အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း (၂၅၇) - သွမ့်ချောင်ဖုန်း၏ အံ့အားသင့်မှု
ရွှီနင်သည် ဖုန်းဝူအိမ်တော်မှ ထိပ်တန်းတိုက်ခိုက်ရေးသမားများကို အားစိုက်စရာပင်မလိုဘဲ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းလိုက်လေသည်။
ထို့နောက် ရွှီနင်သည် သူတို့၏ တာအိုနယ်ပယ် စွမ်းအားများကို ပိတ်ဆို့ကာ အားလုံးကို ထိန်းချုပ်လိုက်လေသည်။
ရွှီနင်သည် သူတို့ကို သတ်မပစ်ခဲ့ပေ။ တာအိုနယ်ပယ်သခင်များနှင့် ဤစခန်းမှ တပည့်များကို ထိန်းချုပ်ထားနိုင်သရွေ့ ဖုန်းဝူအိမ်တော်နှင့် ညှိနှိုင်းနိုင်မည်ဖြစ်သည်။
လုံလောက်သော အရင်းအမြစ်များ ပေးမှသာ ရွှီနင်က သူတို့ကို ပြန်လွှတ်ပေးလိမ့်မည်။
ထို့နောက်တွင် ရွှီနင်သည် ဖုန်းဝူအိမ်တော်တစ်ခုလုံးကို အလွယ်တကူပင် သိမ်းပိုက်လိုက်လေသည်။
“ယန့်လုဂိုဏ်းရဲ့ နယ်မြေဟောင်းကို ပြန်သိမ်းရတာ ငါထင်ထားတာထက် ပိုလွယ်နေပါလား...”
အခြေအနေကို ထိန်းချုပ်ပြီးနောက် ရွှီနင်သည် စာတစ်စောင်ရေးကာ ကွမ်ဟယ်မြို့နယ်ရှိ ယန့်လုဂိုဏ်း၏ ယာယီစခန်းသို့ ပို့လိုက်သည်။
ဤနေရာသို့ မလာခင်ကပင် သူသည် ချန်ကျန်းထောင်းနှင့် အခြားသူများကို ပြင်ဆင်ထားရန် မှာကြားခဲ့လေသည်။
သူတို့သည် သူ၏ သတင်းစကားကို ရသည်နှင့် လူများကို စတင်ရွှေ့ပြောင်းနိုင်ကြပြီ ဖြစ်သည်။
ကွမ်ဟယ်မြို့နယ်နှင့် နှိုင်းယှဉ်ပါက ချွေယွင်တောင်တန်း၏ ပတ်ဝန်းကျင်မှာ တပည့်များ ကြီးထွားလာရန် ပို၍ သင့်လျော်ပေသည်။
ဤနေရာသည် အရင်းအမြစ်များ ပေါကြွယ်ဝပြီး သင့်လျော်သော ပတ်ဝန်းကျင်ရှိသဖြင့် သိုင်းပညာကျင့်ကြံရန် အလွန်ပင် ကောင်းမွန်လှသည်။
ကွမ်ဟယ်မြို့နယ်သို့ သတင်းပို့ပြီးနောက် ရွှီနင်သည် ဤသတင်းကို ယဲ့ဘုရင်ခံအိမ်တော်သို့လည်း ပေးပို့ခဲ့လေသည်။
ယန့်လုဂိုဏ်း၏ နယ်မြေဟောင်းကို ပြန်လည်သိမ်းပိုက်ခြင်းမှာ ရွှီနင်အတွက် စမ်းသပ်ချက်တစ်ခုပင် ဖြစ်သည်။
ကုချင်းစီရင်စု…
ယဲ့ဘုရင်ခံအိမ်တော်…
“မင်းသား...”
အခန်းထဲတွင် ကျန်းဟယ်နှင့် သွမ့်ချောင်ဖုန်းတို့ စကားပြောနေကြသည်။
“ကျွန်တော့်လက်အောက်ငယ်သားတွေဆီက သတင်းအရ ပင်လယ်ရပ်ခြား ကျွန်းစုတစ်ခုမှာ ညသားရဲတစ်ကောင် ပေါ်လာတယ်လို့ သိရပါတယ်။ အဲဒီသားရဲက တာအိုနယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိနေပုံရလို့ ကျွန်တော်တို့ ဖမ်းဆီးဖို့ ကြိုးစားကြည့်လို့ ရပါတယ်”
ကျန်းဟယ်က သွမ့်ချောင်ဖုန်းအား တင်ပြလိုက်သည်။
“ညသားရဲ ပေါ်လာတယ် ဟုတ်လား... မင်း သေချာလား”
ညသားရဲအကြောင်း ကြားလိုက်ရချိန်တွင် သွမ့်ချောင်ဖုန်းပင် အံ့အားသင့်သွားရသည်။
ညသားရဲသည် ဝမ်ရှန့်ပြည်နယ်ရှိ ထိပ်တန်း မိစ္ဆာသားရဲ ခြောက်မျိုးထဲမှ တစ်မျိုးဖြစ်သည်။
၎င်းသည် သဘာဝအတိုင်း ကြီးပြင်းလာလျှင်ပင် တာအိုနယ်ပယ်၏ အထိပ်ဆုံးအဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်သည်။
ထို့အပြင် ဤမိစ္ဆာသားရဲများ၏ သွေးမျိုးဆက်မှာ အလွန်ရှေးကျပြီး ထူးခြားသော စွမ်းရည်များကိုယ်စီ ရှိကြလေသည်။
သို့သော် ထိုထိပ်တန်း မိစ္ဆာသားရဲ ခြောက်မျိုးမှာ တွေ့ရခဲလှပြီး ပေါ်လာသည်နှင့် ၎င်းတို့ကို ဖမ်းဆီးရန် အင်အားကြီးအဖွဲ့အစည်းများက ပစ်မှတ်ထားကြစမြဲပင်။
“ဒါကို ကျွန်တော် အတည်ပြုနိုင်ပါတယ်”
ကျန်းဟယ်က ဆက်ပြောသည်။
“ဘာလို့လဲဆိုတော့ ဒီသတင်းက မင်းသမီးမော့လန်ရဲ့ အသိုင်းအဝိုင်းဆီကနေ ရထားတာမို့လို့ပါ။ မင်းသမီးမော့လန်က ညသားရဲကို ဖမ်းဖို့အတွက် ပင်လယ်ပြင်ကို သွားဖို့ ပြင်ဆင်နေပါတယ်”
“မော့လန်က ညသားရဲကို ဖမ်းမလို့လား...”
