← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅) - တာအိုနယ်ပယ် စတုတ္ထအဆင့်၊ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်

ယန့်လုဂိုဏ်း…

ရွှီနင်၏ အိမ်တော်…

အစောပိုင်းတွင် ရှိချန်ဟောက်သည် ဆေးလုံးများအတွက် ကျန်ရှိနေသည့် ငွေပေးချေမှုများကို ရွှီနင်ထံသို့ လူလွှတ်၍ ပေးပို့ခိုင်လေသည်။

‘ဒါက စွမ်းအင် ၄.၇ သန်းတောင်ပဲ’

ရွှီနင်သည် သိုလှောင်လက်စွပ်အတွင်းရှိ အရင်းအမြစ်များကို စုပ်ယူလိုက်ပြီးနောက် သူ၏ စွမ်းအင်လက်ကျန်မှာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် လိုအပ်သည့် ၄.၅ သန်းကို ကျော်လွန်သွားခဲ့ချေပြီ။

‘ငါ တာအိုနယ်ပယ် စတုတ္ထအဆင့်ဖြစ်တဲ့ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပြီ’

အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် သူသည် တာအိုနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ရွှီနင်သည် အဆင့်တက်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

သူ၏ အခြေအနေကို ညှိယူပြီးနောက် ရွှီနင်သည် နယ်ပယ်အဆင့်ဘေးရှိ “+” လက္ခဏာကို နှိပ်လိုက်သည်။

––

နယ်ပယ်အဆင့်ကို မြှင့်တင်ရန် စွမ်းအင် ၄.၅ သန်း အသုံးပြုမည်လော။

လုပ်မည် / မလုပ်ပါ

––

အတည်ပြုပြီးနောက် ရွှီနင်၏ ခန္ဓာကိုယ်အတွင်းရှိ အမြုတေ၏ အစပျိုးပုံသဏ္ဌာန်သည် ရုတ်တရက် အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာတော့သည်။

ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်လာသဖြင့် ရွှီနင်မှာ လေဖိအားနည်းရပ်ဝန်း၏ ဗဟိုချက်တစ်ခုကဲ့သို့ ဖြစ်သွားလေသည်။

ရွှီနင်၏ အိမ်တော်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကလည်း ဆက်လက်၍ တိုးဝင်လာနေသည်။

သူ၏ အမြုတေအစပျိုးပုံသဏ္ဌာန်မှာ ဝိညာဉ်စွမ်းအင်များကို အလွန်အမင်း ဆာလောင်နေကြောင်း သူ ခံစားနေရသည်။

“ဘာတွေဖြစ်နေတာလဲ”

မျက်လုံးမှိတ်၍ အနားယူနေသော ချန်ကျန်းထောင်းသည် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။

သူသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် အလွန်အမင်း မတည်မငြိမ် ဖြစ်လာကြောင်း ခံစားလိုက်ရသည်။ အကြောင်းမှာ ဝိညာဉ်စွမ်းအင် အမြောက်အမြားသည် လားရာတစ်ခုတည်းသို့ စုပြုံစီးဝင်နေသောကြောင့်ပင်။

“ဒါက...”

ချန်ကျန်းထောင်းသည် စူးစမ်းကြည့်လိုက်ရာ ထိုစွမ်းအင်များ စုပြုံရာနေရာမှာ ရွှီနင်၏ နေအိမ်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

‘ဒါက... ဂိုဏ်းချုပ်က အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားနေတာလား’

ချန်ကျန်းထောင်းသည် မိမိ၏ အတွေးကို မိမိကိုယ်တိုင် မယုံကြည်နိုင်ဘဲ ရုတ်တရက် ထရပ်လိုက်သည်။

‘ဂိုဏ်းချုပ်က အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားနေတာလား’

ချန်ကျန်းထောင်းသည် အပြင်သို့ အမြန်ထွက်ကာ ရွှီနင်၏ အိမ်တော်ဆီသို့ ပြေးသွားလေတော့သည်။

ရွှီနင်၏ အိမ်တော်နှင့် နီးကပ်လာလေလေ၊ ကြီးမားသော ဝိညာဉ်စွမ်းအင်များ ဤနေရာသို့ စုဝေးနေသည်ကို ပို၍ ခံစားလာရလေလေ ဖြစ်သည်။

‘သေချာပြီ... သူ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းနေတာပဲ’

ချန်ကျန်းထောင်းသည် မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားရသည်။

‘ဂိုဏ်းချုပ်က မူလအစပြန်သွားခြင်းနယ်ပယ်ကို ရောက်တာ နှစ်လတောင် မပြည့်သေးဘူး... မျက်စိတစ်မှိတ်အတွင်းမှာပဲ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို ထပ်ပြီး တက်လှမ်းနေပြီလား... ဒီလို တိုးတက်မှုအရှိန်မျိုး၊ ဒီလို သိုင်းပညာပါရမီမျိုးက တစ်ခါမှ မကြားဖူးဘူး’

ချန်ကျန်းထောင်းသည် ဝမ်ရှန့်ပြည်နယ်ရှိ ထိပ်တန်းသိုင်းပညာရှင်များအကြောင်းကို ကြားဖူးသော်လည်း ရွှီနင်ကဲ့သို့ အဆင့်တက်ရာတွင် ပေါ့ပါးလွယ်ကူသူမျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

‘အကြီးအကဲ ဝမ့်ယယ်က တကယ့်ကို မျက်စိစူးရှတာပဲ’

ဤအခိုက်အတန့်တွင် ချန်ကျန်းထောင်းသည် ချောက်နက်ကြီးမြောက်ပိုင်း၌ ရှိနေသော ဝမ့်ယယ်ကို စတင် လေးစားမိသွားသည်။

အကြီးအကဲ ဝမ့်ယယ်သည် ချောက်နက်ကြီးမြောက်ပိုင်းကဲ့သို့ နေရာမျိုးတွင် ဤကဲ့သို့သော ပါရမီရှင်တစ်ဦးကို ရှာတွေ့ခဲ့သည်မှာ အံ့ဩစရာပင်။

“စီနီယာအစ်ကိုချန်... ဘာတွေဖြစ်နေတာလဲ”

ထိုစဉ် ရှောက်ရွှင်၊ ထုံလီနှင့် အိုးဝေတို့လည်း အပြေးရောက်လာကြသည်။ သူတို့လည်း ဤပြောင်းလဲမှုကို သတိထားမိကြခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်က တာအိုနယ်ပယ်ရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနေတာပဲ”

ချန်ကျန်းထောင်းက ပြောလိုက်သည်။

“ငါ သိသားပဲ...”

