← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁) - ဧည့်သည်တော်မင်းသား

သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့သည်လည်း ချန်ကျန်းထောင်းအား ခေါ်ဆောင်လာသည့် ရွှီနင်ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့သည် ရွှီနင်နှင့် ချန်ကျန်းထောင်းတို့အား မသိကြသော်လည်း ကြယ်တာရာချီနယ်ပယ်မှ ရွှီနင်သည် ရင်းမြစ်ပြန်လည်ပေါင်းစည်းခြင်းနယ်ပယ်မှ ချန်ကျန်းထောင်းအား ဦးဆောင်လာကြောင်းကိုမူ အာရုံခံမိကြပေသည်။

“ကျွန်တော်က ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရွှီနင်ပါ”

ရွှီနင်က သူ့သရုပ်မှန်ကို တိုက်ရိုက်ပင် ဖွင့်ဟပြောဆိုလိုက်လေသည်။

တစ်ဖက်လူက ဤနေရာသည် ယန့်လုဂိုဏ်း၏ ပိုင်နက်ဖြစ်ကြောင်း သိရှိနေပြီဖြစ်ရာ ဆက်လက်ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

‘ဒီလူနှစ်ယောက်က ငါ့ရဲ့အာရုံခံနိုင်စွမ်းထဲမှာ လုံးဝမပေါ်လာဘူးပဲ။ မျက်စိနဲ့တိုက်ရိုက် မြင်နေရတာသာ မဟုတ်ရင် သူတို့မရှိဘူးလို့တောင် ထင်ရလောက်တယ်...’

ဤမျှ ကြီးမားလှသော စွမ်းအားကွာဟချက်ကို ရွှီနင် နောက်ဆုံးအကြိမ် ခံစားခဲ့ရသည်မှာ ဟင်းလင်းပြင်နယ်ပယ်တွင် ရှိနေစဉ်တွင်း တာအိုနယ်ပယ်မှ ဝမ့်ယယ်ကို တွေ့ခဲ့ရစဉ်က ဖြစ်ပေသည်။

ချန်ကျန်းထောင်းသည်လည်း ထိုသူနှစ်ဦးမှာ သာမန်မဟုတ်ကြောင်း ရိပ်မိနေသည်။

သို့သော် သူသည် သွမ့်ချောင်ဖုန်းကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် သွမ့်ချောင်ဖုန်း မည်သူဖြစ်ကြောင်းကိုမူ မသိရှိပေ။

“ငါက ယဲ့ဘုရင်ခံမင်းသား သွမ့်ချောင်ဖုန်းပဲ”

(စကားချပ်: အရှေ့က ၂ပိုင်းမှာ ရီးဘုရင်ခံဆိုပြီးသုံးနှုန်းထားပါတယ်။ အခု ယဲ့ဘုရင်ခံဆိုပြီး ပြောင်းသုံးပါ့မယ်)

သွမ့်ချောင်ဖုန်းမှလည်း ပွင့်လင်းစွာပင် မိတ်ဆက်လိုက်သည်။

“ယဲ့ဘုရင်ခံမင်းသား...”

ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ နှစ်ဦးလုံး အလွန်အံ့အားသင့်သွားကြလေသည်။

ဤလူ၏ရုပ်ရည်သွင်ပြင်မှာ ထူးခြားနေသည်ဟု ထင်ရသော်လည်း ထိုသူမှာ ယဲ့ဘုရင်ခံမင်းသား ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

“မင်းသား...”

ရွှီနင်နှင့် ချန်ကျန်းထောင်းတို့သည် အရိုအသေပေးလိုက်ကြသည်။

သွမ့်ချောင်ဖုန်းသည် မိမိ၏အဆင့်အတန်းကို သက်သေပြနိုင်မည့် အထောက်အထား မပြခဲ့သော်လည်း သူတို့နှစ်ဦးလုံးမှာ သူ၏သရုပ်မှန်ကို သံသယမဝင်ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ နှစ်ဦးလုံးသည် သွမ့်ချောင်ဖုန်းတစ်ယောက် မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်တော်တွင် ရောက်ရှိနေကြောင်းကို သိထားကြသောကြောင့် ဖြစ်သည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်မှ ထူးခြားသော အငွေ့အသက်ကိုလည်း အလွယ်တကူ ဖုံးကွယ်ထား၍ မရနိုင်ပေ။

“ယန့်လုဂိုဏ်း ပျက်စီးသွားခဲ့တာ နှစ်တစ်ရာကြာပြီ။ အခု ပြန်လည်တည်ထောင်နေတယ်ဆိုတာ တကယ်ကို ရှားပါးတဲ့ကိစ္စပဲ”

သွမ့်ချောင်ဖုန်းက မေးလိုက်သည်။

“ငါတို့ အထဲဝင်ပြီး ကြည့်လို့ရမလား”

“ရတာပေါ့”

ရွှီနင်က ဖိတ်ခေါ်လိုက်သည်။

“မင်းသား... ကြွပါ”

သွမ့်ချောင်ဖုန်းသည် အိမ်တော်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားလေသည်။

ရွှီနင်နှင့် ချန်ကျန်းထောင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နောက်မှ လိုက်ပါသွားကြသည်။

‘ဒီယဲ့ဘုရင်ခံမင်းသားက ယန့်လုဂိုဏ်းကို သိသိသာသာ စိတ်ဝင်စားနေတာပဲ။ သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် ယန့်လုဂိုဏ်းလို ဂိုဏ်းငယ်လေးတစ်ခု ရှင်သန်နေတာက သူ့မျက်စိထဲ ဝင်စရာအကြောင်း မရှိပါဘူး...’

ရွှီနင်သည် သွမ့်ချောင်ဖုန်း၏နောက်မှ ကပ်လိုက်သွားလေသည်။

သွမ့်ချောင်ဖုန်းသည် အိမ်တော်တစ်ခွင်လုံးကို ဧည့်သည်တစ်ဦးပမာ လှည့်လည်ကြည့်ရှုနေလေသည်။

တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် သွမ့်ချောင်ဖုန်း၏စိတ်ထဲတွင် အတွေးတစ်ချက်သာ ရှိနေတော့သည်။

‘သာမန်ပဲ…’

ပြန်လည်တည်ထောင်ထားသော ယန့်လုဂိုဏ်းသည် အလွန်အမင်း သာမန်ဆန်လွန်းလှသည်။

ယဲ့ဘုရင်ခံမင်းသားတစ်ဦးအနေဖြင့် သူသည် ဂိုဏ်းကြီးပေါင်းများစွာသို့ ဝင်ရောက်ခဲ့ဖူးသည်။ လက်ရှိ ယန့်လုဂိုဏ်းမှာမူ ထိုဂိုဏ်းကြီးများနှင့် ယှဉ်လျှင် ပုစွန်ဆိတ်လေးတစ်ကောင်ပမာ သေးငယ်လွန်းလှသည်။

သို့သော် ယန့်လုဂိုဏ်း၏ လက်ရှိအခြေအနေမှာ ထူးထူးခြားခြား မရှိလှဟု ခံစားရသော်လည်း သွမ့်ချောင်ဖုန်းသည် ယန့်လုဂိုဏ်း၏ အနာဂတ်တွင် တိုးတက်လာမည့် အခြေအနေကိုမူ မျှော်လင့်နေဆဲပင်။

