မြင်းပုအိုကြီး၏ အရှိန်
Vol. 94 Ch. 935
အဆုံးမှာတော့ ဟုန်ကျယ်သည် ပြင်ပကမ္ဘာနှင့် နှစ်ပေါင်းများစွာအဆက်ပြတ်နေခဲ့ခြင်းဖြစ်ရာ၊ အတားအဆီးများဖယ်ရှားလိုက်လျှင်ပင် ပြင်ပနှင့်ပြန်လည်ဆက်သွယ်ပြုလုပ်ရန်မှာ ရက်အနည်းငယ်အတွင်းဖြင့်မပြီးမြောက်နိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် အရှေ့နဂါးနန်းတော်မှ ထိုနဂါးဘုရင်အိုကြီးက ဟုန်ကျယ်ရှိသက်ရှိများအတွက် လမ်းစတစ်ခုချန်ထားပေးခဲ့၏။
ထို့ပြင် သူက ဤလမ်းကြောင်း၏ယုံကြည်စိတ်ချရမှုကို သူ၏အသက်နှင့်ရင်းကာ သက်သေပြခဲ့ပြီးဖြစ်သည်။
သူ၏အစီအစဉ်က အဆုံးတွင် ကျရှုံးခဲ့သော်လည်း၊ ထိုကျောက်စိမ်းချိပ်မှာကောင်းကင်ဘုံသို့ အမှန်တကယ်ပင် ရောက်ရှိသွားခဲ့၏။
သတင်းစကားတစ်ခု ပေးပို့နိုင်သည်ဆိုလျှင် လူတစ်ယောက်လည်းသွားနိုင်မည်သာဖြစ်လေ၏။
"ကျုပ်အဖေက သူ့ရဲ့လုပ်ပုံကိုင်ပုံတွေမပြတ်သားပေမဲ့၊ လူတစ်ယောက်အနေနဲ့တော့ သူကတကယ်ကိုမဆိုးတဲ့သူပါ။"
ကျစ်ယန်က ကောင်းကင်ယံမှ မြေပေါ်ရှိလမ်းတစ်ခုပေါ်သို့ သက်ဆင်းလိုက်၏။ ထိုနေရာတွင် ထူးဆန်းစွာဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက မြင်းရထားတစ်စီးနှင့်အတူ စောင့်ဆိုင်းနေသည်မှာ အတန်ကြာပြီဖြစ်သည်။
သူ၏ဝတ်စားဆင်ယင်မှုမှာ အနည်းငယ်ထူးဆန်းစွာဖြင့် ဆံပင်နှင့် မုတ်ဆိတ်များဖြူဖွေးနေပြီဖြစ်သော်လည်း၊သူက တောက်ပသောအနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ၊ဆံပင်ကို ကလေးငယ်များကဲ့သို့ဂျိုနှစ်ချောင်းသဏ္ဍာန်ထုံးထားကာ ပါးနီပင်ဆိုးထားသေး၏။ အမှန်တကယ်ကို ကလေးကြီးတစ်ယောက်ပင်။
"ဒီလေးစားအပ်တဲ့ စီနီယာက မြေစောင့်မသေမျိုးရဲ့လက်အောက်ခံ ဝေယျာဝစ္စအခြွေအရံတစ်ယောက်ပါ၊သူနဲ့ ကျုပ်အဖေနဲ့က အသက်ကြွေးကျေးဇူးရှိခဲ့ဖူးကြတာ။"
အဘိုးအိုနှင့် ခေတ္တမျှနှုတ်ဆက်စကား ပြောဆိုပြီးနောက်၊ကျစ်ယန်က ရှန်းယီကို မိတ်ဆက်ပေးလိုက်ပြီး အဘိုးအိုကိုလည်း ဤသို့ပြောလိုက်၏။
