ဆရာ မော့စု
Vol. 12 Ch. 153
“ဆရာ နန်ထျန်းက ဒဏ်ရာရထားပြီးတော့ သက်သာဖို့အတွက် ဒီနေရာမှာရှိတဲ့ ဆေးဖက်ဝင်အပင် တချို့ကို လိုအပ်နေပေမဲ့ ချူးနုက သူ့ကို ကာကွယ်ပေးနေရတဲ့ အတွက် ဆေးဖက်ဝင်အပင်တွေကို ကိုယ်တိုင် လာမရှာနိုင်တာပဲ။ ဒါကြောင့် သူက ငါ့ကို ကယ်ခဲ့လိုက်တော့ရင် ငါကအပြင်မှာ ဆေးဖက်ဝင်အပင်တွေ လိုက်ရှာနိုင်သွားတာပေါ့”
“အကယ်၍ ငါသာ စွန့်စားပြီး ဆေးဖက်ဝင်အပင်တွေ လုံလုံလောက်လောက် ရှာပေးနိုင်ခဲ့ရင် သူက ငါ့ကို ဆရာနန်ထျန်းနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်လို့ ကတိပေးခဲ့တယ်။ ပြီးတော့ ဆရာနန်ထျန်းရဲ့ စွမ်းအားတွေ ပြန်ကောင်းလာခဲ့ရင် ငါ့ကို ဒီနေရာကနေ လုံလုံခြုံခြုံနဲ့ ခေါ်ထုတ်သွားမယ်လို့လည်း ကတိပေးခဲ့သေးတယ်”
တုန့်ဖန်းဟွာက သူ့ဇာတ်လမ်းကို ဖြည်းဖြည်းချင်း ပြောပြသည်။
စုမင်သည် မယုံနိုင်လောက်အောင် စွမ်းအားကြီးကြောင်းကို သူသိသည်။ ထို့ကြောင့်ပင် ဤအန္တရာယ်ရှိနေသည့် နေရာ၌ စုမင်နောက်သို့လိုက်ရန် သူ့နှလုံးသားထဲမှပင် ဆုံးဖြတ်ချက် ချထားခဲ့ပြီးဖြစ်ကာ သူသိထားသမျှ အရာအားလုံးကို စုမင်အား ပြောပြနေခဲ့ခြင်း ဖြစ်သည်။
စုမင် ခေါင်းညိတ်လိုက်သည်။ ဟယ်ဖုန်း၏ ဝိညာဉ်သည် သူ့ကိုကာကွယ်ရန် ကြိုးစားအားထုတ် ခဲ့မှုကြောင့် ယခု သူ့ကိုယ်ထဲတွင် နက်ရှိုင်းစွာ အိပ်စက်ခြင်းသို့ ကျရောက်သွားခဲ့ပြီး ဖြစ်ပြီး မကြာခင်တွင် အချိန်မရွေး နိုးနေနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ဆုံးဖြတ်ချက် ချရန်အတွက် ဟယ်ဖုန်း၏ အကူအညီ မရှိတော့သဖြင့် စုမင်သည် အရာရာတိုင်းအတွက် မိမိကိုယ်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။
သူတို့ ၂ဦးသည် တုန့်ဖန်းဟွာ၏ ဦးဆောင်မှုအောက်တွင် နာရီအနည်းငယ် ကြာအောင် ရှေ့သို့ ဦးတည်သွားခဲ့ကြသည်။ လမ်းခရီးတွင် သူတို့သည် အရောင်စုံရေကန် မျိုးနွယ်စုမှ လူအုပ်စု ၃ခုကို စုမင်၏ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ် အကူအညီကြောင့် ကြိုတင်ပုန်းအောင်း နိုင်ခဲ့ကြသည်။ ဤလူများကို ရှောင်ကြဉ်နိုင် ခဲ့ကြပြီးနောက် တောင်ကြားအပြင်သို့ ရောက်ရှိခဲ့ကြ၏။
တောင်ကြားသည် အလွန် မကြီးမားသော်လည်း ချောင်ကျနေသကဲ့သို့ ဧရိယာတစ်ခုလုံး တိတ်ဆိတ်မှုတို့ ဖုံးလွှမ်းနေပြီး အသံ တစ်စိုးတစ်စိမှပင် မကြားရချေ။
“ညီနောင်မော့၊ ဒီနေရာပဲ။ ငါ ဒီနေရာကို ဆေးဖက်ဝင်အပင်တွေ ယူလာပြီး သူ့ကိုခေါ်လိုက်ရင် သူပေါ်လာခဲ့မယ်လို့ ချူးနုက ငါ့ကိုကတိပေးခဲ့တယ်”
တုန့်ဖန်းဟွာသည် ဖြည်းဖြည်းချင်း ပြောလိုက်ရင်း စုမင်သဘောထားကို တောင်းခံဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