ခေတ္တမျှ စကားပြောကြည့်ရုံဖြင့် လက်ရှိ ယန့်လုဂိုဏ်း၏ ဂိုဏ်းချုပ်မှာ သာမန်မဟုတ်ကြောင်း သွမ့်ချောင်ဖုန်း ရိပ်မိခဲ့ပြီး ဖြစ်သည်။

ရွှီနင်တွင် ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်မျိုး၏ အခြေခံရှိပြီး ဒြပ်စင်အရင်းအမြစ်လေးမျိုးကို စုပ်ယူထားပြီးဖြစ်ကြောင်း သူ အာရုံခံသိရှိနိုင်လေသည်။

ထို့အပြင် နောက်ဖေးခြံဝင်းကို ဖြတ်သွားစဉ် သွေးမျိုးဆက် အလွန်မြင့်မားသော မိစ္ဆာသားရဲနှစ်ကောင် ရှိနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

တစ်ကောင်မှာ ဟင်းလင်းပြင်သားရဲဖြစ်ပြီး နောက်တစ်ကောင်မှာ ချင်းယင်ဝံပုလွေ ဖြစ်သည်။

ဤသည်မှာ အလွန်ရှားပါးသော အခြေအနေပင်။

အိမ်တော်ကို လှည့်လည်ကြည့်ရှုပြီးနောက် ရွှီနင်က သွမ့်ချောင်ဖုန်းကို ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ရဲ့ လျှို့ဝှက်ရတနာတွေကို ပြန်ရယူပေးခဲ့တာ မင်းမလား”

သွမ့်ချောင်ဖုန်းသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ကျန်းဟယ်ကမှာမူ သူ၏ဘေးတွင် ရပ်နေသည်။

“ဟုတ်ပါတယ်”

ရွှီနင်သည် သွမ့်ချောင်ဖုန်း၏ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးသော်လည်း ဤသူသည် မကောင်းသောရည်ရွယ်ချက်ဖြင့် လာခြင်းမဟုတ်ကြောင်း အကြမ်းဖျင်း သေချာနေပြီ ဖြစ်သည်။

“မင်းက အဲဒီသူခိုးနှစ်ယောက်ကို အပြစ်ပေးခဲ့တဲ့အပြင် တန်ဖိုးကြီးတဲ့ လျှို့ဝှက်ရတနာနှစ်ခုကိုပါ ပြန်ရယူပေးခဲ့တယ်။ ဒါက ငါ့အတွက်တော့ ကြီးမားတဲ့ ကျေးဇူးတစ်ခုပဲ။ ပြောပါ... မင်း ဘာဆုလာဘ် လိုချင်သလဲ”

သွမ့်ချောင်ဖုန်းက ရွှီနင်ကို စိတ်ဝင်တစား စိုက်ကြည့်ရင်း မေးလိုက်သည်။

ရွှီနင် မျက်မှောင်ကြုတ်သွားသည်။

ချန်ကျန်းထောင်း၏ ရင်ထဲတွင်မူ ထိတ်လန့်သွားလေသည်။

သွမ့်ချောင်ဖုန်းသာ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်သည့် ကာလအတွင်း ကူညီပေးနိုင်ပါက သိပ်ကောင်းမည်ဟု သူ တွေးလိုက်မိသည်။

အကယ်၍ ထိုသို့သာ ဖြစ်လာပါက ယန့်လုဂိုဏ်းသည် ပုန်းအောင်းနေရန် မလိုအပ်တော့ပေ။

သူတို့သည် ကြီးကျယ်ခမ်းနားစွာ တည်ဆောက်နိုင်မည်ဖြစ်ပြီး ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့ကိုလည်း စိုးရိမ်နေရန် လိုတော့မည် မဟုတ်ချေ။

သို့သော် သူ မျှော်လင့်နေသော်ငြားလည်း ထိုအရာက ချန်ကျန်းထောင်း၏ စိတ်ကူးသက်သက်သာ ဖြစ်လေသည်။

“မင်းသားအတွက် တာဝန်တစ်စိတ်တစ်ပိုင်းကို ထမ်းဆောင်ခွင့်ရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ဆုလာဘ်တွေအကြောင်း ဘာလို့ ပြောနေရမှာလဲ”

ရွှီနင်က သွမ့်ချောင်ဖုန်း၏ စိတ်သဘောထားကို အကဲခတ်၍ မရသဖြင့် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

သွမ့်ချောင်ဖုန်းက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။

“ငါက သူတစ်ပါးအပေါ် ကျေးဇူးတင်ခံရမယ့် အကျင့်မျိုး ဘယ်တုန်းကမှ မရှိဘူး”

သွမ့်ချောင်ဖုန်းက သူ၏လက်ဝါးကို လှန်လိုက်ရာ လက်ဖဝါးများကြားတွင် ချီရေစီးကြောင်းနှစ်ခု ထွက်ပေါ်လာလေသည်။

အနီရောင်တစ်ကြောင်းနှင့် အပြာရောင်တစ်ကြောင်းတို့သည် သူ၏လက်ဖဝါးထဲတွင် ဖြည်းညင်းစွာ လည်ပတ်နေသည်။

‘ရေနဲ့မီး ဒြပ်စင်အရင်းအမြစ်တွေပါလား...’

ထိုချီရေစီးကြောင်းနှစ်ခု၏ အနှစ်သာရကို ရွှီနင် ချက်ချင်းပင် အာရုံခံသိရှိလိုက်သည်။

သွမ့်ချောင်ဖုန်းသည် ရွှီနင်အား ငြင်းဆန်ခွင့်ပင် မပေးဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှီနင်သည် ဒြပ်စင်အရင်းအမြစ်ချီရေစီးကြောင်းနှစ်ခုကို လုံးဝ မခုခံနိုင်ဘဲ သူ၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေတော့သည်။

ရွှစ်... ရွှစ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒြပ်စင်အရင်းအမြစ်ချီရေစီးကြောင်းနှစ်ခုကို ရွှီနင်က စုပ်ယူလိုက်ပြီး သူ၏ အမြုတေအတွင်းရှိ အခြေခံပုံစံထဲသို့ ပေါင်းစပ်သွားလေသည်။

‘ဒီလို စုပ်ယူမှုနှုန်းက...’

ရွှီနင်သည် ဤဒြပ်စင်အရင်းအမြစ်နှစ်ခုကို ဤမျှလျင်မြန်စွာ စုပ်ယူနိုင်ရခြင်း၏ အကြောင်းရင်းများကို သိနေသည်။

အကြောင်းရင်းတစ်ခုမှာ ဤဒြပ်စင်အရင်းအမြစ်နှစ်ခု၏ ပုံစံမှာ ထူးခြားနေခြင်းကြောင့် ဖြစ်ပြီး၊ အခြားအကြောင်းရင်းတစ်ခုမှာ သွမ့်ချောင်ဖုန်း၏ အကူအညီကြောင့်ပင် ဖြစ်သည်။

ယခုအခါ သူ၏ ဒြပ်စင်အရင်းအမြစ်များ အားလုံး စုစည်းမိသွားပြီဖြစ်ရာ ရွှီနင်သည် အချိန်မရွေး စွမ်းအင်များကို စုပ်ယူနိုင်ပြီး တာအိုနယ်ပယ်၏ တတိယအဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် မင်းသား”

