အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း (၂၅၉) - ခရီးစဉ် စီစဉ်ခြင်းနှင့် ထူးဆန်းသော တပည့်
“ရွှီနင်... အခု ယန့်လုဂိုဏ်းက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတော့ အရာရာတိုင်းကို မင်းကိုယ်တိုင် လုပ်စရာ မလိုတော့ဘူး မဟုတ်လား။”
သွမ့်ချောင်ဖုန်းက ရွှီနင်ကို မေးလိုက်လေသည်။
“ဟုတ်တယ် မလိုတော့ဘူး... အေးအေးဆေးဆေး ကျင့်ကြံတာအပြင် ကျွန်တော် အချိန်ရရင် ဆေးလုံးလေးတွေလည်း ဖော်စပ်လေ့ ရှိပါတယ်။”
ရွှီနင်သည် သူ၏ ကျင့်စဉ်တိုးတက်ရန် ကျင့်ကြံနေစရာ မလိုကြောင်းကိုတော့ သွမ့်ချောင်ဖုန်းကို အမှန်အတိုင်း ပြောပြမည် မဟုတ်ပေ။
“မင်းက ဆေးလုံးတွေ ဖော်စပ်တတ်တာလား။ မင်းက ဆေးပညာရှင် တစ်ယောက်လား။”
ရွှီနင်၏ စကားကို ကြားလိုက်ရချိန်တွင် သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့ နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။ သူတို့သည် ရွှီနင်၏ အကြောင်းကို အသေးစိတ် မသိကြသေးပုံ ရပေသည်။
“ကျွန်တော်က ဆေးပညာရှင် တစ်ယောက်ပါ။”
ရွှီနင်က ဝန်ခံလိုက်သည်။
သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့ နှစ်ဦးလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အံ့ဩနေကြတော့သည်။
“ငါ မင်းကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ။”
သွမ့်ချောင်ဖုန်းသည် ရွှီနင်၏ အနားသို့ လျှောက်လာပြီး ပခုံးကို ပုတ်လိုက်လေသည်။
ကျန်းဟယ်က ဘာမှ မပြောသော်လည်း သွမ့်ချောင်ဖုန်းက ရွှီနင်အပေါ် ထိုမျှအထိ ရင်းရင်းနှီးနှီး ဆက်ဆံနေသည်ကို မြင်လိုက်ရသောအခါ မျက်ခုံးအနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ကျန်းဟယ်သည် သူ့သခင်ဖြစ်သူ ဤမင်းသားမှာ အရိုးထဲအထိ မောက်မာသူ တစ်ဦးဖြစ်ကြောင်း ကောင်းကောင်း သိထားသည်။ သူသည် လက်အောက်ငယ်သားများအပေါ် ယခုကဲ့သို့ အပြုအမူမျိုး ပြခဲလှပေသည်။
ဤအရာကို ကြည့်ခြင်းအားဖြင့် သွမ့်ချောင်ဖုန်းသည် ရွှီနင်ကို အတော်လေး အရေးပေးထားကြောင်း ထင်ရှားလှပေသည်။
‘မင်းသားက ယဲ့ဘုရင်ခံရဲ့ ရာထူးကို ဆက်ခံပြီးတဲ့နောက်မှာ ရွှီနင်က အိမ်တော်ရဲ့ အရေးပါတဲ့ အရာရှိတစ်ဦး ဖြစ်လာတော့မှာပဲ။’
ကျန်းဟယ်သည် စိတ်ထဲမှ တွေးတောနေမိသည်။
ကျန်းဟယ် တွေးတောနေသည့်အတိုင်းပင် သွမ့်ချောင်ဖုန်းသည် ရွှီနင်အား အလွန်လေးစားလျက်ရှိသည်။
မဟုတ်လျှင် ရွှီနင်ကို ထိုမျှ တန်ဖိုးကြီးမားသော လက်ဆောင်ကို ပေးအပ်ခဲ့မည် မဟုတ်ပေ။
၎င်းမှာ လျှို့ဝှက်ရတနာ တစ်ခုပင် မဟုတ်ပါလား။
“ဒါနဲ့...”
သွမ့်ချောင်ဖုန်း တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
“အခု ဂိုဏ်းရဲ့ လည်ပတ်ပုံအရ မင်းကိုယ်တိုင် အကုန်လုံး လုပ်စရာ မလိုတော့ဘူးလို့ ငါတို့ အခုလေးတင် ပြောခဲ့ကြတယ် မဟုတ်လား။ အဲဒီလိုဆိုရင်တော့ မင်းမှာ အချိန်ပို နည်းနည်း ရှိလောက်မှာပါ။”
“ဟုတ်ပါတယ်”
ရွှီနင်က ပြန်ဖြေလိုက်သည်။
သွမ့်ချောင်ဖုန်းသည် သူ့ကို တစ်စုံတစ်ခု အကူအညီတောင်းလိုနေကြောင်း သူ ရိပ်မိလိုက်သည်။
“ဒါဆို နောက်တစ်လနေရင် ငါနဲ့အတူ ပင်လယ်ပြင်က ကျွန်းတစ်ကျွန်းကို လိုက်ခဲ့ပါဦး။”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
‘နောက်တစ်လမှာ ကျွန်းတစ်ကျွန်းကို သွားရမယ် ဟုတ်လား...’
ရွှီနင်သည် သွမ့်ချောင်ဖုန်း၏ ရည်ရွယ်ချက်ကို မသိသော်လည်း ထပ်မမေးတော့ဘဲ သဘောတူလိုက်လေသည်။
“ဟုတ်ကဲ့ပါ သခင်လေး။”
ရွှီနင်က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်ကို မြင်သောအခါ သွမ့်ချောင်ဖုန်းက ပြုံးလိုက်သည်။
“ဒီခရီးက ငါ့အတွက် အရမ်း အရေးကြီးတယ်။ ငါတို့ ‘ညသားရဲ’ တစ်ကောင်ကို ဖမ်းဖို့ သွားကြမှာ။”
သွမ့်ချောင်ဖုန်းက ရွှီနင်ကို ဘာမှ ဖုံးကွယ်မထားဘဲ အကြောင်းရင်းကို ရှင်းပြလိုက်သည်။
“ညသားရဲကိုဖမ်းဖို့ ဟုတ်လား။”
ရွှီနင် မျက်မှောင်ကြုံ့လိုက်မိသည်။
ဝမ်ရှန့်ပြည်နယ်တွင် နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ ညသားရဲအကြောင်းကို သူ သေချာပေါက် ကြားဖူးထားလေသည်။
၎င်းမှာ တာအိုနယ်ပယ် အဆင့်မြင့် သို့မဟုတ် တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့်အထိပင် အလွယ်တကူ တက်လှမ်းနိုင်သည့် ထိပ်တန်း မိစ္ဆာသားရဲ ခြောက်မျိုးထဲမှ တစ်မျိုးဖြစ်သည်။
ထို့အပြင် ၎င်းတို့၏ ထူးခြားသော သွေးမျိုးဆက်ကြောင့် ထိုမိစ္ဆာသားရဲ ခြောက်မျိုးလုံးသည် သိုင်းပညာရပ်များထက် ကျော်လွန်သည့် ထူးဆန်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြလေသည်။
မီးခိုးရောင်လေးနှင့် ချင်းယင်တို့ပင် ထိုမိစ္ဆာသားရဲများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြသေးချေ။
“ဟုတ်တယ်”
သွမ့်ချောင်ဖုန်းက ဆက်ပြောသည်။
“ပင်လယ်ပြင်ခရီးစဉ်က အန္တရာယ် များနိုင်ပေမဲ့ မင်း စိတ်ပူစရာ မလိုပါဘူး။ ငါ့ခမည်းတော်ဆီကနေ တာအိုနယ်ပယ် သတ္တမအဆင့် ပညာရှင်တစ်ဦးကို ငါ့ဘေးမှာ စောင့်ရှောက်ဖို့ တောင်းထားပြီးပြီ။”
ရွှီနင်၏ စိတ်ထဲ လှုပ်ခတ်သွားရသည်။
‘တာအိုနယ်ပယ် သတ္တမအဆင့် အဆင့်မြင့် ပညာရှင် ဟုတ်လား...’