စုမင် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါမှသာ ရှေ့သို့ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီး တောင်ကြားအပြင်တွင် ရပ်လျက် ချီကိုအသုံးပြုကာ သူ့အသံကို ရှေ့သို့ ပို့လွှတ်လိုက်၏။
“ညီနောင် ချူးနု၊ မင်း ဒီမှာရှိလား”
တောင်ကြားသည်ကား ပကတိ တိတ်ဆိတ်လျက်ပင်။ အမွှေးတိုင် တစ်ဝက်ထွန်းစာ အချိန်ခန့် ကုန်ဆုံးသွားချိန်တွင်တော့ စုမင် တစ်စုံတစ်ရာကို ရုတ်တရက် သတိပြုမိလိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ နောက်သို့ကြည့်လိုက်သည်။ ခြေသံအချို့က လေထဲတွင် ထွက်ပေါ်လာပြီး တုန့်ဖန်းဟွာ၏ အာရုံကိုလည်း ဆွဲဆောင်မိသွားလေသည်။
လူသန်ကြီး တစ်ယောက်သည် ချိုင့်ဝှမ်းအပြင် အဝေးမှ လျှောက်လှမ်းလာနေပြီး ကိုယ်အပေါ်ပိုင်းဗလာနှင့် ထိုလူကြီးသည် သံတောင်လေး တစ်ခုသဖွယ်ပင် ဖြစ်သည်။ သူက ခြေလှမ်းကျယ်ကြီးများကို ဖြည်းညင်းစွာ လှမ်းလာပြီးနောက် စုမင်နှင့် တုန့်ဖန်းဟွာတို့ရှေ့ ပေ၁၀၀ခန့်အကွာတွင် ရပ်လိုက်ပြီး စုမင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ဤလူတွင် စက်ဆုပ်ရွံရှာဖွယ် အသွင်အပြင်မျိုး ရှိနေလေသည်။ သူ့မျက်နှာတွင် အမာရွတ်တို့ဖြင့် ပြည့်နှက်နေပြီး သူ့၌ နှာခေါင်းများ၊ ပါးစပ်များလည်း မရှိချေ။ သူ့မျက်နှာကို မြင်ရုံနှင့်ပင် လူတို့အား ထိတ်လန့်ချောက်ချား သွားမိစေမည်ဖြစ်သည်။ သို့သော်ငြား သူ့မျက်လုံးများကတော့ ထက်မြက်မှုတို့နှင့်အတူ တောက်ပနေလေသည်။
“တုန့်ဖန်းဟွာ၊ မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ။ မင်းက ဘယ်လိုတောင် ဒီနေရာကို အပြင်လူတွေ ခေါ်လာရဲရတာလဲ”
လူကြီး၏ အသံတို့သည် ဒီရေလှိုင်းလုံးများသဖွယ် ဖြစ်သည်။ သူစကား ပြောလိုက်စဉ်တွင် စကားလုံးတို့၌ အေးစက်မှုနှင့် ခြောက်လှန့်မှုတို့ ပါဝင်နေခဲ့သည်။
တုန့်ဖန်းဟွာ၏ အမူအရာက ပြောင်းလဲသွားပြီး ရှင်းပြရန် ပါးစပ်ကို လျင်မြန်စွာ ဖွင့်လိုက်သော်ငြား သူက နားထောင်လိုဟန် မရှိချေ။ ထိုအစား သူက စုမင်ကိုကြည့်ပြီး လက်ညှိုးဖြင့် ညွှန်ပြရင်း မေးလိုက်သည်။
“မင်း ဘယ်သူလဲ”
“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ဧည့်သည် မော့စု”
စုမင် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ဧည့်သည်တွေ အကုန်လုံးကို မြင်ဖူးပါတယ်။ ဒါပေမဲ့ ဘာလို့ မင်းကိုတစ်ခါမှ မမြင်ဖူးရတာလဲ”
သူက အေးစက်စက် လှောင်ပြုံးတစ်ခုဖြင့် ပြန်မေးလာသည်။
