ရွှမ်းလွမ်ကို ပြန်လည်တိုက်ခိုက်ခြင်း
Vol. 11 Ch. 146
ထာဝရဖန်တီးမှု နေ့ရက်တွင်တော့ တောင်ပိုင်းအရုဏ်ဦး နယ်မြေတစ်ခုလုံးကို မြူများ ဖုံးလွှမ်းလျက် ရှိသည်။ တောင်ပိုင်းအရုဏ်ဦး နယ်မြေ အလယ်ဗဟိုတွင်တော့ မြူများအထူဆုံး ဖြစ်ပြီး ထိုနေရာမှအပြင်သို့ ဖြည်းဖြည်းချင်း ပျံ့နှံ့နည်းပါး သွားလေသည်။ ပျံ့နှံ့နေသော မြူထုသည် အနည်းငယ် ပါးလွှာကောင်း ပါးလွှာနိုင်သော်ငြား လူတစ်ဦး၏ အမြင်အာရုံကိုတော့ ကောင်းစွာ ပိတ်ဖုံးထားနိုင်နေဆဲပင် ဖြစ်သည်။
ဟန်တောင်တန်း မြို့တော်သည်လည်း မြူခိုးများ ဖုံးလွှမ်းလျက် ရှိသည်။ တောင်ထိပ်တွင် ရပ်လျက် ငုံ့ကြည့်လျှင် တစ်ချိန်က မြင်တွေ့ခဲ့ရသော ချောက်ကြီးများကို မမြင်နိုင်တော့ချေ။ ထိုအစား မြူပင်လယ်ကြီး တစ်ခုကိုသာ မြင်တွေ့ရမည် ဖြစ်သည်။ အမှန်တော့ သူတို့သည် ထိုနေရာ၌ ရပ်၍ မြူထုကိုကြာရှည်စွာ ကြည့်မိမည် ဆိုလျှင် ၎င်းတို့အပေါ်သို့ နင်းလျှောက်နေ သကဲ့သို့ မှားယွင်းသည့် ခံစားချက်တို့ထဲ နစ်မြုပ်သွားလိမ့်မည် ဖြစ်သည်။
ဟန်တောင်တန်း မြို့တော်တည်ရှိရာ တောင်အောက်တွင်တော့ ကြီးမားသည့် အခန်းကျယ်ကြီး ရှိသည်။ ထိုအခန်းကျယ်ကြီးသည် ပေထောင်ပေါင်းများစွာ အရွယ်အစား ရှိသော်လည်း ထိုအကြောင်းကို သိသူကတော့ အနည်းငယ်သာ ရှိလေသည်။
အစဉ်ထာဝရ လောင်ကျွမ်းနေမည့်ပုံ ပေါ်သည့် မီးပုံများက အခန်းပတ်လည်တွင် တိတ်ဆိတ်စွာ လောင်ကျွမ်းလျက် ရှိကြသည်။ ၎င်းတို့သည် အလင်းရောင် အရိပ်များဖြင့် တောက်ပလျက် ရှိပြီး အခန်းတစ်ခုလုံးက ချောက်ချားဖွယ်ရာ ခံစားမှုမျိုး ပေးစွမ်းနေလေသည်။
ရေစီးကြောင်းသဖွယ် မြောင်းတို့က ကြမ်းပြင်တစ်ခုလုံး ဖုံးအုပ်ထားပြီး ကြီးမားသည့် စက်ဝိုင်းပုံကားချပ်ကြီး တစ်ခုအသွင် ဖြစ်ပေါ်နေသည်။ ထိုကားချပ်ကြီး၏ ပုံစံသည် အလွန်ပင်ရှုပ်ထွေးဟန်ပေါ်ပြီး သူ့ထံမှ ရှေးကျသည့် အငွေ့အသက်တို့ ထွက်ပေါ်လျက် ရှိချေသည်။ ထိုအရာကြီး ဤနေရာ၌ အချိန်တော်တော်ကြာတည်းကပင် တည်ရှိနေခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။
နေရာတစ်ခုလုံးက တိတ်ဆိတ်လျက်။
မီးပုံများထံမှ မီးတောက်သည့် တဖျစ်ဖျစ် မြည်သံတို့မှလွဲ၍ မည်သည့်အသံမျှ မကြားရချေ။ ဥမင်လိုဏ်ခေါင်းသုံးခုက နံရံများနှင့် ချိတ်ဆိတ်နေပုံမှာ ကြောက်မက်ဖွယ် အနက်ရောင် ပါးစပ်ပေါက်ကြီးများ သဖွယ် ... ။
