← Chapters

သက်ပြင်းချမိသည့် အချိန်အတွင်း

Vol. 11 Ch. 148

သက်ပြင်းချမိသည့် အချိန်အတွင်း

Vol. 11 Ch. 148

“တည်နေရာ ရွှေ့ပြောင်းခြင်း”

ဟယ်ဖုန်း၏ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည့်အသံက စုမင်ခေါင်းထဲတွင် ထွက်ပေါ်လာသည်။

စုမင် မည်သည့်အသံမျှ ပြန်မလုပ်ခဲ့ပဲ ဝတ်ရုံအနီနှင့် လူအနီးသို့သာ ဆက်လက်ချဉ်းကပ် သွားလိုက်သည်။ ညာဘက်လက်တွင် အနီရောင် ကျောက်တုံးကို ကိုင်ထားပြီး နှုတ်ခမ်းတွင် အေးစက်စက် သရော်ပြုံးတစ်ခုဖြင့် ထိုလူ၏ပုံရိပ်က မှိန်ဖျော့လာသည်ကို သူမြင်တွေ့လိုက်ပြီးဖြစ်၏။

ပေ ၃၀၀၀၊ ပေ ၂၇၀၀၊ ပေ ၂၄၀၀ ... သူတို့ကြားတွင် ပေ ၂၀၀၀ သာ ကွာဝေးတော့ချိန်တွင်တော့ ထိုသူ၏ ခန္ဓာကိုယ်သည် မှိန်ဖျော့နေခဲ့ပြီး တောက်ပသည့် အနီရောင် အလင်းအောက်တွင် မကြာခင်ပျောက်ကွယ် သွားတော့မည်ဟန် ဖြစ်နေလေပြီ။ စုမင် ခေါင်းကို မော့လိုက်ချိန်တွင်တော့ မျက်လုံး၌ အဖက်မတန်မှုတို့က အထင်းသားပင်။

သူ့ကို သတ်ချင်သည့်လူတွေ အပေါ်တွင် သူဘယ်တုန်းကမျှ နှလုံးသား မပျော့ညံ့ခဲ့ပေ။ ထိုအရာက အကြီးအကဲ သူ့ကို သင်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့ကို အန္တရယ်ပေးသည့်လူ အကုန်လုံးကို သတ်ဖြတ်ရမည်။ သားရဲက သူ့ကို အစွယ်တွေပြပြီး ချိန်းခြောက်ခဲ့မည် ဆိုလျှင် ထိုအတွက် တန်ဖိုးကိုတော့ ပေးဆပ်ရမည်ပင်။

သူတို့ကြားတွင် ပေ ၂၀၀၀ ခန့်သာ ကွာဝေးတော့ချိန်တွင် သေးငယ်သည့် ဓားပုံစံ အမှတ်အသားက စုမင်မျက်ခုံးကြားတွင် ပေါ်ပေါက်လာပြီးနောက် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် တောက်ပသည့် အလင်းရောင်တန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စူးရှသည့် လေချွန်သံနှင့်အတူ  ဝတ်ရုံအနီနှင့် လူဆီသို့ တိုးဝင်သွားတော့သည်။

ထိုလူသည် တည်နေရာကူးပြောင်း ပြီးခါနီး ဖြစ်ပြီး တောက်ပသည့် အနီရောင် အလင်းက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ စက်ဆုပ်ရွံရှာမှုတို့က သူ့မျက်လုံးတွင် ဖြစ်ပေါ်လာပြီးနောက် မျက်လုံးတို့ကို မှိတ်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ သူ့မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်နှင့် လင်းဒုံကိုသတ်ခဲ့သည့် သူကို မြင်ရတော့မည် မဟုတ်ပဲ သူ့မျိုးနွယ်စုဝင်များကိုသာ မြင်တွေ့ရမည်ဟု တွေးတောနေမိသည်။

