← Chapters

ပြန်လည်တိုက်ခိုက်ခြင်း

Vol. 11 Ch. 151

ပြန်လည်တိုက်ခိုက်ခြင်း

Vol. 11 Ch. 151

ပေါက်ကွဲသံတို့က လေထုအတွင်း မြည်ဟည်းသွားပြီး ရေခဲချွန်များသည်လည်း ပြန့်ကျဲ ပျက်စီးသွားသလို အနက်ရောင်မြွေ၏ ခန္ဓာကိုယ်တွင်လည်း အက်ကြောင်းတို့ ပေါ်ပေါက် လာလေသည်။ ထိုအက်ကြောင်းတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင်နောက်ဘက်သို့ ထပ်မံ ဆုတ်ခွာလိုက်ပြန်သည်။ သူ့အကြည့်တို့က အေးခဲနေပြီး စကားလုံးတစ်လုံးက နှုတ်မှထွက်ပေါ်လာသည်။

“မြူ”

သူရရှိခဲ့သော မာန်စွမ်းအားရှင် အကြောမျှင်အတုသည် များစွာသော အနက်ရောင်မြူတို့ကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ပျံ့နှံ့ သွားကာ ဧရိယာတစ်ခုလုံးကို အနက်ရောင် ဖုံးလွှမ်းသွားစေသည်။

ဟန်ဖေးကျစ်၏ မျက်နှာပေါ်ရှိ အမူအရာက ပြောင်းလဲသွားပြီး အနက်ရောင်မြူတို့ ပျံ့နှံ့လာစဉ်မှာပင် သူမ၏ညာဘက်လက်ကို လျင်မြန်စွာ မြှောက်လျက် ယန်ဂေါင်ထံသို့ ညွှန်ပြလိုက်သည်။ အနက်ရောင်မြူထုအတွင်း ထိတ်လန့်နေသည့် အမူအရာဖြင့် မှင်တက်နေသည့် ယန်ဂေါင်၏ ခန္ဓာကိုယ် ဝန်းကျင်တွင် အဖြူရောင် မြူခိုးတိမ်တစ်ခု ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အား သေချာကာကွယ် ပေးလိုက်လေသည်။

ယန်ဂေါင်၏ ခုခံကာကွယ်မှုအတွက် ကူညီပေးပြီးသည်နှင့် ဟန်ဖေးကျစ်၏ ခန္ဓာကိုယ် အပြင်ဘက်တွင်လည်း ရွှေရောင် အလင်းလွှာတစ်ခု ဖြစ်ပေါ်လာ၏။  ထိုအရာသည် စုမင်နှင့် အရင်တစ်ခေါက် တိုက်ခဲ့ချိန်က ဖြစ်ပေါ်လာခဲ့သည့် အရာနှင့် အတူတူပင် ဖြစ်သည်။ စုမင် သူမကိုများစွာသော ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်ပြီးချိန်မှာပင် သူမအား တည်ငြိမ်စွာ ကာကွယ်ပေးထားခဲ့သည့် ထူးဆန်းသည့် ပညာရပ်ပင် ဖြစ်သည်။

ဟန်ဖေးကျစ် စတင် လှုပ်ရှားလိုက်စဉ်မှာပင် အနက်ရောင်မြူထဲရှိ စုမင်မျက်လုံးတို့က တောက်ပသွားပြီး ကျောက်စိမ်းဓားမြောင်ငယ်လေး၏ တောက်ပသည့် အလင်းက ထွက်ပေါ်လာသည်။ ၎င်း၏ ပစ်မှတ်သည် ယန်ဂေါင်မဟုတ်သလို ဟန်ဖေးကျစ်လည်း မဟုတ်ဘဲ ဟန်ဖေးကျစ်ရှေ့မှ သွေးလူသားပင် ဖြစ်သည်။

ထိုသွေးလူသားသည်သာ စုမင်၏ ပစ်မှတ်ဖြစ်သည်။ ထိုအရာကိုသာ မဖျက်ဆီး ပစ်နိုင်ခဲ့လျှင် သူထွက်ပြေး လွတ်မြောက်နိုင်ခဲ့လျှင်ပင် နောက်တစ်ကြိမ် လိုက်လံ ဖမ်းဆီးရန် ဖြစ်နိုင်ချေ ရှိသေးသည်ကို သူသိ၏။ ဤသို့သာ ဆိုလျှင်တော့ ထိုအရာကိုဖျက်ဆီးလိုက်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်​။

