အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃) ထင်မှတ်မထားသောအပြောင်းအလဲ (၃)
ညဘက်တွင် ဤလျှို့ဝှက်ဆန်းကြယ်သော မီးတုတ်ကို သူ စိုက်ကြည့်နေချိန်၌ သူ၏ ခန္ဓာကိုယ်ထဲတွင် ရေခဲတမျှ အေးစက်သော အငွေ့အသက်များ ဖြည်းညင်းစွာ လှည့်ပတ်နေသည်ကို သူ ခံစားရနိုင်ပေ၏။
"ဒေါင်…"
ကြည်လင်သော ခေါင်းလောင်းသံ ထွက်ပေါ်လာသဖြင့် ကျန်းရှောင်ဖန်း လန့်သွားလေ၏။ ကျောင်းယန်တောင်ထွတ်မှ တပည့်အချို့ ထိုနေရာတွင် ရပ်နေကြဆဲ ဖြစ်၏။
မုတ်ဆိတ်ဖြူ အဘိုးအိုမှာလည်း သူ၏ ကုလားထိုင်ပေါ်တွင် အိပ်မောကျနေဆဲပင်။
သို့သော် ကျန်းရှောင်ဖန်း၏ မျက်နှာချင်းဆိုင်တွင်မူ အသက် သုံးဆယ်ခန့်အရွယ် အမျိုးသားတစ်ဦး ရပ်နေပြီး သူ့အား ပြုံး၍ ကြည့်နေလေ၏။
ကျန်းရှောင်ဖန်း မျက်နှာရဲသွားပြီး အလျင်အမြန် အရိုအသေပေးလိုက်၏။
"တာ့ကျူးတောင်ထိပ်က တပည့် ကျန်းရှောင်ဖန်း၊ ဂိုဏ်းတူအစ်ကိုချူရဲ့ လမ်းညွှန်မှုကို ခံယူဖို့ ရောက်ရှိနေပါတယ်"
ချူယွီဝမ်က ပြုံးလိုက်၏။
"မဟုတ်တာ မဟုတ်တာ။ ပါရမီရှင်တွေ အများကြီး ရှိပါတယ်။ ကျန်း ဂိုဏ်းတူညီလေးက ငယ်ရွယ်သေးပေမဲ့ ပြိုင်ပွဲကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်လှုပ်ရှားမှု၊ အကြောက်တရားမရှိဘဲ ပုံမှန်ရပ်နေနိုင်တယ်။”
“ ဒါက ပြီးခဲ့တဲ့အကြိမ်တုန်းက ငါ့ထက် အများကြီး သာလွန်ပါတယ်။ တကယ်ကို လေးစားမိတယ်"
ကျန်းရှောင်ဖန်း လန့်သွားပြီး တီးတိုးပြောလိုက်၏။
"အမှန်အတိုင်း ဝန်ခံရရင် ဂိုဏ်းတူအစ်ကို၊ ကျွန်တော် တကယ်တော့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခဲ့တာပါ"
စင်မြင့်အောက်ရှိ ကျောင်းယန်တောင်ထွတ်မှ တပည့်များအားလုံး ရယ်မောလွန်းသဖြင့် လဲကျမတတ် ဖြစ်သွားကြလေ၏။
ချူယွီဝမ်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ၊ သို့သော် မသင့်တော်ဟု တွေးမိသဖြင့် အတင်းအကျပ် ထိန်းချုပ်လိုက်ရ၏။
" ဂိုဏ်းတူညီလေးကျန်းက နောက်နေပြန်ပါပြီ။ အင်း... အချိန်ကျပြီပဲ။ ဂိုဏ်းတူညီလေးဆီက သင်ခန်းစာယူဖို့ လိုအပ်လိမ့်မယ်"
ကျန်းရှောင်ဖန်း စိတ်လှုပ်ရှားလာတော့၏။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။
" ဂိုဏ်းတူအစ်ကိုချူ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သက်ညှာပေးပါဦး"
ချူယွီဝမ်က ပြန်မဖြေချေ။ သူသည် အလွန် ယုံကြည်မှုရှိနေပုံရ၏။ သူ၏ ညာလက်ကို ခါယမ်းလိုက်ရာ နူးညံ့သော အဝါရောင် အလင်းတန်းများ ဖြာထွက်နေသည့် ဓားတစ်လက် ပေါ်ထွက်လာလေ၏။
"ဓားနာမည်က 'ရှောက်ယန်' ပါ။ ကျန်း ဂိုဏ်းတူညီလေး.. ကျေးဇူးပြုပြီး"
ကျန်းရှောင်ဖန်း ရှောက်ယန်ဓားကို ကြည့်လိုက်၏။ အဝါရောင် အလင်းတန်းသည် နူးညံ့ကာ သက်တောင့်သက်သာ ရှိလှသည်။
ဤဓားသည် သာမန်အရည်အသွေး မဟုတ်သောကြောင့် တံတွေးမျိုချလိုက်မိ၏။ သို့သော်လည်း သူ၏ လက်ကို အင်္ကျီအတွင်းသို့ ထည့်ကာ မီးတုတ်ကို ဆွဲထုတ်လိုက်လေသည်။
လူတိုင်း၏ အကြည့်များသည် ထိုမည်းနက်နေသော တုတ်ပေါ်သို့ ကျရောက်သွားကြ၏။
တစ်ကွင်းလုံး…တိတ်ဆိတ်သွားလေ၏။
"ဟားဟားဟား"
တစ်စုံတစ်ယောက်က မအောင့်နိုင်ပဲ ရယ်မောလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ ထို့နောက်…ရယ်သံများ ပေါက်ကွဲထွက်လာ၏။ တစ်စုံတစ်ယောက်က သရော်သော အသံဖြင့် ပြောလိုက်၏။