သို့သော် မျက်လုံးကို ပိတ်လိုက်သည့် အချိန်ခဏတွင်ပင် ကြောက်လန့်မှုတို့က သူ့ခန္ဓာကိုယ်၌ ရုတ်ခြည်း ဖြစ်ပေါ်လာ၍ မျက်လုံးကိုလျင်မြန်စွာ ပြန်ဖွင့်လိုက်ချိန်တွင်ေတာ့ တောက်ပသည့် ဓားအလင်းတန်း တစ်ခုက သူ့ထံသို့နီးကပ်လာပြီး တည်နေရာ ကူးပြောင်းနသေည့် သူ့ခန္ဓာကိုယ်ကို ထက်ဝက်ပိုင်းဖြတ်သွားတော့သည်။

စူးရှနာကျင်နေသည့် အော်သံက လေထဲသို့ ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်သည်လည်း ပြတ်ထွက်သွား တော့သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းသည် အနီရောင် အလင်းအောက်တွင် တည်နေရာကူးပြောင်းခြင်း ခံလိုက်ရပြီး အောက်ပိုင်းကတော့ ဓားအလင်းတန်းဖြင့် ပိုင်းဖြတ်ခံရကာ ဤနေရာ၌ကျန်ရှိနေစေရန် တွန်းအားပေးခံလိုက်ရသည်။

သွေးတို့က နေရာတိုင်း ပြန့်ကျဲသွားပြီး ဝတ်ရုံအနီနှင့်လူ၏ ခန္ဓာကိုယ်တစ်ပိုင်းက မြေပေါ်သို့ လဲပြိုကျသွားလေသည်။

အနီရောင်အလင်းက တစ်ဖြည်းဖြည်း မှန်ဖျော့သွားပြီး ပတ်ဝန်းကျင်သည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ယခုလေးတွင် ဖြစ်ပျက်သွားသော အရာနှင့်ပတ်သက်၍ ကျန်ရှိနေသည့် တစ်ခုတည်းသော သက်သေမှာ မြေပြင်ပေါ်တွင် လဲလျောင်းလျက် ရှိသည့် ပိုင်းဖြတ်ခံ ခန္ဓာကိုယ်တစ်ဝက်ပင်ဖြစ်သည်​။

စုမင် ရှေ့သို့ လျှောက်သွားလိုက်ပြီး ခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကြက် ကြည့်လိုက်သည်။

“ဟယ်ဖုန်း မင်းဘာပြောလိုက်တာလဲ”

စုမင်၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက် ရှိနေသည်။ ကျောက်စိမ်းဓားငယ်၏ စွမ်းအားသည် အလွန်ကြီးသော်လည်း ၎င်းကိုအသုံးပြုနိုင်ရန် တန်ဖိုးမှာလည်း အလွန်ကြီးမားလှသည်။ ထိုဓားမြှောင်ကို အသက်သွင်း လိုက်ချိန်တွင် သူ့သွေးကြောလမ်းကြောင်း အတွင်း၌ သိုလှောင်ထားသည့် ဝိညာဉ်စွမ်းအား ခုနှစ်ပုံခန့် အသုံးပြုခဲ့ရသည်။

သို့သော် ဤနေရာရှိ စုပ်ယူနိုင်သည့် ဝိညာဉ်စွမ်းအားသည် ပြင်ပကမ္ဘာနှင့် ယှဉ်လျင် ပိုမိုထူထပ် သောကြောင့်သာ စုမင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခြင်း ဖြစ်သည်။ ထိုအရာက ဟန်တောင်တန်းဘိုးဘေးအား တွေ့မြင်ချင်သည့် သူ့ဆန္ဒကို ပိုမိုအားကောင်း လာစေသည်။

“သခင်၊ ခုနက ဝတ်ရုံအနီနဲ့လူက အရောင်စုံ ရေကန်မျိုးနွယ်ကပဲ။ သူက ဧည့်သည်တစ်ဦး မဟုတ်တာ သေချာတယ်။ သူအခုလေးတင် ကိုင်သွားခဲ့တဲ့ ကျောက်တုံးက ဘာမှန်းမသိပေမဲ့ တည်နေရာ ရွှေ့ပြောင်းခြင်းအတွက် သုံးတာတော့ သေချာတယ်”

