← Chapters

မသေဆုံးသေးသော ဟန်တောင်တန်းမျိုးနွယ်စုဘိုးဘေး

Vol. 11 Ch. 149

မသေဆုံးသေးသော ဟန်တောင်တန်းမျိုးနွယ်စုဘိုးဘေး

Vol. 11 Ch. 149

“မျိုးနွယ်စုခေါင်းဆောင်၊ အဲဒါသူပဲ။ ငါ့အတွက် လက်စားပြန်ချေပေးပါ”

ဝတ်ရုံအနီနှင့်လူသည် သူ၏နောက်ဆုံးစကားကို ပြောပြီးသည်နှင့် ဆက်လက် မတော့င်ခံနိုင်တော့ဘဲ မြေပေါ်သို့လဲကျ သေဆုံးသွားလေသည်။ သူ့အလောင်းက လျင်မြန်စွာ ညှိုးရော်ခြောက်သွေ့သွားပြီး ပြာများအဖြစ်သို့ ပြောင်းသွားကာ ယဇ်ပလ္လင် ပတ်ဝန်းကျင်တွင် တိုက်ခတ်နေသည့် လေတို့က အဝေးသို့ တိုက်ခတ်သယ်ဆောင် သွားတော့သည်။

“မင်းအတွက် လက်စားချေပေးပါ့မယ်”

ယန်လွမ်က ဝတ်ရုံအနီနှင့်လူ၏ သွေးတို့မှ ဖြစ်ပေါ်နေသည့် လေထဲရှိ စုမင်၏ပုံရိပ်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ဟန်ဖေးကျစ် ၎င်းလူပုံရိပ်ကို အာရုံစိုက်ကြည့်မိချိန်တွင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိသည်။ ထိုလူနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ရင်းနှီးနေသကဲ့သို့ ခံစားရသော်ငြား ထိုခံစားချက် မည်သည့်အရာက လာသည်ကိုတော့ သူမ မပြောနိုင်ချေ။

“မျိုးနွယ်စုခေါင်းဆောင်၊ ဒီလူကိစ္စကို ကျွန်မကို ဖြေရှင်းခွင့်ပြုပါ။ သူက ကျွန်မလူတွေကို သတ်ခဲ့တယ်။ ကျွန်မ သူ့ကို ဒီနေရာကို ခေါ်လာခဲ့ပါ့မယ်”

ဟန်ဖေးကျစ်က သူမ၏ပုံမှန်အေးစက်စက် အသံနှင့်ပင် နူးညံ့စွာ ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါပေမဲ့ မင်းမှာ အချိန် ၂ ရက်ပဲ ရှိတယ်။ နောက်မကျစေနဲ့”

လက်ထပ်ပြီးသား မိန်းမပျိုက လေဖြင့် လွင့်မျောနေသည့် သူမဆံပင်တို့ကို လက်ဖြင့်သပ်လိုက်ရင်း ခပ်ဖြော့ဖြော့ပြုံးလျက် နူးညံ့စွာ ပြောသည်။

သူမ၏အပြုအမူများသည် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိပြီး ဟန်ဖေးကျစ်ဘေးရှိ အရပ်ရှည်ရှည်လူကို ငေးမောကြည့်မိ သွားစေသည်။ သို့သော် ထိုလူသည် သူမကို ကြာရှည်စွာ မကြည့်ရဲဟန်ဖြင့် ခေါင်းကို လျင်မြန်စွာ ပြန်ငုံ့လိုက်လေသည်။

“ယန်ဂေါင်၊ သူမနဲ့ လိုက်သွားလိုက်။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည် အသစ်က လင်းဒုံကို ချက်ချင်း သတ်ပစ်လိုက်နိုင်တယ်ဆိုရင် သူ့မှာ စွမ်းအားအချို့ ရှိတယ်ဆိုတဲ့ သဘောပဲ”

ယန်လွမ်က နောက်သို့လှည့်ပြီး ခေါင်းငုံ့ထားသည့် လူကို ကြည့်လိုက်သည်။ ထို့နောက် သူမညာလက်ကို မြှောက်လျက် ထိုသူ၏မျက်နှာကို ကြင်နာစွာ ပွတ်သပ်လိုက်၏။

ယန်ဂေါင်ခန္ဓာကိုယ်က တုန်ခါသွားပြီး အမိန့်ကို လိုက်နာဟန်ဖြင့် လျင်မြန်စွာ ထရပ်လိုက်သည်။