ကြည့်ရသည်မှာ ညသားရဲအား ဖမ်းရာတွင် သူသည် အဓိက အင်အားစု မဟုတ်ကြောင်း ထင်ရှားလှပေသည်။
ထိုသားရဲကို ဖမ်းဆီးနိုင်မည့် သော့ချက်မှာ ထိုအဆင့်မြင့် ပညာရှင်သာ ဖြစ်ပေလိမ့်မည်။
“မင်းကို ပြင်ဆင်ဖို့အတွက် လဝက် အချိန်ပေးမယ်။”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
“လဝက် ကြာရင် အိမ်တော်ကိုလာပြီး ငါ့ကို ရှာလိုက်ပါ။ အဲဒီအချိန်ကျရင် ငါတို့ ပင်လယ်ထဲကို အတူတူ ထွက်ကြမယ်။”
“ပြီးတော့...”
သွမ့်ချောင်ဖုန်းက ထပ်ပြောပြန်သည်။
“မင်းမှာ သွေးမျိုးဆက် မြင့်မားတဲ့ မိစ္ဆာသားရဲနှစ်ကောင် ရှိတယ် မဟုတ်လား။ အဲဒီကောင်တွေကိုပါ တစ်ခါတည်း ခေါ်ခဲ့လိုက်ပါ။ ညသားရဲတွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးမှာ မိစ္ဆာသားရဲတွေအတွက် အကျိုးရှိမယ့် အရင်းအမြစ်တွေ အများကြီး ရှိမှာပဲ။ မင်း သူတို့ကို ခေါ်လာရင် သူတို့အတွက် အဆင့်တက်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ်။”
သွမ့်ချောင်ဖုန်းမှာ ရွှီနင်အတွက်ပါ ထည့်သွင်း စဉ်းစားပေးနေခြင်း ဖြစ်သည်။ အမှန်စင်စစ် ရွှီနင်၏ အစစ်အမှန် တိုက်ခိုက်ရေး စွမ်းရည်မှာ တာအိုနယ်ပယ် ပဉ္စမအဆင့်နှင့် ယှဉ်နိုင်သော်လည်း အရေးကြီးသည့် အချိန်တွင်မူ များစွာ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ပေ။
သွမ့်ချောင်ဖုန်းတစ်ယောက် ရွှီနင်အား ခေါ်သွားရသည့် အဓိက အကြောင်းရင်းမှာ သူ့ကို အိမ်တော်ရှိ လူများနှင့် မိတ်ဆက်ပေးချင်၍ဖြစ်သည်။
နောင်တစ်ချိန်တွင် ရွှီနင်အား သူ၏ ယုံကြည်ရသော လက်ရုံးအဖြစ် ရာထူးတိုးပေးသည့်အခါ လူတိုင်း သိထားစေရန် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ပေသည်။
ရွှီနင်သည်လည်း သွမ့်ချောင်ဖုန်း၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
“နားလည်ပါပြီ အရှင်မင်းသား။”
ရွှီနင်က ပြန်ဖြေလိုက်သည်။
“ပြီးတော့...”
သွမ့်ချောင်ဖုန်းက ဆက်ပြောသည်။
“ဒီညသားရဲကိုဖမ်းဖို့အတွက် ငါတို့မှာ တခြား ပြိုင်ဘက် တစ်ယောက်လည်း ရှိသေးတယ်၊ သူကတော့ လုကျီးပြည်နယ်ရဲ့ နော့ဘုရင်ခံရဲ့ သမီးတော် ‘မော့လန်’ ပဲ။”
“ဟင်... မင်းသမီးမော့လန် ဟုတ်လား။”
ရွှီနင် မျက်မှောက်ကြုံလိုက်မိသည်။
ဤမင်းသမီး မော့လန်မှာ ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့၏ နောက်ကွယ်မှ ကျောထောက်နောက်ခံ ပုဂ္ဂိုလ် ဖြစ်ပေသည်။
ရွှီနင်အနေဖြင့် သူမအပေါ် အမြင်မကြည်ပေ။
သို့သော် နှစ်ဖက်လုံး၏ အဆင့်အတန်း ကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။
သူသည် ဖုန်းဝူအိမ်တော်မှ လူများကို ဖမ်းဆီးခဲ့စဉ်ကပင် မင်းသမီး မော့လန်နှင့် ရန်ငြိုးမဖွဲ့လိုသဖြင့် သူတို့ကို သတ်ဖြတ်ခြင်း မပြုခဲ့ပေ။
“သူမကတော့ ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းက လူတွေကို အဓိက အင်အားစုအဖြစ် စေလွှတ်မှာ သေချာတယ်။ ဒီတစ်ခါတော့ မင်း အဲဒီဂိုဏ်းနှစ်ခုနဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေး ရနိုင်တယ်။”
သွမ့်ချောင်ဖုန်းသည် ရွှီနင်၏ အမူအရာကို အကဲခတ်လိုက်သော်လည်း ရွှီနင်၏ မျက်နှာမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။
“ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ။”
သွမ့်ချောင်ဖုန်းက လက်ဝှေ့ယမ်းပြလိုက်သည်။
“ငါ အိမ်တော်ကို အရင် ပြန်တော့မယ်။ လဝက်နေရင် တွေ့ကြတာပေါ့။”
ထို့နောက် သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့သည် ခုနစ်ရောင်ခြယ် ငှက်ကြီး၏ ကျောပေါ်သို့ တက်လိုက်ကြလေသည်။
“မင်းသားကို နှုတ်ဆက်ပါတယ်။”
ရွှီနင်သည် ဦးညွှတ်ာ နှုတ်ဆက်လိုက်သည်။
ထို့နောက်တွင် ခုနစ်ရောင်ခြယ် ငှက်ကြီးမှာ အတောင်ပံများကို ဖြန့်ကာ ရွှီနင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
‘ညသားရဲ၊ မင်းသမီးမော့လန်၊ ဖုန်းဝူအိမ်တော်၊ ချင်းဖုန်းဂိုဏ်း...’
ရွှီနင်က စိတ်ထဲမှ တွေးတောနေမိသည်။
‘ကြည့်ရတာ ငါ့ရဲ့ အနာဂတ်မှာ စိန်ခေါ်မှုတွေ ရှိလာဦးမယ့်ပုံပဲ...’
