← Chapters

မာန်စွမ်းအားရှင်တို့၏ နတ်ဘုရား

Vol. 12 Ch. 154

မာန်စွမ်းအားရှင်တို့၏ နတ်ဘုရား

Vol. 12 Ch. 154

“ညီနောင် နန်၊ မင်းဘာကို ဆိုလိုတာလဲ”

စုမင် ထိုင်နေရင်းမှပင် နန်ထျန်းကိုကြည့်ရင်း ပြောသည်။

ဘေးတွင်ရပ်နေသော တုန့်ဖန်းဟွာ၏ မျက်နှာသည် လေးစားမှုတို့ဖြင့် ပြည့်နေပြီး သူ့နှလုံးသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေချေသည်။ သူ ယခုလေးတင် အခွင့်အရေးကြီးတစ်ခု ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သူသိသည်။ ထိုအခွင့်အရေးသည် သူ မည်သည့်ရတနာမျှ ရရှိခြင်းကြောင့်မဟုတ်ပဲ သူ့ရှေ့တွင်ထိုင်နေသည့် မော့စုဆီမှဖြစ်သည်။

‘သူက တကယ်ကို ဆရာနန်ထျန်းဘက်က အဆင့်အတန်းတူ တစ်ယောက်လို ဆက်ဆံလာအောင် လုပ်နိုင်ခဲ့တာပဲ။ အခု ဆရာနန်ထျန်း ပြုမူနေပုံအရဆိုရင် သူကတကယ်ကို မော့စုကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာပဲ။ ဒီလူ  ... အကယ်၍ ငါသာ ဆရာမော့စုနောက်ကို လိုက်နိုင်ခဲ့မယ်ဆိုရင် အဲဒါက ငါ့အတွက် မုတ်ဆွဲပျားစွဲသလို အခွင့်အရေးမျိုး ဖြစ်သွားမှာပဲ’

တုန့်ဖန်းဟွာ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ပိုင်းဖြတ် လိုက်ဟန်တို့က သူ့မျက်လုံးအတွင်း ပေါ်ပေါက်လာလေသည်။

“ညီနောင် မော့၊ ငါတို့ အင်အားက နည်းပါးနေတဲ့အတွက် ငါတို့အနေနဲ့ အရောင်စုံရေကန် မျိုးနွယ်စုကို တိုက်ခိုက်ဖို့ ခက်ခဲနေလိမ့်မယ်။ ဒါပေမဲ့ အကယ်၍ ရွှမ်းလွမ်သာ ဒီနေရာကို ရောက်လာခဲ့ရင်တော့ ငါတို့၃ယောက်က ဒီနေရာမှာ အားအကြီးဆုံး ဖြစ်သွားလိမ့်မယ်​”

“အရောင်စုံရေကန် မျိုးနွယ်စုက သူတို့ရဲ့အင်အား အကုန်လုံးနီးပါးကို ဒီပို့လိုက်တာပဲ။ ဒီမတိုင်ခင်က သူတို့ရဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ဖုံးထားခဲ့ပြီးတော့ ဘာသက်သေမှ မကျန်ခဲ့ဘူး။ ဆိုလိုတာက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနဲ့ ပုချန့်မျိုးနွယ်စုတို့က အမှောင်ထဲမှာဆိုတဲ့ သဘောပဲလေ။ ဒါက ငါတို့အတွက် အခွင့်အရေးပဲ”

“ဟန်တောင်တန်း ဘိုးဘေးရဲ့ အုတ်ဂူထဲကနေ ကောင်းတာတစ်ခုခုမှ ရမလာခဲ့ဘူးဆိုရင် အဲဒါက ဖြုန်းတီးရာ ကျသွားမှာပေါ့ မဟုတ်ဘူးလား”

နန်ထျန်းသည် စုမင်ကို ယဉ်ကျေးစွာပြုံးပြရင်း ကြည့်သည်။

“ဒီအကြောင်းကို ဆွေးနွေးဖို့ အချိန်ရှိပါသေးတယ်”

စုမင် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ သူထိုအရာကို ချက်ချင်း လက်မခံခဲ့ပေ။

စုမင် ပြန်ဖြေမှုကို ကြားရသောအခါ နန်ထျန်း ပြုံးရုံသာပြုံးလိုက်ပြီး ခေါင်းညိတ်ပြကာ မည်သည့်အရာမှ ထပ်မပြောတော့ချေ။ ထိုအစား မျက်လုံးကို ပိတ်လိုက်ရာ သူ့နံဘေးတွင် လဲကျနေကြသည့် သားရဲအရိုးတို့က လေထဲသို့ တစ်ဖန် ပြန်မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ လှည့်ပတ်လာကြသည်။ ချူးနုသည်တော့ သူ့ကို ကာကွယ်ရန်အလို့ငှာ သူ့နံဘေးတွင် ထိုင်ချလိုက်လေသည်။