“သွားတော့၊ သွေးလူသားက မင်းတို့ကို သူ့ဆီ လမ်းပြပေးလိမ့်မယ်”

စုမင် အဝေးရှိ သဲမုန်တုန်းနှင့် ဝေဝါးနေသည့် ဧရာမအဆောက်အဦကို လှမ်းကြည့်လိုက်သည်။ အဆောက်အဦ၏ မှိန်ဖျဖျပုံစံမှလွဲ၍ ရှင်းလင်းစွာမမြင်နိုင်သော်လည်း သဲမုန်တိုင်းအတွင်းမှ လာသော ကြီးမားသည့် ဖိအားကိုတော့ သူခံစားနိုင်နေသည်။

သူ့ညာလက်ကို မြှောက်လျက် နှလုံးအပေါ်ဘက်ရှိ နေရာကို ဖိနှိပ်လိုက်သည်။ ထိုခဏ၌ သူ့ခန္ဓာကိုယ်သည် တုန်ခါသွားပြီး ခပ်မှုန်မှုန်မြူခိုးတို့က ခန္ဓာကိုယ်အပြင်သို့ ထွက်ပေါ်လာပြီးနောက် လက်သီးဆုပ်အရွယ် လူသေးသေးလေး တစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။ ထိုလူသေးသေးလေးသည် ဟယ်ဖုန်းပင်ဖြစ်သည်။

“မင်းမသိဘူးလား”

စုမင် သူ့အကြည့်တို့ကို သဲမုန်တိုင်းဆီမှ ခွာလျက် ဟယ်ဖုန်းထံ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးတို့သည် တောက်ပမနေသော်ငြား ထိုအကြည့်က ဟယ်ဖုန်းအပေါ်သို့ ကျရောက်သွားသောအခါ သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။

သူ၏ အလွန်စိုးရိမ်ပူပန်နေခဲ့ပုံက မော့စုကို သံ့သယဝင်စေခဲ့မှန်း သူသိသည်။ သူ့ထံတွင် ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် စုမင်ကို သူနှိမ့်ချရှူမြင်ခြင်း မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမြင်ခဲ့ရသည့် စုမင်၏ ညဏ်ရည်နှင့် ထက်မြက်လာမှုတို့ကို ကြည့်ပြီး လေးစားခြင်းတို့ တိုးပွားလာခဲ့ရတာ ဖြစ်၏။

“ငါ တကယ်ကို မသိ …”

ဟယ်ဖုန်း သတိကြီးစွာ ပြန်ဖြေလိုက်သော်လည်း သူပြောမည့်စကား၏ တစ်ဝက်ခန့်ကိုသာ ပြောဆိုလိုက်နိုင်ပြီး စုမင်၏ တည်ငြိမ်သည့် အကြည့်အောက်တွင် သူ့စကားကို မည်သို့မျှ ဆက်မပြောနိုင်တော့ကြောင်း သိလိုက်သည်။

“အရောင်စုံ ရေကန်မျိုးနွယ်စုရဲ့ ရည်မှန်းချက်က မင်းတို့ရဲ့ ဟန်တောင်တန်းမျိုးနွယ်စု ဘိုးဘေး ချန်ထားခဲ့တဲ့ အမွေအနှစ်အတွက် ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သူတို့က ကျွန်မျိုးနွယ်စုဆိုတဲ့ အမှတ်တံဆိပ်ကို ဖျက်သိမ်းပစ်ဖို့ ရည်ရွယ်နေတာပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ပုချန့်မျိုးနွယ်နဲ့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုတွေက ဒီလိုမျိုး ဖြစ်လာမဲ့ အကျိုးဆက်တွေကို ဂရုမစိုက်ဘဲနဲ့ ချောက်နက်ကြီးတွေရဲ့ ဥမင်ကို ဖွင့်ပစ်ခဲ့တယ်”

“ဒီအကြောင်းကို တခြားလူတွေ မသိဘူး ဆိုတာ ငါနားလည်တယ်။ ဒါပေမဲ့ မင်းမသိဘူး ဆိုတာကတော့ …”

စုမင် ပြုံးလိုက်၏။ သို့သော် ဟယ်ဖုန်း မျက်လုံးထဲတွင်တော့ ထိုအပြုံးက အေးစက်နေလေသည်။