“ညီနောင် ချူးနု၊ စိတ်မဆိုးပါနဲ့ဦး။ ဒါက အထင်လွဲနေတာပါ။ ညီနောင်မော့က ဧည့်သည်ဖြစ်လာတာ မကြာသေးဘူးလေ။ ငါတို့ ၂ယောက်က တတိယအသုတ်မှာ အတူတူဝင်လာခဲ့ပြီး နောက်ပိုင်းမှသာ လမ်းကွဲသွားခဲ့ကြတာ။ ခုနေ့ ငါပြန်လာတော့ သူ့ကိုတွေ့ခဲ့တယ်လေ။ ဒါနဲ့ပဲ ငါနဲ့လိုက်ခဲ့ဖို့ သူ့ကိုဖိတ်ခေါ်ခဲ့တာ။ အမှန်တော့ ငါအရမ်းကို စိတ်လိုက်မာန်ပါ လုပ်လိုက်မိသွားတယ်။ မင်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်”
တုန့်ဖန်းဟွာ လျင်မြန်စွာ ရှင်းပြလိုက်သည်။
“ အိုး ... မင်းရဲ့ ဧည့်သည်တော် ပလိတ်ပြားကို ထုတ်လိုက်”
စုမင် စကားစမြည်တို့ပြောရင်း အချိန်ဖြုန်းမနေတော့ပဲ ပလိတ်ပြားကို ထုတ်ယူလိုက်ပြီး ချူးနုထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက် ချူးနုသည် စုမင်လိတ်ပြားကို ပစ်လိုက်ချိန်တွင် ထည့်လိုက်သည့် အားအနည်းငယ်မျှပင် သက်ရောက် မခံရသကဲ့သို့ မူလအတိုင်း ရှိနေရာမှ တစ်လက်မမျှပင် ရွေ့လျားခြင်းမရှိပဲ ညာလက်ကိုသာမြှောက်၍ ပလိတ်ပြားကို ဖမ်းယူလိုက်သည်။
ခေါင်းကိုငုံ့ကာ ပလိတ်ပြားကို ခဏကြာ စစ်ဆေးပြီး ချိန်တွင်တော့ လေးနက်သည့် အမူအရာက သူ့မျက်နှာတွင် ဖြစ်ပေါ်လာပြီး စုမင်ထံသို့ ပလိတ်ပြားကို ပြန်လည် ပစ်ပေးလာ၏။
“ငါက မင်းရဲ့ သက်သေ အထောက်အထားနဲ့ ပတ်သက်လို့ အခုထိ မသေချာသေးဘူး။ ဆေးဖက်ဝင်အပင် ၁၀မျိုးကို စုပြီးတော့မှ ဒီနေရာမှာ ငါ့ကိုပြန်လာတွေ့။ တုန့်ဖန်းဟွာ ... မင်းကရော ဆေးဖက်ဝင်အပင်တွေ ရခဲ့ပြီလား”
ချူးနု တုန့်ဖန်းဟွာကို ကြည့်ရင်း မေးလိုက်သည်။
တုန့်ဖန်းဟွာ သူ့ရင်ဘတ်ထဲမှနေ၍ မတူညီသည့် ဆေးဖက်ဝင်ပစ္စည်း အရေအတွက်အချို့ကို ထုတ်ယူလိုက်၏။ ထို့နောက် ခဏတာ တုံ့ဆိုင်းနေပြီးမှ ဖြည်းညင်းစွာ ပြောလာသည်။
“ငါအတော်များများတော့ ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ အရောင်စုံရေကန် မျိုးနွယ်စုက လူတွေအများကြီး ရှိနေတယ်။ ငါသာ ထပ်ရှာဦးမယ်ဆိုရင် သူတို့ဆီကို ပြေးဝင်သွားသလို ဖြစ်ပြီးတော့ တစ်ခုတလေတောင် ပြန်ယူလာ ပေးနိုင်တော့မှာ မဟုတ်ဘူး။ ငါက ဆရာနန်ထျန်းကို စိတ်ပူမိတယ်။ ဒါကြောင့် စောစောပြန်လာခဲ့တာပဲ”
ထိုသူသည် ဆေးဖက်ဝင်အပင်များ မလုံလောက်သည်ကို မြင်သောအခါ မည်သည့်စကားမျှ မပြောဆိုပဲ စိုက်ကြည့်နေခဲ့သော်လည်း အဘိုးအို၏ စကားများကို ကြားသောအခါတွင်မှ ခေါင်းညိတ်ပြလိုက်သည်။
“မင်း အောင်သွားပြီ။ ငါနဲ့ လိုက်ခဲ့။ သူ့ကာကွယ်မှုနဲ့ဆိုရင် ငါတို့မင်းကို ဒီနေရာရဲ့ အပြင်ဘက်ကို လုံလုံခြုံခြုံ ပြန်ပို့ပေးနိုင်မှာပါ”
ချူးနု စကားပြောရင်း နောက်လှည့်ကာ ထွက်ခွာလိုက်ပြီး စုမင်ကိုမူ လုံးဝလျစ်လျူရှု ထားလေသည်။