ကျောက်စိမ်းဓားမြှောင်ငယ် အလင်းရောင်သည် သန်မာသည့် ဖိအားအဖြစ် ပြောင်းလဲကာ လေထုကိုပိုင်းဖြတ်သွားပြီး ရုပ်နယ်လွန်အဆင့် လူများကိုပင် ကြောက်ရွံ့ သွားစေနိုင်သည့် စွမ်းအားဖြင့် ဟန်ဖေးကျစ်ရှေ့ရှိ လွင့်မျောနေသည့် သွေးလူသားထံသို့ တိုးဝင်သွားသည်။ ဟန်ဖေးကျစ်၏ နှလုံးသည် ချက်ချင်းပင် အပြင်းအထန် တုန်လှုပ်သွားမိသည်။ ကျောက်စိမ်းဓားမြှောင်ငယ်ကို မမြင်နိုင်သော်ငြား ကြောက်မက်ဖွယ်ရာ တည်ရှိမှု တစ်ခုသည် မြူများထဲမှ သူမထံသို့ လျင်မြန်စွာ နီးကပ် လာသည်ကိုတော့ ခံစားနိုင်လေသည်။ ထိုအရာက သူမကို သေဆုံးရတော့မည် ဟူသည့် ခြိမ်းခြောက်မှု အောက်သို့ ကျရောက်သွား သကဲ့သို့ပင် အထင်မှား သွားစေသည်။

သူမ၏အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲ သွားပြန်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို မိုးတိမ်မြူခိုးတို့ဖြင့် ဝန်းရံလိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ ရွှေရောင် အလင်းတို့က မြူခိုးတိမ်များကိုပင် ဖြတ်လျက် တောက်ပနေပြီး လက်သီးဆုပ် အရွယ်ရှိ ရှေးဟောင်း မှန်တစ်ချပ်က သူမလက်ထဲ၌ ပေါ်ပေါက်လာပြီး ထိုမှန်မှ အလင်းရောင်တို့ တောက်ပလာသည်နှင့် တစ်ပြိုင်နက် ထူးခြားဆန်းကြယ်သော အသံတို့ ထွက်ပေါ်လာပြီး သူမခန္ဓာကိုယ်၏ အရှေ့၊ အနောက်၊ ဘေးနှစ်ဖက်နှင့် အပေါ်အောက်တို့တွင်လည်း မှန်ခြောက်ချပ် ပေါ်လာကာ ဟန်ဖေးကျစ်အား အတွင်း၌ ထားလျက် ကာကွယ်လိုက်လေသည်။

သူမနောက်ဆုတ် လိုက်ချိန်တွင် သေးငယ်သည့် ကျောက်စိမ်းဓားမြှောင်ငယ်လေးသည် စုမင်၏ ထိန်းချူပ်မှုအောက်၌ သွေးလူသားထံသို့ နီးကပ်သွားပြီး ၎င်း၏ဦးခေါင်းကို ပိုင်းဖြတ်ပစ်လိုက်ပြီး ထိုသို့ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် သွေးလူသားသည် အသိဉာဏ် ပိုင်ဆိုင်ထားသည့်အလား စူးရှစွာ အော်ဟစ် ငိုကြွေးလိုက်ပြီး ပြိုကျပျက်စီး သွားတော့သည်။

သတ်ဖြတ်လိုသည့် အကြည့်တို့က စုမင်မျက်လုံးအတွင်း ပေါ်ပေါက်လာပြီး ကျောက်စိမ်းဓားမြှောင်ငယ်ကို ထိန်းချူပ်ကာ ဟန်ဖေးကျစ်ဆီသို့ ဦးတည် လိုက်ချိန်တွင်တော့ သူ့နှလုံးသားသည် တုန်ခါသွားပြီး သူ့မျက်နှာက နက်မှောင် သွားလေသည်။