“သခင်၊ မင်းမှာ တကယ့်ကို ကြီးကျယ်တဲ့ အမြင်နဲ့ဉာဏ်ရည် ရှိတာပဲ ငါ့ခန့်မှန်းချက်တွေကလည်း အဲဒီအတိုင်းပါပဲ။ ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်လို့ ... မှန်လားဆိုတာက ငါလည်း မသေချာဘူးလေ။ ဒါကြောင့် မင်းကို ဒီအကြောင်း ဘာမှမပြောခဲ့တာပါ”

ဟယ်ဖုန်း နှုတ်ခမ်းတို့ကို လျှာနှင့် သပ်လိုက်မိသည်။ စုမင်ကိုကြည့်နေသည့် သူ့မျက်နှာတွင် နားလည်မှုနှင့် လေးစားမှုတို့ ပေါ်လာပြီး လျင်မြန်စွာပြောလိုက်သည်။

စုမင် ဟယ်ဖုန်းကို စိုက်ကြည့်လိုက်၏။ ထိုကဲ့သို့နည်းလမ်းမျိုး၊ ဒီလိုအမူအရာမျိုးဖြင့် ဟယ်ဖုန်းစကားပြောသည်ကို စုမင် ယခင်ကမမြင်ဖူးခဲ့ချေ။

ဟယ်ဖုန်း စုမင်အကြည့်အောက်တွင် တုန်လှုပ်စွာဖြင့် မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း စကားစပြောရန်  ပြင်လိုက်သည်။

“မင်း ဘာကို ဖုံးကွယ်ထားတယ် ဆိုတာ ငါသိတယ်”

စုမင်က ရုတ်တရက် ပြောလိုက်ပြီး ထိုစကားလုံးတို့က ဟယ်ဖုန်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

စုမင် ဟယ်ဖုန်းခန္ဓာကိုယ်မှ အကြည့်ပြန်လွှဲလိုက်ပြီး အဝေးရှိ ချိုင့်ဝှမ်းတို့ ဝန်းရံနေသည့် သဲပြင်များနှင့် ကောင်းကင်ဘုံနှင့် မြေပြင်ကို ဆက်ထားသည့်သဖွယ် သဲမုန်တိုင်း အတွင်းရှိ အဆောက်အဦကို ပြန်ကြည့်လိုက်သည်။ သဲမုန်တိုင်းမှ အသံတို့ကို သူရပ်နေသည့်နေရာမှ မကြားရသော်လည်း ထိုအတွင်းမှလာသည့် ထိတ်လန့်ဖွယ် ဖိအားကိုတော့ သူခံစားမိနေသည်။

“မင်းကို ငါဘာမှ ဖုံးကွယ်မထားပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို သံသယမဝင်ပါနဲ့။ ဒါက ... ငါတကယ်ကို မင်းဆီက ဘာမှ မဖုံးကွယ်ထားပါဘူး။ ငါသိတာ အကုန်လုံးကို မင်းကို ပြောပြခဲ့ပြီးပြီ။ ငါ့ဘဝက မင်းလက်ထဲမှာပဲလေ။ ငါဘာမှ မင်းကို မဖုံးကွယ်ရဲပါဘူး”

“ဒါ့အပြင်၊ သခင် မင်းက ဉာဏ်ရည် ထက်မြက်ပြီးတော့ စွမ်းအားကြီးတဲ့သူပါ။ အကြည့်တစ်ချက်တည်းနဲ့တင် ငါ့အတွေးတွေ အားလုံးကို မင်းမြင်နိုင်တာပဲ။ ငါမဖုံးကွယ်ရဲပါဘူး …”

ဟယ်ဖုန်းက ရယ်မောရင်း ပြောလိုက်သော်လည်း သည်နှစ်များအတွင်း သူမြင်ခဲ့ရသည့် အရာတို့ကို ပြန်တွေးရင်း နှလုံးသား အတွင်း၌ အေးစက်စက် ရယ်မောနေမိသည်။ မော့စု၏ အလိမ်အညာထဲသို့ သူကျရောက်သွားစရာ လမ်းမရှိချေ။

“ဟန်တောင်တန်း မျိုးနွယ်စု ဘိုးဘေးက မသေဆုံးသေးဘူး”

