← Chapters

ဒီမိန်းမကို နားကိုမလည်နိုင်တော့ဘူး

Vol. 11 Ch. 152

ဒီမိန်းမကို နားကိုမလည်နိုင်တော့ဘူး

Vol. 11 Ch. 152

ပေ ၄၀၀၊ ပေ ၃၀၀၊ ပေ၂၀၀ ... မှိန်ဖျော့ဖျော့အလင်း ဖုံးလွှမ်းနေသည့် ဧရိယာသည် ပေ ၁၀၀ အထိ ကျုံ့သွားချိန်တွင် အလင်းမျက်နှာပြင်သည် မယုံနိုင်လောက်အောင် မှုန်မှိုင်းလာချေသည်။ ထိုအချိန်မှာပင် ယန်ဂေါင်သည် ခပ်အုပ်အုပ် မြည်ကြွေးလိုက်ပြီး လက်ထဲမှ အပြာရောင် လှံရှည်ဖြင့် မှိန်ဖျော့ဖျော့ အလင်းမျက်နှာပြင်ကို ထိုးသွင်းလိုက်သည်။

အလင်းမျက်နှာပြင်သည် ချက်ချင်းပင် ပြိုကွဲသွားပြီး မရေမတွက်နိုင်သော အမှုန်များအဖြစ် ပြောင်းကာ နောက်သို့ ဆုတ်ခွာသွားသည်။ ၎င်းတို့က လေထုအလယ်တွင် စုဝေးသွားသောအခါ မျက်နှာကို ဖုံးကွယ်ထားသည့် ဟယ်ဖုန်း၏ပုံက ပြန်ပေါ်လာလေသည်။ သူပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယန်ဂေါင်လက်ထဲမှ လှံရှည်သည် စူးရှသည့်အသံပြုကာ စုမင်ထံသို့ တိုးဝင်သွားလေသည်။

သူ့ဘေး၌ ရပ်နေသည့် ဟန်ဖေးကျစ်၏ မျက်လုံးတို့သည် အေးစက်နေ၏။ သူမလက်ကို မြှောက်လိုက်ချိန်တွင် တိမ်စိုင်များစွာ စုပေါင်းသွားပြီး ကြီးမားသည့် တိမ်တိုက်လက်ကြီး အဖြစ်သို့ ပြောင်းကာ ရှေ့သို့တိုးဝင် သွားချေသည်။

ဟယ်ဖုန်း စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ အကယ်၍ စုမင်သေလျှင် သူလည်း စုမင်နှင့်အတူ ချက်ချင်း သေဆုံးမည်ကို သူကောင်းစွာနားလည်သည်။ ထို့ကြောင့် အံကြိတ်ကာ ဟိန်းဟောက်လိုက်ပြီး မှိန်ဖျော့ဖျော့ အလင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ထပ်မံတောက်ပလာပြီး စုမင်ခန္ဓာကိုယ် ပတ်ဝန်းကျင် ပေ ၃၀ ခန့်ကို ဖုံးလွှမ်းသွားပြန်သည်။ သို့သော် ထိုအရာသည် ယန်ဂေါင်၏ လှံရှည်နှင့် တိုက်မိသွားသည်နှင့် ဖိအားကို တောင့်မခံနိုင်ဘဲ နောက်တစ်ကြိမ် ပြိုကွဲသွားလေသည်။

ဤမျှက ဟယ်ဖုန်း၏ အကန့်အသတ် ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ပျံ့လွင့် ပျောက်ကွယ်သွားတော့မည်ကဲ့သို့ မှုန်မှိုင်းလာပြီး သူ အက်ကွဲစွာ ရယ်မောလိုက်မိသည်။ သူစိတ်ပျက်လက်ပျက် ဖြစ်သွားချိန်တွင်ပင် စုမင်ခန္ဓာကိုယ်မှ ပြင်းထန်သည့် စုပ်ယူအားတစ်ခု ပေါ်လာပြီး ဟယ်ဖုန်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ ချက်ချင်းပြန်လည် စုပ်ယူသွားလေသည်။