“ကျောက်တုံးပေါ်မှာ ထွင်းထားတဲ့ အမှတ်အသားတွေက ... တည်နေရာ ရွှေ့ပြောင်းခြင်း မှော်အတတ်ရဲ့ လမ်းကြောင်းတွေ ဖြစ်ရမယ်။ ဒါက မာန်နတ်ဘုရားရုပ်တုရဲ့ စွမ်းအားနဲ့ မင်းကိုဒီနေရာ ပို့ပေးလိုက်တာနဲ့ တူတယ်။ ဒါပေမဲ့ ငြိမ်အေးရာ အရှေ့အရပ်မျိုးနွယ်စုက တည်နေရာ ရွှေ့ပြောင်းဖို့ ရုပ်တုရဲ့အကူအညီကို လိုအပ်တယ်။ အဲဒါက တွန်းအားပေးပြီး ရွှေ့ပြောင်းတဲ့သဘောပဲ”

“ဒါပေမဲ့ အရောင်စုံရေကန် မျိုးနွယ်စုက လူကတော့ ကွဲပြားတယ်။ သူက သေးငယ်တဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို လက်ထဲမှာ ကိုင်ထားပြီးတော့ အဲဒီကျောက်တုံးကို သုံးလိုက်တဲ့အချိန်တိုင်း သူရွှေ့ပြောင်းချင်တဲ့ နေရာကို ပြောင်းလို့ရတယ်။ ပြီးရင် သူက အရောင်စုံရေကန် မျိုးနွယ်စုထဲက တည်နေရာအချို့မှာ ပြန်ပေါ်လာလိမ့်မယ်”

“အရောင်စုံရေကန် မျိုးနွယ်စုက တည်နေရာ ရွှေ့ပြောင်းခြင်းရဲ့ အနှစ်သာရကို ရှာတွေ့သွားခဲ့ပြီ ဆိုတာကို ဒါ ... ဒါက သက်သေပြနေတယ်”

ဟယ်ဖုန်းက တည်ငြိမ်သွားခဲ့ပြီးဖြစ်ကာ အခြေအနေနှင့် ပတ်သက်၍ အချက်အလက်တို့ကို စုမင်အတွက် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

“ဟန်တောင်တန်း မျိုးနွယ်ကတောင်မှ ဘိုးဘေးချန်ထားခဲ့တဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ပုံစံကို အပြည့်အဝ နားလည်ခဲ့တာ မဟုတ်ဘူး။ ငါတို့က ချန်ထားခဲ့တဲ့ အစီအရင်ကိုပဲ သုံးနိုင်ကြပြီးတော့ အစီအရင်အသစ်တစ်ခုကို မလုပ်နိုင်ခဲ့ဘူး …”

“အရောင်စုံရေကန် မျိုးနွယ်စုက ကျောက်စိမ်းစာလိပ်ကို ယူဆောင်သွားခဲ့ပြီးတော့ အဲဒီအထဲမှာ ဘိုးဘေး အသုံးပြုခဲ့တဲ့ အတတ်ပညာ တချို့ရှိတယ်။ ပြီးတော့ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ရဲ့ အပြောင်းအလဲ နေရာချထားမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေလည်း ပါတယ်”

“အရောင်စုံရေကန် မျိုးနွယ်စုက သူတို့ရဲ့ ရှာဖွေမှုမှာ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တာဖြစ်လိမ့်မယ်”

“သခင်၊ ဒီခရီးစဉ်က အရမ်းအန္တရာယ် များလွန်းတယ်။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ဧည့်သည်တွေကလည်း သဘောတူညီချက်အတိုင်း ရှိမနေခဲ့ဘူး။ သူတို့ ဒီနေရာမှာ ရှိနေခဲ့တဲ့အချိန်က တစ်ခုခုဖြစ်ခဲ့တာ ဖြစ်ရမယ်။ မင်းမသွားသင့်ဘူး။ တုန့်ဖန်းဟွာနဲ့ ချန်းတို့ကလည်း ထွက်ခွာသွားတည်းက သူတို့ထောင်ချောက်ထဲ ကျသွားခဲ့ပြီဖြစ်လိမ့်မယ်”

ဟယ်ဖုန်းက ပို၍ ရှင်းလင်းစွာ နားလည်လာလေလေ စကားလုံးတို့က ပိုမို မြန်ဆန်သည်ထက် မြန်ဆန်လာလေပင်ဖြစ်သည်။