"အဲဒါကြီးက ဘာကြီးလဲ"
"ငါ ပြောပြီးသားပဲ။ တာ့ကျူးတောင်ထိပ်က လူတိုင်းက ထူးဆန်းတယ်လို့။”
“မနေ့ကဆို မှော်လက်နက်အဖြစ် လောင်းကစားအန်စာတုံးကို သုံးတဲ့ကောင် တစ်ကောင်ရှိတယ်။”
“ဒီနေ့ကျတော့ တုတ်ကို ကိုင်လာတဲ့ကောင် ရှိနေပြန်ပြီ။ အရမ်းကို ရယ်ရတာပဲ၊ ဟားဟားဟား"
ချူယွီဝမ်ပင် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ သူသည် ရယ်သံကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြောလိုက်၏။
" ဂိုဏ်းတူညီလေးကျန်း…၊ အဲဒါက၊ ဟားဟား... မင်းရဲ့ဟာလား၊ ဟားဟား... ဆောရီးပဲ၊ ငါ မထိန်းနိုင်တော့ဘူး။ အာ... အဲဒါက မင်းရဲ့ မှော်လက်နက်လား"
သူတို့၏ ရယ်သံများကို နားထောင်ရင်း ကျန်းရှောင်ဖန်း၏ မျက်နှာမှာ ရဲတက်လာလေ၏။ သူ ဘာမှမပြောချေ။
မီးတုတ်သည် ရုပ်ဆိုးပြီး လူများကို ရယ်မောစေမည်ကို သူ သိပေ၏။ သို့သော် သူသည် မီးတုတ်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ မထိန်းချုပ်နိုင်ခဲ့ပေ။
သူ၏ မီးတုတ်သည် မိမိကိုယ်မိမိ သက်သေပြနိုင်လိမ့်မည်ဟူသော သေးငယ်သည့် မျှော်လင့်ချက်လေးတစ်ခု ရှိခဲ့သဖြင့် ၎င်းကို ယူလာရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သို့သော် အဆုံးသတ်တွင် ထိုတုတ်က သူ့ကို အထင်အမြင်သေးမှုများနှင့် သရော်လှောင်ပြောင်မှုများကိုသာ ယူဆောင်လာပေးခဲ့လေသည်။
လူများက ကျယ်လောင်စွာ ရယ်မောနေကြ၏။ ကျန်းရှောင်ဖန်း ခေါင်းငုံ့ထားလိုက်၏။ သူ မြင်နိုင်သမျှမှာ သူ၏ လက်ထဲရှိ မည်းနက်ပြီး ရုပ်ဆိုးလှသော မီးတုတ်လေးသာ ဖြစ်ပေသည်။
သူတို့သည် ကျယ်လောင်စွာ ရယ်မောနေကြလေ၏။ သူတို့ ထွက်ခွာသွားချိန်တွင် သူ၏ ဂိုဏ်းတူအစ်ကိုများ ရယ်မောခဲ့ကြသကဲ့သို့ပင်။
သူချစ်ရသော ဂိုဏ်းတူအစ်မလင်းအာပင်လျှင် ရယ်မောခဲ့သည် မဟုတ်ပါလော။
သူ ခေါင်းငုံ့ကာ မျက်လုံးများကို မှိတ်ထားလိုက်၏။
သူ၏ ခန္ဓာကိုယ်တွင်းရှိ အေးစက်မှုသည် ငရဲ၏အနက်ရှိုင်းဆုံးမှ ခေါ်သံကဲ့သို့ သူ့ကို ခေါ်ဆောင်နေလေ၏။
လူတစ်ယောက်... လူတစ်ယောက်သည် မည်သည့်အချိန်တွင် အထီးကျန်ဆုံးဟု ခံစားရပါသနည်း။
လောကကြီး၏ လျစ်လျူရှုမှုကို တစ်ယောက်တည်း ရင်ဆိုင်ရချိန်တွင်လော။ သရော်လှောင်ပြောင်မှုအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရချိန်တွင်လော။
လူတစ်ယောက်၏ သွေးသည် အေးစက်နေသလော သို့မဟုတ် ဆူပွက်နေသလော။
သူ ခေါင်းမော့လိုက်လေ၏။
နေရောင်ခြည်က သူ၏ မျက်နှာပေါ်သို့ ကျရောက်နေ၏။ မည်သူကမျှ သူ၏ မျက်နှာအမူအရာကို မမြင်နိုင်ကြပေ။
ချူယွီဝမ်၏ ရှောက်ယန်ဓားသည် အာရုဏ်ဦးနေရောင်ခြည်အောက်တွင် လင်းလက်တောက်ပနေလေ၏။ သူက အော်ဟစ်လိုက်ပြီး ရှောက်ယန်ဓား၏ အလင်းတန်းသည် သူ၏ လက်ညှိုးညွှန်ရာသို့ လိုက်ပါသွားကာ ကျန်းရှောင်ဖန်းအပေါ်သို့ ကျဆင်းလာလေတော့သည်.ယ
ပူပြင်းလှသော အပူရှိန်က သူ၏ မျက်နှာကို ရိုက်ခတ်လာသော်လည်း ကျန်းရှောင်ဖန်း၏ နှလုံးသားမှာမူ ရေခဲတမျှ အေးစက်နေလေ၏။
သူ၏ ရှေ့ရှိ တောက်ပသောအလင်းရောင်ကို မြင်သောအခါ လွန်ခဲ့သော အချိန်ကြာမြင့်စွာက နံနက်ခင်းတစ်ခုကို သူ ပြန်လည်သတိရမိသွား၏။
