အန်ထုတ်လိုက်စမ်း ၂
Vol. 94 Ch. 931
ထိုအရာကို ပြန်လည်သတိရမိလျှင် သွေးသံရဲရဲဖြင့်ပျက်စီးနေသောမျက်နှာရှိသည့် ရှီယန်က သူ၏လက်များကို ဆုပ်ကိုင်တုန်ရီနေရင်းမပီမသ စကားများကို ရေရွတ်လိုက်၏။
"မသေမျိုးရောင်းရင်းနှစ်ယောက်က အသိမိတ်ဆွေတွေမှန်းငါ မသိခဲ့ဘူး။ ငါ ခွေးတစ်ကောင်လို မျက်စိကန်းခဲ့တာပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါ မသေမျိုးရောင်းရင်းတို့"
၎င်းကို ကြားလျှင်ချင်းဟွာက ခံစားချက်မဲ့စွာဖြင့် သူမ၏ခေါင်းကို ဖြည်းညှင်းစွာခါရမ်းလိုက်၏။
"မင်း မှားနေပြီ။အသိဟောင်းတွေ မဟုတ်ဘူး။ သူက ငါ့သခင်ပဲ"
ထိုပြတ်သားသောစကားလုံးများက ထပ်မံထွက်ပေါ်လာပြီး ခန်းမအပြင်ဘက်ရှိ လူတိုင်းကို သေချာစွာကြားစေကာ အစောပိုင်းက နားကြားမှားခဲ့သလောဟူသောသံသယများကို ရှင်းလင်းသွားစေခဲ့သည်။
ဂုဏ်ယူဝင့်ကြွားဖွယ် ကမ္မကုသိုလ်မသေမျိုးတစ်ပါးက ရှန်းယီကို သခင်ဟု ခေါ်ဆိုခဲ့ခြင်းပင်။
ကျိကျင့်ရှီး နှင့် အခြားသူများ၏မျက်ခွံများ လှုပ်သွားကြပြီး မှင်သက်ကာစကားတစ်ခွန်းမျှ မဟနိုင်တော့ပေ။
ပြင်ပကမ္ဘာအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်ထားသော ကျစ်ယန်တို့မောင်နှမက လက်ရှိအချိန်မှာတော့ ထူးဆန်းသောအမူအရာများ ရှိနေကြပြီး သူတို့၏မျက်လုံးများထဲတွင် နားလည်ရခက်သော ရှုပ်ထွေးမှုများပြည့်နှက်နေကာ လက်ချောင်းထိပ်များမှာ အနည်းငယ်တုန်ရီနေပေသည်။
ဤဖြစ်ရပ်၏ထိတ်လန့်ဖွယ်ကောင်းမှုက ရှန်းယီ မသေမျိုးတစ်ပါးအပေါ် လက်ပါခဲ့ခြင်းထက်ပင် သာလွန်နေ၏။
အဘယ်ကြောင့်ဆိုသော် မသေမျိုးများက မသေမျိုးခုံရုံး၏အမိန့်ကိုသာ နာခံကြောင်းအားလုံးက သိထားကြသောကြောင့်ပင်။
လူသားဧကရာဇ် အုပ်ချုပ်သော အင်ပါယာခုံရုံးနှင့် မတူဘဲ သွန်သင်ချက်သုံးခုဖြင့် ပူးတွဲအုပ်ချုပ်သောမသေမျိုးခုံရုံးအရ မသေမျိုးများတွင် သခင်ဟူ၍မရှိသကဲ့သို့ ရှိလာရန်လည်းမဖြစ်နိုင်ပေ။
ရှီယန်ကလည်း ထိုကဲ့သို့သောခံစားချက်ကိုပင် ခံစားခဲ့မ်သော်လည်း အသေးစိတ်တွေးတောရန် အခွင့်အရေးမရလိုက်ချေ။
ခွပ်
နောက်တစ်ခဏတွင် သားရေဖိနပ်တစ်ဖက်က သူ၏နောက်စေ့ကို ပြင်းထန်စွာနင်းချလိုက်ရာ သူ၏ဦးခေါင်းခွံက ကြမ်းပြင်ကြွေပြားများအတွင်းသို့ နစ်ဝင်ရောက်သွားတော့သည်။