တုန့်ဖန်းဟွာသည် ခဏတာတွန့်ဆုတ်နေပြီး စုမင်ကို ကြည့်လိုက်သည်။
စုမင်၏ ပြုလုပ်လိုက်သော အပြုအမူသည် မထင်မှတ်ထားသော အရာပင်ဖြစ်သည်။ သူသည် ချူးနု ဦးတည်ထွက်ခွာရာ ဘက်ဆီသို့ လက်သီးနှင့် လက်ဝါးထပ်လျက် ဦးညွှတ်ရင်း ပြောလိုက်သည်။
“ငါက မော့စုပါ။ ဆရာနန်ထျန်း၊ ငါ မင်းကို လာတွေ့လို့ရမလား”
စုမင်၏အသံသည် မကျယ်လောင်သော်လည်း ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုဖြင့် ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းအသံသည် ဧရိယာအတွင်း ပဲ့တင်ထပ်လျက် မမြင်တွေ့နိုင်သည့် လှိုင်းဂယက်များအသွင်ဖြင့် ပျံ့နှံ့သွားလေသည်။
တုန့်ဖန်းဟွာသည် စုမင်၏လုပ်ရပ်များကြောင့် ခဏတာ အံ့အားသင့်မှင်တက် သွားသည်။ ချူးနုသည်တော့ နောက်သို့ပြန်လှည့်လာကာ ကြောက်မက်ဖွယ်ကောင်းစွာ စိတ်ဆိုးနေသည့် အကြည့်တို့ဖြင့် စုမင်ကိုကြည့်လာသည်။
“ပါးစပ်ပိတ်ထားစမ်း။ မင်း အသက် ၃ကြိမ် ရှူချိန်အတွင်းမှာ ထွက်မသွားဘူးဆိုရင် ဒီနေ့ ငါမင်းကို…”
ချူးနု စကားမဆုံးခင်မှာပင် ကြင်နာဟန်ရသည့် အသံတစ်ခုက သူတို့ထံ နွမ်းနွမ်းလျလျ ရောက်ရှိလာကာ ချူးနု စကားလုံးတို့ကို ဖြတ်ပစ်လိုက်သည်။
“ချူးအာ၊ ဆရာမော့စုကို မရိုင်းစိုင်းနဲ့လေ”
“တကယ်လို့ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်သာ ဒီနေရာကိုရောက်လာရင် ငါက သူ့ကို တွေ့ဆုံနှုတ်ဆက်ရမှာ သဘာဝပဲ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျူပ်က ဒဏ်ရာတွေကို ကုသနေရတာကြောင့် မင်းကို လူကိုယ်တိုင် လာရောက်မနှုတ်ဆက်နိုင်ဘူး ဖြစ်သွားတယ်။ ညီနောင်မော့၊ မင်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်”
“ညီနောင် နန်၊ ဒါက ငါ့အတွက် ဝမ်းမြောက်ရမယ့် ကိစ္စပါပဲ။ စိတ်မဆိုးပါဘူး”
စုမင် ပြုံးလိုက်သည်။ သူ စကားပြောချိန်တွင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှု စွမ်းအားဖြင့် သူ့အသံကိုသေချာ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ သွေးကြောကျောက်သား အဆင့်တွင်ရှိသည့် မည်သည့် မာန်စွမ်းအားရှင်ကမှ ထိုအရာကို အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။ ရုပ်နယ်လွန် အဆင့်တွင် ရှိသူတို့သာ သူ့အသံအတွင်းရှိ ပြောင်းလဲမှုတို့ကို ခံစားနိုင်လိမ့်မည် ဖြစ်သည်။
“ဆရာ မော့စု ... တဲ့လား”
ချူးနု အံ့အားသင့်သွားမိသည်။ ထိုစကားလုံးများ၏ သက်ရောက်မှုတို့ကို သူသိရှိပေသည်။ ထို့အပြင် နန်ထျန်းသည် ထိုလူကို သူနှင့် အဆင့်အတန်း တူညီသူကဲ့သို့ ဖော်ရွေစွာ ပြောဆိုနေခဲ့ခြင်း ဖြစ်သည်ကို သူပြောနိုင်သည်။ ထို့နောက် သူ့နှလုံးသားသည် ချက်ချင်းပင် တုန်လှုပ်သွားမိပြီး လက်သီးနှင့် လက်ဝါးထပ်လျက် စုမင်ထံသို့ လေးနက်စွာ ဦးညွှတ်အရိုအသေ ပေးလိုက်သည်။