တိတ်ဆိတ်ခြင်းက သူတို့အကြား ဖြစ်တည်သွားပြီး လေညင်းဖျော့ဖျော့က တောင်ကြားအတွင်း တိုက်ခတ်သွားခဲ့သည်။ လေညင်း ဖြတ်သန်းသွားချိန်တွင်တော့ လေက သူတို့ဆံပင်ကို ပင့်တင်သွားပြီး မျက်နှာကို ယားကျိကျိ ခံစားမိသွားစေသည်။

စုမင် ထိုင်နေရင်းမှပင် တောင်ကြားအပေါ်ရှိ ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ စိတ်ထဲတွင် အတွေးများစွာဖြင့် ဒုက္ခရောက်နေခဲ့သော်ငြား သူ့အမူအရာသည်တော့ ပကတိ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

“ဆရာ  ... ဆရာမော့စု၊ ဒါတွေက ကျွန်တော် အပြင်မှာရှာတွေ့ခဲ့တဲ့ ဆေးဖက်ဝင်အပင်တွေပါ”

တုန့်ဖန်းဟွာ သူ့ဘေးနားရှိ စုမင်ကိုကြည့်လိုက်သည်။ စုမင်ထံမှ တည်ငြိမ်နေသည့် အမူအရာကိုသာ မြင်ရသော်လည်း သူကိုယ်တိုင်ပင် ရှင်းမပြနိုင်သည့် အမည်မဖော်နိုင်သော အကြောင်းတချို့တို့ကြောင့် ထိုတည်ငြိမ်မှုတို့ထဲတွင် ဝမ်းနည်းကြေကွဲမှု အရိပ်အမြွက် ပါဝင်နေသည်ဟု သူခံစားရချေသည်။

တုန့်ဖန်းဟွာ သူ့ကိုယ်ပေါ်ရှိ ဆေးဖက်ဝင်အပင် အကုန်နီးပါးကို ထုတ်ယူလိုက်ပြီး စုမင်ရှေ့တွင် လေးစားမှုအပြည့်ဖြင့် ချထားလိုက်သည်။

“ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ပါ လိမ့်မယ်လို့ ငါမင်းကို ကတိမပေးနိုင်ဘူး”

စုမင် ထုံထိုင်းစွာ ပြန်ပြောလိုက်မိသည်။

တုန့်ဖန်းဟွာ သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ဖြည်းညင်းစွာ ဆက်ပြောသည်။

“ဒါအဆင်ပြေပါတယ်။ ဒီနေရာမှာရှိနေတာက အပြင်မှာရှိနေတာ ထက်စာရင် အနည်းဆုံးတော့ ဘေးကင်းပါသေးတယ်”

စုမင် မည်သည့်စကားမျှ ပြန်မပြောပဲ ထိုအစား ကောင်းကင်ကိုသာ မော့ကြည့်ကာ တိတ်ဆိတ်စွာဖြင့် ဒဏ်ရာများကို ကုစားနေလိုက်သည်။ သူ့ရင်ဘတ်ရှိ ဒဏ်ရာများသည် အဆိုးဆုံးဖြစ်ပြီး ၎င်းတို့သည် အချိန်တိုအတွင်း ပျောက်ကင်းမည့်ပုံ မပေါ်ချေ။ မည်သို့ပင်ဆိုစေ၊ သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်တို့အား ဆက်လက်စုပ်ယူလျက် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောလမ်းကြောင်း၌သာ သိုလှောင်နေလိုက်သည်။

သို့သော် ဝိညာဉ်စွမ်းအင်တို့ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်စီးဆင်း စေသောအခါ၌ သူ့မျက်လုံးအလယ်သို့ ရောက်သည့်အခိုက်အတန့်တွင် စီးဆင်းမှုသည် အနည်းငယ် ရှုပ်ထွေးသွားသည်။ ကျောက်စိမ်း ဓားမြှောင်ငယ်လေးပေါ်ရှိ အစက်အပြောက် ၃ခုသည် ဝိညာဉ်စွမ်းအင် စီးဆင်းမှု နှေးကွေးသွားရခြင်း၏ အကြောင်းရင်းခံ ဖြစ်သည်ဟု သူခံစားမိသည်။