ထိုအခိုက်တွင် ဧရာမ ရုပ်ပုံကားချပ်ကြီးဆီမှ အဖြူရောင်အလင်းတို့ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းသည် တဖြည်းဖြည်း ပိုမိုအားကောင်းလာပြီး အသက်ရှူချိန်အနည်းငယ် အတွင်းတွင် ခန်းမထဲရှိ မီးပုံအလင်းရောင်တို့ကို လွှမ်းမိုးသွားပြီး တစ်ခန်းလုံး အဖြူရောင် အလင်းတို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထိုအချိန်တွင်ပင် အဖြူရောင်အလင်းသည် သူ၏အတောက်ပဆုံး အခြေအနေသို့ ရောက်ရှိသွားဟန်တူပြီး အလင်းအတွင်း၌ လူသုံးယောက်၏ပုံက ဖြည်းညင်းစွာ အကောင်အထည် ပေါ်လာလေသည်။ ပုံရိပ် ၃ ခု ဖြစ်ပေါ်သွားသည်နှင့် တစ်ပြိုင်နက် ရုပ်ပုံမှ ထွက်ပေါ်နေသော အလင်းသည်လည်း ပျောက်ကွယ်သွားပြီး အခန်းအား နောက်တစ်ကြိမ် အမှောင်ထုအတွင်း ကျရောက် သွားစေသည်။
ထိုပုံရိပ် ၃ ခုထဲမှ တစ်ယောက်သည် အသက် ၃၀ အရွယ်ရှိ “ချန်း” ဟုအမည်ရသည့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ဧည့်သည်တော်ဖြစ်သည်။ သူ့မျက်နှာသည် ဖြော့တော့လျက် ဒူးမခိုင်ဘဲ ခွေလဲကျတော့မည့်အသွင် ဖြစ်နေလေသည်။ တည်နေရာ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ သူ့ခန္ဓာကိုယ်သည် မချိမဆံ့ခံစားနေရပြီး တုန်လှုပ်နေသည်မှာ သေချာပေသည်။
သူ့နံဘေးတွင်တော့ တုန့်ဖန်းဟုအမည်ရသည့် အဘိုးအို၏မျက်နှာသည်လည်း အလားတူပင် ဖြူဖျော့နေလေသည်။ နဖူးတွင်လည်း ချွေးတို့ထွက်လျက်ဖြင့် အဘိုးအိုသည် ရုပ်ပုံ၏အစွန်း မြေပြင်ဆီသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး ထိုနေရာသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူသည်လည်း ချက်ချင်းပင် ခြေချိတ်လျက် ငုတ်တုတ်ထိုင်ချလိုက်ရ၏။ ထို့နောက် သူအသက်လုရှူနေရသည့် အချိန်တွင်တော့ စုမင်ကို မြင်လိုက်ရလေသည်။
စုမင်သည် ရုပ်ပုံ၏အလယ်၌ မတ်တတ်ရပ်လျက်ရှိပြီး အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် မည်သူကမျှ သူ့မျက်နှာကို မမြင်နိုင်ချေ။
ထိုအခိုက်တွင် သူသည်မျက်လုံးများကို မှိတ်ထားလျက်ရှိပြီး ရင်ဘတ်က ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်နေလေသည်။ မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာတွင်တော့ ထူးဆန်းသည့် အနီရောင်အမှတ်တစ်ခု ပေါ်လာလေ၏။
အဘိုးအိုက သူ့ကိုကြည့်လိုက်သည့် တစ်ချိန်တည်းမှာပင် စုမင်က မျက်လုံးတို့ကို ပြန်ဖွင့်လိုက်လေသည်။ သူတို့၏အကြည့်များ ဆုံတွေ့သွားကြသောအခါ အဘိုးအိုသည် မှင်တက်သွားမိ၏။ သူ့မျက်လုံးထဲတွင်တော့ စုမင်သည် တည်နေရာ ကူးပြောင်းခြင်း လုပ်ငန်းစဉ်မှ မည်သည့် အကျိုးသက်ရောက်မှုကိုမှ မခံစားရသကဲ့သို့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