သူတို့ သုံးဦးလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အလွန်အမင်း ဝမ်းသာသွားကြသည်။

ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များသည်လည်း တဖြည်းဖြည်း စုဝေးလာကြသည်။

သူတို့ ကျင့်ကြံနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ပါးလွှာသွားသဖြင့် အံ့အားသင့်ကာ ထွက်လာကြခြင်း ဖြစ်သည်။

သူတို့အချင်းချင်း စကားပြောဆိုပြီးမှ ဂိုဏ်းချုပ် အဆင့်တက်နေခြင်းဖြစ်ကြောင်း သိရှိသွားကြသည်။

“ဆုတ်ကြစမ်း”

မီးခိုးရောင်လေးမှာ ရုတ်တရက် ပေါ်လာပြီး လူတိုင်းကို ဟန့်တားလိုက်သည်။

“အသံမထွက်ကြနဲ့... ငါ့အစ်ကို အဆင့်တက်တာကို မနှောင့်ယှက်ကြနဲ့”

ယန့်လုဂိုဏ်းရှိ လူတိုင်းသည် မီးခိုးရောင်လေးမှာ ဂိုဏ်းချုပ်၏ အရင်းနှီးဆုံး မိစ္ဆာသားရဲအဖော်ဖြစ်ကြောင်း သိထားကြသည်။

၎င်းသည် တာအိုနယ်ပယ်တွင် ရှိရုံသာမက မိစ္ဆာသားရဲ သွေးမျိုးဆက်မှာလည်း ထိပ်တန်းအဆင့် ဖြစ်ပြီး ဒဏ္ဍာရီလာ အထွတ်အထိပ် မိစ္ဆာသားရဲ ခြောက်မျိုးပြီးလျှင် ဒုတိယ ဖြစ်သည်။

“ဟုတ်တယ်... အားလုံး ဆုတ်ခွာကြ... ဂိုဏ်းချုပ် အဆင့်တက်တာကို မနှောင့်ယှက်စေနဲ့”

ချန်ကျန်းထောင်းသည်လည်း သတိဝင်လာကာ ပတ်ဝန်းကျင်ရှိ တပည့်များကို အမြန်မောင်းထုတ်လိုက်ပြီး အိမ်တော်အပြင်ဘက်တွင် အကြီးအကဲများနှင့် ဧည့်သည်အကြီးအကဲများကိုသာ ကျန်ရစ်စေခဲ့သည်။

အဆင့်တက်ခြင်းတွင် နှစ်မြုပ်နေသော ရွှီနင်မှာမူ ပြင်ပကိစ္စများကို သတိမထားမိပေ။

‘ငါ့ရဲ့ အမြုတေအစပျိုးပုံသဏ္ဌာန်က စပြီးပြောင်းလဲနေပြီ’

ရွှီနင်သည် အမြုတေ၏ ဝိညာဉ်စွမ်းအင် စုပ်ယူမှု အရှိန်မှာ စတင် လျော့နည်းလာကြောင်း ခံစားလိုက်ရသည်။

မကြာမီတွင် ရွှီနင်သည် သူ၏ အမြုတေအစပျိုးပုံသဏ္ဌာန်မှ ပြည့်ဝသွားသည့် ခံစားချက်ကို ရရှိလိုက်သည်။ အပြာနှင့် အနီရောင် ရောယှက်နေသော အမြုတေမှာ တဖြည်းဖြည်း ဖြူဖွေးလာလေသည်။

ဝူး...

နောက်ဆုံးတွင် အမြုတေသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေရာမှ ရပ်တန့်သွားသည်။

၎င်းသည် ရုတ်တရက် တုန်ခါသွားပြီး လုံးဝ ဖြူစင်သွားတော့သည်။

ထို့နောက် ရွှီနင်၏ ခန္ဓာကိုယ်အတွင်း၌ ဖြည်းညင်းစွာ လည်ပတ်နေပြီး ၎င်းမှ ထွက်ပေါ်လာသော မမြင်ရသည့် စွမ်းအားများသည် ရွှီနင်၏ ခန္ဓာကိုယ်နှင့် တာအိုနယ်ပယ် စွမ်းအားများကို ပိုမို အားကောင်းလာစေသည်။

‘ဒီတစ်ခါ အဆင့်တက်တာက တကယ့်ကို သိသိသာသာ ပြောင်းလဲသွားတာပဲ’

အထင်ရှားဆုံးမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုပင်ဖြစ်သည်။

‘ငါ့ရဲ့ အခု ခန္ဓာကိုယ်နဲ့ဆိုရင် တာအိုနယ်ပယ်ရဲ့ စွမ်းအားကို မသုံးရင်တောင် မူလအစပြန်သွားခြင်းနယ်ပယ်က သိုင်းပညာရှင်တစ်ယောက်ကို အလွယ်လေး အနိုင်ယူနိုင်တယ်’

ရွှီနင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တက်ကြွလှုပ်ရှားနေသော သဘာဝစွမ်းအားများကို ခံစားနေရသည်။

သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း တောင့်တင်းခိုင်မာလာပြီး ကုသနိုင်စွမ်းမှာလည်း ထူးကဲလာကြောင်း သူ သိလိုက်သည်။

လက်ခြေများ ကျိုးသွားလျှင်ပင် ဆေးလုံးများသောက်ရန်မလိုဘဲ အလိုအလျောက် ပြန်လည် ကောင်းမွန်နိုင်စွမ်း ရှိသွားပြီ ဖြစ်လေသည်။ ထို့အပြင် သူ၏ ကိုယ်တွင်းအင်္ဂါများမှာလည်း များစွာ တိုးတက်လာသဖြင့် ရေအောက် သို့မဟုတ် ရွှံ့နွံထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်ပြီ ဖြစ်သည်။

သူသည် ရေအောက်တွင်ပင် နေထိုင်နိုင်ပြီး တစ်လလျှင် တစ်ကြိမ်ခန့်သာ အသက်ရှူရန် လိုပေသည်။

‘ဒါ့အပြင် ငါ့ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင် အမြောက်အမြားကို သိုလှောင်ထားနိုင်ပြီ’

ရွှီနင်သည် သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်များကို ယာယီအားဖြင့် စုပ်ယူသိုလှောင်ထားနိုင်သည့် ဧရာမ ရေမြှုပ်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း ခံစားလိုက်ရသည်။

ဝမ်ရှန့်ပြည်နယ် သို့မဟုတ် ကျွန်းစုများထဲတွင် ဝိညာဉ်စွမ်းအင် ကင်းမဲ့နေသော နေရာများရှိသည်။

ထိုကဲ့သို့သော အခြေအနေဆိုးသည့် နေရာမျိုးတွင် ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်စွမ်းအင် လုံလောက်စွာ ရှိနေမှသာ ရင်ဆိုင်နိုင်မည် ဖြစ်သည်။

‘ဒါက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုပဲ ရှိသေးတာ’

ရွှီနင်သည် သူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသော တာအိုနယ်ပယ် စွမ်းအားများကို ခံစားလိုက်ရသည်။

‘နောက်ကျရင် ငါ့ရဲ့ ကြယ်တာရာချီကို အသုံးပြုတဲ့အခါ ကြယ်တာရာချီရဲ့ အရည်အသွေးကလည်း ပြောင်းလဲသွားလိမ့်မယ်... ကြယ်တာရာချီကို ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ရုံတင်မကဘဲ ကြယ်တာရာချီ အကာအကွယ်တွေနဲ့ ကြယ်တာရာချီ ကင်းမဲ့ဇုန်တွေကိုတောင် ဖန်တီးနိုင်လာလိမ့်မယ်’

ရွှီနင်သည် စိတ်အာရုံကို သုံး၍ အခန်းအပြင်သို့ ထွက်လိုက်သည်။

သူသည် မြေပြင်ကို ညင်သာစွာ နင်းလိုက်ရာ တစ်ကိုယ်လုံးမှာ လေတိုက်၍ လွင့်ပါးသွားသော ငှက်မွေးတစ်စင်းကဲ့သို့ ပေါ့ပါးသွားသည်။

‘ပျံသန်းနိုင်တဲ့ စွမ်းရည်နဲ့ တူတာပဲ...’