အချိန်တို့က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ တောင်ကြားအတွင်းရှိ လူ၄ယောက်သည်တော့ တိတ်ဆိတ်လျက်ပင် ရှိနေကြပြီး မည်သူမှ စကားမပြောကြပေ။ နောက်လိုက်များ အတွက်တော့ နန်ထျန်းနှင့် စုမင် စကားစမပြောသေးသရွေ့ ချူးနုနှင့် တုန့်ဖန်းဟွာတို့သည်လည်း စကားပြောလိမ့်မည် မဟုတ်ပေ။

နာရီ၂၀ခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။ နောက်ထပ် တစ်နေ့ ဖြတ်သန်းလာခဲ့သည့် တိုင်အောင်ပင် ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ကြီးသည် ယခင်အတိုင်းရှိနေပြီး ပြောင်းလဲသွားမည့်ပုံ မပေါ်ချေ။ စုမင်သည်လည်း ကောင်းကင်ကို ဆက်ကြည့်နေဆဲ ဖြစ်ကာ ထိုကြယ်များအား သူ့စိတ်ထဲတွင် ပုံသွင်းထားခဲ့ပြီး ဖြစ်သည်။

“ညီနောင် မော့၊ မင်းကိုကြည့်ရတာ ဒီကောင်းကင် အပိုင်းအစကြီးကို အရမ်းစိတ်ဝင်စား နေတဲ့ပုံပဲ”

နန်ထျန်း တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ သူ စုမင်ကို တိတ်တဆိတ် လျှို့ဝှက်စွာ လေ့လာနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ စုမင်သည် ရုပ်နယ်လွန်အဆင့်သို့ မရောက်သေးကြောင်းကို သူပြောနိုင်သည်။ သို့သော် သူ့ထံမှ အန္တရာယ်ရှိသည်ဟူသော အာရုံကတော့ အနည်းငယ်မျှပင် သေးငယ်မနေပေ။ ၎င်းသည် သူ၏အာရုံကို ဖမ်းစားထားခဲ့ပြီး ထို့ကြောင့်ပင် တိတ်ဆိတ်စွာ လေ့လာနေခဲ့မိခြင်း ဖြစ်သည်။

“ဒီကောင်းကင် အပိုင်းအစကြီးက တောင်ပိုင်းအရုဏ်ဦး နယ်မြေရဲ့ ညကောင်းကင်နဲ့ သက်ဆိုင်မှုမရှိဘူး”

စုမင် ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

“ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီကောင်းကင်ကို ဟန်တောင်တန်းရဲ့ ဘိုးဘေးက ပညာရပ်တစ်ခု သုံးပြီး ဖန်တီးထားခဲ့တာ။ ငါသိတာကတော့ ဒီကောင်းကင်က ဟန်တောင်တန်းရဲ့ဘိုးဘေး လာခဲ့တဲ့ ထူးဆန်းတဲ့နေရာနဲ့ တိုက်ရိုက်ဆက်သွယ်မှု ရှိနေတာပဲ”

“ဟန်တောင်တန်းရဲ့ ဘိုးဘေးက တခြားကမ္ဘာ လောကကနေ လာခဲ့တာလို့ ပြောကြတယ်။ ဖြစ်နိုင်တာက ဒီကောင်းကင်မှာရှိတဲ့ ကြယ်တွေကလည်း တခြားကမ္ဘာကပဲ ထင်တယ်”

နန်ထျန်းသည် ဇာတ်ကြောင်းကို စဉ်းစားနေဟန်ဖြင့် အသံတိုးတိုးဖြင့် ဆက်ပြောသည်။

“တခြား ကမ္ဘာလောက…”

စုမင် တီးတိုးရေရွတ်လိုက်သည်။

“တခြား ကမ္ဘာလောကက ထူးခြားဆန်းကြယ်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ငါကြားဖူးခဲ့တယ်။ ငါအဲဒီနေရာကို တစ်ခါမှ မရောက်ဖူးပေမဲ့ အဲဒီနေရာနဲ့ ပတ်သက်တဲ့ ကောလာဟလအချို့ကိုတော့ ကြားဖူးတယ်။ ညီနောင် မော့၊ မင်းစိတ်ဝင်စားတယ်ဆိုရင် အချိန်ဖြုန်းတဲ့အနေနဲ့ ငါမင်းကိုပြောပြတာပေါ့”