“ဆရာမော့စု၊ ငါမင်းအပေါ်ကို မလေးမစား လုပ်ခဲ့မိတယ်။ ကျေးဇူးပြုပြီး ငါ့ကို အပြစ်ပေးပါ”
“ဒါက အဆင်ပြေပါတယ်။ ရှေ့က လမ်းပြပေးပါဦး”
စုမင် အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ ... ကျေးဇူးပြုပြီး ဒီလမ်းက ကြွပါ”
ချူးနု၏ သဘောထားသည် ယခင်နှင့်မတူ ကွာခြားသွားပြီဖြစ်ကာ သူ့အမူအရာတို့က လေးစားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။ စုမင်နံဘေးတွင် လမ်းပြအဖြစ် လုပ်ဆောင်နေချိန်တွင်လည်း သူ့ခန္ဓာကိုယ်ကို အနည်းငယ် ဦးညွှတ်ထားခဲ့ချေသည်။
တုန့်ဖန်းဟွာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။ ခဏတာ အံ့အားသင့်သွားပြီး ချိန်တွင်တော့ စုမင်ကိုကြည့်နေသည့် သူ့အကြည့်တို့သည် ပိုမိုလေးစားမှုတို့ဖြင့် ပြည့်လာချေတော့သည်။ စုမင်၏စွမ်းအားနှင့် ပတ်သက်၍ သူ့မူလ ခန့်မှန်းချက်များသည် မြင့်မားခဲ့သည် ဆိုသော်ငြား ဤကဲ့သို့ စကားလေး တစ်ခွန်းတည်းဖြင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ ဧည့်သည်ခေါင်းဆောင် နန်ထျန်းအား တန်းတူကဲ့သို့ ပြန်ပြောလာအောင် လုပ်နိုင်လိမ့်မည်ဟုတော့ သူမျှော်လင့်မထားမိပေ။
သူ စုမင်နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်သည်။ သေချာကြည့်လိုက်မည် ဆိုလျှင် သူသည် စုမင်၏နောက်လိုက် ဖြစ်နေသည့် ပုံစံမျိုးပင် ဖြစ်သည်။
သူတို့၃ယောက်သည် ခပ်ဝေးဝေး မလျှောက်လိုက်ရပဲ ချူးနုက အနီးရှိ တောင်ကြားတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ထိုနေရာသို့ ရောက်သောအခါ မြေပေါ်၌ ထိုင်နေသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို စုမင်မြင်လိုက်ရသည်။
ထိုသူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးဆေး တည်ငြိမ်ဟန်ဖြင့် အလွန်ခန့်ညားချေသည်။ သူ့နံဘေးတွင်တော့ အနက်ရောင် သားရဲအရိုးခြောက်ခုက လှည့်ပတ် လွင့်မျောလို့ နေ၏။
၎င်းတို့က သူ့အား တစ်ကြိမ်လှည့်ပတ် လိုက်ချိန်တိုင်းတွင် အနက်ရောင် အခိုးအငွေ့ အစုအဝေးတို့က သူ့ပါးစပ်၊ နှာခေါင်း၊ နားများနှင့် မျက်လုံးများမှ စိမ့်ထွက်လာပြီး သားရဲအရိုးခြောက်ခုထဲမှ တစ်ခုက လျင်မြန်စွာပင် စုပ်ယူလိုက်လေသည်။
စုမင် တောင်ကြားသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထိုသူသည် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး လေးနက်သည့် အကြည့်ဖြင့် စုမင်ကို စိုက်ကြည့်လာသည်။