“မင်းတို့ရဲ့ အသက်ရှူနှုန်းကိုပဲ အဆင်ပြေအောင် လုပ်လိုက်ကြပါ။ ငါမင်းတို့ကို ကာကွယ်ပေးနေပါ့မယ်” စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
အဘိုးအိုသည် ချက်ချင်းပင် ပြုံးလိုက်ပြီး စုမင်ထံသို့ ခေါင်းညိတ်ပြလျက် မျက်လုံးကိုမှိတ်ကာ တရားထိုင်ခြင်းကို စတင်လိုက်လေသည်။
“ချန်း” ဟုအမည်ရသည့် လူသည်လည်း အဘိုးအို၏ ဘေးနားသို့ ရုန်းကန်လျက် လျှောက်သွားလိုက်ပြီး ပြန်လည်ထူထောင်ဖို့ မစတင်မီ နွေးထွေးစွာ ပြုံးပြလိုက်သည်။
စုမင် မည်သည့်စကားမျှ မဆိုလိုက်ချေ။ ထိုအစား ရုပ်ပုံထဲမှ လျှောက်လှမ်း ထွက်လာပြီး သူ့အပေါင်းအဖော် နှစ်ဦးနှင့် သိပ်မဝေးသည့် နေရာတွင်ရပ်ကာ မြေပေါ်ရှိ စက်ဝိုင်းပုံကို နက်နဲစွာ စိုက်ကြည့်လိုက်သည်။
ထိုပုံက မယုံနိုင်လောက်အောင် ရှုပ်ထွေးပြီး ကြည့်ရှုသူများကို အံ့အားသင့်စေသည်။
“ညီနောင်မော့ ခင်ဗျားရဲ့ ခွန်အားက တည်နေရာ ရွှေ့ပြောင်းခြင်းရဲ့ ဖိအားကိုတောင် ဒဏ်ခံနိုင်ပြီးတော့ အရမ်းထူးဆန်းတယ် ... ငါတကယ်ကိုပဲ သဘောကျမိပါတယ် ... ပြီးတော့ ငါတို့ကို အခုလို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဒီပုံက ဟန်တောင်တန်း မျိုးနွယ်စုဝင်တွေက သူတို့ဘိုးဘေးရဲ့ အလိုဆန္ဒအရ ထွင်းထုထားခဲ့ကြတာပဲ။ သူ့ရဲ့လုပ်ဆောင်ချက် အသေးစိတ်ကိုတော့ သိတဲ့လူ အနည်းငယ်ပဲ ရှိတယ်။ မျိုးနွယ်စု ၃ ခုက ဟန်တောင်တန်း မြို့တော်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ သူတို့ရဲ့ မာန်နတ်ဘုရားရုပ်တုတွေ စွမ်းအားကို သုံးပြီးတော့ ထာဝရဖန်တီးမှုနေ့ကို ရောက်လို့ လျှို့ဝှက်နေရာရဲ့ ချိပ်စည်းတွေ အားနည်းလာတာနဲ့ ဒီနေရာကို တည်နေရာ ရွှေ့ပြောင်းခြင်း စက်ဝိုင်း ဖြစ်လာအောင်လို့ ပြုပြင်ထားခဲ့ကြတာပဲ” အဘိုအိုက မျက်လုံးကိုဖွင့်ရင်း ရှင်းပြလိုက်၏။
“ကြိုဆိုပါတယ်။ ကျူပ်တို့က ဒီနေရာမှာ ရောက်နေကြတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူညီစောင့်ရှောက်ကြ ရမှာပဲလေ။ ကျူပ်ကအခုမှ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော် ဖြစ်လာခဲ့တာဆိုတော့ နားမလည်တဲ့အရာတွေ အများကြီး ရှိနေသေးတယ်။ အဲဒီအရာတွေကို ရှင်းပြဖို့ ခင်ဗျားတို့၂ယောက်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