နန်ထျန်းသည် ပြုံးလိုက်ပြီးနောက် လေးနက်သည့် အမူအရာတစ်ခုက သူ့စိတ်ထဲ၌ ဖြစ်ပေါ်လာသည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ ဒီနေရာကို ပထမဆုံး ရောက်လာခဲ့တုန်းကလည်း ဒီကောင်းကင်နဲ့ ပတ်သက်လို့ အရမ်း အံ့သြခဲ့ရတယ်။ အဲဒါနဲ့ ငါအပြင် ပြန်ရောက်တဲ့အချိန်မှာ ဒီအကြောင်းနဲ့ပတ်သက်လို့ ရှေးဟောင်း စာလိပ်တွေအများကြီးမှာ ရှာဖွေခဲ့ပြီးနောက်တော့ တဖြည်းဖြည်း နားလည်လာခဲ့တယ်”

“အကယ်၍ ငါတို့က တခြား ကမ္ဘာလောကအကြောင်း ပြောမယ်ဆိုရင် မာန်စွမ်းအားရှင် နတ်ဘုရားမျိုးနွယ်စု အကြောင်းကိုလည်း ပြောမှရလိမ့်မယ်  ... မာန်စွမ်းအားရှင်တို့ရဲ့ နတ်ဘုရား အကြောင်းရောပေါ့”

“မာန်စွမ်းအားရှင်တို့ရဲ့ နတ်ဘုရားက မာန်စွမ်းအားရှင် မျိုးနွယ်စု တစ်ခုလုံးမှာ စွမ်းအားအကြီးမားဆုံးပဲ။ သူက ငါတို့မျိုးနွယ်စုတွေ၊ ငါတို့တွေအကုန်လုံးရဲ့ ကိုးကွယ်ကြည်ညိုခြင်းကို ခံရတယ်။ သူက ငါတို့ရဲ့နတ်ဘုရား၊ ငါတို့ရဲ့ ကာကွယ်စောင့်ရှောက်သူပဲ  ... ပထမဆုံး မာန်စွမ်းအားရှင်တို့၏ နတ်ဘုရားရဲ့ စွမ်းအားက ငါတို့ အဆင့်အတန်းတွေနဲ့ စိတ်ကူးတောင် ယဉ်ကြည့်လို့မရနိုင်တဲ့ အဆင့်မှာ ရောက်နေပြီဆိုတဲ့ ဒဏ္ဍာရီတစ်ခုလည်း ရှိသေးတယ်။ အဲဒီအချိန်တုန်းကတော့ မာန်စွမ်းအားရှင်မျိုးနွယ် တစ်ခုလုံးက သူတို့ရဲ့ အတောက်ပဆုံးအချိန် ဖြစ်ခဲ့တာပေါ့…”

“သူက မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေက ရဲရင့်တဲ့ စစ်သည်တွေကို ခေါ်ဆောင်ပြီး ငါတို့ကမ္ဘာကနေ ထွက်သွားခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ ငါတို့က တခြားကမ္ဘာလောကရဲ့ သတင်းတွေကို စပြီးကြားဖူးခဲ့တာပဲ။ အပြင်ဘက်မှာ ငါတို့လူမျိုး မာန်စွမ်းအားရှင်တွေ နေထိုင်တဲ့ အခြားနေရာတွေ အများကြီးရှိသေးတယ်တဲ့”

“ငါ စိတ်ကူးကြည့်လို့တောင် မရဘူး။ ပြီးတော့ ငါရဲ့ တစ်စိတ်တစ်ပိုင်းက အခုထိ မယုံကြည်သေးဘူး  ... ရှေးဟောင်းစာလိပ်တွေထဲမှာ ဖော်ပြထားခဲ့တဲ့ ဒဏ္ဍာရီခေတ်ရဲ့ အကြောင်းအရာတွေကိုပေါ့”

မသေချာမှု အရိပ်အမြွက်သည် နန်ထျန်းမျက်နှာတွင် ဖြစ်ပေါ်နေသော်ငြား စိတ်လှုပ်ရှားမှုတို့လည်း ရှိနေချေသည်။

“ညီနောင်မော့၊ ငါက အဲဒီရှေးဟောင်း စာလိပ်တွေကို ဖတ်ခဲ့တယ်။ ဒဏ္ဍာရီလာခေတ်နဲ့ ပတ်သက်ပြီး ပျောက်ကွယ်သွားခဲ့တဲ့ အချက်အလက် မှတ်တမ်းတွေရဲ့ သက်တမ်းကို ဖော်ပြထားခဲ့တဲ့ ဝါကျတစ်ခုရှိတယ်”

“ကမ္ဘာလောကအားလုံး၏ ကိုးကွယ်ရာ…”