အနီရောင်မြူခိုးတို့သည် သွေးလူသား၏ ပျက်စီးနေသော အပိုင်းတို့မှ ထွက်ပေါ်လာပြီး ပေ၁၀၀ခန့်ရှိ ရှုပ်ထွေးသည့် ရုပ်ပုံတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းပုံပေါ်လာသည်နှင့် စူးရှသည့်အနီရောင် အလင်းကလည်း ထွက်ပေါ်လာချေသည်။ ထိုအနီရောင်အလင်းတွင် စုမင်ကို တုန်လှုပ် သွားစေသည့် ဖိအားတို့ပါဝင်နေပြီး ၎င်းဖြစ်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင် ဧရိယာအတွင်းရှိ အနက်ရောင်မြူခိုး တို့သည်လည်း မှိန်ဖျော့လာကာ ခဏအတွင်း၌ပင် မည်သည့် သဲလွန်စမျှ မကျန်ဘဲ ပျောက်ကွယ် သွားတော့သည်။

တစ်ချိန်တည်းမှာပင် အနီရောင်ရုပ်ပုံသည် အမျိုးသမီးတစ်ဦး၏ မျက်နှာအဖြစ် ပြောင်းလဲ သွားလေသည်။ ထိုအမျိုးသမီးသည် မယုံနိုင်လောက်အောင်ပင် လှပပြီး မျက်လုံးတို့ကို စေ့ပိတ်ထား၏။ ထို့နောက် သူမ၏ မျက်ခွံတို့သည် တဖျတ်ဖျတ်လှုပ်ခါလာပြီးနောက် မျက်လုံးတို့ပွင့်လာချေသည်။

သူမထိုသို့ ပြုလုပ်လိုက်ချိန်မှာပင် ကျောက်စိမ်း ဓားမြှောင်ငယ်သည် ထပ်မံမတိုးကပ်နိုင်တော့ သကဲ့သို့ တုန်ခါသွားသည်။ မှိန်ဖျော့ဖျော့အလင်းက အမျိုးသမီး၏ မျက်လုံးများထဲတွင် တောက်ပသွားပြီး ဆည်းလည်းသံကဲ့သို့ ရယ်မောသံလွင်လွင်က လေထုထဲ၌ ပဲ့တင်ထပ် သွားလေသည်။ ထိုရယ်သံလွင်လွင်ထဲတွင် ထူးဆန်းသည့်အားတို့ ပါဝင်ေနပြီး နားထောင်မိသူတိုင်း၏ နှလုံးသားကို မဆုံးနိုင်သည့် ရေလှိုင်းတို့ဖြင့် ရိုက်ခတ်ခံလိုက် ရသကဲ့သို့ မငြိမ်မသက် ဖြစ်သွားစေသည်။

လေထဲတွင် ရယ်မောသံတို့ ပဲ့တင်ထပ်နေချိန်မှာပင် ထိုအမျိုးသမီးသည် သူမ၏ ပါးစပ်ကိုဟလျက် ကျောက်စိမ်းဓားမြှောင်ငယ်ကို မှုတ်ထုတ်လိုက်သည်။ သူမ၏ ထွက်သက်လေသည် မွှေးရနံ့တို့ ထုံလွှမ်းနေပြီး ဓားမြှောင်ငယ်ကို ထိလိုက်သည်နှင့် ၎င်းသည် နောက်သို့ တုန်လှုပ်စွာ ဆုတ်ခွာလာပြီး စုမင်ခန္ဓာကိုယ် အတွင်းသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

အနီရောင် အလင်းသည် စုမင်၏မျက်နှာပေါ်တွင် ဖြစ်ပေါ်လာပြီး မွှေးရနံ့ပါသည့် လေထုက သူ့မျက်နှာကို ဖြတ်တိုက် သွားချိန်တွင်တော့ ငေးမော မှင်တက်နေသည့် အမူအရာတို့က သူ့မျက်လုံးထဲတွင် ပေါ်ပေါက်လာပြီး ထိုအမျိုးသမီး၏ အလှတရားကြောင့် သူ့ရင်ဘတ်သည် အဆက်မပြတ် ခုန်ပေါက်နေသည်ဟု ခံစားလိုက်ရ၏။ ထိုအရာကြောင့် သူမက စကားလေးတစ်ခွန်းသာ ပြောလိုက်လျှင် သူ့ဘဝတစ်ခုလုံးကို သူမထံ ပေးလိုက်တော့မည် ဟူသည့် အတွေးခံစားမှုတို့ ဖြစ်ပေါ်နေလေသည်။

