← Chapters

အမှန်တရား

Vol. 11 Ch. 150

အမှန်တရား

Vol. 11 Ch. 150

ဂူသင်္ချိုင်းနှင့် ဟန်တောင်တန်းဘိုးဘေး၏ သီးသန့်နေရာများအား ဝန်းရံထားသည့် ပတ်ဝန်းကျင်ကို ဟန်တောင်တန်း မြို့တော်အောက် ပေထောင်ချီနက်ရှိုင်းသော ချောက်ကြီးများထဲတွင် ဖုံးကွယ်ထားသည်ဟု ဆိုနိုင်သကဲ့သို့ မြို့တော်နှင့် လျှို့ဝှက်ဥမင်တစ်ခုဖြင့် ဆက်သွယ်ထားသည်ဟုလည်း ပြောဆိုနိုင်ပေသည်။ ထိုအရာသည် လူတို့ဖန်တီးထားသည့် ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

ဤနေရာသည် အရမ်းမကြီးမားသော်ငြား တစ်စုံတစ်ယောက်ကသာ နေရာတစ်ခုလုံးကို လျှောက်သွားကြည့်ချင်မည် ဆိုလျှင်တော့ စုမင်၏အမြန်နှုန်းဖြင့် သွားလာမည် ဆိုလျှင်တောင် ထိုလူသည် အနည်းဆုံး ၁၀ ရက်ခန့်တော့ လိုအပ်လိမ့်မည်ဖြစ်သည်။

ဤနေရာသည် တောင်တန်းများဖြင့် ဖုံးလွှမ်းနေပြီး စိုစွတ်မှုမရှိချေ။ လေထုသည် မယုံနိုင်စရာ ကောင်းအောင် ခြောက်သွေ့နေပြီး သာမန်လူများ ခံစားနိုင်မည် မဟုတ်သည့် ဝိညာဉ်အရှိန်အဝါတို့က လေထုအတွင်း အလွန်ထူထပ်စွာ ရှိနေလေသည်။

ထိုဝိညာဉ် အရှိန်အဝါတို့သည် နေရာတစ်ခုလုံးကို ဖုံးအုပ်ထားပြီး လှိုင်းများသဖွယ် လေထုအတွင်း တုန်ခါနေသည်ကို စုမင်ခံစားနိုင်သည်။ သို့သော် ဤနေရာရှိ အခြားသူများ အတွက်တော့ သူတို့၏မောပန်းမှုများကို မေ့ပျောက်ကာ လန်းဆန်းမှုကိုသာ ခံစားရမည် ဖြစ်သည်။

လေထဲတွင် ဝိညာဉ်စွမ်းအင် ထူထပ်မှုကြောင့် ဤတောင်တန်း နေရာများတွင် အပင်များပိုမိုရှင်သန်ပေါက် ရောက်ကြခြင်း ဖြစ်လိမ့်မည်။ ပြင်ပကမ္ဘာရှိ အပင်များနှင့် နှိုင်းယှဉ်လျင် ဒီနေရာရှိအပင်များ၌ ဝိညာဉ်စွမ်းအင် ပိုမိုပြည့်ဝပြီး ပို၍အသက်ရှင်နေထိုင်နိုင်ပုံ ပေါ်ပြီး ပြင်ပကမ္ဘာတွင် ရှာတွေ့ရန်ခက်ခဲသည့် တန်ဖိုးကြီး ဆေးဖက်ဝင်အပင် တချို့တောင် ရှိနေသေးသည်။

တန်ဖိုးကြီး ဆေးပင်တချို့၏ တည်နေရာများကိုတော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ သူတို့အားပေးခဲ့သည့် စာရင်းထဲတွင်ပါပြီး ဒီနေရာ၏မြေပုံကိုတော့ စာရင်း၏ ဘေးတစ်လျှောက် ဆွဲသားထားချေသည်။