သဲမုန်တိုင်း အတွင်းရှိ အဆောက်အဦကို ကြည့်ရင်း မော့စု တီးတိုးရေရွတ်လိုက်၏။

ဟယ်ဖုန်းနှလုံးသားက ကြမ်းတမ်းစွာ တုန်ခါသွားသည်။ သူသည် ထိုအကြောင်းကို မူလတည်းက ဖုံးကွယ်ထားချင်ခဲ့သော်ငြား စုမင်စကားလုံးတို့က သူ့အား မိုးကြိုးပစ်ချလိုက် သကဲ့သို့ပင်။ သူဖုံးကွယ်ထားသည့် အရာအားလုံး၊ သူ့နှလုံးသားအတွင်းရှိ လျှို့ဝှက်ထားသည့် လျှို့ဝှက်ချက်များ အားလုံးကို ထုတ်ဖော်ပြလိုက်သလို ဖြစ်သည်။

သည်လျှို့ဝှက်ချက်က သူ့အတွက်တော့ အရာအားလုံးပင်။ ၎င်းသည် သူ၏ အရေးကြီးဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး စုမင်ကထိုအရာကို အခုလေးတင် ထုတ်ပြောလိုက်ခဲ့သည်။ ပိုအရေးကြီးသည်မှာ စုမင်သည် ဟယ်ဖုန်းကို မေးခွန်း မေးနေသကဲ့သို့ ပြောလိုက်ခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ ပြောနေသကဲ့သို့ ရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်းဖြစ်သည်။

“သ ... သခင်၊ မင်း နောက်နေတာမလား ... ဒါက ဘယ် ... ဘယ်လို ဖြစ်နိုင်မှာလဲ …”

ဟယ်ဖုန်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားနိုင်သော်ငြား ထိုအရာသည် သူ့၌အပြစ် ရှိသည်ဟု သက်သေပြနိုင်ခြင်း မဟုတ်ပေ။ မယုံကြည်နိုင်မှုတို့ကို သုံး၍ သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်ချေသည်။

“ဘိုးဘေး မသေသေးဘူး ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘိုးဘေးသာ မသေသေးဘူး ဆိုရင် မျိုးနွယ်စု ၃ ခုက ဘယ်လိုလုပ် သစ္စာဖောက်ရဲမှာလဲ။ ဘိုးဘေးသာ မသေသေးဘူး ဆိုရင် သူတို့က ကြောက်လန့်နေပြီးတော့ ဟန်တောင်တန်းမြို့တော်ထဲမှာတောင် နေရဲကြမှာ မဟုတ်ဘူးလေ…”

ဟယ်ဖုန်းမျက်နှာတွင် မယုံကြည်မှုတို့ ပြည့်နှက်နေသည်။ စုမင် သူ့ကို အာရုံမစိုက်ပဲ အဝေးရှိသဲမုန်တိုင်း အတွင်းမှ အဆောက်အဦကိုသာ ကြည့်နေသည်ကို မြင်လိုက်သောအခါ ထိုအရာသည် ဘိုးဘေးအုတ်ဂူဖြစ်ကြောင်း စုမင်သိထားသည်ကို သူနားလည်လိုက်သည်။

“ငါနားလည်ပြီ။ မျိုးနွယ်စု၃ခုက အခုထိ ကျွန်မျိုးနွယ်စုတွေပဲ ဖြစ်နေပြီးတော့ သူတို့ အပေါ်က အကန့်အသတ်တွေကလည်း သက်ရောက်မှု ရှိနေသေးတယ်။ ဒါကြောင့် ဘိုးဘေးက အသက်ရှင် နေနိုင်သေးတယ်လို့ မင်းကတွေးနေတာပဲ သခင်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ မင်းမှားသွားပြီ။ အရင်တုန်းက ဘိုးဘေးက မျိုးနွယ်စု၃ခုရဲ့ သွေးတွေကိုယူပြီးတော့ ယဇ်ပလ္လင်၃ခုမှာ ထည့်ထားခဲ့တယ်လို့ ရှေးဟောင်းစာလိပ်တွေကနေ ငါဖတ်ခဲ့ဖူးတယ်။ အကယ်၍ ယဇ်ပလ္လင်၃ခုကသာ မပျက်စီးသေးဘူး ဆိုရင် မျိုးနွယ်စု၃ခုကလည်း ကျွန်တွေအဖြစ်နဲ့ပဲ ထာဝရတည်ရှိသွားလိမ့်မယ်”