ကောင်းကင်ဘုံမှ အသိအမှတ်ပြုထားသော မသေမျိုးအရာရှိတစ်ပါးက ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်အား ဤသို့ဖြင့်ဦးညွှတ်အရိုအသေပေးလိုက်ရ၏။
ဤခြေထောက်က ရှီယန်၏ဦးခေါင်းကိုသာမက ခန်းမအပြင်ဘက်ရှိ လူတိုင်း၏နှလုံးသားများကိုပါ နင်းခြေလိုက်ခြင်းဖြစ်ပြီး ၎င်းတို့အားလုံးကို မှင်သက်သွားစေကာ မသေမျိုးများအပေါ်ထားရှိသည့် ၎င်းတို့၏နောက်ဆုံးကျန်ရစ်သော လေးစားမှုအရိပ်အယောင်များကိုပါ လျင်မြန်စွာဖျက်ဆီးပစ်လိုက်သည်။
"ဟူး"
ရှန်းယီက သက်ပြင်းကိုဖြည်းညှင်းစွာ ချလိုက်ရင်း ဆောင့်ကြောင့်ထိုင်ချကာ ရှီယန်ကို အပေါ်သို့ပြန်ဆွဲတင်လိုက်သည်။
ထို့နောက် သူက ဝတ်ရုံစကိုညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ချင်းဟွာအားတုပ်နှောင်ထားသော ကြိုးများကို ဖြေလျော့ပေးလိုက်၏။
သူသည် အတွေ့အကြုံမရှိသဖြင့် ဤမသေမျိုး၏မှော်ရတနာများကို မည်သို့အသုံးပြုရမည်ကို မသိခဲ့ပေ။
ရှန်းယီက သစ်သားသပ်ကို အတင်းအဓမ္မဆွဲနုတ်လိုက်ပြီး ၎င်းသည် သူ၏လက်ဖဝါးထဲတွင် ပုံမှန်အရွယ်အစားသို့ ပြန်လည်ကျုံ့ဝင်သွားသည်ကို ကြည့်ကာအလေးချိန်ကို အနည်းငယ်စမ်းသပ်ကြည့်လိုက်၏။
ချက်ချင်းပင် သူက ရှီယန်အား နဂါးရစ်ခွေတိုင်ဆီသို့ ပြင်းထန်စွာပစ်ပေါက်လိုက်ပြီး လက်ထဲရှိ သစ်သားသပ်ဖြင့် ထိုသူ၏ရင်ဘတ်အတွင်းသို့ ရက်စက်စွာ ထိုးစိုက်လိုက်သည်။
ဘန်း..
သွေးများပန်းထွက်လာရင်း ရှီယန်၏မျက်လုံးများမှာ အပြင်ထွက်လုမတတ်ပြူးကျယ်သွားပြီး သူ အော်ဟစ်တော့မည့်ဆဲဆဲတွင် ရှန်းယီ၏သွယ်လျသောလက်ချောင်းများက သူ၏လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
သူ၏လည်ပင်းသွေးကြောများ ထောင်ထလာပြီး အသက်ရှူရပ်မတတ်ဖြစ်သွားစေသည်။
ထိုအခိုက်အတန့်တွင် တစ်ဖက်လူက သူ၏နတ်စိတ်ဝိညာဉ်ကို မှော်ရတနာများဖြင့်အဘယ်ကြောင့် ကာကွယ်ထားခဲ့ကြောင်း ရှီယန်နောက်ဆုံးတွင် နားလည်သွားခဲ့၏။ ကျားဖြူ၏ ကာကွယ်မှုအောက်တွင် သူ၏အသိစိတ်က အလွန်ကြည်လင်နေသဖြင့် သတိလစ်သွားရန်ပင်မဖြစ်နိုင်သလို နာကျင်မှုအပေါ်သူ၏ခံစားသိရှိနိုင်စွမ်းမှာလည်း ဆယ်ဆမကပြင်းထန်လာခဲ့ပေသည်။
ရှန်းယီက သူ၏နားအနီးသို့ ကပ်လိုက်ရင်း တည်ငြိမ်သောအမူအရာဖြင့် တိုးတိတ်စွာရေရွတ်သည်။
"အန်ထုတ်လိုက်စမ်း.."
