← Chapters

ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်

Vol. 11 Ch. 147

ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်

Vol. 11 Ch. 147

“အမှန်ပဲ။ ဒါက မတော်တဆမှုတွေ ဖြစ်လာမှာကို ရှောင်ရှားနိုင်အောင်လို့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက လုပ်ထားတဲ့ သဘောတူညီချက်ပဲ။ ငါတို့အကုန်လုံး ... ဟမ်”

တုန့်ဖန်းဟွာ မှင်တက် သွားမိသည်။ သူက ရှင်းပြနေရင်းမှပင် မျက်လုံးတို့က ကျဉ်းကျုံ့သွားပြီး အက်ကြောင်း အပြင်ဘက်ကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။

အပြင်ဘက်၌ တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်မှာ သဘောတူညီချက်အရ သူတို့နှင့် ပူးပေါင်းမည့် မည်သူမှမရှိခြင်းက အထင်အရှားပင် ဖြစ်သည်။

“တစ်ခုခုတော့ မှားနေပြီ”

ချန်း၏မျက်နှာက နက်မှောင်သွားပြီး ရှေ့သို့ခြေလှမ်း အနည်းငယ် လှမ်းကာ အက်ကြောင်းနံဘေးရှိ နံရံပေါ်သို့ ညာဘက်လက်ဖြင့် ထိကပ်လိုက်၏။ ထို့နောက် မျက်လုံးတို့ကို မှိတ်လိုက်ပြီး ခဏကြာမှ ပြန်ဖွင့်လိုက်သည်။

“အပြင်မှာ ချုံခိုတိုက်ခိုက်ထားတဲ့ အရိပ်အယောင်လည်း မရှိဘူး။ ဒါပေမဲ့ သူတို့က ဘာလို့ ဒီနေရာမှာ ရှိမနေရတာလဲ”

ချန်းက တုန့်ဖန်းဟွာကို ကြည့်လိုက်ရင်း အသံတိုးတိုးဖြင့် ပြောသည်။

“ခဏ ​နေဦး”

တုန့်ဖန်းဟွာက မျက်မှောင်ကြုတ်လိုက်ပြီး မာန်အတတ်ကြောင့် ဖြစ်ပေါ်နေသည့် အက်ကြောင်းအပြင်ရှိ အရိပ်မည်းကို ကြည့်လိုက်သည်။

အမွှေးတိုင်တစ်တိုင် လောင်းကျွမ်းချိန်ခန့် ကြာပြီးနောက်တွင်တော့ အပြင်ဘက်တွင် ရှိသည့် အရိပ်မည်းသည် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်တစ်ကြိမ် ကျောက်တုံး ပြန်ဖြစ်သွားတော့သည်။

စုမင် ထိုအရာကို မြင်လိုက်သောအခါ ချန်းဆိုသူနှင့် ပတ်သက်၍ သတိထားမှုတို့ ပိုမိုမြင့်တက် လာလေသည်။

“ညီနောင်မော့၊ ညီနောင်ချန်း ဒီနေရာနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားနေပြီ။ ငါတို့ ခဏကြာလို့ အပြင်ကိုထွက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခွဲမသွားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ ငါတို့ အနောက်မြောက်ဘက်ကို အမြန်သွားရမယ်။ ငါမှတ်မိသလောက်တော့  အဲဒီနေရာကလည်း ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ စုဝေးတဲ့နေရာတစ်ခုပဲ။”

လောဆော်မှု အရိပ်အမြွက်က တုန့်ဖန်းဟွာ၏မျက်နှာတွင် ဖြစ်ပေါ်လာရင်း ထိုစကားတို့ကို ပြောလိုက်သည်။ စုမင်နှင့်ချန်းတို့ ခေါင်းပြန်ညိတ် ပြသည်ကို မြင်သောအခါ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အံသွားကြိတ်လျက် ရှေ့သို့ ဦးတည်လိုက်တော့သည်​။