“ယဇ်ပလ္လင်၃ခုက ဘိုးဘေးနဲ့ ဆက်သွယ်ထားတယ်။ အကယ်၍ ဘိုးဘေးသာ မသေသေးဘူးဆိုရင် သူ့အတွေး တစ်ချက်တည်းနဲ့တင် မျိုးနွယ်စု၃ခုရဲ့ သွေးမျိုးဆက်တွေကို ဖျက်စီးပစ်နိုင်တယ်။ အဲဒီလိုသာဆိုရင် သူတို့က ဒီအနားမှာ ဘာလို့နေထိုင်နေသေးတာလဲ”

ဝေခွဲမရဖြစ်နေသည့် အမူအရာတို့က ဟယ်ဖုန်းမျက်နှာထက်တွင် ဖြစ်ပေါ်လာပြီး မဆိုင်းမတွပင် လျင်မြန်စွာ ရှင်းပြပြောဆိုလိုက်သည်။ သူသည် စုမင်၏စကားတို့ကို ချက်ချင်း မငြင်းပယ်ခဲ့ဘဲ ထိုအရာ မှန်ကန်နိုင်ကြောင်း ဖြစ်နိုင်ချေတို့ကို တွေးတော ဆင်ခြင်နေသကဲ့သို့ အရိပ်အမြွက်ပြလိုက်၏။

“ဟယ်ဖုန်း၊ ငါ သူ့ရဲ့တည်ရှိမှုကို ခံစားလို့ရတယ်” စုမင် ဖြည်းညင်းစွာ ပြောရင်း မျက်လုံးတို့ကို ပိတ်လိုက်သည်။

သူဟယ်ဖုန်းကို လိမ်ညာလိုက်ခြင်း မဟုတ်ပေ။ ဤနေရာ၌ရပ်လျက် သဲမုန်တိုင်းအတွင်းရှိ အဆောက်အဦကို ကြည့်လိုက်ချိန်တွင် ထိုအထဲမှလာသည့် ထူထဲသည့် ဝိညာဉ်အရှိန်အဝါ တစ်ရပ်ကို သူခံစားရ၏။

သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောလမ်းကြောင်း မဖြစ်ပေါ်စဉ်က မည်သည့်ဝိညာဉ် အရှိန်အဝါကိုမှ သူအာရုံမခံနိုင်ခဲ့ချေ။ သို့သော် ယခုတော့ သူရှင်းလင်းစွာ အာရုံခံနိုင်ပြီး ဖြစ်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ သေးငယ်သည့် ကျောက်စိမ်း ဓားမြှောင်ငယ်လေး ကလည်း ထူးဆန်းစွာပြုမူနေသေးသည်။

ထွက်ပေါ်လာသည့် ဝိညာဉ်အရှိန်အဝါသည် စွမ်းအားပြည့်ဝလှပြီး အဆုံးမရှိသည့် အသက်သင်္ကေတတို့ဖြင့် ပြည့်နှက်နေသည်။ ဒါကသေချာပေါက်ကို အုတ်ဂူတစ်ခုမဟုတ်ပေ။

သူ့စကားတို့က ဟယ်ဖုန်း၏ နှလုံးသားကို နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားစေပြီး တိတ်ဆိတ်ငြိမ်သက် သွားစေသည်​။

“တကယ်ပဲ မင်း ငါ့ကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားဦးမှာလဲ”

စုမင်မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ချိန်တွင်ေတာ့ ၎င်းတို့ထဲ၌ အေးစက်မှုနှင့် သတ်ဖြတ်လိုသည့် အသိတို့ ပြည့်နှက်နေလေသည်။ သူ့ရှေ့တွင် လွင့်မျောနေသည့် ဟယ်ဖုန်းကို ကြည့်လိုက်ပြီး ခြေတစ်လှမ်းလှမ်းကာ ကြားထဲရှိ အကွာအဝေးကို နီးကပ်သွားစေလိုက်သည်။