စုမင်သည်လည်း ထိုသူကိုကြည့်လိုက်ပြီး အကြည့်တို့ ဆုံတွေ့သွားချိန်၌ ဝေခွဲမရဟန်တို့က ထိုလူကြီး၏မျက်နှာတွင် ပေါ်လာခဲ့သည်။ စုမင်ကို လေ့လာကြည့်ရှု ပြီးသည်နှင့် သူ့ညာဘက်လက်ကို မြှောက်လိုက်သောအခါ သားရဲအရိုးခြောက်ခုတို့က သူ့ဘေးရှိ မြေပေါ်သို့ ပြုတ်ကျသွားကြသည်။
“ညီနောင်မော့၊ မင်းရဲ့စွမ်းအားတွေက နည်းနည်း ထူးဆန်းနေတယ်”
လူကြီးက ပြုံးလိုက်ရင်း နူးညံ့ကြင်နာသည့်အသံဖြင့် ပြောသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် စုမင်သည် ရုပ်နယ်လွန်အဆင့် မရောက်သေးကြောင်းကို သူပြောနိုင်သော်လည်း တန်းတူ တစ်ယောက်ကဲ့သို့ ဆက်ဆံနေဆဲပင် ဖြစ်သည်။ စုမင်ထံမှလာသည့် အန္တရာယ်များသည့် တည်ရှိမှုတစ်ခုကို သူခံစားနိုင်ပြီး ထိုခြိမ်းခြောက်မှုသည် သူတစ်ဦးတည်း ခံစားနေရခြင်းမဟုတ်ပဲ နှစ်ဦးနှစ်ဖက်စလုံး အချင်းချင်း ခံစားနေရခြင်းဖြစ်ကြောင်း သူသိသည်။
သို့သော် သူ့ကို ထိုကဲ့သို့ အန္တရာယ်ရှိကြောင်း ခံစားရအောင် လုပ်နိုင်သူတို့သည် သွေးကြောကျောက်သား ပြည့်စုံဆင့်သို့ ရောက်ရှိနေသူများနှင့် ရုပ်နယ်လွန်အဆင့် ရောက်ရှိနေသူများသာ ရှိလေသည်။
ချူးနုသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ထိုသူ့ဘေးသို့သွားလျက် ခေါင်းငုံ့ကာရပ်နေသည်မှာ စံပြနောက်လိုက်တစ်ဦး၏ ပုံစံကဲ့သို့ပင်ဖြစ်သည်။ တုန့်ဖန်းဟွာသည် ခဏတာ တုံ့ဆိုင်းသွားသော်လည်း သူ့နောက်လိုက်မသွားချေ။ ထိုအစား ချူးနုကဲ့သို့ပင် စုမင်နောက်၌သာ ခေါင်းကိုငုံ့လျက် လေးစားမှုအပြည့်ဖြင့် ရပ်နေလိုက်သည်။
စုမင် ပြုံးကာ ခြေချိတ်ထိုင်ချလိုက်ပြီး ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ ဧည့်သည် ခေါင်းဆောင်ဟူသည့် နန်ထျန်းကို လေ့လာကြည့်လိုက်သည်။
ဤလူ၏ ကျင့်ကြံဆင့်သည် ရွှမ်းလွမ်နှင့် အတူတူလောက် ရှိသော်လည်း သူ့ပတ်ဝန်းကျင်မှ တည်ငြိမ်အေးချမ်းသည့် လေထုကို စုမင်ခံစားမိနေပြီး ထိုအရာသည် ရွှမ်းလွမ်ပတ်ဝန်းကျင်မှ ညို့မှိုင်းသည့်လေထုနှင့် ခြားနားနေသည်။
“ညီနောင် နန်၊ မင်းရဲ့ ဒဏ်ရာတွေကို ကုသနေတဲ့အချိန်မှာ အရောင်စုံရေကန် မျိုးနွယ်စုက ဒီနေရာ ရောက်လာမှာကို မစိုးရိမ်ဘူးလား”
စုမင် ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
အပြုံးတစ်ခုက နန်ထျန်းမျက်နှာတွင် ပေါ်လာပြီး ခေါင်းကိုခါလျက် ပြောလာသည်။
“ဒီနေရာကို ရှာတွေ့နိုင်တဲ့သူတွေက နောက်ဆုံးမှာ ရောက်လာလိမ့်မှာပဲ။ ဘေးပတ်ဝန်းကျင်မှာ ပုန်းနေမယ့်အစား အရောင်စုံရေကန် မျိုးနွယ်စုက လာတာကို ဘာလို့ ထိုင်စောင့်မနေရမှာလဲ”