စုမင်သည် မြေပြင်ပေါ်ရှိရုပ်ပုံမှအကြည့်ကိုလွှဲလျက် အဘိုးအိုထံသို့ လှမ်းကြည့်လိုက်သည်။
အဘိုးအိုသည် သူ့နံဘေးရှိ “ချန်း” ဆိုသည့်လူကို ကြည့်လိုက်သည်။ သူသည် အသက်ရှူနှုန်းကို ထိန်းညှိနေဆဲဖြစ်ပြီး အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်လာမည့်ပုံ မပေါ်သေးသောကြောင့် စုမင်ဘက်သို့ လှည့်၍ လက်သီးနှင့် လက်ဝါးကိုထပ်ရင်း အပြုံးဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုလိုက်သည်။
“ကျူပ်က တုန့်ဖန်းဟွာပါ။ ညီနောင်မော့ မင်းက အခုလေးတင်ပဲ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော် ဖြစ်လာခဲ့တယ် ဆိုပေမဲ့ အကြီးအကဲက မင်းကို နံပါတ်၃ပါတဲ့ ပလိတ်ပြားပေးခဲ့တယ်။ ဒါက မျိုးနွယ်စုအနေနဲ့ မင်းကိုအများကြီး တန်ဖိုးထားတယ် ဆိုတာ ရှင်းနေတာပါပဲ။ အနာဂတ်မှာ ငါကမင်းကို ခက်ခဲစေမယ့် အချိန်တွေ ရှိလာတော့မှာပဲ”
“နံပတ် ၃ ပါတဲ့ ပလိတ်ပြားလား”
အရင်က ထိုအရာနှင့် ပတ်သက်၍ ခန့်မှန်းချက်တချို့ကို စုမင်ပြုလုပ် ကြည့်ခဲ့ဖူးသည်။ ယခု အဘိုးအို၏ စကားများကို ကြားလိုက်ရသောအခါ သူ့ယူဆချက်က ပိုမို၍မှန်ကန် လာချေသည်။
“အဲဒါ အမှန်ပဲ။ ညီနောင်မော့၊ ဧည့်သည်တော်တွေကို ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုက ပေးတဲ့ နံပါတ်နဲ့ ပလိတ်ပြားတွေက ကျွန်ုပ်တို့ရဲ့ စွမ်းအားတွေပေါ်မှာ အခြေခံထားတာပဲ”
တုန့်ဖန်းဟွာက စကားပြောရင်းဖြင့် ရင်ဘတ်ထဲမှ ပလိတ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
“ငါ့ပလိတ်ပြားပေါ်မှာရှိတဲ့ နံပတ်ကတော့ ၇ ဖြစ်ပြီးတော့ ဒါက ငါ့ထက် စွမ်းအားမြင့်တဲ့သူ ခြောက်ယောက် ရှေ့မှာရှိသေးတယ်လို့ ဆိုလိုတဲ့သဘောပဲ”
တုန့်ဖန်းဟွာက သူ့ဘေးရှိ တရားထိုင်နေသည့် သူကို ညွှန်ပြရင်း ဆက်ပြောလိုက်သည်။
“ညီနောင် ချန်းရဲ့ နံပါတ်က ၁၁ ဖြစ်ပြီးတော့ ကျိုးယွဲ့ကတော့ နံပတ် ၈ ပဲ”
“ဒါဆို နံပါတ် ၃ ပါတဲ့ ပလိတ်ပြားက ငါမတိုင်ခင် ဘယ်သူ့ဆီမှာ ရှိနေခဲ့တာလဲ” စုမင် ရုတ်တရက် မေးလိုက်သည်။
“ငါ အဲဒါနဲ့ ပတ်သက်ပြီးတော့ သေချာမသိဘူး။ ဘာလို့ဆို ထိပ်ဆုံးနံပါတ် ၃ ခုရှိတဲ့ သူတွေက များသောအားဖြင့်တော့ ငါတို့နဲ့ ရောနှောနေကြတာ မဟုတ်ဘူး”
တုန့်ဖန်းဟွာက ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
“ညီနောင်မော့ အဲဒါနဲ့ ပတ်သက်လို့ ငါသိထားတဲ့ ကိစ္စတချို့တော့ ရှိတယ်”