စုမင် ခဏတာ တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

“မျိုးနွယ်စု ၃ ခုက မျိုးနွယ်ဝင်တွေ ဒီကိုလာရင် ကြီးမားတဲ့ဖိအားနဲ့ ရင်ဆိုင်ရတယ်။ ဘာလို့ဆိုတော့ သူတို့က ဟန်တောင်တန်းရဲ့ လက်အောက်ခံကျွန် မျိုးနွယ်စုတွေ ဖြစ်နေတာကြောင့်လို့ မင်းတစ်ခါပြောခဲ့ဖူးတယ် မဟုတ်​လား …”

ဟယ်ဖုန်း စိတ်ထဲတွင် အတွေးတစ်ခုက ပေါ်လာပြီး လျင်မြန်စွာ ပြောလိုက်သည်။

“သခင်၊ မင်းဘာကို ဆိုလိုချင်တာလဲဆိုတာ ငါနားလည်တယ်။ အရောင်စုံရေကန် မျိုးနွယ်စုက ဒီတစ်ခေါက် မယုံနိုင်လောက်အောင် ရိုင်းစိုင်းတဲ့ ရည်မှန်းချက် ရှိနေတယ် ထင်တယ်။ သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို အများကြီးပို့လိုက်တာ ဖြစ်ရမယ်။ ဧည့်သည်တွေအပြင် အများစုက သူတို့ရဲ့မျိုးနွယ်စုဝင်တွေ ဆိုတာ သေချာတယ်။ ဝတ်ရုံအနီနဲ့လူကို ငါတစ်ခါမှ မမြင်ခဲ့ဖူးပေမဲ့ သူ့အပေါ်က ကန့်သတ်ချက်က သိပ်အားမကောင်းဘူးလို့ ခံစားနေရတယ်”

“ဒီလိုသာဆိုရင် အရောင်စုံရေကန် မျိုးနွယ်စုက အကန့်အသတ်ကို တန်ပြန်ခုခံနိုင်တဲ့ နည်းတစ်ခုခု ရှာတွေ့ခဲ့တာ ဖြစ်လိမ့်မယ်”

“အဲဒါက ယာယီခုခံမှုတစ်ခုပဲ ဖြစ်လိမ့်မယ် ”

စုမင်မျက်လုံးတို့က ပျက်စီးနေသည့် ဝတ်ရုံအနီနှင့်လူ၏ အလောင်းကို ကြည့်လိုက်သည်။ အလောင်းသည် အက်ကွဲသံတို့ မြည်လျက် တဖြည်းဖြည်းချင်း ဖြူဖျော့သွားသည်။ အရိုးများသည်လည်း ထူးဆန်းသော ပုံစံဖြင့်အက်ကွဲလျက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ အက်ကြောင်းများ ပိုမိုများပြားလာလေသည်။ ခန္ဓာကိုယ်က ညိုးရော်ခြောက်သွေ့သွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင်မြူမှုန်တို့က ပျံ့လွင့်သွားချေသည်။

“ဒီတစ်ကြိမ်မှာတော့ အရောင်စုံရေကန်မျိုးနွယ်စုက လှုပ်ရှားမှုအကြီးကြီး လုပ်လိုက်တာပဲ ...  ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနဲ့ ပုချန့်မျိုးနွယ်တွေရဲ့ မျက်စိအောက်မှာတင်ပဲ ဒီတစ်ခေါက်တော့ သူတို့က ဘိုးဘေးရဲ့ အုတ်ဂူကိုဖွင့်ဖို့ လုံလောက်တဲ့ စွမ်းအားတွေရှိနေပုံရတယ်”

ဟယ်ဖုန်းက တီးတိုးရေရွတ်လိုက်သည်။

ဟယ်ဖုန်းသည် တစ်စုံတစ်ရာနှင့် ပတ်သက်၍ တွေးတောမိဟန်ဖြင့် ချက်ချင်း ပြောလိုက်သည်။

“ဟန်တောင်တန်းမြို့တော်ရဲ့ အခြေအနေတွေက ပြောင်းလဲတော့မယ်။ သခင် ... ငါတို့ ဒါကို ရပ်တန့်မှဖြစ်မယ်”