ရွှီနင်သည် လေထဲတွင် ရှိနေရသော ထူးဆန်းသည့် ခံစားမှုကို နှစ်သက်နေမိသည်။

ယခင်က ရွှီနင်သည် လေထဲတွင် ရှိနေရန် ပျံသန်းနိုင်သည့် မိစ္ဆာသားရဲများကို အားကိုးခဲ့ရသော်လည်း ယခုမူ မိမိကိုယ်တိုင် အားကိုးနိုင်ပြီ ဖြစ်သည်။

အောက်သို့ ငုံ့ကြည့်လိုက်ရာ စံအိမ်တစ်ခုလုံးကို မြင်လိုက်ရသည်။

စံအိမ်အပြင်ဘက်ရှိ လူတိုင်းမှာ သူ့အား မော့ကြည့်နေသည်ကို သတိထားမိလိုက်သည်။

‘လေထဲမှာ စွမ်းအားကို ဆက်ပြီး အသုံးချနေသရွေ့ ငါ လေထဲမှာ ရွေ့လျားနိုင်တယ်’

ဤသည်မှာ အမှန်တကယ် ပျံသန်းခြင်း မဟုတ်ကြောင်း ရွှီနင် သိထားသည်။

တာအိုနယ်ပယ်၏ သတ္တမအဆင့်သို့ ရောက်မှသာ အမှန်တကယ် ပျံသန်းနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ လေထဲတွင် ရွေ့လျားနိုင်ခြင်းမှာ လေထဲတွင် ပြေးနေခြင်းနှင့် ပို၍ တူလေသည်။

ထိုစဉ် ငှက်တစ်ကောင်သည် ရွှီနင်၏ ဘေးမှ ပျံသန်းသွားသည်။

ရွှီနင်က လက်ကို မြှောက်လိုက်ပြီး တာအိုနယ်ပယ် စွမ်းအားကို အသုံးပြုလိုက်သည်။ သူသည် လက်ဝါးပုံသဏ္ဌာန် ကြယ်တာရာချီကို ဖန်တီးကာ ထိုငှက်ကို ဖမ်းယူလိုက်သည်။

‘ငါ့ရဲ့ ကြယ်တာရာချီက အခုဆိုရင် မာကျောနိုင်သလို ပျော့ပျောင်းနိုင်ပြီပဲ’

စမ်းသပ်ကြည့်ပြီးနောက် ရွှီနင်သည် ထိတ်လန့်နေသော ငှက်ကို လွှတ်ပေးလိုက်သည်။

အပြောင်းအလဲများကို အမှန်တကယ် ခံစားပြီးနောက် ရွှီနင်သည် စွမ်းအားကို ဆက်မသုံးတော့ဘဲ မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

“အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းနိုင်တဲ့အတွက် ဂိုဏ်းချုပ်ကို ဂုဏ်ပြုပါတယ်”

ချန်ကျန်းထောင်းသည် ရှေ့သို့ တိုးလာကာ ရွှီနင်ကို ဂုဏ်ပြုလိုက်သည်။

သူ့နောက်ကွယ်မှ အကြီးအကဲများနှင့် ဧည့်အကြီးအကဲများမှာလည်း သတိဝင်လာကြသည်။

“အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းနိုင်တဲ့အတွက် ဂိုဏ်းချုပ်ကို ဂုဏ်ပြုပါတယ်”

လူတိုင်းက ရွှီနင်ကို ကြည်ညိုလေးစားစွာ ကြည့်နေကြသည်။

အနာဂတ်တွင် ရွှီနင်သည် လူမြင်ကွင်းသို့ ထွက်မလာဘဲ ဂိုဏ်း၏အရေးကိစ္စများကို မစီမံတော့လျှင်ပင် သူ၏ ဂုဏ်သတင်းမှာ ကြီးကျယ်နေဦးမည် ဖြစ်သည်။

သူသည် ယန့်လုဂိုဏ်း၏ အသန်မာဆုံးသော သူရဲကောင်းဖြစ်ရုံသာမက တစ်ဂိုဏ်းလုံး၏ အုတ်မြစ်လည်း ဖြစ်ပေသည်။

လူတိုင်း၏ ဂုဏ်ပြုမှုကို ရင်ဆိုင်ရင်း ရွှီနင်သည် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်”

ရွှီနင်က လူတိုင်းကို တုံ့ပြန်လိုက်ပြီး ပြောလိုက်သည်။

“အားလုံး လူစုခွဲလို့ ရပါပြီ”

ချန်ကျန်းထောင်းက လူအုပ်ကို ပြန်ကြည့်လိုက်သည်။

ချန်ကျန်းထောင်း၏ စကားကို ကြားပြီးနောက် လူအုပ်ကြီးမှာ ဆက်မနေတော့ဘဲ လူစုခွဲသွားကြလေသည်။

သူတို့ ထွက်ခွာသွားချိန်တွင် ခြေလှမ်းများမှာ ပေါ့ပါးနေပြီး စိတ်ကြည်လင်နေကြလေသည်။

သူတို့အတွက်မူ ရွှီနင် ပို၍ သန်မာလာလေလေ ယန့်လုဂိုဏ်းမှာ ပို၍ အားကောင်းလာလေလေ ဖြစ်သည်။

ယန့်လုဂိုဏ်း အားကောင်းလာသည်နှင့်အမျှ သူတို့အတွက်လည်း အရင်းအမြစ်များ ပိုမိုရရှိလာမည် ဖြစ်သည်။

အထူးသဖြင့် ယန့်လုဂိုဏ်းသို့ ဝင်ရောက်လာသော ဟင်းလင်းပြင်နယ်ပယ် အဆင့်မြင့် ဧည့်အကြီးအကဲများအတွက် ဖြစ်သည်။ သူတို့သည် မူလက နောက်ခံမရှိသော တစ်ကိုယ်တော် သိုင်းသမားများ ဖြစ်ကြသည်။ ယခု ယန့်လုဂိုဏ်းသို့ ဝင်ရောက်လာခြင်းမှာ တာအိုနယ်ပယ်သို့ တက်လှမ်းရန် အရင်းအမြစ်များကို ရယူလိုသောကြောင့် ဖြစ်ပေသည်။

“ငါနဲ့ အစ်ကို့ကြားက ကွာဟချက်က ပိုပိုပြီး ကြီးမားလာပြီပဲ...”