ချန်းသည် သူ့နောက်မှနေ၍ စုမင်နှင့်အတူ လိုက်ပါလိုက်သည်။ ၃ ဦးစလုံး အက်ကြောင်းမှ ထွက်ခွာမိသည်နှင့် တစ်ပြိုင်နက် သွေးနံ့တို့ပါဝင်နေသည့် လေပြင်းတစ်ခုက ၃ ယောက်စလုံးကို တိုက်ခတ်သွားပြီး စုမင်ဆံပင်ကို ပင့်တင်သွားလေသည်။ ထိုဧရိယာသည် မှောင်မည်းလျက် အခိုးအငွေ့အလွှာ ခပ်ပါးပါးက ဖုံးလွှမ်းထားသည်မှာ တစ်နည်းဆိုရလျှင် မည်သည့်အရာမျှ မရှိသည့် သီးခြားကမ္ဘာ တစ်ခုအသွင် ဖြစ်သည်။ အနက်ရောင် အခိုးအငွေ့တို့က မြေပြင်မှ ထွက်ပေါ်လျက် အထက်ကောင်းကင်တွင် စုဝေးလျက် ရှိကြသည်။

တုန့်ဖန်းဟွာနှင့် ချန်းတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး အနောက်မြောက်အရပ်သို့ ပြေးလွှားရန် ဦးတည်လိုက်ကြသည်။ စုမင်သည်လည်း မူလကလိုက်ပါလိုသော်ငြား ထိုဘက်သို့ ဦးတည်လိုက်မိချိန်တွင် ဤနေရာရှိ ကောင်းကင်ကို အမှတ်တမဲ့ဖြင့် မော့ကြည့်လိုက်မိ၏။ ထိုသို့ကြည့်လိုက်မိချိန်တွင်တော့ တုန်လှုပ်သွားမိပြီး သူ့မျက်လုံးအတွင်းရှိ တည်ငြိမ်မှု၊ သီးသန့်ဆန်မှုတို့က တုန်လှုပ်မှုတို့ဖြင့် ရုတ်ခြည်း အစားထိုး သွားတော့သည်။ စုမင် ရပ်လိုက်၏။

“ညီနောင်မော့”

ချန်းက ပြေးလွှားနေရင်းမှ မှင်တက်သွားပြီး စုမင်ကို ပြန်လှည့်ကြည့်လိုက်သည်။

“သူနဲ့ပတ်သက်ပြီး စိတ်ရှုပ်ခံမနေနဲ့။ ဒီနေရာမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာ ဖြစ်ရမယ်။ ငါတို့နေလို့မရဘူး”

တုန့်ဖန်းဟွာက လျင်မြန်စွာ ပြောလိုက်ရင်း ရပ်တန်းမည့် အရိပ်အယောင်မရှိပဲ ရှေ့သို့ ပြေးလွှားသွားတော့သည်။

ချန်းဆိုသူကလည်း ခဏတာ တုံ့ဆိုင်းနေပြီးနောက် ထွက်ခွာသွားပြီး တဖြည်းဖြည်းနှင့် ထိုလူ၂ယောက်သည် မည်သည့်သဲလွန်စမျှ မကျန်ပဲ အဝေးသို့ ထွက်ပြေးပျောက်ကွယ် သွားတော့သည်။

စုမင် ထိုနေရာတွင် ရပ်လျက် ကောင်းကင်ရှိ ကြယ်များကိုကြည့်ရင်း အံ့အားသင့်နေသည်မှာ သူ့ခေါင်းထဲမှနေ၍ ဟယ်ဖုန်း၏ အဆက်မပြတ် ခေါ်နေသည့် သတိပေးသံကိုပင် ကြားဟန်မတူတော့ပဲ သူသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သတိမရတော့သကဲ့သို့ပင် ဖြစ်သည်။