ချန်းအမည်ရှိလူက အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် မတ်တတ်ထရပ်လျက် လက်သီးနှင့် လက်ဝါးထပ်ကာ စုမင်ကို အရိုအသေ ပေးလိုက်ရင်း အသံခပ်တိုးတိုးဖြင့် ဆက်ပြောသည်။
“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှာ ဧည့်သည်တော်တွေက အများကြီး မရှိဘူး။ အယောက် ၂၀ လောက်ပဲ ရှိတယ်။ မင်းအရင်က နံပါတ် ၃ ပလိတ်ပြားကို ကိုင်ခဲ့တဲ့သူက သေသွားခဲ့ပြီး ဖြစ်ရမယ်။ ပြီးတော့ သူက ဒီနေရာမှာ သေသွားခဲ့တာ ဖြစ်လိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် အကြီးအကဲက ပလိတ်ပြားကို ပြန်ပြင်ဆင်လိမ့်မှာ မဟုတ်ဘူး”
“အန္တရာယ်တွေနဲ့ အခွင့်အလမ်းတွေက ဒီနေရာမှာ တကယ်ပဲရှိတယ်။ မျိုးနွယ်စု ခေါင်းဆောင်က လိမ်ပြောခဲ့တာ မဟုတ်ဘူး။ ငါတို့ ကံကောင်းခဲ့မယ် ဆိုရင် အပြင်ဘက်မှာ ရှာမတွေ့နိုင်တဲ့ အခွင့်အရေးတွေ ပစ္စည်းတွေကို ဒီမှာရှာတွေ့နိုင်တယ်။ ဒါက ငါတို့တွေဘာကြောင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော် ဖြစ်လာပြီးတော့ တာဝန်ထမ်းဆောင် ပေးလိုကြတာလဲ ဆိုတာပဲ”
“ညီနောင်မော့၊ ဒီနေရာမှာ တစ်ယောက်တည်း မသွားလာတာက အကောင်းဆုံးပဲ။ မင်းတစ်ယောက်တည်း နောက်မှာ ကျန်နေခဲ့ချိန်မှာ တခြားမျိုးနွယ်စုက ဧည့်သည်တော်တွေ တွေ့သွားတာနဲ့ တစ်ပြိုင်နက် … အဲဒါက အန္တရာယ် အရမ်းများလိမ့်မယ်”
ချန်း၏ မျက်နှာအရောင်က ပုံမှန်ပြန်ဖြစ်သွားချိန်တွင် စုမင်ကို ကြည့်လျက် အသံတိုးတိုးဖြင့်ပြော၏။
“ကောင်းပြီ၊ ညီနောင်ချန်းလည်း ပြန်ကောင်းသွားပြီ ဆိုတော့ အခုဒီနေရာကနေ အမြန်ထွက်သွားရအောင်။ ငါတို့က ဒီနေရာကိုဝင်လာတဲ့ တတိယအသုတ်ပဲ။ ဒါပေမဲ့ ဒီနေရာမှာ ဘာဖြစ်သွားခဲ့လဲ ဆိုတာ မသိရဘူး။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော်တွေက လိုဏ်ခေါင်းရဲ့ အပြင်ဘက်မှာ ငါတို့ကို စောင့်နေတာလည်း ဖြစ်နိုင်တယ်။ သူတို့နဲ့ အမြန်သွားပြီး ပူပေါင်းရအောင်။ အရောင်စုံရေကန်နဲ့ ပုချန့်မျိုးနွယ်တွေက တတိယအသုတ် လူတွေလည်း ဒီနေရာကို မကြာခင် ရောက်လာတော့မဲ့ပုံပဲ။ မျိုးနွယ်စု ၃ ခုက တစ်ခုနဲ့တစ်ခု သတိထားနေကြပြီးတော့ တည်နေရာကူးပြောင်းရေး စက်ဝိုင်းနားမှာ အတားအဆီးတစ်ခု ထားထားကြတယ်။ ဒီနေရာမှာ ကျန်ရှိနေတဲ့ စွမ်းအင် အကြွင်းအကျန်တွေ ပျံ့နှံ့မသွားအောင်နဲ့ မတော်တဆမှုတွေ မဖြစ်စေဖို့အတွက် မျိုးနွယ်စု၃ခုက ကျူပ်တို့ကို ဥမင်လိုဏ်ခေါင်းက မထွက်ခွာမီ အချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ်။ ဒါပေမဲ့ ဒါကလည်း သူတို့ကို ရှောင်ရှားဖို့အတွက် အကောင်းဆုံးပါပဲလေ” တုန့်ဖန်းဟွာက သူတို့ကို ရှေ့သို့သွားဖို့ရန် တိုက်တွန်းလိုက်သည်။