မီးခိုးရောင်လေးက အနားသို့ တိုးလာကာ သက်ပြင်းချလိုက်သည်။

“မီးခိုးရောင်လေး... မင်း ကိုယ့်ကိုယ်ကိုယ် ဂိုဏ်းချုပ်နဲ့ နှိုင်းယှဉ်နေစရာ မလိုပါဘူး... ဂိုဏ်းချုပ်ရဲ့ပါရမီက ရှားပါးသလို လူသားမျိုးနွယ်ထဲမှာလည်း ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ... ပြီးတော့ မင်းမှာလည်း ဟင်းလင်းပြင်သားရဲရဲ့ သွေးမျိုးဆက်ရှိတာပဲ... မင်းရဲ့ နယ်ပယ်အဆင့် မြင့်မားလာလေလေ မင်းရဲ့ သွေးမျိုးဆက်က ပိုပြီး ထူထဲလာလေလေဖြစ်မှာပဲ... အဲဒီအချိန်ကျရင် မင်း ထုတ်ဖော်နိုင်မယ့် သီးသန့် မိစ္ဆာသားရဲ စွမ်းအားတွေက ပိုပြီး ကြောက်စရာ ကောင်းလာမှာပါ”

ချန်ကျန်းထောင်းက နှစ်သိမ့်လိုက်သည်။

ချန်ကျန်းထောင်းသည် ယခုအခါ မီးခိုးရောင်လေးနှင့် ရင်းနှီးနေပြီ ဖြစ်သည်။

“အစ်ကို... ကျွန်တော် ကျင့်ကြံတော့မယ်”

မီးခိုးရောင်လေး ပြောသည့် ကျင့်ကြံခြင်းဆိုသည်မှာ ၎င်း၏ သွေးမျိုးဆက်ကို လှုံ့ဆော်ရန် ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူခြင်း ဖြစ်သည်။

“သွားလေ”

ရွှီနင်လည်း ပြုံးလိုက်သည်။

မီးခိုးရောင်လေး ထွက်သွားပြီးနောက် ရွှီနင်နှင့် ချန်ကျန်းထောင်းသာ ကျန်ရစ်တော့သည်။

ရွှီနင်၏ အိမ်တော်ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ ယခုမှပင် ပြန်လည် ပြည့်ဝလာတော့သည်။

“ဂိုဏ်းချုပ်... အခု အဆင့်တက်ပြီးပြီဆိုတော့...”

ချန်ကျန်းထောင်းသည် ရွှီနင်ကို ကြည့်ကာ တွေဝေနေမိသည်။

“ကျွန်တော် ပြင်ဆင်စရာရှိတာတွေ လုပ်ပြီးရင် ဖုန်းဝူအိမ်တော် လက်ထဲကနေ ယန့်လုဂိုဏ်းရဲ့ နယ်မြေဟောင်းကို ပြန်သိမ်းပိုက်မယ်”

ရွှီနင်၏ စကားကြောင့် ချန်ကျန်းထောင်း စိတ်သက်သာရာ ရသွားသည်။

ရွှီနင်သည် ဤအကြောင်းကို ချန်ကျန်းထောင်းအား ပြောပြခဲ့ဖူးပြီး ချန်ကျန်းထောင်းမှာလည်း အမြဲ မှတ်မိနေခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

ချန်ကျန်းထောင်းက ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး... ကျွန်တော်က ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲဟာ... ကျွန်တော်တို့ရဲ့ နယ်မြေဟောင်းကို ပြန်ယူရမယ်လေ”

ရွှီနင်က ပြတ်သားစွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်... နယ်မြေဟောင်းကို ပြန်သိမ်းဖို့က အရေးကြီးတဲ့ ကိစ္စဆိုပေမဲ့ အန္တရာယ်လည်း ရှိနိုင်တယ်... အကူအညီတချို့ ရှာချင်လား... ကျွန်တော့်ရဲ့ ဦးလေးနဲ့ တခြားလူတွေကို ကူညီပေးဖို့ ကျွန်တော် ဖျောင်းဖျပေးနိုင်ပါတယ်”

ယန့်လုဂိုဏ်း၏ နယ်မြေဟောင်းကို ပြန်လိုချင်သော်လည်း ချန်ကျန်းထောင်းသည် ရွှီနင်၏ ဘေးကင်းရေးကို စိုးရိမ်နေခြင်း ဖြစ်သည်။

ချန်ကျန်းထောင်းသည် ရွှီနင်သည် ယန့်လုဂိုဏ်း၏ အဓိကထောက်တိုင်ဖြစ်ကြောင်း သူ သိထားသည်။

“ရပါတယ်... ကျွန်တော့်ရဲ့ စွမ်းအားကို ကျွန်တော် သိပါတယ်”

ရွှီနင်က ဆက်ပြောလိုက်သည်။

“ဒါ့အပြင် ကျွန်တော့်မှာ ယဲ့ဘုရင်ခံအိမ်တော်ရဲ့ ဧည့်သည်တံဆိပ်ပြားလည်း ရှိသေးတယ်... ကျွန်တော် သူတို့ကို မနိုင်ရင်တောင် ကျွန်တော့်ကို ဘယ်သူက ဒုက္ခပေးရဲမှာလဲ... ဖုန်းဝူအိမ်တော်က ယဲ့ဘုရင်ခံအိမ်တော်ကို ဆန့်ကျင်ရဲမှာတဲ့လား”

ဤသည်မှာ အားကောင်းသော နောက်ခံရှိခြင်း၏ အားသာချက်ပင် ဖြစ်သည်။

“အင်း...”

ချန်ကျန်းထောင်း ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့... ဒီတစ်ခါ အဆင့်တက်ဖို့ ဂိုဏ်းရဲ့ အရင်းအမြစ် အတော်များများကို ကျွန်တော် သုံးလိုက်မိတယ်”

ရွှီနင်က ပြောလိုက်သည်။

“ရပါတယ်”

ချန်ကျန်းထောင်းက ပြောလိုက်သည်။

“ယန့်လုဂိုဏ်းရဲ့ ဩဇာအာဏာက ပြန့်နှံ့နေပြီဆိုတော့ ကျွန်တော်တို့ အချိန်မရွေး သိုင်းပညာ အရင်းအမြစ်တွေကို စတင် ကုန်သွယ်နိုင်နေပြီ... ချန်မိသားစု၊ ရှိမိသားစုနဲ့ ယဲ့ဘုရင်ခံအိမ်တော်တို့က ကျွန်တော်တို့ရဲ့ ကျောထောက်နောက်ခံအနေနဲ့ ရှိနေတာဆိုတော့ ကျွန်တော်တို့ရဲ့ ဝင်ငွေကို ချဲ့ထွင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်”

“ကောင်းပြီ...”