"ဒါကတော့ ကျုပ်ရဲ့မိတ်ဆွေဟောင်းပါ၊ သူက အင်ပါယာခုံရုံးမှာ ရာထူးတစ်ခုရှာဖွေဖို့ ရည်ရွယ်ထားပါတယ်။"
ဝေယျာဝစ္စအခြွေအရံ အဘိုးအိုက အပြုံးတစ်ခုကို အားတင်း၍ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပြီး ဟုန်ကျယ်၏အရေးကိစ္စများကို တစ်ခွန်းမျှမမေးမြန်းခဲ့ပေ။
မေးမြန်းနေစရာလည်း မလိုတော့ပေ။ အကယ်၍ အစီအစဉ်သာကျရှုံးခဲ့ပါက ယခုလာရောက်တွေ့ဆုံသူမှာ ကျစ်ရွှမ်၏သားဖြစ်မည်မဟုတ်ဘဲ၊ ရှီယန်မှ စာရင်းရှင်းရန်ဆင့်ခေါ်ထားသော ကောင်းကင်စစ်သည်တော်များသာ ဖြစ်ပေလိမ့်မည်။
သူသည် သူ၏လက်ထဲရှိ ဇက်ကြိုးကို ဆွဲလိုက်ပြီး သူတို့နှစ်ဦးကို ရထားပေါ်တက်ရန်အချက်ပြလိုက်သည်။
"စီနီယာကို ဒုက္ခပေးမိပါပြီ။"
ရှန်းယီက ယဉ်ကျေးစွာခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ရှေ့မှ ရိုးရှင်းသောရထားလုံးကို ကြည့်ကာ အနည်းငယ်တွန့်ဆုတ်သွားသည်။
ချင်ပြည်နယ်မှ ထွက်ခွာလာကတည်းက သူက ခရီးသွားရန်အတွက် ရထားလုံးမသုံးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ချင်ပြည်နယ်တွင် ရှိစဉ်ကပင် ရထားကို နတ်ဆိုးမြင်းမှ ဆွဲခြင်းဖြစ်ပြီး၊ ယခုရှေ့တွင် မြင်နေရသည့် ပုညှက်ညှက် နှင့် ညစ်ပတ်နေသော မီးခိုးရောင်မြင်းအိုမျိုးမဟုတ်ပေ။
ဤအရာကို အားကိုးပြီးခရီးသွားရမည်ဆိုပါက၊ အက်ပါယာခုံရုံးသို့ရောက်ရန်မှာ သူသေမျိုးဘဝမှ တာအိုနယ်ပယ်အထိ တက်လှမ်းခဲ့သည့် အချိန်ထက်ပင်ပိုကြာသွားနိုင်သည်။
ကျစ်ယန်ကတော့ ဘာကိုမှရှင်းမပြဘဲ ပြုံးရုံသာပြုံးပြီး ရှန်းယီကို ရထားပေါ်သို့ဆွဲခေါ်လိုက်၏။ ထို့နောက် ဝေယျာဝစ္စအခြွေအရံ အဘိုးအိုက မြေကြီးထဲသို့ဖြည်းညှင်းစွာ နစ်မြုပ်ဝင်ရောက်သွားသည်ကိုကြည့်ကာ ရိုသေစွာဂါရဝပြုလိုက်၏။
ထိုအခါမှသာ ကျစ်ယန်က လှည့်လာပြီး အသံကို နှိမ့်ကာပြောလိုက်သည်။