သွမ့်ချောင်ဖုန်းသည် ဤစကားကို ကြားသောအခါ ထိုင်ခုံတွင် မှီလိုက်ပြီး မျက်လုံးများက တွေးတောနေဟန် ရှိလေသည်။
“သူ ဘယ်အင်အားစုတွေကို စေလွှတ်ဖို့ စီစဉ်နေတာလဲ... ပြီးတော့ ဘယ်တော့ စတင်မှာလဲ”
သွမ့်ချောင်ဖုန်းက မေးလိုက်သည်။
ယဲ့ဘုရင်သည် နော့ဘုရင်ခံနှင့် ပဋိပက္ခမဖြစ်လိုသော်လည်း သွမ့်ချောင်ဖုန်းမှာမူ မင်းသမီးမော့လန်၏ အနီးကပ်လူအချို့ကို တိတ်တဆိတ် လာဘ်ထိုးထားခဲ့လေသည်။
ထို့ကြောင့် သွမ့်ချောင်ဖုန်းသည် မင်းသမီးမော့လန်၏ အကြောင်းကို ကောင်းကောင်း သိနေခြင်း ဖြစ်သည်။
“မင်းသမီးမော့လန်က ချင်းဖုန်းဂိုဏ်းနဲ့ ဖုန်းဝူအိမ်တော်ကို အဓိကအင်အားစုအဖြစ် သုံးချင်နေပုံရတယ်၊ ပြီးတော့ သားရဲထိန်းချုပ်သူ တစ်ယောက်ကိုလည်း ရှာနေပါတယ်...”
ကျန်းဟယ်က သူသိသမျှကို သွမ့်ချောင်ဖုန်းအား ပြောပြလိုက်သည်။
“ချင်းဖုန်းဂိုဏ်းနဲ့ ဖုန်းဝူအိမ်တော်ကို အဓိကအင်အားစုအဖြစ် သုံးမယ် ဟုတ်လား...”
သွမ့်ချောင်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။
“သူတို့တွေ အသေခံစစ်သည်တွေ ဖြစ်သွားကြမှာကိုပဲ ငါစိုးရိမ်မိတယ်”
“ဒီညသားရဲက တာအိုနယ်ပယ် အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ သူ့ရဲ့စွမ်းရည်က အလွန်ထူးခြားတယ်၊ ထူးဆန်းတဲ့ နည်းလမ်းတွေ အများကြီးရှိတာ။ တာအိုနယ်ပယ် ထိပ်တန်းအဆင့် သခင်တစ်ယောက်တောင် ဒုက္ခရောက်သွားနိုင်တယ်...”
သွမ့်ချောင်ဖုန်းသည် ထိုဂိုဏ်းနှစ်ခုကို လှောင်ပြောင်လိုက်လေသည်။
“ဒီတစ်ခါတော့ မင်းသမီးမော့လန်က ညသားရဲကို ဖမ်းဖို့ တော်တော်လေး အလေးထားနေပုံရတယ်၊ အဲဒီသားရဲကို ဖမ်းပြီး ဧကရီကို ဆက်သဖို့ ရည်ရွယ်နေပုံပဲ။ ဒါကြောင့် သူကိုယ်တိုင် ပင်လယ်ထဲကို ထွက်သွားဖို့ များတယ်”
ကျန်းဟယ်က သတိပေးလိုက်သည်။
“မော့လန် ဆိုတဲ့ မိန်းမကတော့...”
သွမ့်ချောင်ဖုန်း၏ မျက်နှာမှာ အေးစက်သွားလေသည်။
မင်းသမီးမော့လန်သည် ဧကရီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး ဧကရီ၏ အချစ်တော်လည်း ဖြစ်သည်။ ထို့ကြောင့် မော့လန်သည် မင်းသမီးများထဲတွင် အဆင့်အတန်း မြင့်မားနေခြင်း ဖြစ်ပေသည်။
ဧကရီနှင့် သူမ၏ ဆက်ဆံရေးကြောင့် မျက်နှာသာမရသော မင်းသား၊ မင်းသမီးများပင်လျှင် သူမကို ယဉ်ကျေးစွာ ဆက်ဆံကြရလေသည်။
“မော့လန်ကိုယ်တိုင် သွားမယ်ဆိုမှတော့ ငါလည်း လိုက်သွားရမှာပေါ့”
သွမ့်ချောင်ဖုန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
သူသည် ညသားရဲကို အမှန်တကယ်အလိုရှိနေခြင်းလား သို့မဟုတ် မင်းသမီးမော့လန်နှင့် ယှဉ်ပြိုင်လိုခြင်းလား ဆိုသည်မှာမူ မသိနိုင်ချေ။
“ကျန်းဟယ်... ပင်လယ်ထွက်ဖို့ လူတွေကို စီစဉ်လိုက်၊ ပြီးတော့ သားရဲထိန်းချုပ်သူကိုလည်း ရှာလိုက်ဦး။ မော့လန် ဘယ်တော့ထွက်လဲမှာ၊ ငါတို့လည်း အဲဒီအချိန်ပဲ ထွက်မယ်”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
“မင်းသား...”
ကျန်းဟယ်က ချက်ချင်း သဘောမတူဘဲ ပြောလိုက်သည်။
“ညဉ့်သားရဲကို ဖမ်းတာက အန္တရာယ်များပါတယ်... ဒါ့အပြင် ပင်လယ်ပြင်ကို ထွက်ရတာကလည်း စိုးရိမ်စရာပါ။ အဆုံးမဲ့ပင်လယ်ထဲမှာ ဘာမဆို ဖြစ်သွားနိုင်တယ်”
ဝမ်ရှန့်ပြည်နယ်သည် သိုင်းလောက၏ ဗဟိုချက်ဟု သတ်မှတ်ခံထားရသော်လည်း အဆုံးမဲ့ပင်လယ်၏ လျှို့ဝှက်ချက်များကိုမူ မည်သူမျှ အပြည့်အဝ နားမလည်နိုင်ကြချေ။
သွမ့်ချောင်ဖုန်း မျက်မှောင်ကြုတ်သွားသည်။
သူသည်လည်း အဆုံးမဲ့ပင်လယ်၏ အန္တရာယ်ကို သိထားပေသည်။
“ရပါတယ်၊ ငါ့ခမည်းတော်ကိုပြောပြီး တုန်ကျိကို ငါတို့နဲ့အတူ လိုက်ခိုင်းလိုက်မယ်”
တုန်ကျိသည် ယဲ့ဘုရင်ခံအိမ်တော်၏ ဧည့်သည်တော် တစ်ဦးဖြစ်သော်လည်း သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလေသည်။ သူသည် များသောအားဖြင့် ယဲ့ဘုရင်ခံ၏ နောက်သို့သာ လိုက်ပါလေ့ရှိပြီး ဘုရင်ခံကိုယ်တိုင် စေလွှတ်မှသာ လိုက်ပါသူဖြစ်သည်။
သူ၏ စွမ်းအားမှာ တာအိုနယ်ပယ် ခုနစ်ဆင့်မြောက်၌ ရှိလေသည်။
“အင်း...”