သူက ထိုစကားတို့ကိုပြောလိုက်ပြီးချိန်တွင် အနည်းငယ် နောင်တရမိသွားသည်။

စုမင် ထိုနေရာမှ ထွက်ခွာ၍ ဝတ်ရုံအနက်နှင့်လူ၏ အလောင်းဆီသို့ ပြန်သွားလိုက်သည်။ ထိုခန္ဓာကိုယ်ထံမှ ရှာဖွေတွေ့ရှိသည့် ပစ္စည်းတချို့ကို သိုလှောင်အိတ်ထဲသို့ ပြောင်းထည့်လိုက်သည်။ ဟယ်ဖုန်းနှင့် ပတ်သက်၍တော့ စိတ်ရှုပ်ခံမနေချေ။

“သခင်၊ ငါ…”

စုမင်အပြုအမူတို့ကို မြင်သောအခါ ဟယ်ဖုန်းနှလုံးသားအတွင်း၌ အတွေးများစွာ ဖြစ်ပေါ်လာ၏။

“ငါ အရောင်စုံရေကန် မျိုးနွယ်စုကို တားမှာမဟုတ်ဘူး။ ငါ့မှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းအားလည်းမရှိဘူး”

စုမင် ဝတ်ရုံအနက်နှင့် အဘိုးအိုအလောင်းဘေးတွင် ရပ်လျက် ရှေ့သို့ လျှောက်မသွားခင် တံဆိပ်ခတ်နှိပ်ခြင်း အတတ်ကို ပေ ၁၀၀၀ ခန့်သို့ ဖြန့်ကြက်လိုက်သည်။

“ဒါပေမဲ့ သခင်၊ အရောင်စုံရေကန် မျိုးနွယ်စုကသာ ဘိုးဘေးရဲ့အုတ်ဂူကို ဖွင့်နိုင်သွားခဲ့ရင် သူတို့က ဟန်တောင်တန်းမြို့တော်ရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် မင်းရဲ့ လုံခြုံမှုကိုလည်း သက်ရောက်ခံရလိမ့်မယ်။ ပြီးတော့ …”

စုမင် ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ဟန်တောင်တန်းမြို့တော်၏ အောက်ရှိ လျှို့ဝှက်နယ်မြေသည် သဘာဝအတိုင်း ဖြစ်ပေါ်နေဟန် တူသည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည် မည်းမှောင်လျက် မြေပြင်မှ ထွက်ပေါ်နေသည့် တောင်သေများစွာရှိသည်။ နေရာတိုင်းတွင် မြူတို့ဖုံးလွှမ်းနေသည်မှာ တိတ်ဆိတ်မှုအတွင်း နက်မှောင်သည့် လေထုတစ်ခု ဖြစ်ပေါ်နေသကဲ့သို့ပင် ဖြစ်သည်။

“ဒါ့အပြင် အရောင်စုံရေကန် မျိုးနွယ်စုက ဘာလို့ ဘိုးဘေးရဲ့ အုတ်ဂူထဲကို ဝင်ချင်တာလည်း ဆိုတာကို မသိရဘူး။ ဒါပေမဲ့ သူတို့က ဘိုးဘေးရဲ့ အမွေအနှစ်ကို ရသွားတာနဲ့ တစ်ပြိုင်နက် သူတို့စွမ်းအားတွေက မြင့်တက်လာမှာ သေချာပေါက်ပဲ။သခင်၊ မင်းက ကျောက်စိမ်းဓားမြောင်နဲ့ သားရေအရေပြားတို့ကို ပိုင်ဆိုင်ထားပြီးပြီ။ ငါ့အကူအညီနဲ့ဆိုရင် နောက်နှစ်အနည်းင ယ်အတွင်းမှာပဲ ဘိုးဘေးရဲ့အုတ်ဂူကို တစ်ယောက်တည်း ဝင်ရောက်နိုင်လိမ့်မယ်။ ငါ …”