စုမင်နှလုံးသားသည် လှုပ်ရှားယိမ်းယိုင်သွားပြီး နန်ထျန်းကိုကြည့်ရန် ခေါင်းကို လျင်မြန်စွာမော့လိုက်သည်။ ထိုသို့ဖြစ်သွားသူမှာ သူတစ်ယောက်တည်းပင် မဟုတ်ပေ။ ချူးနုအတွက်လည်း ထိုအရာနှင့်ပတ်သက်၍ သေချာကြားဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်မည်မှာ သေချာသည်။ တုန့်ဖန်းဟွာ တစ်ယောက်သာလျှင် ခေါင်းကိုငုံ့ထားပြီး သူ့အမူအရာမည်သို့ ဖြစ်နေမည်ကို မမြင်နိုင်ချေ။

“ကမ္ဘာလောကအားလုံး၏ ကိုးကွယ်ရာ…”

စုမင် တီးတိုးရေရွတ်လိုက်သည်။

ထို စကားလုံးလေး ငါးခုသည် သူ့စိတ်ထဲတွင် ပိတ်စတစ်ခုပေါ်၌ ပန်းချီဆွဲလိုက်သကဲ့သို့ စွဲထင်သွားစေနိုင်သည့် ကြီးမားသည့် စွမ်းအားတစ်ခု ပါဝင်နေဟန်တူသည်။ ထိုပိတ်စပေါ်တွင် ဒဏ္ဍာရီလာခေတ်ကို သူမြင်တွေ့နေသလိုပင်။ မာန်စွမ်းအားရှင်တို့၏ နတ်ဘုရားသည် ကောင်းကင်တွင် လွင့်မျောရပ်တည်နေပြီး အခြားကမ္ဘာလောကများမှ မရေမတွက်နိုင်သော လူတို့သည် ဒူးထောက်လျက် သူ့အား ကိုးကွယ်နေကြသည်။

“မယုံနိုင်စရာ ကောင်းတာကို ငါရှာတွေ့ခဲ့တယ်။ ပြီးတော့ အဲဒီခေတ်တုန်းက မမွေးဖွားခဲ့တာကိုလည်း နောင်တရတယ်”

နန်ထျန်း ခါးသီးစွာ ရယ်မောလိုက်သည်။

“ဒါပေမဲ့ အဲဒီတောက်ပခဲ့တဲ့ အချိန်ကာလတွေက ကုန်ဆုံးသွားခဲ့ပါပြီ။ မာန်စွမ်းအားရှင်တို့ရဲ့ ပထမဆုံးနတ်ဘုရားက ထူးခြားဆန်းကြယ်စွာ သေဆုံးသွားခဲ့ပြီး ကမ္ဘာလောကအားလုံးရဲ့ ကိုးကွယ်မှုဆိုတဲ့ အကြောင်းအရာဆိုပြီး ရှေးဟောင်း စာလိပ်တွေထဲမှာ ဖော်ပြထားတာတွေကသာ တောက်ပခဲ့တဲ့ အချိန်ကာလရဲ့ သက်သေတွေအဖြစ် ကျန်တော့တယ်”

“နှစ်တွေအများကြီး ကုန်သွားတဲ့အချိန်မှာတော့ ဒုတိယမြောက် မာန်စွမ်းအားရှင်တို့ရဲ့ နတ်ဘုရား ပေါ်ပေါက်လာခဲ့တယ်။ သူ့ရဲ့ ပေါ်ပေါက်လာမှုကနေ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ မာန်စွမ်းအားရှင်တွေရဲ့ နယ်မြေဟာ သူ့ကြောင့်ပဲ ငါးပိုင်းကွဲသွားတယ်လို့ ပြောကြတယ်”

“သူက သေဆုံးသွားပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ငါးပိုင်းပိုင်းပြီး မာန်စွမ်းအားရှင် မျိုးနွယ်စုတွေရဲ့ နယ်မြေတိုက်ကြီး ငါးခုမှာ မြှုပ်နှံခဲ့တယ်  ... သူ့ခေါင်းက အခြားကမ္ဘာလောက တစ်ခုကို ယူသွားခြင်းခံခဲ့ရပြီး အခုဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှမသိကြဘူး။ ထာဝရ ဖန်တီးမှုနေ့ရက် ရောက်လာတဲ့အချိန်တွေ။ အထူးသဖြင့်တော့ ထာဝရဖန်တီးမှု နေ့ရက်ရဲ့ နောက်ဆုံးနေ့ကို ရောက်ရင် မာန်စွမ်းအားရှင် မျိုးနွယ်စုတွေ ရှိတဲ့ကုန်းမြေ အဝေးကနေ ငိုကြွေးအော်မြည်သံတွေကို ကြားရတယ်လို့ လူတွေကပြောကြတယ်။ အဲဒါက ဒုတိယမြောက် မာန်စွမ်းအားရှင် နတ်ဘုရားရဲ့ ငိုကြွေးမြည်တမ်းသံတဲ့”