ရွှီနင်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလျက် ပြောလိုက်သည်။

“အရင်တုန်းက ယန့်လုဂိုဏ်းကို ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းတို့က အကွက်ဆင်ပြီး ဖျက်ဆီးခဲ့ကြတယ်။ ဒီအကြောင်းကို ငါကြားရတော့ တော်တော်လေး နှမြောမိတယ်။ အခု ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်နေပြီဆိုတာကို မြင်ရတော့ ငါ တော်တော်လေး စိတ်အေးသွားရတယ်”

သွမ့်ချောင်ဖုန်း၏ စကားများကြောင့် ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ အံ့အားသင့်သွားကြလေသည်။

ကုချင်းစီရင်စုမှ ယဲ့ဘုရင်ခံမင်းသားနှင့် လုကျီးစီရင်စုမှ မင်းသမီးတို့အကြား ရန်ငြိုးရှိသည်ဆိုသော ကောလဟလတစ်ခုကို ချန်ကျန်းထောင်း ရုတ်တရက် သတိရသွားသည်။

ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့က ယန့်လုဂိုဏ်းကို ဖျက်ဆီးခဲ့ခြင်း၏ နောက်ကွယ်တွင် နော့ဘုရင်ခံ၏သမီးတော် မင်းသမီးမော့လန် ရှိနေခဲ့သည်။

ချန်ကျန်းထောင်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားလေသည်။

သွမ့်ချောင်ဖုန်း၏ စကားများမှာ သာမန်ကာလျှံကာ ပြောဆိုလိုက်ခြင်း မဟုတ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။

သွမ့်ချောင်ဖုန်းက သူ၏ ထောက်ခံအားပေးမှုကို ဖော်ပြနေပုံရလေသည်။

ရွှီနင်သည်လည်း ဤအချက်ကို ရိပ်မိသွားသည်။

သူသည် ချန်ကျန်းထောင်းနှင့် အတူနေလာသည်မှာ အချိန်အတန်ကြာပြီဖြစ်ရာ ကုချင်းစီရင်စုနှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို သိထားပြီးဖြစ်သည်။

“မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်”

ရွှီနင်က သွမ့်ချောင်ဖုန်း၏ သဘောထားကို သတိကြီးစွာဖြင့် တုံ့ပြန်လိုက်သည်။

“ဒါကို ယူထားလိုက်”

သွမ့်ချောင်ဖုန်းသည် စကားကို လှည့်ပတ်မနေတော့ဘဲ ရွှီနင်ထံသို့ တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်လေသည်။

ရွှီနင်က ဖမ်းယူကာ တစ်ချက် ကြည့်လိုက်သည်။

“ဒါက မင်းသားရဲ့ ဧည့်သည်တော် တံဆိပ်ပြားပဲ”

သွမ့်ချောင်ဖုန်း၏ဘေးတွင် ရပ်နေသော ကျန်းဟယ်က ပြောလိုက်သည်။

“ဒီဧည့်သည်တော် တံဆိပ်ပြားကို လက်ခံရရှိပြီးတဲ့နောက် မင်းက မင်းသားရဲ့ လူတစ်ယောက် ဖြစ်သွားပြီ”

“ဧည့်သည်တော် တံဆိပ်ပြား...”

သွမ့်ချောင်ဖုန်း၏ ရုတ်တရက် ဖိတ်ခေါ်မှုအတွက် ရွှီနင် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။

ရွှီနင်သည် ဤဧည့်သည်တော် တံဆိပ်ပြားကို ငြင်းဆန်၍မရနိုင်ကြောင်း ရိပ်မိသွားသည်။

သွမ့်ချောင်ဖုန်းသည် သူ့ကို ညှိနှိုင်းရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း သိသာလှပေသည်။

အကယ်၍ သူသာ ငြင်းဆန်လိုက်ပါက မင်းသား၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

“ဒီဧည့်သည်တော် တံဆိပ်ပြားကို လက်ခံလိုက်... ဒါဆို မင်းက ဘုရင်ခံအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ပိုင်း ဖြစ်သွားပြီလို့ သတ်မှတ်လို့ရတယ်”

သွမ့်ချောင်ဖုန်းက ရှင်းပြလေသည်။

“ဒါပေမဲ့ မင်းကို ဘုရင်ခံအိမ်တော်ထဲ ဝင်ခိုင်းတာ မဟုတ်ဘူး။ မင်း အပြင်မှာပဲ ဆက်နေပြီး ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်လို့ ရတယ်။ ဒါပေမဲ့ မင်း အန္တရာယ် ဒါမှမဟုတ် ပြဿနာတစ်ခုခုနဲ့ ကြုံလာရရင် မင်းကိုယ်မင်းနဲ့ ဂိုဏ်းကိုကာကွယ်ဖို့ ဒီအထောက်အထားကို ထုတ်ပြလို့ရတယ်။ ပြီးတော့ ဘုရင်ခံအိမ်တော်ကို အကြောင်းကြားပြီး ငါ့ဆီကနေ အကူအညီ တောင်းလို့လည်း ရတယ်”

သွမ့်ချောင်ဖုန်း၏ စကားများအရ သူသည် ရွှီနင်၏ ကျောထောက်နောက်ခံအဖြစ် နေပေးကာ ရွှီနင်က ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ရာတွင် ကူညီထောက်ပံ့ပေးလိုကြောင်း ဆိုလိုခြင်း ဖြစ်သည်။

ရွှီနင်သည် တစ်ခုခုတော့ ပြန်ပြောရမည်ကို သိနေသည်။

“ကျေးဇူးတင်ပါတယ် မင်းသား”

ရွှီနင်သည် နောက်ဆုံးတွင် မင်းသား၏ ဧည့်သည်တော် အဆင့်အတန်းကို အသိအမှတ်ပြု လက်ခံလိုက်လေသည်။

ရွှီနင်သည် သူ၏ လက်ရှိအဆင့်အတန်းဖြင့် မင်းသား၏ ဧည့်သည်တော်တစ်ဦး ဖြစ်လာရန် အလှမ်းဝေးလွန်းနေသေးကြောင်း ကောင်းစွာ သိရှိထားသည်။

ဤအရာများအားလုံးမှာ သူသည် သွမ့်ချောင်ဖုန်းအတွက် လျှို့ဝှက်ရတနာများကို ပြန်ရယူပေးခဲ့ပြီး သူ၏ အရည်အချင်းများကို ပြသနိုင်ခဲ့သောကြောင့်ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ခြင်းသည် မင်းသမီးမော့လန်အား တိုက်ခိုက်ရန် သွမ့်ချောင်ဖုန်း၏ နည်းလမ်းများထဲမှ တစ်ခုဖြစ်နေခြင်းကြောင့်ပင်။

သူသည် ဤဧည့်သည်တော် တံဆိပ်ပြားကို အပြောင်းအလဲပေါင်းစုံ ပေါင်းစပ်သွားမှုမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ချန်ကျန်းထောင်း၏ ရင်ထဲတွင်လည်း ဗြောင်းဆန်နေလေသည်။

ယဲ့ဘုရင်ခံမင်းသား၏ ထောက်ခံအားပေးမှုကို ရရှိပြီးနောက် ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ရေးမှာ လွယ်ကူသွားတော့မည် ဖြစ်သည်။

ဤအချက်ကြောင့် ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့သည် ယန့်လုဂိုဏ်းအား အတိအကျ တိုက်ခိုက်ရဲတော့မည် မဟုတ်ချေ။