သွမ့်ချောင်ဖုန်း၏ စကားကို ကြားပြီးနောက် ကျန်းဟယ်သည် ခေတ္တမျှ တိတ်သွားပြီး ဆက်၍ နားမချတော့ပေ။
“ဒါဆိုရင် ကျွန်တော် သွားပြီး စီစဉ်လိုက်ပါဦးမယ်”
ကျန်းဟယ်က ပြောလိုက်သည်။
“ကောင်းပြီ သွားတော့”
သွမ့်ချောင်ဖုန်းက လက်ဟန်ပြလိုက်သည်။
ကျန်းဟယ်သည် သွမ့်ချောင်ဖုန်း မွေးကတည်းက အတူရှိနေခဲ့သူ ဖြစ်သဖြင့် သွမ့်ချောင်ဖုန်းမှာ သူ့အား အလွန်ယုံကြည်လေသည်။ အရေးကြီးသော ကိစ္စရပ်အားလုံးနီးပါးကို ကျန်းဟယ်ကပင် ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးလေ့ ရှိသည်။
ကျန်းဟယ် ထွက်သွားပြီး မကြာမီမှာပင် အခြားကိုယ်ရံတော်တစ်ဦး ဝင်လာခဲ့သည်။
“မင်းသား... ယန့်လုဂိုဏ်းဆီက သတင်းရပါတယ်”
ကိုယ်ရံတော်က ဝင်လာပြီး သတင်းပို့လိုက်သည်။
“ဂိုဏ်းချုပ်ရွှီနင်က ယန့်လုဂိုဏ်းရဲ့ နယ်မြေဟောင်းကို ပြန်သိမ်းပိုက်လိုက်ပါပြီ၊ အခု ဂိုဏ်းကို ပြန်လည်ရွှေ့ပြောင်းဖို့ စီစဉ်နေပါပြီ။ ဒီအကြောင်းကို မင်းသားထံ အစီရင်ခံစာ ပို့လိုက်ပါတယ်”
“အို...”
သွမ့်ချောင်ဖုန်း အံ့အားသင့်သွားရသည်။
သူက မယုံနိုင်သလို မေးလိုက်သည်။
“စာပါလား”
“ပါပါတယ်”
ကိုယ်ရံတော်က ရွှီနင် ရေးလိုက်သော စာကို သွမ့်ချောင်ဖုန်းထံသို့ ကမ်းပေးလိုက်သည်။
သွမ့်ချောင်ဖုန်းသည် စာကိုယူ၍ ဖတ်လိုက်သည်။ ထို့နောက် ကိုယ်ရံတော်ကို ထွက်သွားရန် လက်ယမ်းပြလိုက်သည်။
သွမ့်ချောင်ဖုန်းသည် ထိုင်ရာမှထကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး မျက်နှာတွင် အပြုံးဖျော့ဖျော့လေးဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်လေသည်။
“ငါတော့ ရတနာတစ်ပါးကို ရှာတွေ့ပြီပဲ”
စာထဲမှတစ်ဆင့် ရွှီနင်သည် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ဖုန်းဝူအိမ်တော်ထံမှ ယန့်လုဂိုဏ်း၏ နယ်မြေဟောင်းကို အလွယ်တကူ ပြန်သိမ်းနိုင်ခဲ့ကြောင်း သိလိုက်ရသည်။
‘အချိန်တိုလေးအတွင်းမှာ နယ်ပယ်နှစ်ဆင့်ကို ကျော်ဖြတ်နိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ...’
သွမ့်ချောင်ဖုန်းက တွေးနေမိသည်။
‘ဒါက တိုက်ဆိုင်မှုတစ်ခုဆိုရင်တောင် ဒီလိုတိုးတက်မှုမျိုးက အရမ်းရှားတယ်၊ တကယ်လို့ ရွှီနင်သာ ဆက်ပြီး တိုးတက်လာရင် နောင်ကျရင် တာအိုနယ်ပယ်ရဲ့ ထိပ်တန်းအဆင့်ကို အလွယ်တကူ ရောက်သွားနိုင်မှာပဲ... အဲဒီအချိန်ကျရင် ရွှီနင်က ငါ့ခမည်းတော်အတွက် တုန်ကျိလိုမျိုး ဖြစ်လာလိမ့်မယ်...’
သွမ့်ချောင်ဖုန်းသည် ရွှီနင်အား အာရုံစိုက်၍ ပျိုးထောင်ရန် စီစဉ်လိုက်သည်။
‘နောက်ရက်အနည်းငယ်နေရင် ငါကိုယ်တိုင် ချွေယွင်တောင်တန်းကို သွားရမယ်...’
ဂိုဏ်းနယ်မြေဟောင်းကို ပြန်သိမ်းနိုင်လျှင် သူကိုယ်တိုင်လာပြီး ဂုဏ်ပြုမည့်အပြင် လက်ဆောင်ကြီးတစ်ခု ပေးမည်ဟု သူ ရွှီနင်ကို ကတိပေးထားခဲ့ဖူးသည်။
‘ဘာလက်ဆောင်ပေးရမလဲ...’
သွမ့်ချောင်ဖုန်းက တွေးတောနေလေသည်။
…
ဖုန်းဝူအိမ်တော်…
“ဘာ...”
ဖုန်းဝူအိမ်တော်၏ အိမ်တော်သခင် ချန်ယွီမော်သည် သတင်းပို့လာသော တပည့်ကို မယုံနိုင်သလို ကြည့်လိုက်သည်။
“ချွေယွင်တောင်ပေါ်က စခန်းကို ယန့်လုဂိုဏ်းကလူတွေ သိမ်းပိုက်လိုက်ပြီး လူတိုင်းကိုလည်း သူတို့က ထိန်းချုပ်ထားတယ် ဟုတ်လား”
ချန်ယွီမော်သည် အလွန်အမင်း ဒေါသထွက်ကာ ဂဏာမငြိမ် ဖြစ်နေသည်။
“ဟုတ်ပါတယ် အိမ်တော်သခင်”
တပည့်ဖြစ်သူက စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်သည်။
“အသုံးမကျတဲ့ အကောင်တွေ”
ချန်ယွီမော်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ဤကိစ္စသည် ကုချင်းစီရင်စု တစ်ခုလုံးသို့ မကြာမီ ပျံ့နှံ့သွားတော့မည်ဖြစ်ပြီး သူသည်လည်း လူတိုင်း၏ လှောင်ပြောင်စရာ ဖြစ်လာတော့မည်။ ထို့အပြင် မင်းသမီးမော့လန်သာ ဤသတင်းကို ကြားသွားလျှင် သူ၏ မျက်နှာလည်း ပျက်ရတော့မည် ဖြစ်သည်။
“သူတို့ ဘယ်လိုနည်းနဲ့ ပြန်သိမ်းလိုက်တာလဲ”
ချန်ယွီမော်က ဒေါသကိုထိန်းကာ မေးလိုက်သည်။
“ဘာသတင်းမှ အသေးစိတ် မသိရသေးပါဘူး”
တပည့်ဖြစ်သူ၏ အဖြေကြောင့် ချန်ယွီမော်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။
သူသည် တပည့်ဖြစ်သူကို ထွက်သွားရန် လက်ယမ်းပြလိုက်သည်။
တပည့်ဖြစ်သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အားတင်းကာ ပြောလိုက်လေသည်။
“အိမ်တော်သခင်... ယန့်လုဂိုဏ်းဘက်က ပြောတာကတော့ ထိန်းသိမ်းခံထားရတဲ့ အကြီးအကဲတွေ၊ တာဝန်ခံတွေနဲ့ တပည့်တွေကို ပြန်လွှတ်ပေးစေချင်ရင် အရင်းအမြစ်တွေနဲ့ လာလဲရမယ်လို့ ဆိုပါတယ်...”