"မြေစောင့်မသေမျိုးက မသေမျိုးခုံရုံးကို တက်လှမ်းနိုင်ခြင်းမရှိပေမဲ့၊ သူက တရားဝင် အဆင့်ကိုးမြောက်မသေမျိုးအရာရှိ တစ်ယောက်ပဲ။ သူ့ရဲ့ အုပ်ချုပ်မှုနယ်မြေက အရှေ့ပိုင်းဟုန်ထက် မသေးဘူး။ ဒီစီနီယာက မြေစောင့်မသေမျိုးရဲ့ဝေယျာဝစ္စအခြွေအရံအဖြစ် အလုပ်အကျွေးပြုနေပြီး၊ သူ့ရဲ့မြေကမ္ဘာနယ်ပယ် ကျင့်ကြံခြင်းနဲ့ သူကနောက်လိုက်တစ်ယောက်ရဲ့အဆင့်အတန်းရှိနေပေမဲ့ မသေမျိုးဂိုဏ်းထဲကိုတောင် ခြေတစ်ဖက်လှမ်းထားပြီးသားပဲ။"
"သူ့ကိုကြည့်ရင် ရယ်စရာကောင်းသလို ထင်ရပြီး၊ ဟုန်ကျယ်က ဂိုဏ်းချုပ်တွေလို ခန့်ညားထည်ဝါမှု မရှိပေမဲ့၊ ဒီရာထူးကို ရဖို့ဆိုတာကလည်း ကြီးမားတဲ့ မိသားစုနောက်ခံရှိဖို့ လိုအပ်တယ်။"
"ရိုင်းရိုင်းစိုင်းစိုင်း ပြောရရင်၊ ကျုပ်အဖေက တာအိုနယ်ပယ်ရဲ့ခွန်အားနဲ့ဆိုရင် မြေစောင့်မသေမျိုးကို တိုက်ပွဲမှာ ကျိန်းသေဖိနှိပ်နိုင်ပေမဲ့၊ သူ့ရဲ့ ဝေယျာဝစ္စအခြွေအရံနဲ့ခင်မင်ခွင့်ရဖို့တောင် ကျုပ်အဖေက အဲ့အဆင့်အတန်းကိုတော်တော်လေး ကြိုးစားပြီး လှမ်းတက်ခဲ့ရတာဗျ။"
ကျစ်ယန်က ခါးသီးသောအပြုံးဖြင့် ပြောလိုက်၏။
"တကယ်တော့ ဒါကိုကျုပ်ကိုယ်တိုင်လည်း သိပ်နားမလည်ပါဘူး၊ဒါပေမဲ့ ကျုပ်အဖေချန်ထားခဲ့တဲ့ မှတ်တမ်းတွေအရတော့ အပြင်လောကမှာက ဒီလိုပဲတဲ့၊ကျင့်သားရသွားမှာပါ။"
ရှန်းယီက တိတ်ဆိတ်စွာနားထောင်ရင်း ဤအချက်အလက်များကို အေးအေးဆေးဆေး စဉ်းစားနေသည်။
ရှီယန်ထံမှ သိထားရသည်မှာ မသေမျိုးမှတ်တမ်းများသည် မိုးမြေ၏စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး တာဝန်ကျသည့် မသေမျိုးများအတွက်အကာအကွယ်ပေးရန် နှင့် သူတို့၏အုပ်ချုပ်မှုအောက်ရှိ သက်ရှိများကိုဖိနှိပ်ရာတွင် မကျရှုံးစေရန်ဖြစ်သည်။
သို့သော် ဟုန်ကျယ်ကဲ့သို့ မြေကမ္ဘာနယ်ပယ်ကျင့်ကြံသူတစ်ဦးက သတ္တမအဆင့်ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို ကိုင်ဆောင်ကာ တာအိုနယ်ပယ်သခင်တစ်ဦးကို စိတ်ကြိုက်သတ်ဖြတ်နိုင်စွမ်းမျိုးမှာ အလွန်ရှားပါးသောအခြေအနေဖြစ်ပေလိမ့်မည်။
ကျင့်ကြံသူအများစုက သူတို့ ပိုင်ဆိုင်ထားသော မသေမျိုးမှတ်တမ်းများမှာ ခွန်အားထက် ကျော်လွန်နေကြသည်မှာ သေချာသည်။