တစ်ချိန်တည်းမှာပင် စုမင်မျက်လုံးတို့ကို ဖွင့်လိုက်၏။ အေးစက်စက် အကြည့်တစ်ချက်က မျက်လုံးတို့တွင် ဖြစ်ပေါ်သွားပြီးနောက် သတ်ဖြတ်လိုသည့် အသိတို့ ပေါ်ပေါက် လာချေသည်။

မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အနီရောင် အလင်းက စုမင်ခြေထောက်အောက်တွင် တောက်ပသွားပြီး မြက်ခင်းနီသည် အလျင်အမြန် ပျံ့နှံ့သွားကာ ပေ ၁၀၀ ဧရိယာကို ဖုံးလွှမ်းလျက် ယန်ဂေါင်၏ လှံရှည်နှင့် ဟန်ဖေးကျစ်၏ ဧရာမလက်ကြီးတို့ကို ဟန့်တားသည့် အကာအကွယ် အလွှာတစ်ခုကို ဖော်ထုတ်လိုက် လေသည်။

ကောင်းကင်၌ မြည်ဟီးသံတို့ ထွက်ပေါ်လာပြီး ယန်ဂေါင်၏ လှံရှည်သည် တားဆီးခံလိုက် ရချေသည်။ ၎င်းရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် စုမင်ညင်သာစွာ မတ်တတ် ထရပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ဟန်ဖေးကျစ်ကို လျစ်လျူရှုထားပြီး ယန်ဂေါင်ထံသို့ ဦးတည်၍ လျင်မြန်စွာ သွားလိုက်ပြီး နီးကပ်သွားချိန်တွင် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်လေသည်။

ယန်ဂေါင်အပေါ်သို့ သူ့လက်သီး ကျရောက် သွားချိန်တွင် ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး ပေါက်ကွဲသံတစ်ခုနှင့်အတူ နောက်သို့ဆုတ်သွားရကာ သွေးတို့ ထွေးထုတ်လိုက် ရချေသည်။

သတ်ဖြတ်လိုသည့် အသိက စုမင်မျက်လုံးတို့တွင် ဖြစ်ပေါ်လာပြီး ထိုသူကို လိုက်၍ သတ်ရန် ဦးတည်လိုက်သည်။

ဟန်ဖေးကျစ်သည် မြက်ခင်းနီကို မြင်လိုက်ချိန်တွင် ခဏတာ အံ့သြသွားလေသည်။ အကြောင်းပြချက် အချို့ကြောင့် သူမထိုမြက်ခင်းပြင်ကို အရင်က မြင်ခဲ့ဖူးသလို ခံစားလိုက်ရသည်။ ထိုနေ့က မိုးသစ်တောအတွင်းရှိ လိုဏ်ဂူတွင် ဖြစ်ပျက်ခဲ့သည့် အရာတို့သည် အရမ်းကို လျင်မြန်ခဲ့ပြီး သူမ ရှင်းလင်းစွာ မမြင်နိုင်ခဲ့ပေ။

သူမ မှင်တက်နေမှုမှ ပြန်လည် သတိဝင်လာချိန်တွင် စုမင်သည် သူ့ညာဘက်လက်ကို သူမဆီသို့ မြှောက်လိုက်သည်။ မြွေအနက် တစ်ကောင်သည် ချက်ချင်း ပေါ်ပေါက်လာပြီး သေးငယ်သည့် အနက်ရောင်မြူ အလွှာတစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။ မြွေခေါင်းသည် မြူထဲတွင် ပေါ်ပေါက်လာပြီး ဟန်ဖေးကျစ်အား မျိုချလိုဟန်ဖြင့် ပါးစပ်ကျယ်ကြီးကို ဟလျက် သူမထံတိုးဝင် လာချေသည်။

ထိုအရာအားလုံးသည် ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဟန်ဖေးကျစ် အေးစက်စက် လှောင်ပြုံးတစ်ခုကို ပြုံးလိုက်ရင်း ရွှေရောင်အလင်းက သူမခန္ဓာကိုယ် တစ်ခုလုံးမှ ထွက်ပေါ်လာပြီး မြူနက်တို့မှ ဖြစ်ပေါ်လာသည့်မြွေကို အာရုံမစိုက်ဘဲ ထိုအစား ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ယန်ဂေါင်အား စုမင်သတ်ခြင်းမှ ကာကွယ်ရန်နှင့် စုမင်ကို အရှင်ဖမ်းဆီးနိုင်ရန် ရှေ့သို့ ဦးတည်လိုက်သည်။