ဟယ်ဖုန်း တုန်လှုပ်သွားပြီး နောက်ဆုတ်ရန် ပြင်လိုက်ချိန်တွင် တောက်ပသည့် အလင်းက လင်းလက်သွားပြီး ဓားမြှောင်ငယ်လေးက စုမင်မျက်ခုံးအလယ်မှ ထွက်ပေါ်လာလေသည်။ ထိုအရာက ဟယ်ဖုန်းကို စက်ဝိုင်းပုံပတ်လိုက်ပြီး သူနောက်သို့ ဆုတ်ခွာမည်ကို တားဆီးလိုက်ရုံ သာမက သူ့နဖူးသို့ ညွှန်ပြထားလျက် လှုပ်ရှုးမှုအားလုံးကိုပါ အေးခဲရပ်တန့်သွားစေလိုက်သည်။

ဓားမြှောင်ငယ်လေးဆီမှ အေးစက်သည့် လေထုတို့ ထွက်ပေါ်နေပြီး ဟယ်ဖုန်း၏စိတ်ကို ပရမ်းပတာအခြေအနေသို့ ကျရောက်သွားစေ၏။

ဓား၏ဖိအားကြောင့် ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုအောက်တွင် သူသည် တဖြည်းဖြည်းချင်း ခါးသက်စွာ ရယ်မောလိုက်သည်။

“သခင်၊ မင်းမှာ ကြီးကျယ်တဲ့ အမြင်ရှိတာပဲ။ ငါက အရမ်းကို စိတ်ပူပြီးတော့ ကစားပွဲကနေ ရှုံးသွားခဲ့တာပဲ ... အမှန်ပဲ၊ ဘိုးဘေးက မသေသေးဘူး”

အသံခပ်တိုးတိုးဖြင့် မသဲမကွဲ ပြောနေချိန်တွင် ဟယ်ဖုန်း၏အမူအရာက ရှုပ်ထွေးမှုတို့ ပြည့်နှက်နေလေသည်။

“ဒါက ဟန်တောင်တန်း မျိုးနွယ်စုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ။ ဘိုးဘေးက ကျင့်ကြံနေချိန်မှာ မတော်တဆမှု ဖြစ်ခဲ့တယ်။ ဒါကြောင့်ပဲ ဂူသချိုင်းကို တည်ဆောက်ပြီးတော့ သူ့ကိုယ်သူအထဲမှာ သီးခြားပိတ်လှောင် ထားခဲ့တယ် ... သူပြောခဲ့ဖူးတာက နှစ် ၁၀၀ အတွင်းမှာ သူအပြင် ပြန်ထွက်လာနိုင်ခဲ့ရင် ဒါက သူအဆင့်ချိုးဖျက် တက်ရောက်သွားနိုင်ခဲ့လို့ ဖြစ်ပြီးတော့ အဲဒီလိုမှ မဟုတ်ခဲ့ရင်တော့ သူ့ရဲ့မျိုးဆက်တွေအနေနဲ့ သူ့ကို မနှောင့်ယှက်ဖို့ဘဲ”

“အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ ဘိုးဘေးသေဆုံးသွားခဲ့ပြီ ဆိုတဲ့ ကောလာဟလတွေက တစ်ဖြည်းဖြည်း ပျံ့နှံ့လာခဲ့တယ်။ မျိုးနွယ်စု၃ခုက အဲဒီကိစ္စကို အကြိမ်အနည်းငယ် စုံစမ်းခဲ့ပြီး သူတို့ကျွန်မျိုးနွယ်စုတွေပေါ်မှာ ကန့်သတ်ချက်တွေ ရှိထားတာကို သိလိုက်ရပြီး အပြင်လူတွေရဲ့ အကူအညီနဲ့ ဟန်တောင်တန်းမြို့တော်ကို သိမ်းယူခဲ့တယ်”

“ဒါပေမဲ့ သူတို့လည်း ဘိုးဘေးတကယ် သေဆုံးသွားပြီလား ဆိုတာကို မပြောနိုင်ကြဘူး။ ဒီရာစုနှစ်တွေအတွင်းမှာ ကျွန်မျိုးနွယ်စု အမှတ်တံဆိပ်တွေကို ဖျက်ဆီးဖို့နဲ့ ဘိုးဘေးတကယ် သေဆုံးသွားပြီလား ဆိုတာကို စစ်ဆေးဖို့ သူတို့က ချောက်နက်ကြီးထဲက ဥမင်တွေကို အကြိမ်ကြိမ်ဖွင့်ခဲ့ကြတယ်”