“သူတို့က ငါ့အသက်ကို လိုချင်တယ်ဆိုရင်တော့ သူတို့လည်း တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်”
အေးစက်စက်အကြည့်က နန်ထျန်း၏ မျက်လုံးတို့တွင် ဖြစ်ပေါ်လာသည်။ ထိုအေးစက်စက် အကြည့်သည် စုမင်ကို ရည်ရွယ်ခြင်းမဟုတ်ပဲ အရောင်စုံရေကန် မျိုးနွယ်စုကို ရည်ရွယ်ခြင်းဖြစ်သည်။
“မင်း ဒဏ်ရာရမထားဘူး မဟုတ်လား။ ငါတို့ကို ဖုံးကွယ်ထားစရာ မလိုပါဘူး”
စုမင် ခပ်ဖျော့ဖျော့ပြုံးရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
နန်ထျန်းမျက်လုံးတို့သည် စုမင်ကို စိုက်ကြည့်နေခဲ့ပြီး ခဏအကြာတွင် ရယ်မောလိုက်၏။
“ငါက မင်းဆီကနေ ဘာမှ ဖုံးကွယ်ထားလို့မရပါလား ညီနောင်မော့။ မင်းမှန်တယ်။ ငါ ဒဏ်ရာရမထားဘူး ... ဒါပေမဲ့ ငါက အများနဲ့တစ်ယောက်လေ။ ဒီအရှုပ်အထွေးတွေနဲ့ ဒုက္ခတောထဲကို ငါ ဝင်မပတ်သက်ချင်ဘူး”
“မင်းမှာလည်း ဒီလိုအတွေးမျိုးရှိလို့ ဒီနေရာကိုရောက်လာခဲ့တာ မဟုတ်ဘူးလား ညီနောင်မော့”
“ဒီလိုသာဆိုရင်တော့ ဒီနေရာက လာမယ့်ရက် အနည်းငယ်အတွင်း ပိုပြီး သက်ဝင်လှုပ်ရှား လာတော့မှာပဲ”
စုမင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
“မင်းနဲ့ စကားပြောရတာ ပျော်စရာပဲ။ မင်းမှန်တယ်။ ငါရဲ့ အခုတည်နေရာက ပေါက်ကြားသွား ခဲ့ရင်တောင် ပုန်းကွယ်နေဖို့ စိတ်ကူးမရှိဘူး။ ပြီးတော့ အရောင်စုံရေကန် မျိုးနွယ်စုကို ငါ့ကိုရန်လာစရင် ဘယ်လို ဖြစ်သွားနိုင်တယ်ဆိုတာ ပြောပြဖို့အသင့်ပဲ။ သူတို့က လာမရှုပ်ဘူးဆိုရင်တော့ ငါကလည်းမျိုးနွယ်စု၃ခုရဲ့ အရေးကိစ္စတွေမှာ ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး”
“ငါက တခြားဧည့်သည်တော် တွေကိုလည်း အန္တရာယ်ကိုရှောင်ရှားဖို့ ဒီနေရာကိုလာနိုင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့ ဒုက္ခရောက်မှာကို ရှောင်ရှားနိုင်ဖို့ အတွက်တော့ လုံလောက်တဲ့တန်ဖိုးကို ပေးရလိမ့်မယ်။ ငါ မူလက ရွှမ်းလွမ်ကို စောင့်နေခဲ့တာ။ သူသာ ဒီကိုရောက်လာရင် ဒီနေရာကပိုပြီး လုံခြုံသွားလိမ့်မယ်”
“ဒါပေမဲ့ မင်းဒီမှာရှိနေတာလည်း သဘောကျစရာ အခြေအနေပဲ။ ငါတို့က ဒီတစ်ကြိမ် ခရီးကနေပြီးတော့ ပိုကောင်းတဲ့အမြတ်တွေ ရလာနိုင်လိမ့်မယ်”
နန်ထျန်းသည် အပြုံးတစ်ခုဖြင့် ဖြည်းဖြည်းချင်း ဆက်ပြောသည်။ ထို့နောက် သူသည် စုမင်နောက်တွင် လေးစားမှုအပြည့်ဖြင့် ရပ်နေသည့် တုန့်ဖန်းဟွာကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မဝင်စားသည့်အသံဖြင့် ဆက်ပြောသည်။
“တုန့်ဖန်းဟွာက မင်းရဲ့ နောက်လိုက်ဖြစ်နေတာ ဆိုမှတော့ ငါသူ့ဆီက တန်ဖိုးကို လက်မခံတော့ပါဘူး။ နောက်ပိုင်းကျရင် လာမယ့် တခြားသူတွေ အတွက်ကတော့…”