သူ တွေးတောနေစဉ်မှာပင် ချန်ကျန်းထောင်းသည် အဓိက တောင်ထိပ်သို့ ရောက်ရှိလာသည်။
“ဂိုဏ်းချုပ်... ခုနက ယဲ့မင်းသား ကြွလာတာလား။”
ချန်ကျန်းထောင်းက မေးလိုက်သည်။
သွမ့်ချောင်ဖုန်းတစ်ယောက် ခုနစ်ရောင်ခြယ် ငှက်ကြီးကို စီးကာ တောင်ထိပ်ပေါ်တွင် ဝဲပျံနေစဉ်ကတည်းက ချန်ကျန်းထောင်းမှာ တောင်ခြေမှနေ၍ အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ဟုတ်တယ်”
ရွှီနင်က ပြောလိုက်သည်။
“မင်းသားက ယန့်လုဂိုဏ်း နယ်မြေဟောင်းကို ပြန်ရတဲ့အတွက် ဂုဏ်ပြုစကား ပြောဖို့ သီးသန့် ကြွလာတာ။ ပြီးတော့ ဂိုဏ်းအတွက် လျှို့ဝှက်ရတနာ တစ်ခုကိုလည်း လက်ဆောင် ပေးသွားသေးတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ကျန်းထောင်းမှာ ပျော်မဆုံး ဖြစ်နေတော့သည်။
ကုချင်းစီရင်စုရှိ ဂိုဏ်းများစွာထဲတွင် ယဲ့မင်းသား ကိုယ်တိုင် ဂုဏ်ပြုစကား လာပြောခြင်းကို ခံရသည့် ဂိုဏ်းမှာ အနည်းငယ်သာ ရှိပေသည်။
လွန်ခဲ့သော လဝက်ကျော်ကပင် ချန်ကျန်းထောင်းမှာ ယန့်လုဂိုဏ်းကို ဘယ်သောအခါမှ ပြန်လည် တည်ထောင်နိုင်မည်ကို မသိခဲ့ပေ။
ယခုမူ လဝက်ကျော်အတွင်းမှာပင် ယဲ့မင်းသား ကိုယ်တိုင် လာရောက် ဂုဏ်ပြုသည့်အပြင် လျှို့ဝှက်ရတနာကိုပင် လက်ဆောင် ပေးအပ်ခဲ့သေးသည်။
“ဂိုဏ်းချုပ်... မင်းသား ပေးခဲ့တဲ့ ရတနာက ဘာများလဲဟင်။”
ချန်ကျန်းထောင်းသည်လည်း သိချင်နေမိသည်။
ယဲ့မင်းသားမှာ ကုချင်းစီရင်စု၏ အရှိန်အဝါ အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရာ ချန်ကျန်းထောင်းမှာ အလွန် စူးစမ်းချင်နေမိခြင်း ဖြစ်သည်။
“သစ်ပင်ကမ္ဘာငယ်လေ။”
ရွှီနင်က လက်ဖဝါး အရွယ်အစားရှိသော အနက်ရောင် အစေ့ကို ထုတ်ပြလိုက်သည်။
“သစ်ပင်ကမ္ဘာငယ် ဟုတ်လား။”
ချန်ကျန်းထောင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
“စီနီယာက သစ်ပင်ကမ္ဘာငယ် အကြောင်း သိလို့လား။”
ချန်ကျန်းထောင်းမှာ ဤမျှ ဗဟုသုတ ကြွယ်ဝလိမ့်မည်ဟု ရွှီနင် ထင်မထားခဲ့ပေ။ သူက သစ်ပင်ကမ္ဘာငယ် အကြောင်းကို ကောင်းကောင်း သိထားပုံ ရလေသည်။
“သစ်ပင်ကမ္ဘာငယ်ဆိုတာ ဟင်းလင်းပြင်ရတနာတစ်ခုလေ။ အဲဒါက ပစ္စည်းတွေကို သိုလှောင်ရုံတင်မဟုတ်ဘဲ လူတွေပါ အထဲကို ဝင်လို့ရတယ်။ ပြီးတော့ အပြင်ဘက်က စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူနိုင်ပြီး အထဲမှာရှိတဲ့ စွမ်းအင် သိပ်သည်းဆက အပြင်ထက် အဆပေါင်းများစွာ ပိုမြင့်တယ်။ သိုင်းပညာရှင်တွေသာ အထဲကို ဝင်ပြီး ကျင့်ကြံမယ်ဆိုရင် ကျင့်စဉ် တိုးတက်မှုနှုန်းက အများကြီး မြန်လာမှာပဲ။”
ချန်ကျန်းထောင်းက ထိုရတနာအကြောင်းကို အကုန်အစင် ပြောပြနေတော့သည်။
“ဒါက ဂိုဏ်းတိုင်း ရချင်နေကြတဲ့ ရတနာမျိုးပဲ။ ဒီရတနာသာ ရှိရင် တပည့်တွေရဲ့ ကျင့်စဉ် တိုးတက်မှုနှုန်းက အံ့မခန်း ဖြစ်လာမှာ။ ယဲ့ဘုရင်ခံ အိမ်တော်မှာ ‘သစ်ပင်ကမ္ဘာကြီး’ တစ်ခု ရှိတယ်လို့ ကြားဖူးတယ်။ အဲဒါက သစ်ပင်ကမ္ဘာငယ်ထက် အဆင့်တွေ အများကြီး မြင့်တာပေါ့။ ဒါပေမဲ့ ဒါကလည်း ထိပ်တန်း ရတနာ တစ်ခုပါပဲ။”
“စီနီယာက တကယ် ဗဟုသုတ ကြွယ်ဝတာပဲ...”
ချန်ကျန်းထောင်း၏ စိတ်လှုပ်ရှားမှုကို ရွှီနင် သတိထားမိလိုက်ပြီး သူသည် သစ်ပင်ကမ္ဘာငယ် အကြောင်းကို အရင်ကတည်းက လေ့လာထားပုံ ရကြောင်း သိလိုက်သည်။
“စီနီယာ ဒီလောက်တောင် သဘောကျနေမှတော့ ဒီသစ်ပင်ကမ္ဘာငယ်ကို စီနီယာပဲ တာဝန်ယူပြီး ထိန်းသိမ်းထားလိုက်ပါ။”
ရွှီနင်က သစ်ပင်ကမ္ဘာငယ်ကို ချန်ကျန်းထောင်း၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
“ဒါက...”
ချန်ကျန်းထောင်းမှာ ခေတ္တမျှ ကြောင်အသွားသည်။
“ဒီသစ်ပင်ကမ္ဘာငယ်ကို ကျွန်တော့်ဆီ အပ်မလို့လား။”
ဤသည်မှာ အလွန်ရှားပါးသော ရတနာတစ်ခု ဖြစ်သော်လည်း ရွှီနင်က ပေါ့ပေါ့ပါးပါးပင် ချန်ကျန်းထောင်းကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ချန်ကျန်းထောင်းမှာ အံ့ဩတုန်လှုပ်နေမိသည်။
ရွှီနင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒီသစ်ပင်ကမ္ဘာငယ်က ကျွန်တော့်လက်ထဲမှာ ရှိနေရင် သိုလှောင်လက်စွပ်တစ်ခုထက် မပိုဘူး။ ကျွန်တော့်မှာ လကွယ်ပုတီးစေ့ ရှိနေပြီးသားဆိုတော့ ဒါကို မလိုတော့ဘူး။”
“စီနီယာကတော့ ဂိုဏ်းရဲ့ ကိစ္စအဝဝကို စီမံရသလို တပည့်တွေကိုလည်း ထိန်းကျောင်းရတဲ့သူဆိုတော့ စီနီယာ့လက်ထဲမှာ ရှိတာက ပိုပြီး အကျိုးရှိလိမ့်မယ်။ ပြီးတော့ ဒါက ကျွန်တော်တို့ရဲ့ ဂိုဏ်းသားတွေ အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ။”
“ဂိုဏ်းချုပ်...”