“စတုတ္ထမြောက် မာန်စွမ်းအားရှင် နတ်ဘုရားက အဲဒီငိုကြွေး ဟိန်းဟောက်သံကို ကြားနိုင်တဲ့လူတွေထဲက ဖြစ်ပေါ်လာလိမ့်မယ်တဲ့။ ငါတို့ မာန်စွမ်းအားရှင်တွေ အကုန်လုံးက စတုတ္ထမြောက် မာန်စွမ်းအားရှင် နတ်ဘုရားကို စောင့်မျှော်နေကြတာပဲ…”

“ဒါပေမဲ့ ဒါတွေက ဒဏ္ဍာရီတွေပါပဲ။ ငါတစ်ခါမှ အဲဒီငိုကြွေး ဟိန်းဟောက်သံကို မကြားဖူးဘူး။ ငါ့အနားမှာရှိတဲ့ တခြားလူတွေလည်း ကြားဖူးကြတယ် မထင်ဘူး”

နန်ထျန်းသည် အသံခပ်တိုးတိုးဖြင့် ဆက်ပြောသည်။

“တတိယမြောက် မာန်စွမ်းအားရှင်တွေရဲ့နတ်ဘုရားကရော ဘယ်မှာလဲ”

“ဒါက ငါလည်း သိချင်နေတဲ့ အကြောင်းအရာပဲ။ ရှေးဟောင်းစာလိပ်တွေ ပိုရဖို့အတွက် ငါ့စွမ်းအားက မလုံလောက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မှတ်တမ်းအများစုမှာတော့ မာန်စွမ်းအားရှင် နတ်ဘုရားတွေရဲ့အကြောင်း ပြောထားတာကို မြင်ခဲ့ဖူးတာက တတိယမြောက် မာန်စွမ်းအားရှင် နတ်ဘုရားက ပျောက်ဆုံးနေတယ်တဲ့”

“သူက ပျောက်ဆုံးပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့လဲ ပြောကြတယ်။ သူနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကတော့ သူလာခဲ့တဲ့နယ်မြေကို မှတ်သားထားတာတွေပဲ ... ကြီးမားတဲ့ ယုပြည်ထောင်၊ မာန်စွမ်းအားရှင်တို့ရဲ့ ဗဟိုကုန်းမြေ တဲ့”

နန်ထျန်းသည် ခေါင်းခါရင်း ပြောလိုက်သည်။

စုမင်ထိုအရာကို ကြားလိုက်သည့်အခါ အလင်းတို့က သူ့တစ်ကိုယ်လုံး ဖြတ်သန်းသွားပြီး တုန်ခါသွားစေသည်။ ထိုတုန်ခါမှုတို့အား သူမထိန်းချုပ်နိုင်ချေ။ နန်ထျန်းသည် ချက်ချင်း သတိပြုမိသွားပြီး စူးစမ်းလိုသည့်အကြည့် တစ်ချက်ပေးလာသည်။

“ညီနောင် မော့၊ ဘာမှားသွားလို့လဲ”

“ဘာမှ မဟုတ်ပါဘူး”

စုမင်သည် သူ၏ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ကို ဖုံးကွယ်ရန်အလို့ငှာ မျက်လုံးတို့ကို ပိတ်လိုက်သည်။

‘ဆိုတော့ မာန်စွမ်းအားရှင်တို့ရဲ့ နတ်ဘုရားက တစ်ဦးတည်းရှိတာ မဟုတ်ဘူးပဲ။ သူတို့ရဲ့ မျိုးဆက်တွေလည်း ရှိကြတယ်  ... ဒါပေမဲ့ သူပြောသွားတဲ့အထဲမှာ မီးတောက်မာန် စွမ်းအားရှင်တွေအကြောင်း မပါရတာလဲ။ ဘယ်မာန်စွမ်းအားရှင်တို့ရဲ့ နတ်ဘုရားကများ မီးတောက် မာန်စွမ်းအားရှင်တွေကို ချိပ်ပိတ်ခဲ့တာလဲ။ သူက ဘယ်မျိုးဆက်ကများ ဖြစ်နိုင်မလဲ ... ’