ယန့်လုဂိုဏ်းသည် သတိကြီးစွာထား၍ လှုပ်ရှားရန် မလိုအပ်တော့ပေ။ သူတို့သည် အရင်းအမြစ်များကို အပြည့်အဝ ဖွင့်ချနိုင်ပြီး တပည့်များကိုလည်း ပွင့်လင်းမြင်သာစွာ လက်ခံနိုင်တော့မည် ဖြစ်သည်။

ယန့်လုဂိုဏ်းသည် သွမ့်ချောင်ဖုန်းအတွက် ကိရိယာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယင်းက သူတို့အတွက်မူ ထိတွေ့ခံစားနိုင်သော အကျိုးအမြတ်များကို ယူဆောင်လာပေးလေသည်။

“မင်းတို့ ယန့်လုဂိုဏ်းရဲ့ လက်ရှိအတိုင်းအတာက သေးငယ်လွန်းတယ်”

သွမ့်ချောင်ဖုန်းက တမင်သက်သက် သတိပေးလိုက်သည်။

“အရင်ဆုံး ဂိုဏ်းရဲ့နယ်ပယ်ကို ချဲ့ထွင်တာ အကောင်းဆုံးပဲ။ ဒီလိုနေရာသေးသေးလေးမှာ နေရတာကို ကျေနပ်မနေနဲ့။ မင်းတို့ဂိုဏ်းဟောင်းရဲ့ နေရာက တော်တော်လေး ကောင်းတယ်။ အခွင့်အရေးရရင် အဲဒီကို ပြန်ပြောင်းဖို့ မမေ့နဲ့”

“ပြန်ပြောင်းဖို့...”

ယန့်လုဂိုဏ်း၏ နေရာဟောင်းမှာ ကုချင်းစီရင်စု အနောက်ဘက်ရှိ ချွေယွင်တောင်ပေါ်တွင် တည်ရှိပြီး အရင်းအမြစ်များ ပေါကြွယ်ဝလှပေသည်။

သို့သော် ဂိုဏ်းပြိုကွဲသွားပြီးနောက် ထိုနယ်မြေအား ဖုန်းဝူအိမ်တော်မှ သိမ်းပိုက်လိုက်ပြီး အိမ်တော်၏ အရေးပါသော အခြေစိုက်စခန်းတစ်ခု ဖြစ်လာခဲ့သည်။

သွမ့်ချောင်ဖုန်းသည် ဖုန်းဝူအိမ်တော်ထံမှ ထိုနယ်မြေကို ပြန်လည်သိမ်းပိုက်ရန် သူ့ကို သိသိသာသာ အားပေးတိုက်တွန်းနေခြင်း ဖြစ်သည်။

“အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်”

ရွှီနင် သဘောပေါက်သွားလေသည်။

သူသည် ရင်းမြစ်ပြန်လည်ပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်ပေလိမ့်မည်။

မင်းသား၏ အကူအညီဖြင့် သူသည် ဂိုဏ်း၏ နေရာဟောင်းကို ပြန်လည်သိမ်းပိုက်ရန် အလွယ်တကူ ကြိုးပမ်းနိုင်ပေသည်။

ရွှီနင်က သူ၏ရည်ရွယ်ချက်များအား နားလည်သွားသည်ကို မြင်သောအခါ သွမ့်ချောင်ဖုန်းက အနည်းငယ် ပြုံးလိုက်သည်။

“မင်း ဂိုဏ်းကို ပြန်ရတဲ့အခါ ငါကိုယ်တိုင် လာပြီးဂုဏ်ပြုပေးမယ်”

သွမ့်ချောင်ဖုန်း မတ်တတ်ရပ်လိုက်သည်။ “အဲဒီအချိန်ရောက်ရင် မင်းအတွက် ကြီးမားတဲ့ လက်ဆောင်ကြီးတစ်ခုလည်း သဘာဝကျကျ ပါလာမှာပါ”

“သွားကြစို့”

သွမ့်ချောင်ဖုန်းက လက်ဝှေ့ယမ်းကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေသည်။ ကျန်းဟယ်ကလည်း အနောက်မှ ကပ်လျက် လိုက်သွားသည်။

“နှုတ်ဆက်ပါတယ် မင်းသား”

ရွှီနင်နှင့် ချန်ကျန်းထောင်းတို့သည် သွမ့်ချောင်ဖုန်းအား ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးလိုက်ကြသည်။

“ဂိုဏ်းချုပ်”

သွမ့်ချောင်ဖုန်း ထွက်သွားပြီးနောက် ချန်ကျန်းထောင်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ထပ်မံဖုံးကွယ်မထားနိုင်တော့ချေ။

“ဂိုဏ်းက တိုးတက်လာတော့မယ်”

ချန်ကျန်းထောင်းသည် ဤသို့ဖြစ်လာမည်ဟု တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။

ဤအရာအတွက် အခြားအကြောင်းရင်းများ ရှိနေသော်လည်း အဓိကအချက်မှာ ရွှီနင်ဖြစ်ကြောင်း ချန်ကျန်းထောင်း သိနေသည်။

“သွား... အကြီးအကဲသုံးယောက်ကို ဒီသတင်း သွားပြောလိုက်ပါ”

ရွှီနင်က တည်ငြိမ်နေဆဲပင်။

“အပြောင်းအလဲက အရမ်းရုတ်တရက်ဆန်တယ်။ အခု ဘာမှ ဖုံးကွယ်ထားဖို့ မလိုတော့ဘူး။ ခင်ဗျား ဂိုဏ်းကိုချဲ့ထွင်ပြီး တပည့်တွေ ပိုလက်ခံချင်တယ် မဟုတ်လား။ ဘာမှထိန်းချုပ်မနေဘဲ လုပ်စရာရှိတာသာ လုပ်တော့”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ရွှီနင်၏ အတည်ပြုချက်ကို ရရှိပြီးနောက် ချန်ကျန်းထောင်းသည် ရှောက်ရွှင်နှင့် အခြားနှစ်ဦးကို ရှာဖွေရန် အလျင်အမြန် ထွက်သွားကာ ဤသတင်းကောင်းကို မျှဝေရန် ပြင်ဆင်လေတော့သည်။

ရွှီနင်သည် မတ်တတ်ရပ်လျက် သွမ့်ချောင်ဖုန်း မထွက်ခွာမီက ပြောသွားခဲ့သည့် စကားများကို ပြန်လည်တွေးတောနေမိသည်။

‘သွမ့်ချောင်ဖုန်းက ဂိုဏ်းရဲ့ နေရာဟောင်းကို ပြန်ယူခိုင်းပြီးတော့ အဲဒါပြီးသွားရင် ငါ့ကို လာပြီး ဂုဏ်ပြုပေးမယ်တဲ့...’

ရွှီနင် စိတ်ထဲမှ တွေးလိုက်သည်။

‘ဒါက ငါ့အတွက် သိသိသာသာကြီး စမ်းသပ်မှုတစ်ခုပဲ... ဖုန်းဝူအိမ်တော်ရဲ့ လက်ထဲကနေ ဂိုဏ်းကို ပြန်ယူနိုင်တာက ငါ့ရဲ့တန်ဖိုးကို သက်သေပြလိုက်တာပဲ။ သူ ငါ့ဆီကို နောက်တစ်ခါ ထပ်လာတာကလည်း ငါ့ရဲ့တန်ဖိုးကို အတည်ပြုပေးတာပဲ ဖြစ်မှာ’

‘ငါသာ အဲဒါကို မလုပ်နိုင်ရင် ငါက ဘာတန်ဖိုးမှ မရှိတော့ဘူးပေါ့...’