ဂိုဏ်းတံဆိပ်ပြားရှိသည့် တရားဝင်ဂိုဏ်းတစ်ခုအတွက်မူ သိုင်းပညာအရင်းအမြစ် ကုန်သွယ်မှုသည် အလွန်အရေးကြီးသော ဝင်ငွေအရင်းအမြစ်ဖြစ်ကြောင်း ရွှီနင် သိထားသည်။

တစ်ခါတစ်ရံတွင် ထိုအရာမှာ သူတစ်ပါးထံမှ လုယက်ခြင်းထက်ပင် ပိုကောင်းလေသည်။

အခန်း (၂၅၆) - ဂိုဏ်း၏ နေရာဟောင်းအား ပြန်လည်သိမ်းပိုက်ခြင်း

မှောင်မည်းနေသော တောင်ကြားတစ်ခုအတွင်း၌…

အနက်ရောင်မြူခိုးများက နေရောင်ခြည်ကို ဖုံးကွယ်ထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဤနေရာရှိ အနက်ရောင်မြူခိုးများထဲတွင် အလွန်ပြင်းထန်သော အဆိပ်ငွေ့များ ပါဝင်နေသောကြောင့် မြူခိုးများအောက်၌ မည်သည့်သက်ရှိမျှ မရှိချေ။

ဝှစ်...

ရုတ်တရက် ရွှီနင်သည် တောင်ကြား၏အစပ်၌ ထွက်ပေါ်လာသည်။

‘အတော်ထူထပ်တဲ့ အဆိပ်မြူတွေပဲ။’

သူသည် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီး နက်ရှိုင်းသော တောင်ကြား၏ အစွန်းတွင်သာ ရှိနေသော်လည်း ဤမြူခိုးများထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေရဆဲဖြစ်ပေသည်။

အကယ်၍ ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက သူ့လို အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်ပင်လျှင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ချေရှိသည်။

ရွှီနင်သည် လေမီးခိုးဘူးသီးခြောက်ကို ထုတ်ယူကာ အသက်သွင်းလိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေမီးခိုးဘူးသီးခြောက်သည် လူတစ်ရပ်စာခန့် ကြီးမားလာလေသည်။

၎င်းသည် လေထဲတွင် ဝဲပျံနေပြီး အတွင်းဘက်မှ ပြင်းထန်သော စုပ်ယူအားတစ်ခု ဖြစ်ပေါ်လာကာ အဆိပ်မြူများကို စတင်စုပ်ယူလေတော့သည်။

ဝှီး...

မရေမတွက်နိုင်သော အနက်ရောင်မြူခိုးများသည် လေမီးခိုးဘူးသီးခြောက်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြသည်။

‘ပြည့်လုနီးပါး ဖြစ်နေပြီပဲ’

အဆိပ်မြူများကို နာရီဝက်နီးပါးခန့် စုပ်ယူပြီးနောက် လေမီးခိုးဘူးသီးခြောက်အတွင်း၌ ပြည့်လုနီးပါးဖြစ်နေပြီကို ရွှီနင် ခံစားလိုက်ရသည်။

ရွှီနင်က စိတ်အာရုံဖြင့် လေမီးခိုးဘူးသီးခြောက်ကို ပြန်လည်သေးငယ်သွားစေပြီးနောက် သိမ်းဆည်းလိုက်လေသည်။

တောင်ကြားအောက်ရှိ အနက်ရောင်မြူခိုးများမှာ အတော်လေး ပါးလွှာသွားသော်လည်း ကောင်းကင်ယံကိုမူ ထူထပ်စွာ ဖုံးလွှမ်းထားဆဲဖြစ်သည်။

‘ဒီတစ်ခါ လေမီးခိုးဘူးသီးခြောက်က အဆိပ်မြူတွေကို အတော်လေး စုပ်ယူနိုင်ခဲ့ပြီဆိုတော့ အချိန်အတော်ကြာ သုံးလို့ရနိုင်ပြီ။ ဒီအဆိပ်မြူတွေကနေ သန့်စင်ထုတ်လိုက်တဲ့ မီးခိုးရောင်မြူတွေက ပိုပြီး အသေအပျောက် များစေလိမ့်မယ်။ ဒါ့အပြင် ငါက အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်နေပြီဆိုတော့ မီးခိုးရောင်မြူတွေရဲ့ လွှမ်းခြုံနိုင်တဲ့ အတိုင်းအတာကို ချဲ့ထွင်နိုင်သလို ပျက်စီးဆုံးရှုံးမှုဧရိယာကိုလည်း မြှင့်တင်နိုင်ပြီပဲ။’

ရွှီနင် တွေးလိုက်သည်။

ရွှီနင်သည် လက်ထဲရှိ လေမီးခိုးဘူးသီးခြောက်၏ အလေးချိန်ကိုစမ်းကြည့်ပြီးနောက် သိမ်းဆည်းလိုက်လေသည်။

ယန့်လုဂိုဏ်းမှ ရွှီနင် ထွက်ခွာလာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကိစ္စနှစ်ခု လုပ်ဆောင်ရန်ဖြစ်သည်။

ပထမတစ်ချက်မှာ လေမီးခိုးဘူးသီးခြောက်ကို ပြန်လည်ဖြည့်တင်းရန်ဖြစ်ပြီး ဒုတိယတစ်ချက်မှာမူ ချွေယွင်တောင်သို့သွားကာ ဖုန်းဝူအိမ်တော်မှ သိမ်းပိုက်ထားသော ပိုင်နက်များကို ပြန်လည်ရယူရန်ပင် ဖြစ်ပေသည်။

ယခုအခါ ရွှီနင်သည် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ဖုန်းဝူအိမ်တော်၏ အဓိကစခန်းတစ်ခုကို စိန်ခေါ်နိုင်စွမ်း အပြည့်အဝ ရှိနေချေပြီ။

ထို့နောက် ရွှီနင်သည် ချွေယွင်တောင်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့လေသည်။

…

ချွေယွင်တောင်…

ဤနေရာတွင် မိစ္ဆာသားရဲများ သောင်းကျန်းလေ့ရှိပြီး ဝိညာဉ်ဆေးပင်များ အမြောက်အမြား ပေါက်ရောက်ကာ သိုင်းပညာကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များမှာလည်း ပေါကြွယ်ဝလှပေသည်။

ဤနေရာသို့ သိုင်းပညာအရင်းအမြစ်များ ရှာဖွေရန်အတွက် ခွန်အားကြီးမားပြီး ရဲရင့်သော တစ်ကိုယ်တော်သိုင်းပညာရှင်များစွာမှာ ဝင်ရောက်လိုကြသည်။

သို့သော် သူတို့သည် ချွေယွင်တောင်၏ အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရန်မှာမူ မဝံ့ရဲကြချေ။

ချွေယွင်တောင်၏ အတွင်းပိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲကြီးတစ်ကောင် စောင့်ကြပ်နေ၍ မဟုတ်ဘဲ ၎င်းမှာ ဖုန်းဝူအိမ်တော်၏ အခြေစိုက်စခန်း ဖြစ်နေသောကြောင့်ပင်။

ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့ ပူးပေါင်းကာ ယန့်လုဂိုဏ်းကို ဖျက်သိမ်းရန် ဖိအားပေးခဲ့ပြီးချိန်မှစ၍ ဤဂိုဏ်းနှစ်ခုမှာ အလျင်အမြန်ပင် အင်အားကြီးမားလာခဲ့ကြသည်။

ဖုန်းဝူအိမ်တော်က ဤနေရာကို သိမ်းပိုက်ပြီးနောက်တွင် မည်သူ့ကိုမျှ ချွေယွင်တောင်၏ အတွင်းပိုင်းသို့ ချဉ်းကပ်ခွင့်မပြုဘဲ သိုင်းပညာအရင်းအမြစ်များကို လုယူခွင့် ပိတ်ပင်ထားခဲ့သည်။