မျက်လုံးတွင် ဝေခွဲမရမှုတို့ အပြည့်ဖြင့် သူသည် ကောင်းကင်သို့ မော့ကြည့်နေမိသည်။

နက်မှောင်တောင်မျိုးနွယ်စု ပျက်စီးခဲ့ခြင်း၊ တောင်ပိုင်း အရုဏ်ဦး နယ်မြေအတွင်း ရှုပ်ထွေးသည့် ခံစားချက်များ၊ လွန်ခဲ့သည့်နှစ်များအတွင်း အထီးကျန်ဆန်မှုတို့နှင့် ဟယ်ဖုန်းနှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စများ အားလုံးတို့က သူ့အား တည်ငြိမ်သွားစေခဲ့ပြီး တိတ်ဆိတ်မှု၊ သီးသန့်ဆန်မှုတို့ဖြင့် အသားကျသွားစေခဲ့သည်။

ထိုသို့ သူ့ထံမှ ထိတ်လန့် တုန်လှုပ်နေသော အမူအရာသည် ထူးဆန်းလွန်းနေပြီး သူ့လိုလူအတွက်တော့ မူမမှန် ဖြစ်နေဆဲပင်ဖြစ်သည်။ ထို့ပြင် ယခုသူသည် ဟန်တောင်တန်း မျိုးနွယ်စု ဘိုးဘေး၏ ဂူသင်္ချိုင်းအတွင်း၌ ရောက်ရှိနေခြင်းဖြစ်သည်။

အန္တရာယ်တို့ဖြင့် ပြည့်နှက်နေသော နေရာ၌ သူ့စိတ်သည် ထိတ်လန့် တုန်လှုပ်မှုကြောင့် အသက်ရှူချိန် အနည်းငယ်ခန့် ဗလာဖြစ်သွားခဲ့ခြင်းပင်။

စုမင် ကောင်းကင်ကို ကြည့်လိုက်သည်။ ၎င်းကို မြူခိုးတို့ဖြင့် ဖုံးလွှမ်းထားသော်လည်း သူ့မျက်လုံးများမှ တစ်ဆင့် အနက်ရောင် ကောင်းကင်၌ တောက်ပနေသည့် ကြယ်များကိုတော့ မြင်တွေ့နိုင်နေဆဲ ဖြစ်သည်။ မြူများဖြတ်သန်း သွားလာလျက်ရှိသည့် ကောင်းကင်မှ လူလုပ်အက်ကွဲကြောင်း လေးခုကြောင့်သာ မဟုတ်လျှင် ထိုကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်သည် အစစ်လား၊ အတုလား ဆိုသည်ကို စုမင်ခွဲခြားနိုင်လိမ့်မည် မဟုတ်ချေ။

“ဒါက အတုကြီးပဲ…” စုမင် မသဲမကွဲ ရေရွတ်လိုက်သည်။

ထိုအက်ကြောင်းလေးခုကို ကြည့်လိုက်ချိန်တွင် ၎င်းတို့၏ တည်ရှိမှုက သူ့ကိုရှင်းလင်းစွာ ပြောပြနေသည်မှာ ထိုကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်သည် လူမှဖန်တီးထားသည့် အတုကြီးဆိုသည်ကိုပင်။ ဒါက ... တကယ် တည်ရှိနေတာ မဟုတ်ချေ။

သို့သော် ယခုလို ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင် အစိတ်အပိုင်းတစ်ခုကို သူယခင်​က မြင်ခဲ့ဖူး၏။

“စုမင်၊ ဒီကောင်းကင်ကို မှတ်ထားပါ …”

အကြီးအကဲ၏အသံက စုမင်ခေါင်းထဲတွင် သီးသန့်လေထု တစ်ခုသဖွယ် မြည်တမ်းသွားသည်။

ထိုနေရာတွင် မလှုပ်မယှက်ရပ်လျက် သူ့မျက်နှာတွင်တော့ ဝေခွဲမရဖြစ်မှုတို့ဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ကို မော့ကြည့်နေသည့် သူ့မျက်လုံးတို့ကတော့ ဗလာဖြစ်နေလေသည်။ သူ့နှလုံးသားအတွင်း အော်ဟစ်နေသံမှလွဲ၍ ဧရိယာတစ်ခုလုံးသည် တိတ်ဆိတ်လျက်ရှိ၏။