ကျစ်ယန်၏စကားများကို အခြေခံ၍ ကောက်ချက်ချရလျှင် အဆင့်ကိုးမှာ မသေမျိုးမှတ်တမ်းက ကောင်းကင်ဘုံနယ်ပယ် နှင့် ညီမျှပြီး၊အမြင့်ဆုံး ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်အထိ ရှိနိုင်သည်။
အဆင့်ရှစ်မှာမူ တာအိုနယ်ပယ်၏စံနှုန်းများနှင့် ညီမျှပေလိမ့်မည်။
တစ်နည်းအားဖြင့် သူ၏ကိုယ်ပိုင်ခွန်အားဖြင့်ဆိုလျှင်... အနည်းဆုံးတော့ သူက အဆင့်ရှစ် မသေမျိုးအရာရှိ ရာထူးအတွက်အပြည့်အဝ အရည်အချင်းပြည့်မီနေပေပြီဖြစ်၏။
သို့သော် ပြဿနာမှာ ကျစ်ရွှမ်ကလည်း ခွန်အားအရာတွင် အလားတူအားကောင်းခဲ့သူဖြစ်ပြီး အပြင်လောကတွင်နှစ်ပေါင်းများစွာလှည့်လည်သွားလာခဲ့သူဖြစ်သည်။ သူ လူငယ်ဘဝတုန်းက တာအိုနယ်ပယ်သို့ မရောက်သေးလျှင်ပင် သိပ်မဝေးလှတော့ပေ။
သို့သော် သူသည် သာမန်ရာထူးအသေးလေးတစ်ခုကိုပင် မရရှိခဲ့ခြင်းမရှိချေ။
ဤအချက်က ကျင့်ကြံခြင်းအဆင့်မှာ တစ်ခုတည်းသောသန့်မှတ်ချက်မဟုတ်ကြောင်း ညွှန်ပြနေပါသည်။
"အရမ်းကြီး စိတ်မပူပါနဲ့။"
ရှန်းယီ တစ်ခုခုကိုစဉ်းစားနေသည်ကို မြင်သောအခါ ကျစ်ယန်က အားပေးစကားဆိုလိုက်၏။
"သူတို့ရဲ့ဆက်ဆံရေးဆိုတာကလည်း မျိုးဆက်ပေါင်းများစွာတည်ဆောက်ခဲ့ကြတာပါ။ အကယ်၍ မင်းသာ လမ်းစဉ်သုံးသွယ်ထဲက အဆင့်မြင့်ကျင့်ကြံသူတစ်ဦးရဲ့မျက်စိကျခြင်းကို ခံရရင် ဒါမှမဟုတ် အင်ပါယာခုံရုံးမှာ ထူးထူးခြားခြားတစ်ခုခု လုပ်ပြနိုင်ရင်၊အဲဒီအတားအဆီးကို ကျော်ဖြတ်ဖို့ဆိုတာ သူတို့ရဲ့စကားတစ်ခွန်းပဲလိုတယ်။"
"ဒါနဲ့... ငါတို့ ဘာလို့ရထားလုံး စီးဖို့လိုတာလဲ။"
ရှန်းယီက အလွန်အမင်းစိတ်ပူခြင်းမရှိပေ။ အခြေအနေကိုသေချာမသိသေးသဖြင့် ဦးစွာ လေ့လာခြင်းကပိုကောင်းသည်ဟု ဆုံးဖြတ်ထားလေ၏။
"ဘာလို့လဲဆိုတော့ ငါတို့က အင်ပါယာခုံရုံးထဲကို ရောက်နေပြီမို့လို့လေ။"
ကျစ်ယန်က ရထား၏လိုက်ကာကို မကာ ကောင်းကင်ဘုံသို့ ညွှန်ပြလိုက်၏။
ရှန်းယီက သူ၏ရှေ့မှ မြေသားလမ်းကိုကြည့်ကာ အံ့အားသင့်သွားပြီးနောက် ဗလာဖြစ်နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ နောက်တစ်ခဏတွင် သူတစ်ခုခုထူးဆန်းနေသည်ကို သတိပြုမိသွားသည်။