“ငါက မျိုးနွယ်စု၃ခုနဲ့ နောက်က လျှို့ဝှက်ချက်တွေကို လေ့လာစုံစမ်းခဲ့ပြီးတော့ အေးခဲကောင်းကင်ကလန်က သူတို့ကို ကူညီနေတာကို ငါတွေ့ခဲ့တယ်။ အေးခဲကောင်းကင်ကလန်က အတိတ်က ပုန်ကန်မှုတွေမှာလည်း အကူအညီပေးခဲ့တယ်လို့ ငါယုံတယ်။ အေးခဲကောင်းကင်က မျိုးနွယ်စု၃ခုကို မတူညီတဲ့ပုံစံတွေနဲ့ ထိန်းချူပ်ထားတာကြောင့် သူတို့အချင်းချင်း ရန်လိုနေကြတာက သဘာဝပဲ”

“ဒီတစ်ကြိမ်မှာတော့ အရောင်စုံ ရေကန်မျိုးနွယ်စုက တည်နေရာ ရွှေ့ပြောင်းခြင်း အတတ်ကို သဘောပေါက် နားလည်သွားပြီး သူတို့ရဲ့ ရည်မှန်းချက်က ပိုကြီးမားလာခဲ့တယ်။ သူတို့က ဘိုးဘေးရဲ့ သီးသန့်နယ်မြေကိုသာ ဖွင့်လှစ်နိုင်ခဲ့ရင် ... ဘိုးဘေးက တကယ် သေသွားခဲ့ပြီဆိုရင်ေတာ့ အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ သူသာ မသေသေးဘူးဆိုရင် …”

ဟယ်ဖုန်းက ထိုအချက်ကို ထောက်ပြလိုက်မိချိန်တွင် သူ့အမူအရာက ငြိမ်သက်သွားပြီး တိတ်ဆိတ်သွား၏။

“ဟန်တောင်တန်းမျိုးနွယ်စုရဲ့ ဘိုးဘေးကသာ မသေသေးဘူးဆိုရင် အရောင်စုံရေကန်မျိုးနွယ်စုရဲ့ ဒီတစ်ခေါက် အပြုအမူကနေတစ်ဆင့် နောက်ပိုင်းကျရင် အေးခဲကောင်းကင်ကလန်က သိသွားမှာ အသေအချာပဲ။ ပြီးရင်တော့ သူတို့က ပေါ်လာပြီး ဟန်တောင်တန်းမျိုးနွယ်စုရဲ့ ဘိုးဘေးကို သတ်ပစ်လိမ့်မယ်” စုမင် ညင်သာစွာ ပြောပြလိုက်သည်။

ဟယ်ဖုန်းက သူ့စကားတို့ကို သဘောတူဟန်ဖြင့် တိတ်ဆိတ်နေသည်။ ခဏတာ တုံ့ဆိုင်း ပြီးချိန်တွင်ေတာ့ သူကစုမင်ကို ကြည့်ရင်း ဆုံးဖြတ်ချက် ချပြီးဟန်ဖြင့် တိုးညင်းစွာ ပြောလိုက်သည်။

“သခင်၊ ငါ့မှာ မင်းအနေနဲ့ ဘိုးဘေးရဲ့သီးသန့် နယ်မြေထဲကို ချိပ်တံဆိပ်တွေ ချိုးဖြတ်စရာမလိုဘဲ ဝင်လို့ရတဲ့နည်း ရှိတယ်။ မင်းသာ စောစောဝင်နိုင်မယ် ဆိုရင် အရောင်စုံရေကန် မျိုးနွယ်စုထက် ပိုအကျိုးရှိလိမ့်မယ်”

စုမင်အကြည့်က ဟယ်ဖုန်းထံသို့ ရောက်လာသော်လည်း မည်သည့် စကားမျှမပြောပေ။

“ဖန်းမုအဒေါ်၊ ဖန်းချန်းလန်က အေးခဲကောင်းကင်ကလန်က တပည့်တစ်ယောက်ပဲ။ သူမသာ ဒီအချိန်မှာ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုဆီ ပြန်လာနိုင်တယ်ဆိုရင် ... ဟန်ဖေးကျစ်နဲ့ အရောင်စုံရေကန် မျိုးနွယ်စုနောက်က စွမ်းအားကလည်း ဒီနေရာကို လူတွေ လွှတ်လိုက်တာပဲ ဖြစ်လိမ့်မယ်…”