အကယ်၍ ဝင်ရောက်လာသည်ကို တွေ့ရှိပါက ဖုန်းဝူအိမ်တော်၏ နှိမ်နင်းခြင်းကို ခံရမည်သာ ဖြစ်လေသည်။

ရွှီနင်သည် ချွေယွင်တောင်၏ အချက်အချာကျသော နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူသည် အဝေးမှနေ၍ လှမ်းကြည့်လိုက်သည်။

ချွေယွင်တောင်၏ အလယ်ဗဟိုတွင် တိမ်တိုက်များအထိ ထိုးထွက်နေသော တောင်ထွတ်များစွာ ရှိနေလေသည်။

ထိုနေရာအား သီးသန့်စီစဉ်ထားပုံရပြီး ထိုနေရာရှိ ဝိညာဉ်စွမ်းအင်များမှာ အလွန်ထူထပ်နေလေသည်။

‘ဟိုဟာက ယန့်လုဂိုဏ်းရဲ့ နေရာဟောင်းပဲ။’

ရွှီနင်သည် တောင်တစ်လုံးပေါ်တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

‘ပြန်လည်သိမ်းပိုက်ရမယ့် အချိန်ရောက်ပြီပဲ’

ရွှီနင်သည် လေထဲသို့ ခုန်တက်လိုက်ပြီး ဖုန်းဝူအိမ်တော်ရှိရာ အရပ်ဆီသို့ ပျံသန်းသွားလေတော့သည်။

အနီးသို့ ရောက်လာသည်နှင့်အမျှ ရွှီနင်သည် ဖုန်းဝူအိမ်တော်၏ အပြင်အဆင်များကို မြင်တွေ့နေရပြီ ဖြစ်သည်။

ကီး...

ရုတ်တရက် လေထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကြီးမားသော အစိမ်းရောင် သားရဲငှက်ကြီးအချို့သည် အတောင်ပံများကို ဖြန့်ကာ ရွှီနင်ဆီသို့ အရှိန်ဖြင့် ပြေးဝင်လာကြသည်။

‘ဟင်းလင်းပြင်နယ်ပယ် အဆင့်မြင့် မိစ္ဆာသားရဲတွေပါလား။’

ရွှီနင်၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲသွားခြင်း မရှိပေ။

ဤအစိမ်းရောင် သားရဲငှက်ကြီးများသည် ဖုန်းဝူအိမ်တော်၏ ကင်းစောင့်များ ဖြစ်ကြသည်။

သူတို့သည် ချွေယွင်တောင်၏ အဓိကနေရာသို့ သူစိမ်းများ ဝင်ရောက်လာသည်ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ကျူးကျော်သူများကို မနှင်ထုတ်မီ အချက်ပေးသံများ ပြုလုပ်လေ့ရှိကြသည်။

သားရဲငှက်ကြီးများသည် ရွှီနင်ဆီသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။

သူတို့သည် အတောင်ပံများကို ခတ်လိုက်ရာ ပြင်းထန်သော လေဆင်နှာမောင်းများ ဖြစ်ပေါ်လာပြီး ပါးစပ်မှလည်း အစိမ်းရောင် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ကြသည်။

ထိုမီးခိုးငွေ့များထဲတွင် ပြင်းထန်သော အက်ဆစ်နံ့များ ပါဝင်နေလေသည်။

သူတို့မှာ ရွှီနင်ကို ချက်ချင်းပင် သတ်ပစ်ချင်နေကြသည်။

ဤသည်ကို မြင်သောအခါ ရွှီနင်သည် သူ၏ အရှိန်အဝါကို ထပ်မံ၍ ထိန်းချုပ်မထားတော့ချေ။

သူသည် ကြယ်တာရာချီလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်ရာ အစိမ်းရောင် သားရဲငှက်ကြီးအချို့မှာ ချက်ချင်းပင် သေဆုံးသွားကြလေတော့သည်။

ရွှီနင်သည် လေထဲတွင် အရှိန်တင်လိုက်ပြီး ဖုန်းဝူအိမ်တော်အတွင်းသို့ ဆင်းသက်လိုက်သည်။

ဖုန်းဝူအိမ်တော်ရှိ လူများသည် အစိမ်းရောင် သားရဲငှက်ကြီးများထံမှ အချက်ပေးသံကို ရရှိထားသဖြင့် ကျူးကျော်သူများကို နှင်ထုတ်ရန် အသင့်ပြင်ထားကြလေသည်။

သို့သော် သူတို့ လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် ပြင်းထန်သော အရှိန်အဝါတစ်ခုက စခန်းတစ်ခုလုံးအပေါ်သို့ ကျရောက်လာသည်ကို လူတိုင်း ခံစားလိုက်ကြရသည်။

ရွှီနင်သည် ဂိုဏ်း၏ ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

သူ့ပတ်လည်တွင်မူ ဖုန်းဝူအိမ်တော်မှ တပည့်များမှာ သွားလာနေကြသည်။

သို့သော် မြေပြင်ပေါ်သို့ ရွှီနင် ဆင်းသက်လာသည်ကို မြင်ပြီးနောက်တွင် ထိုတပည့်များသည် ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

သူတို့သည် ထွက်ပြေးရင်း အော်ဟစ်နေကြလေသည်။

“ကျူးကျော်သူ... ကျူးကျော်သူလာပြီဟေ့”

မျက်စိတစ်မှိတ်အတွင်းမှာပင် လူရိပ်အချို့ ထွက်ပေါ်လာပြီး ရွှီနင်ကို ဝိုင်းရံလိုက်ကြသည်။

‘သူတို့အားလုံးက ဒီစခန်းက သိုင်းပညာရှင်တွေပဲ၊ ဖုန်းဝူအိမ်တော်က အထက်လူကြီးတွေ ဖြစ်လောက်တယ်။’

ရွှီနင်သည် သူ့ရှေ့ရှိ လူများ၏ အရှိန်အဝါများကို အာရုံခံမိလိုက်သည်။

သူတို့အထဲမှ တစ်ယောက်မှာ ရွှီနင်ကဲ့သို့ပင် တာအိုနယ်ပယ်၏ စတုတ္ထအဆင့်တွင် ရှိနေပြီး ကျန်ငါးယောက်မှာမူ တာအိုနယ်ပယ်၏ အစောပိုင်းအဆင့်များဖြစ်သော ပထမအဆင့်မှ တတိယအဆင့်အတွင်း၌ အသီးသီး ရှိနေကြသည်။

‘လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းတို့ရဲ့ အင်အားက အတော်လေး တိုးတက်လာတယ်လို့ လူတိုင်းပြောနေကြတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။ ဖုန်းဝူအိမ်တော်ရဲ့ အဓိကစခန်းတစ်ခုတည်းမှာတင် အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က အုပ်ချုပ်နေတာကိုး။ ဒီလိုဖွဲ့စည်းပုံမျိုးက အပြင်လောကမှာဆိုရင် အင်အားတောင့်တင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းလို့တောင် သတ်မှတ်လို့ရနေပြီ။’