ထိုအမျိုးသမီးသည် ထိုအချိန်တွင် သူ့ကို မိန်းမောတွေဝေစွာ ကြည့်နေသည်မှာ သူမဆီသို့ လာရန်ဖိတ်ခေါ် နေသကဲ့သို့ပင် ဖြစ်သည်။

မျက်နှာဖုံးအောက်ရှိ စုမင်အမူအရာတို့သည် ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်လာသည်။ သို့သော် ထိုအချိန်တွင် သူ့ရင်ဘတ်၌ ဆွဲထားသည့် ထူးခြား ဆန်းကြယ်သော အနက်ရောင် ကျောက်အပိုင်းအစလေးသည် သူ့ခန္ဓာကိုယ် အတွင်းသို့ အေးစက်မှုတို့ ထုတ်လွှတ်လိုက်သည်မှာ မိုးကျရွှေကိုယ် မာန်နတ်ဘုရား ရုပ်တုကြောင့် မှင်တက် ရပ်တန့်နေခဲ့မိသည့် အချိန်ကကဲ့သို့ပင် ဖြစ်သည်။ စုမင် ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ့မျက်လုံးတို့က ချက်ချင်းပင် ကြည်လင်သွားတော့သည်။

သူသတိပြန်ရလာသည်နှင့် စုမင်သည်ပါးစပ်အပြည့် သွေးတို့ကို ထွေးထုတ်လိုက်ရပြီး သူ့မျက်လုံးအတွင်းရှိ အလင်းရောင်တို့က မှိန်ဖျော့ သွားလေသည်။ ထို့နောက် တုန်လှုပ်မှုတို့က သူ့မျက်နှာ၌ပေါ်လာပြီး တုံ့ဆိုင်းခြင်းမရှိပဲ နောက်သို့လျင်မြန်စွာဆုတ်ခွာလိုက်သည်။

ထိုအရာတို့ ဖြစ်ပျက်သွားသည်မှာ ကြာရှည်သည်ဟု ထင်ရသော်လည်း အမှန်တော့ တစ်ခဏသာ ကြာမြင့်ခဲ့ခြင်းဖြစ်သည်။

“ဟမ်”

လေထဲရှိ ကြီးမားသည့် အမျိုးသမီးမျက်နှာထက်တွင် စိတ်ဝင်စားမှုတို့ ပေါ်လာပြီး စုမင်လျင်မြန်စွာ ဆုတ်ခွာသွားသည်ကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

“ဖေးအာ၊ ယန်ဂေါင် ငါဒီလူကို အသက်ရှင်လျက် လိုချင်တယ်။ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီးပြီ။ အများကြီး ပြန်တိုက်နိုင်တော့မှာ မဟုတ်ဘူး ... သူ့ကို ငါ့ဆီခေါ်လာခဲ့”

ကြီးမားသည့် မျက်နှာကြီးက နူးညံ့စွာပြောလိုက်ပြီး ပျောက်ကွယ်သွားလေသည်။

ယန်ဂေါင်က ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။ သို့သော် ဟန်ဖေးကျစ်ကတော့ စုမင်ထွက်ပြေး သွားရာဘက်ဆီသို့ ကြည့်ရင်း မျက်မှောင်ကြုတ်လျက်ပင် ရှိနေလေသည်။ စုမင်နှင့် ပတ်သက်၍ ရင်းနှီးမှု တစ်စုံတစ်ရာ ရှိနေသော်လည်း အချိန်တိုအတွင်း မမှတ်မိနိုင်ပဲ သူနှင့်ပတ်သက်၍ မည်သည့်အချက်ကိုမျှ ရှာမတွေ့ချေ။

စုမင်သည် ထိုအချိန်တွင် နာကျင်နေသည့် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး သူ့နှလုံးသားသည် ကွဲကြေသွားသကဲ့သို့ပင် ဖြစ်သည်။ သွေးတို့က သူ့ပါးစပ်မှ ကျဆင်းနေပြီး ထိုအရာကြောင့်ပင် မျက်ခုံးအလယ်ရှိ ကျောက်စိမ်းဓားငယ် အမှတ်အသားကလည်း မှိန်ဖျော့နေလေပြီး ကြီးမားသည့် အနီရောင် အမှတ်တစ်ခုက ဓားငယ်ပေါ်တွင် ရှိနေချေသည်။

