အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
အခန်း (၂၅၃) - ဂိုဏ်းချဲ့ထွင်ခြင်းနှင့် အထွတ်အထိပ်မိစ္ဆာသားရဲ
ရှိချန်ဟောက်သည် များပြားလှသော လက်ဆောင်များနှင့်အတူ သူ၏မိသားစုဝင်သုံးဦးကို ချန်ထားရစ်ခဲ့ကာ ကျေနပ်စွာဖြင့် ထွက်ခွာသွားလေသည်။
သူထွက်သွားသည်နှင့် ချန်ကျန်းထောင်းသည် ရွှီနင်ထံသွားကာ လွန်ခဲ့သောနှစ်ရက်အတွင်းက အခြေအနေများကို အစီရင်ခံလေတော့သည်။
“ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းက ပြောလိုက်သည်။
“ယန့်လုဂိုဏ်းမှာ လက်ရှိ တပည့်ရင်း ဆယ့်ခြောက်ယောက်၊ အတွင်းစည်းတပည့် လေးဆယ့်ခုနစ်ယောက်နဲ့ အပြင်စည်းတပည့် တစ်ရာသုံးဆယ့်ခြောက်ယောက် ရှိနေပါပြီ။ ဒါ့အပြင် ဧည့်သည်တော်အကြီးအကဲအသစ် ရှစ်ယောက်လည်း ရရှိထားပါတယ်”
ယန့်လုဂိုဏ်း၏ ဧည့်သည်တော်အကြီးအကဲအဖြစ် ရွေးချယ်ခံရမည့် သတ်မှတ်ချက်မှာ ဟင်းလင်းပြင်နယ်ပယ်၏ အမြင့်ဆုံးအဆင့်တွင် ရှိရမည်ဖြစ်ပေသည်။
သူတို့သည် ယန့်လုဂိုဏ်း၏ တရားဝင်အဖွဲ့ဝင်များ မဖြစ်သေးသော်လည်း သာမန်တပည့်များကို သင်ကြားပေးရန်နှင့် အကြီးအကဲများ၏ အချို့ကိစ္စရပ်များတွင် ကူညီပေးရန် တာဝန်ယူထားကြသည်။
ထိုသို့လုပ်ဆောင်ပေးသည့်အတွက် အနာဂတ်တွင် ယန့်လုဂိုဏ်း၏ အရင်းအမြစ်များကို ခံစားခွင့်ရရှိမည် ဖြစ်သည်။
အကယ်၍ သူတို့သည် အနာဂတ်၌ တာအိုနယ်ပယ်သို့ ချိုးဖျက်ကျော်လွန်နိုင်ပြီး ဂိုဏ်းအပေါ် သစ္စာရှိရှိ အကျိုးပြုပါက ဂိုဏ်း၏ တရားဝင်အကြီးအကဲများ ဖြစ်လာနိုင်မည့် အခွင့်အရေး ရရှိပေလိမ့်မည်။
အမှန်စင်စစ် ဤကာလအတွင်း ယန့်လုဂိုဏ်းသို့ ဝင်ရောက်ကာ အကြီးအကဲနေရာကို လိုချင်နေသော တာအိုနယ်ပယ်သိုင်းပညာရှင် အများအပြား ရှိခဲ့သော်လည်း အားလုံးကို ငြင်းပယ်ခဲ့လေသည်။
ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ ဤကိစ္စကို ဆွေးနွေးပြီးနောက် ပြင်ပမှ တာအိုနယ်ပယ်သိုင်းပညာရှင်များ များပြားလွန်းနေပါက ၎င်းတို့ကို အပြည့်အဝထိန်းချုပ်ရန် ခက်ခဲနိုင်ပြီး ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆခဲ့ကြသည်။
လက်ရှိ ယန့်လုဂိုဏ်း၏ အတိုင်းအတာအရ ဒုတိယဂိုဏ်းချုပ်တစ်ဦးနှင့် အကြီးအကဲသုံးဦးရှိလျှင် လုံလောက်နေပြီ ဖြစ်ပေသည်။
“အို”
ရွှီနင်က မေးလိုက်သည်။
“ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် ဂိုဏ်းက ဒီလောက်မြန်မြန် ချဲ့ထွင်လာနိုင်တာလား”
ချန်ကျန်းထောင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ယန့်လုဂိုဏ်းရဲ့ နာမည်ဂုဏ်သတင်း ပျံ့နှံ့သွားပြီးနောက်မှာ စိတ်ဝင်စားတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာပါ။ ကျွန်တော်တို့က ဒီတပည့်တွေကို တင်းတင်းကျပ်ကျပ် ရွေးချယ်ထားလို့သာပေါ့။ မဟုတ်ရင် ကွမ်ဟယ်မြို့နယ်က မိသားစုကြီးတွေက သူတို့ရဲ့မျိုးဆက်တွေအားလုံးကို ကျွန်တော်တို့ဂိုဏ်းထဲ ထည့်ချင်နေကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”
“ဒါ့အပြင် မြို့နယ်မှူးဝေက သူ့မြေးကို ယန့်လုဂိုဏ်းထဲထည့်ဖို့ အစက စီစဉ်ထားပေမယ့် ဆေးဆရာကြီးတစ်ယောက်က တပည့်အဖြစ် လက်ခံလိုက်တဲ့အတွက် အဲဒီကိစ္စက မပြတ်မသားဖြစ်သွားတယ်လို့ ဦးလေးဆီကနေ ကြားခဲ့ရပါတယ်”
“ဒီလိုကိစ္စမျိုးတောင် ရှိတာလား”
ရွှီနင် ပြုံးလိုက်လေသည်။
ဝေရှုန်ကျန့်၏ အဆင့်အတန်းအရ သူ၏မြေးသာ ရောက်လာခဲ့လျှင် ရွှီနင်ထံမှ သေချာပေါက် ပညာသင်ယူရမည်ဖြစ်ပြီး သူ၏ကိုယ်ပိုင်တပည့် ဖြစ်လာပေလိမ့်မည်။
“အစ်ကိုချန်၊ ကြည့်ရတာ ခင်ဗျားတို့ ချန်မိသားစုက တပည့်သစ်တစ်ယောက်မှ မစီစဉ်ထားဘူးနဲ့တူတယ်”
ရွှီနင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ချန်ကျန်းထောင်းသည် ထိုစကားကိုကြားသောအခါ မျက်လုံးထောင့်များ လှုပ်ရှားသွားပြီး အလျင်အမြန် ပြောလိုက်သည်။
“ယန့်လုဂိုဏ်းမှာ တပည့်ရင်း ဆယ့်ခြောက်ယောက်ရှိတဲ့အထဲက ဆယ်ယောက်က ချန်မိသားစုကပါ။ တကယ်လို့ ချန်မိသားစုကနေ တပည့်တွေ ထပ်ခေါ်မယ်ဆိုရင် စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မယ်လေ”
ရွှီနင် ရယ်မောလိုက်သည်။
ချန်မိသားစုသည် မည်မျှသတိထားနေကြောင်းကို သူ မြင်တွေ့နိုင်လေသည်။
“ချန်မိသားစုရဲ့ အဓိကအဖွဲ့ဝင်တွေထဲမှာ ပါရမီကောင်းတဲ့သူတွေရှိရင် နောက်ထပ်နည်းနည်းလောက် လက်ခံလို့ရပါတယ်”
ဤစကားဖြင့် ရွှီနင်သည် ကျေးဇူးပြန်ဆပ်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ်က ချန်ကျင်ရှန်သည် ယန့်လုဂိုဏ်းကို ကူညီရန် အန္တရာယ်ကြုံခဲ့ဖူးရာ ယခုအခါ ရွှီနင်အနေဖြင့် ရက်စက်၍မရနိုင်ပေ။
“ဂိုဏ်းချုပ်က ဒီလိုပြောမှတော့ ကျွန်တော်တို့ နောက်ထပ်တပည့်တစ်ယောက် ရွေးချယ်ပြီး တပည့်ရင်းအဖြစ် သတ်မှတ်ပေးလိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းက အလျင်အမြန် ပြောလိုက်သည်။