ဤမျှ တန်ဖိုးကြီးသော ရတနာကို သူ့အပေါ် ယုံယုံကြည်ကြည် အပ်နှံလိုက်သဖြင့် ချန်ကျန်းထောင်းမှာ ရွှီနင်၏ ယုံကြည်မှုကို လေးနက်စွာ ခံစားလိုက်ရသည်။
“ဂိုဏ်းချုပ် စိတ်ချပါ၊ ကျွန်တော် ဒီသစ်ပင်ကမ္ဘာငယ်ကို ကောင်းကောင်း အသုံးချပြီး တပည့်တွေရဲ့ သိုင်းပညာ အဆင့်အတန်း မြင့်မားလာအောင် အစွမ်းကုန် ကြိုးစားသွားပါ့မယ်။”
ချန်ကျန်းထောင်းက ကတိပေးလိုက်လေသည်။
“အင်း...”
ရွှီနင်က ခေါင်းညိတ်ပြလိုက်သည်။
“ဒီသစ်ပင်ကမ္ဘာငယ်ကို တပည့်တွေအတွက် ဆုလာဘ် တစ်ခုအနေနဲ့ သုံးလို့ရတယ်။ တကယ် တိုးတက်မှုရှိတဲ့သူတွေကိုပဲ အထဲဝင်ခွင့် ပေးလိုက်ပါ၊ လူတိုင်းကိုတော့ ပေးမဝင်နဲ့ဦး။”
ရွှီနင်က ဤသို့ ပြောရခြင်းမှာ ယန့်လုဂိုဏ်းအတွင်း ပြိုင်ဆိုင်မှု ရှိနေစေရန် ဖြစ်သည်။
တပည့်များအကြား ပြိုင်ဆိုင်မှု ရှိမှသာ တက်ကြွမှု ရှိကြမည်ဖြစ်ပြီး ယန့်လုဂိုဏ်းမှာလည်း ပိုမိုမြန်ဆန်စွာ ကြီးထွားလာနိုင်မည် ဖြစ်ပေသည်။
“နားလည်ပါပြီ ဂိုဏ်းချုပ်။”
ချန်ကျန်းထောင်းက ပြန်ဖြေလိုက်သည်။
“ဒါနဲ့ ဂိုဏ်းချုပ်။”
ချန်ကျန်းထောင်းမှာ ပစ္စည်းသိုလှောင်သည့် လျှို့ဝှက်ရတနာ မရှိသဖြင့် ထိုအစေ့ကို လက်ထဲတွင်သာ ဆုပ်ကိုင်ထားရလေသည်။
“ခုနက စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်ခဲ့သေးတယ်။”
ချန်ကျန်းထောင်းက ဆက်ပြောသည်။
“ခုနလေးတင် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဂိုဏ်းထဲဝင်ဖို့ ရောက်လာပါတယ်။ အဲဒီလူက ကွမ်ဟယ်မြို့နယ်မှာရှိတဲ့ ဂိုဏ်းကို သွားခဲ့တာ၊ ဒါပေမဲ့ ဟိုရောက်တော့ ဂိုဏ်းက ပြောင်းသွားပြီဆိုတာ သိလိုက်ရလို့ ဒီ ချွေယွင်တောင်ဆီကို ခရီးအဝေးကြီး နှင်လာခဲ့တာတဲ့။ သူက တပည့်အဖြစ် လက်ခံဖို့ လာလျှောက်တာလေ။”
“အော်...”
ရွှီနင်က ပြုံးလိုက်သည်။
“ဒီတပည့်က ကျွန်တော်တို့ ယန့်လုဂိုဏ်းအပေါ် တော်တော်လေး စိတ်အားထက်သန်နေတာပဲ။ သူ့ရဲ့ ပါရမီကလည်း မဆိုးဘူး၊ ဂိုဏ်းသားတွေလည်း သိပ်မများသေးဘူးဆိုတော့ သူ့ကို တပည့်အဖြစ် လက်ခံလိုက်လို့ ရတာပဲ။”
ချန်ကျန်းထောင်း ထိုစကားကို ကြားသောအခါ ခါးသက်သက် ပြုံးလိုက်လေသည်။
“တပည့်တွေကို လက်ခံဖို့ တာဝန်ယူထားတဲ့ ဧည့်သည်အကြီးအကဲကလည်း အဲဒီလိုပဲ တွေးခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ဂိုဏ်းထဲ လက်ခံမယ်လုပ်တော့ သူက ဂိုဏ်းချုပ်ရဲ့ တပည့်ပဲ ဖြစ်ချင်တာပါလို့ ပြောနေတယ်။”
“သူက ကျွန်တော့်တပည့်ပဲ ဖြစ်ချင်တာ ဟုတ်လား။”
ရွှီနင်က ခေါင်းကို ညင်သာစွာ ခါလိုက်မိသည်။
ယန့်လုဂိုဏ်းသား ရာပေါင်းများစွာသည်လည်း ရွှီနင်၏ တပည့် ဖြစ်ချင်နေကြသည်ဖြစ်ရာ ရွှီနင်မှာ ထိုတောင်းဆိုချက်ကို သေချာပေါက် သဘောတူမည် မဟုတ်ပေ။
“ဟုတ်ပါတယ်၊ ဧည့်အကြီးအကဲက သူ့ကို ရှင်းပြပါတယ်၊ ဂိုဏ်းထဲကို အရင်ဝင်ပြီးမှ အတွင်းစည်းတပည့် ဖြစ်အောင် အရင်လုပ်ရမယ်လို့ ပြောပြပေမဲ့ သူက နားမထောင်ဘူး။ ဒါနဲ့ပဲ ဧည့်အကြီးအကဲက သူ့ကို ငြင်းလိုက်ရတာပါ။”
“ဒါပေမဲ့ အဲဒီကောင်လေးက ပြန်မသွားဘဲ ဇွတ်တောင်းဆိုနေတာနဲ့ ဧည့်အကြီးအကဲက ကျွန်တော့်ဆီ လာအကြောင်းကြားတာပါ။ ကျွန်တော် သွားကြည့်မယ်လုပ်တော့ မင်းသားရဲ့ ခုနစ်ရောင်ခြယ်ငှက်ကြီး တောင်ပေါ်ကို ဆင်းလာတာနဲ့ မတွေ့လိုက်ရဘူး။ အဲဒီကောင်လေး အခုထိ ရှိနေသေးလားတော့ မသိဘူး။”
ချန်ကျန်းထောင်းက ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်လေသည်။
သူကိုယ်တိုင်လည်း ထိုတပည့်လောင်းမှာ အတော်လေး ထူးဆန်းသည်ဟု ခံစားနေရသည်။
“စိတ်ဝင်စားစရာပဲ...”