ရွှီနင်သည် ဤအချက်ကို ရှင်းလင်းစွာ သိမြင်နေလေသည်။

‘ထားလိုက်ပါတော့... ဒီလိုအခြေအနေမျိုးမှာ ငါ ရင်းမြစ်ပြန်လည်ပေါင်းစည်းခြင်းနယ်ပယ်ကို အမြန်ဆုံး ဖောက်ထွက်ကျော်လွှားသင့်တယ်...’

သူလိုအပ်နေသော ဒြပ်စင်အရင်းအမြစ်နှစ်ခုကို သွမ့်ချောင်ဖုန်းထံမှ ရရှိလိုက်ခြင်းက သူ့အတွက် အားစိုက်ထုတ်ရမှုများစွာကို သက်သာစေခဲ့လေသည်။

အခန်း (၂၅၂) - တာအိုနယ်ပယ် တတိယအဆင့်

ယန့်လုဂိုဏ်းသည် မင်းသား၏ ထောက်ပံ့ကူညီမှုကို ရရှိခဲ့ကြောင်း သိပြီးနောက် ဂိုဏ်းရှိ အကြီးအကဲများနှင့် တပည့်များအားလုံးမှာ စိတ်လှုပ်ရှားနေကြလေသည်။

ဤနည်းဖြင့် ယန့်လုဂိုဏ်းသည် လူအများရှေ့မှောက်သို့ ပေါ်ထွက်လာနိုင်ပြီဖြစ်သည်။

ဂိုဏ်းအတွင်းရှိ လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသည်။ ရွှီနင်ကမူ သူ၏အခန်းဆီသို့ ပြန်သွားကာ သူ၏စွမ်းအားကို တာအိုနယ်ပယ် တတိယအဆင့်သို့ မြှင့်တင်ရန် ပြင်ဆင်လိုက်သည်။

ရွှီနင်သည် လကွယ်ပုတီးစေ့အတွင်းသို့ ဦးစွာဝင်ရောက်လိုက်ပြီး စွမ်းအင်ယူနစ် ၂.၂ သန်းကို စုပ်ယူကာ မူလအစပြန်သွားခြင်းနယ်ပယ်သို့ တက်လှမ်းရန်အတွက် စွမ်းအင်များကို ကြိုတင်စုဆောင်းထားလိုက်သည်။

ချန်ကျန်းထောင်းအား အရင်းအမြစ်တစ်စိတ်တစ်ပိုင်းကို ပေးအပ်ပြီးနောက် လကွယ်ပုတီးစေ့အတွင်းရှိ အရင်းအမြစ်များ၏ စွမ်းအင်ပမာဏသည် ယူနစ် ၅ သန်း ရှိနေသေးပေသည်။

ယူနစ် ၂.၂ သန်း စုပ်ယူပြီးနောက်တွင် ယူနစ် ၃ သန်းပင် မကျန်တော့ချေ။

စုဆောင်းထားမှုများ လျော့နည်းသွားသော်လည်း အာမခံချက်ရှိသော စွမ်းအားရှိနေသရွေ့ အရင်းအမြစ်များအား ထပ်မံစုဆောင်းရန်မှာ ခက်ခဲမည်မဟုတ်ပေ။

‘သိုင်းပညာမျက်နှာပြင်’

ရွှီနင်သည် သူ၏သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်ပြီး နယ်ပယ်၏ဘေးရှိ “+” လက္ခဏာကို နှိပ်လိုက်လေသည်။

––

တာအိုနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းရန် စွမ်းအင်ယူနစ် ၂.၂ သန်း အသုံးပြုမည်လော။

လုပ်မည်/မလုပ်ပါ

––

ရွှီနင် အတည်ပြုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ အမြုတေမှာ ပိုမိုမြန်ဆန်စွာ လည်ပတ်လာလေတော့သည်။

၎င်းက ကြီးမားလှသော မူလစွမ်းအားများကို လှုံ့ဆော်ပေးကာ ရွှီနင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် တာအိုနယ်ပယ်စွမ်းအားကို တိုးမြင့်လာစေသည်။

ယခင်ကနှင့် နှိုင်းယှဉ်ပါလျှင် ရွှီနင်၏ တာအိုနယ်ပယ်စွမ်းအားမှာ ပိုမိုအားကောင်းလာပြီး ပိုမိုခိုင်မာလာပေသည်။

‘အရင် ကြယ်တာရာချီနယ်ပယ်နဲ့ ယှဉ်ရင် ဒီတစ်ခါ အဆင့်တက်တာက အရည်အသွေးပိုင်း ပြောင်းလဲမှုမရှိဘူး’

ရွှီနင် တွေးလိုက်မိသည်။

‘မူလအစပြန်သွားခြင်းနယ်ပယ်က အခြေခံအားဖြင့် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်အတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးပြီး ကောင်းမွန်တဲ့ အာမခံချက်ကို ဖန်တီးပေးတာပဲ။ မူလအစပြန်သွားခြင်းနယ်ပယ်မှာ ကြွယ်ဝတဲ့အရင်းအမြစ်တွေရှိပြီး အခြေခံခိုင်မာမှသာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းတဲ့အခါ အန္တရာယ်နည်းပါးလိမ့်မယ်။ ဒါမှသာ အမြုတေရဲ့ အရည်အသွေးက ပိုမြင့်မှာ’

‘ဒါပေမဲ့ အရည်အသွေးပိုင်း ပြောင်းလဲမှုမရှိပေမဲ့ ငါ့ရဲ့စွမ်းအားကတော့ အများကြီး တိုးတက်လာခဲ့ပြီ။ ပြီးတော့ ငါက မူလအစပြန်သွားခြင်းနယ်ပယ်ကို ရောက်သွားပြီဆိုတော့ ကိုယ်ပိုင်တာအိုလက်နက်ကို သန့်စင်လို့ရပြီ’

ရွှီနင်သည် ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားကြည့်လိုက်သည်။

‘သဘာဝစွမ်းအင်တစ်မျိုးတည်း ပိုင်ဆိုင်တဲ့သူက သဘာဝစွမ်းအင်တစ်မျိုးတည်းပါတဲ့ တာအိုလက်နက်ကိုပဲ သန့်စင်နိုင်တယ်။ သဘာဝစွမ်းအင်နှစ်မျိုး ဒါမှမဟုတ် အထူးနည်းစနစ်ကို ကျွမ်းကျင်တဲ့သူကတော့ သဘာဝစွမ်းအင်အားလုံးနဲ့ ကိုက်ညီတဲ့ တာအိုလက်နက်ကို သန့်စင်နိုင်တယ်’

‘ဒါပေမဲ့ တာအိုလက်နက် သန့်စင်တာက အချိန်ယူရတဲ့ အလုပ်တစ်ခုပဲ။ ငါ့လက်ထဲမှာ ချင်းယင်ဝံပုလွေဓား ရှိနေသေးတော့ အသစ်သန့်စင်ဖို့ မလိုသေးပါဘူး‌လေ’

ရွှီနင်၏ ချင်းယင်ဝံပုလွေဓားနှင့် ချင်းယင်၏ ချင်းယင်ဝံပုလွေယပ်တောင်တို့မှာ ဝမ့်ယယ်က လျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းထဲတွင် ချင်းယင်ဝံပုလွေ၏ စိတ်ဆန္ဒတစ်စိတ်တစ်ပိုင်းကို ချိတ်ပိတ်ထားပြီး ယင်း၏စွမ်းအားမှာ သာမန်တာအိုလက်နက်နှင့် လျှို့ဝှက်ရတနာတစ်ခုကြားတွင် ရှိလေသည်။