ထိုမြေပုံသည် လူများအား ဤနေရာ၌ လမ်းမပျောက်အောင် ကာကွယ်ပေးရန် ဖြစ်သည်။

စုမင်သည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ သူ့ကိုပေးလိုက်သော ဝါးစာလိပ်ကို ကိုင်လျက် စာလိပ်အတွင်းမှ အရာအားလုံးကို နှလုံးသားထဲ၌ သေချာစွာ အလွတ်ကျက်မှတ် မှတ်သား ထားလိုက်ပြီးနောက် တောင်တန်းများ တစ်ယောက် ရှေ့သို့ သတိကြီးစွာ ထားလျက် ပြေးလွှားလိုက်လေသည်။

သူစတင်ထွက်ခွာသည်နှင့် တစ်ပြိုင်နက်  တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို ထုတ်သုံးလိုက်ပြီး ဧရိယာအတွင်း လှုပ်ရှားမှု အားလုံးကို မျက်စိဒေါက်ထောက် ကြည့်လိုက်၏။ သည်နေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီး သူ့အတွက် အချိန်နှင့်အမျှ အန္တာရာယ် ရှိနေနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သည်။ ထိုအန္တရာယ်သည် အရောင်စုံရေကန် မျိုးနွယ်စုဆီမှ လာခြင်းဖြစ်ပြီး ပုချန့်မျိုးနွယ်နှင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုတို့ ပူးပေါင်းခဲ့ခြင်း ရှိမရှိကို သူမသိပေ။ သူတို့မပူးပေါင်းခဲ့ဘူး ဆိုလျှင်တော့ ဤနေရာသည် တစ်ဖြည်းဖြည်းနှင့် ပရမ်းပတာ အဖြစ်အပျက်တွေထဲ ကျရောက် သွားပေလိမ့်မည်။

‘ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော်တွေထဲမှာ အသန်မာဆုံး ဧည့်သည်ခေါင်းဆောင်က နန်ထျန်းပဲ ... သူက ရုပ်နယ်လွန်အဆင့်ကို ရောက်နေပြီးသားလူပဲ။ ပြီးတော့ သူက ဖန်းမု ငါ့ကိုပေးခဲ့တဲ့ ဝါးစာလိပ်ထဲမှာ အကောင်းဆုံး ဖော်ပြထားခံရသူပဲ’

‘သူက ဒီနရာကို အရင်ဆုံး ဝင်သွားကြတဲ့ ပထမအသုတ်လူတွေထဲမှာ ပါတယ်။ သူအခု ဘယ်နေရာမှာ ဘယ်လိုရှိနေမလဲ ဆိုတာ ငါသိချင်မိတယ် ... ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက နန်ထျန်း၊ ပုချန့်မျိုးနွယ်စုက ရွှမ်းလွမ်နဲ့ အရောင်စုံ ရေကန်မျိုးနွယ်စုက ခဲ့ကျူးစစ်တို့က မျိုးနွယ်စု ၃ ခုလုံးမှာ အသန်မာဆုံး ဧည့်သည်တော်တွေပဲ’

စုမင်မျက်လုံးတို့က တောက်ပသွားသည်။ သွားလာနေချိန်တွင် သူ့ခြေထောက်တို့မှ မည်သည့်အသံမှ ထွက်ပေါ်ခြင်း မရှိချေ။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းပြီးချိန်ခန့် တွင်ေတာ့ တောင်တစ်လုံးကို အလယ်မှ ပိုင်းခြားခံထားရခြင်းမှ ဖြစ်ပေါ်နေသည့်ပုံ ပေါ်သော ဧရာမချောက်ကြီးကို သူတွေ့လိုက်ရသည်။

‘ဝိညာဉ်ကြည်လင်မြက်က ဒီနေရာမှာပဲ’

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ သူ့ကိုပေးခဲ့သည့် ဝါးစာလိပ်ထဲရှိ ဆေးဖက်ဝင် အပင်များ စာရင်းတွင် သူမသိသည့် အပင်ရမျိုးခန့် ရှိနေပြီး ထိုစာရင်းထဲတွင်တော့ ကောင်းကင်ပုလွေသံကိုင်းမှ လွဲ၍ တခြားဆေးဖက် အပင်များသည် သူ့အတွက် ယခုအချိန်တွင်  အသုံးမဝင်ပေ။

