖတ်ရှုလိုက်၏။
သူနှင့် ကျောင်းယန်တောင်ထွတ်မှ တပည့် ချူယွီဝမ်တို့အတွက် စင်မြင့်မှာ အဝေးဆုံးတွင်ရှိသော 'ကျန့်' စင်မြင့် ဖြစ်လေသည်။
ကျန်းရှောင်ဖန်း ခါးသက်သက် ပြုံးလိုက်မိ၏။ စင်မြင့်ဆီသို့ သွားရာလမ်းတွင် မနေ့က ပြိုင်ပွဲအကြောင်း လူအများအပြား ပြောဆိုနေကြသည်ကို သူကြားလိုက်ရသည်။
နာမည်ကြီး တပည့်များမှာ နောက်တစ်ဆင့်သို့ အလွယ်တကူ တက်ရောက်သွားနိုင်ခဲ့ကြသည်။
ချီဟောင်အပြင် လုံရှို့တောင်ထိပ်မှ အလွန်ပါရမီပါသော တပည့်တစ်ဦးအကြောင်းကိုလည်း သူတို့ ပြောဆိုနေကြရာ ထိုသူမှာ လင်းကျင်းယွီ ဖြစ်မည်ဟု ကျန်းရှောင်ဖန်း ခန့်မှန်းမိလိုက်၏။
လူအများစု အဓိက အာရုံစိုက်နေသည့် အကြောင်းအရာမှာ နတ်ဘုရားဓား 'ထျန်းယာ' ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး လုရွှယ်ချီအကြောင်းပင်။
သူမ၏ ကျင့်စဉ်အဆင့်သည် လူတိုင်း၏ မျှော်မှန်းချက်ထက် ကျော်လွန်နေခဲ့၏။ လုရွှယ်ချီက ပြိုင်ဘက်၏ ဓားကို ချိုးဖျက်ပစ်ခဲ့ခြင်းအပေါ် လူအများစုက မကျေမနပ် ဖြစ်နေကြလေသည်။
သို့သော် ထိုအချက်ကပင် သူမ၏ တိုက်ပွဲကို ကြည့်ရှုရန် တပည့်များကို ပိုမိုဆွဲဆောင်နိုင်ခဲ့လေ၏။
ပျောက်ကွယ်သွားခဲ့သော 'ထျန်းယာဓား' ကြောင့် လူအများအပြားကို ပို၍ စိတ်ဝင်စားစေခဲ့သည်။
အချို့သော အကြီးအကဲများကလည်း လွန်ခဲ့သည့် နှစ်တစ်ထောင်က လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့၏ တိုက်ပွဲမှ နတ်ဘုရား မှော်လက်နက်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုကြလေသည်။
လမ်းတစ်လျှောက် တပည့်များအကြား ပြောဆိုဆွေးနွေးသံများကို ကြားရသောအခါ လုရွှယ်ချီ၏ အေးစက်လှပသော မျက်နှာကို သူ ပြန်လည်သတိရမိသွားလေသည်။
ခေါင်းယမ်းကာ သူ၏အတွေးတစ်ချို့ကို ဖယ်ရှားလိုက်စဉ် တစ်စုံတစ်ယောက်၏ ခေါ်သံကို ရုတ်တရက်ကြားလိုက်ရလေသည်။
"ရှောင်ဖန်း"
ထိုအသံသည် ရင်းနှီးနေသောအသံ ဖြသ်သောကြောင့် ကျန်းရှောင်ဖန်း ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
ထိုသူက လင်းကျင်းယွီပင်။ ကျန်းရှောင်ဖန်းသည် သူ့ထံသို့ လျင်မြန်စွာ လျှောက်သွားပြီး ပြောလိုက်သည်။
"မင်းကို ရှာမတွေ့လို့ ဘယ်ရောက်နေလဲ စဉ်းစားနေတာ။ မင်းက ဒီမှာကိုး"
လင်းကျင်းယွီက သူ့နောက်ကျောဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဒီနေ့လည်း ငါ ပြိုင်ပွဲဝင်ဖို့ သွားရဦးမယ်။ ဒီနေ့ 'ခန်' စင်မြင့်မှာမို့လို့ ကြိုတင်ပြင်ဆင်ဖို့ စောစောလာခဲ့တာ"