လင်းကျင်းယွီနှင့်အတူ ရင်ထိတ်ဖွယ်ကောင်းသော ညတစ်ညကို ဖြတ်သန်းပြီးနောက် မြက်ဘုရားကျောင်းရွာသို့ ပြန်ရောက်သောအခါ သွေးချောင်းစီးနေသော မြင်ကွင်းကို သူတို့ တွေ့လိုက်ရသည်။
ထိနံနက်ခင်းတွင် သူ့ဘဝ၏ ပျော်ရွှင်မှုအားလုံး ပျောက်ကွယ်သွားခဲ့ရ၏။ သူသည် သွေးပင်လယ်ထဲတွင် မြုပ်နှံခံထားရသကဲ့သို့ ခံစားခဲ့ရပြီး သူ၏ မိဘများကို အစွမ်းကုန် ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။
အပူရှိန်က သူ၏ အရေပြားကို လောင်ကျွမ်းနေသကဲ့သို့ ခံစားရလေသည်။
နောက်ထပ် ညတစ်ညက သူ၏ မျက်လုံးထဲတွင် ပေါ်လာပြန်၏။ ရေကန်ဘေးတွင် လှပသော မိန်းကလေးတစ်ဦးသည် ရေစပ်နားတွင် ရပ်ကာ သူမ၏ ချစ်သူနှင့် ပွေ့ဖက်နေခဲ့၏။
"ဟူး…"
ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေး သက်ပြင်းချလိုက်မိ၏။ နာကျင်မှုမှာ အလွန်ပြင်းထန်လွန်းသဖြင့် သူ၏ ရှေ့မှ တောက်ပနေသော အလင်းရောင်ကိုပင် မေ့လျော့သွားခဲ့သည်။
သူ နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်ရာ သွေးတစ်စက်သည် ဖြည်းညင်းစွာ ကျဆင်းလာလေ၏။
၎င်းသည် သွေးကြောမျှင်များကဲ့သို့ အနီရောင်အစင်းကြောင်းများ ပါရှိသော အနက်နှင့် အစိမ်းရောင် တုတ်ပေါ်သို့ ကျရောက်သွားလေ၏။
နောက်တစ်စက္ကန့်တွင် သူသည် နေမင်းကဲ့သို့ တောက်ပသော အလင်းရောင်တစ်ခု၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
ကျောင်းယန်တောင်ထိပ်မှ တပည့်များက အောင်ပွဲခံ အော်ဟစ်လိုက်ကြ၏။ ထိုအထဲတွင် အံ့သြတုန်လှုပ်စွာ အော်ဟစ်သံတစ်ခုလည်း ပါဝင်လေ၏။
ကျန်းရှူရှူသည် သူ၏ ဘေးနားရှိ ရန်လိုမှုများဖြင့် ပြည့်နှက်နေသော အကြည့်များကို လျစ်လျူရှုထားလိုက်သည်။
သူက သက်ပြင်းချလိုက်ပြီး သူ၏ သူငယ်ချင်းသစ်အတွက် စိတ်မကောင်း ဖြစ်သွားမိသည်။
ပြိုင်ပွဲ၏ စည်းမျဉ်းများအရ ကျန်းရှောင်ဖန်းကို ကူညီခွင့် မရှိခြင်းက ဝမ်းနည်းစရာပင်။ သို့မဟုတ်ပါက သူသည် စင်မြင့်ပေါ်သို့ တက်သွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
မုတ်ဆိတ်ဖြူ အဘိုးအိုကလည်း ကျန်းရှူရှူကြောင့် အံ့သြသွားလေသည်။
စင်မြင့်ပေါ်တွင် တောက်ပသော အလင်းရောင်သည် နေရောင်ခြည်နှင့် ပေါင်းစပ်သွားလေသည်။
ချူယွီဝမ်က သူသည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟုပင် ထင်မှတ်လိုက်၏။
ပြီးနောက် ဤအသုံးမကျသော ပြိုင်ဘက်ကို အနိုင်ယူပြီးပါက နောက်ဆုံးပွဲအထိ အခြားသူအားလုံးကို သူ အနိုင်ယူနိုင်လိမ့်မည်။
နောက်ဆုံးတွင်တော့ သူသည် နောက်ထပ် လေးပွဲသာ အနိုင်ရရန် လိုအပ်တော့သည် မဟုတ်ပါလော။
ထိုသို့ တွေးမိသောအခါ ချူယွီဝမ်သည် သူ၏ အပြုံးကို ဖုံးကွယ်မထားနိုင်တော့ချေ။ ထိုအခါ ရှောက်ယန်ဓား၏ အလင်းရောင်သည် ပို၍ တောက်ပလာလေ၏။
အပူရှိန်၏ နာကျင်မှုအောက်တွင် ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို ကိုက်ထားသည်ကို သူ စောင့်ကြည့်နေလိုက်၏။
ထို့နောက် ထိုအခိုက်အတန့်တွင် သူ၏ နှလုံးခုန်သံမှာ ပြင်းထန်လာလေ၏။ တစ်စုံတစ်ယောက်က သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို တူဖြင့် ထုလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
ကျန်းရှောင်ဖန်း၏ ရှေ့တွင် ရပ်နေသော ချူယွီဝမ်မှလွဲ၍ ကျန်းရှောင်ဖန်းကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။