ဟယ်ဖုန်းတွင် ရွေးချယ်စရာ မရှိချေ။ သူ့နှလုံးသားတစ်ခုလုံး ပူပင်သောကတို့ ပြည်လျက် သူ့မျှော်လင့်ချက် အားလုံးကို စုမင်အပေါ်၌သာထားကာ စုမင်ကိုဖြောင်းဖြနိုင်ရန်သာ ဆုတောင်းနေမိလေသည်။

“ဟယ်ဖုန်း၊ မင်းငါ့ဆီကနေ ဘယ်အရာတွေ ဖုံးကွယ်ထားသေးလဲ” စုမင်က ရှေ့သို့ဆက်လျှောက်သွားရင်း တည်ငြိမ်စွာ မေးလိုက်သည်။

စုမင်ပါးစပ်မှ ထိုစကားတို့ ထွက်ပေါ်လာသည်နှင့် ဟယ်ဖုန်း မူလပြောမည့် စကားတို့ကို ပြန်မျိုချလိုက်ရသည်။

“သခင်၊ ငါမင်းကို ဘာမှဖုံးကွယ် မထားပါဘူး။ ငါက အရောင်စုံရေကန် မျိုးနွယ်စုရဲ့ ရည်မှန်းချက်ကိုပဲ စိတ်ပူတာပါ။ သူတို့သာ ဘိုးဘေးရဲ့ အမွေအနှစ်ကို ရသွားခဲ့ရင် …”

ဟယ်ဖုန်းက ရှင်းပြရန်ကြိုးစားလိုက်သည်။

“မင်း အရောင်စုံရေကန်မျိုးနွယ်ရဲ့ ရည်မှန်းချက်ကို မသိဘူးပေါ့ ဟုတ်လား။ အရောင်စုံရေကန်မျိုးနွယ်၊ ပုချန့်မျိုးနွယ်နဲ့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုတွေရဲ့ ရည်မှန်းချက်တွေကို မင်းမသိဘူးဆိုတာ တစ်ကယ်ပဲလား”

စုမင်အမြန်နှုန်းက မယုံနိုင်စရာကောင်းစွာပင် လျင်မြန်သည်။ စကားပြောနေရင်းမှပင် သူက တောင်ကုန်းသေတစ်ခု၏ ထိပ်ပေါ်သို့ ရောက်ရှိသွားသည်။ ထိုနေရာ၌ ရပ်လျက် အဝေးသို့ငေးကြည့်နေစဉ် သူ့ကိုဖြတ်သန်း တိုက်ခတ်သည့် ဝမ်းနည်းဖွယ် လေပြည်ညင်းတို့က တိုက်ခတ်နေသည်ကို ခံစားရသည်။

သည်နေရာတွင် မြေပြင်ပေါ်မှ မြင့်တက်နေသကဲ့သို့ တောင်ကုန်း သေအမြောက်အများရှိပြီး များပြားလှသော ချိုင့်ဝှမ်းတို့ ဖြစ်ပေါ်နေသည်။ စုမင် မျက်လုံးဖြင့်မြင်နိုင်သည့် နေရာတစ်လျှောက်လုံး ချိုင့်ဝှမ်းများ ဝန်းရံနေသည့် လွင်ပြင်တို့ကိုသာ တွေ့မြင်ရသည်။

လွင်ပြင်တို့က သဲများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့် မြေကြီးတို့ကို ဆက်စပ်ထားသည့်သဖွယ် သဲမုန်တိုင်း တို့ကလည်း တိုက်ခတ်လျက်ရှိသည်။ ထိုသဲမုန်တိုင်းများ အတွင်းတွင်တော့ ဧရာမအဆောက်အဦကြီးများ၏ မရေမရာပုံစံတို့ကို တွေ့မြင်နိုင်သည်။

၎င်းတို့သည် အတော်ဝေးပုံရပြီး ထိုနေရာသို့ စုမင်လျှောက်လှမ်းသွားလျှင် ထိုနေရာသည် ပိုမိုဝေးကွာသည့်နေရာတွင် တည်ရှိနေသကဲ့သို့ ဖြစ်သွားပြန်လေသည်။