သို့သော် သည်နေရာတွင် ရောက်ရှိနေပြီဆိုမှတော့ များစွာသော ဆေးဖက်ဝင် အပင်များအား စုဆောင်းနိုင်မည့် အခွင့်အရေးကို သူလက်လွှတ်ခံမည် မဟုတ်ချေ။ အကုန်ပြီးသွားလျှင်ပင် ဝိညာဉ်လုယက် ဖန်တီးပြီးချိန်တွင် သူဖန်တီးရမည့် အခြားဆေးလုံး များအတွက် ၎င်းတို့က အသုံးဝင်လာနိုင်ချေ သေးသည်သာ ဖြစ်သည်။

တောင်အတွင်းရှိ ချောက်ကြီးကို ကြည့်လိုက်ရင်း စုမင် ပိုသတိထား လိုက်သည်။ သူဒီနေရာကို ရောက်သည်နှင့် တစ်ပြိုင်နက် တံဆိပ်ခတ်နှိပ်ခြင်းကို သုံး၍ ပေ ၂၀၀၀ အကွာအဝေး အတွင်းကို အကြိမ်များစွာ စစ်ဆေးထားခဲ့ပြီး ဖြစ်သည်။ ထိုသို့ လုပ်ပြီးသည်နှင့် မြေပြင်မှနီးကပ်စွာ ဖြတ်သွားသည့် အလင်းတန်းတစ်ခုသဖွယ် ပြောင်းသွားကာ ရှေ့သို့ဦးတည်လိုက်ပြီး လျှပ်တစ်ပြက် အတွင်းပင် ချောက်ထဲသို့ ပြေးဝင်သွားတော့သည်။

ချောက်ကြီးသည် အလွန်နက်ရှိုင်းပြီး ကမ္ဘာမြေ၏ အလယ်ဗဟိုသို့ နိမ့်ဆင်းသွားဟန်ဖြင့် ၎င်း၏အဆုံးကိုပင် မမြင်နိုင်ချေ။ စုမင် ချောက်၏ နံရံတစ်ဖက်ကို ထိကြည့်လိုက်ရင်း အသက်ပြင်းပြင်း ရှူလိုက်မိ၏။

‘ဒါက လူလုပ်ထားတဲ့ ချောက်ကြီးပဲ ... သူ့ပုံစံကိုကြည့်ရတာ လူတစ်ယောက်က ဓားကိုသုံးပြီးတော့ အလယ်ကနေ ပိုင်းဖြတ်ထားခဲ့သလိုပဲ။ ဒီလိုလုပ်နိုင်ဖို့ လူတစ်ယောက်က ဘယ်လို ကျင့်ကြံဆင့်မျိုးကိုများ ရောက်ရှိနေဖို့ လိုအပ်တာလဲ’

စုမင် ချောက်တစ်လျှောက် တိတ်ဆိတ်စွာ လျှောက်လာလိုက်ပြီး သူရွေ့လျားလာသည်နှင့်အမျှ သူသွားခဲ့သည့် အကွာအဝေးကို တစ်ခါတည်း တွက်ချက်သွား လေသည်။

ခဏအကြာတွင် သူရပ်လိုက်၏။ ချောက်၏ နက်ရှိုင်းလှသည့် အပိုင်းတွင် အက်ကြောင်း တစ်ခုကို သူမြင်လိုက်ရသည်။ အက်ကွဲကြောင်းသည် အရမ်းမကြီးသော်လည်း အတွင်း၌ မှောင်မည်းနေပြီး ကြည့်ရသည်မှာ တစ်ချိန်က ဥမင်လိုဏ်ခေါင်းတစ်ခု ဖြစ်ခဲ့ဟန်တူပြီး ဤချောက်ကြီးကြောင့် ပိုင်းဖြတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။

‘ဒါက ​နေရာတစ်ခုပဲ’