ချန်ယွီမော်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
ထိုသို့ပြောပြီးနောက် တပည့်ဖြစ်သူသည် ချန်ယွီမော်၏ ဒေါသနှင့် ထပ်မံမရင်ဆိုင်ရစေရန် အမြန်ပင် ထွက်သွားလေသည်။
“သူတို့တွေ တော်တော် လွန်လာပြီ”
ချန်ယွီမော်သည် အခန်းထဲတွင် တစ်ကိုယ်တည်း အော်ဟစ်နေတော့သည်။
အချိန်အတော်ကြာပြီးနောက် သူသည် စိတ်ကို အတန်ငယ် ပြန်ထိန်းနိုင်သွားသည်။
‘ယဲ့ဘုရင်ခံက လူလွှတ်လိုက်တာလား...’
ချန်ယွီမော်က တွေးတောနေမိသည်။
‘ဒါမှမဟုတ်ရင် ယန့်လုဂိုဏ်းထဲမှာ တစ်စခန်းလုံးကို ထိန်းချုပ်နိုင်တဲ့ သိုင်းပညာရှင် ရှိနေစရာ အကြောင်းမရှိဘူး... ဒါကို လုပ်နိုင်တဲ့သူက အနည်းဆုံး တာအိုနယ်ပယ် ငါးဆင့်မြောက်မှာ ရှိရမယ်...’
သူ၏ ယခင်တွက်ချက်မှုများ မှားယွင်းသွားကြောင်း ချန်ယွီမော် ခံစားလိုက်ရသည်။
မင်းသမီးမော့လန်ကြောင့် ယဲ့ဘုရင်ခံက စိတ်ဆိုးကာ လက်စားချေရန် ဆုံးဖြတ်လိုက်ပုံရပြီး သူ၏ ဖုန်းဝူအိမ်တော်မှာ ပစ်မှတ် ဖြစ်သွားခဲ့ခြင်းပင်။
‘စခန်းက လူတွေကိုတော့ ပြန်ခေါ်ရမှာပဲ...’
ဤကိစ္စကို ရင်ဆိုင်ရန် ခက်ခဲသော်လည်း စခန်းမှလူများအား ယန့်လုဂိုဏ်းမှ ဆက်လက်ထိန်းသိမ်းထားလျှင် ဂိုဏ်းသားများ၏ စိတ်ဓာတ်ကို ထိခိုက်စေနိုင်ရုံသာမက အခြားအကြီးအကဲများကိုလည်း ရှင်းပြရန် ခက်ခဲမည်ဖြစ်ကြောင်း ချန်ယွီမော် ကောင်းကောင်း သိလေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် အရှက်တကွဲ ဖြစ်ရရုံသာမက တစ်ဖက်လူကိုပါ အောက်ကျနောက်ကျ ခံကာ ညှိနှိုင်းရတော့မည် ဖြစ်သည်။
ချန်ယွီမော်သည် သူ၏ စိတ်ဓာတ်များ ပြိုလဲလုနီးပါး ဖြစ်နေသည့် အခြေအနေကို ထပ်မံခံစားလိုက်ရပြန်သည်။
သူသည် ဂိုဏ်းအကြီးအကဲများကို စုစည်းကာ ချင်းဖုန်းဂိုဏ်းသားများဖြင့် ချီတက်ပြီး ယန့်လုဂိုဏ်းကို အမြစ်ဖြတ်ပစ်ချင်နေမိသည်။
သို့သော် ဤသို့လုပ်ခြင်းသည် ယဲ့ဘုရင်ခံ၏ အာဏာကို တိုက်ရိုက် စိန်ခေါ်ရာ ရောက်သွားမည်ဖြစ်ကြောင်း သူ၏ ဆင်ခြင်တုံတရားက သတိပေးနေသည်။
ထိုသို့ဖြစ်လာလျှင် ယဲ့ဘုရင်ခံမှာ သူ့အား သေချာပေါက် အပြင်းအထန် နှိပ်ကွပ်ပေလိမ့်မည်။
ထို့အပြင် ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့သည် ယခုအချိန်တွင် အရေးအကြီးဆုံးဖြစ်သော ညသားရဲအားဖမ်းရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
အကယ်၍ စခန်းသိမ်းခံရသည့် ကိစ္စကြောင့် မင်းသမီးမော့လန်၏ အရေးကြီးကိစ္စများ ကြန့်ကြာသွားခဲ့လျှင် မိမိတို့ ဖုန်းဝူအိမ်တော်၏ အခြေခံအုတ်မြစ်ပင် ပျောက်ကွယ်သွားနိုင်ပေသည်။
အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက် ချန်ယွီမော်သည် ဒေါသကို မျိုသိပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
“ဝင်ခဲ့စမ်း”
ချန်ယွီမော်က ရုတ်တရက် အော်ပြောလိုက်သည်။
ထို့နောက် တပည့်တစ်ယောက် ဝင်လာလေသည်။
“အကြီးအကဲရွှီကို သွားခေါ်လိုက်”
ချန်ယွီမော်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ”
တပည့်ဖြစ်သူက အလျင်အမြန် ထွက်သွားလေသည်။
ချန်ယွီမော်သည် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီဖြစ်သည်။
သူသည် အပြန်အလှန် လဲလှယ်ရန်အတွက် ဂိုဏ်းအကြီးအကဲ တစ်ဦးကို စေလွှတ်၍ ညှိနှိုင်းခိုင်းမည်ဖြစ်သည်။
အနာဂတ်အတွက်ကိုမူ ဤအခက်အခဲမှ ကျော်လွန်ပြီးမှသာ သူ ဆက်လက် စဉ်းစားတော့မည် ဖြစ်သည်။
အခန်း (၂၅၈) - မင်းသား၏ လက်ဆောင် သစ်ပင်ကမ္ဘာငယ်လေး
နှစ်လတာ အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေပြီ။
ဤအတောအတွင်း ယန့်လုဂိုဏ်းသည် သူတို့၏ဂိုဏ်းအား ပြောင်းရွှေ့မှုကို အခြေခံအားဖြင့် အပြီးသတ်ခဲ့လေသည်။
ကွမ်ဟယ်မြို့နယ်ရှိ အိမ်တော်တွင် နေထိုင်ခဲ့ကြသည့် အကြီးအကဲများ၊ ဧည့်သည်တော်အကြီးအကဲများနှင့် တပည့်များအားလုံးမှာ ချွေယွင်တောင်သို့ ပြောင်းရွှေ့ခဲ့ကြပြီးဖြစ်သည်။
ကွမ်ဟယ်မြို့နယ်အတွင်းရှိ ယန့်လုဂိုဏ်း၏ သိုင်းပညာအရင်းအမြစ် ကုန်သွယ်မှုလမ်းကြောင်းများကို စီမံခန့်ခွဲရန်အတွက် ဧည့်သည်တော်အကြီးအကဲ အချို့သာ ထိုနေရာ၌ ကျန်ရစ်ခဲ့ကြလေသည်။