‘အဲဒါ ယန်လွမ်ပဲ’

စုမင်အတွက် ဧရာမအမျိုးသမီး မျက်နှာကို မြင်ဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဟန်တောင်တန်း၏ သွယ်ဆက်ကြိုးတန်းများကို ဟယ်ဖုန်းစိန်ခေါ်စဉ်က သူမကိုတစ်ကြိမ်မြင်ခဲ့ဖူးသည်​။

‘သူမက သေချာပေါက်ကို ရုပ်နယ်လွန်အဆင့်က သာမန်စွမ်းအားကြီး မာန်စွမ်းအားရှင် မဟုတ်ဘူး။ သူမအခုလေးတင် ထုတ်ဖော်လိုက်တဲ့ မာန်အတတ်က တစ်စုံတစ်ယောက်ကို သတိမပြုမိပဲ ချက်ချင်း သေသွားစေနိုင်တယ်​’

စုမင် ပါးစပ်အပြည့်သွေးတို့ကို ထပ်ထွေးထုတ်လိုက်ရပြီး ရှေ့သို့ရုန်းကန် ရွေ့လျားနေရင်း ရင်ဘတ်ထဲမှ တောင်အရပ်ခွဲခွာ တစ်လုံးကို ညာဘက်လက်ဖြင့် ထုတ်ယူလိုက်ပြီး ပါးစပ်ထဲသို့ထည့်ကာ ရှေ့သို့ဆက်လက် ပြေးလွှားလိုက်သည်။

ဟန်ဖေးကျစ်နှင့် ယန်ဂေါင်တို့ကလည်း အမြန်နှုန်း အပြည့်ဖြင့် မရပ်မနား လိုက်လံဖမ်းဆီး နေကြ၏။

“သခင်၊ ယန်လွမ်ရဲ့ စွမ်းအားက ရုပ်နယ်လွန် အလယ်ဆင့်လောက်မှာ ဖြစ်လိမ့်မယ် ... သူမက ကမ္ဘပေါ်မှာ အကြီးအကဲထက် ပိုစွမ်းအားမြင့်တဲ့ မျိုးနွယ်စုခေါင်းဆောင် အနည်းငယ်ထဲက တစ်ယောက်ပဲ”

“အရောင်စုံရေကန် မျိုးနွယ်စုက တခြားမျိုးနွယ်စုတွေနဲ့ မတူပဲ နည်းနည်း ကွဲပြားတယ်။ အကြီးအကဲက မျိုးနွယ်စုရဲ့ ခေါင်းဆောင်မဟုတ်ပဲ မျိုးနွယ်စု ခေါင်းဆောင်ကသာ ခေါင်းဆောင်ပဲ။ ကြည့်ရတာ သူမက ဒီကို ရောက်နေပုံရတယ် …”

ဟယ်ဖုန်း၏အသံထဲတွင် ကြောက်ရွံ့မှုတို့ သိသာစွာပါနေချေသည်။

ဟယ်ဖုန်း၏ စကားတို့ကို စုမင်ကြားသောအခါ သူ့မျက်နှာက ပိုမိုမည်းမှောင်သွားသည်။ အံကြိတ်လိုက်ပြီးနောက် ဒဏ်ရာတို့ကို အမှုမထားပဲ ရှေ့သို့သာ ဆက်လက် ပြေးလွှားလိုက်လေသည်။ ထွက်ပြေးနေရင်းမှပင် တောင်အရပ်ခွဲခွာ အရေအတွက် များစွာကိုလည်း သောက်သုံးလိုက်ပြီး ထိုမှရသည့် စွမ်းအားနှင့် သူ၏အမြန်နှုန်းကို ထိန်းသိမ်းထားရပြီး အရှိန်ကို လျှော့ချကာ ဒဏ်ရာများကို ကုသရန် မတတ်နိုင်ချေ။