စုမင် ရှေ့သို့ ဂရုတစိုက် လျှောက်သွားလိုက်ပြီး တံဆိပ်ခတ်နှိပ်ခြင်းကို ဖြန့်ကြက်လျက် သူ့လမ်းကြောင်းကို စစ်ဆေးလိုက်သည်။ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် အဖြူဖျော့ဖျော့ အခိုးအငွေ့တို့က အတွင်းမှ ပျံ့နှံ့လာကာ ထိုအခိုးအငွေ့တို့သည် နေရာအနှံ့မှ ပေါ်လာပြီးနောက် သူ့ကိုရုတ်ခြည်း ဖုံးအုပ်သွားတော့သည်။

သူမရှောင်တိမ်းလိုက်ပဲ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ဝါးစာလိပ်ကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင် အမျိုးမျိုးသော ဆေးဖက်ဝင်အပင်တို့၏ တည်နေရာတို့အကြောင်း အသေးစိတ် ဖော်ပြချက်များ ပါရှိသည်။ ထိုဆေးဖက်ဝင် အပင်တို့သည် ဤနှစ်များအတွင်း ငြိမ်းအေးရာ အရှေ့မျိုးနွယ်စုမှ ဒီနေရာသို့ ဝင်ရောက်ရင်း စုစည်းစိုက်ပျိုး ထားခဲ့ခြင်းများ ဖြစ်သည်။

ထိုအပင်များအား တစ်ကြိမ်တည်းနှင့် အကုန်ယူမသွားနိုင်ရန် အကာအကွယ်များ ပြုလုပ်ထားချေသည်။ ထိုအစား နောက်တစ်ကြိမ် သူတို့ပြန်လာ၍ မစုဆောင်းခင် အချိန်အထိ ၎င်းတို့အား သတ်မှတ်နေရာများတွင် ကြီးထွားခွင့်ပြုခဲ့လေသည်။

ဝါးစာလိပ်သည် ထိုနေရာများသို့ ဝင်ရောက်နိုင်ရန် မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်သည်။ ထိုအရာနှင့်ဆိုလျှင် ၎င်းဆေးဖက်ဝင် အပင်များကြီးထွာရာ နေရာများတွင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ထားခဲ့သည့် ချိပ်တံဆိပ်တို့ကို ဖွင့်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ရာစုနှစ်များ ကြာလာချိန်တွင်တော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ ဝါးစာလိပ်တို့ကို အခြားမျိုးနွယ်၂ခုမှ ယူဆောင်သွားခဲ့သည့် မလွှဲမရှောင်သာ အခြေအနေများ ရှိလာခဲ့သည်။

သို့သော် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ အခြားမျိုးနွယ် ၂ ခု၏ ဝါးစာလိပ်များကို သိမ်းဆည်းရမိခဲ့သည့် ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ပြီး ထိုဖြစ်ရပ်များသည် မျိုးနွယ်စု ၃ ခုအတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိရာ ထိုအပင်များ စိုက်ပျိုးကြီးထွားသည့် ကိုးနေရာခန့်ကို သိရှိခဲ့ကြလေသည်။

မည်သို့ပင်ဆိုစေ တိုက်ခိုက် လုယက်မှုများကြောင့် ဆေးဖက်ဝင်အပင်များ မျိုးတုံး မသွားစေရန် ထူးဆန်းသည့် မျှခြေတစ်ခုက မျိုးနွယ်စု ၃ ခုအတွင်း ဖြစ်ပေါ်လာလေသည်။ မယုံနိုင်စရာ ရှားပါးသည့် ဆေးဖက်ဝင်အပင်တချို့ ပေါက်ရောက်သည့် နေရာအနည်းငယ်အတွက် တိုက်ခိုက်ခြင်းမှ လွဲ၍ အခြားနေရာများကိုတော့ လျှို့ဝှက်နယ်မြေ မဖွင့်ခင်အချိန်တွင် မျိုးနွယ်၃ခုက အညီအမျှ ပိုင်းခြား သတ်မှတ်ကြလေသည်။

အဖြူရောင် အခိုးအငွေ့တို့သည် စုမင်ရှေ့တွင် စုစည်းသွားကြပြီး သူ့လက်ထဲမှ ဝါးစာလိပ်ကို တစ်ချက်ထိလျက် တဖြည်းဖြည်း ပျံ့နှံ့သွားကာ အတွင်းပိုင်းသို့ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ စုမင် ပတ်ဝန်းကျင်ကို အချိန်အတော်ကြာ လေ့လာပြီးနောက် အထဲသို့ သတိကြီးစွာ ထားလျက် ဝင်လိုက်သည်။