ချန်မိသားစုနှင့် ရှိမိသားစုတို့၏ ကုန်သွယ်ရေးအဖွဲ့များကို အမှီပြု၍ ယန့်လုဂိုဏ်းအတွက် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်တည်ဆောက်ရန်မှာ ခက်ခဲသည့် ကိစ္စမဟုတ်ပေ။
ယန့်လုဂိုဏ်းအနေဖြင့် သိုင်းပညာအရင်းအမြစ် ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်တည်ဆောက်နိုင်သည်နှင့် အရင်းအမြစ်များကိုလည်း အဆက်မပြတ် ရရှိလာပေလိမ့်မည်။
ထို့အပြင် ဤကာလအတွင်း ဖုန်းဝူအိမ်တော်မှ အကြီးအကဲတစ်ဦးကို စေလွှတ်ကာ သူတို့လူများကို ပြန်လည်စေလွှတ်ပေးရန် ရွှီနင်နှင့် ဆွေးနွေးခဲ့ကြသည်။
ရွှီနင်သည် ဖုန်းဝူအိမ်တော်မှ လူများအား မသတ်ဘဲ ဖမ်းဆီးထားခဲ့ခြင်းမှာ ပထမအချက်အနေဖြင့် မင်းသမီးမော့လန်ကို ထပ်မံ၍ မပြစ်မှားစေချင်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ယန့်လုဂိုဏ်း တိုးချဲ့ရာတွင် လိုအပ်မည့် အရင်းအမြစ်များနှင့် လဲလှယ်ရန်ပင် ဖြစ်သည်။
ညှိနှိုင်းမှုအချို့ ပြုလုပ်ပြီးနောက် ရွှီနင်သည် ဖုန်းဝူအိမ်တော်ထံမှ ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များ၊ လက်နက်များနှင့် သိုင်းပညာအရင်းအမြစ် ကုန်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးတို့ကို ရရှိခဲ့လေသည်။
ဤအရင်းအမြစ်များမှာ အလွန်များပြားလှပြီး လကွယ်ပုတီးစေ့ထဲ၌ မူလကရှိနေသော ရတနာများ၏ ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိလေသည်။
အကယ်၍ ၎င်းတို့အားလုံးကို ဆေးလုံးများအဖြစ် ပြောင်းလဲနိုင်ပါက သူသည် စွမ်းအင် ယူနစ် ၅ သန်းခန့် ရရှိမည်ဖြစ်သည်။
ရွှီနင်သည် ဤအရင်းအမြစ်များအနက် ၃၀ ရာခိုင်နှုန်းကိုသာ ကိုယ်ပိုင်အဖြစ် သိမ်းဆည်းခဲ့သည်။ ၎င်းတို့မှာ စွမ်းအင်အဖြစ် စုပ်ယူနိုင်သည့် ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများသာဖြစ်သည်။
ရွှီနင်သည် ၎င်းတို့ကို စုပ်ယူပြီးနောက် စွမ်းအင် ၁.၆ သန်းခန့် ရရှိခဲ့ရာ ပင်လယ်နီဆေးကျမ်းအား အဆင့်နှစ်ဆင့်ကျော်ဖြတ်ကာ စတုတ္ထအဆင့်သို့ မြှင့်တင်ရန် လုံလောက်သွားလေသည်။
ပင်လယ်နီဆေးကျမ်း၏ စတုတ္ထအဆင့်သို့ ရောက်ရှိသွားသဖြင့် ရွှီနင်သည် အလယ်အလတ်အဆင့် တာအိုနယ်ပယ်သခင်များအတွက် အသုံးဝင်သည့် ဆေးအားလုံးကို ဖော်စပ်နိုင်ပြီဖြစ်သည်။
လက်ရှိတွင် ရွှီနင်သည် ကျွမ်းကျင်ဆေးဆရာတစ်ဦးအဖြစ် သူ၏ဂုဏ်သတင်းကို အသုံးပြုကာ လန်ယန်ကဲ့သို့ပင် နောက်လိုက်အမြောက်အမြားကို ဆွဲဆောင်နိုင်နေပြီဖြစ်သည်။
ချွေယွင်တောင်…
ယန့်လုဂိုဏ်း…
“ဂိုဏ်းချုပ်”
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ရွှီနင် ဂိုဏ်းအတွင်း လမ်းလျှောက်သွားစဉ် တပည့်များ၊ ဧည့်သည်တော်အကြီးအကဲများနှင့် အရံအကြီးအကဲများက သူ့အား ရိုသေစွာ နှုတ်ဆက်ကြလေသည်။
ယန့်လုဂိုဏ်း၏ အတိုင်းအတာမှာ ထပ်မံ၍ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးတွင် လူဦးရေ ၆၀၀ ကျော် ရှိနေချေပြီ။
ယခုအခါတွင် သူ့ထံ၌ ပညာသင်ယူလိုသော ပါရမီရှင်တပည့်များစွာ ရှိလာခဲ့ပြီဖြစ်သည်။
ထို့အပြင် ချန်ကျန်းထောင်း ယခင်က ဆင့်ခေါ်ခဲ့သည့် ယန့်လုဂိုဏ်း၏ ဂိုဏ်းသားဟောင်း အများအပြားမှာလည်း အရံအကြီးအကဲများ ဖြစ်လာကြသဖြင့် ယန့်လုဂိုဏ်းမှ အထက်လူကြီးများ၏ သိုင်းပညာနယ်ပယ်မှာ ယခင်ကကဲ့သို့ ရပ်တန့်မနေတော့ပေ။
ယန့်လုဂိုဏ်းသည် ယခင်ကကဲ့သို့ အခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိရန် ဆယ်စုနှစ်များစွာ ကြာနိုင်သော်လည်း လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်ရန်မှာ အချိန်တစ်ခုသာ လိုတော့ပေသည်။
ရွှီနင်သည် ပြန်လည်တည်ဆောက်ထားသော ဂိုဏ်းဝင်းနှင့် တပည့်အမြောက်အမြားကို ကြည့်ရင်း နောက်ဆုံးတွင်တော့ ဝမ့်ယယ်အား အဖြေပေးနိုင်ခဲ့ပြီဟု တွေးလိုက်မိသည်။
ရွှီနင်သည် သူ၏ဂိုဏ်းချုပ်တောင်ထိပ်သို့ ပြန်လာခဲ့သည်။
“ဆရာ...”