“ဟယ်ဖုန်း၊ မင်းက ဒီမှာသူမကို တားဆီးထားနိုင်မဲ့ တစ်ဦးတည်းသော သူပဲ။ မင်းက အခုထိ မတိုက်ခိုက်သေးဘူးလား။ ဘယ်လောက်ကြာတဲ့အထိ စောင့်နေဦးမှာလဲ”

စုမင်၏မျက်လုံးများက တောက်ပနေသည်။ ဟန်ဖေးကျစ်နှင့် မတိုက်ခိုက်ခင် ယန်ဂေါင်ကို အရင်သတ်ရမည်ဖြစ်ပြီး ထို ၂ ယောက်ကို ပူးပေါင်းခွင့် မပေးလိုက်နိုင်ပေ။ ဟန်ဖေးကျစ်သည် မြူကိုဂရုမစိုက်ပဲ ရှေ့သို့တက်လာသည်ကို မြင်သောအခါ သူချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ပြီး ထိုစကားလုံးများကို အသံကျယ်ကျယ်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုစကားများကို ကြားသောအခါ ဟန်ဖေးကျစ်မျက်နှာပေါ်ရှိ တည်ငြိမ်သော အမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွားလေသည်။ သူမက ရပ်တန့်သွားပြီး ခေါင်းကို အလိုအလျောက် မော့ကြည့်လိုက်မိသည်။ သည်လူကို ရင်ဆိုင်ရသောအခါ ရင်းနှီးနေသည့် ခံစားချက် ဘာကြောင့်ရခဲ့လဲဆိုသည့် အဖြေကို သိလိုက်ရပြီဖြစ်သည်။

သို့သော် ထိုအဖြေအတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးတစ်ခုရှိပြီး ၎င်းတန်ဖိုးမှာ ယန်ဂေါင်၏ အသက်ပင်ဖြစ်သည်။

စုမင်၏ စကားများကြောင့် ဟန်ဖေးကျစ် အံ့အားသင့်သွားခဲ့ချိန်တွင် သူက ယန်ဂေါင်နှင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ့မျက်ခုံးအလယ်ရှိ ဓားအမှတ်အသားမှာ တောက်ပသွားပြီး စူးရှစွာမြည်လျက် ယန်ဂေါင်ထံ ဦးတည်သွားလေသည်။ ထိုအရာက လျင်မြန်စွာ သွားလိုက်ပြီး ယန်ဂေါင်နှင့် နီးကပ်သွားသည့် ခဏတွင် သူ့မျက်ခုံးများ အလယ်သို့ ထိုးဖောက် သွားတော့သည်။

ထိုသူသည် ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး နာကျင်စွာ ငိုကြွေးလိုက်သည်။

ထို့နောက် လေထုထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဓားငယ်၏ စွမ်းအား အကြွင်းအကျန်တို့ကြောင့် နောက်သို့ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရကာ မြေပေါ်သို့လဲကျ သေဆုံးသွားလေသည်။

စုမင်လည်း အပြင်းအထန် ညည်းတွားလိုက်ရပြီး နဖူးပေါ်တွင် ချွေးတို့ ထွက်လာချေသည်။ သူ့မျက်နှာသည်လည်း ဖျော့တော့နေပြီး ရင်ဘတ်မှနာကျင်မှုက ပို၍ မြင့်မားလာလေသည်။

စုမင်သည် ထိုသို့ ဆက်တိုက် လုပ်ဆောင်မှုအတွက် သူ၏စွမ်းအားများစွာကို အသုံးချခဲ့ရသည်။ ယန်ဂေါင်ကို သတ်လိုက်ချိန်တွင် သူ၏သွေးကြောလမ်းကြောင်း အတွင်း၌ သိုလှောင်ထားသည့် ဝိညာဉ်စွမ်းအားများကိုလည်း အကုန်နီးပါး အသုံးချခဲ့ရသည်။