သူသည် အတွင်း၌ အချိန်အတော် ကြာနေခဲ့ပြီးနောက် လျှပ်တစ်ပြက် အပြင်သို့ ပြန်ထွက်လာခဲ့ပြီး ချောက်၏ အဆုံးဘက်သို့ ပြန်လည် ဦးတည်လိုက်ကာ မကြာခင်အပြင်သို့ ရောက်ရှိ သွားတော့သည်။ ချောက်ကမ်းပါး အစွန်း၌ရပ်လျက် သူ့မျက်လုံးတို့က တောက်ပနေသည်။ ထိုနေရာတွင် အချိန်ခဏခန့် တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ဆုံးဖြတ်ချက်မချခင် သူ့ခြေထောက်အောက်ရှိ ချောက်ကို တစ်ဖန် ပြန်ကြည့်ရှုလိုက်သည်​။

သို့သော် သူထွက်ခွာမသွားပဲ ချောက်အတွင်းသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက် သွားလေသည်။ ဤတစ်ကြိမ်တော့ သူသည် အက်ကြောင်းထဲရှိ ဥမင်ထံသို့ မသွားပဲ ချောက်အောက်သို့သာ လျင်မြန်သည့်အရှိန်ဖြင့် ဆင်းသွားလိုက်သည်။ ချောက်အောက် အနက်ပိုင်းတွင်တော့ မှောင်မိုက်နေပြီး စုမင်မျက်လုံးတို့ဖြင့် မမြင်နိုင်သော်ငြား သူ၏တံဆပ်ခတ်နှိပ်ခြင်း ပညာရပ်ကြောင့် သူ့ဘေးနား ပတ်ဝန်းကျင်ရှိ အရာတို့ကိုတော့ အာရုံခံနိုင်နေဆဲပင် ဖြစ်သည်​။

အချိန်တို့ ကုန်ဆုံးသွားပြီးနောက် ပြေးလွှားနေစဉ်မှာပင် သူ့ရှေ့ဘက်ရှိချောက်သည် ပိုမိုကျဉ်းမြောင်း လာသော်ငြား အဆုံးကိုတော့ မမြင်နိုင်သေးချေ။ စင်စစ်အားဖြင့်တော့ ဖြတ်သန်းရန် သူ့ခန္ဓာကိုယ်ကို ဘေးတိုက်ထား၍ သွားခဲ့ရသည့် အလွန်ကျဉ်းမြောင်းသော နေရာအချို့ပင် ရှိလေသည်။

ထိုအခိုက်တွင် စုမင်သည် တံဆိပ်ခံနှိပ်ခြင်း ဧရိယာအတွင်း တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

‘ငါ သိသားပဲ’

စုမင် ခဏတာရပ်ပြီးနောက်မှ တံဆိပ်ခတ်နှိပ်ခြင်း ဧရိယာအတွင်း သူအာရုံခံမိသည့် အရာထံသို့ စတင် ရွေ့လျားလိုက်သည်။ များမကြာမီတွင်တော့ သူ့ရှေ့၌ ခေါင်းမရှိသည့် အလောင်းတစ်ခု ပေါ်လာချေသည်။

ထိုအရာက ချောက်နံရံများကြားတွင် ညပ်နေခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ခေါင်းမရှိတော့ဘဲ အပြာရောင်ဝတ်ရုံရှည် တစ်ထည်ကို ဝတ်ဆင်ထားလေသည်။ များစွာသော ဒဏ်ရာတို့က သူ့ခန္ဓာကိုယ် တစ်ခုလုံး ဖုံးလွှမ်းနေပြီး ရင်ဘတ်တွင်တော့ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လုနီးပါး ပြတ်ရှရာကြီးတစ်ခု ရှိနေသည်။

သူ့ခါးတွင်တော့ ပလိတ်ပြားတစ်ခုကို ရှိနေပြီး ထိုသူသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ဧည့်သည်တော် တစ်ဦးပင် ဖြစ်​သည်။