ရွှီနင် ဂိုဏ်းချုပ်တောင်ထိပ်သို့ ပြန်ရောက်သောအခါ သူ့အား စောင့်နေကြသည့် တပည့်နှစ်ဦးကို တွေ့လိုက်ရသည်။
တစ်ဦးမှာ ကောယယ်နှင့် ပုံစံတူပြီး အသားညိုသော တပည့်ကြီး ချန်ရှုန်းဖြစ်သည်။
အခြားတစ်ဦးမှာမူ အရပ် ၂ မီတာကျော် မြင့်ကာ တစ်ကိုယ်လုံး ကြွက်သားများဖြင့် ပြည့်နှက်နေသော ရှိပေါင်ချင်း ဖြစ်လေသည်။ ရှိပေါင်ချင်းသည် ရှိမိသားစုမှ ယန့်လုဂိုဏ်းသို့ စေလွှတ်လိုက်သောသူဖြစ်ပြီး ရွှီနင်က တိုက်ရိုက်တပည့်အဖြစ် လက်ခံထားသူ ဖြစ်သည်။
ရှိပေါင်ချင်းသည် အရပ်ရှည်သော်လည်း အသက် ၁၆ နှစ်သာ ရှိသေးရာ ချန်ရှုန်းထက်ပင် ငယ်သေးသည်။
သူသည် ကွမ်ဟယ်မြို့နယ်ရှိ ရှိမိသားစုမှ ထူးချွန်တပည့်တစ်ဦး ဖြစ်လေသည်။ ဂိုဏ်းသို့ စတင်ဝင်ရောက်ချိန်တွင် သူသည် ဟင်းလင်းပြင်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်ရှုန်းသည် သူ့ထံတွင် အစစ်အမှန်ချီနယ်ပယ်အဆင့်ရှိသော ညီငယ်တစ်ဦး ရှိနေမှန်း သိလိုက်ရသောအခါ အတော်လေး ဖိအားဝင်သွားပြီး ယခင်ကထက် ပိုမို ကြိုးစားအားထုတ်လာခဲ့လေသည်။
ထိုကြောင့် ရွှီနင်၏ အနီးကပ် လမ်းညွှန်မှုနှင့် အရင်းအမြစ်များကြောင့် ချန်ရှုန်းသည် ဟင်းလင်းပြင်နယ်ပယ် ပထမအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
ရှိပေါင်ချင်းကို မမီသေးသော်လည်း အနည်းဆုံးတော့ စီနီယာတပည့်ကြီးပီပီ မျက်နှာပန်း လှသွားခဲ့သည်။
“လာကြ... မင်းတို့ရဲ့ မကြာသေးခင်က သိုင်းပညာအခြေအနေတွေ၊ လေ့ကျင့်မှု အတွေ့အကြုံတွေနဲ့ သံသယရှိတာတွေကို ပြောပြကြဦး”
ရွှီနင်သည် တောင်ထိပ်ပေါ်ရှိ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်လိုက်ရင်း တပည့်နှစ်ဦးကို ပြောလိုက်လေသည်။
သူသည် ဤတပည့်နှစ်ဦးအား အတော်လေး ဂရုစိုက်လေသည်။
လဝက်တိုင်းတွင် ရွှီနင်သည် သူတို့ကို ခေါ်ယူကာ သိုင်းပညာဆိုင်ရာ အချက်အလက်များကို လမ်းညွှန်ပြသပေးလေ့ ရှိသည်။
“ဟုတ်ကဲ့ပါ ဆရာ”
ချန်ရှုန်းနှင့် ရှိပေါင်ချင်းတို့သည် နာခံစွာ နားထောင်ကြသည်။
ထို့နောက် နှစ်ဦးသားမှာ ရွှီနင်နှင့် သိုင်းပညာရပ်များ နှီးနှောဖလှယ်ကြပြီး ရွှီနင်၏ သင်ကြားမှုများကို နှိမ့်ချစွာ ခံယူကြလေသည်။
မကြာမီ တစ်နာရီခန့် ကုန်ဆုံးသွားခဲ့သည်။
လွန်ခဲ့သော တစ်နာရီအတွင်း ချန်ရှုန်းနှင့် ရှိပေါင်ချင်းတို့သည် ရွှီနင်၏ လမ်းညွှန်မှုမှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။
သူတို့၏ အမြင်တွင် ရွှီနင်၏ လမ်းညွှန်မှု တစ်ကြိမ်သည် လွန်ခဲ့သော လဝက်အတွင်း သူတို့ဘာသာ လေ့ကျင့်ခဲ့ရသည်ထက် ပိုမို တန်ဖိုးရှိလှသည်။
“ပြန်ရောက်ရင် ငါပြောခဲ့တာတွေကို ပြန်စဉ်းစားပြီး အကြိမ်ကြိမ် လေ့ကျင့်ကြဦး”
လမ်းညွှန်မှုပေးပြီးနောက် ရွှီနင်က တိုက်တွန်းလိုက်လေသည်။
“ဟုတ်ကဲ့ပါ ဆရာ”
တပည့်နှစ်ဦးက ရိုသေစွာ ပြန်ဖြေပြီးနောက် ဂိုဏ်းချုပ်တောင်ထိပ်မှ ထွက်ခွာသွားကြသည်။
ဂိုဏ်းချုပ်တောင်ထိပ်ပေါ်တွင် ရွှီနင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ သူ့ထံတွင် အစေခံ တစ်ဦးပင် မရှိပေ။
“ရွှီနင်”
ချန်ရှုန်းနှင့် ရှိပေါင်ချင်း ထွက်သွားပြီး မကြာမီ တစ်စုံတစ်ယောက်မှ သူ့နာမည်အား ခေါ်သည်ကို ရွှီနင် ကြားလိုက်ရသည်။
‘မင်းသား သွမ့်ချောင်ဖုန်းပဲ...’
၎င်းမှာ မည်သူဖြစ်ကြောင်း ရွှီနင် ချက်ချင်း သိလိုက်သည်။
သူ မော့ကြည့်လိုက်ရာ သက်တံရောင် ငှက်ကြီးတစ်ကောင်၏ ကျောပေါ်တွင် ထိုင်နေသော သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့ကို မြင်လိုက်ရသည်။ တောင်ထိပ်ပေါ်တွင် တစ်ပတ်ဝဲပျံပြီးနောက် သူတို့သည် မြေပြင်သို့ ဆင်းသက်လိုက်ကြလေသည်။
“မင်းသား”
ရွှီနင် မတ်တတ်ရပ်ကာ ဂါရဝပြုလိုက်သည်။
သွမ့်ချောင်ဖုန်းသည် သူ့အား ဒြပ်စင်အရင်းအမြစ် နှစ်မျိုးအပြင် အခြား တိုက်ရိုက်အကျိုးအမြတ်များ မပေးခဲ့သော်လည်း ရွှီနင်အနေဖြင့် ယန့်လုဂိုဏ်း၏ နယ်မြေဟောင်းကို လက်စားချေခြင်း မခံရဘဲ ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းနှင့် ဖုန်းဝူအိမ်တော်ထံမှ အရင်းအမြစ်များစွာ လဲလှယ်နိုင်ခဲ့ခြင်းမှာ ယဲ့ဘုရင်ခံအိမ်တော်၏ ထောက်ပံ့မှုကြောင့်သာ ဖြစ်ပေသည်။
အကယ်၍ သူ့နောက်ကွယ်တွင် သွမ့်ချောင်ဖုန်းသာ မရှိခဲ့လျှင် ဖုန်းဝူအိမ်တော်သည် သူ့ကို သေချာပေါက် ကြောက်ရွံ့နေမည် မဟုတ်ပေ။