‘ဘာလို့များ နန်ထျန်းက မာန်စွမ်းအားရှင်တွေ အားလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်ကြီးအကြောင်းကို မပြောခဲ့ရတာလဲ  ... ဖြစ်နိုင်တာက နေရာဒေသတွေအကြား ခြားနားချက်ကြောင့် များလား။ ဒါဆိုရင်တော့…’

ထိတ်လန့်မှုတို့သည် စုမင်နှလုံးသားအတွင်း မြင့်တက်လာလေသည်။

မည်သည့်အကြောင်းကြောင့် ဆိုသည်ကို သူမသိပေ။ သို့သော် ချန်းလန်၏ သူ့ကိုကြည့်သည့် သနားသည့်အကြည့်တို့နှင့် ရှုပ်ထွေးသည့် အကြည့်တို့က သူ့ခေါင်းအတွင်း ပေါ်ပေါက်လာသည်။

“တစ်နေ့နေ့မှာ ရှင် တစ်ခုခုကို သတိရခဲ့မယ်ဆိုရင်  ... အေးခဲကောင်းကင် ကလန်မှာ ကျွန်မကို လာရှာနိုင်ပါတယ်…”

စုမင် မျက်လုံးကိုဖွင့်လိုက်ပြီး ခေါင်းကိုလှည့်ကာ တောင်ကြားအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သတိမပြုမိနိုင်လောက်သည့် အကြည့်တစ်ခုက နန်ထျန်းမျက်လုံးအတွင်း ပေါ်ပေါက်သွားခဲ့သည်။ မော့စုနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသွား ခဲ့ကြောင်းကို သူခံစားမိခဲ့သည်။ ထိုအကြောင်းကို တိတ်ဆိတ်စွာ တွေးတောနေစဉ်တွင်ပင် သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ခေါင်းကိုမော့ကာ တောင်ကြားအပြင်သို့ ကြည့်လိုက်ပြီးနောက် မကြာခင်၌ပင် နှလုံးသားအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုတို့ ဖြစ်ပေါ်လာပြီး စုမင်ကို မျက်လုံးထောင့်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။

‘ဘယ်လိုတောင် ထိတ်လန့်ဖို့ကောင်းတဲ့ အာရုံခံနိုင်စွမ်းလဲ။ သူက ငါ့စကားလုံးတွေကြောင့် သက်ရောက်မှုတစ်ခုခု ခံလိုက်ရတာတောင်မှ တောင်ကြားအပြင်မှာ တခြားလူတွေ ရှိနေတာကို ငါ့အရင် အာရုံခံနိုင်ခဲ့တယ်  ... သူသာ အေးဆေးတည်ငြိမ် နေခဲ့မယ်ဆိုရင်  ... ငါသူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားသင့်တယ်’

နန်ထျန်း နှလုံးသားအတွင်းမှ ဆုံးဖြတ်ချက် ချလိုက်သည်။

ထိုအချိန်မှာပင် ငိုကြွေးနေသံကဲ့သို့ အေးစက်၍ ချောက်ချားဖွယ် အသံတစ်ခုက လေထုကိုဖြတ်သန်းလျက် တောင်ကြားအပြင်မှ ဝင်ရောက်လာခဲ့သည်။

“နန်ထျန်း၊ ငါ ရွှမ်းလွမ် ပါ”

ထိုအသံသည် မိုးထစ်ချူန်းသံကဲ့သို့ပင် ဖြစ်သည်။ အသံက တောင်ကြားအတွင်း ရောက်လာချိန်၌ လူနှစ်ယောက်သည်လည်း တောင်ကြားအပြင်၌ ပေါ်လာကာ အတွင်းသို့ လျှောက်လှမ်းဝင် လာကြသည်။

ရှေ့မှ လျှောက်လာသူသည် ရွှမ်းလွမ်ဖြစ်သည်။ သူ့မျက်နှာသည် နက်မှောင်နေပြီး မျက်ခုံးတို့က အလိုမကျစွာ တွန့်ချိုးနေကြ၏။ သူ့နောက်တွင်တော့ ခန္ဓာကိုယ်တစ်ခုလုံး သွေးတို့ဖုံးလွှမ်းနေသည့် အဘိုးအိုတစ်ဦး လိုက်ပါလာသည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရှိနေခဲ့ပြီး မျက်နှာသည်လည်း ဖြူဖျော့နေချေသည်။ ဤနေရာသို့ ရောက်မလာခင် သူတိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲတို့သည် မယုံနိုင်လောက်အောင်ပင် ကြီးကျယ်ခဲ့လိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။