ချက်ချင်းပင် သူသိမ်းပိုက်ထားသော ကမ္မကုသိုလ်စွမ်းအင်ကိုရည်ညွှန်းနေခြင်းဖြစ်ကြောင်း ရှီယန်သိရှိလိုက်ပေသည်။
သို့သော် သူက တုန်ရီနေဆဲဖြစ်ပြီး ခေါင်းခါယမ်းလိုက်၏။
"ငါတို့... ညှိနှိုင်းကြရအောင်..."
ဤကမ္မကုသိုလ်စွမ်းအင်က အသက်ရှင်ရန် သူ၏တစ်ခုတည်းသော အာမခံချက်ဖြစ်တန်ရာ၏။
အကယ်၍ ၎င်းကိုသာ စွန့်လွှတ်လိုက်ရပါက...
"အား"
ရုတ်တရက် စူးရှပြီးနားကွဲလုမတတ် အော်ဟစ်သံကြီးမှာ ကောင်းကင်ယံအထိပဲ့တင်ထပ်သွားခဲ့သည်။
ရှန်းယီက ရှီယန်၏လက်ကောက်ဝတ်ကို အသာအယာဆုပ်ကိုင်လိုက်ရာ ကြက်သွေးရောင်နတ်ဆိုးစွမ်းအင်များက စည်ကျိုးသွားသောရေများကဲ့သို့ပေါက်ကွဲထွက်လာပြီး သူ၏ခြေလက်များ နှင့် ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာစီးဝင်သွားတော့သည်။
သူ၏မြေကမ္ဘာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းမျှဖြင့် ဤကဲ့သို့ကြီးမားသော စွမ်းအင်ကို မခံနိုင်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် အပြင်ပန်း၌အကောင်းပကတိဟု ထင်ရသောမသေမျိုး၏အတွင်းအင်္ဂါများ နှင့် အရိုးများကြေမွပျက်စီးသွားတော့သည်။
ရှန်းယီက သူ၏နတ်ဆိုးစွမ်းအင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အချိန်အတော်ကြာအသုံးမပြုခဲ့သော ဒေါင်းနီအလင်းတန်းကို အသုံးပြုလိုက်၏။ အကြမ်းထည်ဆန်ကာ ၎င်းကသူ့ဒဏ်ရာများကို အလုံးစုံမကုသနိုင်သော်လည်း ခန္ဓာကိုယ်ကိုပြုပြင်ရန် လုံလောက်ပေသည်။
"အန်ထုတ်လိုက်စမ်း.."
သက်သောင့်သက်သာရှိသော ခံစားချက်မှ ရှီယန် ပြန်လည်မရုန်းထွက်နိုင်မီမှာပင် ထိုရေရွတ်သံက သူ၏နားထဲတွင်ပဲ့တင်ထပ်လာပြီး ထပ်တူညီသော ဆွဲဖြတ်ခံရသည့်ခံစားချက်က သူ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် လွှမ်းမိုးသွားပြန်သည်။
"ငါ့အမှားကို ငါသိပါပြီ မြင့်မြတ်တဲ့မသေမျိုး။ ငါ့အမှားကို ငါ သိပါပြီ"
သူက မျက်လုံးများကိုတင်းတင်းပိတ်ထားပြီး မျက်ရည်များစီးကျနေသော်လည်း ယင်ယန်သေခြင်းရှင်ခြင်း၏ကာကွယ်မှုအောက်တွင် သူက အသိစိတ်ကြည်လင်နေဆဲဖြစ်ကာ ကလေးငယ်တစ်ဦးကဲ့သို့ ရင်ကွဲမတတ်ငိုကြွေးနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။
"ကျေးဇူးပြုပြီး ငါ့ကိုနောက်ထပ်အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ"
မသေမျိုးစံအိမ်အတွင်း၌ ဤမြင်ကွင်းက တောက်လျှောက်ထပ်ခါတလဲလဲဖြစ်ပေါ်နေတော့သည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။
အော်ဟစ်သံများ တဖြည်းဖြည်းတိုးဝင်သွားသည်အထိပင်။
ကြည့်ရှုနေသူများ၏အမူအရာများက ကြောက်ရွံ့မှုမှသည် ထုံထိုင်းမှုဆီသို့ပြောင်းလဲသွားကြ၏။
"..."