“ငါအရင်က ပြောခဲ့သလိုပဲ... မင်း ယန့်လုဂိုဏ်းရဲ့ နယ်မြေဟောင်းကို ပြန်ယူနိုင်တဲ့နေ့မှာ ငါကိုယ်တိုင် လာရောက်ဂုဏ်ပြုမယ်လို့ ပြောခဲ့တယ်မလား”
သွမ့်ချောင်ဖုန်းသည် ငှက်ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ပြုံးလျက် လျှောက်လာသည်။ ကျန်းဟယ်သည်လည်း အနောက်မှ ကပ်လိုက်လာလေသည်။
“မင်းရဲ့ စွမ်းဆောင်ရည်က ဒီလောက်တောင် မြန်လိမ့်မယ်ဆိုတာကို ငါ မမျှော်လင့်ထားမိဘူး။ ငါတို့ နောက်ဆုံးတွေ့ပြီး သိပ်မကြာသေးဘူး၊ မင်းက အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို တောင် ရောက်နေပြီပဲ။ ဒါက တကယ်ကို အံ့ဩစရာကောင်းတယ်”
သွမ့်ချောင်ဖုန်းက ရွှီနင်အား ချီးကျူးလိုက်သည်။
“ဒါက ဒြပ်စင်အရင်းအမြစ် နှစ်မျိုးကြောင့် ကျွန်တော် ဒီလောက်မြန်မြန် ချိုးဖျက်နိုင်ခဲ့တာပါ”
ရွှီနင်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
သွမ့်ချောင်ဖုန်း ရယ်မောလိုက်သည်။ ရွှီနင်က သူ့ကို မျက်နှာသာပေး၍ ပြောနေမှန်း သူ သိပေသည်။
“ယန့်လုဂိုဏ်းကတော့ အခြေတည်လာပြီပဲ။ နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက ယန့်လုဂိုဏ်းအတိုင်း ပြန်ဖြစ်လာလိမ့်မယ်လို့ ငါမြင်မိတယ်”
သွမ့်ချောင်ဖုန်းသည် ဂိုဏ်းချုပ်တောင်ထိပ်ပေါ်တွင် ရပ်ကာ ယန့်လုဂိုဏ်းတစ်ခုလုံးကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
“ဟုတ်ပြီ... မင်း ယန့်လုဂိုဏ်းရဲ့ နယ်မြေဟောင်းကို ပြန်သိမ်းနိုင်ရင် မင်းအတွက် လက်ဆောင်ကြီးတစ်ခုရှိတယ်လို့ ငါပြောခဲ့တယ်မလား”
သွမ့်ချောင်ဖုန်းက ရွှီနင်ကို ကြည့်လိုက်သည်။
“အခုကတော့ ငါ့ရဲ့ ကတိကို ဖြည့်ဆည်းရမယ့် အချိန်ပဲ”
သွမ့်ချောင်ဖုန်းသည် သက်တံရောင် ငှက်ကြီးထံသို့ လျှောက်သွားပြီး ၎င်း၏ အမွေးများကြားမှ လက်ဝါးအရွယ်အစားရှိသော အနက်ရောင် အစေ့တစ်ခုကို ထုတ်ယူလိုက်သည်။
“ခိုင်မာတဲ့ အခြေခံရှိတဲ့ ဂိုဏ်းတစ်ခုမှာ ကျင့်ကြံမှုကို အရှိန်မြှင့်ပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ရှိဖို့လိုတယ်။ အဲဒီလို ပတ်ဝန်းကျင်မျိုးရှိမှသာ ပါရမီရှင်တွေကို အမြဲတမ်း ဆွဲဆောင်နိုင်မှာ”
“ဒါက သစ်ပင်ကမ္ဘာငယ်လေးရဲ့ အစေ့ပဲ။ ဒါကို စိုက်ပျိုးလိုက်ရင် ယန့်လုဂိုဏ်းအတွက် အကောင်းဆုံး ကျင့်ကြံရေးနေရာတစ်ခု ဖြစ်လာလိမ့်မယ်။ နောက်ပြီး အန္တရာယ်တစ်ခုခု ကြုံလာရင်လည်း အဲဒီထဲကို ဝင်ရောက် ပုန်းအောင်းနိုင်သေးတယ်”
ထို့နောက် သွမ့်ချောင်ဖုန်းသည် ကြယ်တာရာချီတစ်ချက် ထုတ်လွှတ်ကာ အနီးနားရှိ မြေပြင်ကို ကျင်းတူးလိုက်သည်။ ထို့နောက် လက်ဝါးအရွယ် အစေ့ကို ကျင်းထဲသို့ ထည့်ကာ လက်ကိုဝှေ့ယမ်း၍ မြေပြန်ဖို့လိုက်လေသည်။
နောက်ဆုံးတွင် သူသည် လက်ထဲ၌ ရေလုံးတစ်ခုကို ဖန်တီးကာ အစေ့ရှိရာ မြေကြီးပေါ်သို့ ဖျန်းပက်လိုက်သည်။
ဝူး... ဝူး... ဝူး...
လက်မောင်းအရွယ်အစားရှိသော အပင်ပေါက်လေးတစ်ခုသည် မြေကြီးထဲမှ ထွက်ပေါ်လာပြီး မျက်စိရှေ့တင် မြန်မြန်ဆန်ဆန် ကြီးထွားလာသည်ကို ရွှီနင် မြင်လိုက်ရသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ၎င်းသည် အမြင့် မီတာ ၃၀ ကျော်နှင့် အကျယ် ၁၀ မီတာကျော်ရှိသော သစ်ပင်ကြီးတစ်ပင် ဖြစ်လာခဲ့သည်။
သစ်ပင်ကြီးပေါ်တွင် စိမ်းလန်းစိုပြည်သော သစ်ကိုင်းများနှင့် သစ်ရွက်များ ရှိနေသည်။ အဝေးမှ ကြည့်လျှင်ပင် ကြွယ်ဝသော သက်စောင့်အားအင်များကို ခံစားရလေသည်။
“ဒါက...”
ရွှီနင်သည် သစ်ပင်ကမ္ဘာငယ်လေးအကြောင်း မကြားဖူးသော်လည်း ထိုသစ်ပင်ကြီးအတွင်းရှိ ထူးဆန်းသော အင်အားတစ်ခုကို ခံစားလိုက်ရသည်။
“မင်းသားက မင်းကို လက်ဆောင်ကြီး ပေးလိုက်တာပဲ။ ရွှီနင်... သွားပြီး ကြည့်လိုက်ဦးလေ”
ယခင်က စကားမပြောခဲ့သော ကျန်းဟယ်က လက်ဟန်ပြလျက် ပြောလိုက်သည်။
ရွှီနင် ခေါင်းညိတ်ပြကာ သစ်ပင်ကြီးဆီသို့ လျှောက်သွားလိုက်သည်။ သူသည် သစ်ပင်ပင်စည်ကို လက်ဖြင့် ထိလိုက်သည်။
“ဟမ်...”
ရွှီနင်၏ လက်ဝါးသည် ပင်စည်မျက်နှာပြင်နှင့် ထိတွေ့လိုက်သည်နှင့် အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။
‘ဒါက အတွင်းပိုင်း ဟင်းလင်းပြင်ပဲ’
ရွှီနင် ဘာမှမစဉ်းစားတော့ဘဲ အတွင်းသို့ လှမ်းဝင်လိုက်သည်။
သစ်ပင်ကြီးအတွင်းသို့ ရောက်ရှိသွားသောအခါ သူ၏ရှေ့မှောက်တွင် စိမ်းလန်းစိုပြည်နေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။
“ဒါက...”