ထိုအချိန်တွင် စုမင်မြင်နိုင်သည့် အကွာအဝေးအဆုံး၌ ပေ၁၀၀၀ခန့် ရှည်လျားသည့် ကျောက်တုံးယဇ်ပလ္လင်ကြီး ၃ ခုကို သဲမုန်တိုင်းအတွင်း နစ်မြုပ်နေသည့် ဧရာမအဆောက်အဦကြီး တစ်ခု၏ ပတ်ဝန်းကျင်၌ တွေ့မြင်လိုက်ရသည်။

ထိုယဇ်ပလ္လင်ကြီး ၃ ခုကို တစ်ခုနှင့်တစ်ခု ဝေးကွာစွာ တည်ဆောက်ထားပြီး ၎င်းတို့၏ အရောင်များသည်လည်း ထင်ရှားစွာပင် ကွဲပြားခြားနားနေပြီး အရောင်တို့က အနက်ရောင်၊ အနီရောင်နှင့် အဖြူရောင်များ ဖြစ်ကြသည်။

ဧရာမအဆောက်အဦကြီး၏ နောက်ဘက်တွင်တော့ အနီရောင်ကျောက်တုံး ယဇ်ပလ္လင်ကြီးရှိပြီး ယခုလောလောဆယ်တွင်တော့ ဒါဇင်နှင့်ချီသည့် လူတို့က အနီရောင်ယဇ်ပလ္လင်ပေါ်၌ ထိုင်နေကြ၏။ သူတို့ ဝိုင်းပတ်ထိုင်နေပုံကို ကြည့်၍ ထိုလူတို့ကြားရှိ အဆင့်အတန်းကွဲပြားမှုကို မြင်နိုင်ချေသည်။

စက်ဝိုင်းထိပ်တွင် ထိုင်နေသူကတော့ မယုံနိုင်လောက်အောင် လှပသည့် လက်ထပ်ပြီးသား အသက်ငယ်ငယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။  သူမ၏မျက်လုံးများကို ပိတ်ထားပြီး ဆံပင်တို့ကလေထဲတွင် ကခုန်နေသကဲ့သို့ ဝေ့ဝဲနေကြသည်။ သူမ၏နှုတ်ခမ်းထောင့်တွင်တော့ အနီရောင်မှည့်တစ်လုံး ရှိပြီး ထိုအရာကပင် သူမအနား၌ ချစ်စရာကောင်း၍ ဆွဲဆောင်မှုရှိသည့် လေထုတစ်ခု ဖြစ်ပေါ်နေစေသည်။

မည်သူမဆို ထိုအမျိုးသမီးကို မြင်လိုက်မည်ဆိုလျှင် သူမ၏မျက်နှာသည် အရောင်စုံ ရေကန်မျိုးနွယ်စု ပတ်ဝန်းကျင်ရှိ အနီရောင်တိမ်တိုက် အတွင်းမှ မျက်နှာနှင့် တူညီနေသည်ကို သတိပြုမိကြမည် ဖြစ်သည်။

ထိုအမျိုးသမီးသည့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဟန်တောင်တန်းမြို့တော်တွင် စုမင်အနေဖြင့် သူမမျက်နှာကို မမြင်ရသော်လည်း အသံကိုကြားခဲ့ဖူးသည့် အမျိုးသမီးဖြစ်၏။ သူမသည် အရောင်စုံရေကန် မျိုးနွယ်စုခေါင်းဆောင် ယန်လွမ်ဖြစ်သည်။

ယန်လွမ်၏ နောက်တွင်တော့ လူ ၂ ယောက်ရှိပြီး ထို ၂ ဦးထဲမှ တစ်ဦးက ယန်ဖေးကျစ်ဖြစ်သည်။ ထိုအချိန်တွင် သူမသည်လည်း အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာကိုဖုံးကာ ထားသည့် မျက်နှာကာတပ်ထားကာ ရေခဲကဲ့သို့ အမူအရာပင် ရှိနေလေသည်။

သူမဘေးတွင်တော့ ဂုဏ်သိက္ခာရှိသည့် လေထုတို့ ဝန်းရံနေသည့် အသက် ၃၀ အရွယ် လူတစ်ဦးဖြစ်သည်။ ထိုလူသည် အရပ်ရှည်ရှည်နှင့် ကြီးမားကြံ့ခိုင်ပြီး တစ်ခါတစ်ရံ ဟန်ဖေးကျစ်ကို ကြည့်သည့် အကြည့်တို့တွင် မဖုံးကွယ်နိုင်သည့် မေတ္တာတရားတို့က သူ့မျက်လုံးအတွင်း ဖြစ်ပေါ်နေလေသည်။