‘အကြီးအကဲက ငါ့ကိုသတိရဖို့ပြောခဲ့တဲ့ ကောင်းကင်က ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ ... ’

‘ဘာလို့ ဟန်တောင်တန်းမျိုးနွယ်စု ဘိုးဘေးရဲ့ ရတနာက ငါနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ခံစားမှုမျိုး ရှိနေရတာလဲ ... ’

‘ဘာလို့ ရတနာကို ဟယ်ဖုန်းက ထုတ်ယူလို့ မရခဲ့ဘဲနဲ့ ငါ့ကိုမြင်တဲ့အခါကျမှ ရတနာက ဘာလို့ ငါ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့တာလဲ ... ’

‘ဓားက ငါ့ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့ သွေးကြောလမ်းကြောင်း တစ်ခုကို ဘာလို့ ဖွင့်ခဲ့တာလဲ။ အဲဒီသွေးကြော လမ်းကြောင်းက ငါ့ခန္ဓာကိုယ်ထဲမှာ အရင်တည်းက ရှိနေခဲ့ပေမဲ့ ချိပ်ပိတ်ခံထားရသလိုမျိုး ခံစားနေရတယ် ...’

‘ဟန်တောင်တန်းဘိုးဘေးရဲ့ အနီရောင်မြက်ခင်းပြင်ကို တခြားသူတွေ အသုံးပြုတဲ့အချိန်တိုင်း သူတို့ရဲ့ချီကို စုပ်ယူခံရတယ်။ ဒါပေမဲ့ ငါအသုံးပြုတဲ့အခါကျ စုပ်ယူမခံရပဲ ကွဲပြားနေခဲ့တာလဲ ...’

‘ဘာလို့လဲ ...’

‘ဟန်တောင်တန်းရဲ့ ဘိုးဘေး၊ ခင်ဗျားက ... တကယ်ပဲ ... ဘယ်နေရာကနေ လာခဲ့တာလဲ။ ဒီကြယ်တွေ ပြည့်နှက်နေတဲ့ ကောင်းကင်ကရော မင်းလာခဲ့တဲ့ နေရာကပဲလား။ ဒါဆို ငါကရော ဘယ်နေရာက လာခဲ့တာလဲ ...’

စုမင်နှလုံးသား အတွင်းရှိ အသံက ဟိန်းဟောက်သံအဖြစ်သို့ ပြောင်းလဲသွားသော်ငြား ထိုအသံသည် သူ့နှလုံးသား အတွင်း၌သာ ဖြစ်၍ တခြားမည်သူမှ မကြားနိုင်ချေ။ စုမင်တစ်ယောက် မိမိဝိညာဉ် ပျောက်ဆုံးသွားသကဲ့သို့ အံ့အားသင့်နေသည့် အမူအရာဖြင့် အက်ကွဲကြောင်း အပြင်တွင် ရပ်လျက် ကောင်းကင်သို့ မော့ကြည့်နေသည်ကိုသာ သူတို့မြင်ရမည် ဖြစ်သည်။

စုမင်နှင့် ပေထောင်ပေါင်းများစွာ အကွာရှိ တောင်ကုန်းတစ်ခု ပေါ်တွင်တော့ တင်ပျဉ်ခွေ ထိုင်နေသည့် လူ ၂ ယောက်ရှိပြီး တစ်ယောက်သည် အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ ထိုသူက သူ့ညာဘက်မျက်လုံးကို လက်၂ချောင်းဖြင့် ဖိလိုက်ချိန်တွင်တော့ သူ့မျက်လုံးက တောက်ပသွားလေသည်။

“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ၃ ယောက်ထဲက တုန့်ဖန်းဟွာနဲ့ ချန်းနော့တို့က အနောက်မြောက်ဘက်ကို ဦးတည် သွားနေကြပြီးတော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ စုရပ်ဆီကို သွားမယ့်ပုံပဲ။ သူတို့ ၂ ယောက် အကြောင်းကို စိတ်ပူစရာမလိုတော့ဘူး။ အဲဒီနေရာကို သွားနေတာက သွားပြီးအသေခံသလိုပဲ”