စုမင် ထိုအလောင်းကို အချိန်ခဏခန့် လေ့လာပြီးနောက် သူ့ခန္ဓာကိုယ်ကို စတင်ရှာဖွေ လိုက်သော်လည်း မည်သည့်အရာမျှ ကျန်ရှိနေခြင်း မရှိပေ။ သို့သော် အလောင်းပေါ်ရှိ လက္ခဏာများမှ တစ်ဆင့် သူပြောနိုင်သည့် အရာကတော့ ဒီလူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သေဆုံးသွားခဲ့ခြင်း ဖြစ်သည် ဆိုတာကိုပင်။

‘သူက သူ့ခေါင်းနဲ့ သွေးတွေကို ဆုံးရှုံးထားခဲ့တယ် …’

စုမင်တိတ်ဆိတ် သွားပြီးနောက် အပြင်သို့ ပြန်ထွက်လိုက်ရင်း မကြာခင်မှာပင် ချောက်ကို သူ့နောက်ဘက်၌ ချန်ထားခဲ့ပြီး မရပ်တန့်ပဲ အဝေးသို့ လျင်မြန်စွာ ရွေ့လျား သွားလေသည်။

နာရီအနည်းငယ်ခန့် ကုန်လွန်သွားခဲ့ချိန်တွင်တော့ စုမင်သည် ဆေးဖက်ဝင် အပင်များကြီးထွားရာ နေရာငါးနေရာခန့်ကို ရောက်ရှိခဲ့ပြီးဖြစ်ကာ သူ့အမူအရာက ပို၍နက်မှောင် လာလေသည်။ ဧရာမကျောက်တုံးတောင်ကြီးပေါ်တွင် ရပ်လျက် သူ့လက်တွင်းရှိ ဝါးစာလိပ်ကို ထိတွေ့ရင်း တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။

‘ဒီနေရာတွေ အကုန်လုံးမှာ ဆေးဖက်ဝင် အပင်တွေ ရှိတယ်’

ဤသည်က စုမင်အတွက်တော့ ကောင်းသည့်အရာ မဟုတ်ပေ။ ဆိုလိုသည်က လျှို့ဝှက်နယ်မြေသို့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ပို့လိုက်သည့် သူ့ရှေ့မှ အဖွဲ့၂ဖွဲ့လုံးသည် ဆေးဖက်ဝင် အပင်တို့ကို စုဆောင်းရန် အချိန်လုံလောက်စွာ မရလိုက်ခြင်းပင် ဖြစ်နိုင်သည်။ သူတို့အနေဖြင့် ဆေးဖက်ဝင် အပင်တို့ကို ရှာတွေ့ခဲ့ကြသော်ငြား ချောက်အတွင်းရှိ လူကဲ့သို့ အလောင်းကောင် အဖြစ်နှင့်သာ အဆုံးသတ်သွားခဲ့ရတာ ဖြစ်၏။

စုမင် မျက်လုံးတို့က တောက်ပနေကာ ခဏခန့် တိတ်ဆိတ်စွာ စဉ်းစားပြီးချိန်တွင်တော့ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဓားတစ်ချောင်း၏ အော်မြည်သံကဲ့သို့ အသံကို သူ့နားတွင် ကြားလိုက်ရသောအခါ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူရုတ်တရက် လှည့်ကြည့်လိုက်မိချိန်တွင် သူ့ထံသို့ အဝေးမှ ဦးတည်လာနေသည့် မိုးတိမ်ဖြူတစ်ခုကို မြင်လိုက်ရချေသည်။

မိုးတိမ်ဖြူပေါ်တွင် လူ ၂ ယောက် ရပ်နေပြီး သူတို့ထဲမှ တစ်ဦးက ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်ရှိသူ ဟန်ဖေးကျစ်ဖြစ်သည်။