အမှန်စင်စစ် ချန်ကျင်ရှန်သည် ဤကိစ္စကို ချန်ကျန်းထောင်းအား တိတ်တဆိတ် ပြောပြခဲ့ဖူးသော်လည်း ချန်ကျန်းထောင်းအနေဖြင့် အလျင်စလိုလုပ်၍ ရွှီနင်အား သံသယဝင်စေမည်ကို သိထားသည်။
သို့သော် ရွှီနင်က ဦးဆောင်မေးမြန်းလာသဖြင့် ချန်ကျန်းထောင်းက “တစ်ယောက်တည်းပါပဲ” ဟု ဖြေလိုက်သည်။
ရွှီနင်သည် ချန်မိသားစု၏ အခြေအနေကို နားလည်သဘောပေါက်မှုအပေါ် ကျေနပ်သွားလေသည်။
“ကောင်းပြီလေ။ အဲဒီတပည့်ကို ခင်ဗျားပဲ ဆရာအဖြစ် တာဝန်ယူလိုက်ပါတော့”
“ဟုတ်ကဲ့ပါ”
ချန်ကျန်းထောင်းမှာ အနည်းငယ် နှမြောသွားမိသည်။
သူသည် ချန်မိသားစု၏ တပည့်အသစ်ကို ရွှီနင်အား လက်ခံစေချင်ခဲ့သော်လည်း အပြင်ပန်းတွင်မူ ချန်ကျန်းထောင်းမှာ တစ်စုံတစ်ရာ မပြရဲခဲ့ချေ။
ရွှီနင်သည် ယဲ့ဘုရင်ခံအိမ်တော်၏ ဧည့်သည်တော်ဖြစ်ရုံသာမက မင်းသား၏ မျက်နှာသာပေးမှုကိုလည်း ခံထားရသူဖြစ်သည်။
ထို့အပြင် သူ၏ကိုယ်ပိုင်စွမ်းအားသည်လည်း ဂိုဏ်းထဲတွင် အမြင့်ဆုံးဖြစ်သည်။ မူလအစပြန်သွားခြင်းနယ်ပယ်သို့ ချိုးဖျက်ကျော်လွန်ပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။
ဂိုဏ်း၏ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားအရ ပြောရလျှင် ရွှီနင်သည် ယခင်ဂိုဏ်းချုပ်ဖြစ်သူ လီရှန့်မောက်ထက်ပင် အားနည်းခြင်း မရှိတော့ပေ။
“နောက်ထပ် တစ်ခုရှိပါသေးတယ် ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းက ပြောသည်။
“ဂိုဏ်းကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ ဂိုဏ်းနဲ့ သံယောဇဉ်ရှိသေးတဲ့ တပည့်တချို့ ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ကို ပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။ ဒီလူတွေက ရှောက်ရွှင်၊ အိုးဝေနဲ့ ထုံလီတို့လို ဂိုဏ်းအတွက် မီးထဲရေထဲ သွားရဲတဲ့အထိ မဟုတ်ပေမယ့် ယန့်လုဂိုဏ်းအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်တော့ ရှိနေကြတုန်းပါပဲ”
“အဲဒီအထဲက တချို့လူတွေက တာအိုနယ်ပယ်ရဲ့ အခြေခံအဆင့်မှာရှိပြီး တချို့ကတော့ ဟင်းလင်းပြင်နယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်မှာ ရှိကြပါတယ်။ သူတို့ကို စုစည်းလိုက်မယ်ဆိုရင် ယန့်လုဂိုဏ်းရဲ့ အင်အားကို တော်တော်လေး တိုးတက်လာစေမှာပါ”
ရွှီနင်က ထိုစကားကိုကြားပြီးနောက် ပြောလိုက်သည်။
“ရပါတယ်။ ဒါပေမဲ့ သူတို့က ရှောက်ရွှင်တို့လိုမျိုး အကြီးအကဲအဆင့်အတန်းတော့ ရနိုင်မှာ မဟုတ်ဘူးနော်”
“ဒါဆိုရင် သူတို့ကို ဘယ်လိုနေရာ ချထားပေးရမလဲ”
ချန်ကျန်းထောင်းက သတိထားကာ မေးလိုက်သည်။
ရွှီနင် ခေတ္တမျှ စဉ်းစားလိုက်သည်။
“ခင်ဗျား သူတို့ကို ဧည့်သည်တော်အကြီးအကဲတွေထက်မြင့်ပြီး အကြီးအကဲတွေထက်နိမ့်တဲ့ အရံအကြီးအကဲတွေအဖြစ် ခန့်အပ်နိုင်ပါတယ်။ တကယ်လို့ ဧည့်သည်တော်အကြီးအကဲတစ်ယောက်က အနာဂတ်မှာ အကြီးအကဲရာထူးကို တိုးမြှင့်ချင်တယ်ဆိုရင် အရံအကြီးအကဲအဖြစ် အရင်ဆုံး ပြောင်းလဲရမယ်လေ”
ရွှီနင်သည် ပြည်နယ်၁၇ခုတွင် ရှိစဉ်က အချို့သောဂိုဏ်းများတွင် အရံအကြီးအကဲရာထူးများ ထားရှိသည်ကို မြင်တွေ့ခဲ့ဖူးလေသည်။
“ဟုတ်ကဲ့ပါ”
ချန်ကျန်းထောင်းက အမိန့်ကို နာခံလိုက်သည်။
…
တစ်ချိန်တည်းမှာပင်…
ကုချင်းစီရင်စုနှင့် လုကျီးပြည်နယ်တို့၏ နယ်စပ်၌…
ချင်းဖုန်းဂိုဏ်းကို တောင်တန်းများကြားရှိ တောင်ထွတ်တစ်ခုပေါ်တွင် တည်ဆောက်ထားလေသည်။
ယနေ့တွင် ဖုန်းဝူအိမ်တော်၏ အိမ်တော်သခင် ချန်ယွီမော်သည် ချင်းဖုန်းဂိုဏ်း၏ ဂိုဏ်းချုပ် လျန်ထင်အန်ထံသို့ လာရောက်လည်ပတ်ခဲ့လေသည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့ ပူးပေါင်းပြီးကတည်းက သူတို့သည် မင်းသမီးမော့လန်နှင့် နီးကပ်သော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။
ထိုအကြောင်းကြောင့် နှစ်ဖက်လုံးသည် များပြားလှသော အရင်းအမြစ်များကို မျှဝေသုံးစွဲကာ အချင်းချင်း ကူညီခဲ့ကြသည်။
မင်းသမီးမော့လန်၏ အကူအညီဖြင့် သူတို့ဂိုဏ်းနှစ်ခု၏ အင်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ဝမ်ရှန့်ပြည်နယ်တွင် အလယ်အလတ်အဆင့် ဂိုဏ်းများ ဖြစ်လာခဲ့ကြသည်။
သူတို့နှစ်ဦးသည် လုံခြုံသော အခန်းတစ်ခန်းထဲတွင် အရေးကြီးကိစ္စများကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။ ၎င်းမှာ မင်းသမီးမော့လန်၏ နောက်ဆုံးအမိန့်နှင့် ပတ်သက်နေပေသည်။
“အခု ကျွန်တော်တို့တွေ နောက်သုံးလနေရင် ပင်လယ်ရပ်ခြား ကျွန်းစုဆီသွားမယ့် ခရီးစဉ်အတွက် ထူးချွန်တဲ့ တပည့်တချို့နဲ့ သားရဲယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်တဲ့ အတွေ့အကြုံရှိပြီး စွမ်းအားကြီးတဲ့ အကြီးအကဲတွေကို မြန်မြန်ရွေးချယ်ရမယ်”
ချန်ယွီမော်သည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်သော သွင်ပြင်ရှိလေသည်။ သူသည် လေးစားဖွယ်ကောင်းသော လူကြီးတစ်ဦးနှင့် တူလှပေသည်။