ချန်းက ထိုစကားတို့ကို ကြားသည့်အခါ ခေါင်းညိတ်လိုက်ပြီး စုမင်ကိုလက်သီးနှင့် လက်ဝါးထပ်ကာ အရိုအသေပေးလိုက်ပြီး ပါးစပ်ပေါက်သဖွယ် လိုဏ်ခေါင်းကြီး ၃ ခုအနက် တစ်ခုဆီသို့ ဦးတည်လိုက်၏။ စုမင်လည်း တုန့်ဖန်းဟွာ ဘေးမှနေ၍ ချန်းနောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလိုက်သည်။
သူတို့၃ယောက် ဥမင်လိုဏ်ခေါင်းအတွင်း ဝင်ရောက်မိချိန်မှာပင် အခန်းအတွင်း မြေပြင်ရှိ စက်ဝိုင်းထံမှ အလင်းတို့က တောက်ပလာလေသည်။ သည်တစ်ကြိမ်တွင်တော့ အလင်းသည် အဖြူရောင် မဟုတ်ပဲ အနက်ရောင်ဖြစ်ပြီး ထိုအရာက အခန်းတစ်ခုလုံး တစ်ခဏတာ လင်းထိန် သွားစေသည်။
တုန့်ဖန်းဟွာနှင့် ချန်း၏ မျက်နှာပေါ်ရှိ အမူအရာတို့က ပြောင်းလဲသွားကြသည်။
“ဒါက ပုချန့်မျိုးနွယ်ပဲ”
စုမင်၏ မျက်လုံးတို့က မှေးကျုံ့သွားပြီး ထိုနေရာသို့ စူးစိုက် ကြည့်လိုက်မိသည်။ အနက်ရောင် အလင်းသည် ခဏသာ တောက်ပသွားပြီး ပြန်လည်ပျောက်ကွယ် သွားချိန်တွင်တော့ အခန်းအတွင်း၌ လူ၃ယောက်၏ပုံရိပ်က ပေါ်ပေါက်လာတော့သည်။
အဖွဲ့ကို ဦးဆောင်လာသူက ညို့မှိုင်းသော အမူအရာရှိသည့် ခရမ်းရောင် ဝတ်ရုံရှည်နှင့် လူတစ်ယောက်ဖြစ်သည်။ ထိုသူက လက်များကို နောက်သို့ပစ်လျက် ရပ်နေသည်မှာ မယုံနိုင်လောက်အောင်ပင် အေးဆေး သက်သာစွာ ရှိနေသကဲ့သို့ပင်ဖြစ်သည်။ ထိုအခိုက်တွင် သူ့အကြည့်တို့က စုမင်နှင့် ကျန် ၂ ဦးထံ ကျရောက် လာလေသည်။ သူက စုမင်တို့ကို တစ်ချက် ကြည့်လိုက်ပြီး သဘောမကျဟန် တစ်ချက် ပြုလိုက်ကာ အကြည့်တို့ကို ပြန်ရုပ်သိမ်းလိုက်၏။
“ရွှမ်းလွမ်”
“ပုချန့်မျိုးနွယ်ရဲ့ ဧည့်သည်တော် ခေါင်းဆောင်။ သူက ပထမအသုတ် မဟုတ်ဘဲ တတိယအသုတ်မှာ ပါလာလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး”
တုန့်ဖန်းဟွာနှင့် ချန်းတို့ အံ့အားသင့် သွားကြပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။ ရွှမ်းလွမ်ကိုကြည့်နေသည့် သူတို့၏ အကြည့်များတွင်တော့ လေးစားမှုတို့ ပြည့်နှက်လျက်ရှိ၏။