ထို့နောက် သူက ကျန်းရှောင်ဖန်းကို သေချာကြည့်ကာ ပြုံးလိုက်၏။
"ဒီနေ့က မင်းအလှည့်လည်း ပါတယ်မလား၊ မင်းက ဘယ်စင်မြင့်မှာလဲ"
ကျန်းရှောင်ဖန်းက ပြန်ဖြေလိုက်၏။
"ငါက 'ကျန့်' စင်မြင့်ကို သွားမှာ။ မကြာခင် စတော့မှာမို့ မင်းကို အားပေးဖို့ မလာနိုင်ဘူး။ ဟိုရောက်ရင် သတိထားနော်"
လင်းကျင်းယွီက ပြုံးလိုက်၏။
"မင်းလည်း အတူတူပဲ။ ဟင်.. မင်းရဲ့ ဂိုဏ်းတူအစ်ကိုတွေနဲ့ အကြီးအကဲတွေက ဘာလို့ မင်းကို လာမကြည့်ကြတာလဲ"
ကျန်းရှောင်ဖန်း လန့်သွားပြီး အတင်းပြုံးကာ ဖြေလိုက်၏။
"ငါတို့ တောင်ထွတ်က လူသိပ်မများဘူးလေကွာ။ ဒီနေ့ ငါတို့ထဲက အများကြီး ပြိုင်ပွဲဝင်ရမှာဆိုတော့ ဆရာနဲ့ ဆရာကတော်က ဂိုဏ်းတူအစ်ကိုကြီးနဲ့ အစ်မတို့ရဲ့ ပွဲကို သွားကြည့်ကြတာပါ"
လင်းကျင်းယွီက သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ကျန်းရှောင်ဖန်း၏ ပခုံးကို ပုတ်လိုက်လေသည်။
"ကိစ္စမရှိပါဘူးကွာ။ ငါက အတွေ့အကြုံရဖို့ ဒီကို လာခဲ့တာပဲလေ။ စိတ်မပူပါနဲ့။ မင်းကတော့ ကြိုးစားဖို့ လိုတယ်နော်။”
“ငါတို့ မြက်ဘုရားကျောင်းရွာက လူတွေကို အသုံးမကျဘူးလို့ အထင်မခံရစေနဲ့"
လင်းကျင်းယွီ ခေါင်းညိတ်လိုက်၏။ ထိုစဥ် သူ၏ နောက်ကျောဘက်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ သူ အနောက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
"ငါ့ပြိုင်ပွဲ စတော့မယ်ထင်တယ်။ မင်းနဲ့ စကားဆက်မပြောနိုင်တော့ဘူး။ အချိန်ရရင် ဒီပွဲအပြီး မင်းဆီ လာခဲ့မယ်လေ"
ကျန်းရှောင်ဖန်း ခေါင်းညိတ်ကာ ပြောလိုက်၏။
"သွားတော့လေ"
ထွက်ခွာသွားသော လင်းကျင်းယွီကို ကြည့်ရင်း ကျန်းရှောင်ဖန်း စိတ်ထဲမှ တွေးလိုက်မိလေသည်။
'မင်း ဒီရောက်လာတဲ့အထိ ငါ တောင့်ခံထားနိုင်ရင် အဲဒါက တကယ့်ကို အံ့ဖွယ်တစ်ခုပဲ ဖြစ်လိမ့်မယ်'
သူသည် ကိုယ့်ကိုယ်ကိုယ် ရယ်မောရင်း 'ကျန့်' စင်မြင့်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ထိုနေရာသည် တိမ်ပင်လယ်၏ အရှေ့ဘက် အကျဆုံး အစွန်အဖျားတွင် တည်ရှိလေ၏။ ထိုနေရာတွင် တပည့်အနည်းငယ်မျှသာ ရှိပြီး အများစုမှာ ကျောင်းယန်တောင်ထွတ်မှ ဖြစ်ကြသည်။