စုမင်မျက်လုံးတို့က မှေးကျုံ့သွားပြီး ချက်ချင်းဆူညံစွာ ထွက်ခွာသွားရန်မလုပ်ပဲ တောင်ပေါ်ရှိ ကျောက်ဆောင်နောက်သို့ ဝင်ရောက် ပုန်းအောင်း နေလိုက်သည်။ ယခုအချိန်တွင် သူဟန်ဖေးကျစ်နှင့် မတွေ့ချင်ပေ။ သူ့စိတ်ထဲ၌ ဤနေရာတွင် သူမရှိနေခြင်းသည် အံ့သြစရာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နေသော်လည်း  ဖြစ်နိုင်မည် ဆိုလျှင်တော့ သူမကို ရှောင်ရှားချင်နေဆဲပင် ဖြစ်သည်။

မိုးတိမ်ဖြူသည် ကောင်းကင်ပေါ်မှ ချဉ်းကပ်လာနေရင်း အရှိန်တဖြည်းဖြည်း နှေးကွေးသွားပြီးနောက် ဟန်ဖေးကျစ်ရှေ့ရှိ လွင့်မျောနေသော သွေးလူသည်ရုတ်တရက် အနီရောင်အလင်းတို့ တောက်ပသွားသည်။

ထိုသွေးလူသည် အနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်နှင့် စုမင်၏အာရုံကို ချက်ချင်း ဖမ်းစားသွားလေသည်။ ဟန်ဖေးကျစ်က ဖြတ်သန်းသွားမည်ဟု ထင်ခဲ့သော်လည်း သူမခြေထောက်အောက်ရှိ မိုးတိမ်ဖြူက ရပ်တန့်တော့မည်ကဲ့သို့ အရှိန်နှေးကွေး သွားလေသည်။ စုမင် မျက်လုံးတို့ဖြင့် သေချာလေ့လာ ကြည့်ရှု လိုက်မိပြီးနောက် မျက်နှာဖုံးဖြင့် သွေးလူ၏ မျက်နှာကို မြင်သောအခါ သူ့နှလုံးသားမှ တုန်လှုပ် သွားတော့သည်။

‘ဒါ ... မကောင်းတော့ဘူး’

ဤနေရာသို့ ဟန်ဖေးကျစ် ရောက်ရှိလာခြင်းသည် မတော်တဆ မဟုတ်ကြောင်း စုမင်ချက်ချင်း သိရှိသွားတော့သည်။ သူမက သူ့ကိုရှာဖွေရန် ထူးဆန်း၍ အမည်မသိသော မာန်အတတ်ကို လမ်းပြအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

‘ဒါက အရောင်စုံ ရေကန်မျိုးနွယ်စုက ဝတ်ရုံအနီနဲ့လူ ဖြစ်ရမယ်’

စုမင် ချက်ချင်းပင် ဆုတ်ခွာလိုက်သော်လည်း ပေ ၃၀ ခန့်သာ ရောက်ရှိသေးချိန်တွင်တော့ သူယခင် ပုန်းကွယ်နေခဲ့သည့် ကျောက်တုံးကြီးသည် အေးစက်သော လေထုတို့ဖြင့် ဖိအားပေးခံလိုက်ရပြီး မြည်ဟီးသံအချို့ ဖြစ်ပေါ်လာကာ ကျောက်တုံးကို နှင်းတို့ ဖုံးလွှမ်းသွားချေသည်။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် ရေခဲတုံးတစ်ခုအသွင် ပြောင်းလဲ သွားတော့သည်။

ထို့နောက် ရေခဲတုံးကြီးသည် ပေါက်ကွဲသွားပြီး ရေခဲချွန်များအဖြစ်ပြောင်းလဲသွားကာ စုမင်ထံသို့ ဦးတည် ဝင်ရောက်လာလေသည်။

တစ်ချိန်တည်းမှာပင် ဟန်ဖေးကျစ်နောက်ဘက် မိုးတိမ်ဖြူပေါ်တွင် ရပ်နေသည့် ယန်ဂေါင်၏ မျက်လုံးထဲတွင်  အေးစက်သည့် အကြည့်တစ်ခုက ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ရှေ့သို့ခြေလှမ်းကျဲကြီး လှမ်းလိုက်ရင်း ကောင်းကင်မှ ဆင်းသက်သည့် အရှိန်ကို ယူကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး စုမင်ထံသို့ ဦးတည်လိုက်သည်။