မျက်မှောင်ကြုတ်၍ ကြည့်လိုက်သောအခါ ကြည်လင်ပြာလွင့်နေသော ကောင်းကင်ကြီးမှာ အဝါရောင်မြူခိုးများဖြင့် အနည်းငယ်ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။
"ဒါက နတ်ဘုရားနယ်မြေပဲ၊ အားလုံးက လူသားဧကရာဇ်ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိတာ။"
ကျစ်ယန်က စိတ်လှုပ်ရှားစွာပြောလိုက်၏။
"အင်ပါယာခုံရုံးထဲမှာ စွမ်းအားကိုထုတ်သုံးရင် ဒီဧကရာဇ်ရဲ့အနှစ်သာရက အားလုံးကိုဖိနှိပ်ထားလိမ့်မယ်။ ဟုတ်တာပေါ့ မင်းက နေရာရွှေ့ပြောင်းနည်းစနစ်ကို သုံးချင်ရင်လည်းကိစ္စမရှိပါဘူး၊ ဒါပေမဲ့ မင်းဆီမှာခုံရုံးက ထုတ်ပေးထားတဲ့ ခရီးသွားလာခွင့်လက်မှတ်ရှိထားတာ အကောင်းဆုံးပဲ။မဟုတ်ရင် ဒေသခံ စည်းမျည်းဥပဒေအဖွဲ့တွေနဲ့ မသေမျိုးတွေကို အချက်ပေးသလိုဖြစ်သွားလိမ့်မယ်။အကယ်၍ မင်းက တဇွတ်ထိုးလုပ်လို့ မိစ္ဆာလို့ အသတ်မှတ်ခံရရင်တော့... ကျွတ်စ်..အဲဒါ တော်တော် ဒုက္ခများလိမ့်မယ်။"
"ပြီးတော့ ဒီကောင်လေးရဲ့အရှိန်ကလည်း မနည်းပါဘူး။သူက မြေစောင့်မသေမျိုးရဲ့အရန်ရထားလုံးလေ။မသေမျိုးတစ်ယောက်ရဲ့အခွင့်အရေးကို တစ်ခါလောက် ခံစားကြည့်ကြတာပေါ့။"
ကျစ်ယန်က မြင်းပုလေးကိုနောက်ပြောင်လိုက်သော်လည်း မြင်းပုလေးကမျက်လုံးစောင်းကြည့်ရုံသာတုံ့ပြန်ခဲ့သည်။
မြင်းပုလေးက သူ၏ခြေထောက်ကို ညင်သာစွာ ကြွလိုက်ကာ၊ခွာက မြေပြင်ကိုထိလိုက်သည့် ခဏမှာပင် သူ၏အောက်ရှိမြေသားလမ်းမှာ လိမ်ကောက်သွားကာ ပုံပျက်သွားတော့သည်။
မြေပြင်ချုံ့ကာခရီးနှင်ခြင်း
"..."
ရှန်းယီက သူ၏မျက်ခုံးများကို အလိုအလျောက် ပင့်လိုက်မိသည်။ အရှိန်က အထူးတလည်မြန်ဆန်နေသောကြောင့် မဟုတ်ဘဲ၊ မြင်းပုလေး မလှုပ်ရှားမီအထိ သူ၏လက်ရှိအမြင်အာရုံနှင့်ပင် မည်သည့် ထူးခြားမှုကိုမျှသတိမပြုမိခဲ့သောကြောင့် ဖြစ်သည်။
ထိုမြင်းသည် သာမန်မြင်းတစ်ကောင်နှင့် အမှန်တကယ်ပင် တူညီနေခဲ့၏။
(အင်ပါယာခုံရုံးကို အင်ပါယာမင်းဆက်လို့ပြောင်းပါမယ်နော်/အင်ပါယာမင်းဆက်နဲ့နတ်ဘုရားမင်းဆက်က အတူတူပါဘဲ၊)