သူသည် ရှောက်ယန်ဓား၏ အလင်းရောင်ကို ဖြတ်သန်းကာ မြင်နိုင်ပေ၏။ ကျန်းရှောင်ဖန်း ခေါင်းမော့လာပြီး မျက်လုံးများ ဖွင့်လာသည်ကို သူ မြင်လိုက်ရလေ၏။
ဒေါသများဖြင့် ပြည့်နှက်နေပြီး သွေးဆာနေသည့် နီရဲနေသော မျက်လုံးတစ်စုံပင်။
မထင်မှတ်ထားသော အေးစက်မှုတစ်ခုက စတင်ပြန့်နှံ့လာလေ၏။ မည်းနက်နေသော တုတ်ကြီးသည် အသက်ဝင်လာသကဲ့သို့ ချူယွီဝမ် မြင်တွေ့လိုက်ရသည်။
အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာကာ တုတ်၏ ထိပ်ရှိ ပုလဲလုံးသည် အစိမ်းရောင် အလင်းတန်းဖြင့် တောက်ပလာပြီး ကျန်းရှောင်ဖန်းအပေါ်သို့ လင်းလက်သွားလေ၏။
သူသည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ အရာအားလုံးသည် ရှောက်ယန်ဓား၏ အလင်းစက်ဝန်းအတွင်းတွင် ဖြစ်ပျက်နေခြင်း ဖြစ်၏။ ချူယွီဝမ်မှလွဲ၍ အခြား မည်သူမျှ မမြင်နိုင်ခဲ့ကြပေ။
ချူယွီဝမ်မှာ တုန်လှုပ်သွားလေသည်။။ သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ရေခဲတမျှ အေးစက်မှုက သူ့ကို ဝန်းရံသွားခဲ့၏။
လောကကြီးတစ်ခုလုံး လည်ပတ်နေသကဲ့သို့ သူ ခံစားလိုက်ရ၏။ သူ၏ စိတ်ထဲတွင် ရွံရှာဖွယ်ကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး စက္ကန့်ပိုင်းအကြာတွင် ပုလဲလုံးမှ အစိမ်းနုရောင် အလင်းတန်းသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေတော့သည်။
ကျန်းရှူရှူသည် ကျန်းရှောင်ဖန်း အလင်းရောင်များ ဝန်းရံခံနေရသည်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေလေ၏။
သူသည် ကျန်းရှောင်ဖန်းကို ကင်ထားသော မျောက်တစ်ကောင်အဖြစ် တွေးလိုက်မိပြီး ဆက်၍ပင် မကြည့်နိုင်တော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျောင်းယန်တောင်ထိပ်မှ တပည့်များကမူ အောင်ပွဲခံ အော်ဟစ်နေကြလေ၏။
ထို့နောက် ချူယွီဝမ်၏ ဟိန်းဟောက်လိုက်သံကို သူတို့ ကြားလိုက်ရကာ ရှောက်ယန်ဓားသည် လေထဲသို့ မြောက်တက်သွားလေ၏။
အလင်းရောင်သည်လည်း ချက်ချင်း ပျောက်ကွယ်သွားနောက် ကျန်းရှောင်ဖန်း၏ ပုံရိပ် ပြန်လည်ပေါ်ထွက်လာသည်။
ချူယွီဝမ်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားပုံပေါ်၏။ သူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။ ထို့နောက် သူ၏ နှာခေါင်း၊ နား၊ မျက်လုံးနှင့် ပါးစပ်တို့မှ သွေးများ ပန်းထွက်လာတော့သည်။
သူ၏ ညာလက်ဖြင့် ကျန်းရှောင်ဖန်းကို လက်ညှိုးထိုးပြလိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။
ထို့နောက် သူ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားလေတော့၏။
တိတ်ဆိတ်သွားလေ၏။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြကာ အလွန်အံ့သြတုန်လှုပ်နေကြသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။
အခန်း (၂၅) ကံတရား (၁)
ခဏအကြာတွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုက ပထမဆုံး သတိပြန်ဝင်လာလေသည်။
သူက စင်မြင့်ပေါ်သို့ ခုန်တက်သွားပြီး ချူယွီဝမ်ကို စစ်ဆေးကြည့်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်မှာ ပုံမှန်ပင်ဖြစ်ပြီး အဆိပ်မိထားသည့် လက္ခဏာလည်း မတွေ့ရပေ။ ပြင်ပမှ အားတစ်ခုခုကြောင့် အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသည့်ပုံ ပေါ်နေသည်။