ယခုအချိန်တွင် သူသည်လက်ထဲ၌ အနီရောင်သားရဲအရေကို ကိုင်ထားပြီး အနီရောင်မြက်ခင်းပြင်ကတော့ သူ၏ခြေထောက်အောက် ပေ ၁၀၀ ဧရိယာကို ဖုံးအုပ်ထားလေသည်။ စုမင် ခန္ဓာကိုယ်အတွင်းရှိ လ၏အတောင်ပံ များသည်လည်း ပြန့်ကျဲသွားကြပြီး ထိုဧရိယာကို ဖုံးလွှမ်းသွားကာ အသံမဲ့ ဟိန်းဟောက်အော်မြည်သံတို့ ပြုလုပ်လိုက်ကြသည်။

သေးငယ်သည့် ကျောက်စိမ်းဓားမြှောင်ငယ်သည် မှေးမှိန်လာပြီးနောက် ဓားကိုယ်ထည်ပေါ်၌ အနီရောင် အစက်အပျောက်များ ပေါ်လာနေသည်မှာ ၎င်းတို့သည် ဓားထဲသို့ စိမ့်ဝင်သွားသကဲ့သို့ပင် ဖြစ်၏။ ထိုမြင်ကွင်းသည် ကြည့်ရှုရန် အလွန်ကြောက်စရာ ကောင်းသည့် မြင်ကွင်းဖြစ်သည်။ ယခုအချိန်တွင် ဓားသည် စုမင်နံဘေးတွင် လွင့်မျောနေပြီး မှိန်ဖျော့အားနည်းနေသည့် အော်ရာအရှိန်အဝါကို ထုတ်လွှတ်နေချေသည်။

ဟန်ဖေးကျစ်သည် စုမင်နှင့် ပေရာပေါင်းများစွာ အကွာတွင်ရပ်လျက် သူ့ကို ငေးကြည့်နေရင်း ကြောက်စရာကောင်းသည့် အမူအရာက သူမမျက်လုံးတို့တွင် ဖြစ်ပေါ်လာလေသည်။ သူမရှေ့ရှိ ထိုလူကို အချိန်ကြာမြင့်စွာ ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ပဲ ယခု သည်နေရာတွင် သူ့ကိုတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မင်းက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည် ... ပြီးတော့ မှိန်ဖျော့ဖျော့ အလင်းထဲက လူသေးသေးလေးကတော့ ဟယ်ဖုန်းဖြစ်လိမ့်မယ်။ ဒီပစ္စည်းကတော့ …”

ဟန်ဖေးကျစ် မျက်လုံးတို့သည် တောက်ပသွားပြီး သေးငယ်သည့် ကျောက်စိမ်းဓားမြှောင်ငယ်ကို ငေးမောကြည့်လိုက်သည်။

“ဒါက ဟယ်ဖုန်းရဲ့ ကြီးမြတ်တဲ့ ရတနာပဲ ဖြစ်လိမ့်မယ်။ ဘယ်သူသိမှာလဲ …။ ရွှမ်းလွမ်နဲ့ငါက ဒီအရာအတွက် အချိန်တွေ အများကြီး တိုက်ခိုက်ခဲ့ကြပြီးတော့ အဆုံးမှာ ဒါကို ပိုင်ဆိုင်သွားတဲ့လူက မင်းဖြစ်နေလိမ့်မယ်လို့။ ဒါက ငါတို့တွေတွေ့တဲ့ ဒုတိယအကြိမ် ဖြစ်ပြီးတော့ မင်းရဲ့စွမ်းအားတွေက အကြီးအကျယ် ပြောင်းလဲသွားတယ်။ မင်းက အရေးမပါ မထင်ရှားတဲ့လူ တစ်ယောက် မဖြစ်နိုင်ဘူး။ မင်းကဘယ်သူလဲ”

“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ဧည့်သည်တော် မော့စု”

စုမင် အသံအက်အက်ဖြင့် ပြောလိုက်ပြီး မျက်နှာဖုံးအောက်မှ နေ၍ ဟန်ဖေးကျစ်ကို အေးစက်စွာ ကြည့်လိုက်၏။

ဟန်ဖေးကျစ် စုမင်ကို ကြည့်လိုက်ရင်း တိတ်ဆိတ်သွားမိသည်။

စုမင်သည်လည်း မည်သည့်စကားမျှ ပြန်မပြောဆိုပဲ ဟန်ဖေးကျစ်ကိုသာ စိတ်တင်းကျပ်စွာဖြင့် စိုက်ကြည့် နေလိုက်သည်။