“မှန်တယ်။ မင်းသမီးမော့လန်က ညသားရဲကို ဖမ်းဖို့ ပင်လယ်ထဲကို ကိုယ်တိုင်သွားချင်နေတာဆိုတော့ကျုပ်တို့ကိုပါ လိုက်ပါဖို့ တောင်းဆိုနေတယ်။ တကယ်လို့ ဒီကိစ္စအောင်မြင်ပြီး ညသားရဲကို ဖမ်းမိခဲ့ရင် ကျုပ်တို့တွေ သေချာပေါက် ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုကို လုပ်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းသမီးမော့လန်က ကျွန်တော်တို့အားလုံးကို လုကျီးပြည်နယ်ထဲ ပြောင်းရွှေ့ခွင့်ပြုပြီး လုကျီးပြည်နယ်မှာရှိတဲ့ ဂိုဏ်းတစ်ခုဖြစ်လာအောင် လုပ်ပေးလိမ့်မယ်”
ချင်းဖုန်းဂိုဏ်း၏ လျန်ထင်အန်သည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
သူ၏ သွင်ပြင်လက္ခဏာမှာ သိသာထင်ရှားမှု မရှိသော်လည်း မျက်လုံးများထဲတွင်မူ လွှမ်းမိုးနိုင်စွမ်းရှိသော အကြည့်တစ်ချက် ရှိနေလေသည်။
“တကယ်လို့များ ကျွန်တော်တို့ လုကျီးပြည်နယ်ကို ပြောင်းရွှေ့သွားမယ်ဆိုရင် ကျွန်တော်တို့ဂိုဏ်းနှစ်ခုက မင်းသမီးမော့လန် အားအထားရဆုံး လက်အောက်ခံအဖွဲ့အစည်းတွေ ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့တွေ တော်ဝင်မိသားစုနဲ့တောင် ဆက်သွယ်ခွင့်ရနိုင်လောက်တယ်”
ချန်ယွီမော်၏ မျက်လုံးများမှာ အရောင်တောက်သွားလေသည်။
မင်းသမီးမော့လန်၏ အရိပ်အာဝါသအောက်တွင် ခိုလှုံပြီးနောက် သူတို့သည် အကျိုးခံစားခွင့် အများအပြားကို ရရှိခဲ့ပြီး ဖြစ်လေသည်။
“ဒါပေမဲ့ ဒီခရီးစဉ်က အခွင့်အရေးတစ်ခုဆိုပေမယ့် အန္တရာယ်တွေ အပြည့်အဝ ရှိနေတာတော့ အသေအချာပါပဲ”
လျန်ထင်အန်က ပြောလိုက်သည်။
“ညသားရဲမှာ ထိပ်တန်းအဆင့် မိစ္ဆာသားရဲတစ်ကောင်ရဲ့ သွေးဆက်ရှိပြီး အထွတ်အထိပ် မိစ္ဆာသားရဲခြောက်ကောင်ထဲက တစ်ကောင်ပဲ။ ဟင်းလင်းပြင်သားရဲနဲ့ ယန့်ဝေဟဲ့လို မိစ္ဆာသားရဲတွေတောင် သူ့ထက် အများကြီး နိမ့်ကျသေးတယ်”
“ကျွန်တော်တို့တွေ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ ဒီစစ်ဆင်ရေးမှာ ထိပ်တန်းအဆင့်ကျင့်ကြံသူတွေရဲ့ ထက်ဝက်ကျော်လောက် သေဆုံးသွားနိုင်တယ်”
သူတို့နှစ်ဦး၏ စကားဝိုင်းမှာ ရုတ်တရက် အနည်းငယ် ခြောက်ကပ်သွားလေသည်။
“တန်ပါတယ်။”
အချိန်အတော်ကြာပြီးနောက် ချန်ယွီမော်က ပြတ်သားစွာ ပြောလိုက်သည်။
“သူတို့ရဲ့ အနစ်နာခံမှုက ကျွန်တော်တို့ရဲ့ အနာဂတ်အကျိုးအမြတ်တွေ ပိုကောင်းလာဖို့အတွက်ပဲလေ။ မင်းသမီးမော့လန်က မာနကြီးပြီး ထောင်လွှားတယ်ဆိုပေမယ့် သူက တခြားသူတွေရဲ့ အနစ်နာခံမှုတွေကို မြင်တတ်တဲ့ သခင်တစ်ယောက်ပါ။ ကျွန်တော်တို့ ဂိုဏ်းနှစ်ခုက အနစ်နာခံမှုတွေ ပိုများလေလေ၊ သူက ပိုပြီး အသိအမှတ်ပြုလေလေ ဖြစ်မှာပါ”
“အဲဒါလည်း ဟုတ်တာပါပဲ”
လျန်ထင်အန်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“သားရဲယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်တဲ့ ဆရာတစ်ယောက်ကို ရှာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ပိုပြီးအားထုတ်ရမယ်”
ထို့နောက် သူတို့နှစ်ဦးသည် အသေးစိတ်အချက်အလက် အချို့ကို စတင်ဆွေးနွေးကြလေသည်။
ဒုန်း…
ရုတ်တရက် လုံခြုံသော အခန်းတံခါးဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်မှ အပြင်ဘက်ရှိ ယန္တရားတစ်ခုအား ဖွင့်လိုက်ခြင်း ဖြစ်သည်။
“ဟင်”
လျန်ထင်အန်က မျက်ခုံးပင့်လိုက်သည်။
ချန်ယွီမော်နှင့် စကားပြောနေစဉ်အတွင်း အရေးကြီးကိစ္စမရှိဘဲ ဝင်ရောက်မနှောင့်ယှက်ရန် လက်အောက်ငယ်သားများကို သူ မှာကြားထားပြီး ဖြစ်ပေသည်။
လျန်ထင်အန်သည် ခလုတ်ကို နှိပ်လိုက်ရာ တပည့်တစ်ဦး ဝင်ရောက်လာလေသည်။
“ဘာကိစ္စရှိလို့လဲ”
လျန်ထင်အန်ကမေးလိုက်သည်။
တပည့်ဖြစ်သူသည် အရိုအသေပေးပြီးနောက် ချန်ယွီမော် ရှိနေသည်ကို ဂရုမစိုက်တော့ပေ။
“ဂိုဏ်းချုပ်၊ လက်အောက်ငယ်သားတွေဆီကနေ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်လိုက်ပြီဆိုတဲ့သတင်း ရလာပါတယ်”
ထိုတပည့်သည် ဂိုဏ်းနှစ်ခု မည်မျှနီးကပ်ကြောင်းကို ကောင်းစွာသိထားသဖြင့် တိုက်ရိုက်ပင် ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။
“ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်လိုက်ပြီ ဟုတ်လား”
ချန်ယွီမော်နှင့် လျန်ထင်အန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် “ယန့်လုဂိုဏ်း” ဟူသော အမည်ကို မှတ်မိနေကြသညါ။ ဂိုဏ်းနှစ်ခု၏ ချဲ့ထွင်မှုအစသည် ယန့်လုဂိုဏ်း ပြိုလဲသွားခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုစဉ်က သူတို့သည် လီရှန့်မောက်ကို ယန့်လုဂိုဏ်းအား ဖျက်သိမ်းရန် ဖိအားပေးခဲ့ပြီး ကလဲ့စားချေရန်အတွက် သေစေခဲ့ကြသည်။ သို့ဖြစ်ရာ နှစ်ဖက်ကြားတွင် နက်ရှိုင်းသော ရန်ငြိုးတစ်ခု ရှိနေလေသည်။