သူက မျက်မှောင်ကြုတ်လျက် မတ်တပ်ထရပ်ကာ ကျန်းရှောင်ဖန်းကို ကြည့်လိုက်ရာ ဤလူငယ်လေးကို သူ သဘောကျသွားပေသည်။ ထို့နောက် ကျန်းရှောင်ဖန်း၏ လက်ထဲမှ အနက်ရောင်တုတ်ကို စူးစိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။
"မင်း နိုင်တယ်"
မုတ်ဆိတ်ဖြူအဘိုးအိုသည် သံသယများကို ဖယ်ရှားလိုက်ပြီး တည်ငြိမ်စွာ ကြေညာလိုက်သည်။
ချူယွီဝမ်မှာ အနိုင်ရတော့မည့်ဆဲဆဲတွင် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် လဲကျသွားခဲ့ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်မှာ လျှို့ဝှက်ဆန်းကြယ်လှပြီး လက်ခံနိုင်စရာ မရှိသော်လည်း ရလဒ်က သူတို့မျက်စိရှေ့တွင် အထင်အရှား ရှိနေသောကြောင့် မည်သူကမျှ တစ်ခွန်းမှ ဝင်မပြောနိုင်ကြပေ။
ကျန်းရှူရှူသည်လည်း ကြက်သေသေနေခဲ့၏။ သို့သော် အဘိုးအို၏ ကြေညာသံကို ကြားလိုက်ရချိန်တွင် သူသည်လည်း စင်မြင့်ပေါ်ရှိ ကျန်းရှောင်ဖန်းထံသို့ ပြေးသွားလေသည်။ သူက ကျန်းရှောင်ဖန်း၏ ပခုံးကိုပုတ်ကာ ရယ်မောလိုက်၏။
"ကောင်လေး မဆိုးဘူးပဲ။ မင်းက အရည်အချင်းတွေကို ဖုံးကွယ်ထားတာကိုး…"
ကျန်းရှောင်ဖန်းက လှည့်ကြည့်လာပြီး ရေခဲတမျှ အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
အေးစက်ပြီး နက်မှောင်နေသော မျက်လုံးအစုံကို မြင်လိုက်ရချိန်တွင် ကျန်းရှူရှူမှာ ကျောချမ်းသွားပြီး အံ့အားသင့်စွာ မေးလိုက်၏။
"ရှောင်ဖန်း ဘာဖြစ်တာလဲ"
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ သူ၏ မျက်လုံးများမှာ ပြန်လည်နူးညံ့သွားလေသည်။
အေးစက်မှုများ ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသော်လည်း မျက်ဝန်းထဲတွင်တော့ ဇဝေဇဝါဖြစ်မှုများ ကျန်ရစ်နေဆဲ ဖြစ်ပေသည်။ သူက ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ငါ အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲ"
ကျန်းရှူရှူက သူ့ကို စူးစိုက်ကြည့်လိုက်၏။
"ငါ့ကို လာမေးနေရသလား။ ဒီပွဲကို မင်း နိုင်သွားတာကို မသိသလိုမျိုး ငါ့ကို ပြန်မေးမနေနဲ့လေ"
ကျန်းရှောင်ဖန်း အံ့အားသင့်သွားလေသည်။
"ဘာ။ ငါ နိုင်သွားတာလား။ တကယ်ကြီး နိုင်သွားတာလား"
ကျန်းရှူရှူမှာ ပို၍ပင် အံ့ဩသွားသည်။ သူ၏ မျက်နှာမှာ ဖြူရော်သွားပြီး ကျန်းရှောင်ဖန်း၏ နဖူးပေါ်သို့ အလျင်စလို လက်တင်ကြည့်လိုက်၏။
"ဒုက္ခပါပဲ။ မင်းရဲ့ ဦးနှောက်က မီးလောင်သွားတာများလား"
ကျန်းရှောင်ဖန်းက ခေါင်းကို ကုတ်လိုက်ပြီး ချောင်ယန်တောင်ထိပ်မှ တပည့်များက ချူယွီဝမ်ကို သယ်ဆောင်သွားသည်ကိုသာ ငေးကြည့်နေမိသည်။။
လူအနည်းငယ်ကမူ ကျန်းရှောင်ဖန်းကို ဒေါသတကြီး စိုက်ကြည့်သွားကြလေသည်။
ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် တိုက်ပွဲမြင်ကွင်းများ ပြန်လည်ပေါ်လာ၏။ သူက လက်ထဲမှ အနက်ရောင်တုတ်ကို ငုံ့ကြည့်လိုက်သည်။
အရုပ်ဆိုးလှသော တုတ်မှာ သူ၏ လက်ထဲတွင် ငြိမ်သက်စွာ ရှိနေပေသည်။ သို့သော် ကျန်းရှောင်ဖန်း၏ အမြင်တွင်တော့ သူ့အနားတွင် နှစ်နှစ်တိုင်တိုင် ရှိနေခဲ့သော ထိုတုတ်မှာ ရှေးဟောင်းတောင်ကြားထဲမှ အိပ်မက်ဆိုးမက်ခဲ့သည့် နေ့ကကဲ့သို့ပင် စိမ်းသက်နေလေတော့သည်။