“ရှင်က ဒဏ်ရာအပြင်းအထန် ရနေပြီးတော့ ကျွန်မမှာ ရှင့်ကို သတ်ပစ်နိုင်မဲ့ အခွင့်အရေး ၇ ပုံလောက် ရှိနေတယ်”

အသက်ရှူချိန် တစ်ဒါဇင်ခန့် ကုန်ဆုံးသွားချိန်မှာတော့ ဟန်ဖေးကျစ် နူးညံ့စွာ ပြောလိုက်သည်။

“ငါ့မှာလည်း မင်းကို ငါနဲ့အပါခေါ်သွားနိုင်ဖို့ အခွင့်အရေးရပုံလောက် ရှိတယ်”

စုမင် အေးစက်စွာ ပြောလိုက်ချိန်တွင် သူ့နံဘေးမှ ကျောက်စိမ်းဓားမြှောင်ငယ် လေးကလည်း ခပ်တိုးတိုး မြည်တမ်းသံ တစ်ခုကို ထုတ်ဖော်လိုက်လေသည်။

“ကျွန်မ ရှင့်ကို ယုံတယ်”

ဟန်ဖေးကျစ် မျက်နှာပေါ်တွင် အပြုံးတစ်ခုက စတင် ဖြစ်ပေါ်လာသည်။ သူမ၏အပြုံးကို မျက်နှာကာဖြင့် ဖုံးကွယ်နေသော်ငြား ထိုအရာသည် လှပနေဆဲပင် ဖြစ်သည်။ သူမမျက်နှာကို မျက်နှာကာဖြင့် ဖုံးကာထားချိန်တွင်ပင် အပြုံးကို ထပ်ပေါင်းလိုက်သောအခါ ပြိုင်ဘက်မရှိသည့် အလှလေး တစ်ယောက်သဖွယ် ဖြစ်နေဆဲဖြစ်သည်။

“အခု ရှင်ဘယ်သူလဲ ဆိုတာ သိသွားပြီမို့ ကျွန်မအတွက် လုံလောက်သွားပြီ။ ရှင့်ကို အခွင့်အရေးတစ်ခု ပေးမယ်။ ရှင်ဘယ်သူလဲ ဆိုတာကို ကျွန်မဖော်ထုတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာကနေသာ အသက်ရှင်လျက် ထွက်သွားနိုင်ခဲ့မယ် ဆိုရင် နောက်ကျရင် ကျွန်မရဲ့တောင်းဆိုမှု တစ်ခုကို ဖြည့်ဆည်းပေးရလိမ့်မယ်”

ထို့နောက် စုမင် သူမစကားတို့ကို သဘောတူလား ဆိုသည်ကိုပင် မမေးတော့ပဲ ညင်သာစွာ ရယ်မောလျက် သူမခြေထောက်အောက်ရှိ မိုးတိမ်ဖြူနှင့်အတူ လေထဲသို့ လွင့်မျော သွားလေသည်။ သူမအဝတ်အစားများက ကခုန်နေသကဲ့သို့ လေထဲတွင် လွင့်မျောနေရင်းမှ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။

စုမင် မျက်မှောင်ကြုတ် လိုက်မိသည်။ သူ့ရှေ့မှ ထိုမိန်းမကို နားမလည်နိုင်တော့ချေ။

ဟန်ဖေးကျစ် မိုးကုပ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားသောအခါ စုမင် တိတ်ဆိတ်နေရာမှ ယန်ဂေါင်၏ အလောင်းကို တစ်ချက်ကြည့်ကာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီး တွေ့သမျှ အရာအားလုံးနှင့် အပြာရောင်လှံရှည်ကို ယူကာ လျင်မြန်စွာ ထွက်ခွာလိုက် သွားလိုက်သည်။