ဟန်ဖေးကျစ်နှင့် ယန်ဂေါင်တို့သည်လည်း သူ့ကိုလိုက်လံ ဖမ်းဆီးရင်းမှ ပိုမိုအံ့အားသင့် လာကြသည်။ စုမင်၏ ကြီးမားသည့် ဒဏ်ရာတို့ကြောင့် သူ့အနေဖြင့် အဝေးသို့ အချိန်ကြာကြာပြေးနိုင်မည် မဟုတ်ဟု ၂ ယောက်လုံး တွေးထင်ထားခဲ့ သော်လည်း လေးနာရီခန့် ကုန်ဆုံးသွားသည့်တိုင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ဧည့်သည်သည် ရှေ့သို့လျင်မြန်စွာ ဦးတည် ပြေးလွှားနေဆဲပင် ဖြစ်သည်။

မျက်နှာဖုံးအောက်ရှိ စုမင်၏မျက်နှာသည် ဖျော့တော့နေခဲ့ပြီ ဖြစ်သည်။ တောင်အရပ်ခွဲခွာ၏ အကူအညီဖြင့် ဒဏ်ရာများကို ကုသနေသော်လည်း ထိုင်ချပြီး ကုသရန် အချိန်မရှိသဖြင့် လွတ်မြောက်နေသည့် နာရီများသည် သူ့အတွက် ကောင်းမွန်လာရန် ပိုမိုခက်ခဲလာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့်တော့ သူ့ရင်ဘတ်ရှိ ဒဏ်ရာမှ စူးရှသည့်နာကျင်မှုပင် ဖြစ်သည်။ ထိုအရာသည် အနည်းငယ်မျှပင် သက်သာမသွားခဲ့ချေ။

ရှေ့သို့ ပြေးလွှားနေရင်းမှပင် ထိုအရာသည် သူ့နှလုံးသားတစ်ခုလုံး ကွဲကြေသွားတော့မည်ကဲ့သို့ ပိုမိုနာကျင်လာလေသည်။

‘အရောင်စုံရေကန် မျိုးနွယ်စု’

ထိုနာမည်ကို သူ့နှလုံးသားအတွင်း တေးမှတ်ထားလိုက်ပြီ ဖြစ်သည်။ သို့သော် ယန်လွမ်နောက်တစ်ကြိမ် ပေါ်ပေါက်လာမည်ကို စိုးရိမ်၍ မရပ်တန့်ရဲချေ။ သူမထိုသို့ ပေါ်လာခဲ့သည်နှင့် သူထွက်ပြေးရန် ခက်ခဲသွားတော့မည် ဖြစ်သည်။

“သခင်၊ ယန်လွမ် နောက်တစ်ကြိမ် ပေါ်မလာလောက်တော့ဘူးလို့ ကျွန်တော်ထင်တယ်”

ဟယ်ဖုန်း၏ သတိကြီးစွာ ထားနေသည့် အသံသည် ဖုံးကွယ်မထားနိုင်သည့် စိုးရိမ်မှု အပြည့်ဖြင့် စုမင်စိတ်ထဲ၌ ပေါ်ပေါက်လာသည်။ သူ စုမင်ကို မသေစေချင်သေးပေ။ စုမင်သာ သေဆုံးသွားခဲ့လျှင် သူ့အတွက်လည်း အသက်ရှင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

“ဆက်ပြီးတော့”

သူ့ဉာဏ်ရည်နှင့် အတွေ့အကြုံသည် ဟယ်ဖုန်းနှင့်မယှဉ်နိုင်မှန်း သူသိသည်။ ဟယ်ဖုန်း၏ စကားတို့ကို ကြားသောအခါ အရေးကြီးသည့်အတွေးတချို့က သူ့ခေါင်းထဲ၌ ထွက်ပေါ်လာသည်။

“ယန်လွမ်ရဲ့ စွမ်းအားက မယုံနိုင်လောက်အောင် ထိတ်လန့်ဖို့ကောင်းတယ်။ သူမသာ အလိုရှိတဲ့ အချိန်တိုင်း ပေါ်လာနိုင်မယ် ဆိုရင် လျှို့ဝှက်နယ်မြေထဲကို ဝင်လာတဲ့ မျိုးနွယ်စု ၂ ခုက ဧည့်သည်တွေ အားလုံး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ တစ်ကယ်တော့ နေရာတွေမှာ လိုက်လံစစ်ဆေးဖို့ လူတွေပို့စရာတောင် လိုမှာ မဟုတ်​ဘူး …”