ရွှမ်းလွမ်နောက်ရှိ လူ ၂ ဦးစလုံးသည် အသက် ၄၀ အရွယ်ခန့် ရှိသူများ ဖြစ်ကြသည်။ သူတို့၏မျက်နှာများမှာ ဖျော့တော့နေကြပြီး စက်ဝိုင်းထဲမှရုန်းကန်လျက်ထွက်ကာ မြေပြင်ပေါ်သို့ ရောက်သည်နှင့် ချက်ချင်းထိုင်ချလိုက်ပြီး တရားထိုင်ရင်း အသက်ရှူနှုန်းကို စတင် ထိန်းညှိလိုက်ကြ၏။
ရွှမ်းလွမ်က ဘေးတွင်ရပ်လျက် ၂ ဖက်ကို နောက်ပစ်ထားပြီး သူ့မျက်နှာတွင်တော့ စိတ်အလိုမကျမှုတို့ ဖြစ်ပေါ်လျက်ရှိ၏။ သူသည် ဟယ်ဖုန်းနှင့် “ရှု” ဟုခေါ်သည့်လူကို အချိန်ကြာမြင့်စွာ ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မရခဲ့ချေ။ သူ၏ဒေါသက ပိုမိုဆိုးလာပြီး တစ်စုံတစ်ဦးကို သတ်ဖြတ်ချင်စိတ်တို့ ပိုမိုဖြစ်ပေါ်လာလေသည်။
အကယ်၍ တစ်စုံတစ်ယောက်ကို သတ်လိုက်လျှင် ထိုမှစွမ်းအင်လှိုင်းလုံးတို့က တည်နေရာ ကူးပြောင်းခြင်း စက်ဝိုင်း၏ ချိပ်စည်းတို့ကိုသာ သွားသက်ရောက်မည်ကို မစိုးရိမ်ပါက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ဧည့်သည် ၃ ဦးကို တွေ့သည်နှင့် တစ်ပြိုင်နက် သတ်လိုက်မိမှာပင် ဖြစ်သည်။ မတော်တဆမှုတစ်ခုခု ဖြစ်သွားခဲ့လျှင် သူသည် ပုချန့်မျိုးနွယ်စု၏ ဧည့်သည်တော် ခေါင်းဆောင်ဖြစ်လျှင်ပင် ထိုအရာကို တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပေ။
“ထွက်သွား” ရွှမ်းလွမ်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
သူသည် စုမင်နှင့်အဖော်၂ယောက်ကို မကြည့်သော်လည်း ထိုစကားက မည်သူတို့ကို ဆိုလိုခြင်းဖြစ်ကြောင်း သူတို့နားလည်ပေလိမ့်မည်။
တုန့်ဖန်းဟွာနှင့် ချန်းတို့သည် မည်သည့်စကားမျှ ပြန်မပြောဆိုရဲပဲ ခေါင်းကိုငုံ့လျက် နောက်သို့လျင်မြန်စွာ ဆုတ်ခွာလိုက်ကြသည်။
စုမင်က သူတို့နောက်တွင်ဖြစ်ပြီး သူသည်လည်း တုန့်ဖန်းဟွာနှင့် အတူထွက်ခွာရန် ပြင်လိုက်၏။
“နေဦး။ ငါ အရင်က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော်တွေ အကုန်လုံးကို မြင်ဖူးပါတယ်။ မင်းက ဘယ်သူလဲ။ မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်”
ရွှမ်းလွမ်က စုမင်ကိုညွှန်ပြလိုက်သည်။
တုန့်ဖန်းဟွာ၏ ခြေလှမ်းတို့က ရပ်တန့်သွားပြီး ချန်းသည်လည်း ထိုနည်းတူပင်ဖြစ်သည်။
စုမင် မျက်မှောင်ကြုတ် လိုက်မိချိန်တွင် ဟယ်ဖုန်း၏ သတိပေးသည့်အသံက သူ့ခေါင်းထဲ၌ ပေါ်ပေါက်လာသည်။
“သခင်၊ ချက်ချင်း ထွက်မသွားပါနဲ့။ ရွှမ်းလွမ်ဆီကနေ ငါနားလည်ထားတာက တစ်ခုက သူကမင်းကို စမ်းသပ်နေတာ မဟုတ်ဘူး။ သူ့ရဲ့ စိတ်ရှုပ်မှုကို ပြေပျောက် သွားအောင်လို့ မေးခွန်းတစ်ခု မေးလိုက်တဲ့ သဘောပဲ။ မင်းက အထက်စီးဆန်တဲ့ လေသံမျိုးနဲ့ ပြန်ပြောသင့်တယ်။ မင်း အဲဒီလို လုပ်လိုက်မယ် ဆိုရင် သူက အများကြီး စဉ်းစားနေလိမ့်မှာ မဟုတ်ဘူး”