၂ နာရီကြာပြီးနောက် တောင်တန်းများကြားရှိ ဆိတ်ငြိမ်သော နေရာတွင် စုမင် ခြေချိတ်ထိုင်ချလိုက်သည်။ သူ့ရင်ဘတ်မှ နာကျင်မှုသည် ပိုမိုပြင်းထန်လာနေပြီ ဖြစ်သည်။ ထိုအခိုက်တွင် မျက်စိကိုပိတ်ကာ တောင်အရပ်ခွဲခွာကို သုံး၍ စတင် ကျင့်ကြံလိုက်ပြီး ဒဏ်ရာတို့ကို ကုသလိုက်သည်။ ဒီနေရာသည်ပို၍ အန္တရာယ် များလာခဲ့ပြီဖြစ်ပြီး သူအမြန်ကုသရန် လိုအပ်ချေသည်။

ဟန်တောင်တန်းဘိုးဘေး ပိုင်ဆိုင်သည့် လျှို့ဝှက်နယ်မြေရှိ ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ကြီးသည်လည်း ထိုအတိုင်းပင်ရှိနေဆဲ ဖြစ်သည်။ မည်သည့်အခါမျှ နေ့အလင်းရောင် ရောက်လာမည် မဟုတ်သော်လည်း ဤနေရာသည် မှောင်မည်းမနေချေ။ ဧရိယာတစ်ခုလုံးတွင် အလင်းဖျော့ဖျော့ရှိနေပြီး မာန်စွမ်းအားရှင်တို့၏ မျက်လုံးထဲတွင်တော့ နေ့အလင်းရောင်နှင့် မခြားပေ။

နာရီအနည်းငယ် ကြာပြီးနောက် စုမင် တရားထိုင်နေခြင်းမှ ပြန်လည်နိုးထ လာသည်။ မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာသည် ဖျော့တော့ နေသေးသော်ငြား ဒဏ်ရာအများစု ကတော့ သက်သာသွားခဲ့ပြီ ဖြစ်သည်။ သူ၏အကြီးမားဆုံး ထိခိုက်မှုသည် သူ၏နှလုံးသားမှ ဖြစ်သည်။

အကယ်၍ ထူးခြားဆန်းကြယ်သည့် ကျောက်အပိုင်းအစလေး၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက စုမင်၏ နှလုံးသားသည် အရောင်စုံရေကန် မျိုးနွယ်စုခေါင်းဆောင်၏ မာန်အတတ်ဖြစ်သည့် ရယ်မောခြင်းကိုမခံနိုင်ပဲ အပိုင်းပိုင်း ကွဲကြေသွားခဲ့မည် ဖြစ်သည်။ ယခုအချိန်တွင် အတော်ပြန်ကောင်းလာပြီ ဆိုသော်ငြား နှလုံးသားထဲမှ နာကျင်မှုတော့ ခံစားနေရဆဲဖြစ်သည်။

ထိုနေရာ၌ ထိုင်နေရင်း ညာဘက်လက်ကို မြှောက်လျက် မျက်ခုံးအလယ်ရှိ အမှတ်အသားသို့ ဖိနှိပ်လိုက်သည်။ ချက်ချင်းပင် သူ့မျက်ခုံးအလယ်၌ အစိမ်းရောင် အလင်းတောက်ပလာပြီး ကျောက်စိမ်းဓားမြှောင်ငယ်လေးက သူ့မျက်စိရှေ့သို့ ပေါ်လာချေသည်။ ဓားကိုယ်ထည် ပေါ်တွင်တော့ အနီရောင်အစက်အပျောက် ၃ ခုရှိပြီး ၎င်းတို့က ဓား၏အရှိန်အဝါကို နှောင့်ယှက်လျက် စွမ်းအားကိုများစွာ လျော့ကျသွားစေသည်။

“ရုပ်နယ်လွန် အလယ်ဆင့်ကို ရောက်နေတဲ့ အစွမ်းထက် မာန်စွမ်းအားရှင်”

စုမင်တီးတိုး ရေရွတ်လိုက်သည်​။

သူ့ဘယ်ဘက်လက်ကို မြှောက်လျက် အနီရောင် အစက်များကို သုတ်ပစ်ပြီးရှင်းလင်းရန် ကြိုးစားသော်ငြား အချိန်အတော်ကြာပြီး နောက်မှာတော့ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။ သူ ထိုအနီရောင် အစက်များကို သုတ်မပစ်နိုင်ချေ။