“ကျန်ခဲ့တဲ့လူ တစ်ယောက်ရှိတယ်။ သူက မလှုပ်ရှားပဲနဲ့ အိပ်မွေ့ချခံထားရသလိုမျိုး ကောင်းကင်ကို မော့ကြည့်နေတယ်။ သူ့ရဲ့စွမ်းအားကတော့ ... သွေးကြော၈၀၀ မကျော်ဘူး။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ဧည့်သည်တော်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေထဲမှာ ဒီလိုလူမျိုး ငါတစ်ယောက်မှမတွေ့ဖူးဘူး”

“သူက သွေးကြော ၈၀၀ လောက်တောင် မရှိဘူးဆိုရင်တော့ ငါတို့ သူ့ခေါင်းကို ဒီတိုင်း ဖြတ်လိုက်ပြီးတော့ သူ့ဆီကနေ သွေးအလုံအလောက် ရနိုင်လိမ့်မယ်။ ငါတို့မျိုးနွယ်စုက ဒါအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ရတာ။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက သတိပြုမိသွားပြီး ဒါအတွက် အစီအစဉ်ဆွဲခဲ့တာတော့ မဖြစ်နိုင်ဘူး။ အဲဒီလူက သူတို့ခေါ်ထားတဲ့ ဧည့်သည်အသစ် ဖြစ်လိမ့်မယ်။ လင်းဒုံ၊ သွားသတ်လိုက်” လေးဆယ်အရွယ်လူက အေးစက်စွာပြောလိုက်သည်။

“မြန်မြန်လုပ်။ ငါတို့က ပုချန်းမျိုးနွယ်ရဲ့ စုဝေးရာနေရာကို ချုံခိုတိုက်ဖို့ ရှိသေးတယ်”

လေးဆယ်အရွယ်လူက ပြောပြီးသည်နှင့် မျက်လုံးတို့ကို ပြန်ပိတ်လိုက်သည်။

ထိုသူက အဝတ်အစားများပေါ်တွင် အမျိုးသမီးတစ်ဦး၏ပုံကို ထည့်သွင်း ရက်လုပ်ထားသည့် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားချေသည်။ ထိုကဲ့သို့ အဝတ်အစားများသည် ဟန်တောင်တန်းမြို့တော်ရှိ အရောင်စုံရေကန် မျိုးနွယ်စုဝင် များကိုသာ ပေးအပ်ခြင်း ဖြစ်သည်။

ထိုလူကြီးသည် အရောင်စုံရေကန် မျိုးနွယ်စု၏ သွေးမျိုးဆက်ဖြစ်သည်မှာ ရှင်းလင်းနေသည်။

လင်းဒုံဟုခေါ်သည့် ဝတ်ရုံအနက်နှင့်လူက ထိုစကားတို့ကို ကြားသောအခါ သူ့ညာဘက်မျက်လုံးမှ လက်ကို အောက်ပြန်ချလိုက်ပြီး မတ်တတ်ထရပ်သည်။ ထို့နောက် ရှေ့သို့ လျင်မြန်စွာ ဦးတည်ထွက်ခွာ သွားပြီးနောက် သဲလွန်စမကျန်ဘဲ ပျောက်ကွယ် သွားတော့သည်။

စုမင်မျက်လုံးတွင် ဝေခွဲမရမှုများစွာနှင့် ထိုနေရာ၌ပင် မတ်တတ်ရပ်နေမိသည်။ ဟန်တောင်တန်း ဘိုးဘေးနှင့် သူ့ကြားတွင် တူညီမှု တစ်စုံတစ်ရာ ရှိနေသည်ကို သူခိုင်မာစွာ ခံစားနေမိသည်။

ထိုအရာကို ရှင်းလင်းစွာ သိမြင်လိုသော်လည်း သူ့ရှေ့တွင် တစ်စုံတစ်ခုက သူ့အမြင်ကို ဖုံးကွယ်ထားပြီး ထိုအကြောင်းအရာ အားလုံးနှင့် ပတ်သက်၍ ခန့်မှန်းချက်များ လုပ်ရုံသာ သူတတ်နိုင်ပေသည်။