"ဒေါက်"
ကျန်းရှောင်ဖန်း အတွေးလွန်နေသည်ကို မြင်သောအခါ ကျန်းရှူရှူက ယပ်တောင်ဖြင့် ခေါင်းကို ခေါက်လိုက်၏။
"မင်း ဘာတွေ တွေးနေတာလဲ"
ကျန်းရှောင်ဖန်းက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလေသည်။ သူက တုတ်ကို အင်္ကျီထဲသို့ ပြန်သိမ်းလိုက်၏။
"ဘာမှမတွေးပါဘူး။ သွားကြရအောင်။ ဒါနဲ့ မင်းက ငါ့ပြိုင်ပွဲကို ဘာလို့ လာကြည့်တာလဲ"
ကျန်းရှူရှူက ကျန်းရှောင်ဖန်း၏ မီးတုတ်ကို စူးစိုက်ကြည့်လိုက်၏။
"ငါ့ပွဲက မစသေးဘူးလေ။ အဲဒါနဲ့ ဘာလုပ်ရမှန်းမသိတာနဲ့ မင်းရဲ့ပွဲကို လာကြည့်တာ။ ဒီလောက် ကောင်းတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဟင်။ ဒီနေ့ မင်းရဲ့ မျောက်လေး... နာမည်ဘယ်လိုခေါ်ပါလိမ့်"
"ရှောင်ဟွေး"
ကျန်းရှောင်ဖန်းက ဝင်ပြောလိုက်လေသည်။
"အေး ဟုတ်တယ်။ ရှောင်ဟွေး။ ဒီနေ့ ရှောင်ဟွေးကို မတွေ့ပါလား"
ကျန်းရှူရှူက မေးလိုက်၏။
ကျန်းရှောင်ဖန်းက ခေါင်းယမ်းလိုက်လေသည်။
"ဒီတမနက်လုံး သူ့အရိပ်အယောင်တောင် မတွေ့ဘူး။ တာ့ဟွမ်နဲ့ အပြင်ထွက် သွားနေတာ နေမှာပေါ့"
"ဪ"
ကျန်းရှူရှူက စိတ်ပျက်သွားသည့်ဟန်ဖြင့် ရေရွတ်လိုက်၏။ သူက ပြိုင်ပွဲလာကြည့်သည်ဟု ပြောသော်လည်း အမှန်တကယ်တော့ ရှောင်ဟွေးကို လာကြည့်ခြင်းသာ ဖြစ်မည်ဟု ကျန်းရှောင်ဖန်း ခန့်မှန်းမိလိုက်သည်။
"ဝါး…"
အဝေးဆီမှ ဆူညံသံများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာလေသည်။ အဝေးမှပင် ထိုအသံများကို ရှင်းလင်းစွာ ကြားနေရ၏။
ရင်ပြင်၏ အလယ်ဗဟိုတွင် ချင်းယွင်ဂိုဏ်းမှ တပည့်များစွာသည် ချန်းစင်မြင့်ကို ဝိုင်းရံထားကြပေသည်။ တပည့်များထံမှ အံ့သြသံများ တစ်ခဲနက် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
ကျန်းရှောင်ဖန်း ဘာမှမတုံ့ပြန်ရသေးခင်မှာပင် ကျန်းရှူရှူက ခြေဆောင့်လိုက်၏။
"တောက်။ သွားပါပြီ။ မင်းကို စိတ်ပူနေတာနဲ့ အရေးအကြီးဆုံး ကိစ္စကို မေ့သွားတယ်"
ထို့နောက် သူက ကျန်းရှောင်ဖန်း၏ လက်မောင်းကိုဆွဲကာ စတင်ပြေးလေတော့သည်။
ကျန်းရှောင်ဖန်းက နားမလည်နိုင်စွာဖြင့် ပြေးရင်း မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
ကျန်းရှူရှူ၏ မျက်နှာပေါ်တွင် နောင်တရနေသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
"အဲဒါ လုရွှယ်ချီရဲ့ ပြိုင်ပွဲလေ"
ကျန်းရှောင်ဖန်း ပြုံးလိုက်မိသော်လည်း နှစ်ရက်သာ သိကျွမ်းခဲ့ရသော ဤသူငယ်ချင်းကြောင့် သူ၏ ရင်ထဲတွင် လှုပ်ရှားသွားရ၏။
လူသူကင်းမဲ့နေသော စင်မြင့်ထက်တွင် သူ၏ ဆရာနှင့် စီနီယာအစ်ကိုကြီးများ တစ်ယောက်မျှ မရှိခဲ့ဘဲ ကျန်းရှူရှူ တစ်ယောက်တည်းသာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ပေါ်ပေါက်လာလေသည်။
"ကျန်းရှူရှူ... ငါ့ဆီကို လာကြည့်ပေးတဲ့အတွက် ကျေးဇူးပဲကွာ"
ကျန်းရှူရှူ လန့်သွားပြီး ပြေးနေသည့် ခြေလှမ်းများကို အရှိန်လျှော့လိုက်၏။ သူက ကျန်းရှောင်ဖန်းကို လှည့်ကြည့်ကာ ပြုံးလိုက်လေသည်။
"ဟားဟား... ရပါတယ်။ မင်း ငါ့ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ရှောင်ဟွေးကို ငါ့ဆီပေး..."