“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ဧည့်သည်တော်။ မင်း ငါ့လူတွေထဲက တစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ မင်းအခု ငါနဲ့ တိုက်ခိုက်ရဲလား”

ယန်ဂေါင်၏ အသံသည် ဧရိယာတစ်ခုလုံး ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွား၏။ သူနီးကပ်လာသည်နှင့်အမျှ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး လှံရှည်တစ်ခုက သူ့လက်အတွင်း၌ ထွက်ပေါ်လာသည်။ ထိုလှံသည် အပြာရောင် တောက်ပနေပြီး လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတို့ ထုတ်လွှတ်နေချေသည်။ ထိုသူသည် လှံကိုကိုင်လျက် ဆင်းသက်လာပြီး ခဏအတွင်း၌ပင် စုမင်အနီးသို့ ရောက်ရှိလာလေသည်။

‘သွေးကြောကျောက်သား နှောင်းပိုင်းအဆင့်၊ သွေးကြော ၈၀၀ခန့်’

ထိုလူ၏ စွမ်းအားကို မျက်နှာဖုံးအား ဖြတ်လျက်မြင်လိုက် ချိန်တွင်ပင် စုမင်နောက်သို့ ဆုတ်ခွာလိုက်သည်။ သူသာ ထိုလူတစ်ယောက်တည်းကို တိုက်ခိုက်ရမည် ဆိုလျှင်တော့ နိုင်ရန်ယုံကြည်မှု ရှိသော်လည်း သူ့ဘေး၌ ဟန်ဖေးကျစ်ရှိနေသေးသည်။

ထိုလူကြောင့် အနှောင့်အယှက် အဖြစ်မခံနိုင်ပဲ ဟန်ဖေးကျစ်ကို အရင် တိုက်ခိုက်မှ ဖြစ်မည်။ ထိုမိန်းမတွင် များစွာသော ကျွမ်းကျင်မှုများ၊ လှည့်ကွက်များ ရှိနေသည်။ အကယ်၍ သူတို့ ၂ ယောက်စလုံးသာ တိုက်ခိုက်လာမည် ဆိုလျှင် သူ့တွင်ပြန်လည် တိုက်ခိုက်နိုင်ရန် လမ်းမမြင်ချေ။

စုမင် နောက်သို့ ဆုတ်ခွာနေရင်းမှပင် များစွာသောအတွေးတို့က သူ့စိတ်အတွင်း လျှပ်တစ်ပြက်သလို ပေါ်လာကြပြီးနောက် သူ့ညာဘက်လက်ကို မြှောက်လျက် ကောင်းကင်မှ ကျဆင်းလာသည့် ယန်ဂေါင်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် စုမင်၏ ဘယ်ဘက်လက်တွင်တော့ အနက်ရောင် မြွေတစ်ကောင် ပေါ်လာလေသည်။ ထိုမြွေသည် တွန်သံပြုလျက် သူ့ထံသို့ အရှေ့မှဦးတည် လာနေသည့် ရေခဲချွန်များဆီသို့ တိုးဝင်သွားလေသည်။

စုမင်လက်သီးက ထိုသူနှင့် ထိမိသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်သည် တုန်ခါသွားပြီး နောက်သို့ခြေလှမ်း အနည်းငယ်ခန့် ဆုတ်လိုက်ရပြီး မျက်နှာဖုံးနောက်ကွယ်ရှိ သူ့မျက်နှာသည်လည်း ဖျော့တော့သွားချေသည်။ ယန်ဂေါင်သည်လည်း ကောင်းကင်၌ပင် ရှိသေးသော်လည်း ပို၍ဆိုးရွားသည့် အခြေအနေတွင် ရှိနေ၏။ သန်မာသည့်အားတစ်ခုက သူ့ထံသို့ တိုးဝင်လာကာ လွှမ်းမိုးသွားခဲ့ပြီး ခြေလှမ်းရာနှင့်ချီအောင် နောက်ဆုတ်လိုက်ရပြီးမှ သူ့ကိုယ်သူ ရပ်တန့်လိုက် နိုင်လေသည်။

***

All Chapters