ရွှီနင်သည်လည်း စိတ်ဝင်စားသွားပုံ ရသည်။
“လာ... ကျွန်တော်တို့ အတူတူ သွားကြည့်ကြတာပေါ့၊ ဂိုဏ်းချုပ်ကိုမှ ဆရာတင်ချင်ရအောင် သူက ဘယ်လောက်တောင် ယုံကြည်မှု ရှိနေလဲဆိုတာ ကြည့်ရသေးတာပေါ့။”
အခန်း (၂၆၀) - ဖန်းယိုလိ၊ ရန်လိုမှု
ယန့်လုဂိုဏ်း…
တောင်တံခါး၌…
“မင်း သွားမလား၊ မသွားဘူးလား။ မသွားဘူးဆိုရင် ငါ မင်းကို အပြင်ကို ကန်ထုတ်လိုက်တော့မယ်။”
အသက်လတ်ပိုင်းအရွယ် ဧည့်သည်အကြီးအကဲတစ်ဦးက သူ့ရှေ့ရှိ လူငယ်အား စိတ်မရှည်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“ငါ မင်းကို ပြောပြီးပြီပဲ။ ယန့်လုဂိုဏ်းထဲကို ဝင်ချင်ရင် အတွင်းစည်းတပည့်အဖြစ် ဝင်လို့ရတယ်။ နောက်ပိုင်းမှာ မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ရင် အကြီးအကဲတစ်ယောက်ယောက်က ရွေးချယ်ပြီး တပည့်ရင်း ဖြစ်လာနိုင်တာပဲ။”
“ဒါပေမဲ့ မင်းက ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက်တပည့် ဖြစ်ချင်တယ် ဟုတ်လား။ တကယ့်ဟာသပဲ။ မင်းက အသက်ငယ်ငယ်နဲ့ ဟင်းလင်းပြင်နယ်ပယ် ဒုတိယအဆင့်ကို ရောက်နေတယ်ဆိုပေမဲ့ မင်းရဲ့ လက်ရှိအဆင့်အတန်းနဲ့က ယန့်လုဂိုဏ်းရဲ့ တပည့်ရင်း ဖြစ်ဖို့တောင် အရည်အချင်း မပြည့်သေးဘူး။”
ဧည့်အကြီးအကဲမှာ ပြောစရာ စကားပင် မရှိတော့ချေ။
သူ့ရှေ့ရှိ လူငယ်၏ ခန္ဓာကိုယ်မှာ သန်မာထွားကျိုင်းလှသည်။ သူသည် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားသဖြင့် လက်မောင်းပေါ်ရှိ ကြွက်သားများမှာ အထင်အရှား ပေါ်လွင်နေသည်။
သူ၏ မျက်လုံးများမှာ တောက်ပနေပြီး အနည်းငယ် ခေါင်းမာသည့် ပုံစံမျိုး ရှိလေသည်။
“ကျွန်တော် ဂိုဏ်းချုပ်ရဲ့ တပည့်ပဲ ဖြစ်ချင်တာ”
လူငယ်က ဤစကားကိုသာ ထပ်ခါတလဲလဲ ပြောနေသည်။
သူ့မျက်နှာတွင် ခေါင်းမာသော အမူအရာများ ပြည့်နှက်နေသည်။ သူ၏ စကားပြောဟန်နှင့် အမူအရာအား ကြည့်ရလျှင် သူသည် အခြားသူများနှင့် ဆက်ဆံရေး အလွန်နည်းပါးပုံရပြီး လောကကြီးနှင့် အတော်ကြာ ဝေးကွာနေခဲ့သူကဲ့သိုပင်။
“မင်းက အတင်းအကျပ် လုပ်နေမှတော့ ငါလည်း မညှာတော့ဘူး။
ဧည့်အကြီးအကဲသည် နောက်ဆုံးတွင် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကာ လူငယ်၏ လက်မောင်းကို လှမ်းဖမ်းလိုက်လေသည်။
“ဟမ်”
သို့သော် အကြီးအကဲက လူငယ်၏ လက်မောင်းကို ဆွဲထုတ်ရန် ကြိုးစားလိုက်ချိန်တွင် လူငယ်မှာ တစ်လက်မပင် ရွေ့လျားသွားခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။
သူသည် ဟင်းလင်းပြင်နယ်ပယ် သတ္တမအဆင့်တွင် ရှိနေသူဖြစ်ပြီး သူ့ရှေ့မှ ကောင်လေးမှာမူ ဟင်းလင်းပြင်နယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိနေသည်မှာ ထင်ရှားလှပေသည်။
ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိခြင်းသည် ခန္ဓာကိုယ်၏ ခွန်အားကို များစွာ တိုးတက်စေခြင်း မရှိသော်လည်း တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်သည် အစစ်အမှန်ချီနယ်ပယ် သိုင်းပညာရှင်ထက် သေချာပေါက် ပိုမိုသန်မာသင့်သည်။
သို့သော် သူသည် ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် ထိုလူငယ်ကို မလှုပ်ရှားနိုင်အောင် ဖြစ်နေရသည်။
“ခဏလေး နေပါဦး”
အကြီးအကဲက အစစ်အမှန်ချီနှင့် ဂုဏ်သတ္တိစွမ်းအားများကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် အသံတစ်သံက သူ့ကို တားဆီးလိုက်သည်။
သူ နောက်သို့ လှည့်ကြည့်လိုက်ရာ ဂိုဏ်းချုပ် ရွှီနင်နှင့် ဒုတိယဂိုဏ်းချုပ် ချန်ကျန်းထောင်းတို့ကို တွေ့လိုက်ရလေသည်။
ထိုအချင်းအရာကို မြင်လိုက်ရသောအခါ အကြီးအကဲသည် လုပ်လက်စကို ချက်ချင်း ရပ်တန့်လိုက်ပြီး ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ကို အရိုအသေ ပေးလိုက်သည်။
“ဂိုဏ်းချုပ်နဲ့ ဒုတိယဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
“ဂိုဏ်းချုပ် ဟုတ်လား”
အကြီးအကဲက ရွှီနင်အား ဂိုဏ်းချုပ်ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ လူငယ်၏ မျက်လုံးများထဲတွင် မူလကရှိနေသော မကျေနပ်မှုများမှာ ပျောက်ကွယ်သွားပြီး မျှော်လင့်ချက်များဖြင့် တောက်ပလာတော့သည်။