"ငါတို့ မြန်မြန်သွားရအောင်"
ကျန်းရှူရှူ ခေါင်းယမ်းလိုက်၏။ ထို့နောက် ပါးစပ်မှ ပွစိပွစိ ရေရွတ်ရင်း ကျန်းရှောင်ဖန်း နောက်သို့ လိုက်သွားလေသည်။
သူတို့ အနီးသို့ ရောက်သွားသောအခါ ချင်းယွင်ဂိုဏ်းမှ တပည့်များ ပြန်ထွက်လာကြသည်ကို မြင်လိုက်ရသည်။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် အချေအတင် ပြောဆိုနေကြ၏။
သူတို့က စင်မြင့်ပေါ်သို့ မော့ကြည့်လိုက်ကြလေသည်။ စင်မြင့်ပေါ်တွင် မည်သူမျှ မရှိတော့သော်လည်း တစ်ကွင်းလုံး ပျက်စီးနေသည်ကိုသာ တွေ့ရပေသည်။ ပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်ကြောင်း သိသာလှ၏။
ကျန်းရှူရှူက မျက်လုံးပြူးသွားပြီး လူအုပ်ထဲသို့ ကျန်းရှောင်ဖန်းနှင့်အတူ တိုးဝင်သွားလေသည်။ ထို့နောက် သူ၏ ပစ်မှတ်ဖြစ်သော ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်တစ်စုကို တွေ့လိုက်ရသည်။
ကျန်းရှူရှူက သူတို့အနီးသို့ အမြန်သွားလိုက်သည်။ ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်များက ကျန်းရှူရှူကို မြင်သောအခါ ပြုံးလိုက်ကြလေသည်။ အရပ်ရှည်ရှည်နှင့် လူက မေးလိုက်၏။
"ဂျူနီယာညီလေး... လုရွှယ်ချီရဲ့ တိုက်ပွဲကို မဖြစ်မနေ ကြည့်မယ်ဆို။ မင်း ဘာလို့ ရောက်မလာတာလဲ"
ကျန်းရှူရှူက ချောင်းတစ်ချက်ဟန့်လိုက်၏။
"ငါ... အင်း... လုပ်စရာလေး နည်းနည်းရှိလို့ပါ။ ဒါနဲ့ အမြန်ပြောပါဦး။ ရလဒ်က ဘယ်လိုလဲ"
မျက်ခုံးထူထူနှင့် လူတစ်ယောက်က ဝင်ပြောလေသည်။
"မေးနေစရာတောင် မလိုပါဘူး။ ထျန်းယာဓား ပါလာမှတော့ ရှောင်ကျူးတောင်ထိပ်က တုဝမ်ပဲဖြစ်ဖြစ် သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး"
ကျန်းရှူရှူ အံ့ဩသွားလေသည်။
"စီနီယာအစ်ကိုတုဝမ်တောင် သူ့ကို ရှုံးသွားတာလား"
ကျန်းရှောင်ဖန်းက ကျန်းရှူရှူကို မေးလိုက်၏။
"စီနီယာအစ်ကိုတုဝမ်က အားကောင်းလို့လား"
ကျန်းရှူရှူက ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်။ တုဝမ်က အဓိကဂိုဏ်းခွဲမှာ အထူးချွန်ဆုံး တပည့်တွေထဲက တစ်ယောက်ပဲ။ လူတော်တော်များများက ဒီပြိုင်ပွဲမှာ သူ နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြတာ"
အရပ်ရှည်ရှည်နှင့် လူက ခေါင်းယမ်းလိုက်၏။
"အဲဒါက သိပ်တော့ အရေးမကြီးပါဘူး။ မင်းမှ မမြင်လိုက်တာ။ ထျန်းယာဓားရဲ့ အစွမ်းက အရမ်းကို အားကောင်းလွန်းတယ်”
“ အပြာရောင်အလင်းတန်း လင်းလက်သွားပြီး အသံအနည်းငယ် ထွက်ပေါ်လာတယ်။ အဲဒီနောက်မှာတော့ စီနီယာအစ်ကိုတုဝမ် ရှုံးသွားတာပဲ"
ထို့နောက် သူက ခဏရပ်ကာ သက်ပြင်းချလိုက်လေသည်။
"မင်း ဒါကို ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်အထိ လုရွှယ်ချီက ထျန်းယာဓားကို ဓားအိမ်ထဲကနေ ဆွဲမထုတ်သွားသေးဘူး"