ထို့နောက် တိတ်ဆိတ်နေစဉ်မှာပင် စုမင်အမူအရာသည် ရုတ်ခြည်း ပြောင်းလဲ သွားလေသည်။ သူတံဆိပ်ခတ်နှိပ်ထားသည့် ဧရိယာအတွင်း တစ်စုံတစ်ယောက် သူ့ထံသို့ နီးကပ်လာနေသည်ကို ခံစားလိုက်ရသည်။

‘အဲဒါ သူပဲ’

စုမင်မျက်လုံးတို့က ကျဉ်းမြောင်းသွားသည်။

တောင်ပေါ်တွင် တိတ်ဆိတ်နေပြီး တုန့်ဖန်းဟွာသည် ရှေ့သို့ သတိကြီးစွာ ထားလျက် သွားနေချေသည်။ သူ့ခန္ဓာကိုယ်၌ ဒဏ်ရာတို့ ပြည့်နှက်နေပြီး ဝတ်ရုံသည်လည်း သွေးတို့ဖြင့် ရွှဲနစ်နေသည်။ သူ့မျက်နှာသည် ဖျော့တော့နေပြီး ရှေ့သို့ခက်ခဲစွာ သွားလာနေစဉ်မှာပင် မျက်လုံးအတွင်း ကြောက်ရွံ့မှုတို့ ပြည့်လျက် နောက်သို့မကြာခဏ လှည့်ကြည့်နေလေသည်။

“ဒီစိတ်ပျက်ဖို့ကောင်းတဲ့ နေရာ။ အရောင်စုံရေကန် မျိုးနွယ်စုက ဒီလိုမျိုး သေသေချာချာ တိုက်ခိုက် လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ ... အား၊ ဒီတစ်ခေါက် ဝင်ရောက်ရှာဖွေတာက အရမ်းအန္တရာယ် များလွန်းတယ်။ ငါ ဆေးဖက်ဝင် အပင်အချို့ ရှာတွေ့ခဲ့တာ ကံကောင်းတာပဲ။ ဒီလောက်ဆိုရင်တော့ ငါ့ကို ကာကွယ်ပေးခံရမှာပါ”

တုန့်ဖန်းဟွာက ရယ်မောလိုက်ရင်း ရှေ့သို့လျင်မြန်စွာ သွားလိုက်သည်။

သူရှေ့သို့ သွားနေစဉ်မှာပင် တည်ငြိမ်နေသည့် အသံတစ်ခုက သူ့နားထဲသို့ ဝင်ရောက်လာချေသည်။

“ညီနောက်တုန့်ဖန်း”

“ဘယ်​သူလဲ”

တုန့်ဖန်းဟွာ၏ အမူအရာက ပြောင်းလဲသွားသည်။ စကားပြောနေသော်လည်း မရပ်တန့်ပဲ ရှေ့သို့အနည်းငယ် ပြေးလွှားလိုက်ပြီးမှသာ သူကြားရသော အသံသည် အတော်အတန် ရင်းနှီးနေကြောင်းကို သဘောပေါက် သွားသည်။

“ညီနောင်မော့လား”

တုန့်ဖန်းဟွာက ခေတ္တအံ့သြသွားပြီး ရပ်လိုက်သော်လည်း သတိကိုတော့ လျှော့ချမပစ်ရဲပေ။ သူ့ပတ်လည်ကို လှည့်လည် ရှာဖွေလိုက်ပြီးနောက် သူ့ထံသို့ အဝေးမှ လျှောက်လာနေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

စုမင်သည် တုန့်ဖန်းဟွာ အနားသို့ ဖြည်းညင်းစွာ လျှောက်လာလိုက်ပြီး ပေ ၁၀၀ အကွာ၌ ရပ်လိုက်သည်။ စိတ်ဆင်းရဲနေသည့် အမူအရာနှင့် အဘိုးအိုကို ကြည့်လိုက်ရင်း ဒီနေရာသို့ ဝင်ရောက်ခဲ့ပြီးနောက်တွင် သူ့အတွက် လုံခြုံသည့် ခရီးတစ်ခု မဟုတ်ခဲ့သည်မှာ ရှင်းလင်းနေလေသည်။

တုန့်ဖန်းဟွာ စုမင်ကို မြင်လိုက်သည်နှင့် စိတ်သက်သာရာ ရသွားပြီး အပြုံးဖျော့ဖျော့က သူ့မျက်နှာတွင် ပေါ်လာလေသည်။