“မင်းက ငါ့တပည့် ဖြစ်ချင်တာလား”
ရွှီနင်က ထိုလူငယ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
သူသည် အကြီးအကဲနှင့် ထိုလူငယ်တို့၏ စကားပြောသံကို ကြားခဲ့ပြီးသား ဖြစ်သည်။
ထို့အပြင် ဤလူငယ်၏ အတွေးအခေါ်မှာ အလွန်ရိုးရှင်းကြောင်းလည်း သူ ခံစားမိလေသည်။
“ဟုတ်တယ်၊ ကျွန်တော် ခင်ဗျားရဲ့ တပည့် ဖြစ်ချင်ပါတယ်”
လူငယ်က ရွှီနင်ထံသို့ လျှောက်လှမ်းလာပြီး ဒူးထောက်ရန် ပြင်လိုက်သည်။
သို့သော် သူ ဒူးမထောက်နိုင်မီမှာပင် ရွှီနင်က လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့ကို အဝေးသို့ တွန်းထုတ်လိုက်လေသည်။
“မင်းက ဘာလို့ ငါ့တပည့် ဖြစ်ချင်ရတာလဲ”
ရွှီနင်က မေးလိုက်သည်။
ဤကောင်လေးသည် သူ့နာမည်ကို ကြားဖူး၍ လာရောက်ခြင်းဖြစ်သည်ဟု သူ မယုံကြည်ပေ။
သူသည် ကုချင်းစီရင်စုတွင် နာမည်ကျော်ကြားသူ တစ်ဦး မဟုတ်သေးချေ။
“ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ မွေးစားအဖေက ပြောဖူးတယ်၊ ဂိုဏ်းတစ်ခုရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေဆီမှာ တပည့်ခံမှသာ အရင်းအမြစ်တွေ ပိုရနိုင်မယ်တဲ့။ ဂိုဏ်းချုပ်က ဂိုဏ်းတစ်ခုလုံးရဲ့ အရှင်သခင်ဖြစ်တဲ့အတွက် ဂိုဏ်းချုပ်ရဲ့ တပည့်သာ ဖြစ်ခွင့်ရရင် အရင်းအမြစ်တွေကို အများဆုံး ရနိုင်မယ်လို့ ပြောခဲ့လို့ပါ။”
လူငယ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ရွှီနင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာ၏။ ဤလူငယ်လေးမှာ အတော်လေးကို ရိုးသားဖြောင့်မတ်လွန်းလှသည်။
လူငယ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ချန်ကျန်းထောင်းမှာလည်း ဤလူငယ်၏ အတွေးအခေါ်ကို လက်မခံနိုင် ဖြစ်နေပုံရသည်။
သူသည် ခေါင်းယမ်းလိုက်ပြီး လူငယ်ကို ကိုယ်တိုင် နှင်ထုတ်ရန် ရှေ့သို့ တိုးလာသော်လည်း ရွှီနင်က လက်ကာပြ၍ တားလိုက်လေသည်။
“သိုင်းပညာလမ်းစဉ်မှာ အရင်းအမြစ်တွေက အရေးကြီးတာ မှန်ပေမဲ့ အရင်းအမြစ်ရှိရုံနဲ့တင် တိုးတက်ဖို့အတွက် အာမခံချက် မရှိဘူး”
ရွှီနင်က ပြောလိုက်သည်။
သူသည် လူငယ်ကို အကဲခတ်ကြည့်လိုက်ရာ ဤလူငယ်တွင် ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေကြောင်း သတိပြုမိလိုက်သည်။
ထိုအရှိန်အဝါမှာ ခွန်အားနှင့် မသက်ဆိုင်ပေ။
“ကျွန်တော့်ကို အရင်းအမြစ်သာ ပေးပါ၊ ကျွန်တော် သေချာပေါက် အမြန် တိုးတက်လာမှာပါ။ ကျွန်တော် တိုးတက်လာတဲ့အခါ ဂိုဏ်းရဲ့ ပညာရှင်တစ်ယောက် ဖြစ်လာပြီး ဂိုဏ်းကို ပြန်လည် ကာကွယ်ပေးမှာပါ။ မွေးစားအဖေက ပြောဖူးတယ်၊ ကျေးဇူးတစ်စက်ကို စမ်းရေပမာ ပြန်ဆပ်ရမယ်တဲ့။”
လူငယ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“စကားတွေ အများကြီး ပြောမနေနဲ့တော့”
အကြီးအကဲက ဝင်ပြောလိုက်သည်။
“သိုင်းပညာအရင်းအမြစ်တွေ ရပြီးနောက်မှာ အမြန် တိုးတက်နိုင်တဲ့သူတွေက ပါရမီရှင်တွေပဲ ဖြစ်ရမယ်။ မင်းက ဟင်းလင်းပြင်နယ်ပယ် ဒုတိယအဆင့်မှာ ရှိနေတာ မှန်ပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲက အစစ်အမှန်ချီက သိပ်မပြည့်ဝသလို ခံစားရတယ်။ နည်းတောင် နည်းနေသေးတယ်။ မင်းလို အစစ်အမှန်ချီနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က တူညီတဲ့အဆင့်ရှိတဲ့ ပြိုင်ဘက်ကိုတောင် အနိုင်ရဖို့ မလွယ်ဘူး။”
“ကျွန်တော် ရန်သူတွေကို တိုက်ခိုက်တဲ့အခါ အစစ်အမှန်ချီကို မသုံးဘူး၊ လက်သီးကိုပဲ သုံးတာ”
လူငယ်က ပြန်ပြောလိုက်သည်။
အကြီးအကဲမှာ ရယ်ချင်စိတ် ဖြစ်သွားပြီး သူ့ကို အပြင်ထုတ်ရန် ရွှီနင်ထံမှ ခွင့်ပြုချက် တောင်းခံလိုစိတ် ပေါ်လာသည်။
သို့သော် ရွှီနင်က မျက်ခုံးပင့်လိုက်ပြီး လူငယ်၏ ရှေ့သို့ ကိုယ်တိုင် လျှောက်သွားလိုက်သည်။
သူသည် လူငယ်၏ ပခုံးကို ပုတ်လိုက်ရာ တာအိုနယ်ပယ် စွမ်းအားလှိုင်းတစ်ခုသည် လူငယ်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလေသည်။
“ဟမ်”
လူငယ်၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးပြီးနောက် ရွှီနင် အနည်းငယ် အံ့သြသွားရသည်။
“ဒီလူငယ်ရဲ့ ခန္ဓာကိုယ်က...”