ယခုအခါ ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်လိုက်ကြောင်း ကြားသိရသောအခါ သူတို့နှစ်ဦးလုံး အလိုလိုနေရင်း နေမထိထိုင်မသာ ဖြစ်သွားကြသည်။
“ယန့်လုဂိုဏ်းက ဝမ့်ယယ် ပြန်ရောက်လာတာလား”
ချန်ယွီမော်က ဦးဆောင်ကာ မေးမြန်းလိုက်သည်။
ထိုစဉ်က ဝမ့်ယယ်သည် ဂိုဏ်းတံဆိပ်ပြားကို ကိုင်ဆောင်ထားခဲ့သည်။
ဝမ့်ယယ်အနေဖြင့် ယန့်လုဂိုဏ်းအား ပြန်လည်တည်ထောင်မည်ကို တားဆီးရန်အတွက် သူတို့သည် ဝမ့်ယယ်၏ ဆုတ်ခွာရာလမ်းကြောင်းကို ဖြတ်တောက်ပြီး လိုက်လံဖမ်းဆီးရန် ပြင်ဆင်ခဲ့ကြသည်။
အဆုံးတွင်မူ ဝမ့်ယယ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း ပင်လယ်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားကာ ပျောက်ကွယ်သွားခဲ့လေသည်။
“မဟုတ်ပါဘူး”
တပည့်ဖြစ်သူက ပြန်ဖြေသည်။
“လက်ရှိ ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရွှီနင်လို့ ခေါ်ပါတယ်။ ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်တာက ယဲ့မင်းသားရဲ့ ထောက်ခံပံ့ပိုးမှု ရထားပုံပေါ်ပါတယ်”
“ဘာ၊ ယဲ့မင်းသားရဲ့ ထောက်ခံမှုကို ရထားတယ် ဟုတ်လား”
သူတို့နှစ်ဦးလုံးမှာ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ယဲ့မင်းသား ပါဝင်ပတ်သက်နေကြောင်း ကြားလိုက်ရသောအခါ ဆက်လက်၍ မထိန်းထားနိုင်တော့ချေ။
လွန်ခဲ့သော နှစ်တစ်ရာအတွင်း ဂိုဏ်းနှစ်ခု၏ အင်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူတို့၏ အောင်မြင်မှုအပေါ် ဂုဏ်ယူနေကြသည်ဟု ဆို၍ရပေသည်။
သို့သော် သူတို့ ကြောက်ရွံ့နေဆဲပင်။ သူတို့ကြောက်ရွံ့နေသည့် ပစ်မှတ်မှာ ယဲ့ဘုရင်ခံအိမ်တော် ဖြစ်ပေသည်။
သူတို့သည် ကုချင်းစီရင်စုမှ ဂိုဏ်းများဖြစ်ကြောင်း ကောင်းစွာသိထားကြရာ ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် ယဲ့ဘုရင်ခံအိမ်တော်၏ ဦးဆောင်မှုအောက်တွင် ရှိနေသင့်ပေသည်။
သို့သော် မင်းသမီးမော့လန်နှင့် ဆက်သွယ်ပြီးနောက် သူတို့သည် အခြေခံအားဖြင့် လုကျီးပြည်နယ်၏ နော့ဘုရင်ခံအိမ်တော်အောက်ရှိ အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြရာ ဤသည်က ယဲ့ဘုရင်ခံအိမ်တော်၏ မကျေနပ်မှုကို မလွဲမသွေ ဖြစ်ပေါ်စေမည်သာ။
မည်သို့ပင်ဆိုစေကာမူ မင်းသမီးမော့လန်၏ အကာအကွယ်ကြောင့် သူတို့သည် သိသာထင်ရှားသော ဆုံးရှုံးမှုမျိုး မရှိခဲ့ပေ။
သို့တိုင် ဂိုဏ်းချုပ်နှစ်ဦးလုံးမှာ စိုးရိမ်နေကြဆဲ ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် သူတို့သည် ညသားရဲ ရှာဖွေရေးတွင် ကြီးမားသော အကျိုးဆောင်မှုတစ်ခုကို ပြုလုပ်လိုကြပြီး ကုချင်းစီရင်စုမှ အပြီးတိုင် ထွက်ခွာကာ အေးချမ်းမှုကို ရှာဖွေလိုကြခြင်း ဖြစ်သည်။
ယခုမူ ယဲ့မင်းသားသည် ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ခြင်းကို ထောက်ခံကြောင်း ကြားလိုက်ရသောအခါ သူတို့နှစ်ဦး၏ နှလုံးသားထဲတွင် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရလေသည်။
“ယန့်လုဂိုဏ်းရဲ့ အတိုင်းအတာက ဘယ်လောက်ရှိလဲ”
လျန်ထင်အန်က မေးလိုက်သည်။
“အသန်မာဆုံးသူက မူလအစပြန်သွားခြင်းနယ်ပယ်မှာ ရှိနေပုံရပြီး စုစုပေါင်း လူဦးရေ နှစ်ရာကျော် ရှိပါတယ်”
တပည့်ဖြစ်သူက ပြန်ဖြေလေသည်။
“အင်း”
သူတို့နှစ်ဦး အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
ဤအင်အားပမာဏသည် သိပ်မကြီးမားလှပေ။
သို့သော် ယဲ့မင်းသား၏ ထောက်ခံမှုကြောင့် သူတို့အနေဖြင့် အထင်သေးဝံ့ခြင်း မရှိခဲ့ချေ။
“မင်း အရင်ထွက်သွားလို့ ရပြီ”
ချန်ယွီမော်က တပည့်ဖြစ်သူအား လက်ကာပြလိုက်သည်။
“ဟုတ်ကဲ့ပါ”
တပည့်ဖြစ်သူ ထွက်သွားလေသည်။
“ခင်ဗျား ဘယ်လိုထင်လဲ”
ချန်ယွီမော်က လျန်ထင်အန်ကို ဦးဆောင်မေးမြန်းလိုက်သည်။
“သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေကြတာပဲ”
လျန်ထင်အန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“နှစ်တစ်ရာလောက် တိတ်ဆိတ်နေပြီးမှ ယဲ့ဘုရင်ခံအိမ်တော်က ရုတ်တရက် ဒီလိုလှုပ်ရှားလာတယ်။ သူတို့က ကျွန်တော်တို့ကို တမင်သက်သက် ပစ်မှတ်ထားနေတာလားလို့ သံသယဖြစ်မိတယ်”
“ဟုတ်တယ်”
ချန်ယွီမော်လည်း အလားတူပင် ခံစားနေရလေသည်။
အခန်း (၂၅၄) - လျှို့ဝှက်ဆန်းပြားသော အပ်နှံသူ
“ဒါဆို နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ မင်းထင်လဲ”
ချန်ယွီမော်က ထပ်မေးလိုက်သည်။
“ရန်သူက မလှုပ်ရင် ငါလည်း မလှုပ်ဘူး
လျန်ထင်အန်က ပြောလိုက်သည်။
“ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ထားတယ်ဆိုပေမဲ့ သူတို့ရဲ့အင်အားက အရမ်းအားနည်းနေသေးတာမို့ ငါတို့အတွက် ဘာမှခြိမ်းခြောက်မှု မရှိဘူး။ ဒါ့အပြင် အခုချိန်မှာ ငါတို့မှာ အရေးကြီးတဲ့လုပ်စရာတွေ ရှိနေတာဆိုတော့ တခြားအရာတွေမှာ အာရုံမလွင့်သင့်ဘူး။”
“ဒါပေမဲ့ ယဲ့ဘုရင်ခံအိမ်တော်နဲ့ ပတ်သက်ရင်ရော...”