 ‘ငါသူ့ရဲ့ ဂူသချိုင်းထဲကို သွားကိုသွားရမယ်။ ငါ ... သူ့ကိုတွေ့ရမှ ဖြစ်မယ်’

ထို့နောက် စုမင် မျက်လုံးတို့ကို မှတ်လိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ သူ့နံဘေးမှ ဘာမျှမရှိသည့် လေဟာနယ်ထဲသို့ ရုတ်ခြည်းနက်ရှိုင်းစွာ ထိုးသွင်းလိုက်သည်။

မသဲမကွဲ မြည်ဟည်း သွားပြီးနောက် သူ့နံဘေးရှိ လေဟာနယ်တွင် လှိုင်းဂယက်တို့ ထလာပြီး ဖြူဖျော့နေသည့် မျက်နှာနှင့် ဝတ်ရုံအနက် ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက အကောင်အထည် ပေါ်လာလေသည်။ ထိုသို့ အကောင်အထည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဘိုးအို၏ သွေးတို့က ပါးစပ်မှနေ၍ ကျဆင်းလာလေသည်။ သူ့မျက်လုံးတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ပေါ်လာသော်ငြား နောက်သို့ ပြန်ဆုတ်မသွားပေ။ ထိုအစား ညာဘက်လက်ဖြင့် လေထုကို ဝိုက်သိမ်းလိုက်ချိန်တွင် အနက်ရောင်မြူခိုးတို့က သူ့လက်ကို ရုတ်ခြည်း ဝန်းရံသွားပြီး အနက်ရောင် လက်သည်းအဖြစ် ပြောင်းလဲသွားကာ စုမင်ထံ ဦးတည်လိုက်သည်။

စုမင်သည် ရှုပ်ထွေးသည့် စိတ်အခြေအနေတွင် ရှိနေသေးသော်လည်း အက်ကွဲကြောင်းမှ ထွက်လာချိန်တည်းက တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အသုံးပြုထားခဲ့ခြင်း ဖြစ်သည်။ လေတိုက်၍ လှုပ်ရှားနေသော မြက်ပင်တို့မှအစ ပေ ၂၀၀၀ ဧရိယာအတွင်းရှိ အရာအားလုံးသည် သူ့အာရုံမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

သူက ဝတ်ရုံအနက်နှင့် လူစိမ်းအဘိုးအို ပေါ်လာချိန်တွင်လည်း သတိထားမိခဲ့ပြီး ဖြစ်သည်။

စုမင်သည် အဘိုးအိုက သူ့ထံသို့ အနက်ရောင် လက်သည်းများဖြင့် ဦးတည် လာနေသည်ကို လှည့်ပင်မကြည့်ချေ။ ထိုအစား ခေါင်းကိုမော့လျက် သိပ်မဝေးသည့် အကွာအဝေးတွင် ရှိသည့် တောင်ကုန်းငယ်လေးကို လှမ်းကြည့်လိုက်သည်။ တောင်ကုန်းထိပ်သို့ သူ့ကြည့်လိုက်မိချိန်မှာပင် သူ့ဆီသို့ လျင်မြန်စွာ နီးကပ်လာနေသည့် အဘိုးအိုထံသို့ စူးရှသည့် အလင်းရောင် တစ်ခုက တောက်ပစွာ ဦးတည်သွားသည်။ ထိုတောက်ပသည့် အလင်းရောင်သည် ရုတ်ခြည်း ထွက်ပေါ်လာခြင်း ဖြစ်ကာ အဘိုးအို၏ မျက်ခုံးနှစ်ခု အလယ်ကို ဖြတ်သန်း ထိုးဖောက်သွားပြီး သူ့နောက်၌ သွေးလမ်းကြောင်းကြီး တစ်ခုကို ပျံ့ကြဲ ဖြစ်ပေါ်သွားစေသည်။