ကျန်းရှူရှူ အလန့်တကြား ဖြစ်သွားလေသည်။
"ဒီလိုဆိုရင် ပြိုင်ပွဲလုပ်နေတာက ဘာအကျိုးရှိတော့မှာလဲ။ သူ့ရဲ့ ပြိုင်ဘက်အဖြစ် ဘယ်သူက ရပ်တည်နိုင်တော့မှာလဲ"
အရပ်ရှည်ရှည်နှင့် လူက ခေါင်းယမ်းလိုက်လေသည်။
"အဲလိုကြီးတော့လည်း မဟုတ်ပါဘူး။ ထျန်းယာလို နတ်လက်နက်မျိုးက ဓားအိမ်မပါရင်လည်း စွမ်းအားက သိပ်ကွာခြားမသွားပါဘူး။ လုရွှယ်ချီရဲ့ ကျင့်ကြံမှုကတော့ တကယ်ကို အံ့မခန်းပဲ"
ကျန်းရှူရှူက သူ့ကို ကြည့်လိုက်၏။
"စီနီယာအစ်ကိုကောင်း... ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ"
ကျန်းရှောင်ဖန်းက ထိုအရပ်ရှည်ရှည်နှင့် လူကို ကြည့်လိုက်ပြီး ထိုလူက သူ၏နာမည်နှင့် တကယ်လိုက်ဖက်သည်ဟု စိတ်ထဲမှ တွေးလိုက်မိပေသည်။ စီနီယာအစ်ကိုကောင်းက ပြန်ဖြေလိုက်သည်။
"ဆရာ့ဆီက ကြားလိုက်တာလေ"
ကျန်းရှူရှူ အံ့ဩသွားလေသည်။
"ငါ့အဖေဆီကလား"
"ဟုတ်တယ်။ မင်း မရောက်လာခင်က ဆရာ ဒီမှာရှိနေတာ။ တိုက်ပွဲအပြီးမှာ ဆရာက သူဟာ ယွီချင်းအဆင့်ရှစ်ကို ကျော်လွန်သွားလောက်ပြီ၊ အဆင့်ကိုးကိုတောင် ရောက်နေနိုင်တယ်လို့ ပြောသွားတယ်"
ကျန်းရှူရှူမှာ ကြက်သေသေသွားလေသည်။ သူ တစ်ခွန်းမှ မပြောနိုင်တော့ပေ။ ကျန်းရှောင်ဖန်းမှာ ဇဝေဇဝါ ဖြစ်သွား၏။
ကျန်းရှူရှူက ပြိုင်ပွဲရလဒ်ကို ဂရုမစိုက်ဟု ပြောခဲ့သော်လည်း သူက ထိုကိစ္စကို အလွန်အမင်း အလေးထားနေပုံ ပေါ်လေသည်။
အဝေးဆီမှ ခေါင်းလောင်းထိုးသံတစ်သံ ထွက်ပေါ်လာလေသည်။ ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်များမှာ ပြိုင်ပွဲရှိနေသေးပုံ ရ၏။ သူတို့အားလုံး ခေါင်းလောင်းသံ ကြားရာအရပ်သို့ ထွက်သွားကြပေသည်။
ကျန်းရှောင်ဖန်းက ကျန်းရှူရှူ ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်ကို မြင်သောကြောင့် သူ့ကို ဆွဲခေါ်လိုက်လေသည်။
ထိုအခါမှသာ ကျန်းရှူရှူ သတိဝင်လာပြီး ပြုံးလိုက်၏။
"အကုန် ပြီးသွားပြီ။ အခုတော့ ငါတို့ မျှော်လင့်ချက် မရှိတော့ပါဘူး"
ကျန်းရှောင်ဖန်းကတော့ တကယ်ကို ဂရုမစိုက်ပေ။
"ပြီးတော့လည်း ပြီးသွားတာပေါ့။ ဒါနဲ့ မင်းရဲ့ပြိုင်ပွဲက ဘာလို့ မစသေးတာလဲ"
ကျန်းရှူရှူက အဝေးသို့ လှမ်းကြည့်လိုက်၏။
"မစသေးဘူးလေ။ ဒါပေမဲ့ ငါ အခု သွားသင့်ပြီ။ မင်းရော ဘယ်သွားမလို့လဲ"
ကျန်းရှောင်ဖန်းက ခဏမျှ စဉ်းစားလိုက်ပြီးမှ ဖြေလိုက်လေသည်။
"ကံကောင်းလို့ နိုင်ခဲ့တာ ဆိုပေမဲ့ ဆရာနဲ့ ဆရာကတော်ဆီကို သွားပြီး အကြောင်းကြားရဦးမယ်"
ကျန်းရှူရှူက ခေါင်းညိတ်လိုက်၏။
"အားရင် ငါ့ဆီ လာခဲ့ဦးနော်"
ကျန်းရှောင်ဖန်းက ပြန်ဖြေလိုက်ပြီး သူတို့ အချင်းချင်း နှုတ်ဆက်ကာ လမ်းခွဲလိုက်ကြလေသည်။