ရွှမ်ချင်းက ခန်းမအပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏စိတ်ထဲတွင် ဆရာသခင်ဖြစ်သူ၏ နာကျင်စွာအော်ဟစ်သံများနှင့် ရှီယန်၏တောင်းပန်သံများရောနှောကာ ရှုပ်ထွေးနေပေသည်။
သူသည် ရုတ်တရက်ရယ်မောလိုက်ပြီး သူ၏သစ်သားမျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့၏။
ယခင်က သူလေးလေးနက်နက် မတွေးခဲ့ဖူးသော ကတိစကားများက ဤမျှတိုတောင်းသော အချိန်ကာလအတွင်း သူ၏မျက်စိရှေ့မှောက်တွင် အမှန်တကယ်ဖြစ်ပေါ်လာခဲ့လေပြီဖြစ်သည်။
ဂိုဏ်းချုပ် ရှန်းက သူ့ကိုမြောက်ပိုင်းဟုန်သို့ ခေါ်ဆောင်လာခဲ့ရုံသာမက သူနှစ်ပေါင်းသိန်းနှင့်ချီ၍ တောင့်တခဲ့ရသော အခိုက်အတန့်ကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခွင့် ပေးခဲ့သည်။
နောက်ဆုံးတွင် ရှီယန်ထံမှ မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေ၏။ ရှီယန်က သူ၏ရှေ့ရှိ လူငယ်ကိုစိုက်ကြည့်နေရင်း သူ၏မျက်လုံးများထဲတွင် မည်သည့်နာကြည်းမှုမျှ မရှိတော့ဘဲ အစစ်မှန်ဆုံးသောကြောက်ရွံ့မှုများသာ ကျန်ရှိနေတော့သည်။
"ကုန်သွားပြီ... တကယ် ကုန်သွားပြီ..."
ရှန်းယီက မကြားသကဲ့သို့ပင် ထိုလုပ်ငန်းစဉ်ကို ဒါဇင်နှင့်ချီ၍ ထပ်မံလုပ်ဆောင်ခဲ့သည်။
ကမ္မကုသိုလ်စွမ်းအင် ထပ်မံထုတ်ယူ၍ မရနိုင်တော့ကြောင်းသေချာသွားပြီးနောက် သူက သူ၏လက်ကို ဖြည်းညှင်းစွာပြန်ရုပ်သိမ်းလိုက်ကာ သစ်သားသပ်ကို ဆွဲနုတ်လိုက်ပြီးပြူးကျယ်နေသော ရှီယန်၏မျက်လုံးများရှေ့တွင် ထိုသစ်သားသပ်ဖြင့် သူ၏ဦးခေါင်းကို ပြင်းထန်စွာထိုးဖောက်ပလိုက်သည်။
သစ်သားသပ်တစ်လျှောက် သွေးများ စီးကျလာပြီး ကြမ်းပြင်ကြွေပြားများကို အနီရောင်အဖြစ် စွန်းထင်းသွားစေခဲ့၏။
ရှန်းယီက အမူအရာမပျက်ဘဲ တိမ်ဖြူရောင်ဝတ်ရုံဖြင့် သူ၏လက်ကို သန့်စင်အောင်သုတ်လိုက်ပြီးနို့နှစ်ရောင်မီးတောက်ကိုချန်ထားရစ်ခဲ့ရာ ထိုအရာကအလောင်းအား လုံးဝလွှမ်းခြုံသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေးစားဖွယ်ကောင်းသော ဟုန်ကျယ်မသေမျိုးက လောကကြီးမှ အပြီးတိုင်ပျောက်ကွယ်သွားခဲ့၏။
"..."
ရှန်းယီ လှည့်ကြည့်လိုက်သောအခါ လူအုပ်ကြီးက ယခင်ကနှင့် မပြောင်းလဲသော သူ၏ချောမောလှပသည့်မျက်နှာကိုမြင်တွေ့လိုက်ရသော်လည်း သူတို့သည် ကြောက်ရွံ့မှုများကြောင့် ချက်ချင်းဆံပင်မွေးများထောင်သွားခဲ့ရသည်။
ခမ်းနားထည်ဝါသော ဂိုဏ်းချုပ်ဝတ်ရုံကဲ့သို့မဟုတ်ဘဲ ရိုးရှင်းသောမင်ရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသော်လည်း ဤလူငယ်က မဟာနတ်ဆိုးကြီးများစွာနှင့် မသေမျိုး၏သခင်ဖြစ်သည်ဟူသော အချက်ကိုမူ မပြောင်းလဲစေခဲ့ပေ။