ရွှီနင်က စိတ်ထဲမှ တွေးလိုက်မိသည်။

“မင်းက ဘယ်သူလဲ။ ဒီနေရာက ဖုန်းဝူအိမ်တော်ရဲ့ ပိုင်နက်ဆိုတာ မသိဘူးလား”

ဦးဆောင်သူမှာ ဆံပင်ရှည်ရှည်နှင့် မုတ်ဆိတ်မွေးထူထူများ ရှိလေသည်။ သူသည် မျက်လုံးများကို ကျဉ်းမြောင်းကာ ရွှီနင်ကို ဂရုတစိုက် ကြည့်နေသည်။

“ဖုန်းဝူအိမ်တော်က ဂိုဏ်းတံဆိပ်ပြားရှိတဲ့ တရားဝင်ဂိုဏ်းတစ်ခုပဲ။ မင်း ဒီလိုမျိုး အတင်းအကျပ် ဝင်လာမယ်ဆိုရင် ငါတို့က တော်ဝင်နန်းတော်ကို သတင်းပို့ပြီး နန်းတော်က အစောင့်တွေကို မင်းကို ဖမ်းခိုင်းတာ ဒါမှမဟုတ် သတ်ခိုင်းတာမျိုး လုပ်လို့ရတယ်နော်။”

ခေါင်းဆောင်ဖြစ်သူ၏ လေသံမှာ ခြိမ်းခြောက်နေသည့်ဟန် ရှိပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေမှာလည်း ပိုမိုမြန်ဆန်စွာ လည်ပတ်လာကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။

ခေါင်းဆောင်ဖြစ်သူမှာ သတိထားနေပုံရလေသည်။

အကယ်၍ သာမန်ရန်သူတစ်ယောက်သာဆိုပါက သူသည် အစကတည်းက တိုက်ခိုက်ပြီးလောက်ပြီ ဖြစ်သည်။

သူ့ရှေ့ရှိလူသည် သူကဲ့သို့ပင် အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ အလွန်အမင်း ကြောက်ရွံ့နေမိသည်။

ဖုန်းဝူအိမ်တော်၏ အကြီးအကဲတစ်ယောက်ဖြစ်လာပြီး ဤနေရာကို အုပ်ချုပ်ရန် စေလွှတ်ခံရချိန်မှစ၍ ဤကဲ့သို့ အန္တရာယ်ရှိသော ခံစားချက်မျိုးကို သူ တစ်ခါမှ မခံစားခဲ့ဖူးချေ။

“အိုး...”

ရွှီနင်က မဲ့ပြုံးပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ယန့်လုဂိုဏ်း၏ ဂိုဏ်းတံဆိပ်ပြားကို ပြသလိုက်လေသည်။

ဝမ်ရှန့်ပြည်နယ်တွင် ဂိုဏ်းဝတံဆိပ်ပြားရှိသော ဂိုဏ်းများအချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြခြင်းကို တော်ဝင်နန်းတော်က မျက်ကွယ်ပြုထားလေ့ရှိသည်။

အကယ်၍ သူတို့တွင် နောက်ခံလူကြီးတစ်ဦး၏ အကာအကွယ်ပါ ရရှိထားမည်ဆိုပါက မည်သည့်တာဝန်ယူမှုမျှ ရှိလာမည် မဟုတ်ပေ။

“ဂိုဏ်းတံဆိပ်ပြား ဟုတ်လား။”

ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။

“အကြီးအကဲဟယ်... သူက ယန့်လုဂိုဏ်းက ဖြစ်လောက်တယ်။”

ခေါင်းဆောင်ဖြစ်သူ၏ အနောက်မှ ကြယ်တာရာချီနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က သတိပေးလိုက်လေသည်။

အကြီးအကဲဟယ်လည်း ဤအချက်ကို သဘောပေါက်သွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဖုန်းဝူအိမ်တော်၏ ဌာနချုပ်မှ သတင်းတစ်ပုဒ် ပေးပို့လာခဲ့‌လေသည်။

၎င်းမှာ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်လိုက်ပြီဖြစ်ပြီး သူတို့သည် ယဲ့ဘုရင်ခံ၏ အထောက်အပံ့ကို ရယူထားကြောင်းနှင့် အပြင်ဘက်ရှိ တပည့်များအားလုံး ယန့်လုဂိုဏ်းမှ လူများနှင့် တွေ့ဆုံပါက အလျင်စလို မပြုမူကြရန် သတိပေးထားခြင်း ဖြစ်သည်။

ဤသတင်းကို ကြားပြီးနောက် အကြီးအကဲဟယ်မှာ အံ့အားသင့်သွားသော်လည်း သိပ်တော့ ဂရုမစိုက်ခဲ့ပေ။

သူတို့သည် ချွေယွင်တောင်ရှိ အခြေစိုက်စခန်းတွင် ရှိနေကြခြင်းဖြစ်သည်။

ဤစခန်း၏ တာဝန်မှာ ချွေယွင်တောင်မှ အရင်းအမြစ်များကို ရှာဖွေပြီး ဂိုဏ်းချုပ်ထံသို့ အချိန်မီ ပို့ဆောင်ပေးရန် ဖြစ်သည်။

ထို့ကြောင့် အလုပ်မရှိပါက သူတို့သည် ချွေယွင်တောင်မှ အပြင်သို့ ထွက်ခဲလှသည်။ ဤအခြေအနေမျိုးတွင် သူတို့သည် ယန့်လုဂိုဏ်းမှ လူများနှင့် လုံးဝဆုံတွေ့နိုင်မည် မဟုတ်ချေ။

သို့သော် ယခုမူ သူတို့သည် အပြင်သို့ မထွက်သော်လည်း ယန့်လုဂိုဏ်းမှ လူများမှာမူ သူတို့ထံသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့လေပြီ။

“ငါ အခုရောက်နေတဲ့ နေရာက ယန့်လုဂိုဏ်းရဲ့ နေရာဟောင်းပဲ။ မင်းတို့ ဖုန်းဝူအိမ်တော်က ငါတို့ရဲ့ နေရာကို သိမ်းပိုက်ထားတာ နှစ်တစ်ရာရှိပြီဆိုတော့ အခု ထွက်သွားရမယ့် အချိန်ရောက်ပြီ။”

ရွှီနင်က သူ၏ သရုပ်မှန်နှင့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။

အကြီးအကဲဟယ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။

‘ယန့်လုဂိုဏ်းမှာ အသန်မာဆုံးလူက မူလအစပြန်သွားခြင်းနယ်ပယ် သိုင်းပညာရှင်ပဲဆို။ ဘာလို့ အခု ငါ့ရှေ့ကလူက အမြုတေဖွဲ့စည်းခြင်းနယ်ပယ် ဖြစ်နေရတာလဲ...’