လူအရေအတွက်မှာ လုရွှယ်ချီ၏ 'ချန်' စင်မြင့်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ကွာခြားလှပေ၏။ ကုလားထိုင် တစ်လုံးတည်းသာ ရှိပြီး မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး ထိုင်နေလေ၏။
ထိုအဘိုးအိုကို ရင်းနှီးနေသလို ကျန်းရှောင်ဖန်း ခံစားလိုက်ရ၏။ မနေ့က လုရွှယ်ချီ၏ တိုက်ပွဲတွင် တပည့်များအားလုံးကို ကြိမ်းမောင်းခဲ့သော အကြီးအကဲဖြစ်ကြောင်း သူ မှတ်မိသွား၏။
ချင်းယွင်ဂိုဏ်းအနေဖြင့် မိန်းကလေးတပည့်များကို လက်မခံသင့်ကြောင်း မြည်တွန်တောက်တီးခဲ့သူလည်း ဖြစ်သည်။
ထိုအကြီးအကဲ မည်သည့်တောင်ထွတ်မှ ဖြစ်ကြောင်းကိုတော့ ကျန်းရှောင်ဖန်း မသိပေ။
တောင်ထွတ်ခုနစ်ခု ကိုယ်ခံပညာပြိုင်ပွဲတွင် စင်မြင့်ရှစ်ခု ရှိ၏။
ပုံမှန်အားဖြင့် တပည့်များကို ထိန်းသိမ်းစောင့်ကြည့်ရန် စင်မြင့်တစ်ခုစီအတွက် အနည်းဆုံး အကြီးအကဲတစ်ဦးကို ထားရှိလေသည်။ သို့မဟုတ်ပါက အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ပေသည်။
ကျန်းရှောင်ဖန်းသည် မုတ်ဆိတ်ဖြူ အဘိုးအိုထံ လျှောက်သွားကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
"အကြီးအကဲ ကျွန်တော်က တာ့ကျူးတောင်ထိပ်က တပည့် ကျန်းရှောင်ဖန်းပါ။ ဒီနေ့ ပြိုင်ပွဲက 'ကျန့်' စင်မြင့်မှာပါ"
အဘိုးအိုက လှည့်ကြည့်ကာ ကျန်းရှောင်ဖန်းကို အကဲခတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"အို... မင်း ရောက်လာပြီကိုး။ မြန်မြန် စင်မြင့်ပေါ် တက်သွားတော့"
ကျန်းရှောင်ဖန်းက ပြန်လည်တုံ့ပြန်လိုက်သော်လည်း စင်မြင့်ပေါ်တွင် မည်သူ့ကိုမျှ မတွေ့ရချေ။ ချူယွီဝမ် ရောက်မလာသေးသည်မှာ ထင်ရှားလှပေသည်။
သူ တစ်စက္ကန့်ခန့် တွေဝေသွားပြီးနောက် အဘိုးအို၏ အမိန့်ကို နာခံရန် ဆုံးဖြတ်လိုက်ကာ စင်မြင့်ပေါ်သို့ တက်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောင်းယန်တောင်ထွတ်မှ တပည့်များ တီးတိုးပြောဆိုနေကြပြီး ကျန်းရှောင်ဖန်းအကြောင်း ဆွေးနွေးနေကြသည်မှာ ထင်ရှားလှသည်။
မနက်ခင်း နေလုံးကြီး ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ထုံထျန်းတောင်ထွတ်၏ နေရောင်ခြည်သည် သူတို့အပေါ်သို့ ညင်သာစွာ ကျရောက်လာ၏။
ကျန်းရှောင်ဖန်းသည် စင်မြင့်ပေါ်တွင် ရပ်ကာ အရှေ့ဘက် ကောင်းကင်ယံကို ကြည့်နေလေ၏။ အာရုဏ်ဦးနေမင်းသည် ကောင်းကင်အထက်သို့ ဖြည်းညင်းစွာ တက်လာ၏။
အလင်းရောင်သည် နူးညံ့ကာ နီမြန်းနေပြီး အဝေးမှ တိမ်တိုက်များကို လင်းလက်သွားစေပေ၏။