“ညီနောင်မော့ မင်းစကားပြောလိုက်ချိန်မှာ ငါအရမ်းစိတ်လှုပ်ရှား သွားခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် ရှက်မိပါတယ်။ ငါ့ရဲ့ညံ့ဖျင်းတဲ့ အပြုအမူကို စိတ်ထဲမထားပါနဲ့”

“အဆင်ပြေပါတယ်။ ဒီနေရာကို အခု အရောင်စုံရေကန် မျိုးနွယ်စုက သိမ်းထားပြီးတော့ အရမ်းအန္တရာယ် များလွန်းနေတယ်။ ငါလည်း စိတ်လိုက်မာန်ပါ ပြုမူမိသွားတယ်”

စုမင်ခေါင်းခါလိုက်သည်။ သူ တုန့်ဖန်းဟွာ၏ အကြောက်တရားကို နားလည်ပေသည်။

“ညီနောင် တုန့်ဖန်း ဘာလို့တစ်ယောက်တည်း ရှိနေတာလဲ။ ညီနောင်ချန်းက မင်းနဲ့အတူ ထွက်သွားခဲ့တာကို ငါမှတ်မိသေးတယ်”

စုမင် တုန့်ဖန်းဟွာကို ကြည့်ရင်း ဖြည်းဖြည်းမှန်မှန် ပြောလိုက်သည်။

“ညီနောင်ချန်းလား ... ဟ ... သူအသတ်ခံလိုက်ရပြီ။ ညီနောင်မော့၊ ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး။ ငါတို့ ဒီနေရာမှာ အချိန်ကြာကြာ မနေသင့်ဘူး။ မင်းတခြား ဘယ်ကိုမှ သွားစရာမရှိရင် ဘာလို့ ငါနဲ့အတူ စုရပ်ကိုမသွားတာလဲ။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ဆရာနန်ထျန်းရဲ့ ကာကွယ်ပေးမှုကိုရဖို့ ငါ့လို ဆေးဖက်ဝင်အပင်တွေ စုဆောင်းစရာ မလိုပါဘူး” တုန့်ဖန်းဟွာ လျင်မြန်စွာ ပြောလိုက်သည်။

“စုရပ်လား။ ကောင်းပြီ၊ ငါမင်းနဲ့အတူ သွားမယ်”

စုမင်အကြံကို ပြောင်းကာ ခေါင်းညိတ်လိုက်ပြီး တုန့်ဖန်းဟွာ၏ ဦးဆောင်မှုဖြင့် သူတို့ ၂ ယောက်သည် အဝေးသို့ ချက်ချင်း ထွက်ခွာသွား​တော့၏။

“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည် တစ်ဝက်ကျော်လောက် သေဆုံးသွားတယ်။ အခု မင်းနဲ့ငါ့အပြင် တခြား အသက်ရှင်ကျန်တဲ့သူ ၂ ယောက်ပဲ ရှိတော့တယ်။ သူတို့ထဲက တစ်ယောက်က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်ခေါင်းဆောင် ဆရာနန်ထျန်းပဲ”

“တခြားတစ်ယောက်က ဆရာနန်ထျန်းရဲ့ နောက်လိုက်တွေထဲက တစ်ယောက်ဖြစ်တဲ့ ချူးနုပဲ။ ပြီးတော့ သူကလည်း ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ရဲ့ ဧည့်သည်ပဲ။ ညီနောင်ချန်းနဲ့ ငါနဲ့စုရပ်ကို သွားတဲ့အချိန်မှာ ဒုက္ခရောက်ခဲ့ကြတယ်။ ညီနောင်ချန်းကတော့ သေဆုံးသွားပြီး ငါဒုက္ခရောက်နေတဲ့ အချိန်မှာ ချူးနုက ကယ်တင်ပေးခဲ့တာပဲ”

တုန့်ဖန်းဟွာက ဤနေရာသို့ ရောက်ချိန်မှစ၍ သူကြုံတွေ့ခဲ့ရသည့် အရာများကို စုမင်အား အသံခပ်တိုးတိုးဖြင့် လမ်းတစ်လျှောက်လုံး ပြောပြလာချေသည်။

***

All Chapters