ချန်ယွီမော်က စိုးရိမ်ပူပန်မှုအချို့ ရှိနေပုံရသည်။
“ယဲ့ဘုရင်ခံအိမ်တော်က ငါတို့ကို တိုက်ရိုက်တိုက်ခိုက်မှာ မဟုတ်တာ သေချာတယ်”
လျန်ထင်အန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“တကယ်လို့ ယဲ့ဘုရင်ခံက အရေးယူချင်တယ်ဆိုရင် ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ ကူညီနေမှာ မဟုတ်ဘူး။ ဒါက မလိုအပ်တဲ့အရာပဲလေ။ ဒါ့အပြင် ယဲ့ဘုရင်ခံကသာ အရေးယူခဲ့ရင် မင်းသမီးမော့လန်က သေချာပေါက် ကြည့်နေမှာ မဟုတ်ဘူး။ အဲဒီလိုဖြစ်လာရင် သူမက ငါတို့ကို သေချာပေါက် ကာကွယ်ပေးမှာပဲ။”
“နောက်ပြီး နောက်ထပ် လအနည်းငယ်အတွင်းမှာ ငါတို့ ညသားရဲကို ဖမ်းဆီးပြီး ကောင်းကောင်း အကျိုးပြုနိုင်ရင် ငါတို့ လုကျီးပြည်နယ်ကို ပြောင်းရွှေ့နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ယဲ့ဘုရင်ခံက ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။”
“ကောင်းတဲ့အချက်ပဲ”
ချန်ယွီမော်က ပြောလိုက်သည်။
“ဒါဆိုရင်တော့ ဒီကိစ္စကို သိပ်ပြီး အာရုံစိုက်မနေတော့ဘဲ အခုလောလောဆယ် အရေးကြီးဆုံးဖြစ်တဲ့ သားရဲထိန်းချုပ်သူတွေကို ပိုရှာဖို့ပဲ အာရုံစိုက်ကြစို့။”
“ကောင်းပြီ”
လျန်ထင်အန်က ခေါင်းညိတ်လိုက်လေသည်။
…
ကွမ်ဟယ်မြို့နယ်…
ရှိမိသားစုကုန်သွယ်ရေးအဖွဲ့…
ယနေ့တွင် ရှိချန်ဟောက်တစ်ယောက် သူ့ကုန်သွယ်ရေးအဖွဲ့၌ တာဝန်ကျနေလေသည်။
ရှိချန်ဟောက်မှာ စိတ်အခြေအနေ ကောင်းမွန်နေလေသည်။
မနေ့က ပြုလုပ်ခဲ့သော မိသားစုအစည်းအဝေးတွင် သူသည် မိသားစုခေါင်းဆောင်၏ ချီးကျူးခြင်းကို ခံခဲ့ရပြီး မိသားစုအတွင်း သူ၏အဆင့်အတန်းသည်လည်း မြင့်တက်လာခဲ့သည်။
လက်ရှိ အလားအလာအရဆိုလျှင် နောက်ထပ် နှစ်အနည်းငယ်ကြာပြီးနောက်တွင် သူသည် မိသားစုအကြီးအကဲတစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။
“သခင်လေး... ဧည့်သည်တစ်ယောက် ရောက်နေပါတယ်”
ကုန်သွယ်ရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ရှိချန်ဟောက်ကို လာရောက်တွေ့ဆုံလေသည်။
“ဧည့်သည်ကိုပဲ ဧည့်ခံလိုက်လေ... ငါ့ကို ဘာလာရှာတာလဲ”
ရှိချန်ဟောက်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
ရှိချန်ဟောက် စိတ်မရှည်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် တာဝန်ခံက အလျင်အမြန် ပြောလိုက်သည်။
“အဲဒီဧည့်သည်က သခင်လေးကို တွေ့ချင်တာလို့ ပြောနေလို့ပါ။ ကျွန်တော်က သခင်လေး အလုပ်ရှုပ်နေတယ်လို့ ပြောလိုက်တော့ သူက သူ့ရဲ့အစွမ်းကို တိုက်ရိုက်ပြလိုက်ပါတယ်။ သူ့ရဲ့နယ်ပယ်က တာအိုနယ်ပယ် ဆဋ္ဌမအဆင့်မှာ ရှိနေပုံရပြီး သူ့အင်အားက မြို့နယ်အုပ်ချုပ်ရေးမှူးဝေထက်တောင် ပိုသန်မာနေသလိုပဲ။”
“တာအိုနယ်ပယ် ဆဋ္ဌမအဆင့် ဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ ရှိချန်ဟောက်၏ မျက်နှာထားမှာ လေးနက်သွားသည်။
“သူ့ကို အထဲကို ဖိတ်ခေါ်လိုက်ပါ”
တာအိုနယ်ပယ် ဆဋ္ဌမအဆင့် အမြုတေပြောင်းလဲခြင်းနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဤကဲ့သို့သော အင်အားမျိုးဖြင့် သူသာ အလိုရှိပါက ဒေသတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပေသည်။
“နားလည်ပါပြီ”
သူသည် တံခါးအပြင်ဘက်သို့ အမြန်လျှောက်သွားလေသည်။
မကြာမီတွင် အနက်ရောင်အင်္ကျီလက်တိုအား ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို အထဲသို့ ဖိတ်ခေါ်လာခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားမှာ သာမန်ရုပ်ရည်သာရှိလေသည်။
သူ့အင်္ကျီမှာ တစ်ဝက်ခန့် ပွင့်နေပြီး ထွက်ပေါ်နေသော အရေပြားပေါ်တွင် မိစ္ဆာသားရဲ တက်တူးများဖြင့် ပြည့်နှက်နေလေသည်။
“မင်းက ရှိကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲလား”
အနက်ရောင်ဝတ်စုံဝတ်ထားသောအမျိုးသားက ရှိချန်ဟောက်ကို တစ်ချက် ကြည့်လိုက်သည်။
“ဟုတ်ပါတယ်... ကျွန်တော်က ရှိချန်ဟောက်ပါ”
ရှိချန်ဟောက်မှာ ထိုအမျိုးသား၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် နေရခက်သွားသည်။
ဤသူမှာ ပုံမှန်လူတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အကြည့်များ ရှိနေပြီး သူ၏သားကောင်ကို ပစ်မှတ်ထားနေသော ကြမ်းတမ်းသည့် သားရဲတစ်ကောင်နှင့် တူနေလေသည်။
“စီနီယာ... ကျွန်တော် စီနီယာ့ကို ဘယ်လိုခေါ်ရမလဲ”
ရှိချန်ဟောက်က သတိထားကာ မေးလိုက်သည်။
“လူတွေက ငါ့ကို လျဲ့ယင်းလို့ ခေါ်ကြတယ်”
ထိုအမျိုးသားက မည်သည့်ခံစားချက်မှမပါဘဲ ပြောလိုက်သည်။
“လျဲ့ယင်း...”