“မင်း ဒီနေရာကို ရောက်လာနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”

နန်ထျန်းသည် ပြုံးလျက် မတ်တတ်ထရပ်လိုက်ကာ ရွှမ်းလွမ်ထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် ဦးတည်ပြောဆို လိုက်သည်။

ရွှမ်းလွမ်မျက်နှာသည် ဤနေရာသို့ စတင်ရောက်ရှိ လာချိန်ကပင် နက်မှောင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ၎င်းတို့ဆီသို့ လျှောက်လှမ်းလာရင်း သူ့အကြည့်က စုမင်ထံသို့ ကျရောက်သွားချိန်တွင်တော့ အေးစက်စက်အကြည့်က မျက်လုံးအတွင်း ဖြစ်ပေါ်သွားသည်။

“မင်းက မင်းရဲ့နေရာကို ဂရုမစိုက်ပဲနဲ့ ဖြန့်ဝေရဲတယ်။ မင်းဒီမှာရှိနေတဲ့ အကြောင်းကို အရောင်စုံရေကန် မျိုးနွယ်စုတင်မက ငါ့ကိုပါပြောရဲတဲ့ သတ္တိရှိနေခဲ့တာပဲ။ မဟုတ်ဘူးလား”

“အရောင်စုံရေကန် မျိုးနွယ်စုက မင်းကိုအရင်ရှာတွေ့ပြီး မသတ်နိုင်ပါဘူးလို့ မင်းဘယ်လိုတောင် သေချာနေရတာလဲ”

“ငါကသာ  အရောင်စုံရေကန် မျိုးနွယ်စုကလူတွေအပြင် ရုပ်နယ်လွန်အဆင့်ကို ရောက်နေတဲ့ တစ်ဦးတည်းသောသူ ဖြစ်မယ်ဆိုရင်တော့ အဲဒီလိုလုပ်ရဲမှာဟုတ်ပါဘူး။ ဒါပေမဲ့ မင်းလည်း ဒီမှာရှိနေတဲ့အတွက် ငါ့မှာ အဲဒီလိုလုပ်ရဲတဲ့ သတ္တိရှိနေတာ သဘာဝကျပါတယ်”

နန်ထျန်းသည် ပြုံးလိုက်ရင်း ရွှမ်းလွမ် လေသံနှင့်ပတ်သက်၍ စိတ်ရှုပ်ခံမနေချေ။

“မင်းရဲ့ အစီအစဉ်တွေအကြောင်းကို ငါတို့နောက်မှ ပြောလို့ရပါတယ်။ ဒီနေရာက သိပ်မဆိုးပေမဲ့ လူတွေတော့ အရမ်းများလွန်းနေတယ်။ ပြီးတော့ မင်း  ... မင်းရဲ့ မျက်နှာဖုံးကို ချွတ်ရင်ချွတ်၊ မချွတ်ရင် ထွက်သွား”

စုမင်ကိုကြည့်ရင်း ပြောလိုက်သည့် ရွှမ်းလွမ်အသံတွင် ချောက်ချားဖွယ်ရာ အေးစက်မှုတို့ ပါဝင်နေသည်။ သူ ဤမျက်စိစပါးမွှေး စူးချင်စရာလူကို ယခုတင် ထပ်တွေ့လိုက်ရပြန်ခြင်း ဖြစ်သည်။ ထိုလူကို ဥမင်အတွင်း၌ ပထမဆုံးတွေ့ခြင်းဖြစ်စေ၊ ယခု ဤနေရာတွင် ဆုံတွေ့ခြင်းဖြစ်စေ အရေးမပါပေ။ သဘောမကျသည့် ခံစားချက်ကြီးကတော့ ရှိနေဆဲပင်ဖြစ်သည်။

နန်ထျန်းသည် ခဏတာမှင်တက် သွားမိသည်။ ထို့နောက် ထိုင်နေဆဲဖြစ်သည့် စုမင်နှင့် ရွှမ်းလွမ်တို့နှစ်ယောက်ကို သူသေသေချာချာ ကြည့်လိုက်မိကာ ခဏတာတုံ့ဆိုင်း နေပြီးနောက် ရွှမ်းလွမ်အား လေသံခပ်တိုးတိုးဖြင့် မေးလိုက်မိသည်။

“ညီနောင်ရွှမ်း၊ မင်းမှာ ညီနောင်မော့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်တွေများ ရှိနေတာလား”

***

All Chapters