အဘိုးအို၏ မျက်လုံးတို့သည် မယုံနိုင်မှုတို့ဖြင့် ပြူးကျယ်လျက် ရှိသည်။ သူ့မျက်လုံးအတွင်းရှိ အလင်းရောင်သည် မှန်ဖျော့သွားပြီးနောက် စုမင်နှင့် ပေ ၃၀ အကွာတွင် လဲကျသွားလေသည်။ ထို့နောက်  သူ့ခန္ဓာကိုယ်သည် အသက်ရှူမရပ်ခင် အကြိမ်အနည်းငယ်ခန့် မြေပေါ်တွင် လှုပ်ရှားနေခဲ့ပြီးနောက် သေဆုံးသွားတော့သည်။

ထိုအရာ ဖြစ်ပျက်သွားသည်မှာ အလွန်လျင်မြန်လှပြီး ဝတ်ရုံအနီနှင့်လူသည် တောင်ကုန်းထိပ်တွင် ကြောင်အစွာ မတ်တတ်ထ ရပ်လိုက်မိသည်။ သူ့အမူအရာသည်လည်း ပြောင်းလဲသွားပြီး ထိတ်လန့်တုပ်လှုပ်နေသည့် အသွင်က သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။ လင်းဒုံ၏အစွမ်းကို ကောင်းစွာ သိထားသဖြင့် ထိုတိုက်ပွဲနှင့် ပတ်သက်၍ သိပ်ဂရုမစိုက်ခဲ့ချေ။ လင်းဒုံတွင် သွေးကြော ၈၀၀ ခန့်သာ ရှိသော်လည်း သူ၏ မာန်အတတ်ကတော့ ထူးခြားဆန်းကြယ်သည်။ သူက သူ့ခန္ဓာကိုယ်ကို မှိန်ဖျော့သွားအောင် လုပ်နိုင်ပြီး တခြား သူများထံသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားလျှင် သတိပြုမိရန် ခဲယဉ်းပေသည်။ ထိုမာန်အတတ်ကြောင့်ပင် လင်းဒုံသည် နာမည်တစ်လုံး တည်ဆောက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ဝတ်ရုံအနီနှင့်လူက လင်းဒုံ ထိုကဲ့သို့ အလွယ်တကူ သေဆုံးသွားခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဖြစ်စဉ်တစ်ခုလုံးကိုပင် သူရှင်းလင်းစွာ မမြင်နိုင်ခဲ့ပဲ ကောင်းကင်သို့ မော့ကြည့်နေသည့်လူက ထိတ်လန့်ဖွယ် လက်သီးတစ်လုံး ထိုးသွင်းလိုက်ခြင်းကိုသာ မြင်လိုက်ရခြင်းဖြစ်၏။

လင်းဒုံက ထိုလက်သီး တစ်ချက်နှင့်ပင် နောက်ဆုတ်ရန် ဖိအားပေးခံလိုက် ရသော်လည်း ထိုလူကိုသတ်ရန် ဆက်လက်ကြိုးစားခဲ့ပြီး ထိုအချိန်မှာပဲ လင်းဒုံက ရုတ်တရက် သေဆုံးသွားခဲ့သည်။

ဝတ်ရုံအနီနှင့်လူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ဖြတ်ပြေးသွားသည်။

တိုက်ဆိုင်စွာပင် သူမတ်တတ်ရပ်လိုက်ချိန်၌ စုမင်ကလည်း သူ့ဘက်သို့ လှမ်းကြည့်လိုက်ပြီး အကြည့်တို့က တွေ့ဆုံသွားခဲ့သည်။

‘ငါ နောက်ဆုတ်ရမယ်’

ဝတ်ရုံအနီနှင့်လူက နောက်သို့ဆုတ်ရန် ပြင်လိုက်၏။ ထိုအချိန်တွင် သူ၏ မျက်လုံးထဲတွင် စုမင်သည် လျှို့ဝှက်နက်နဲမှုတို့ ဖုံးလွှမ်းနေသည်။ အရောင်စုံရေကန်၏ မျိုးနွယ်ဝင်တစ်ဦး အနေဖြင့် သူသည် မစွန့်စားလိုချေ။ စကားပြောနေစဉ်မှာပင် သူသည်နောက်သို့ဆုတ်ကာ ထွက်ခွာရန် ပြင်လိုက်ခြင်း ဖြစ်သည်။