ချင်းယင်ဝံပုလွေဖြစ်သော ချင်းယင်ကိုလည်း ထိုအချိန်က လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှ ဝမ့်ယယ်က ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ချင်းယင်သည် ဥတစ်လုံးအဖြစ်သာ ရှိနေသေးပြီး ဝမ့်ယယ် အပြင်သို့ ယူဆောင်လာပြီးနောက်မှသာ အကောင်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

‘အခု မူလအစပြန်သွားခြင်းနယ်ပယ်ကို ရောက်သွားပြီဆိုတော့ ငါ့ရဲ့နောက်တစ်ဆင့်က အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့ပဲ’

ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ပေါ်တွင် စမ်းသပ်ကြည့်လိုက်ရာ မူလအစပြန်သွားခြင်းနယ်ပယ်မှ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် စွမ်းအင်ယူနစ် ၄.၅ သန်း လိုအပ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဤတစ်ကြိမ်တွင် အဆင့်တက်လှမ်းရန် ရွှီနင်အနေဖြင့် အထူးတလည် တစ်ခုခုလုပ်ရန် မလိုအပ်ပေ။

သို့သော် သူ၏ စွမ်းအင်မလုံလောက်မှု ပြဿနာမှာ တစ်ဖန် ပေါ်ပေါက်လာပြန်သည်။ အမှန်တကယ်တွင် ရွှီနင်၏ မျှော်မှန်းချက်အရ သူသာ ချန်ကျန်းထောင်းကို အရင်းအမြစ် ၃၀ ရာခိုင်နှုန်း မပေးခဲ့ပါက သူ့လက်ထဲတွင် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် လုံလောက်သော စွမ်းအင်များ ကျန်ရှိနေဦးမည် ဖြစ်သည်။

သို့သော် အရင်းအမြစ်များကို ခွဲဝေပေးပြီးနောက် ရွှီနင်တွင် စွမ်းအင် အနည်းငယ် လိုအပ်နေခဲ့သည်။

အခြေအနေကို ချိန်ဆပြီးနောက် ရွှီနင်သည် ထိုအရင်းအမြစ်များကို ပြန်ယူရန် မစဉ်းစားတော့ပေ။

သူသည် ဂိုဏ်း၏ အရင်းအမြစ်တစ်စိတ်တစ်ပိုင်းကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ရာ ပြန်တောင်းရန်မှာ မသင့်လျော်ချေ။

‘အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့ စွမ်းအင်ယူနစ် ၁.၇ သန်း လိုသေးတယ်။ ရှုပ်ထွေးတဲ့ ဆေးပြားတွေ အရေးတကြီး သန့်စင်ဖို့လိုနေတဲ့ လူတချို့နဲ့ ဆက်သွယ်ဖို့ ရှိချန်ဟောက်ရဲ့ အဆက်အသွယ်တွေကို အသုံးပြုလို့ရမလား ကြည့်ရမယ်။ အရာအားလုံး အဆင်ပြေရင် အချိန်တိုအတွင်းမှာ စုဆောင်းနိုင်မှာပဲ’

အစပိုင်းတွင် ရွှီနင်သည် မူလရင်းမြစ်ပြန်လည်ခြင်းနယ်ပယ်သို့ တက်လှမ်းပြီးနောက် ယန့်လုဂိုဏ်း၏ နေရာဟောင်းကို ပြန်လည်ရယူရန် စီစဉ်ထားခဲ့သည်။

သို့သော် အဆင့်တက်လှမ်းပြီးနောက်တွင် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ဆက်လက်တက်လှမ်းခြင်းက ပိုမိုသင့်လျော်သည်ဟု ရွှီနင် ခံစားလိုက်ရသည်။

ထို့အပြင် လေမီးခိုးဘူးအတွင်းရှိ မီးခိုးရောင်မြူခိုးများကို ပြန်လည်ဖြည့်တင်းရန် အချိန်အနည်းငယ် လိုအပ်သေးလေသည်။

‘ယန့်လုဂိုဏ်းက မင်းသားကို မှီခိုနေတယ်ဆိုတဲ့ သတင်းက သေချာပေါက် အမြန်ပျံ့နှံ့သွားမှာပဲ။ ငါထင်တာမမှားရင် ကွမ်ဟယ်မြို့နယ်ကို ခိုလှုံဖို့လာတဲ့လူတွေ အများကြီးရှိရမယ်’

ရွှီနင် တွေးတောနေမိသည်။

‘ယန့်လုဂိုဏ်းက လျင်မြန်တဲ့ တိုးတက်မှုပထမလှိုင်းကို ကြိုဆိုရတော့မှာပဲ...’

နှစ်ရက်ကြာပြီးနောက် မင်းသား သွမ့်ချောင်ဖုန်းသည် ကွမ်ဟယ်ခရိုင်မှ ထွက်ခွာသွားလေသည်။

ယေဘုယျအားဖြင့် မင်းသား ထွက်ခွာသွားပြီးနောက် ကွမ်ဟယ်မြို့နယ်ရှိ မိသားစုကြီးများသည် ငြိမ်သက်သွားသင့်ပေသည်။

သို့သော် ယခုအခါ ထိုမိသားစုကြီးများမှာ အလွန်တက်ကြွလှုပ်ရှားနေကြသည်။

အကြောင်းမှာ ပြီးခဲ့သော နှစ်ရက်အတွင်းတွင် လူတိုင်းမှာ သတင်းတစ်ပုဒ်ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

ကွမ်ဟယ်မြို့နယ်တွင် ယန့်လုဂိုဏ်းဟုခေါ်သော ဂိုဏ်းငယ်လေးတစ်ခုသည် မင်းသား၏ ထောက်ပံ့မှုကို ရရှိခဲ့ကြောင်းပင်။

လူအများစုသည် ယန့်လုဂိုဏ်းအပေါ် အာရုံစိုက်မိခြင်း မရှိခဲ့သော်လည်း ယခုအခါ မင်းသားကို မှီခိုနေသော ယန့်လုဂိုဏ်းသည် မကြာမီ တိုးတက်ကြီးပွားလာတော့မည်ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြလေပြီ။

ရုတ်တရက်ပင် မိသားစုကြီးများသည် ယန့်လုဂိုဏ်းသို့ တပည့်အဖြစ် စေလွှတ်ရန် မိသားစုအတွင်းမှ ထူးချွန်သူများကို အရေးတကြီး စေလွှတ်နေကြတော့သည်။

ကွမ်ဟယ်မြို့နယ်ရှိ မိသားစုကြီးများသည် ကွမ်ဟယ်မြို့နယ်တွင် အဆင့်အတန်းမြင့်မားကြသော်လည်း ယဲ့ဘုရင်ခံအိမ်တော်နှင့် ယှဉ်လျှင် အလှမ်းဝေးနေသေးကြောင်း ကောင်းစွာ သိရှိထားကြသည်။

ဤသည်မှာ ယဲ့ဘုရင်ခံအိမ်တော်နှင့် ဆက်သွယ်ရန် သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

အကယ်၍ မျိုးဆက်သစ်လူငယ်များသည် ယန့်လုဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် စွမ်းဆောင်ရည်ကောင်းမွန်ပါက မင်းသား၏ သတိထားမိခြင်းကို ခံရရန် ဖြစ်နိုင်ခြေများလှသည်။