နန်ထျန်းက ပြုံးလိုက်၏။ ထို့နောက် စုမင်ကိုကြည့်ကာ တိတ်ဆိတ်သွားလေသည်။
စုမင်သည် ရုပ်နယ်လွန်အဆင့်ရှိ စွမ်းအားကြီး မာန်စွမ်းအားရှင် များစွာဖြင့် ဆက်ဆံခဲ့ဖူးပြီး လေပြေစီးကြောင်း မျိုးနွယ်စုမှ ကျင်းနန်နှင့် ပထမဆုံး ဆုံတွေ့ခဲ့ချိန်မှလွဲ၍ စိတ်ပိုင်းဆိုင်ရာ သက်ရောက်ခံရမှုတို့ မရှိတော့ခြင်းဖြစ်သည်။
ထိုအခိုက်တွင် စကားပြောရင်းမှ သူ့ကိုကြည့်နေသည့် နန်ထျန်းကို ပြန်ကြည့်လိုက်ရင်း ညာဘက်လက်ကို မမြှောက်ခင် အချိန်အတန်ကြာ တိတ်ဆိတ်သွားလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ လ၏အတောင်ပံများသည် ၎င်းတို့၏ မမြင်နိုင်သည့် အသွင်သဏ္ဌာန်များဖြင့် အပြင်သို့ထွက်လာကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကြသည်မှာ မမြင်နိုင်သည့် သဲမုန်တိုင်းအဖြစ်သို့ပင် ပြောင်းလဲသွား ကြလေသည်။
ချူးနုနှင့် တုန့်ဖန်းဟွာတို့သည် ထိုသဲမုန်တိုင်းကို ရှင်းလင်းစွာ မခံစားနိုင်သော်ငြား နန်ထျန်းသည်တော့ ထိုအရာ၏ ရုပ်နယ်လွန်အဆင့်နှင့် တူညီသည့် စွမ်းအားကို ခံစားမိချေသည်။ သို့သော် ၎င်းခွန်အားသည် ရုပ်နယ်လွန်အဆင့်နှင့် တူညီခြင်းသာဖြစ်သည်။ သူအစောပိုင်းက ခံစားမိခဲ့သည့် ကြောက်ရွံ့မှု၏ အရင်းအမြစ် မဟုတ်ပေ။
‘အကယ်၍ အဲဒီလိုသာဆိုရင်…’
နန်ထျန်း အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိသည်။ သို့သော် သူ့မျက်ခုံးတို့ တွန့်ချိုးမိသည့်ခဏ၌ပင် စူးရှသည့်နာကျင်မှု တစ်ခုက သူ့စိတ်တွင်း၌ ပေါ်ပေါက်လာပြီး ထိုနာကျင်မှုသည် မည်သည့် သတိပေးချက်မှ မရှိပဲ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် သူ၏အမူအရာကို ပြောင်းလဲသွားစေပြီး စုမင်၏နက်ရှိုင်းသည့် အကြည့်ကို ကြည့်လိုက်မိသူတိုင်းကို ဖမ်းယူနိုင်ပုံရသည်ကို သိရှိသွားချေသည်။
ထိုခံစားချက်သည် ခဏသာကြာပြီး ပြန်လည်ပျောက်ကွယ် သွားခဲ့သည်။ စုမင်သည် သူ့မျက်လုံးတို့ကို ပိတ်လိုက်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်ချိန်တွင်တော့ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွား ခဲ့လေသည်။
“အညီအမျှပဲ မျှဝေကြတာပေါ့။ မင်း ဘယ်လိုထင်လဲ ညီနောင်မော့…”
နန်ထျန်း စိတ်လှုပ်ရှားမှုတို့ကို ဖုံးဖိရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
စုမင် ခေါင်းညိတ်ပြသည်ကို မြင်လိုက်သောအခါမှသာ ထိုအပြုံးက ပို၍ကျယ်ပြန့် လာတော့လေသည်။
“ညီနောင်မော့၊ မင်း ဟန်တောင်တန်း ဘိုးဘေးရဲ့ အမွေအနှစ်ကို စိတ်ဝင်စားလား”
***