ရှိချန်ဟောက် အပြင်းအထန် စဉ်းစားလိုက်သော်လည်း ဤအမည်ကို ယခင်က မကြားဖူးကြောင်း သိလိုက်ရသည်။
ရှိချန်ဟောက်မှာ မိမိ၏ အတွေ့အကြုံ နည်းပါးလွန်း၍လား သို့မဟုတ် ဤသူက သူ၏သရုပ်မှန်ကို တမင်တကာ ဖုံးကွယ်ထားခြင်းလားဆိုသည်ကိုမူ သူ မသိပေ။
သို့သော် အပြင်ပန်းတွင်မူ ရှိချန်ဟောက်က အလွန်ပင် ယဉ်ကျေးနေဆဲဖြစ်သည်။
“စီနီယာလျဲ့ယင်းက ရှီကုန်သွယ်ရေးအဖွဲ့ကို ဘာကိစ္စရှိလို့ ကြွလာတာလဲဆိုတာ သိပါရစေ”
ရှိချန်ဟောက်က မေးလိုက်သည်။
“မင်းတို့ကုန်သွယ်ရေးအဖွဲ့မှာ ကိုယ်ပိုင်ဆေးဖော်ဆောင် ရှိတယ်မလား”
လျဲ့ယင်းက မေးလိုက်သည်။
“ရှိပါတယ်”
ရှိချန်ဟောက်က ခေါင်းညိတ်ပြလိုက်သည်။
ဆေးဖော်ဆောင်ဆိုသည်မှာ ကုန်သွယ်ရေးအဖွဲ့က ဆေးလုံးများ ဖော်စပ်ရန်အတွက် ဖွဲ့စည်းထားသော ဌာနခွဲတစ်ခု ဖြစ်သည်။
သိုင်းပညာအရင်းအမြစ်များ အရောင်းအဝယ်ပြုလုပ်ရာတွင် ဆေးလုံးများသည် အဓိကနေရာမှ ပါဝင်နေသဖြင့် ကုန်သွယ်ရေးအဖွဲ့အားလုံးတွင် အခြေခံအားဖြင့် ကိုယ်ပိုင်ဆေးဖော်ဆောင်များ ရှိကြစမြဲပင်။
“ဒါဆိုရင် ငါ့အတွက် ဆေးလုံးတစ်သုတ် ဖော်စပ်ပေးစမ်းပါ”
လျဲ့ယင်းက ခေါက်ထားသော စာရင်းတစ်ခုကို ထုတ်ပေးလိုက်သည်။
ရှိချန်ဟောက်က ၎င်းကို ယူလိုက်ပြီး ဖြန့်ကြည့်လိုက်သည်။
“ဘယ်လိုလဲ... မင်းတို့ ဖော်စပ်ပေးနိုင်လား”
လျဲ့ယင်းက မေးလိုက်သည်။
“စီနီယာလျဲ့ယင်း... စီနီယာအပ်တဲ့ ဆေးလုံးတွေက တော်တော်လေး အသုံးနည်းတဲ့ အမျိုးအစားတွေပဲ...”
ရှိချန်ဟောက် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
“ကျွန်တော်တို့ဆီက ဆေးဖော်ဆောင်က သိပ်ပြီး အာမခံချက် မရှိဘူး ဖြစ်နေတယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ လျဲ့ယင်းက ခေါင်းကို ညင်သာစွာ ယမ်းလိုက်ပြီး ရှိချန်ဟောက်၏လက်ထဲမှ စာရင်းကို ပြန်ယူကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
“စီနီယာလျဲ့ယင်း... ခဏလောက် စောင့်ပါဦး”
ရှိချန်ဟောက်က လျဲ့ယင်းကို ရုတ်တရက် လှမ်းတားလိုက်သည်။
“ကျွန်တော်တို့ ကုန်သွယ်ရေးအဖွဲ့ရဲ့ ဆေးဖော်ဆောင်က အကုန်လုံးကို ဖော်စပ်ပေးနိုင်ဖို့ အာမခံချက် မရှိပေမဲ့ ကျွန်တော် စီနီယာအတွက် တခြားဆေးပညာရှင်တစ်ဦးနဲ့ ဆက်သွယ်ပေးနိုင်ပါတယ်”
ရှိချန်ဟောက် ပြောနေသည့် အခြားဆေးပညာရှင်မှာ ရွှီနင်ပင် ဖြစ်သည်။
ယခင်က ယန့်လုဂိုဏ်းမှ သူထွက်ခွာလာစဉ် ရွှီနင်မှ သူ့အား အမြတ်အစွန်းများသော ဆေးလုံးများ ဖော်စပ်ရန်ရှိပါက လာရောက်ရှာဖွေနိုင်ကြောင်း ပြောခဲ့ဖူးလေသည်။
“ဩော်...”
လျဲ့ယင်းက ရပ်တန့်သွားသည်။
“ရပါတယ်... ငါ ဆေးလုံးတွေ ရနိုင်သရွေ့တော့ ဘယ်သူဖော်ဆပ်ပေးတယ်ဆိုတာက အရေးမကြီးပါဘူး”
“ဒါပေမဲ့ စီနီယာလျဲ့ယင်း... ဒီလို အသုံးနည်းတဲ့ ဆေးလုံးတွေက ဖော်စပ်ရတာ အရမ်းကို ဒုက္ခများသလို ဆေးဖက်ဝင်ပစ္စည်းတွေလည်း အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် ဆေးလုံးဖော်စပ်ခကတော့ မနည်းလှဘူးနော်...”