ဟယ်ဖုန်းစိတ်က မယုံနိုင်လောက်အောင် လျင်မြန်နေပြီး သူ့ခွဲခြမ်း စိတ်ဖြာချက်တို့ကို စုမင်အား ဆက်ပြောပြနေသည်။

“ဒါပေမဲ့ သူမက မင်းကိုသတ်ဖို့ ဟန်ဖေးကျစ်နဲ့ ယန်ဂေါင်တို့ကို လွှတ်လိုက်တယ်။ ငါတို့ဥမင်ထဲက ထွက်လာတဲ့ အချိန်မှာလည်း ဝတ်ရုံအနီနဲ့လူကို တွေ့ခဲ့ရတယ်။ ဆိုလိုချင်တဲ့ သဘောက …”

“ဆိုလိုတာက ယန်လွမ်ရဲ့စွမ်းအားက ဒီနေရာမှာ အကန့်အသတ် ရှိနေတယ်။ ဒါမှမဟုတ် သူမက တစ်နေရာတည်းမှာ နေဖို့ ဖိအားပေးခံထားရပြီး ထွက်မသွားနိုင်လို့ပဲ။ ဒါကြောင့် သူမက ဒီလိုနည်းလမ်းမျိုးကို သုံးပြီးတော့ တိုက်ခိုက်ခဲ့တာပဲ” စုမင် ရုတ်တရက် ပြောလိုက်၏။

“မယုံနိုင်စရာပဲ သခင်၊ ယန်လွမ်ရဲ့ ဖြစ်ပေါ်လာတဲ့ ပုံရိပ်ကနေ တိုက်ခိုက်မှုက မရိုးရှင်းဘူး။ မဟုတ်ရင် သူမက နောက်တစ်ကြိမ် ပေါ်လာမှာဖြစ်ပြီးတော့ မင်းလည်းအခုလို အချိန်ကြာကြာ လွတ်မြောက်နေနိုင်မှာ မဟုတ်ဘူး” ဟယ်ဖုန်းက စုမင်ကို သူ့အတွေးတို့အား ပြောပြလိုက်သည်။

စုမင်၏မျက်လုံးတို့သည် တောက်ပသွားပြီး သူတာရှည် တောင့်မခံနိုင်တော့သည်ကို သူသိသည်။ သူ့မှာ တောင်အရပ်ခွဲခွာတွေ အများကြီး ရှိနေသေးသော်လည်း သူ့ရင်ဘတ်မှ စူးရှသည့် ဝေဒနာကို ဆက်၍ပစ်ထားမည် ဆိုပါက သူ့ခန္ဓာကိုယ်သည် ၎င်းဒဏ်ကိုခံနိုင်တော့မည် မဟုတ်​​ပေ။

“ဟယ်ဖုန်း မင်းလက်ထဲမှာ လှည့်ကွက်တချို့ ရှိနေသေးတယ် ဆိုတာ ငါသိတယ်။ ငါသေရင် မင်းလည်း အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။ တော်တော့ ဖုံးကွယ်မနေနဲ့တော့။ မင်းဟန်ဖေးကျစ်နဲ့ တခြားတစ်ယောက်ကို ခဏလောက် ထိန်းထားပေးနိုင်မလား”

စုမင် အသက်ပြင်းပြင်းရှူလိုက်ပြီး ဟယ်ဖုန်းဆီသို့ သူ့အတွေးတို့ကို ပို့ပေးလိုက်သည်။

“သခင်၊ ငါ့ရဲ့ အခုအခြေအနေနဲ့ဆိုရင် သူတို့ကို အမွှေးတိုင်တစ်ဝက်ထွန်းစာ အချိန်လောက်ပဲ တားထားနိုင်လိမ့်မယ် …”

“အဲဒါက လုံလောက်ပါတယ် …”

စုမင်ရပ်လိုက်ကာ ချက်ချင်းပင် မြေပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး တောင်အရပ်ခွဲခွာ အနည်းငယ်ကို ထုတ်ယူလိုက်ကာ ပါးစပ်အတွင်းသို့ တစ်ခုထည့်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်ပြီး ချီတို့ကို စတင်လှည့်ပတ်လိုက်သည်။