“ဟန်ဖေးကျစ်က အေးခဲကောင်းကင်ကလန်ကို ဝင်ရောက်နိုင်နေပေမဲ့ ရွှေ့ဆိုင်းထားဖို့ တောင်းဆိုခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒါက ဒီနေရာနဲ့ အကြီးအကျယ် ဆက်စပ်နေခဲ့တာကိုး”

စုမင်မျက်လုံးတွင် လေးနက်သည့် အကြည့်တို့က ထင်ရှားလာပြီး ချိုင့်ဝှမ်းများ ဝန်းရံနေသည့် လွင်ပြင်ထဲရှိ ဖုံးကွယ်နေသော အဆောက်အဦ ကိုကြည့်လိုက်သည်။ သူတစ်ချက် စတင်ရွေ့လျား လိုက်သော်လည်း အဝေးရှိ လွင်ပြင်များဆီသို့ ဦးတည်လိုက်ခြင်း မဟုတ်ဘဲ ထိုအစား သူ့ဘယ်ဘက်သို့ ရွေ့လျားလိုက်ခြင်း ဖြစ်သည်။

“ဒီနေရာမှာ အပြောင်းအလဲ တစ်ခုကတော့ ဖြစ်လာမှာ အသေအချာပဲ။ အကယ်၍ ငါသာ ဘိုးဘေးရဲ့ သီးသန့်နယ်မြေထဲက အစောကြီးဝင်သွားမယ် ဆိုရင် ဒုက္ခတွေအများကြီး ဖြစ်စေလိမ့်မယ်။ ပြီးတော့ ဟန်တောင်တန်းမျိုးနွယ်စုရဲ့ ဘိုးဘေးက တကယ် မသေသေးဘူး ဆိုရင် အဲဒီနေရာကိုဝင်လို့ ဖြစ်လာမဲ့ အကျိုးဆက်တွေကို အရောင်စုံရေကန် မျိုးနွယ်စုက သူတို့ဘာသာ ဖြေရှင်းဖို့တောင် လုံလောက်အောင် ခက်ခဲနေဦးမှာပဲ။ ပြီးတော့ ငါက မျိုးနွယ်စု ၃ ခုကို ကျွန်ပြုခဲ့သူလည်း မဟုတ်ဘူးလေ”

“ဆုံးဖြတ်ချက်မချခင် ကောင်ကင်ပုလွေသံကိုင်းနဲ့ ဝိညာဉ်လုယက်ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေကို အရင်လိုက်ရှာတာက ငါ့အတွက် ပိုအဆင်ပြေလိမ့်မယ်”

စုမင်တိတ်ဆိတ် သွားပြီးနောက် တံဆိပ်ခတ်နှိပ်ခြင်း အတတ်ကို ပေ ၂၀၀၀ ခန့် ဖြန့်ကြက်လိုက်ပြီး တောင်တန်းများ ရှိရာဘက်ဆီသို့ ဦးတည် ပျောက်ကွယ် သွားတော့သည်။

အချိန်တို့ ကုန်ဆုံးသွားခဲ့သည်။ တစ်နာရီကြာ ပြီးနောက်တွင်တော့ ကောင်းကင်ထက်ရှိ မြူခိုးတို့ထဲတွင် အဖြူရောင် တိမ်စိုင်တစ်ခုက လေတိုးသံဖြင့် ရောက်ရှိလာချေသည်။

ဟန်ဖေးကျစ်၏ မျက်နှာကို မျက်နှာကာဖြင့် ဖုံးကာထားသော်ငြား သူမမျက်လုံးများကတော့ ကြော့ရှင်းလှပနေသည်။ သူ့နောက်တွင်တော့ ယန်ဂေါင်ဟုခေါ်သည့် အရပ်ရှည်ရှည် လူဖြစ်ပြီး သူတို့ရှေ့တွင်တော့ သွေးလူသားလမ်းပြ ရှိလေသည်။

ဟန်ဖေးကျစ်က မျက်လုံးကို ပိတ်လျက် လက်ကိုမြှောက်ကာ သွေးလူသားကို ညွှန်ပြလိုက်ပြီးနောက် ခဏအကြာတွင်တော့ မျက်လုံးတို့ ပြန်ဖွင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“အာ့လူက ဒီနေရာမှာ လွန်ခဲ့တဲ့ တစ်နာရီလောက်က ရပ်တန့်သွားခဲ့တယ် …”

***

All Chapters