ရှိချန်ဟောက်က ရွှီနင်အတွက် ဈေးမြှင့်ပေးနေခြင်း ဖြစ်သည်။
“ကုန်ကျစရိတ်တွေအတွက် ငါပေးမယ်... ဈေးနှုန်းကိုလည်း ညှိနှိုင်းလို့ရပါတယ်”
လျဲ့ယင်းက အလွန်ရက်ရောပုံရသည်။
“ဆေးလုံးတွေရဖို့ ဘယ်လောက်ကြာမလဲ”
“တစ်လပါ”
ရှိချန်ဟောက်က ခန့်မှန်းပြီး ပြန်ဖြေလိုက်သည်။
သူ၏အမြင်အရ ရွှီနင်၏ ဆေးဖော်စပ်ခြင်း စွမ်းရည်ဖြင့်ဆိုလျှင် ဤဆေးလုံးများကို ဆယ်ရက်အတွင်း ဖော်စပ်နိုင်ပေလိမ့်မည်။
တစ်လဆိုပါက ရွှီနင်အတွက် အချိန်လုံလောက်မည်မှာ သေချာလှသည်။
“ကြာလွန်းတယ်... ရက်၂၀ပဲ ပေးမယ်”
လျဲ့ယင်းက ပြောလိုက်သည်။
ရှိချန်ဟောက်က စဉ်းစားနေသည့်ပုံစံဖြင့် ခက်ခဲနေသော မျက်နှာထားကို ပြလိုက်သည်။
“ကောင်းပါပြီ”
အတော်ကြာမှ သူ ပြန်လည် ဖြေကြားလိုက်သည်။
ထိုစကားကို ကြားပြီးနောက် လျဲ့ယင်းက သိုလှောင်လက်စွပ် နှစ်ကွင်းကို ထုတ်ယူကာ ရှိချန်ဟောက်ထံ ပစ်ပေးလိုက်သည်။
“ဒီသိုလှောင်လက်စွပ် နှစ်ကွင်းထဲက တစ်ကွင်းမှာ ဆေးလုံးတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေပါဝင်ပြီး နောက်တစ်ကွင်းထဲမှာတော့ ဆေးဖော်ခရဲ့ တစ်ဝက် ပါဝင်တယ်”
အင်အားကြီးလေလေ အဖိုးတန်အရင်းအမြစ်များကို ပိုမိုအသုံးပြုရလေဖြစ်သည်။
ယေဘုယျအားဖြင့် ပစ္စည်းများကို တူညီသောတန်ဖိုးရှိသည့် အခြားပစ္စည်းများနှင့်သာ လဲလှယ်လေ့ရှိကြသည်။
ရှိချန်ဟောက်က ၎င်းကို ယူလိုက်ပြီး သူ၏တာအိုနယ်ပယ် စွမ်းအားဖြင့် စစ်ဆေးလိုက်သည်။ ဤသိုလှောင်လက်စွပ် နှစ်ကွင်းလုံးတွင် ၎င်းတို့၏ အမှတ်အသားများကို ဖျက်ဆီးထားပြီးသား ဖြစ်သည်။
“လုံလောက်ပါတယ်”
ရှိချန်ဟောက် ၎င်းကို ကြည့်လိုက်ပြီး လျဲ့ယင်း၏ ရက်ရောမှုကြောင့် အံ့အားသင့်သွားရသည်။
ဤအရာက ရွှီနင်ကို သေချာပေါက် စိတ်ကျေနပ်စေပေလိမ့်မည်။
“စီနီယာက ဘယ်မှာနေလဲမသိဘူး... ဆေးလုံးတွေ ဖော်စပ်ပြီးတာနဲ့ ကျွန်တော် ကိုယ်တိုင် လာပို့ပေးပါ့မယ်”
ရှိချန်ဟောက်က ပြောလိုက်သည်။
“ငါ ရက်၂၀ကြာရင် လာယူမယ်”
ထိုသို့ပြောပြီးနောက် လျဲ့ယင်းက တစ်စက္ကန့်မျှပင် မနေတော့ဘဲ ထွက်ခွာသွားလေတော့သည်။
သူသည် မည်သည့် ပြေစာမှလည်း မယူခဲ့သလို ရှိချန်ဟောက်က အရင်းအမြစ်များကို သိမ်းပိုက်သွားမည်ကိုလည်း ကြောက်ရွံ့ပုံမရပေ။
“ထူးဆန်းတဲ့လူပဲ...”
ရှိချန်ဟောက်က ရေရွတ်လိုက်သည်။
ထို့နောက် သူသည် ယန့်လုဂိုဏ်းသို့ ထွက်ခွာလာခဲ့သည်။
ဒါက ရွှီနင်နှင့် ပိုမိုနီးကပ်စေမည့် နောက်ထပ် အခွင့်အရေးတစ်ခုပင်။
…
ညအချိန်…
ယန့်လုဂိုဏ်း…
ဟောင်းနွမ်းနေသော ဆေးဖော်ခန်းတစ်ခုအတွင်း…
ရွှီနင်သည် သူ၏ရှေ့တွင် ဆေးမီးဖိုကို ချထားလိုက်သည်။ သူ၏လက်ထဲတွင် လျဲ့ယင်းက ရှိချန်ဟောက်အား ပေးခဲ့သော စာရင်းရှိနေသည်။
ရှိချန်ဟောက်သည် မွန်းလွဲပိုင်းတွင် ယန့်လုဂိုဏ်းသို့ ရောက်လာပြီး ဤအပ်နှံမှုကို ရွှီနင်အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ပေးချေမှုအဖြစ် ကြွယ်ဝသော အရင်းအမြစ်များကို မြင်လိုက်ရသဖြင့် ရွှီနင်သည် ဤအပ်နှံမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။
‘ရှိချန်ဟောက် ပြောပုံအရဆိုရင် လျဲ့ယင်းဆိုတဲ့ အပ်နှံသူက တာအိုနယ်ပယ် ဆဋ္ဌမအဆင့် အမြုတေပြောင်းလဲခြင်းနယ်ပယ်ကတဲ့... တကယ်ဆိုရင် ဒီလိုလူမျိုးက ပိုကြီးမားတဲ့ အင်အားစုတွေကိုသိမှာဖြစ်သလို အစွမ်းထက်တဲ့ ဆေးပညာရှင်တွေကိုလည်း အလွယ်တကူရှာနိုင်မှာပဲ။ ဒါပေမဲ့ သူက ဘာလို့ ရှိကုန်သွယ်ရေးအဖွဲ့ကိုမှ အထူးတလည် လာရှာရတာလဲ...’
ရွှီနင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
ရှိကုန်သွယ်ရေးအဖွဲ့သည် ကွမ်ဟယ်မြို့နယ်တွင် သြဇာညောင်းသော်လည်း တာအိုနယ်ပယ် ဆဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်လျှင်မူ ဘာမှမဟုတ်ပေ။
‘ဒီလျဲ့ယင်းက သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ချင်လို့ အင်အားကြီးအဖွဲ့တွေဆီ မသွားချင်တာလား ဒါမှမဟုတ် သူ ဒီဆေးလုံးတွေ ဖော်စပ်နေတာကို အင်အားကြီးအဖွဲ့တွေကို မသိစေချင်တာလား...’
ရွှီနင် ခန့်မှန်းလိုက်သည်။
အရင်တုန်းကဆိုပါက ရွှီနင်အနေဖြင့် အမည်မသိလူတစ်ဦးထံမှ တောင်းဆိုမှုကို ငြင်းပယ်မိပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောလူများသည် ပြဿနာအချို့ကို သယ်ဆောင်လာနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါ ရွှီနင်သည် ဤပြဿနာကို ဂရုမစိုက်တော့ပေ။
‘ဒါတွေကို မေ့လိုက်ပါတော့...’
ရွှီနင် တွေးလိုက်မိသည်။
‘ဒီဆေးလုံးတွေကို ဖော်စပ်ပြီး နောက်ထပ် ပေးချေမှုတစ်ဝက်ကို ရရင်တော့ ငါ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့ လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်တွေ လုံလောက်သွားပြီ...’