အကြီးအကဲဟယ်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပြည့်နှက်နေတော့သည်။

သူ့ရှေ့ရှိ လူကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း သူ ခံစားလိုက်ရသော်လည်း ထိုလူ၏ စကားတစ်ခွန်းတည်းဖြင့် တပည့်များနှင့် အကြီးအကဲ ရာပေါင်းများစွာကို ခေါ်ဆောင်ကာ သူ သေချာပေါက် ထွက်သွားမည်တော့ မဟုတ်ပေ။

အကယ်၍ မတိုက်ခိုက်ဘဲ ဆုတ်ခွာသွားမည်ဆိုပါက ဖုန်းဝူအိမ်တော်သည် လုံးဝကို သရော်စရာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ထို့အပြင် သူသည်လည်း ဂိုဏ်း၏ ပြင်းထန်သော အပြစ်ပေးခြင်းကို သေချာပေါက် ခံရပေမည်။

“မင်းစကားက မသင့်တော်ဘူးထင်တယ်။ ယန့်လုဂိုဏ်းကို ဖျက်သိမ်းလိုက်တာ နှစ်တစ်ရာတောင် ရှိနေပြီဆိုတော့ ဒီနေရာကို မင်းတို့ဂိုဏ်းရဲ့ နေရာဟောင်းလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။”

အကြီးအကဲဟယ်က ရွှီနင်ကို ငြင်းဆန်နေပုံရသော်လည်း အမှန်တကယ်တွင်မူ သူသည် အားနည်းချက်ကို ပြသနေပြီ ဖြစ်သည်။

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် တစ်စုံတစ်ယောက်သာ ဤနေရာသို့ တစ်ယောက်တည်း လာရောက်မည်ဆိုပါက ချက်ချင်းပင် အသတ်ခံရမည် သို့မဟုတ် နှင်ထုတ်ခံရမည် ဖြစ်သည်။ မည်သည့် ညှိနှိုင်းမှုမှ ရှိလာမည် မဟုတ်ချေ။

ဤအရာများအားလုံးမှာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ရွှီနင်၏ အစွမ်းထက်လှသော အရှိန်အဝါကြောင့် အကြီးအကဲဟယ်တစ်ယောက် ကြောက်လန့်သွားရခြင်းကြောင့်ပင်ဖြစ်လေသည်။

“မင်းတို့က ထွက်မသွားချင်ကြဘူးထင်တယ်။”

ရွှီနင်သည် ဖိနှိပ်လိုသော အရှိန်အဝါများဖြင့် တာအိုနယ်ပယ် သိုင်းပညာရှင်အချို့ကို ရင်ဆိုင်လိုက်သည်။

“ဒီလိုဆိုမှတော့ မင်းတို့ကို မင်းတို့ရဲ့ နေရာဟောင်းဆီ အတင်းအကျပ် မောင်းထုတ်ရုံပဲ ရှိတော့တာပေါ့။”

ရွှီနင်သည် လေထဲသို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ရုတ်တရက် မျက်စိဖြင့်မမြင်နိုင်သော ကြယ်တာရာချီ လက်ဝါးကြီးတစ်ခု ကျဆင်းလာသည်။

“ဖယ်လိုက်ကြစမ်း။”

ရွှီနင်မှ ဤမျှ ပြတ်သားလိမ့်မည်ဟု အကြီးအကဲဟယ် ထင်မထားခဲ့ပေ။ သူသည် သူ့ပတ်လည်ရှိ လူများကို အလျင်အမြန် လူစုခွဲစေလိုက်သည်။

မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ပေါ်လာလေသည်။

“ရန်သူကို တိုက်ကြ။”

အကြီးအကဲဟယ်သည် လုံးဝ မတိုက်ခိုက်လိုသော်လည်း တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

သူက ယန့်လုဂိုဏ်းသို့ ပြဿနာသွားရှာခြင်း မဟုတ်ဘဲ ယန့်လုဂိုဏ်းမှ လူသည် သူ့အား တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားပေးနေခြင်း ဖြစ်သည်။

အကြီးအကဲဟယ်၏ အမိန့်ကို ရရှိပြီးနောက် လူအချို့မှာ သူတို့၏ တာအိုလက်နက်များကို ထုတ်ယူ၍ ရွှီနင်ကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။

ရွှီနင်သည် သူ့အား ဝိုင်းရံထားသည်ကို ဂရုမစိုက်သည့်အလား ရယ်မောလိုက်လေသည်။

ရွှီနင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းဖြင့် သူသည် တာအိုနယ်ပယ် ပဉ္စမအဆင့် သိုင်းပညာရှင်ကိုပင် အသာစီးရနိုင်ရာ သူ့ထက် များစွာ အဆင့်နိမ့်သူများကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။

“လေမီးခိုးဘူးသီးခြောက်”

ရွှီနင်သည် ဤကိစ္စကို မြန်မြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ယခုလေးတင် ဖြည့်တင်းထားသော လေမီးခိုးဘူးသီးခြောက်ကို အသက်သွင်းလိုက်ရာ မီတာငါးရာ ပတ်လည်အတွင်း လေထဲ၌ မီးခိုးရောင်မြူများဖြင့် ပြည့်နှက်သွားလေတော့သည်။

အဆိပ်မြူများ အသက်ဝင်လာလေပြီ။

“ဒုက္ခပဲ... လျှို့ဝှက်ရတနာတစ်ခုပဲ။”

အကြီးအကဲဟယ်သည် ကြီးမားလှသော အန္တရာယ်ကြီးတစ်ခုထဲ ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

အဆိပ်မြူများက သူ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လာသည်ကို ခံစားလိုက်ရရုံသာမက သူ၏ အာရုံခံနိုင်စွမ်းများသည်လည်း လုံးဝ ပိတ်ဆို့သွားခဲ့လေသည်။

ဤအချိန်တွင် အကြီးအကဲဟယ်သည် အခြားသူများကို ဂရုမစိုက်နိုင်တော့ပေ။

သူသည် လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ မီးခိုးရောင်မြူများထဲမှ ဦးစွာ ထွက်ပြေးချင်နေသည်။

သို့သော် ရွှီနင်မှာ ထိုအခွင့်အရေးအား ပေးမည် မဟုတ်ချေ။

ဘန်း... ဘန်း... ဘန်း...

အကြီးအကဲဟယ် အာရုံမခံနိုင်သော မီးခိုးရောင်မြူများထဲမှ မရေမတွက်နိုင်သော ကြယ်တာရာချီ လက်သီးချက်များ ကျဆင်းလာတော့သည်။

အကြီးအကဲဟယ်မှာ အဆိပ်မြူများကြောင့် ဒဏ်ရာရနေပြီဖြစ်ရာ အရပ်မျက်နှာအနှံ့မှ ဝင်ရောက်လာသော မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုများကို မရှောင်တိမ်းနိုင်တော့ပေ။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားလေတော့သည်။

ဝှူး..

မီးခိုးရောင်မြူများ ပျောက်ကွယ်သွားလေသည်။

အကြီးအကဲဟယ်အပါအဝင် တာအိုနယ်ပယ် သိုင်းပညာရှင်အချို့မှာ မြေပြင်ပေါ်၌ လဲကျနေကြပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ လုံးဝ ပြန်လည်မခုခံနိုင်ကြတော့ချေ။

All Chapters