ရွှီနင် အံ့ဩသွားရသည်။
ဤသစ်ပင်ကမ္ဘာငယ်လေးအတွင်း၌ သစ်ပင်များ၊ ပန်းများ၊ မြစ်များ၊ ကန်များသာမက ငှက်များနှင့် ပိုးမွှားများပင် ရှိနေကြသည်။
ယင်း၏ ဧရိယာမှာ လကွယ်ပုတီးစေ့ထက် ဆယ်ဆခန့် ပိုမိုကျယ်ဝန်းလှသည်။
မိစ္ဆာသားရဲပန်းချီကားလိပ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ယင်း၏ ပတ်ဝန်းကျင်မှာ မိစ္ဆာသားရဲပန်းချီကားလိပ်ထက် ပိုမိုကောင်းမွန်လှသည်။
‘ဒီက ဝိညာဉ်စွမ်းအင်တွေက တော်တော်လေး သိပ်သည်းတာပဲ...’
ဤသစ်ပင်ကမ္ဘာငယ်လေးအတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ပြင်ပကမ္ဘာထက် ငါးဆကျော် ပိုမိုမြင့်မားကြောင်း ရွှီနင် အာရုံခံမိလိုက်သည်။ ထို့ပြင် အလယ်ဗဟိုသို့ နီးကပ်လာလေလေ ဝိညာဉ်စွမ်းအင်မှာ ပိုမိုသိပ်သည်းလာလေလေ ဖြစ်သည်။
“သစ်ပင်ကမ္ဘာငယ်လေး... သစ်ပင်ထဲက ကမ္ဘာတစ်ခုပါလား...”
ဤသစ်ပင်ကမ္ဘာငယ်လေးသည် ကျင့်ကြံမှုအတွက် အလွန်အကျိုးရှိသော သီးခြားဟင်းလင်းပြင်တစ်ခုဖြစ်ကြောင်း ရွှီနင် အတည်ပြုလိုက်နိုင်သည်။
“ဒီသစ်ပင်ကမ္ဘာငယ်လေးက ဘယ်လိုလဲ။ မင်း စိတ်တိုင်းကျရဲ့လား”
သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့သညလည်း အတွင်းသို့ လျှောက်ဝင်လာကြသည်။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် မင်းသား”
ရွှီနင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဤသစ်ပင်ကမ္ဘာငယ်လေးသည် လက်ရှိ ယန့်လုဂိုဏ်းအတွက် အမှန်တကယ်ပင် အသုံးဝင်လှသည်။
ဤကမ္ဘာငယ်လေးနှင့်ဆိုပါက ယန့်လုဂိုဏ်းယန့်လုဂိုဏ်းမှ ထူးချွန်သော တပည့်များ၏ အဆင့်တက်နှုန်းမှာ များစွာ မြန်ဆန်လာပေလိမ့်မည်။
ထို့အပြင် အနာဂတ်တွင် ဂိုဏ်းအနေဖြင့် အန္တရာယ်နှင့် ကြုံတွေ့ရပါကလည်း ပုန်းအောင်းစရာ နေရာတစ်ခု ရှိလာခဲ့ချေပြီ။
“မင်း ဒီသစ်ပင်ကမ္ဘာငယ်လေးကို အချိန်မရွေး ဖွင့်နိုင် ပိတ်နိုင်တယ်။ မင်းဖွင့်လိုက်တဲ့အခါ သစ်ပင်တစ်ပင် ဖြစ်လာမှာဖြစ်ပြီး ပြန်သိမ်းလိုက်ရင်တော့ အစေ့တစ်ခု ဖြစ်သွားလိမ့်မယ်”
သွမ့်ချောင်ဖုန်းက ပြောပြသည်။
“မင်းက အစေ့အဖြစ် ပြောင်းလဲပြီး တာအိုနယ်ပယ်ရဲ့ စွမ်းအားနဲ့ အကြိမ်ကြိမ် သန့်စင်လိုက်မယ်ဆိုရင် ဒီသစ်ပင်ကမ္ဘာငယ်လေးရဲ့ အစေ့က မင်းအပိုင်ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ ဘယ်သူဝင်လို့ရမယ်၊ ဘယ်သူဝင်လို့မရဘူး၊ ဒါမှမဟုတ် ဘယ်သူ့ကို ကန်ထုတ်ပစ်မယ်ဆိုတာကို မင်းစိတ်ကြိုက် ထိန်းချုပ်နိုင်လိမ့်မယ်”
ရွှီနင် ထိုစကားကို ကြားသောအခါ ဤသစ်ပင်ကမ္ဘာငယ်လေးကို မည်သို့အသုံးပြုရမည်ကို နားလည်သွားခဲ့သည်။
သစ်ပင်ကမ္ဘာငယ်လေး၏ လျှို့ဝှက်ချက်များကို သိရှိပြီးနောက် သူတို့သုံးဦးလုံး အပြင်သို့ ပြန်ထွက်လာခဲ့ကြသည်။
ထို့နောက် သွမ့်ချောင်ဖုန်းသည် သစ်ပင်ကမ္ဘာငယ်လေးကို အစေ့အဖြစ် ပြန်လည်ပြောင်းလဲလိုက်ပြီး ရွှီနင်ထံ ပေးအပ်လိုက်ရာ ရွှီနင်သည် ၎င်းအား လကွယ်ပုတီးစေ့အတွင်းသို့ ထည့်လိုက်လေသည်။
ဤသစ်ပင်ကမ္ဘာငယ်လေးသည် သီးခြားဟင်းလင်းပြင်တစ်ခု ဖြစ်သောကြောင့် သိုလှောင်လက်စွပ်အတွင်း ထည့်၍ မရနိုင်ပေ။ အကြောင်းမှာ သိုလှောင်လက်စွပ်၏ ဟင်းလင်းပြင် တည်ငြိမ်မှုမှာ အလွန်အားနည်းသောကြောင့် ဖြစ်သည်။
သို့သော် ဤသစ်ပင်ကမ္ဘာငယ်လေး၏ အစေ့ကို လကွယ်ပုတီးစေ့၊ မိစ္ဆာသားရဲပန်းချီကားလိပ် သို့မဟုတ် တာအိုနယ်ပယ်သို့ ရောက်ရှိသွားသော မီးခိုးရောင်လေး၏ ဝမ်းဗိုက်အတွင်း၌ပင် ထည့်ထားနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဟင်းလင်းပြင်များ၏ တည်ငြိမ်မှုမှာ ပိုမိုအားကောင်းပြီး ဟင်းလင်းပြင် ပြိုကျမှု မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
သို့သော် အခြားဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိသွားပါက ထိုသီးခြားဟင်းလင်းပြင်ကို နောက်ထပ် ဖွင့်၍မရတော့ပေ။ ထို့ကြောင့် ဟင်းလင်းပြင်တစ်ခုအတွင်း၌ နောက်ထပ် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးရန်မှာ မဖြစ်နိုင်ပါချေ။