သူတို့သည် ယဇ်ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာထိုင်ပြီး အချိန်တို့ကုန်ဆုံးသွားရန် စောင့်ဆိုင်းနေကြသည်။ ထိုအခိုက်တွင် ယဇ်ပလ္လင်ပေါ်၌ အနီရောင်အလင်းက ဖြစ်ပေါ်လာလေသည်။ လူတို့က  ကြည့်လိုက်သည့်အခါ ထိတ်လန့်တုန်လှုပ်ဖွယ် ငိုသံတစ်ခုက ထိုနေရာမှ ထွက်ပေါ်လာပြီး ယဇ်ပလ္လင်ပတ်လည်တွင် ပဲ့တင်ထပ်နေပြီး လူတစ်ဦး၏ မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာလေသည်။

မှေးမှိန်နေရာမှ ထွက်ပေါ်လာချိန်တွင်တော့ ထိုလူတွင် သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိလေသည်။ လူအုပ်အရှေ့တွင် ပေါ်လာသည့် အနီရောင်ဝတ်ရုံနှင့် လူသည် စုမင်၏ ၂ ပိုင်းပိုင်းဖြတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

လူကြီး၏မျက်နှာက ဖျော့တော့နေပြီး ထွက်ပေါ်လာချိန်တွင် မြေပေါ်သို့ လဲကျသွားလေသည်။ ရှင်းလင်းစွာပင် သူ့ခန္ဓာကိုယ်တွင် ခါးအောက်ပိုင်း မရှိတော့ချေ။ သူ့ခန္ဓာကိုယ်၏ တစ်ဝက်ခန့်သာ ရှိနေပြီး သူ့အသက်သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး သူ့နှုတ်သည် တစ်ခုခုပြောချင်သည့်အလား ဖွင့်ဟနေသော်ငြား အသံမထွက်နိုင်တော့ပေ။

သူ၏ အသွင်အပြင်သည် ဟန်ဖေးကျစ်အပါအဝင် အရောင်စုံရေကန်မျိုးနွယ်မှ လူများအားလုံး၏ အမူအရာတို့ကို ပြောင်းလဲသွားစေသည်။

အရောင်စုံရေကန်မျိုးနွယ်စု ခေါင်းဆောင် ယန်လွမ်သည် ဝတ်ရုံအနီနဲ့လူကို အာရုံစိုက်ကာ ညွှန်ပြလိုက်သည်။ ထိုခဏမှာပင် အနီရောင် အခိုးအငွေ့တို့သည် ရှေ့သို့စီးဆင်းသွားပြီး ထိုလူ၏ နား၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်များ အတွင်းသို့ ဝင်ရောက်သွားကာ ရှင်သန်မှုအချို့ကို ပြန်လည်ရရှိလာစေသည်။

“မျိုးနွယ်စု ခေါင်းဆောင်၊ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှာ ဧည့်သည် အသစ်တစ်ယောက် ပါနေပြီးတော့ သူက လင်းဒုံကို ချက်ချင်း သတ်ပစ်ခဲ့တယ်”

ဝတ်ရုံအနီနှင့်လူသည် သူ့မျက်နှာအရောင် မည်းမှောင်မသွားခင်တွင် ထိုစကားကို ပြောဆိုလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ သွေးများသည် ခန္ဓာကိုယ်မှ စုဝေးထွက်လာပြီး တစ်စက္ကန့်အတွင်း၌ပင် လေထုအတွင်း၌ လွင့်မျောနေသည့် သွေးဖြင့်လုပ်ထားသော လူတစ်ဦး၏ပုံ ပေါ်လာလေသည်။

ထိုသွေးလူသား၏ အသွင်အပြင်သည် အလွန်ကို ရှင်းလင်းနေပြီး ၎င်းမှာ မျက်နှာဖုံးတပ်ထားသည့် စုမင်ပင်ဖြစ်သည်။

***

All Chapters