မကြာသေးမီအချိန်က လူအများမှာ ဂိုဏ်းသို့ လက်ဆောင်များ ဆက်တိုက်ပို့နေကြရာ အများစုကို ရွှီနင်က လက်ခံခဲ့သည်။ ကျန်ရှိသော အစိတ်အပိုင်းအနည်းငယ်ကိုမူ ဂိုဏ်း၏ အသုံးစရိတ်များအတွက် အသုံးပြုခဲ့သည်။
“ဖော်စပ်ရမယ့် ဆေးလုံးတွေအကုန်လုံးက မိစ္ဆာသားရဲတွေအတွက်ပဲ...”
စာရင်းကို ပထမဆုံးအကြိမ် ဖတ်လိုက်ရစဉ်က ရွှီနင်မှာ ဤပြဿနာကို သတိပြုမိခဲ့သည်။
“တချို့က မိစ္ဆာသားရဲတွေအတွက် အထောက်အကူဖြစ်စေပေမဲ့ တချို့ကတော့ မိစ္ဆာသားရဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အသုံးပြုနိုင်တယ်”
ပင်လယ်နီမိစ္ဆာသခင် ချန်ထားခဲ့သော တာအိုနယ်ပယ် ဆေးပညာစွယ်စုံကျမ်းသာ မရှိခဲ့ပါက ရွှီနင်အနေဖြင့် ဤအရာများကို မည်သို့ဖော်စပ်ရမည်ကို အမှန်တကယ် သိနိုင်မည်မဟုတ်ပေ။
‘ဒီလျဲ့ယင်းဆိုတဲ့လူက သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်နေမလား...’
ဝမ်ရှန့်ပြည်နယ်တွင် သားရဲထိန်းချုပ်သူများ၏ အင်အားကို လျှော့တွက်၍ မရပေ။ သားရဲထိန်းချုပ်သူတစ်ဦးသည် တိုက်ခိုက်ရေးစွမ်းအား မြင့်မားသော အဖွဲ့တစ်ဖွဲ့နှင့် တူပေသည်။
ပြင်ဆင်မှုအချို့ ပြုလုပ်ပြီးနောက် ရွှီနင်သည် ဆေးလုံးများကို စတင်ဖော်စပ်လေတော့သည်။
ရက်၂၀ ကုန်လွန်သွားခဲ့ပြီးနောက်
သတ်မှတ်ထားသောနေ့တွင် လျဲ့ယင်းသည် ရှိကုန်သွယ်ရေးအဖွဲ့သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။
တာဝန်ခံက သူ့ကို မှတ်မိသဖြင့် ရှိချန်ဟောက်ထံသို့ ခေါ်ဆောင်သွားလိုက်သည်။
“စီနီယာလျဲ့ယင်း”
ရှိချန်ဟောက်က မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
“ဘယ်မှာလဲ”
လျဲ့ယင်းက မည်သည့်ခံစားချက်မှမပါဘဲ ပြောလိုက်သည်။ သူက အပိုစကားများ ပြောဆိုရန် ရည်ရွယ်ချက်မရှိဘဲ တိုက်ရိုက်ပင် လိုချင်သည့်ကိစ္စကိုသာ ပြောလိုက်ခြင်း ဖြစ်သည်။
“အကုန် ပြင်ဆင်ပြီးပါပြီ”
ရှိချန်ဟောက်က သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ လျဲ့ယင်းထံ ကမ်းပေးလိုက်သည်။
အမှန်စင်စစ် ရွှီနင်သည် ဆေးလုံးအားလုံးကို ငါးရက်အတွင်း အနားမယူဘဲ ဖော်စပ်ခဲ့ပြီးနောက် ရှိချန်ဟောက်ထံ ချက်ချင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လျဲ့ယင်းက ၎င်းတို့ကို ယူလိုက်ပြီး တိုက်ရိုက် စစ်ဆေးလိုက်သည်။
သူသည် ဆေးလုံးအချို့ကို ကျပန်း ထုတ်ယူကြည့်လိုက်သည်။
“ဟမ်...”
လျဲ့ယင်း ဆေးလုံးများကို ကြည့်လိုက်ပြီးနောက် သူ၏တည်ငြိမ်နေသော မျက်နှာတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
‘သူ ဆေးလုံးတွေရဲ့ အရည်အသွေးကို မြင်ပြီး တုန်လှုပ်သွားတာလား’
ရှိချန်ဟောက်က ထိုအပြောင်းအလဲကို မြင်လိုက်ရပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
ရွှီနင်နှင့် ထိတွေ့ပြီးနောက် ရှိချန်ဟောက်သည် ရွှီနင်၏ ဆေးဖော်စပ်ခြင်းစွမ်းရည်မှာ ဆေးသခင် လန်ယန်ထက် မနိမ့်ကျနိုင်ကြောင်း ခံစားမိခဲ့သည်။
လျဲ့ယင်းက ဆေးလုံးတစ်လုံးကို တိုက်ရိုက် ခွဲကြည့်လိုက်ပြီး ၎င်း၏ အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။ ထို့နောက် လုံးဝ ချေမွပစ်ကာ အကြိမ်အနည်းငယ် ပွတ်တိုက်ပြီး အနံ့ခံလိုက်သည်။
‘ငါသာ မမှားဘူးဆိုရင် ဒါက ပင်လယ်နီဆေးကျမ်းရဲ့ ဖော်စပ်နည်းအတိုင်းပဲ...’
လျဲ့ယင်း၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။
‘ဒီကုန်သွယ်ရေးအဖွဲ့လေးက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ လူတစ်ယောက်နဲ့ အမှန်တကယ် ဆက်သွယ်နိုင်တာလား’
သူသည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား သူ၏နှုတ်ခမ်းကို စေ့လိုက်သည်။
“ဒီဆေးလုံးကို ဖော်စပ်ပေးတဲ့ ဆေးပညာရှင်က ဘယ်သူလဲ”
လျဲ့ယင်းက မေးလိုက်သည်။
ရှိချန်ဟောက်က ပြန်ဖြေလိုက်သည်။
“ဆေးပညာရှင်ရဲ့ တောင်းဆိုချက်အရ သူ့ရဲ့ သရုပ်မှန်ကို ထုတ်ဖော်လို့ မရပါဘူး”
ရွှီနင်က ရှိချန်ဟောက်အား ထိုသို့လုပ်ရန် မည်သည့်အခါမှ မပြောခဲ့သော်လည်း ရှိချန်ဟောက်မှာ လျဲ့ယင်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိခဲ့သည်။
ထို့ကြောင့် ရွှီနင်အား ဒုက္ခမရောက်စေရန်အတွက် အကြောင်းပြချက်တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
“ဪ... အဲဒီလိုကိုး”
လျဲ့ယင်းမှာ ထိုစကားကို ကြားပြီးနောက် မည်သည်ကိုမျှ သံသယမဝင်တော့ပေ။
‘ပင်လယ်နီမိစ္ဆာဂိုဏ်းကလူက သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားတာက နားလည်ပေးလို့ ရပါတယ်...’
ထို့နောက် လျဲ့ယင်းသည် နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးလိုက်သည်။
“ကျန်တဲ့ ပေးချေမှုက ဒီမှာပါ”
ထိုသို့ပြောပြီးနောက် ထွက်ခွာသွားလေတော့သည်။