ကျန်းရှောင်ဖန်း၏ နှလုံးသားထဲတွင် ခံစားချက်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့လေ၏။
လွန်ခဲ့သော ငါးနှစ်က သူသည် ညဏ်နည်းပါးသော လယ်သမားကလေးတစ်ဦးသာ ဖြစ်ခဲ့သည်။
ထုံထျန်းတောင်ထိပ်တွင် ရပ်ကာ နေထွက်ချိန်ကို ကြည့်ခွင့်ရမည်ဟု သူ၏ဘဝတွင် တစ်ခါမျှ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
အိပ်မမက်ခဲ့ဖူးသည် ဆိုသည်ထက် ဤမျှ လှပသော နေထွက်ချိန်မျိုး ရှိလိမ့်မည်ဟု သူ လုံးဝ စိတ်ကူးမယဉ်နိုင်ခဲ့ခြင်းသာ ဖြစ်ပေ၏။
ဘဝသည် တိမ်တိုက်များကဲ့သို့ အဆုံးအစမဲ့နေလေ၏။
ယခုအခါ အသက် ဆယ့်ခြောက်နှစ်အရွယ် သူ၏ စိတ်သည် အသက် ခြောက်ဆယ်အရွယ် အဘိုးအိုတစ်ဦးကဲ့သို့ ဖြစ်နေချေပြီ။
ကျန်းရှောင်ဖန်းသည် သူ၏ လက်များကို အင်္ကျီအတွင်းသို့ ထည့်ကာ အေးစက်နေသော မီးတုတ်ကို စမ်းကြည့်လိုက်သည်။
လွန်ခဲ့သည့် တစ်လက မည်သူမျှ မသိစေဘဲ မည်းနက်နေသော တုတ်ကို သူ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အံ့သြဖွယ် တွေ့ရှိခဲ့ရလေသည်။
ထိုအချိန်က သူ၏ မျက်လုံးများကိုပင် သူ မယုံနိုင်ခဲ့ချေ။ နောက်ပိုင်းတွင် အကြိမ်ရေရေတွက်၍မရအောင် ထပ်ခါတလဲလဲ စမ်းသပ်ပြီးနောက် ထိုမီးတုတ်သည် သူ၏ စိတ်စွမ်းအားအောက်တွင် အမှန်တကယ် လှုပ်ရှားလာခဲ့ပေ၏။
ချင်းယွင်ဂိုဏ်း၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် 'ပစ္စည်းထိန်းချုပ်ခြင်း' ဟူသည် အလွန် အံ့မခန်းဖွယ် ဝေါဟာရတစ်ခု ဖြစ်၏။
၎င်းသည် ယွီချင်းအဆင့်လေး၏ ပြယုဂ်တစ်ခုလည်း ဖြစ်ပေသည်။ တပည့်သစ်များ အဓိကထား မျှော်လင့်ကြသည့်၊ လေ့ကျင့်ကြသည့် အရာလည်း ဖြစ်ပေသည့်
သူ၏ ဆရာ ဂုဏ်ယူလာစေရန်နှင့် ပြုံးလာစေရန်အတွက် ထိုအဆင့်သို့ ရောက်ရှိရန် ကျန်းရှောင်ဖန်း အိပ်မက်မက်ရုံသာ တတ်နိုင်ခဲ့လေသည်။
သို့သော် ၎င်းသည် ဖြစ်နိုင်ပါမည်လော။
ကျန်းရှောင်ဖန်းသည် မိမိကိုယ်မိမိ ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး မည်သူ့ကိုမျှ မပြောပြရန် ဆုံးဖြတ်ခဲ့၏။
တစ်ချိန်တည်းမှာပင် သူသည် မီးဖိုချောင်ရှိ အခြားပစ္စည်းများကိုပါ ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့မှာ လှုပ်ရှားမလာခဲ့ပေ။
ထိုအချက်က သူ၏ ယုံကြည်မှုကို အားနည်းသွားစေခဲ့၏။ သူလည်း ဇဝေဇဝါ ဖြစ်ခဲ့ရ၏။ ထိုသို့ အဘယ်ကြောင့် ဖြစ်ရသနည်း။