ထိုအချိန်ရောက်လာပါက မိသားစုတစ်စုလုံးသည် ဤအရာမှ အကျိုးအမြတ် ရရှိမည်ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် ယခင်က လုံးဝ လူမသိသူမသိဖြစ်နေသော ယန့်လုဂိုဏ်းသည် ရုတ်တရက် နာမည်ကြီးလာတော့သည်။

ဤပြောင်းလဲမှု ဖြစ်ပေါ်လာပြီးနောက် ချန်မိသားစုသည် အမှန်တကယ်ပင် အကျိုးအမြတ်အများဆုံး ရရှိခဲ့လေသည်။

ဤကိစ္စနှင့်ပတ်သက်၍ ချန်ကျင်ရှန်မှာ အလွန်ဝမ်းသာနေတော့သည်။

သူသည် အနာဂတ်တွင် ရေရှည်အကျိုးအမြတ်အချို့ ရရှိရန်မျှော်လင့်လျက် ယန့်လုဂိုဏ်းအား ပြန်လည်တည်ဆောက်ရန် လျှို့ဝှက်စွာ ကူညီပေးပြီး ရွှီနင်အပေါ် လောင်းကြေးထပ်ချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်း အချိန်တိုလေးအကြာမှာပင် ရေရှည်အကျိုးအမြတ်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

မြို့ပြင်ရှိ စံအိမ်တစ်ခုသို့ ပြင်ပမိသားစုဝင်အချို့ကို ရင်းနှီးမြှုပ်နှံပြီး အန္တရာယ်အချို့ကို ရင်ဆိုင်ရခြင်းမှလွဲ၍ သူသည် အခြားမည်သည့်အရာကိုမျှ ရင်းနှီးမြှုပ်နှံခဲ့ခြင်း မရှိချေ။

သို့သော် သူ ဝမ်းသာနေသော်လည်း ချန်ကျင်ရှန်မှာ သူ၏ အောင်မြင်မှုကြောင့် မျက်ကွယ်မပြုခဲ့ပေ။

အတွင်းရေးအားသိသော မိသားစုဝင်အချို့မှာ ချန်ကျင်ရှန်အား ထူးချွန်သော တပည့်အချို့ကို ရွေးချယ်ကာ ယန့်လုဂိုဏ်းသို့ ပို့ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။

သို့သော် စဉ်းစားပြီးနောက် ချန်ကျင်ရှန်က ငြင်းပယ်လိုက်လေသည်။

ယန့်လုဂိုဏ်း၏ အဓိကတပည့်များအားလုံးမှာ ချန်မိသားစုမှဖြစ်ကြောင်း ချန်ကျင်ရှန် သိထားသည်။

ယန့်လုဂိုဏ်း၏ အခြေခံအုတ်မြစ် အားနည်းနေချိန်တွင် ဤအရာက ကိစ္စမရှိသော်လည်း ယခုအခါ ချန်မိသားစုဝင်များကို ဆက်လက်စေလွှတ်နေပါက ယန့်လုဂိုဏ်းသည် ချန်မိသားစု၏ လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက ရွှီနင်သည် သူ့ကို သေချာပေါက် သံသယဝင်ပေလိမ့်မည်။

ယခုအခါ ရွှီနင်သည် ယခင်ကနှင့် မတူတော့သဖြင့် ချန်ကျင်ရှန်မှာ ရွှီနင်အား သဘာဝကျကျ တန်ဖိုးထားလေသည်။

သေချာပေါက်ပင် ယန့်လုဂိုဏ်းသို့ စေလွှတ်လိုက်သော ချန်မိသားစုဝင်များစွာ ရှိသော်လည်း သူတို့၏ ပါရမီမှာ ထူးချွန်ခြင်းမရှိကြောင်း ချန်ကျင်ရှန် သိထားသည်။

ထို့ကြောင့် သူတို့သည် ထိပ်တန်းပါရမီရှင် ချန်မိသားစုဝင်တစ်ဦးကို စေလွှတ်ရမည်ဖြစ်သည်။ ထိုသို့မှသာ အနာဂတ်တွင် ယန့်လုဂိုဏ်း၌ ရာထူးကြီးကြီး ရယူနိုင်မည် ဖြစ်သည်။

ချန်ကျင်ရှန်၏ စိတ်ထဲတွင် ထိပ်တန်းတပည့်တစ်ဦး ရှိနေပြီဖြစ်သော်လည်း ချန်ကျန်းထောင်းမှ သူ့အား ဆင့်ခေါ်မည်ကို စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

…

ယန့်လုဂိုဏ်း…

“အစ်ကိုရှိ... မတွေ့တာ ကြာပြီနော်”

ဤနေ့တွင် ရွှီနင်သည် ရှိချန်ဟောက်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနှုတ်ဆက်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယန့်လုဂိုဏ်းတွင် ဧည့်သည်များနှင့် ပြည့်နှက်နေခဲ့သည်။

အချို့က ဆက်ဆံရေးတည်ဆောက်ရန် လာကြပြီး အချို့ကမူ ဆရာရှာရန် လာကြခြင်း ဖြစ်သည်။

ရွှီနင်သည် ဤအလုပ်များအားလုံးကို ချန်ကျန်းထောင်းနှင့် အခြားသူများထံ လွှဲအပ်ထားလိုက်သည်။

သူသည် မိသားစုကြီးအချို့၏ ခေါင်းဆောင်များအား တွေ့ဆုံရန်နှင့် အဓိကတပည့်များကို ရွေးချယ်ရန်သာ တာဝန်ယူခဲ့လေသည်။

ယနေ့တွင် ရှိချန်ဟောက်မှာ လာရောက်လည်ပတ်ခဲ့သည်။ အကယ်၍ အခြားသူတစ်ဦးသာဆိုလျှင် ချန်ကျန်းထောင်းတို့ကသာ ကြိုဆိုမည်ဖြစ်ပြီး ရွှီနင် ကိုယ်တိုင်လာရန် မလိုအပ်ပေ။

သို့သော် ရွှီနင်နှင့် ရှိချန်ဟောက်တို့သည် ယခင်ကတည်းက ခင်မင်ရင်းနှီးမှု ရှိထားခဲ့သဖြင့် သူ့ကို မျက်နှာသာပေးရပေမည်။

“ဂိုဏ်းချုပ်ရွှီ... ခင်ဗျားက တကယ်ကို မှန်းဆလို့မရဘူးပဲ”

ရှိချန်ဟောက်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အလျင်အမြန် ရှေ့တိုးလာလေသည်။

ရွှီနင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုသည်ကို မြင်လိုက်ရသောအခါ ရှိချန်ဟောက်မှာ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်သွားတော့သည်။

ယခုအခါ ရွှီနင်သည် ကွမ်ဟယ်မြို့နယ်တွင် အကျော်ကြားဆုံးလူ ဖြစ်နေပြီဖြစ်သည်။ အခြားမိသားစုများ လာရောက်လည်ပတ်သောအခါ မိသားစုခေါင်းဆောင်ကသာ ဤကဲ့သို့သော ဆက်ဆံမှုကို ရရှိနိုင်သော်လည်း သူကိုယ်တိုင်သည်လည်း ထိုအရာကို ခံစားခွင့်ရနေပေသည်။