အချိန်တို့ ကုန်ဆုံးသွားပြီး ခဏအကြာတွင် စုမင်အနောက်ဘက် ကောင်းကင်၌ အဖြူရောင်တိမ်တစ်ခုက ပေါ်ပေါက်လာသည်။ ထိုအဖြူရောင်တိမ်စိုင်က စုမင်နှင့် ပေ ၁၀၀၀ ခန့် အကွာအဝေးသို့ ရောက်လာချိန်တွင်တော့ သူ့ခန္ဓာကိုယ်မှ မှိန်ဖျော့ဖျော့အလင်းတို့ ထွက်ပေါ်လာပြီး ဟယ်ဖုန်း သေးသေးလေးက အပြင်၌ ပေါ်လာချေသည်။

သူ့မျက်နှာကိုတော့ ဖုံးကွယ်ထားလိုက်ပြီ ဟန်ဖေးကျစ်အနေဖြင့် သူ့ကို သတိမပြုမိစေလိုချေ။ မဟုတ်လျှင် ထိုအရာသည် စုမင်အနေဖြင့် သူ့အပေါ် မကျေမနပ်ဖြစ်ပြီး သံသယတို့ ကြီးမားသွားစေလိမ့်မည် ဖြစ်သည်။ သူထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟယ်ဖုန်းသည် ညာဘက်လက်ကို မြှောက်လိုက်ပြီး ကောင်းကင်မှ နီးကပ်လာနေသည့် အဖြူရောင် တိမ်စိုင်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

စုမင် ထိုင်နေသည့်နေရာ၌ ဂယက်တို့ဖြစ်ပေါ်လာပြီး အဖြူရောင် တိမ်စိုင်ထံသို့ ချဉ်းကပ်သွားကာ ဟယ်ဖုန်း ခန္ဓာကိုယ်တစ်ဝိုက်မှ မှိန်ဖျော့ဖျော့အလင်းတို့က အပြင်သို့ ပျံ့နှံ့ သွားလေသည်။

မှိန်ဖျော့ဖျော့အလင်းသည် စုမင်ပတ်လည်ရှိ ပေ၅၀၀ ဧရိယာကို ဖုံးလွှမ်းသွားလေသည်။ ဟယ်ဖုန်းသည် လေထဲတွင် တင်ပျဉ်ချိတ် ထိုင်လိုက်ရင်း မျက်လုံးတို့ကို ပိတ်ထားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် အလင်းနှင့်အတူ ရောယှက်သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွား တော့သည်။ ဤနည်းအားဖြင့်သာ စုမင်အတွက် အချိန်အနည်းငယ် ရရန် ဟန်ဖေးကျစ်နှင့် ယန်ဂေါင်တို့ကို တားဆီးထား နိုင်လေသည်။

လေထဲတွင် မိုးခြိမ်းသံကဲ့သို့ ဆူညံသံကြီး ထွက်ပေါ်လာသည်။ ယန်ဂေါင်သည် အပြာရောင်လှံရှည်နှင့်အတူ မှိန်ဖျော့ဖျော့ အလင်းကို ဆက်တိုက် တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ၎င်းသည် အချိန်မရွေး ပြိုကွဲတော့မည့်ဟန် ပေါ်လာလေသည်။

အကြည့်တစ်ချက်နှင့်ပင် ဟန်ဖေးကျစ်သည် မှိန်ဖျော့ဖျော့ အလင်းအတွင်း၌ စုမင်ထိုင်နေသည်ကို မြင်လိုက်ရ၏။ ထူးဆန်းသည့် အလင်းက သူမမျက်လုံးထဲတွင် ပေါ်လာပြီးနောက် စတင် လှုပ်ရှားလိုက်သည်။ အဖြူရောင် တိမ်စိုင်တို့သည် မှန်ဖျော့ဖျော့ အလင်းကို ဝန်းရံသွားပြီး ကြီးမားသည့် ဖိအားဖြင့် ထိုအလင်းဖုံးလွှမ်းထားသည့် ဧရိယာကို အဆက်မပြတ် ကျုံ့လာစေသည်။

***

All Chapters