“ထွက်ပြေးဖို့ မစဉ်းစားနဲ့”

စုမင်၏ မျက်လုံးတို့က အေးစက်သွားပြီး အရှိန်လျင်မြန်စွာဖြင့် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲသွားပြီး တောင်ကုန်းဆီသို့ ဦးတည် ပြေးလွှားသွားသည်။

စုမင် အမြန်နှုန်းကို မြင်သောအခါ ဝတ်ရုံအနီနှင့်လူ၏ စိတ်ထဲတွင် သတိပေးသံတို့က ဆူညံသွားသည်။ တောင်ကုန်းသည် ထိုလူနှင့် ပေ ၄၀၀၀ အကွာတွင် ရှိသော်လည်း မျက်နှာဖုံးနှင့်လူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ကြားရှိ အကွာအဝေးက လျင်မြန်စွာ နီးကပ်သွားခဲ့သည်။ သူလွတ်မြောက်ချင်သည် ဆိုလျှင်ပင် ထိုပုဂ္ဂိုလ်က မကြာခင် သူ့ကို ပြန်ဖမ်းမိသွားမှာ ဖြစ်သည်။

‘ဒီလူက လင်းဒုံကို လွယ်လွယ်ကူကူပဲ သတ်ခဲ့တယ်။ သူ့ရဲ့ စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားတဲ့ စွမ်းအားကြီး မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်လိမ့်မယ်။ ငါက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး’

နောက်သို့ ဆုတ်ခွာနေရင်း ဝတ်ရုံအနီနှင့်လူ၏ မျက်နှာထက်တွင် အဖြေရှာတွေ့သွားဟန် ဖြစ်ပေါ်လာပြီး ရင်ဘတ်ထဲမှ လက်တစ်ဆုပ်အရွယ် သေတ္တာလေးကို ထုတ်ယူလိုက်ပြီး ထိုအရာကို ခွဲခြေလိုက်သည်နှင့် စက်လုံးပုံကျောက်တုံးတစ်ခုက သူ့လက်ပေါ်တွင် ပေါ်ပေါက် လာလေသည်။

ကျောက်တုံးသည် အနီရောင်ရှိပြီး သိပ်သည်းသည့် အမှတ်အသားတို့က မျက်နှာပြင် တစ်ခုလုံး ဖုံးအုပ်ထားလျက် ရှုပ်ထွေးသည့် ရုပ်ပုံတစ်ခု ဖြစ်ပေါ်နေသည်။ ထိုလူက ကျောက်တုံးကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပသည့် အနီရောင် အလင်းက ကျောက်တုံး၏ မျက်နှာပြင်တွင် ပေါ်ပေါက်လာပြီး အပြင်သို့ လျင်မြန်စွာပျံ့နှံ့ သွားလေသည်။ ဝတ်ရုံအနီနှင့် လူ၏ပုံသဏ္ဌာန်သည် မှိန်ဖျော့လာပြီး သူနှင့် ပေ ၃၀၀၀ ခန့်သို့ နီးကပ်လာနေပြီ ဖြစ်သည့် စုမင်ကိုကြည့်လျက် အေးစက်သည့် သရော်ပြုံးတစ်ခုက သူ့မျက်နှာတွင်ဖြစ်ပေါ်လာေချသည်။

‘လင်းဒုံ သေသွားခဲ့ပေမဲ့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှာ တစ်ခြားစွမ်းအားမြင့် မာန်စွမ်းအားရှင်ရှိနေတာကို ငါတို့ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီတာဝန်က အောင်မြင်တယ်လို့ သတ်မှတ်လို့ရပါတယ် ... မင်းက ငါ့ကို သတ်ချင်တာလား။ ဟမ့်’

***

All Chapters