စစ်ဆေးမှုများအရ ဤလူငယ်၏ အစစ်အမှန်ချီပမာဏနှင့် အရည်အသွေးမှာ အလွန်ပင် သာမန်ဆန်လှကြောင်း ရွှီနင် တွေ့ရှိလိုက်ရသည်။
သို့သော် သူ၏ ခန္ဓာကိုယ် ခွန်အားမှာမူ အလွန်တရာပင် သန်မာလှပေသည်။
ရွှီနင်သည် လူငယ်၏ ခန္ဓာကိုယ်အတွင်းရှိ ပေါက်ကွဲထွက်လာမည့် အားအင်များကို ခံစားမိလိုက်သည်။ ဤလူငယ်သည် ဟင်းလင်းပြင်နယ်ပယ် တတိယအဆင့် သိုင်းပညာရှင်ကိုပင် ယှဉ်ပြိုင်နိုင်ပြီး အသာစီးရနိုင်မည့်ပုံ ရှိလေသည်။ သူသည် ရွှီနင်အား လူသားပုံပြောင်းထားသော မိစ္ဆာသားရဲတစ်ကောင်ကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
လူငယ်၏ ထူးခြားချက်ကို သတိပြုမိပြီးနောက် ရွှီနင်က မေးလိုက်သည်။
“ဖန်းယိုလိ”
လူငယ်က ပြန်ဖြေလိုက်သည်။
“ဖန်းယိုလိ”
ရွှီနင်က ပြုံးလိုက်သည်။
“မင်းက မင်းရဲ့ နာမည်နဲ့ လိုက်ဖက်သားပဲ”
“ဒါက ကျွန်တော့် မွေးစားအဖေ ပေးခဲ့တဲ့ နာမည်ပါ။ ကျွန်တော့်ကို ကောက်ရခဲ့တုန်းက ကျွန်တော်က ကလေးလေးပဲ ရှိသေးတာ။ အဲဒီတုန်းက ကျွန်တော်က နွားတစ်ကောင်လို သန်မာတယ်လို့ သူက ပြောခဲ့ဖူးတယ်”
ဖန်းယိုလိက သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးပြလိုက်သည်။
သို့သော် သူ၏ အမူအရာမှာ ချက်ချင်းပင် မှိုင်တွေသွားတော့သည်။
“ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော့် မွေးစားအဖေ ဆုံးသွားခဲ့တယ်။ သူက ကျွန်တော့်ကို ပြောတယ်၊ ဂိုဏ်းတစ်ခုကို ဝင်ပြီး တပည့်ရင်း ဖြစ်လာနိုင်ရင် အရင်းအမြစ်တွေ အများကြီး ရနိုင်ပြီး အမြန် တိုးတက်လာလိမ့်မယ်တဲ့။”
“အင်း”
ရွှီနင် ခေတ္တမျှ စဉ်းစားလိုက်သည်။
ဤမျှ သန်မာသော ခန္ဓာကိုယ်နှင့် အခြေခံမျိုးမှာ ရွှီနင် မြင်ဖူးသမျှထဲတွင် အတောင့်တင်းဆုံး ဖြစ်ပေသည်။
“ဒါဆိုရင်လည်း ကောင်းပြီ။ လောလောဆယ်တော့ မင်းကို ငါ့ရဲ့ ယာယီတပည့်အဖြစ် သတ်မှတ်ပေးမယ်”
ဖန်းယိုလိ၏ မျက်လုံးများ အရောင်တောက်သွားသည်။
ချန်ကျန်းထောင်းနှင့် အကြီးအကဲတို့မှာမူ ထူးဆန်းသော အမူအရာများ ရှိနေသော်လည်း ဘာမှ ဝင်မပြောကြပေ။
“ဒါပေမဲ့ မင်းကို ငါ့တပည့်အဖြစ် ယာယီပဲ သတ်မှတ်ထားတာနော်။ မင်း တကယ်ပဲ ပါရမီရှိကြောင်း သက်သေပြနိုင်တဲ့အခါမှသာ ငါက မင်းကို တရားဝင် တပည့်အဖြစ် လက်ခံမှာ။ ဒီကာလအတွင်းမှာတော့ မင်းအတွက် လုံလောက်တဲ့ အရင်းအမြစ်တွေကို ငါ ပံ့ပိုးပေးမယ်”
“ကောင်းပါပြီ”
သိုင်းပညာအရင်းအမြစ်များ ရရှိမည်ဟု ကြားလိုက်ရသဖြင့် ဖန်းယိုလိက သဘောတူလိုက်သည်။
သို့သော် သူက ထပ်ဖြည့်ပြောလိုက်သေးသည်။
“ကျွန်တော်ပြောတဲ့ သိုင်းပညာအရင်းအမြစ်ဆိုတာ ဝိညာဉ်ဆေးပင်တွေ၊ ဆေးလုံးတွေနဲ့ မိစ္ဆာသားရဲအသားတွေကို ပြောတာနော်၊ သိုင်းကျမ်းတွေ ဒါမှမဟုတ် လက်နက်တွေကို ပြောတာ မဟုတ်ဘူး”
“ကောင်းပြီလေ”
ဖန်းယိုလိ၏ ယုံကြည်မှုကို မြင်လိုက်ရသဖြင့် ရွှီနင် ပို၍ပင် စိတ်ဝင်စားသွားရသည်။
“သူက သူ့ခန္ဓာကိုယ်ကို လှုံ့ဆော်ဖို့အတွက် စွမ်းအင်တွေ အများကြီး စုပ်ယူမှာလား”
ဖန်းယိုလိ၏ တိုးတက်မည့် လမ်းစဉ်ကို ရွှီနင် ခန့်မှန်းမိလိုက်သည်။
“ဒါဆိုရင် မင်းကို ဝင်ခွင့်ပြုလိုက်ပြီ”
ရွှီနင်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ပြီး အကြီးအကဲကို လှည့်ပြောလိုက်သည်။
“သူ့ကို နေရာချထားပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
အကြီးအကဲက အမိန့်ကို နာခံလိုက်ပြီး ဖန်းယိုလိအား တစ်ချက် ကြည့်လိုက်သည်။
“မွေးစားအဖေ... ကျွန်တော် ဂိုဏ်းထဲကို ဝင်ခွင့်ရပြီ”
ဖန်းယိုလိက ပြုံးလျက် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
…
“ဘာ... ပင်လယ်ထဲ သွားရမှာလား၊ ညသားရဲတစ်ကောင်ကို ဖမ်းဖို့ ဟုတ်လား”
ချင်းယင်က ရွှီနင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ယခုလေးတင် ရွှီနင်သည် ချင်းယင်နှင့် မီးခိုးရောင်လေးတို့ကို ခေါ်လိုက်ခြင်း ဖြစ်သည်။
သူသည် ၎င်းတို့အား ပင်လယ်ထဲသို့ သွားရောက်ကာ ညသားရဲတစ်ကောင်ကို ဖမ်းဆီးမည်ဖြစ်ကြောင်း ပြောပြလိုက်လေသည်။
“ဘာလဲ... မင်း ကြောက်လို့လား”
ရွှီနင်က ခနဲ့သလို ပြောလိုက်သည်။
ချင်းယင်သည် တာအိုနယ်ပယ်သို့ တက်လှမ်းပြီးကတည်းက ပို၍ပင် မောက်မာလာခဲ့လေသည်။
ပုံမှန်အားဖြင့် ၎င်းသည် ယန့်လုဂိုဏ်းထဲတွင် လျှောက်သွားနေတတ်ပြီး တပည့်များစွာရှိသည့် နေရာများသို့သွားကာ တပည့်များမှ သူ့အား ဆရာချင်းယင်ဟု ရိုရိုသေသေ ခေါ်ကြသည်ကို နားထောင်ရသည်ကို သဘောကျနေတတ်သည်။
“ငါက ဘာလို့ ကြောက်ရမှာလဲ”
ချင်းယင်က မျက်လုံးလှန်ပြလိုက်သည်။
“ထိပ်တန်းမိစ္ဆာသားရဲ ခြောက်ကောင်ဆိုတာ ကောလာဟလတွေပါပဲ။ ငါ့ခန္ဓာကိုယ်ထဲမှာ သွေးအရိပ်ချင်းယင်ဝံပုလွေရဲ့ သွေးတွေ ပါရှိနေတာပဲ။ အဲဒီ ညသားရဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါ သွားကြည့်ချင်သေးတယ်”
မီးခိုးရောင်လေးကမူ ချင်းယင်အား အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
“မီးခိုးရောင်လေး... မင်းရော လိုက်ချင်ရဲ့လား”
ရွှီနင်က မီးခိုးရောင်လေးကို မေးလိုက်သည်။
“လိုက်မှာပေါ့”
မီးခိုးရောင်လေးက ပြောလိုက်သည်။
“အဲဒီ ညသားရဲဆိုတဲ့ မိစ္ဆာသားရဲတစ်ကောင်က သူ့ရဲ့ ပတ်ဝန်းကျင်ကို အတော်လေး ရွေးချယ်တတ်တာ။ အဲဒီနေရာက သေချာပေါက် မိစ္ဆာသားရဲတွေ ကြီးထွားဖို့အတွက် အလွန် သင့်တော်တဲ့နေရာ ဖြစ်လိမ့်မယ်။ အဲဒီနေရာကို ရှာတွေ့နိုင်ရင် ငါတို့အတွက် သေချာပေါက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်မှာပဲ”
“ဒါဆိုရင်လည်း နောက်လဝက်နေရင် ငါနဲ့အတူ ယဲ့ဘုရင်ခံအိမ်တော်ကို လိုက်ခဲ့ကြ။ အဲဒီကနေ မင်းသားနဲ့အတူ ပင်လယ်ထဲကို ထွက်ကြမယ်”
ရွှီနင်က ပြောလိုက်သည်။
...
လဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်…
ရွှီနင်သည် မီးခိုးရောင်လေး၊ ချင်းယင်တို့နှင့်အတူ ယဲ့ဘုရင်ခံအိမ်တော်သို့ ထွက်ခွာလာခဲ့သည်။
မထွက်ခွာမီ ရွှီနင်သည် ဂိုဏ်း၏ ကိစ္စအဝဝကို စီစဉ်ခဲ့လေသည်။
ဤတစ်ကြိမ် ညသားရဲကို ဖမ်းဆီးမည့် ခရီးစဉ်မှာ အနည်းဆုံး လအနည်းငယ် ကြာမြင့်ပေလိမ့်မည်။
သူ ဂိုဏ်းမှ ထွက်ခွာတော့မည့်အချိန်တွင် ချန်ကျန်းထောင်းမှာ ရွှီနင်အား လာရောက် နှုတ်ဆက်လေသည်။
သူသည် ရွှီနင်အား လွန်ခဲ့သော လဝက်အတွင်း ဂိုဏ်းထဲသို့ အသစ်ဝင်ရောက်လာသော ဖန်းယိုလိဆိုသည့် တပည့်သည် ဟင်းလင်းပြင်နယ်ပယ် တတိယအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောပြလိုက်သည်။
သူ၏ လေ့လာချက်အရ ဖန်းယိုလိ၏ တိုးတက်မှု နည်းလမ်းမှာ သူ၏ ခန္ဓာကိုယ်ခွန်အားကို အသုံးပြု၍ အဆင့်ကျော်ဖြတ်ခြင်းဖြစ်ကြောင်း ရွှီနင်အား ပြောပြလေသည်။
ဖန်းယိုလိ၏ ခန္ဓာကိုယ် ခွန်အားသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သဖြင့် သူသည် သဘာဝအလျောက် အဆင့်ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှီနင်သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
အကယ်၍ သူသာ အလျင်စလို ထွက်ခွာရန် မလိုပါက ရွှီနင်သည် ဖန်းယိုလိ၏ ဘေးတွင်နေ၍ သေချာ လေ့လာလိုစိတ် ပေါ်လာမိသည်။
မထွက်ခွာမီ ရွှီနင်သည် ချန်ကျန်းထောင်းအား ဖန်းယိုလိအတွက် အရင်းအမြစ်များကို ကန့်သတ်မထားရန် မှာကြားခဲ့သည်။
သူသာ အရင်းအမြစ်များကို စုပ်ယူနိုင်သရွေ့ လိုချင်သလောက် ပံ့ပိုးပေးရန် ပြောခဲ့ခြင်း ဖြစ်သည်။ ချန်ကျန်းထောင်းသညါလည်း အမိန့်ကို လက်ခံလိုက်လေသည်။
…
ယဲ့ဘုရင်ခံအိမ်တော်၌...
ရွှီနင်သည် သွမ့်ချောင်ဖုန်း ပေးထားသော ဧည့်သည်တော်တံဆိပ်ပြားကို အသုံးပြု၍ အိမ်တော်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
ရွှီနင်သည် အစေခံများ၏ လမ်းညွှန်မှုဖြင့် အိမ်တော်၏ နောက်ဖေးခြံဝင်းသို့ ရောက်ရှိလာသည်။
မကြာမီ မင်းသားမှ သူ့အား လာရောက် တွေ့ဆုံမည်ဖြစ်ကြောင်း အစေခံက ပြောပြလေသည်။
မီးခိုးရောင်လေးနှင့် ချင်းယင်တို့မှာမူ မိစ္ဆာသားရဲပန်းချီကားလိပ်ထဲသို့ ဝင်ရောက်နေကြပြီဖြစ်သည်။
ရွှီနင်သည် မိစ္ဆာသားရဲပန်းချီကားလိပ်မှ ပြုလုပ်ထားသော ပုတီးစေ့ကို သယ်ဆောင်ထားလေသည်။
“ဒီနောက်ဖေးခြံဝင်းထဲက ပန်းတွေနဲ့ မြက်ပင်တွေက အတော်လေး တန်ဖိုးကြီးတာပဲ။ တချို့ဆိုရင် အပြင်မှာ ရှာလို့မရနိုင်တဲ့ ဝိညာဉ်ဆေးပင်တွေတောင် ပါသေးတယ်”
ယဲ့ဘုရင်ခံအိမ်တော်၏ နက်ရှိုင်းလှသော အခြေခံအုတ်မြစ်ကို ရွှီနင် ချီးကျူးမိလိုက်သည်။
မင်းသား၏ အိမ်တော်မှ နောက်ဖေးခြံဝင်းထဲမှာတင် တန်ဖိုးကြီး အပင်များစွာ ရှိနေလေပြီ။
သို့သော် ရွှီနင်သည် လျှောက်သွားခြင်း မပြုဘဲ မဏ္ဍပ်တစ်ခုထဲတွင် ငြိမ်သက်စွာ ထိုင်နေကာ တစ်စုံတစ်ယောက် လာရောက် ခေါ်ယူမည်ကို စောင့်ဆိုင်းနေလိုက်သည်။
“တစ်ယောက်ယောက် လာနေပြီလား”
မကြာမီမှာပင် ရွှီနင်သည် တစ်စုံတစ်ယောက်မှာ သူရှိရာသို့ လျှောက်လာသည်ကို အာရုံခံမိလိုက်သည်။
ထို့နောက် ပေါ့ပါးသော သံချပ်ကာကို ဝတ်ဆင်ထားသည့် အေးစက်သော မျက်နှာထားနှင့် လူတစ်ယောက် ဝင်လာလေသည်။
ရွှီနင်ကို မြင်လိုက်သောအခါ ထိုသူ၏ မျက်လုံးများထဲတွင် ရန်လိုမှုများ ပေါ်လာလေသည်။
“ဟမ်”
ရွှီနင်သည် ထိုအချင်းအရာကို သတိပြုမိသွားပြီး သတိရှိရှိဖြင့် စောင့်ကြည့်လိုက်လေတော့သည်။