စုမင်၏ မျက်လုံးတို့က တောက်ပသွားသည်။ သူက ရပ်လိုက်ပြီး နောက်သို့လှည့်ကာ ရွှမ်းလွမ်၏ အကြည့်ကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။
“မင်းက ငါ့ရဲ့ မျက်နှာဖုံးကို ချွတ်စေချင်တယ်ဆိုရင်တော့ ငါ့ကို အရင်နိုင်အောင် တိုက်နိုင်မှ ရလိမ့်မယ်”
စုမင်က အေးစက်စွာ ပြောလိုက်ပြီးသည်နှင့် နောက်သို့လှည့်ကာ လိုဏ်ခေါင်း အတွင်းသို့ လျှောက်ဝင် သွားတော့သည်။ စုမင်စကားတို့ကို ကြားလိုက်ရသောအခါ တုန့်ဖန်းဟွာနှင့် ချန်းတို့နှလုံးများက ခုန်ပေါက်သွားကြ၏။ စုမင်နောက်သို့ လိုက်ဝင်မသွားခင် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အချိန်အတော်ကြာ တုံ့ဆိုင်း နေမိကြလေသည်။
ထိုစကားတို့ကို ကြားလိုက်ရသောအခါ ရွှမ်းလွမ်မျက်လုံးတို့က တောက်ပသွားချေသည်။ နောက်ထပ် စကားမပြောတော့သော်ငြား မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုသည့် အသိကတော့ ပိုမိုအားကောင်း ရှင်းလင်းလာတော့သည်။
စုမင်နှင့် အဖော်၂ယောက်က ဥမင်ကို လျင်မြန်စွာ ဖြတ်သန်း လိုက်ကြပြီးချိန်တွင် စုမင်နှင့် ထို၂ယောက်အကြားရှိ အကွာအဝေးသည် တစ်ဖြည်းဖြည်း ပိုမိုဝေးကွာ လာကြလေသည်။ ယခင်က ဘိုးဘေးအုတ်ဂူကို တူးဖော်ဖို့ရာအတွက် စုမင်ကိုပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ခဲ့သော်ငြား ရွှမ်းလွမ်နှင့် အဖြစ်အပျက် ပြီးချိန်တွင်တော့ သူတို့စိတ်များက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အချိန်အနည်းငယ် ကုန်ဆုံး သွားချိန်တွင်တော့ ဥမင်လိုဏ်ခေါင်း၏ အဆုံးသို့ ရောက်ရှိ လာကြတော့သည်။ ဥမင်၏အဆုံးတွင်တော့ အက်ကြောင်းတစ်ခုရှိပြီး နက်မှောင်သည့် အလင်းက ၎င်းကိုဖြတ်လျက် တောက်ပလျက်ရှိ၏။ ဟန်တောင်တန်းမြို့တော်၏ လျှို့ဝှက်နယ်မြေက အပြင်ဘက်တွင်ပင် ဖြစ်သည်။
တုန့်ဖန်းဟွာနှင့် ချန်းတို့ လျှောက်ထွက်လာချိန်တွင်ပင် စုမင်၏မျက်လုံးများက တောက်ပသွားပြီး ထိုနေရာ၌ ရပ်တန့်လိုက်၏။
“ညီနောင်တုန့်ဖန်း၊ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက တခြား ဧည့်သည်တော်တွေက ကျူပ်တို့ ဥမင်လိုဏ်ခေါင်းက ထွက်လာတာနဲ့ ပူးပေါင်းပြီး ကာကွယ် ပေးလိမ့်မယ်လို့ ခင်ဗျားအရင်က ပြောခဲ့ဖူးသလားလို့”
စုမင် အေးစက်စွာ ပြောလိုက်၏။
***