“အစ်ကိုရှိ... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ဗျာ။ အရင်က ဂိုဏ်းက အားနည်းခဲ့တော့ ကျွန်တော်တို့က လျှို့ဝှက်ပြီးပဲ ပြန်လည်တည်ဆောက်နိုင်ခဲ့တာ။ အပြင်ကို ထုတ်ဖော်ဖို့ မရဲခဲ့ဘူးလေ။ ဒါပေမဲ့ အခုတော့ မင်းသားက ရုတ်တရက် မျက်နှာသာပေးလာတော့ အခြေအနေက နည်းနည်း တိုးတက်လာခဲ့ပြီလေ”

ရွှီနင်က ရှိချန်ဟောက်ကို တန်းတူရည်တူ ဆက်ဆံသဖြင့် ရှိချန်ဟောက်မှာ နွေးထွေးမှုကို ခံစားလိုက်ရလေသည်။

ရွှီနင်အပေါ် သူ၏ရင်းနှီးမြှုပ်နှံမှုမှာ အချည်းနှီးမဖြစ်ကြောင်း သူ ကောင်းကောင်း သိထားလေသည်။

“ကျွန်တော်တို့က ခင်မင်ရင်းနှီးမှု ရှိပြီးသားဆိုတော့ အခု ယန့်လုဂိုဏ်းက ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာ ကျွန်တော် ကူညီချင်တယ်”

ထို့နောက် ရှိချန်ဟောက်က ဆက်ပြောသည်။

“ပြီးတော့ ကျွန်တော့်မိသားစုကလည်း လက်ဆောင်တချို့ ယူသွားခိုင်းထားလို့လေ။ အဲဒါတွေကို အစ်ကိုချန်ဆီ ပေးခဲ့ပြီးပြီ။ ယန့်လုဂိုဏ်းအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုရှိ”

ရွှီနင်က မငြင်းပယ်ခဲ့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဧည့်သည်များသည် သိုင်းပညာအရင်းအမြစ်များစွာကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြသဖြင့် ယန့်လုဂိုဏ်း၏ အရင်းအမြစ်များမှာ တစ်ဖန် တိုးပွားလာခဲ့ပြန်သည်။

“အစ်ကိုရွှီ... ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိတယ်”

အပြန်အလှန် နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ရှိချန်ဟောက်က ပြောလိုက်သည်။

ဤအချိန်တွင် ရှိချန်ဟောက်ကို ရွှီနင်ကိုယ်တိုင် သူ၏စံအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဤသည်မှာ အခြားသူများ မရရှိသော ဆက်ဆံရေးမျိုး ဖြစ်ပေသည်။

“ပြောပါဦး”

ရှိချန်ဟောက် ဘာတွေးနေသည်ကို ရွှီနင် ခန့်မှန်းမိနေပြီဖြစ်သည်။

“ရှိမိသားစုထဲမှာ ယန့်လုဂိုဏ်းကို ဝင်ပြီး ကျင့်ကြံချင်နေတဲ့ ထူးချွန်တဲ့တပည့်တွေ အများကြီးရှိတယ်။ ဒါနဲ့ပတ်သက်ပြီး အစ်ကိုရွှီ ဘယ်လိုထင်လဲ”

ရှိချန်ဟောက်၏စကားမှာ ရွှီနင်၏ မျှော်လင့်ထားမှုအတွင်း၌ပင် ရှိနေသည်။

“ဘယ်နှစ်ယောက်လောက်လဲ”

ရွှီနင်က မေးလိုက်သည်။

ရှိချန်ဟောက် ခေတ္တရပ်သွားပြီး

နောက်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“သေချာတာပေါ့... များများလေ ကောင်းလေပဲပေါ့”

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။

“နောက်တာ တော်လောက်ပြီ”

ရွှီနင် သဘောမတူကြောင်း ရှိချန်ဟောက် မြင်လိုက်သဖြင့် ပြောလိုက်သည်။

“ယန့်လုဂိုဏ်းကို မျိုးဆက်သစ် ငါးယောက်လောက် ပို့ချင်လို့ပါ”

“များလွန်းတယ်”

ရွှီနင်က ပြောလိုက်သည်။ “ယန့်လုဂိုဏ်းကို အခြားမိသားစုတွေက ပို့တဲ့တပည့်တွေအတွက် နေရာနှစ်နေရာပဲ ရှိတယ်။ တပည့်ရင်းတစ်ယောက်နဲ့ အတွင်းစည်းတပည့် တစ်ယောက်ပါပဲ”

ယန့်လုဂိုဏ်းသည် တပည့်ရင်းများ၊ အတွင်းစည်းတပည့်များနှင့် အပြင်စည်းတပည့်များဟူသော အဆင့်များဖြင့် စံသတ်မှတ်ချက်စနစ်တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်သည်။

တပည့်ရင်းများအားလုံးမှာ ကွမ်ဟယ်မြို့နယ်ရှိ မိသားစုကြီးများမှ ဖြစ်ကြသည်။ အတွင်းစည်းနှင့် အပြင်စည်းတပည့်များမှာမူ အဓိကအားဖြင့် စစ်ဆေးမှုကို အောင်မြင်ခဲ့သော ကွမ်ဟယ်မြို့နယ်ရှိ သာမန်နောက်ခံမှ လူငယ်များ ပါဝင်လေသည်။

သူ၏ အဆိုပြုချက်မှာ အနည်းငယ် လွန်ကဲနေကြောင်း သဘောပေါက်သွားသဖြင့် ရှိချန်ဟောက် မျက်မှောင်ကြုတ်သွားသည်။

“ဒါပေမဲ့ ရှိမိသားစုကို နေရာသုံးနေရာ ပေးပါ့မယ်”

ရွှီနင်က ဆက်ပြောသည်။

“ပြီးတော့ ခင်ဗျားနဲ့ကျွန်တော်က မိတ်ဆွေဟောင်းတွေဆိုတော့ တပည့်တစ်ယောက်ကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံပေးနိုင်တယ်။ ကျန်တဲ့နှစ်ယောက်ကလည်း တပည့်ရင်းအဆင့်ကို ရနိုင်ပါတယ်”

ရှိချန်ဟောက် အလွန်ဝမ်းသာသွားသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုရွှီ”

ဤကိုယ်ပိုင်တပည့် တစ်ဦးတည်း၏ တန်ဖိုးမှာ သာမန် အဓိကတပည့် ငါးဦးထက်ပင် ပိုမိုမြင့်မားလေသည်။

ရွှီနင်၏ လေးစားမှုကို ရှိချန်ဟောက် အမှန်တကယ် ခံစားလိုက်ရသည်။

“အစ်ကိုရှိ... ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေပြီ”

ရွှီနင်က လက်ဝှေ့ယမ်းပြလိုက်သည်။

ရှိချန်ဟောက် ဝမ်းသာနေတော့သည်။ ရွှီနင်နှင့် သူ၏ဆက်ဆံရေးကြောင့် မိသားစုအတွင်းရှိ သူ၏အဆင့်အတန်းမှာ ပိုမိုမြင့်မားလာပေမည်။

မူလက သူ၏ပါရမီဖြင့် မိသားစုစီးပွားရေးတွင်သာ အလုပ်လုပ်နိုင်မည် ဖြစ်သည်။

ယခုမူ သူ့အတွက် မျိုးနွယ်စုအကြီးအကဲတစ်ဦး ဖြစ်လာရန် အခွင့်အရေး ရလာချေပြီ။

All Chapters